အီဂျစ်သွားတောလား - ၁၅

၂၀၂၅ ဇန်နဝါရီ ၁၂ တနင်္ဂနွေနေ့ မနက် ၆ နာရီခွဲလောက်ထပြီး Dahab ကမ်းခြေမှာ နေထွက်တာသွားကြည့်တယ်။ ရောင်စဥ်တွေဖြာပြီး ပင်လယ်ထဲကနေ နေထွက်လာတာ အင်မတန်လှတယ်။ ပြီးတော့ ကမ်းခြေတလျှောက် လမ်းလျှောက်ကြတယ်။ မနက်စာ အီဂျစ်ရိုးရာပေါင်မုန့်စားတယ်။ ကြံရည်ကို သံပုရာရည်မညှစ်ဘဲသောက်တယ်။ ရောက်ခါစနေ့က ကြည့်ခဲ့တဲ့ သားရေအိတ်ဆိုင် ထပ်သွားကြည့်တယ်။ ဆိုင်ရှင်ကအေးဆေးပဲ အတင်းထိုးရောင်းဖို့နေနေသာသာ လှည့်တောင်မကြည့်လို့ မနည်းခေါ်ရတယ်။ ဝိုင်းက ကျူးဘားကနေ ဝယ်လာတဲ့သားရေအိတ်လေးကို အင်မတန်ကြိုက်တယ်။ အဲ့ဒီအိတ်ကြိုးပြတ်သွားလို့ ခုအိတ်ထပ်ဝယ်ချင်တာ။ ကိုယ်လဲလိုက်ဝယ်မလားလို့ သေချာစဥ်းစားကြည့်လိုက်တော့ အိတ်တွေအများကြီးရှိတယ်။ ပိတ်ရက်တောင်တက်ရင်လည်း ကျောပိုးအိတ်ပဲလွယ်တော့ မဝယ်ဖြစ်တော့ဘူး။ နေ့လည်စာကို ရီဗျူးကောင်းတဲ့ slow cook ဆိုင်မှာစားတယ်။ နေ့လည် ၁၂ နာရီလောက်မှဖွင့်တယ်။ တချို့အစားအစာတွေက တနေ့ကြိုမှာရတယ် ၁၄ နာရီလောက် ချက်ရတာမို့လို့တဲ့။ ဆိုင်မှာရှိတဲ့ဟာကိုပဲ စားလိုက်တယ်။ စျေးကြီးတယ် ကွာလတီကောင်းတယ် ခရက်ဒစ်နဲ့ရှင်းလို့ရတယ်။ Dahab မှာ ရေကတအားကြည်တော့ Snorkeling နာမည်ကြီးတယ်။ ကမ္ဘာပေါ်မှာ အနက်ဆုံး Blue Hole Diving လဲ နာမည်ကြီးတယ်။ ဝိုင်းက ရေမကူးတတ်တော့ Snorkeling၊ Diving မလုပ်ချင်ဘူး။ Diving လုပ်ပြီး ၁၂ နာရီအတွင်း လေယာဥ်စီးလို့မရလို့ သူ့ရုံးကတယောက် ကားနဲ့ပြန်လာခဲ့ရတယ်တဲ့။ နေ့လည် ၂ နာရီ တက္ကစီသမားက အချိန်မှန်လာခေါ်တယ်။ Sharm El Sheikh ကို တနာရီကျော်လောက် မောင်းရတယ်။ အစက Sharm El Sheikh ကိုဝင်လည်မလားလို့ စဥ်းစားကြသေးတယ်။ ရှာကြည့်လိုက်တော့ လည်စရာ၊ စိတ်ဝင်စားစရာမတွေ့တာနဲ့ မဝင်တော့တာ။ Sharm El Sheikh ကနေ Cairo ကို တနာရီလောက်ပဲစီးရတယ်။ ဒီတခါတော့ ညနေစောင်းရောက်လို့ စျေးကြီးတဲ့ We Know Egypt taxi service မယူတော့ဘူး။ Uber ရှာမရ လေဆိပ်မှာ အတင်းလိုက်မေးနေတဲ့ တက္ကစီသမားက ၅၀၀ တောင်းလို့ ဝိုင်းကစိတ်တွေတို။ နောက်ဆုံး ၄၀၀ နဲ့ စျေးတည့်သွားတယ်။ အီဂျစ်အစားအစာလဲ မစားနိုင် ဝိုင်းချက်ကျွှေးတဲ့ ကြက်အသည်းအမြစ်ကြော်၊ ဂေါ်ဖီကြော်က အကောင်းဆုံးဖြစ်နေတယ်။ အီဂျစ်မှာ ဒီနှစ်အရမ်းချမ်းတယ်။ ဟီတာလဲမရှိလို့ ရှိသမျှအဝတ်အစားတွေဝတ်ပြီး အိပ်ရတယ်။ အရမ်းပူတဲ့ဒေသမို့ ဝိုင်းအိမ်မှာက စောင်အပါးလေးပဲရှိတယ်။

Happy Traveling!

စန်းထွန်း

အောက်တိုဘာ ၂၉၊ ၂၀၂၅။

Sunrise at Dahab
ကြံရည်
အီဂျစ်မနက်စာ
Delicious slow cook food

အီဂျစ်သွားတောလား - ၁၄

၂၀၂၅ ဇန်နဝါရီ ၁၀ သောကြာနေ့ ည ၉ နာရီ တိုးကားက အချိန်မှန်လာခေါ်တယ်။ Mount Sinai တောင်ခြေထိ ၂ နာရီလောက် မောင်းရတယ်။ လမ်းမှာ ပတ်စ်ပို့စ်တယ်။ လေဆိပ်မှာလို အိတ်ဖွင့်စစ် လူကိုလည်းစစ်တယ်။ ခေါင်းပေါင်း၊ ဝတ်ရုံရှည်ကြီး ဝတ်ထားတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးက တိုးဂိုက်။ အစပိုင်းကတော့ မီးဆလိုက်တွေနဲ့ လင်းထိန်နေတာပဲ။ ဓာတ်မီး၊ အနွေးထည် ငှားလို့ရတယ်။ နောက်တော့ မှောင်မည်းလာလို့ ဓာတ်မီးသေးသေးလေးထုတ်တယ်။ အဲ့ဓာတ်မီးက ဆူနမ်နဲ့ မေရီလန်းပြည်နယ်ထဲက မြင်းတွေရှိတဲ့ကျွှန်းကို camping သွားတုန်းကရခဲ့တဲ့ ဓာတ်မီးလေး။ တောင်ကပြေပြေလေးနဲ့ အတော်မတ်တယ်။ နားလိုက် တက်လိုက် လေ့ကျင့်ခန်းမလုပ်တာ တော်တော်ကြာပြီဆိုတော့ အတော်မောတာ။ ရင်ဘတ်ထဲက အသက်ရှူသံပြင်းပြင်းကို ကြားရတယ်။ ကုလားအုတ်သမားတွေက စီးမလားလို့ လိုက်မေးတယ်။ ဘယ်လောက်မောပါစေ လုံးဝမစီးဘူး။ ပိုက်ဆံကုန်မှာစိုးလို့ မဟုတ်ဘူး ကုလားအုတ်ကို သနားလို့။ တချို့တွေလည်း မတက်နိုင်တော့လို့ ကုလားအုတ်စီးပြီး တက်သွားကြတယ်။ မောရင်နားပြီးအပန်းဖြေဖို့ တဲလေးတွေရှိတယ်။ လက်ဖက်ရည်၊ မုန့်ရောင်းတယ်။ ပတ်ဝန်းကျင်တခုလုံး မည်းမည်းမှောင် ကြယ်လေးတွေ ဖျောက်တုတ်ဖျောက်တုတ်။ ငါ ဘာလို့ဟိုတယ်မှာ နှပ်မနေဘဲ တောင်တက်ပြီး ဘာလို့အပင်ပန်းခံနေပါလိမ့်။ တောင်တက်မိတာ နောင်တရနေတယ်။

ဝိုင်းက မမြင်လို့ သူ့ကိုရှေ့က သွားခိုင်းပြီး ကိုယ့်ဓာတ်မီးပါ ထိုးပေးရတယ်။ အရေးထဲ ချွှေးထွက်လာပြီး ယားလို့ ဝိုင်းကျောကုန်းကို ကုတ်ပေးရတယ်။ အမွှေးပါတဲ့ဆွယ်တာကြောင့်ဆိုတာကို လက်မခံဘူး။ အရင်တုန်းကလဲ ဝတ်နေတာပဲ တခါမှမယားဘူး။ အဲ့ဒီတုန်းက ချွှေးမှမထွက်တာကိုး။ ကိုယ့်ဆို အဲ့လိုအသားတွေဆို ဝတ်လို့မရဘူးယားကျိကျိဖြစ်လို့။ နောက်ဆုံးတော့ အဲ့ဆွယ်တာကို ကူချွှတ်ပေးရတယ်။ တီရှပ်နဲ့ဒေါင်းနဲ့ပဲဆိုတော့ မယားတော့ဘူး။ အဲ့တော့မှ ဆွယ်တာကြောင့်ယားတယ်ဆိုတာ လက်ခံသွားတယ်။ နားလိုက် တက်လိုက် တိုးဂိုက်လေးက အိုကေ ဂွတ် နှစ်လုံးပဲပြောတယ်။ တဲလေးခုဖြတ်ပြီးတော့ နောက်ဆုံးတဲမှာ ခဏနေ မနက် ၅ နာရီခွဲမှာ လာခေါ်မယ်တဲ့။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ငိုက် လူတွေလဲ တဖြည်းဖြည်းရောက်လာတယ်။ ကိုယ်တို့နဲ့ စကားမမြည်ပြောတဲ့လူက သြဇီက စကားပြောမယဥ်ကျေးဘူး။ အမေရိကန်သမ္မတဘယ်သူ့ကို မဲပေးလဲ။ ငါက နယူးယောက်က အပြာပြည်နယ်ဆိုတော့ ဒီမိုဂရက်ကို မဲပေးတယ်။ သူ့ယောက်ဖက long island သူဌေး ဟယ်လီကော်ပါတာတောင်ပိုင်တယ်။ ဒေါ်နယ်ထရန့်သမ္မတဖြစ်တော့ အရမ်းကောင်းသွားမှာလို့ပြောတော့ သောက်ညင်ကပ်လိုက်တာဆိုတာ။ ပြန်မငြင်းတော့ဘူး ဘာစကားမှကို ဆက်မပြောတော့တာ။

ထိုင်လျက်အိပ်ပျော်သွားတာ အရမ်းချမ်းလာလို့ နိုးသွားတယ်။ တဲထဲမှာ လူတွေအပြည့်ပဲ ဝိုင်းကလဲချမ်းလို့။ ဒါတောင် ကက်ရှ်မီးယားဆွယ်တာ၊ ဒေါင်းဂျက်ကဒ်၊ ဒေါင်း vest၊ ဘောင်းဘီးက အသားကပ်၊ ဟိုက်ကင်းဘောင်းဘီအထဲမှာ fleece ပါတဲ့ဟာ ဝဝ်ထားတာ။ လက်အိတ်ထုတ်ဝတ်၊ ဦးထုတ်ဆောင်းတော့လည်း မနွေးဘူး။ Mount Sinai တောင်တက်တဲ့အကြောင်း ဖတ်တုန်းက အရမ်းချမ်းတယ်လို့ ရေးထားတာ တကယ်။ ချမ်းလွန်းလို့ စောင်ငှားခြုံလိုက်တယ် အီဂျင်ပေါင် ၃၀၀ ဒေါ်လာ ၆ ကျပ်။ တောင်ထိပ်ရောက်လေ စျေးကြီးလေ။ စောင်ခြုံတော့မှ အချမ်းနည်းနည်းသက်သာတယ်။ မနက် ၅ နာရီခွဲ တိုးဂိုက်က လာကြည့်ပြီး သူ့နောက်လိုက်ဖို့ အချက်ပြတယ်။ နောက်ထပ် ဆယ်မိနစ်လောက် ထပ်တက်ရတယ်။ ဝိုင်းရဲ့စောင်က ရှည်နေလို့ ကိုယ့်စောင်နဲ့လဲပေး ပြပေးရတယ်။ ခရီးသွားရင် အဲ့လိုအချင်းချင်း ကူညီစောင့်ရှောက်ဖေးမပေးတဲ့သူနဲ့မှ။ တကိုယ်ကောင်းဆန်တဲ့သူနဲ့ ခရီးသွားလို့မကောင်းဘူး။ ပြီးတော့ အကြိုက်လဲတူဦးမှ မဟုတ်ရင် ရန်ဖြစ်ပြီး မခေါ်နိုင်မပြောနိုင်ဖြစ်တော့မှာ။ တောင်ထိပ်မှာ လူအပြည့်ပဲ လူရှင်းပြီး မြင်ကွင်းကောင်းတဲ့နေရာ ပြပေးတယ်။

တောင်အထပ်ထပ်ကြားထဲက နေထွက်လာတာ အင်မတန်လှတယ်။ ညမအိပ် ပင်ပင်ပန်းပန်း တောင်တက်ပြီးမှ တွေ့ရတဲ့ နေထွက်ချိန်မို့လို့လား မသိဘူး။ သူမျkundalini yoga အတန်းမှာ တရားထိုင်တုန်းက အဲ့မြင်ကွင်းကို ပြန်မြင်ပြီး အဲ့ဒီနေရာပြန်ရောက်သလို ခံစားရဖူးတယ်။ Mount Sinai ဟာ မြင့်မြတ်တဲ့တောင် ခရစ်ယာန်၊ ဂျူးဘာသာတွေမှာ အရေးပါတဲ့တောင်။ တမန်တော်မိုးဇက်က Mount Sinai တောင်ပေါ်တက်ပြီး ပညတ်တော်ဆယ်ပါးရပြီး ဂျူးဘာသာကို တည်ထောင်ခဲ့တာ။ Mount Sinai ဆိုရင် နယူးယောက်က ဆေးရုံနာမည်ထင်နေကြတာ ခုမှတကယ့်တောင်ရှိမှန်းသိသွားကြတယ်။ အဲ့ဒါကို ဖေ့ဘွတ်မှာ ကိုယ်က sacred မြင့်မြတ်တယ်အစား scared ကြောက်စရာကြီးလို့ ရေးထားလို့ ဝိုင်းသတိပေးမှ ပြန်ပြင်လိုက်ရတယ်။ ကိုယ်လုပ်မှပဲ Mount Sinai လည်း sacred မြင့်မြတ်တဲ့တောင်အစား scared ကြောက်စရာတောင်ကြီးကိုဖြစ်လို့ ။ နေထွက်လာတာနဲ့ အတော်ပူတယ် ဆင်းတဲ့သူကများများ အတက်ကနည်းနည်းလေး။ ဒီအချိန်တောင်တက်တာ အတော်ပူမှာပဲ။ အဆင်းကျတော့ မြန်သား။ တချို့လူတွေဆို မနက် ၁ နာရီမှ တောင်စတက်ကြတယ်။ ကိုယ်တို့က တောင်တက်တာ အချိန်ကြာလို့ စောစောတက်တာ။

St. Catherine's Monastery ကမ္ဘာပေါ်မှာ အသက်အရှည်ကြာဆုံး ခရစ်ယာန်ကျောင်း။ အထဲဓာတ်ပုံရိုက်ခွင့်မရှိဘူ။ အိမ်သာဝင် အပြင်ဖက်ဓာတ်ပုံရိုက်လို့ရတဲ့နေရာတွေ ဓာတ်ပုံရိုက်။ အပြင်ပြန်ထွက်လာတော့ တိုးဂိုက်က စောင့်နေတယ်။ တိုးဂိုက်ကို တစ်ဖ်များများပေးလိုက်တယ် တညလုံးဂရုတစိုက်ကြည့်ပေးရှာတာကိုး။ ကားဆီကို မနည်းလျှောက်လိုက်ရတယ်။ ည ၁၁ ကနေ မနက် ၁၁ အထိ ၁၂ နာရီတောင်တက်ခြင်း။ လမ်းမှာကားကိုရပ်ပြီး ဒရိုင်ဘာတယောက်လာလဲ။ ဗိုက်ဆာနေလို့ မစောင့်ရတဲ့ တရုတ်စာစားလိုက် အင်မတန်ချာတာပဲ။ ငွေလဲတဲ့နေရာက နေ့လည် ၁၂ ကျော်မှဖွင့်တယ် အေးဆေးပဲ။ ဟိုတယ်ဆီရောက်တာနဲ့ ကုတင်ပေါ် ဒိုင်ဗင်ပစ်ထိုးပြီး အိပ်တော့တာပဲ။ တရေးတမောအိပ်ပြီး ညစာထွက်စား စျေးတန်းလျှောက်ကြည့် အသီးတွေဝယ်စား။

Happy Traveling!

စန်းထွန်း

အောက်တိုဘာ ၂၅၊ ၂၀၂၅။

Sunrise at Mount Sinai
St. Catherine's Monastery

အီဂျစ်သွားတောလား - ၁၃

၂၀၂၅ ဇန်နဝါရီ ၁၀ သောကြာနေ့ မနက်လေယာဥ်နဲ့ Sharm El-Sheikh ဆီသွားတယ်။ လေယာဥ်က တနာရီသာသာ စီးရတယ်။ လေဆိပ်မှာ ပတ်စ်ပို့စ်တွေစစ်တော့ ဝိုင်းရဲ့ဗီယက်နမ်ပတ်စ်ပိုစ့်မှာ တံဆိပ်တုံးရှာမတွေ့လို့ ယူအန်ပတ်စ်ပို့စ်ပြမှ အဆင်ပြေသွားတယ်။ Sharm El-Sheikh လေဆိပ်ကနေထွက်တော့ တက္ကစီသမားက စောင့်နေတယ်။ ကားကမထွက်သေးဘဲရပ်နေလို့ မေးကြည့်တော့ တိုးရစ်ကားတွေကို စောင့်ရှောကပေးမဲ့ escort ကားကိုစောင့်နေတာတဲ့။ Sharm El-Sheikh ကနေ Dahab အထိ တနာရီလောက်ပဲ မောင်းရတယ်။ လမ်းတလျှောက် လုံခြုံရေးတင်းကျပ်တယ်။ ဘေးကအစ္စရေးနိုင်ငံက ကျူးကျော်ဝင်ရောက်လို့ ၇ ရက်စစ်ပွဲဖြစ်ခဲ့တယ်တဲ့။ တောတောင်ရေမြေက ကိုင်ရိုနဲ့ အင်မတန်ကွာတယ်။ မြေနီတောင်၊ ကျောက်တောင်၊ အပင်တွေကအစ ကိုင်ရိုနဲ့တခြားစီပဲ။ မိုးတွေတအားသည်းသည်းမည်းမည်းရွာ ရှေ့ကကားကိုမမြင်ရလို့ ဘီးလိမ့်ရုံဖြည်းဖြည်းလေးပဲ မောင်းရတယ်။ ဝိုင်းက သူအီဂျစ်ရောက်တာ နှစ်နှစ်ကျော်ပြီ ဒီတခါပဲမိုးရွာတာ တွေ့ဖူးသေးတယ်တဲ့။ ငါတို့ကို မိုးနတ်မင်းကြီးက ကြိုဆိုတာ။ Dahab က Gulf of Aqaba ပင်လယ်မှာရှိတဲ့ ကမ်းခြေမြို့လေး။ ဘေးတဖက်က ဆော်ဒီအာရေဗျနိုင်ငံ။ နိုင်ငံခြားသားများပြီး တကယ့်ကိုအေးချမ်း အပန်းဖြေဖို့ကောင်းတဲ့ မြို့လေး။ ပင်လယ်စာ အင်မတန်စားကောင်းတယ်။ မြင်ရတဲ့ရေကလဲ ကြည်လင်နေတာ snorkeling လုပ်တဲ့သူ၊ လှေလှော်တဲ့သူနဲ့။ အီဂျစ်နိုင်ငံထဲလို့ မထင်ရဘူး။ ကမ်းခြေတလျှောက်က ဆိုင်တွေလိုက်ကြည့်ကြပြီး ဟိုတယ်ပြန်နားတယ်။ ည ၁၀ နာရီ Mount Sinai တောင်တက်ပြီး မနက်နေထွက်တာကို ကြည့်ကြမှာ။

Happy Traveling!

စန်းထွန်း

အောက်တိုဘာ ၂၂၊ ၂၀၂၅။

form Sharm El-Sheikh to  Dahab
 Dahab

အီဂျစ်သွားတောလား - ၁၂

Alexandria Library

၂၀၂၅ ဇန်နဝါရီ ၉ ကြသပတေးနေ့ Alexandria ကိုသွားကြတယ်။ ကိုင်ရိုကနေ ၃ နာရီခွဲလောက်ဝေးတယ်။ ကားသမားက လမ်းတွေပိတ်လို့ နာရီဝက်လောက် နောက်ကျပြီးမှ ရောက်လာတယ်။

ကိုင်ရိုအပြင်ဖက် ဟိုင်းဝေးလမ်းမှာ ကားတွေအကုန် ရပ်နေကြတယ်။ မေးကြည့်တော့ မြူကျလို့ ပိတ်ထားတာတဲ ၈ ခွဲလောက်ပြန်ဖွင့်မယ်၊ ၉ နာရီ ပြန်ဖွင့်မယ်၊ ၉ ခွဲပြန်ဖွင့်မယ်နဲ့။ ၃ နာရီခွဲလောက်စောင့်လိုက်ရတယ် လူကိုအီစိမ့်နေတာပဲ။ gas station store မှာ အိမ်သာဝင် အိမ်သာကသန့်တယ်။ ကားသမားအမြန်မောင်းပေးတယ်။ နာမည်ကျော် Alexandria Library ကိုဝင်လည်တယ်။ ပြခန်းတွေမှာ ပြထားတာတွေ အင်မတန်လက်ရာမြောက်တယ်။

Citadel of Qaitbay ခံတပ်ကိုသွားလည်တယ်။ ပင်လယ်ကမ်းစပ်ဘေးမှာရှိတဲ့ ခံတပ်လှတယ်။ နေ့လည်စာစားဖို့တောင် အချိန်မရှိဘူး။ ပေါင်မုန့်လေးဝယ်ပြီး ကိုင်ရိုအမြန်ပြန်ပြေးရတယ်။ မကြာခင် ဟိုင်းဝေးလမ်းပြန်ပိတ်တော့မှာမို့လို့ ကားသမားက အမြန်မောင်းတယ်။ ကိုယ်တို့ Alexandria ကနေအထွက်မှာပဲ ကားသမားရဲ့သူငယ်ချင်းက လမ်းပိတ်လိုက်ပြီလို့ ဖုန်းခေါ်ပြောတယ်။ ကားသမားက အီရှလာ ဘုရားသခင် စောင်မတော်မူတယ်လို့ သုံးကြိမ်လောက် ရေရွတ်တယ်။ ဟိုင်းဝေးပေါ်မှာ ၃ နာရီခွဲလောက် ထပ်စောင့်ရရင်တော့ မလွယ်ဘူး။ အီဂျစ်မှာ ခရီးသွားရတာ အဲ့လိုပဲ ဘာမှမသေချာဘူး။

Happy Traveling!

စန်းထွန်း

အောက်တိုဘာ ၁၈၊ ၂၀၂၅။

Citadel of Qaitbay, Alexandria