Assateague Island သွား ‌တောလား - ၁

မေရီလန်းပြည်နယ်ရဲ့ အလှဆုံးအမျိုးသားဥယျာဥ◌်က အစာတီကပ်ကျွှန်း။ ဝိုင်းက သွားလည်ချင်တယ် ဆူနမ်တို့လည်း မရောက်ဖူးဘူး။ ဆူနမ်က ဝိုင်းကိုတအားခင်နေတော့ လတိုင်းသူ့ဆီ လာလည်စေချင်တယ်။ ဝိုင်းက တခါမှကမ့်ပင်း မထွက်ဖူးဘူး။ ကိုယ်က ၂၀၁၃ မှာ တန်နက်ဆီပြည်နယ် ဂရိတ်စမုတ်ကီအမျိုးသားဥယျာဥ◌်ကို ပထမဆုံးအကြိမ် ကမ့်ပင်းထွက်ဖူးတယ်။ ဆူနမ်တို့က ဂရိတ်စမုတ်ကီကမ့်ပင်းပြီးတော့ နယူးယောက်ကိုပြောင်းသွားတဲ့ ကိုယ်မပါဘဲ ဗာဂျီးနီးယားကမ်း‌‌ခြေကို ကမ့်ပင်းထွက်သေးတယ်။ လေတအားတိုက်လို့ ခေါင်းအုံးတွေ၊ စောင်တွေ ပင်လယ်ထဲ မျောပါသွားလို့ လိုက်ဆယ်ရသေးတယ်တဲ့။ အစာတီကပ်ကမ့်ပင်းနေရာက တစ်နှစ်လုံးမှာ ြသဂုတ် ၁၀ ရက် တနေ့ပဲရလို့ အမြန်ဘွတ်ရတယ်။ ရာမားက မေရီလန်းတိုက်ခန်းကနေ ဗာဂျီးနီးယားအိမ်ကို ပြောင်းတဲ့အခါ ကမ့်ပင်းပစ္စည်းတွေကို လွှင့်ပစ်လိုက်တယ်။ ခုကမ့်ပင်းထွက်တော့ လိုအပ်တဲ့ပစ္စည်းတွေ ထပ်ဝယ်ရတယ်။ ကမ့်ပင်းပစ္စည်းတွေကို စာရင်းနဲ့သေချာမှတ် လိုက်ဝယ်ရတာ အတော်ပင်ပန်းတယ်။ ဘာဘီကျူးကင်ဖို့ အသား၊ အစားအသောက်တွေဝယ်၊ ပြင်ဆင်ရတာ အတော်အချိန်ကုန်တယ်။ ဆူနမ်မို့လို့ လုပ်နိုင်တာ ကိုယ်ဆိုမလုပ်နိုင်ဘူး။ sleeping bag မရှိတော့ ဝေါမတ်ဆိုင်ကနေ ကလေးတွေ ကစားတဲ့အခါ ခင်းတဲ့ဖော့ပါးပါးလေး ဆူနမ်က ဝယ်ထားတယ်။ ရာသီဥတုပူတော့ စောင်ပါးပါးလေးပဲ ယူလာခဲ့တဲ့။ ဝိုင်းမှာ စောင်ပါးမရှိလို့ ကိုယ်ကဝိုင်းအတွက် ယူလာပေးတယ်။ ထုံးစံအတိုင်း နယူးယောက်ကနေ ည ၆ နာရီ ၁၅ ထွက်တဲ့ ဘတ်စ်ကားစီးရင် ဗာဂျီးနီးယားကို ည ၁၀ နာရီခွဲ ရောက်တယ်။ ဆူနမ်က အလုပ်များနေလို့ နာရီဝက်နောက်ကျပြီးမှ ရောက်လာတယ်။ သူတို့အိမ်ကို ၄၅ မိနစ်လောက် ထပ်မောင်းရတော့ ည ၁၂ ခွဲမှ အိပ်ရတယ်။ မနက် ၇ နာရီခွဲမှာ မနက် ၉ နာရီလောက်မှ အိပ်ယာထတတ်တဲ့ ရာမားကိုနိုး။ မနက် ၈ နာရီခွဲမှာ အိမ်ကစထွက်တယ် ကမ့်ပင်းနေရာကို လေးနာရီခွဲလောက် မောင်းရတယ်။ မေရီလန်းပြည်နယ် အိုးရှင်းစီးတီးကို ဝင်လည်ကြတယ် ကားပါကင်ရှာရခက်တယ်။ သဲသောင်မှာဖျာခင်းပြီး ဆူနမ်တို့ယူလာတဲ့ ဆိတ်သားနဲ့ အာလူး စားကြတယ်။ မဆလာနံ့ပြင်းရင် မစားနိုင်တဲ့ ဝိုင်းနဲ့ကိုယ်က စားကောင်းတယ်လို့ပြောပြီး စားကြတယ်။ အမှန်က ဆူနမ်တို့နဲ့မို့လို့ နီပေါစာကိုလိုက်စားတာ ကိုယ့်ဘာသာဆို ဘယ်တော့မှစားမှာ မဟုတ်ဘူး။ ပင်လယ်ကမ်းခြေမှာ ‌‌ခြေဗလာနဲ့ခဏလမ်းလျှောက်ပြီး ကမ်းခြေတပတ် တမိုင်လောက် လမ်းလျှောက်ကြတယ်။

ဆူနမ်က သူတယောက်တည်းဆို တမိုင်တောင် လျှောက်ချင်တာ မဟုတ်ဘူး။ သူငယ်ချင်းတွေနဲ့ဆို စကားတပြောပြောနဲ့ သုံးမိုင်လည်း လျှောက်နိုင်တယ်။ ၂၀၁၃ တုန်းက ကိုယ်တွေ အိုးရှင်းစီးတီးကို လာလည်ကြသေးတယ်။ Ripley’s Believe it or not ၊ လေဆာတန်းတွေ မထိအောင် သွားရတဲ့ laster tag ဂိမ်း ကစားကြတယ်။ စားသောက်ဆိုင်မှာ fooseball ခုံတွေတွေ့တော့ ဝင်ဆော့ကြတယ်။ ကျောင်းကမြေအောက်ထပ်မှာ နေ့လည်စာ၊ ညစာစားပြီးရင် fooseball ဆော့ကြတယ်။ fooseball မြင်တော့ ကျောင်းကိုသတိရသွားတယ် မတိုင်ပင်ရဘဲ fooseball ဆော့ကြတယ်။ ကိုယ်က နောက်တန်းကနေပဲ ဆော့တတ်တယ်။ အိုးရှင်းစီးတီကမ်းခြေက ဆိုင်တဆိုင်မှာ hell chicken wing စားကြတာ ကိုယ်နဲ့ဆူနမ်က တကိုက်တောင် မစားနိုင်ဘူး။ ကိုယ်ဆို တကိုက်ကိုက်ပြီးတာနဲ့ ဆံပင်တွေ ထောင်သွားသလား မှတ်ရတယ်။ မျက်ရည်တွေကျ နှာရည်တွေကျ အိမ်သာတန်းပြေးရတယ်။ ရာမားက လေးခုတောင် စားနိုင်တယ်။ ကိုယ်တို့သုံးယောက်လုံး အဲ့ဒီအဖြစ်အပျက်ကို မှတ်မိပေမဲ့ ဘယ်ဆိုင်လည်းဆိုတာကတော့ မမှတ်မိကြဘူး။ အိုးရှင်းစီးတီကနေ အစာတီကပ်အိုင်လန်ကို နာရီဝက်လောက် ထပ်မောင်းရတယ်။ လမ်းမှာ မီးမွှေးဖို့ သစ်သားတုံးတွေဝယ်တာ ဆူနမ်၊ ရာမား၊ ဂင်္ဂါ သုံးယောက် ငြင်းခုန်နေကြလို့ ဝိုင်းက ဘာလို့ငြင်းခုန်နေကြတာလဲ မသိဘူး နှစ်ခုဝယ်မယ်ဆိုလည်း ဝယ်လိုက်ကြတာမဟုတ်ဘူးတဲ့။ ဝိုင်းက အင်မတန်စိတ်ရှင်းတယ်။ ကိုယ်နဲ့ဝိုင်းက အကျင့်စရိုက်၊ ကြိုက်တာ တော်တော်များများတူတယ်။ တခါတလေ အယူအဆမတူလို့ ငြင်းခုန်ကြတာကလွဲလို့။ ကမ့်ပင်းနေရာရောက်တော့ ချက်ကင်ဝင်၊ ကမ့်ပင်းနေရာကိုရှာ၊ တဲထိုး။ ဂင်္ဂါနဲ့ရာမားက တဲအသေး၊ ဆူနမ်၊ ဝိုင်းနဲ့ကိုယ်က တဲအကြီး။ ကိုယ်နဲ့ဝိုင်းက ဝိုင်းကူရုံပဲ တကယ်ပင်ပန်းတာက ဆူနမ်။ ဂူဂယ်မတ်မှာ ရှာလိုက်တော့ ကမ်းခြေကသိပ်မဝေးဘူး နေဝင်ဆည်းဆာ သွားကြည့်ကြမယ်။ နေဝင်ချိန်က ည ၈ နာရီဆိုတော့ ည ၇ နာရီခွဲလောက် သွားကြမယ်ဆိုတာ ဆူနမ်မပြီးသေးလို့ စောင့်နေရတာနဲ့ ကမ်းခြေကို နေဝင်ပြီးမှ ရောက်သွားတယ်။ ဆူနမ်စီစဥ◌်တာ ဆူနမ့်နေရာမို့လို့ ဝိုင်းကဘာမှမပြောတာ။ ဝိုင်းက အချိန်နောက်ကျတာ သူ့အချိန်ကိုဖြုန်းတယ်လို့ ခံစားရတာကို လုံးဝသည်းမခံဘူး။

ဆူနမ်နဲ့ရာမားက အချိန်သိပ်ဆွဲတယ် ၈ နာရီဆို ၈ နာရီခွဲ ဘာတွေလုပ်နေမှန်းကို မသိဘူး။ ကိုယ်နဲ့ဝိုင်းက မြန်တယ် ၈ နာရီဆို ၇ နာရီ ၅၀ လောက်ကတည်းက အဆင်သင့်ဖြစ်နေပြီ။ တံတားလေးအတိုင်း လမ်းလျှောက်တော့ လရောင်ဖြာကျနေတဲ့ ရေအိုင်လေးတွေ တွေ့ရတယ်။ ဒီလိုမြင်ကွင်းမျိုးမတွေ့ရတာ အတော်ကြာပြီ နှစ်ပေါင်း ၁၅ နှစ်လောက် ရှိတော့မယ်။ တိမ်တောက်နေတာ အတော်လှတယ်။ ရာမားရဲ့ဆမ်ဆောင်းဖုန်း ကင်မရာက ပုံထွက်အတော်ကောင်းတယ်။ ဂင်္ဂါက ကိုယ်တို့လေးယောက်ပုံတွေ ရိုက်ပေးတယ်။ ဓာတ်ပုံပညာ လေ့လာသင်ယူနေတဲ့သူမို့ အလင်းအမှောင်၊ အယူအဆ အတော်ကောင်းတယ်။ နေဝင်သွားတော့ ဘာမှမမြင်ရတော့ဘူး။ ဆူနမ်က ဓာတ်မီးသေးသေးလေးတွေပေးတယ် အဲ့ဒီလိုဆူနမ်က စေ့စပ်သေချာတဲ့သူ။ ထင်းချောင်းမလောက်လို့ ရာမားနဲဂင်္ဂါ ထပ်သွားတယ်။ ထင်းက မီးသိပ်မစွဲလို့ ကိုယ်ကထင်းအနေအထား ပြင်ပေးပြီးမှုတ်လိုက်တော့မှ မီးတောက်လာတယ်။ ဂရိတ်စမုတ်ကီကမ့်ပင်းတုန်းကလည်း မိုးရွာနေလို့ ထင်းမီးမစွဲတာ ကိုယ်ကထင်းအနေအထားပြင်ပေး မီးကိုအဆက်မပြတ် မရပ်မနားယပ်ခတ် မှုတ်ပေးတော့မှ မီးတောက်လာဖူးတယ်။ ဆူနမ်တို့က ကိုယ့်ကို ဖူးဖူးမာစတာလို့ နာမည်ပြောင်ပေးထားတယ်။ ငယ်ငယ်တုန်းက ဟိုင်းကြီးမှာ ဆောင်းရာသီမနက်ခင်းဆို မီးလှုံရတယ်။ အဲ့ဒီတုန်းက လျှပ်စစ်မီးမရှိသေးဘူး မီးသွေး၊ ထင်းချောင်းနဲ့ ထမင်းချက်ရတယ်။ ကိုယ်က မီးဖိုချောင်မှာ မီးဖို၊ မီးမှုတ်ပေးနေကြ။ ဘာဘီကျူးလေးကင်လိုက် စကားတွေပြောလိုက်နဲ့ ခဏနေတော့ အလန့်တကြား အထိတ်အလန့် အဖြစ်အပျက်လေး ဖြစ်ခဲ့တယ်။ အဲ့ဒီအကြောင်းကိုတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
နိုဝင်ဘာ ၉၊ ၂၀၁၉။

‌မေရီလန်းပြည်နယ် အိုးရှင်းစီးတီး
‌ရေအိုင်‌လေး‌ပေါ်မှာ လရောင်ဖြာကျနေတာ
‌နေဝင်ချိန် တိမ်တောက်တဲ့အချိန်

No comments: