ကော်လိုရာဒိုသွား ‌တောလား - ၂

စက်တင်ဘာ ၁၅ တနင်္ဂနွေနေ့ တိုးက မနက် ၉ နာရီ ၁၅ မှဆိုတော့ အချိန်ရတယ်။ ထုံးစံအတိုင်း မနက် ၆ နာရီခွဲ အိပ်ယာထ ရေချိုး ၇ နာရီဆိုတာနဲ့ရယ်ဒီ။ ရာသီဥတုက နည်းနည်းအေးတယ် လမ်းမကြီးမှာ ကားရှင်းလူရှင်းနေတယ်။ ကော်လိုရာဒိုစတိတ်ကယ်ပီတယ်က ယူနီယမ်ဘူတာသွားတဲ့ လမ်းကြောင်းပေါ်မှာပဲ။ စတိတ်ကယ်ပီတယ်ရှေ့က ပန်းခြံထဲမှာ အိမ်ခြေမဲ့တွေ အိပ်နေကြတယ်။ အဆောက်အဥ◌ီးကလှတယ် တနင်္ဂနွေနေ့ဆိုတော့ ပိတ်ထားတယ်။ ကယ်ပီတယ်ရှေ့က မြက်ခင်းစိမ်းစိမ်းလေးတွေနဲ့ ဓာတ်ပုံရိုက်တယ်။ မြက်ခင်းစိမ်းစိမ်းတွေနဲ့ ဓာတ်ပုံရိုက်ကြည့် တအားလှတယ်။ ကိုယ်လိုချင်တဲ့ အနေအထားမရလို့ စစ်ကြည့်လိုက်တော့ ကိုယ့်အရပ်ကြောင့် ဖြစ်နေတယ်။ ဝိုင်းက ဒူးနည်းနည်းကွေးခိုင်းတယ် ဒီတော့မှ မြက်ခင်းအကုန်ပါတယ်။ ဓာတ်ပုံကောင်းတပုံရဖို့ ဓာတ်ပုံဆရာ၊ ကင်မရာ၊ မော်ဒယ်၊ မိတ်ကပ်၊ အလင်းအမှောင်၊ အသုံးအဆောင်ပစ္စည်း အကုန်ဟန်ချက်ညီဖို့လိုတယ်။ ကယ်ပီတယ်ရှေ့က စီးတီးဟောရှေ့မှာ ဓာတ်ပုံရိုက်တယ်။ ပန်းတွေ အပင်တွေအတွက် ရေဖြန်းနေတဲ့ ရေပန်းတွေနဲ့လှတယ်။ တပတ်ပတ်ကြည့်တော့ ဂရိကျောက်တိုင်တွေ့ပေမဲ့ မလှဘူး။ အစာစားနေတဲ့ ရှဥ◌့်ကလေးက လူမကြောက်ဘူး။ ကယ်ပီတယ်ဘေး Civic စင်တာကနေ ၁၆ လမ်းမကြီးတလျှောက် အလကားပြေးဆွဲပေးတဲ့ ဘတ်စ်ကားတွေ့ပေမဲ့ လမ်းလျှောက်ချင်လို့ မစီးဘူး။ ဒီနေ့ ၁၅ လမ်းမအတိုင်း လျှောက်ကြည့်တယ် လူမစည်ဘူး။ လျှော့ပင်းမောလ်၊ ဆိုင်တွေ မဖွင့်သေးဘူး။ ကော်လိုရာဒိုမှာ မန်ရော်ဝါးနား တရားဝင်သုံးစွဲလို့ရတယ်။ အရင်အလုပ်ဟောင်းက လုပ်ဖော်ကိုင်ဖက် ကိုယ့်ဘေးနားမှာထိုင်ပြီး ကိုယ်နဲ့ဟယ်လင်အကြောင်း အတင်းတုတ်ဖော်တုတ်ဖက် ဂျယ်ရီကို ကော်လိုရာဒိုသွားမယ်လို့ ပြောပြတော့ စန်းစန်း သိလား ကော်လိုရာဒိုမှာ မန်ရော်ဝါးနားက တရားဝင်တယ်။ ဒန်ဗာရောက်ရင် သောက်သင့်တယ်လို့ စနောက်တာကို ဂျမားကိုပြောပြတော့ နိုး … စန်းစန်း မင်း သူနဲ့မပေါင်းသင့်ဘူး အဲ့ဒီကောင်နဲ့ ဝေးဝေးရှောင်လို့ နောက်တယ်။ အမလေး … ဒီကလည်း အဲ့ဒီအနံ့ရရင် ခေါင်းကိုက်လို့။ နယူးယောက်မြေအောက်ရထားမှာ အဲ့ဒါသုံးထားတဲ့လူဝင်လာရင် အနံ့အရမ်းပြင်းလို့ သိတယ်။ ဂျမား အဲ့ဒါဝယ်ခဲ့ရမလားလို့နောက်တော့ နိုး … စန်းစန်း နယူးယောက်မှာ တရားမဝင်ဘူး လေဆိပ်မှာဖမ်းလိမ့်မယ်။ စတာပါနော် ဒီကလည်း အဲ့ဒါတွေနဲ့ ကင်းမှကင်း။

ကြောင်တောင်တောင်လူတယောက် တယောက်တည်း စကားတွေပြော ကိုယ်တို့အနားကနေ လမ်းလျှောက်နေလို့ တမင်တကာနှေးပစ်ရတယ်။ မနေ့ကစားတဲ့ ဘီဂယ်ဆိုင်ပိတ်လို့ ယူနီယမ်ဘူတာက ကော်ဖီဆိုင်မှာ ဘီဂယ်ဝယ်စားတယ် မနေ့ကလောက် မကောင်းဘူး။ အေးစိမ့်နေလို့ နေရောင်ခြည်ရတဲ့ရေပန်းနားက ထိုင်ခုံတွေမှာ ထိုင်စားတယ်။ တိုးစဖို့ ၅ မိနစ်အလိုအထိ တိုးဂိုက်အရိပ်အယောင်လည်းမတွေ့ တိုးရစ်တွေလည်းမတွေ့လို့ စိတ်နည်းနည်းပူသွားတယ်။ စုံတွဲတတွဲက လာမေးတော့မှ သူတို့လည်း တိုးကိုစောင့်နေတာတဲ့။ ဒီတော့မှ နည်းနည်းအားရှိသွားတယ်။ ၁၀ မိနစ် နောက်ကျပြီးမှ တိုးကားရောက်လာတယ်။ မာစီးဒီးဘတ်စ်ကားထဲမှာ ဆေးလိပ်နံ့ရတယ်။ Emperor Field at Mile High ဘောလုံးအားကစားကွင်းမှာ ဘောလုံးပွဲရှိတယ်။ ကားပေါ်ကစုံတွဲဆို ချီကာဂိုကနေ လာအားပေးတာ။ မြို့ထဲကို ဖြတ်သန်းစီးဆင်းနေတဲ့ ချယ်ရီမြစ်ကမ်းဘေးတ‌‌လျှောက် သာယာလို့ လမ်းလျှောက်စက်ဘီးစီးတဲ့သူ အတော်များတယ်။ ကော်လိုရာဒို Boulder တက္ကသိုလ်ဝင်းက အကျယ်ကြီး။ ဆေးပညာ၊ အာကာသသိပ္ပံပညာမှာ နာမည်ကြီးတယ်။ ပထမဆုံးသွားရောက်တဲ့နေရာက Gardens of the Gods နီညိုရောကျောက်တောင်စွန်းတွေနဲ့ အင်မတန်လှတယ်။ ရာသီဥတုက အတော်ပူတယ်။ rock climbing လုပ်နေတဲ့သူတွေ့တယ်။ ကျောက်တောင်တက်တာကို တခါလောက်တော့ စမ်းကြည့်ချင်တယ်။ ၃ ပေါင်ဝိတ်မဖို့တောင် လက်ကအားမသန်တာမို့လို့ ကျောက်တောင်တက်ဖို့ဆိုတာ မလွယ်ဘူးလို့တွေးမိတယ်။ ဝိုင်းအခန်းဖော်တရုတ်မလေးက အားကစားရုံမှာ ကျောက်တောင်တက်ကြည့်ပြီး ကြိုက်သွားလို့ နယူးယောက်အပ်စတိတ်ဖက်မှာ ကျောက်တောင်သွားတက်လေ့ရှိတယ်။ ကျောက်တောင်တက်တာတွေက စေ◌ျးကြီးတယ်။ အမျိုးသားဥယျာဥ◌်က အကျယ်ကြီး တတ်နိုင်သလောက် ပေးထားတဲ့အချိန်စေ့ လိုက်ကြည့်တယ်။ ဓာတ်ပုံရိုက်လို့လှမဲ့နေရာတွေရိုက်။ လမ်းမဖက်ကို ပြိုတော့မလိုဖြစ်နေတဲ့ ကျောက်တောင်ပေါ်တက်ပြီး ဓာတ်ပုံရိုက်။ ကျောက်တောင်ကိုတွန်းပြီး ဓာတ်ပုံရိုက်နေတဲ့သူကိုတွေ့တော့ တိုးဂိုက် ကြည့်စမ်းပါဥ◌ီး တစုံတယောက်က ကိုယ်တို့အတွက် ကျောက်တောင်ကြီးကို တွန်းပေးထားတယ်လို့ပြောတော့ ရယ်လိုက်ရတာ။ နေ့လည်စာစားဖို့ Manitou Springs ဆိုတဲ့မြို့လေးမှာ ရပ်နားတယ်။ အေးရှန်းဆိုင်လို့ ဂျပန်ဆိုင်တဆိုင်တွေ့တယ်။ ကိုယ်တောင်မစားနိုင်ဘူးဆိုတော့ အတော်မကောင်းတာပဲ။ စားမကောင်းပေမဲ့ ကုန်အောင်တော့စားတယ်။ ဘာပဲဖြစ်ဖြစ် ဘိုစာထက်တော့ သာတာပဲ။

ကော်လိုရာဒိုခရီးမှာ ‌အကြိုက်ဆုံးဓာတ်ပုံ
‌ကော်လိုရာဒိုစတိတ်ကယ်ပီတယ်
ကော်လိုရာဒိုစတိတ်ကယ်ပီတယ်‌ရှေ့က မြက်ခင်းစိမ်းစိမ်း
စီးတီး‌ဟော
Garden of the Gods
ကြည့်ပါဥ◌ီး ... တစုံတယောက်က ကိုယ်တို့အတွက် ‌ကျောက်တံတုံးကြီးကို တွန်း‌‌ပေးထားတယ်လို့
တိုးဂိုက်ကပြောတော့ ရယ်လိုက်ကြတာ..

ရေပူစမ်းတွင်းတွေနဲ့ ဓာတ်ပုံရိုက် ရေကိုသောက်ကြည့်တော့ ငန်ကျိကျိ။ တတွင်းနဲ့တတွင်း အရသာမတူဘူးတဲ့။ ကိုယ်ကတော့ ရေပူစမ်းမှာ ရေစိမ်ရတာကြိုက်တယ်။ ကော်စကာရီကာနိုင်ငံ မီးတောင်နားက Los Lagunas resort ၊ အလာစကာပြည်နယ် ဖဲဖန့်မြို့ ချီနာရေပူစမ်းမှာ ရေစိမ်ရတာကြိုက်တယ်။ ရေပူစမ်းကရေမှာ ဓာတ်သတ္ထုပါဝင်ပြီး ကုသတဲ့စွမ်းအား healing power ရှိတယ်လို့ ပြောကြတယ်။ တချို့က ရေပုံးအကြီးကြီးနဲ့ လာသယ်တာတွေ့တယ်။ ပြီးတော့ အမြင့်ဆုံးနေရာဖြစ်တဲ့ Pikes Peak ကိုသွားတယ်။ အမြင့်ကိုရောက်တာနဲ့ ခေါင်းမူး၊ အသက်ရှူမဝ၊ သန်းဝေတယ်။ ဝိုင်း တရုတ်ပြည်နဲ့တိဗက်နယ်စပ်ကို သွားတုန်းကဆို မျက်လုံးတွေပြာလာပြီး ဘာမှမမြင်ရတော့ဘူးတဲ့။ တရုတ်ဆေးသောက်လိုက်တော့မှ သက်သာသွားတယ်။ ဆူနမ်လည်း မနှစ်က ကော်လိုရာဒိုကို သွားလည်တယ် မူးဝေအသက်ရှူမဝဘူးလို့ ပြောသံမကြားမိဘူး။ သူတို့နီပေါတွေက တောင်အမြင့်တွေမှာ ကြီးပြင်းကြလို့ အဆုတ်၊ ခန္ဓာကိုယ်က ကျင့်သားရနှင့်နေပြီ။ ဆူနမ့်ကိုမေးကြည့်တော့ သူလည်း အသက်ရှူမဝ ခေါင်းငြီးစီစီဖြစ်တယ်တဲ့။ တောင်အမြင့်ကြီးတွေ အကွေ့အကောက်များတဲ့လမ်းတွေကို ပတ်မောင်းရတာ အသည်းယားစရာ။ ငယ်ငယ်တုန်းက ရခိုင်ရိုးမတောင်ကို ဖြတ်ကျော်တော့ လမ်းတဖက်မှာတောင် တဖက်မှာချောက် အသည်းယားစရာ။ ရှမ်းပြည်တောင်ကြီးဖက်ကိုသွားတုန်းကလည်း အသည်းယားတယ်။ တောင်ထိပ်မရောက်ခင် သုံးမိုင်လောက်မှာ ကိုယ်ပိုင်ကားတွေ မောင်းခွင့်မပြုဘူး။ တောင်ထိပ်အထိ ရှယ်တယ်ဘတ်စ်တွေနဲ့ ပို့ပေးတယ်။ တိုးရစ်ဘတ်စ်တွေကျတော့ တောင်ထိပ်အထိ မောင်းခွင့်ပြုတယ်။ ဒီနေ့တော့ မနေ့ကလောက် high altitude sickness မဆိုးဘူး။ တောင်ထိပ်ကနေ မြင်ရတဲ့မြင်ကွင်းက အင်မတန်လှတယ်။ ပတ်ဝန်းကျင်တခုလုံးကို အမြင့်ဆုံးကနေ မြင်ရတဲ့ရှုခင်းအလှက ဘာနဲ့မှမတူဘူး။ တောင်ထိပ်ပေါ်မှာ အမြင့်ပေဘယ်လောက် အမြင့်ဆုံးဆိုတဲ့ဆိုင်းဘုတ် ၂ ခုနဲ့ပဲ ဓာတ်ပုံရိုက်စရာရှိတယ်။ အမှတ်တရပစ္စည်း အရောင်းဆိုင်ရှိတယ် ဘာသစ်ပင်မှမရှိဘူး။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိနေတော့ ဓာတ်ပုံရိုက်လို့မလှဘူး။ လူရှင်းတဲ့နေရာမှာ တယောက်တလှည့် ဓာတ်ပုံရိုက်နေတဲ့ ကိုယ်တို့နှစ်ယောက်ကို တိုးဂိုက်က ဓာတ်ပုံလာရိုက်ပေးတယ်။ တိုးဂိုက်က အရပ်ရှည်တော့ အပေါ်စီးကနေ ရိုက်ပေးတဲ့ရှုခင်းက အတော်လှတယ်။ တိုးက ၈ နာရီကြာတော့ ယူနီယမ်ဘူတာကို ည ၆ နာရီခွဲလောက် ပြန်ရောက်တယ်။ ၁၆ လမ်းမကြီးအတိုင်း လမ်းလျှောက်ပြီး ဂျပန်ဆိုင်မှာစားတယ်။ Civic Center ဆီပြေးဆွဲတဲ့ ဘတ်စ်ကားစီးမလို့ ကြည့်လိုက်တော့ ဟိုစတယ်နဲ့နီးနေပြီမို့လို့ လမ်းပဲလျှောက်လိုက်တော့တယ်။ ထုံးစံအတိုင်း ည ၁၀ နာရီဆိုတာနဲ့အိပ်တယ်။ စက်တင်ဘာ ၁၆ တနင်္လာနေ့ နောက်ဆုံးနေ့မှာ ဘယ်တွေသွားလည်သလဲ ဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
နိုဝင်ဘာ ၂၃၊ ၂၀၁၉။

https://www.viator.com/tours/Denver/Small-group-tour-of-Pikes-Peak-and-the-Garden-of-the-Gods-from-Denver/d4837-41410P10

Manitou Springs, Colorado
ေရတွင်း
‌ရေပူစမ်း
Pikes Peak
ရှိတဲ့ဆိုင်းဘုတ်နှစ်ခုနဲ့
ဆံပင်‌တွေ ဝဲလွင့်နေတာ သဘာဝကျလို့ ဂျမားအကြိုက်ဆုံးဓာတ်ပုံ
Wonder lake reservoir
ဒန်ဗာမြို့လယ်‌ကောင် ၁၆ လမ်းမကြီး

No comments: