ကော်လိုရာဒိုသွား တောလား - ၃

စက်တင်ဘာ ၁၆ တနင်္လာနေ့ မနက် ၇ နာရီ ဟိုစတယ်ကနေ ချက်ကောက်လုပ်ပြီး ယူနီယမ်ဘူတာဆီကို မိနစ် ၂၀ လောက် လမ်းလျှောက်ရတယ်။ စတိတ်ကယ်ပီတယ်၊ စီးတီးဟော၊ Civic center စီဗစ်စင်တာကနေ ယူနီယမ်ဘူတာဆီကို ဖရီးဘတ်စ်ကားတွေရှိပေမဲ့ လမ်းလျှောက်ချင်တာနဲ့ပဲ မစီးတော့ဘူး။ ၁၅ နဲ့ ၁၆ လမ်းမကြီးကို လျှောက်ဖူးပြီးပြီမို့ ၁၄ လမ်းအတိုင်း လမ်းလျှောက်ကြတယ်။ ၁၄ လမ်းမက သိပ်မစည်ဘူး။ ယူနီယမ်ဘူတာနားက ဘီဂယ်ဆိုင်မှာ ဘီဂယ်ဝယ်စားကြတယ်။ ကိုယ်စားဖူးသမျှ ဘီဂယ်ထဲမှာ အနူးညံ့ဆုံး၊ အရသာအရှိဆုံးပဲ။ အဲ … ကိုယ်ကလည်း အစည်းအဝေး၊ သင်တန်းတွေမှာ အလကားစားရတဲ့ ဘီဂယ်လောက်သာ စားဖူးတာကိုး။ မနက် ၈ နာရီ ယူနီယမ်ဘူတာရှေ့က အလံတိုင်နားမှာ ရပ်နေတဲ့သူတွေကို မေးကြည့်တော့ ကိုယ်တို့နဲ့တိုးတူတဲ့သူတွေတွေ့တယ်။ မကြာခင် တိုးဂိုက်ရောက်လာတယ်။ ဒီနေ့တိုးက ပထမဆုံးနေ့ကတိုးနဲ့ ကုမ္ပဏီအတူတူပဲ Colorado Sighseer ဝန်ဆောင်မှုကောင်းတယ် ဗန်ကားအပြည့်ပဲ။ တိုးဂိုက်က စကားပြောတာ မာန်ပါတယ် မနူးညံ့ဘူး။ ကိုယ်တို့နှစ်ယောက်က ဘယ်လိုတိုးဂိုက်ပါလိမ့်လို့ မျက်စပစ်ကြတယ်။ ပထမဆုံးသွားရောက်တဲ့နေရာကတော့ ကျောက်တောင်ကြီးကို ထိုင်ခုံတွေပြုလုပ်ထားပြီး တေးဂီတာပွဲတွေကျင်းပတဲ့ Red Rocks Park and Amphitheatre ပါ။ သစ်ပင်စိမ်းစိမ်းကြားထဲက ကျောက်တောင်နီနီကြီးတွေ အင်မတန်လှတယ်။ ထိုင်ခုံတန်းတလျှောက် အပြေးလေ့ကျင့်နေသူတွေတွေ့တယ်။ တောင်ပေါ်တနေရာမှာ ကားရပ်ပေးတယ်။ Bear Creek Canyon မြင်ရတဲ့ရှုခင်း အင်မတန်လှတယ်။ ထင်းရှုးပင်တန်းတွေနဲ့ ဟိုးအဝေးက တောင်ထိပ်တွေကို မြင်ရတယ်။ တိုးဂိုက်က မျက်စိမှိတ်ခိုင်းပြီး လေတိုးသံ၊ ငှက်သံတွေကို နားထောင်ခိုင်းတာ ကိုယ်က high altitude sickness ကြောင့် တဝါးဝါးသန်းနေလို့ အားနာလိုက်တာ။ အလာစကာမှာတွေ့ရတဲ့ Fireweed ပန်းလေးတွေတွေ့တော့ မနှစ်ကသွားခဲ့တဲ့ အလာစကာခရီးကို သတိရတယ်။ ကိုယ်ရောက်ဖူးတဲ့ပြည်နယ်ထဲမှာ အလာစကာပြည်နယ်က အလှဆုံးပဲ။ ကော်လိုရာဒိုပြည်နယ် ရော့ကီးတောင်တန်းတွေက အလာစကာနဲ့တူတယ် အလာစကာအငယ်စားလေးပဲ။ နောက်ဆုံးသွားရောက်တဲ့နေရာကတော့ Eco lake ရေကန်ဘေးတလျှောက် လမ်းလျှောက်ကြတယ်။ အလာစကာပြည်နယ် ဒန်နာလီအမျိုးသားဥယျာဥ◌်ထဲက Oxbox နဲ့ Triple laeks ထရေးလမ်းမှာ ဟိုက်ကင်းထွက်ခဲ့တာကို သတိရနေကြသေးတယ်။ Triple lakes ထရေးလမ်းမှာ ဟိုက်ကင်းထွက်တုန်းက moose နဲ့တွေ့လို့ အသည်းအသန်ထွက်ပြေးရတဲ့အဖြစ်ကို ဘယ်မေ့ပါ့မလဲ။ Three musketeers သူရဲကောင်းသုံးယောက် moose နဲ့တွေ့လို့ ပြေးလိုက်ကြတာ။ (Three musketeers ဆိုတာ အလက်စန္ဒားဒူးမားရဲ့ နာမည်ကျော် သူရဲကောင်းသုံးယောက်ဝတ္ထုကို ဆိုလိုပါတယ်)။ ရေကန်မျက်နှာပြင်မှာ တောင်၊ တိမ်အရိပ်တွေ ထင်နေတော့ ဝိုင်းအစ်မဟန်ကို သတိရနေကြသေးတယ်။ ဟန်က အဲ့ဒီလို reflection ဆို သိပ်သဘောကျတာ။ တိုးဂိုက်က ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးဗျူးပွိုင့်လေးတွေ ညွှန်ပြတယ်။ စုံတွဲ၊ အုပ်စုလိုက်ပုံလေးတွေ ရိုက်ပေးတယ်။ တိုးဂိုက်က စကားပြောတာ မနူးညံ့လို့ သဘောတော့ကောင်းသား။ ရေကန်ကနေ Mt.Evans တောင်ကို မြင်ရတယ်။ တိုးက ယူနီယမ်ဘူတာမှာ ချပေးတယ် ဘူတာကနေ လေဆိပ်ဆီကို ရထား မိနစ် ၅၀ လောက်စီးရတယ် ၁၀ပဲ ပေးရတယ်။ ချက်ကင်ဝင် လုံခြုံရေးဖြတ်ပြီးတော့မှ နေ့လည်စာစားတော့ အတော်နောက်ကျနေပြီ။ ဘိုစာတွေမစားချင်လို့ ပတ်ရှာတာ နောက်ဆုံးမှာ panda express တွေ့တယ်။ ဒန်ဗာကနေ နယူးယောက်ကို လေးနာရီစီးရတယ်။ mountain time zone ထဲမှာရှိလို့ နယူးယောက်ထက် နှစ်နာရီနောက်ကျတယ်။ နယူးယောက်ကို ည ၁၁ နာရီရောက်တယ်။ လာဂွာရီရာလေဆိပ်က အိမ်နဲ့နီးတယ်။ ဗာမွန်ပြည်နယ်က သစ်ရွက်တွေ အရောင်ပြောင်းတာ သွားကြည့်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲတင်ပါတော့မယ်။

Happy Traveling!
စန်းထွန်း
နိုဝင်ဘာ ၂၇၊ ၂၀၁၉။

https://www.viator.com/tours/Denver/7-Evergreen-Squaw-Pass-Echo-Lake-Year-Round/d4837-59646P5

Red Rocks Park and Amphitheatre
ထင်းရှုးတောတွေနဲ့ စိမ်းညှို့နေတာပဲ...အလာစကာအငယ်စား‌လေး
အလာစကာပြည်နယ် ဒန်နာလီအမျိုးသားဥယျာဥ်ထဲမှာ ဟိုက်ကင်းထွက်ခဲ့တာကို သတိရတယ်...
triple lakes trail မှာ moose နဲ့‌တွေ့လို့ ထွက်‌ပြေးရတာကို ဘယ်မေ့ပါ့မလဲ...
အဲ့ဒီလို reflection ေတွကို ဝိုင်းအစ်မဟန် သိပ်သဘောကျတာ...
ေရကန်မျက်နှာြပင်ေပါ်မှာ တိမ်၊တောင်ရိပ်တေွ ထင်နေတာ အရမ်းလှတာပဲ...
အလာစကာမှာ‌တွေ့ရတဲ့ fireweed ကို ကော်လိုရာဒိုပြည်နယ် ရော့ကီးတောင်တန်းမှာ ‌တွေ့ခဲ့တယ်
‌ရော့ကီးတောင်တန်း‌တွေ သိပ်လှတာပဲလို့ ကိုယ်‌ပြောရင် မင်းယုံလိုက်ပါ....

No comments: