Assateague Island သွား ‌တောလား - ၂

ဘာဘီကျူးကင်နေတုန်း ဘေးနားကတဲကို မြင်းတွေလာတယ်။ ပစ္စည်းတွေကို ဆွဲချနေလို့ မောင်းလိုက်တော့ ကိုယ်တို့တဲဆီရောက်လာတယ်။ ထိုင်ခုံပေါ်က ပစ္စည်းတွေကိုဆွဲချလို့ အဝေးကိုပြေး အသံပေးပြီး ခြောက်တာလည်းမကြောက် အေးဆေးပဲ။ တော်တော်ကြာတဲ့အထိ မသွားဘူး ဆူနမ်က မြင်းတွေနားမှာ ထိုင်နေလို့ အဝေးမှာနေဖို့ အော်ဟစ် သတိပေးရတယ်။ ဘာဘီကျူးင်တာမှာသုံးတဲ့ တံစို့ဝါးချွှန်တွေကိုယမ်းပြီး ‌ခြောက်လှန့်နေတဲ့ကိုယ့်ဆီ မြင်းတွေက တည့်တည့်ကြီးလာနေလို့ ဝါးချွှန်တွေကိုဘေးချပြီး ပြေးရတော့တယ်။ ဝိုင်းက ဝါးချွှန်တွေမှာ အသားတွေကင်ထားလို့ အနံ့ရလို့ လာတာနဲ့တူတယ်တဲ့။ မဟုတ်ဘူး ဝါးချွှန်ကအသစ် မကင်ရသေးဘူး။ အတော်လေးကြာတော့မှ မြင်းတွေက အဝေးကိုထွက်သွားတယ်။ မြင်းတွေသွားတော့မှ ဒင်းတို့ဆွဲချသွားတဲ့ ပစ္စည်းတွေကိုပြန်ကောက် သိမ်းဆည်းရတယ်။ ဘာဘီကျူးကင် မစားနိုင်ဘူး ကြက်ပေါင်တတုံး၊ ဝက်သားတဖတ်၊ ပြောင်းဖူးတဖူး၊ အာလူးတတုံးစားတယ် ဗိုက်မဝဘူး။ ကိုယ်က အိပ်ချင်နေပြီ ဆူနမ်တို့ ဘာဘီကျူးကင်တာ မပြီးသေးလို့ စောင့်နေရတာနဲ့ ည ၁၂ ခွဲမှ အိပ်ရတယ်။ သူကင်နေတုန်း ကိုယ်အိပ်နေလို့ ဘယ်ဖြစ်ပါ့မလဲနော့။ ကိုယ်တို့နှစ်ယောက်က တဲအိမ်ထဲမှာ မီးထွန်းပြီးအင်္ကီျလဲနေကြလို့ အိမ်သာကနေ အထင်းသားမြင်ရလို့ ဆူနမ်က မက်ဆင်ဂျာကနေ မတ်ဆေ့ပို့နေတာ မသိဘူး။ ဂင်္ဂါရှိနေလို့ လှမ်းအော်လို့လည်းမဖြစ် အပြေးလာပြီး သတိပေးတယ်။ ဆူနမ်ကသာ စိတ်ပူနေတာ ကိုယ်တို့ကအေးဆေးပဲ အမှောင်ထဲမှာ ဘာမြင်ရမှာမို့လို့လဲ မြင်တော့ရော ဘာဖြစ်လဲ။ ဖော့တုံးလေးတွေက ပါးတော့ကျောနာတယ် အိပ်ရတာ အတော်အဆင်မပြေဘူး ချမ်းလို့ကွေးနေရတယ်။ ဆူနမ်က အိပ်မပျော်ရင် အိမ်သာခဏခဏ သွားတတ်တယ်။ ကိုယ်တို့နိုးတဲ့အခါ ဆူနမ်နဲ့ အိမ်သာသွားကြတယ်။ ကြယ်ရောင်စုံကောင်းကင်ကြီးကို မြင်ရတယ် လှလိုက်တာ။ ဒီလိုကြယ်တွေစုံတဲ့ညကို မတွေ့ရတာ အတော်ကြာပြီ။ အိမ်သာမှဆုံတဲ့ ကောင်လေးတယောက်က မနေ့ညက မြင်းတွေရန်ဖြစ်ကြလို့ တညလုံးမအိပ်ရဘူးဆိုပဲ။ သူတို့အုပ်စုက ဘာဘီကျူးမကင်ဘူး အိပ်ခါနီးမှရောက်လာကြတယ်။ မနက်မိုးလင်းခါနီး နှာမှုတ်သံကြားလို့ နိုးလာပြီး အပြင်ကိုချောင်းကြည့်လိုက်တော့ ဘုရားရေ … မြင်းတွေက တဲဘေးနားမှာပါလား။ ချောင်းကြည့်ပေါက်ကနေ ကြည့်တော့လည် ဘာမှမတွေ့တော့ဘူး။ အပြင်ထွက်ကြည့်မလို့ကို ဝိုင်းကမကြည့်နဲ့ အထဲမှာနေတဲ့။ ကြောက်လို့ ကိုယ့်နားလာကပ်နေတယ်။ ဆူနမ့်ဗလကိုများ အားကိုးမယ်မှတ်တယ် ဆူနမ်မရှိဘူး ဘယ်ရောက်နေပါလိမ့် အိမ်သာသွားနေတယ်နဲ့တူတယ်။ မနက် ၆ နာရီခွဲပြီမို့ အိပ်ယာထ မျက်နှာသစ် နေထွက်တာ သွားကြည့်ကြတယ်။ ကိုယ့်ထက် ဝီရိယကောင်းတဲ့သူတွေက ရောက်နှင့်နေပြီ။ ပင်လယ်ရေအောက်ကနေ နေလုံးကြီးထွက်လာတာ အတော်လှတယ်။

မနေ့ကသွားခဲ့တဲ့ ထရေးလမ်းမှာ လမ်းသွားလျှောက်တယ်။ မနက်စာ ဆန်းဒွတ်စားကြတယ်။ ခဏနေတော့ တဲအိမ်တွေဖျက် ပစ္စည်းတွေသိမ်း။ မနက် ၁၀ နာရီမှ ချက်ကောက်လုပ်ရမှာမို့ အချိန်တွေကျန်သေးတယ်။ ဝိုင်းက မပြန်ချင်သေးဘူး ဒီလောက်အဝေးကြီးလာပြီးမှ ရသမျှနေချင်တယ်။ မြေပုံမှာ ထရေးလမ်းကိုရှာကြည့်တော့ ထရေးလမ်းတခု ထပ်တွေ့တယ်။ ဖရဲသီးသယ်လာပြီး စားကြတယ်။ ဖရဲသီးအခွံက မြေ ြသဇာဖြစ်စေတယ်ဆိုပြီး အမှိုက်ပုံးထဲမထည့်ဘဲ မြေကြီးပေါ် လွှင့်ပစ်ကြတယ်။ ရေအိုင်တွေကို ဖြတ်ကျော်နေတဲ့ မြင်းတွေအများကြီး တွေ့ရတယ်။ ဂင်္ဂါက မြင်းတွေရှိနိုင်တဲ့နေရာကို ခန့်မှန်းတွက်ချက်ပြီး သွားကြည့်တာ မြင်းမတွေ့ဘူး။ မြင်းတွေက ကိုယ်တို့ကမ့်ပင်းထွက်တဲ့နေရာကို ရောက်နေလို့ ထပ်သွားကြည့်ကြတယ်။ အေးအေးလူလူ မြက်စားနေကြတဲ့ မြင်းလေးကောင် တွေ့တယ်။ ကမ့်ပင်းအိမ်သာကိုသွားတဲ့ ဂင်္ဂါက ပြန်လာပြီးပြောတယ် ကမ့်ပင်းနေရာမှာ မြင်းတွေမှအများကြီးပဲဆိုပြီး လာခေါ်တယ်။ အမလေး … မြင်းတွေမှ အများကြီးပဲ လူမကြောက်ဘူး။ ပင်လယ်ကမ်းစပ်သွားပြီး လမ်းသွားလျှောက်တယ်။ အိပ်ရေးမဝလို့ ပင်ပန်းနေတဲ့ ရာမားနဲ့ဆူနမ်က ထိုင်နေရစ်နေတယ်။ သူတို့အကြာကြီးစောင့်နေရမှာစိုးလို့ ဆယ့်ငါးမိနစ်လောက်ပဲ လမ်းလျှောက်တယ်။ ချက်ကောက်လုပ်ပြီး ဗိုက်ဆာလာတော့ ဘာဘီကျူးကင်တာတွေရှိပေမဲ့ ရာမားကြောင့် ချစ်ပိုလေးမက်ဆီကန်ဆိုင်မှာ ဝင်စားကြတယ်။ ကိုယ်တို့ဘတ်စ်ကားက ညငါးနာရီမှဆိုတော့ စောနေသေးတယ် အိမ်ပြန်ပြီးမနားချင်ဘူး။ မေရီလန်းပြည်နယ်ရဲ့မြို့တော် အန်နာပိုလစ်မြို့ကို ဝင်လည်ကြတယ်။ ရေတပ်မြို့ တနင်္ဂနွေနေ့ သင်တန်းပွဲရှိတယ်နဲ့ တူပါရဲ့ ယူနီဖောင်းအဖြူရောင် ဝတ်ထားတဲ့ကလေးတွေတွေ့တယ်။ ရေခဲမုန့်စားကြတယ် ရာမားက ဓာတ်ပုံရိုက်ပေးတော့ သူ့ကိုမကြည့်နဲ့ ဘေးပတ်ဝန်းကျင်ကို ကြည့်နေတဲ့။ ညစာအတွက် စတားဘာ့ခါမှာ ဝယ်မလို့ဆိုင်ရှာတာ အတော်ရှာလိုက်ရတယ်။ ဆူနမ်ညွန်းတဲ့ဘာဂါ၊ မစ်ရှိတ်ဝယ်ပြီး ဘတ်စ်ကားဆီပြေး။ အဲ့ဒီဘာဂါမကြိုက်ဘူး နောက်ဆိုဝယ်စားမှာ မဟုတ်ဘူး။ ဆူနမ်နဲ့ကိုယ်တို့က အကြိုက်မတူဘူး။ အိမ်ကို ည ၁၂ နာရီလောက်မှ ပြန်ရောက်တယ်။ ဒီတခေါက်ကမ့်ပင်းက ပင်ပန်းလွန်းလို့ နောက်ကမ့်ပင်းဆိုရင် မလိုက်ချင်တော့ဘူး။ ချီကာဂိုသွားတုန်းက တနေ့ရှစ်မိုင်လျှောက်တာတောင် ဒီကမ့်ပင်းလောက် မပင်ပန်းဘူး။ ချီကာဂိုခရီးတုန်းက ပင်ပန်းပေမဲ့ ကောင်းကောင်းစား ည ၁၀ နာရီကနေ မနက် ၆ ခွဲအထိ တရေးကောင်းကောင်းအိပ်ရတယ်။ ဝိုင်းက တနင်္လာနေ့က အစ်နေ့မို့လို့ နားရတယ်။ ကိုယ်က ပင်ပန်းလွန်းလို့ နောက်စနေ၊ တနင်္ဂနွေ ဘယ်မှမသွားဘဲ အိမ်မှနားရတယ်။ ကော်လိုရာဒိုသွားတဲ့ အကြေင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
နိုဝင်ဘာ ၁၃၊ ၂၀၁၉။

ကိုယ်က ဘယ်နေရာမှာလဲ ခန့်မှန်းကြည့်
‌မေရီလန်ပြည်နယ်ရဲ့မြို့‌တော် အန်နာပိုလစ်
ရာမားက သူ့ကိုမကြည်ည့်နဲ့ ‌ဘေးပတ်ဝန်းကျင်ကို ကြည့်နေတဲ့

No comments: