မောင်မောင်ကလေ သူ့သားဓာတ်ပုံတွေ ပို့မပေးတော့ဘူး။ ဘယ်ပို့ပေးမလဲ မကြီးက နို့မှုန့်မှ မဝယ်ပေးတာ။ ဖေ့ဘွတ်မှာလည်း သူ့သားဓာတ်ပုံတွေ မတင်တော့ဘူး။ ဘယ်တင်ပါ့မလဲ သူတင်ရင် စန်းထွန်းက အင်္ဂလိပ်စာအသုံးအနှုန်း မှားနေတယ်၊ ဘယ်လိုသုံးမှ မှန်တယ်၊ နင့်ဟာက အင်္ဂလိပ်စာ ညံ့ဖျင်းတာကို ဖေ့ဘွတ်မှာ ကြေငြာမောင်းခတ် နေသလိုပါလားလို့ပြောတာကိုး။ စန်းထွန်း ပြောမှာကိုကြောက်တာနဲ့ ဖေ့ဘွတ်မှာ မတင်ရဲတော့ဘူး။ ပြောပြီး ကိုယ်တို့ညီအစ်မနှစ်ယောက် ရယ်လိုက်ရတာ။ မောင်မောင့်မိန်းမက တွေးမှာပဲနော် မောင်မောင့်အစ်မတွေ သိပ်ဆိုးတာပဲလို့ ဖေ့ဘွတ်မှာ ဓာတ်ပုံတင်တာတောင် ဝင်ဆရာလုပ်တယ်လို့။ ကလေးက အမေနို့စို့နေတာ အားမရှိ ပိန်ညောင်နေလို့ မကြီးက နို့မှုန့်ဝယ်တိုက်ဖို့ပြောတာကို ဝယ်မတိုက်ဘူး။ မကြီးလည်း နို့မှုန့်ဝယ်ထည့်ပေးလိုက်ရော ကလေးက နို့မှုန့်မှ နို့မှုန့် ဖြစ်သွားတယ်။ ထမင်းနှစ်ပန်းကန်၊ ငါးကြော်နှစ်ဖတ်စားတဲ့ မိခင်ဖြစ်သူရဲ့နို့ထက် အာဟာရတွေ အများကြီးပါတဲ့ နို့မှုန့်ကို ကလေးက ကြိုက်မှာပေါ့။ ကလေးက နို့မှုန့်ကြိုက်သွားပြန်တော့လည်း ရန်ကုန်မှာလည်း အဲဒီတံဆိပ်ထက် ကောင်းတဲ့ဟာတွေ ရှိရဲ့သားနဲ့ စင်္ကာပူမှ နို့မှုန့်မှ စင်္ကာပူက နို့မှုန့် ဖြစ်သွားတယ်။ လူကြုံမရှိရင် ဒေါ်သန်းသန်းနုဆိုင်ကနေ ပို့ပေးရမှာ တခါပို့ရင် ၁၀၊ ၄ ခါဆိုရင် နို့မှုန့်တစ်ဗူးစာ ဖြစ်နေပြီ ရန်ကုန်မှာ ရှာဝယ်ပြီး တိုက်ကြည့်ဆိုတာကို မောင်မောင်က စင်္ကာပူကဟာမှတဲ့။
ကိုယ်တို့တွေ စင်္ကာပူမှာ ဒစ်စကောင့်ချရင် ဝယ်ထည့်ပေးလိုက်တဲ့ တီရှပ်တွေ၊ ဖုန်းကာဗာတွေကို မောင်မောင်က ရော့...အင့်ဆိုပြီး သူများကို ပေးပစ်တတ်တယ်။ မောင်မောင် ဝတ်စေချင်လို့ ဝယ်ပေးလိုက်တဲ့ဟာကို သူများကို ပေးပစ်တယ်ဆိုတော့ ကိုယ်တို့မှာ ဒေါသထွက်၊ စိတ်မကောင်းဖြစ်။ နောက်တော့ သူ့ဘာသာ ပေးပစ်ပစ် ဝယ်ပေးရင် ကိုယ့်တာဝန်ကျေပြီ ကျန်တာတွေကို သဗ္ဗေသက္ကာ ကမ္မသကာလို့ သဘောထားရတယ်။ အယ်မလေး.... အရင်တုန်းကတော့ စင်္ကာပူကဟာတွေကို တန်ဖိုးမထားဘဲနဲ့ ခုကျမှ စင်္ကာပူကဟာ ဖြစ်နေတယ် အေးလေ။ ဝယ်ပို့ပေးရင် ရပါတယ် သူတို့ကို ကိုယ်တိုင်လုပ်စေချင်လို့ တမင်သက်သက် ဝယ်မပေးတာ။ အမေကတော့ ပြတ်တယ် သမီးရေ နို့မှုန့်တစ်ဘူး ဝယ်ပေးပြီးရင် နောက်ဝယ်ပို့မပေးနဲ့တဲ့။ အဖေက ဝယ်ပို့ပေးလိုက်ပါ သမီးရယ် မောင်မောင်ခမျာ ပင်ပန်းတယ်တဲ့။ ဘာ... သူ့သားက ပင်ပန်းတယ် အယ်မလေး သူ့သား ပင်ပန်းတယ်ဆိုတာ ယောက္ခမ ချက်ကျွှေးတာစား၊ အမေ့အိမ်ကပ်စား၊ ကားလေးမောင်းပြီး အဖေခိုင်းတာကို လုပ်ရတာများ။ ကိုယ်တို့ကမှ နိုင်ငံခြားမှာ သူ့ထက် သုံးဆပင်ပန်းတယ်။ မောင်မောင်ခမျာ ဖျာပုံပင်လယ်ဝအထိ လိုက်ရတယ်တဲ့။ လိုက်ရမှာပေါ့ အလုပ်က လိုအပ်လာရင် ပင်လယ်ထဲ ဆင်းသင့်ရင်တောင် ဆင်းရမှာ မဟုတ်ဘူးလား။ အဖေ့သားကို ခိုင်းနော် ဒီကောင်က လက်ကြောတင်းတာ မဟုတ်ဘူး။ သူများဆီမှာ အလုပ်မလုပ်ဘူးလို့ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်ဖူးတာ မဟုတ်ဘူး။ နို့မှုန့်ဝယ်ပေးမိတာကိုက ငါ့အပြစ်။ မကြီး မဝယ်ပေးဘူးဆိုတော့ မောင်မောင်က သူ့သူငယ်ချင်းကို ဝယ်ခိုင်းတာ တံဆိပ်မှားနေလို့တဲ့။
မကြီးကိစ္စတွေဆို သူ့မှာအကုန်လိုက်လုပ်ပေးရတယ် သူ့ကိစ္စကျတော့ မလုပ်ပေးချင်ဘူးလို့ မကြီးကို ငြိုငြင်တယ်။ ဝယ်ပေးပေမယ့် ကျေးဇူတင်မခံရတဲ့အပြင် အပြစ်တောင် ပြောချင်သေး။ အိမ်မှာ မခင်ခင်လှိုင်က ကြာဇံချက်ချက်ရင် မောင်မောင်က မကောင်းဘူးလို့ ပြောတယ်။ နေ့လည် အိုးကိုသွားကြည့်လိုက်ရင် ပြောင်နေပြီ မောင်မောင်စားတာ။ အဲဒီလို မကောင်းဘူးပြောပြီး အကုန်စားတဲ့ကောင်။ စကားပြောရဆိုရတာလည်း အဆင်မပြေဘူး ပြေရာပြေကြောင်း မရှိဘူး လုပ်ပေးတယ်မလားနဲ့။ သူများနဲ့ဆိုရင်တော့ ဟုတ်ကဲ့ခင်ဗျ ဟုတ်ကဲ့ခင်ဗျ ထပ်နေတာပဲ။ ဗိုင်ဘာမှာ မောင်မောင် တက်လာရင် ကိုယ်က မကြီးကို မဝယ်ခိုင်းနဲ့ ရန်ကုန်မှာ ကိုယ့်ဘာသာ ဝယ်ပါလား။ တခြားနို့မှုန့်တံဆိပ်တွေကို တိုက်ကြည့်ပါလား။ နင့်မိန်းမ ကလေးပြုစုနည်းစာအုပ်တွေ ဖတ်ဖို့လိုတယ်လို့ ဘလိုင်းကြီး ပြောတတ်တယ်။ အင်္ဂလိပ်လိုနားမလည်တာလား၊ ပြောချင်စိတ်ကို မရှိတာလားတော့ မသိဘူး မောင်မောင်က အိုကေလေးတောင် ပြန်မရိုက်ဘူး။ လုံးဝမဝယ်ပေးဘူးလို့ စိတ်ပိုင်းဖြတ်ထားတာတောင် လူကြုံရှိတာ မသိလိုက်လို့ နို့မှုန့်ဝယ်မထည့်ပေးလိုက်ရဘူးနဲ့ မကြီးက စိတ်မပြတ်နိုင်ဘူး။ ကိုယ်ကတော့ အဝေးမှာမို့လားတော့ မသိဘူး ပါးစပ်ကြီးနဲ့ပဲ ချစ်တတ်တယ် ဘာမှမလုပ်ပေးဘူး ဟား...ဟား ။ ကလေးကို နာမည်ပေးပြီးပြီလား မေးတော့ စံဇာဏီဘိုက ဖုန်းသန့်ကျော်လို့ ရွေးပေးထားတယ်တဲ့။ အယ်မလေး နာမည်ကြီးကလည်း တင်စီးလိုက်တာ မလှလိုက်တာ။ မောင်မောင်က သူ့သားပုံတွေ မပို့ပေး၊ ဖေ့ဘွတ်မှာ မတင်တာကို မကြီးက ကိုယ်တို့ယောက်မရဲ့ အစ်မဖေ့ဘွတ်ကနေ ကလေးပုံတွေကို သွားကြည့်တယ်။ ကလေးက သနပ်ခါးတွေ အပုံလိုက်၊ ပေါင်ဒါမှုန့်တွေ လိမ်းထားတာကို မကြီးက အားမလိုအားမရဖြစ်။ ကလေးက ချစ်စရာလေးကို သူတို့က ချစ်စရာကောင်းအောင် မလုပ်တတ်ဘူး ဘာဘူးလေးနဲ့။
ဝိုင်းကို ပြောပြတော့ နင်တို့ညီအစ်မတွေ တော်တော်ဆိုးတာပဲ နင့်ယောက်မကို သွားမပြောနဲ့နော်။ မပြောပါဘူး ကိုယ်တို့ညီအစ်မချင်းပဲ အတင်းချကြတာ။ နင့်ယောက်မက ပြောမှာပေါ့ ငါ့ကလေး ငါ့ဘာသာ ကြိုက်သလိုမွေးတယ်။ နင်တို့မှာ ဘာအခွင့်အရေးမှ မရှိဘူး။ ကိုယ့်ဘာသာမွေးကြ ကိုယ့်ကလေးကျမှ ကိုယ့်ဘာသာ ကြိုက်သလိုနည်းနဲ့ ထိန်းကျောင်းကြလို့ ပြောမှာပေါ့လို့ပြောတော့ ကိုယ့်မှာ ရယ်လိုက်ရတာ။ မြန်မာပြည်ကအမေတွေနဲ့ နိုင်ငံခြားကအမေတွေ ကလေးကို ထိန်းကျောင်းတာ ကွာတယ်။ ကိုယ်တွေငယ်ငယ်တုန်းကလည်း ဒီလိုပဲ ကြီးပြင်းခဲ့တာပဲ။ နိုင်ငံခြားကိုရောက်တော့ နိုင်ငံခြားက ကလေးတွေ ထိန်းကျောင်းတာကို သိပ်သဘောကျတာ။ စာကြည့်တိုက်သွား၊ ပိတ်ရက်တွေဆို ရေကူးကန်သွား၊ အားကစားကွင်းတွေသွား၊ ကလေးတွေဆိုတာလည်း အကြောက်အလန့်မရှိ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့။ တစ်နှစ်အရွယ်ကတည်းက ရေကူးသင်ပေးလို့ရပြီတဲ့။ နည်းနည်းလောက် ကူးပြီရင် အယ်မလေး သေပါတော့မယ်၊ ဗိုက်ဆာတယ်လို့ လုပ်တတ်တယ်။ ဆရာက မင်း မမောဘူး ငါသိတယ် ကူးဆို ကူးတာပါပဲ။ အမေတွေကို အနားမလာခိုင်းဘူး။ အမေတွေ အနားမှာဆိုရင် ပြောလို့ဆိုလို့ မရဘူးတဲ့။ ကန်တက်ကီအိမ်ရှင်မဆို ၈ နှစ်အရွယ် လူးကပ်ကို မီနီမာရသွန်ဝင်ဖို့ အပြေးစက်မှာ ဆယ်ငါးမိနစ် အပြေးလေ့ကျင့်ရတယ်။ လူးကပ်က အယ်မလေး သေပါတော့မယ်လို့ ညောင်းလွန်းလို့ဆိုပြီး အမူအယာတွေ လုပ်ပြတယ်။ ကန်တက်ကီအိမ်ရှင်မက မင်း လုပ်နိုင်ပါတယ်ဆိုပြီး မဖြစ်မနေ လုပ်ခိုင်းတယ်။
ရှေ့တပတ်က အဖေတို့ စင်္ကာပူကို မသွားခင် မောင်မောင်နဲ့ သူ့မိန်းမက လာတွေ့တယ်တဲ့။ အဖေနဲ့အမေက တလေသံတည်းထွက်တယ် ကလေးက ချစ်ဖို့ကောင်းနေပြီတဲ့။ ကလေးတိုင်းက ချစ်ဖို့ကောင်းတာပဲ ခုနေတော့ ချစ်ဖို့ကောင်းမှာပေါ့။ ၉ နှစ်၊ ၁၃ နှစ်လောက်ဆိုရင် ချဉ်လာပြီ ကြီးလေချဉ်လေ သံပုရာသီးမျိုးတွေဆိုပြီး ကိုယ်တို့ညီအစ်မ ရယ်လိုက်ရတာ။ အဖေတို့က စင်္ကာပူမှာ နှစ်စဉ်ကျန်းမာရေး စစ်ဆေးချက်ပြီးရင် ဗီယက်နမ်ကို သွားလည်ကြမယ်။ သားသမီးသုံးယောက်ရှိတာ စင်္ကာပူမှာ ဆေးစစ်ဖို့ကို သမီးကြီးကပေး၊ ဗီယက်နမ်သွားဖို့က သမီးလတ်ကပေး၊ သားအငယ်ဆုံးကိုလည်း ပေးလို့ပြောလို့ ကိုယ်ပြောတော့ အဖေက သားက သမီးတွေလောက်မှ ငွေမရှာနိုင်တာ မိဘတွေကို ပေးဖို့နေနေသာသာ သူ့ကို မထောက်ပံ့ရကိုတာ ကံကောင်းတယ်လို့မှတ်တဲ့။ မောင်မောင့်သားဟာ မောင်မောင့်ထက် ဆိုးမလား မသိဘူးနော်။ ပြောလို့မရဘူး သူ့ဗီဇ၊ စရိုက်၊ ကံပေါ်လည်း မူတည်သေးတယ်။ အမေ့ရေ မောင်မောင့်ကလေးတွေ မထိန်းနဲ့ သမီးတို့ကလေးကိုထိန်း။ ဟဲ့ သားသမီးအားလုံးရဲ့ ကလေးကို ထိန်းရမှာပဲ။ ကြည့် ကိုယ့်အမေက အဲဒီလို မှန်ကန်ဖြောင့်မတ်တယ် ဘက်မလိုက်ဘူး။ တခါတလေတော့လည်း ကိုယ်သိချင်မိသား ဆယ်တန်းအောင်တာ ဆယ်နှစ်ရှိပြီ ဘွဲ့မရသေးတဲ့၊ ပဲပင်ပေါက် မုန်တိုင်းတိုက်လက်ရေး၊ အင်္ဂလိပ်စာ အင်မတန်ညံ့တဲ့၊ ကိုယ်တို့ခြေဖျားကို တစက်ကလေးမှ လိုက်မမှီတဲ့ မောင်မောင်ရဲ့ မျိုးဆက်သစ်တွေက ဘယ်လိုများနေမလဲလို့။ အင်း...ယောကျာ်းယူမယ်ဆိုရင် တော်တဲ့ထက်တဲ့ အစ်မတွေရှိရင် ဝေးဝေးရှောင် နို့မို့ အသုံးမကျဘူး၊ မထက်မြက်ဘူးလို့ ဝေဖန်ခံနေရလိမ့်မယ်။ ပြောပါတယ် ကိုယ်တို့ညီအစ်မတွေက ခပ်ဆိုးဆိုးလို့။
စန်းထွန်း
မေ ၂၃၊ ၂၀၁၅။
ရေးခဲ့ပြီးတာက
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၁
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၂
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၃
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၄
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၅
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၆
23 May 2015
16 May 2015
ကြောင်တစ်ကောင်ရဲ့ ဖွင့်ဟဝန်ခံချက်...
| ကျွှန်တော့်နာမည် မိုချီပါ... |
ကျွန်တော့်နာမည် မိုချီပါ အသက်က နှစ်နှစ်ရှိပါပြီ။ မိုချီဆိုတာ ဂျပန်ပြည်က နာမည်ကြီး rice cake ပါတဲ့။ မိုချီလို့ နာမည်ပေးခြင်း ခံရတာ မထူးဆန်းဘူးဗျ ကျွန်တော့်သခင်မက ဂျပန်မကိုး။ ကျွန်တော်သခင်က အမေရိကန် ဒါပေမဲ့ ကျွန်တော့်ကို ရှိတယ်လို့တောင် ဂရုမစိုက်ဘူး။ သူက ဟိုနတ်စုဆိုတဲ့ ခွေးမကိုပဲ ဝိုင်းချစ်ကြတာ။ နတ်စုဆိုတာ ဂျပန်လို နွေလို့ အဓိပ္ဗာယ်ရပါသတဲ့။ နတ်စုက ချီဘာမျိုး အသက်က ငါးနှစ်လောက်ရှိပြီ။ အတော်ဖားတဲ့ကောင် သခင်တွေ ပြန်လာရင် တကိုယ်လုံးခါ အသံမျိုးစုံအော်ဟစ် အရုပ်ကိုကိုက်ပြီး ကြိုတတ်တယ်။ တခါတလေများဆိုရင် ချိတ်တောင်တက်တယ်။ ကျွန်တော်က နတ်စုလို လုံးဝမဖားတတ်ဘူး သခင်တွေ ပြန်လာရင် ငြိမ်ငြိမ်လေးပဲ သွားကြိုတတ်တယ်။ ကျွန်တော့်သခင်နဲ့ သခင်မက အေးအေးဆေးဆေးပဲ။ သခင်မက ကျွန်တော့်ကို တခါတလေ ချီတယ် ပွေ့တယ်။ အဲ... ပြသနာက တဖက်ခန်းမှာနေတဲ့ ပုလင်းဖင်မှန်ကြောင်မ။ သူက ကျွန်တော့်တို့ကို အစာကျွှေးတယ် ရေတိုက်တယ် ကျွန်တော်နဲ့ဆော့တယ်။ သူ ပြန်လာလို့ သွားကြိုတဲ့အခါ ကျွန်တော်က တခါတလေ ညောင်လို့ နှုတ်ဆက်တယ်။ အဲဒါကို သူက what ဘာညောင်တာလဲ... တော်ကြာမှ ကျွှေးမယ်လို့ ပြောတတ်တယ်။ ကြည့် ... ကျွန်တော်တို့ကြောင်တွေက ညောင်လို့ပဲ အော်တတ်တဲ့ဟာကို သူက နားမလည်ဘဲနဲ့ စွတ်ပြောနေတယ်။
တခါတလေ ဗိုက်ဆာလို့ သူ့ဆီမှာ တညောင်ညောင်နဲ့ အစာသွားတောင်းရင် မိုချီ နင်ဟာ ငါတွေ့ဖူးတဲ့ကြောင်တွေထဲမှာ အညောင်ဆုံးပဲ။ နင့်လောက်ညောင်တဲ့ကြောင် မတွေ့ဖူးဘူးတဲ့။ ကျွန်တော့်မှာ ဂုဏ်ပဲယူရတော့မလို။ နားညည်းမခံနိုင်လို့တဲ့ ထကျွှေးတယ် ပြီးတော့ ပြောလိုက်သေးတယ် တချိန်လုံးဆာ တချိန်လုံးစားနေတာပဲ ဆာဆာနိုင်လွန်းတယ် စားစားနိုင်လွန်းတယ်တဲ့။ ကိုယ့်ပါးစပ်နဲ့ ကိုယ်စားနိုင်တာ သူ့ပါးစပ်ငှားစားတာ ကျနေတာပဲ တကတဲမှပဲ။ သူ့အခန်းတံခါးကို သွားခြစ်ရင် သူ စိတ်ကောင်းဝင်နေတဲ့အချိန်ဆို မိုချီ လာ..လာဆိုပြီး ခေါ်တတ်တယ်။ စိတ်ကောင်းမဝင်တဲ့အချိန်ဆိုရင် နောက်နောင် ငါ့ဆီကို ဘယ်တော့မှ မလာနဲ့လို့ အော်ဟစ်နှင်ထုတ်တတ်တယ်။ ကျွန်တော်က ပွတ်တီးပွတ်သပ်လုပ်တာ မကြိုက်ဘူး။ သူက လာလာပွေ့ချီတတ်တယ်။ ကျွန်တော်ကလည်း လာပွေ့ရင် အော်တော့တာပဲ။ သူ ကျွန်တော်နဲ့ ရင်းနှီးအောင် အတော်လေး ကြိုးစားလိုက်ရတယ်။ လက်မှာလည်း ကုတ်ရာဗရပွနဲ့။ ကျွန်တော်ကလည်း ကျွန်တော် သူပွတ်သပ်ပေးနေရင်တာကို လက်နဲ့သွားသွားစတယ်။ သူစိတ်တိုတဲ့အခါ ကြောင်သားစွတ်ပြုတ် လုပ်စားပစ်လိုက်မယ်၊ ကြောင်ဘာဘီကျူ လုပ်စားပစ်လိုက်မယ် ဘာမှတ်လဲလို့ ခြိမ်းခြောက်တတ်သေးတယ်။ တခါတလေ သူစိတ်တိုရင် တောက်ခေါက်တတ်တယ်။ သူ တောက်ခေါက်တာကို ကျွန်တော် သိပ်ကြောက်တာပဲ။ တခါတလေ ကျွန်တော်က ဂါးလို့ပါးစပ်ဖြဲပြ အမြီးထောင်ပြရင် သူကလည်း ဂါးကနဲအော် လက်နဲ့ကုတ်ခြစ်တော့မယ့်ပုံ လုပ်တတ်တယ်။
တခါတလေကျတော့လည်း ကျွန်တော်အော်သလို အသံမျိုးစုံနဲ့ လိုက်အော်တတ်တယ် အတော်နောက်တဲ့သူ။ ကျွန်တော် မျက်စိမှိတ်ပြရင် သူကလည်း ပြန်မှိတ်ပြတယ်။ မိုချီ နင် တော်တော်ဆိုးတဲ့ကြောင်လို့ ချီးမွမ်းတတ်သေးတယ်။ သူ ထမင်းစားရင် ကျွန်တော်နဲ့နတ်စုက သွားသွားမျှော်တတ်တယ်။ နတ်စုဆိုတဲ့ကောင်က အစုံစားတဲ့သတ္တဝါ သူ ဘာကျွှေးကျွှေး စားတယ် နည်းနည်းလေးမှ စတန်းတပ် အဆင့်မရှိဘူး။ ကျွန်တော်က အမေရိကန်မှာမွေး အမေရိကန်မှာကြီးတဲ့ အမေရိကန်ကြောင်စစ်စ်။ ကြောင်စာနဲ့ ကန်ဗူးထဲက တူနာကိုပဲ စားတယ်။ တခါတလေ နတ်စုအစာကို သွားစားရင် သဘောကောင်းတဲ့ နတ်စုက အေးအေးဆေးဆေးပဲ။ သူက နတ်စု နင့်အစာတွေကို မိုချီ ဝင်တီးနေတယ်၊ ကိုက်ထည့်လိုက်ပါလားလို့ လှော်ပေးတတ်တယ်။ အဲဒီအခါ နတ်စုက ဘေးနားလာရပ်ပြီး သူ့အစာတွေကို မစားဖို့ တားတတ်တယ်။ ကျွန်တော်က နတ်စုကို ခေါင်းသွားသွားဝှေ့တတ်တယ်။ နတ်စုကို လက်သည်းနဲ့ သွားကုတ်ရင် ကိန်ကိန်လို့ အော်ဟစ်ပြီး သူ့အခန်းထဲကို သွားတိုင်ပါလေရော။ အတော်အတိုင်အတောထူတဲ့ကောင် သူ့ခန္ဓာကိုယ်မှ အားမနာ ပိစိကွေးကျွန်တော့်ကို မနိုင်တာနဲ့သခင့်ဆီက အကူအညီတောင်းရတယ်။ ဟိုက မိုချီ နင် နတ်စုကို လုပ်တယ်ဟုတ်လား အေးလေ နတ်စု သနားပါတယ်ဆိုပြီး ချော့တတ်တယ်။ နတ်စုဆော့တဲ့ အရုပ်ကို ကျွန်တော် သွားကိုက်ရင် နတ်စုက သူ့ဟာဆိုပြီး ဝင်လုတတ်တယ်။ အဲဒီနတ်စုဆိုတဲ့ အကောင်ဟာ ဝဖီးနေတာများ တခါတုန်းက ဆိုဖာပေါ် ခုန်တတ်တာ ဘိုင်းခနဲ ပစ်လဲကျတယ် အတော်အီစိမ့်သွားမှာပဲ။
ညနေရုံးဆင်းလို့ အိမ်ရောက်ရင် သူက ကျွန်တော့်ကို ပွေ့ချီတတ်တယ်။ အဲဒါကို နတ်စုက လက်နဲ့ကုတ်ပြီး ကျွန်တော့်ကို မချီဖို့တားတယ် အတော်မနာလိုတိုရှည်တဲ့ကောင်။ ကျွန်တော့်ကို ပွတ်သပ်ပေးနေရင်လည်း သူ့လက်နဲ့ ကုတ်ခြစ်ပြီး မပွတ်သပ်ပေးဖို့ အော်ဟစ်တတ်သေးတယ်။ နတ်စုဆိုတဲ့ အကောင်က မိုးခြိမ်းတာကို သေမလောက်ကြောက်တာ။ မိုးခြိမ်းရင် သူ့မှာ နေစရာမရှိတော့ဘူး ကုတင်အောက် ဝင်ပြေးရတာနဲ့။ အစတုန်းက သူက နတ်စု ကုတင်ပေါ် တက်အိပ်တာ လက်ခံသေးတယ်။ နောက်တော့ နတ်စုက သေးတစိုစို ဖြစ်နေတာနဲ့ ကုတင်ပေါ် လုံးဝအတက် မခံတော့ဘူး။ သခင်တွေက မှန်မှန်ခွေးမကျောင်းနိုင်တော့ နတ်စုလည်း ထိန်းထားတဲ့ကြားက သေးတစိုစိုဖြစ်တယ်။ တခါတလေ သူ့မွေ့ယာပေါ်မှာ သေးထွက်တတ်တယ်။ ကျွန်တော့မွေ့ယာအုပ်ဆောင်းလည်း နတ်စုသေးပေါက်လို့ ပစ်လိုက်ရတယ်။ ကျွန်တော်က သူ့မွေ့ယာပေါ်မှာ အခန့်သား အိပ်နေရင် ကုတင်အောက်မှာ အိပ်နေတဲ့ နတ်စုက မနာလိုသိပ်ဖြစ်တာ။ နတ်စုက ကုတင်ပေါ်တက်ချင်ပါတယ်လို့ အမူအယာနဲ့ တောင်းပန်တတ်ပေမဲ့ သူက ဘယ်တော့မှ လက်မခံဘူး။ တခါတလေ နတ်စုက ရှူးအရမ်းပေါက်ချင်ရင် သူ့ကို အမူအယာနဲ့ တောင်းတတ်တယ်။ ဒါပေမဲ့ သူက ဘယ်တော့မှ ခွေးမကျောင်းဘူး။ သူ့မှာလည်း အရိုးအဆစ်တွေနာလို့ ကုတင်ပေါ်မှာ အိပ်နေရတာ ခပ်များများ။
ညဖက်ရောက်ရင် သူ့အခန်းတံခါးကို ကျွန်တော်က ကုတ်ခြစ်ပြီး ဖွင့်ခိုင်းတတ်တယ်။ သူ သဘောကောင်းရင် လာဖွင့်ပေးတတ်ပြီး သဘောမကောင်းရင် လာမဖွင့်ပေးဘူး။ ကျွန်တော်ကလည်း သူ့ခြေရင်းမှာ အိပ်ရတာကို သဘောကျတယ် နွေးတာကိုး။ ကျွန်တော်ကလည်း လေးပေါင်လောက်ရှိတော့ သူ့ခြေထောက်နာလာတယ်နဲ့ တူပါရဲ့ ကျွန်တော့်ကို ကန်ထုတ်တတ်တယ်။ ကျွန်တော်ကလည်း ပြန်တက်ပြီး အိပ်တာပဲ။ တခါတလေ သူ့ခြေထောက်ကြီးနဲ့ ကျွန်တော့်ကို ဖိထားလို့ မနည်းခါချရတယ်။ သူ့အခန်းနားမှာ ငှက်ကလေးတွေ လာတတ်တယ်။ အဲဒါကို ကျွန်တော်က စောင့်ဖမ်းချင်တာ။ မိုချီ မှီ...မှီ လို့ခေါ်ရင် ကျွန်တော်က ညောင်ဆိုပြီး ပြေးလာတတ်တာကို သူ သိပ်သဘောကျတယ်။ ကျွန်တော်ကလည်း ကျွန်တော် သိပ်စကားများတဲ့ကြောင်။ ပွတ်သပ်ပေးဖို့တောင်းရင် ညောင့်လို့ အသံပြတ်နဲ့ တောင်းဆိုတယ်တယ်။ ဗိုက်ဆာရင် အသံဗြဲကြီးနဲ့ ညောင်ညောင်လို့ သူ နားမခံသာအောင် အော်မယ်။ တခါတလေ ညောင်...ညောင် လို့ စကားတွေ ပြောတယ်။ သူ့လက်မောင်းနား တိုးခွေ့ရတာကို ကျွန်တော် သိပ်ကြိုက်တာ။ သူက တခါတလေ ကျွန်တော့် နှုတ်ခမ်းမွှေး၊ အမြီးတွေကို ဆောင့်ဆွဲပြီး စတတ်တယ်။ တခါတလေ ကျွန်တော့်ကို ပွေ့ချီပြီး နတ်စု မနာလိုဖြစ်အောင် လုပ်တတ်တယ်။ နတ်စုနဲ့သူ ကလူ၏သို့ မြူ၏သို့ ဆော့ကစားနေရင် ကျွန်တော်လည်း ဆော့ချင်တာပေါ့။ ကျွန်တော်က ဟိုပြေးဒီပြေးလုပ်ရင် မိုချီတစ်ကောင် ဘာဖြစ်နေပါလိမ့်တဲ့။ ကျွန်တော့်ကို ဆိုးတယ်လို့သာပြောတယ် သူကလည်း ခပ်ဆိုးဆိုး။
ကျွန်တော့်ဗိုက်က အဆီတွေကို လာလာကိုင်တတ်တယ်။ ကျွန်တော်ကလည်း အဲဒီလိုကိုင်တာကို နည်းနည်းမှမကြိုက်။ ကျွန်တော် စိတ်တိုရင် ဂါးဆိုပြီး အစွယ်ဖြဲပြ အမြီးထောင်ပြတတ်တယ်။ သူကလည်း ဂါးဆိုပြီးအော် လက်သည်းနဲ့ကုတ်ခြစ်တော့မလို လုပ်ပြတယ်။ သူက ကျွန်တော် ဆော်ထားတာကို မှတ်ထားတယ်။ တခါတလေ ကျွန်တော် ညောင်ညောင်လို့ အစာတောင်းရင် မျက်ခွက်ကို ပိတ်ကန်တတ်တယ်။ ကျွန်တော့်ဖင်ကိုလည်း ပိတ်ကန်တတ်သေးတယ်။ တခါတလေ ကျွန်တော့်ဂုတ်ကို ညှပ်ကိုင်တတ်တယ်။ အဲဒီအခါဆို ကျွန်တော်က ဘာမှလုပ်လို့မရတော့ဘူး။ သူ ချီမယ်ဆိုရင် ကျွန်တော်က သခင့်အခန်းထဲ ဝင်ပြေးတတ်တယ်။ အဲဒါဆို သူက မလိုက်ရှာတော့ဘူး။ ခဏနေရင် ကျွန်တော်ကပဲ သူ့အခန်းတံခါး တွန်းဖွင့်ပြီ သူ့ဆီ သွားရတာပါပဲ။ သူ ပြန်လာတဲ့အခါ ကျွန်တော်က တံခါးဝကနေစောင့်ပြီး တံခါးဖွင့်လိုက်တာနဲ့ အပြင်ကိုထွက်ရင် မိုချီ လာ..လာ လို့ခေါ်တယ်။ ကျွန်တော်က မလာရင် တံခါးပိတ်ပစ်လိုက်တယ်။ ကျွန်တော့်မှာ ကြောက်ကြောက်နဲ့ တံခါးဝကို စောင့်နေရတယ်။ ခဏနေတော့မှ သူက ကျွန်တော့်ကို တံခါးဖွင့်ပေးတယ်။ သူ အပြင်ထွက်ရင် ကျွန်တော်လည်း လိုက်ချင်တာပေါ့ တညောင်ညောင်နဲ့ ပူဆာဖူးတယ်။ အယ်မလေး ဒင်းက ခေါ်ဖို့နေနေသာသာ အတော်ရှုပ်တဲ့ကြောင်ဆိုပြီး ခြေထောက်နဲ့ ကန်ထုတ်တယ်။ သူက ကန်တယ်ဆိုပေမဲ့ ဖွဖွလေး ကန်တာပါ။ နတ်စုကိုတော့ good girl တဲ့ ကျွန်တော့်ကိုတော့ bad boy တဲ့။ ကျွန်တော့်ကို လူဆိုးလေးလို့ နာမည်ပေးတာကို ကျွန်တော်က ခပ်ကြိုက်ကြိုက်ပဲ ကျွန်တော်ကလည်း ဆိုးတာကိုး။ ကျွန်တော့်ကို များများလေးဆိုးပြီး နည်းနည်းလေး ချစ်ဖို့ကောင်းတယ်တဲ့။ သူကလည်း ထူးမခြားနားပဲ။ ကျွန်တော်တို့လား ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့ ပျော်စရာကြီးဗျ။
စန်းထွန်း
မေ ၁၆၊ ၂၀၁၅။
Labels:
Essays
13 May 2015
#Daydream : Gondola ride at Central Park !
ဟိုရိုက်ဒီရိုက် ဓာတ်ပုံတွေထဲကမှ အကြိုက်ဆုံးဓာတ်ပုံတွေကို #Daydream ဆိုပြီး ဖေ့ဘွတ်မှာ တင်နေတာ လေးငါးပုံလောက်ရှိနေပြီ။ Yahoo Travel အစီအစဉ်တွေမှာ ပေါ်လာတင်ဆက်တဲ့ A Broad Abroad အစီအစဉ်ကို အကြိုက်ဆုံး။ ပေါ်လာက မြန်မာပြည်က ကျောက်စိမ်း၊ သစ်ထုတ်လုပ်ငန်းကဆင်တွေ အငြိမ်းစားပေးတဲ့နေရာ၊ မိဘမဲ့၊ စစ်ဖြစ်နေတဲ့ဒေသက မိန်းကလေး ၂၀၀ ကျော်ကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ သီလရှင်ဆရာလေး၊ အင်းလေးကန်အကြောင်းကို တင်ဆက်ဖူးတယ်။ Yahoo Travel မှာ နေ့တိုင်းညနေ ၃ နာရီဆိုရင် #Daydream ဆိုပြီး ဓာတ်ပုံလေးတွေတင်တာ သဘောကျလို့ ကိုယ့်ဘာသာ #Daydream လုပ်လိုက်ပါတယ်။ စင်ထရယ်ပါ့ခ်ကို အကြိမ်တော်တော်များများ ရောက်ဖူးလို့ All About NYC ပို့စ်တွေထဲမှာတောင် တင်ဖူးပါတယ်။ ပိတ်ရက်တွေမှာ meet up အဖွဲ့တွေရဲ့ လမ်းလျှောက်အစီအစဉ်တွေက စိတ်ဝင်စားစရာမကောင်းရင် ဝိုင်းနဲ့ကိုယ်က စင်ထရယ်ပါ့ခ်မှာ လမ်းသွားလျှောက်ကြတယ်။ ဒါတောင် စင်ထရယ်ပါ့ခ်ကို မနှံ့သေးဘူး။ စင်ထရယ်ပါ့ခ်က ဧက ၈၀၀ နီးပါးရှိပြီး သဘာဝမဟုတ်တဲ့ လူတွေပြုလုပ်ထားတဲ့ ပန်းခြံကြီးပါ။ ၁၈၅၈မှာ နာမည်ကြီးလာတော့မဲ့ လန်းစကေ့စ်အာခီတက် ဖရက်ဒရစ်လောရဲ့ ဆုရတဲ့ဒီဇိုင်းနဲ့ ဆောက်ထားတာပါ။ အမေရိကန်မှာ လူတွေလာရောက်လည်ပတ်လွန်းကြတဲ့ ပန်းခြံတွေထဲက တစ်ခုပေါ့။ ပန်းခြံထဲက ရုပ်ထုတွေ၊ ထင်ရှားတဲ့သမိုင်းကြောင်းတွေ ရှင်းပြတဲ့ ဖရီးတိုးတွေ ရှိပါတယ်။
သစ်ပင်ပန်းမာန်တွေ စိတ်ဝင်စားတဲ့သူဆိုရင် ရုက္ခဗေဒတိုးတွေလည်း ရှိပါတယ်။ အုပ်စုလိုက် ပန်းချီဆွဲကြတာလည်း ရှိတယ်။ တချို့က ပစ်ကနစ်ထွက်၊ တချို့က စာဖတ်၊ တချို့က ဘောလုံးကန်၊ တချို့က စက်ဘီးစီး၊ တချို့က အပြေးလေ့ကျင့်၊ တချို့က မြင်းလှည်းစီး၊ တချို့က လမ်းလျှောက်။ စင်ထရယ်ပါ့ခ်ဟာ အမြဲလိုလို စည်ကားနေတာပါပဲ။ အရင်တပတ်စနေနေ့က မေရီလန်းအိမ်ရှင်တူမဇာရာ နယူးယောက်ကို လာလည်လို့ ကိုယ်က တိုင်းစကွဲယား၊ ဂရန်းစင်ထရယ်၊ ရော်ခါဖယ်လာစင်တာ၊ စင်ထရယ်ပါ့ခ်ကို လိုက်ပို့ဖြစ်တယ်။ အဲဒီရေကန်လေးကိုရောက်တိုင်း ဓာတ်ပုံရိုက်ဖြစ်ပေမဲ့ ဂွန်ထိုလာနဲ့ တိုင်ဝါညီနောင် တွဲနေတဲ့ပုံတော့ မရှိဘူး။ ဒီဓာတ်ပုံလေးကို အိုင်ပတ်နဲ့ ရိုက်ခဲ့တာပါ။ တိမ်ထူတဲ့နေ့မို့လို့ မှောင်နေတာကို Fotor သုံးပြီး လင်းလိုက်တော့ ဒီလိုမျိုးလေး ရလာတယ်။ အဲဒါကိုပဲ သဘောကျနေတာ။ မြင်ရတဲ့ အဆောက်အဦးက ၂၇ထပ် Luxury တိုက်ခန်းတွေရှိတဲ့ The Sam Remo buildings, 145 Central Park West ပါ။ Ghost ရုပ်ရှင်ကားထဲက မင်းသမီး ဒယ်မီမိုးက အဲဒီ Penth House က တိုက်ခန်းကို ရောင်းမလို့တဲ့ ၇၅ သန်း ဈေးခေါ်ထားပါတယ်။ အီတလီနိုင်ငံ ဗန်းနစ်မြို့က လှေတွေကို ဂွန်ထိုလာလို့ ခေါ်ပါသတဲ့။ လွန်ခဲ့တဲ့အနှစ်သုံးဆယ်လောက်က အီတလီကနေရောက်လာတဲ့ လူတစ်ယောက်က ဒီရေကန်မှာ လှေလှော်လို့ရလားမေးပြီး ဂွန်ထိုလာ လှော်ခေတ်နေတာ ခုထက်တိုင်ပါပဲတဲ့။ ဦးကော့ကော့လေးနဲ့ဂွန်ထိုလာက မန္တလေးဖက်က ငှက်လို့ခေါ်ကြတဲ့လှေတွေနဲ့တောင် ခပ်ဆင်ဆင်လိုပဲ။ ဂွန်ထိုလာလှော်တဲ့သူက ဦးထုပ်နဲ့ ဝတ်စုံအပြည့်။ ကိုယ်သဘောကျတဲ့ ဓာတ်ပုံတွေကို #Daydream စီးရီးတွေအနေနဲ့ တင်သွားပါဦးမယ်။
စန်းထွန်း
မေ ၁၃၊ ၂၀၁၅။
10 May 2015
ဘရွှတ်ကလင်း ချယ်ရီပွဲတော်သွား တောလား...
ဘရွှတ်ကလင်း ဘော်တနစ်ကယ်ဂါးဒင်း ချယ်ရီပွဲတော်က ဧပြီလကုန်လောက်မှာ ကျင်းပပါတယ်။ ဝင်ကြေးက ၂၅ ကျပ်ပါ။ စနေနေ့ မနက် ၁၀ ကနေ ၁၂ အထိ ဝင်ကြေးအခမဲ့ဆိုတော့ မေလ ၂ ရက်နေ့ စနေနေ့မှာ ဘီဘီဂျီကို သွားရအောင်တဲ့။ ကိုယ့်ခြေထောက်က နည်းနည်းနာနေလို့ သောကြာနေ့မှာ ကိုယ့်အခြေအနေကိုကြည့်ပြီး အကြောင်းပြန်မယ်လို့။ သောကြာနေ့ကျတော့ ခြေထောက်နာတာ နည်းနည်းသက်သာတာနဲ့ သွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ တင်ပါးရိုးနာလို့ လမ်းလျှောက်တာတွေ နားထားတဲ့ ရွန်အဖွဲ့ကလည်း အဲဒီနေ့မှာ ဘီဘီဂျီကို သွားမယ်တဲ့။ ရွန်အဖွဲ့နဲ့ မလိုက်တော့ပါဘူး ရွန်အဖွဲ့က အယောက်ငါးဆယ်လောက်ရှိတာ အေးအေးဆေးဆေး ဓာတ်ပုံရိုက်လို့ မရပါဘူး။ ကိုယ်တို့က ငါးမိနစ်လောက် လမ်းလျှောက်ပြီး ဆယ်မိနစ်လောက် ဓာတ်ပုံရိုက်ချင်ကြတာ။ ဘီဘီဂျီကို မနက် ၁၀ နာရီရောက်တော့ အောင်မလေး လူတွေမှ အများကြီး။ ကိုယ် ဘီဘီဂျီကို သုံးလေးခေါက် ရောက်ဖူးတယ် ဒီတခေါက်ကတော့ လူအများဆုံးပဲ။ ချယ်ရီပင်၊ ကျူးလစ် ပန်းရောင်စုံ ဖူးပွင့်လို့ အင်မတန် သာယာတာပဲ။ ၂ နာရီလောက် လမ်းလျှောက်ပြီးတော့ ခြေထောက်ကနာ၊ တယောက်က ကိုယ့်ခြေထောက်ကို တက်နင်းလို့ မခံမရပ်နိုင်အောင်နာ။ ဒီကြားထဲ ဝိုင်းက သူ့နေကာမျက်မှန်၊ ကိုယ့်နေကာမျက်မှန်၊ ကုတ်အင်္ကျီချွှတ်လို့တမျိုး၊ ကုတ်အင်္ကျီနဲ့တမျိုး အမျိုးမျိုးရိုက်ခိုင်းတော့ ကိုယ်လည်း စိတ်ပေါက်ပေါက်နဲ့ ကိုယ့်အစ်မကိုလေ ပို့စ်အမျိုးမျိုးနဲ့ ရိုက်ပေးရတာ ဘယ်သူမှ စိတ်မရှည်ဘူး။
သည်းခံမှုဆိုတာ အတိုင်းအတာ လစ်မစ်ရှိတယ်။ မျက်မှန်နဲ့၊ မျက်မှန်မပါဘဲနဲ့၊ ပို့စ်အမျိုးမျိုးနဲ့ ရိုက်ခိုင်းတာ အတော်လွန်တာပဲ။ ဒါကြောင့် သူနဲ့ ဘယ်သူမှ မလိုက်ချင်တာလို့ ပြောတော့ ဝိုင်းက သူလည်း ကိုယ့်အစ်မလိုပဲတဲ့။ ဘာလို့ဓာတ်ပုံ အဲဒီလောက်ကြိုက်မှန်း ကိုယ်တော့ နားမလည်တော့ဘူး။ တစ်ပုံ၊ နှစ်ပုံဆို တော်ပြီပေါ့။ ဒီနေရာမှာ၊ ဒီပို့စ်၊ ဒီရုပ် ဒီပုံစံပဲ ထွက်တာပဲဟာကို။ မျက်စိက ပိတ်နေသလို ဖြစ်နေလို့၊ ပါးစပ်က ရယ်နေပုံ မလှဘူးတဲ့ တော်တော့်ကို စိတ်မရှည်ချင်စရာ။ ခြေထောက်ကလည်း နာတော့ ပိုစိတ်တိုတယ်။ ဝိုင်းက သူ့ကိုယ်ကိုသူ ဖက်ရှင်ကျတယ်လို့ ထင်တာ။ မိတ်ကပ်မလိမ်း၊ မျက်ခုံးမွှေးမဆွဲ၊ နှုတ်ခမ်းနီမဆိုး၊ အရပ်က ပုကွကွ၊ ခန္ဓာကိုယ်က အချိုးမကျနဲ့ ဘယ်လိုမှ မတိုင်မကျ၊ သာမန်ရုပ်ရည်ပဲရှိတဲ့ လူတစ်ယောက်က သူ့ကိုယ်သူ စတိုင်ကျ၊ ဖက်ရှင်ကျတယ်လို့ထင်နေတာ ရယ်ချင်မိသား။ တခါတလေ လည်ဆွဲဆန်းဆန်းတွေ ဆွဲလာပြီး ဓာတ်ပုံထဲမှာ ပေါ်နေချင်သေးတယ်။ အင်္ကျီက တခါလာလည်း အညိုရောင် လည်ထောင်အင်္ကျီ မစ်ဒါဝတ်။ အနွေးထည်ကုတ်အင်္ကျီဝတ်လာပြီး ဓာတ်ပုံရိုက်ရင် ကုတ်အင်္ကျီကို ချွှတ်ပြီး ကိုယ့်ကိုကိုင်ခိုင်း။ အနွေးထည်ကုတ်အင်္ကျီနဲ့ဆိုရင် ပုပုဝဝ ဖြစ်နေတယ်လို့ ထင်ရလို့တဲ့။ ကိုယ်က ကုတ်အင်္ကျီကို ချွှတ်လိုက်၊ ဝတ်လိုက်နဲ့ သိပ်ရှုပ်တာပဲလို့ ထင်တယ်။ လှတဲ့သူဟာ ကုတ်အင်္ကျီ ဝတ်ထားလည်း လှတာပဲ။ ဆောင်းရာသီဆို ကိုယ်က ဒေါင်းဂျက်ကပ် အမြဲဝတ်တယ်။ ဝိုင်းက ဒေါင်းဂျက်ကပ်က ထူထူပွပွကြီး ရုပ်ဆိုးတယ်ဆိုပြီး မဝတ်ဘူး။
မနှစ်ကဆောင်းတွင်းတုန်းက အမှတ်ငါးလမ်းမကြီးတလျှောက် လမ်းလျှောက်နေတုန်း လေတိုက်တော့ ဝိုင်းက ချမ်းလို့လမ်းမလျှောက်နိုင်တော့ဘူးတဲ့။ ရာသီဥတု ဒီလောက်အေးတာကို ဒေါင်းဂျက်ကပ်မှ မဝတ်ဘဲ ချမ်းတော့မှာပေါ့။ ဓာတ်ပုံထဲမှာ လှချင်တာနဲ့ ဒေါင်းဂျက်ကပ် မဝတ်ဘူး။ ကိုယ်ကတော့ ဓာတ်ပုံထဲမှာ ထူထူပွပွကြီး ဖြစ်နေပါစေ မချမ်းဖို့က အဓိက။ အီတလီမှာဆို ဘယ်သူမှ ဒေါင်းဂျက်ကပ် မဝတ်ကြဘူးတဲ့။ အီတလီက အေးမှမအေးတဲ့ဟာကို။ အီတလီမှာဆို ဘလေဇာအောက်က အစိမ်းရောင်အင်္ကျီဆို အိတ်၊ ပုဝါ၊ Assesscories တွေကလည်း အစိမ်းရောင်။ လုပ်ဖော်ကိုင်ဖက်တွေ ညဖက်ဒင်နာစားကြမယ်ဆိုရင် အီတလီတွေက အိမ်ပြန်၊ ရေမိုးချိုး၊ မိတ်ကပ်အပြည့်၊ ဒင်နာဂါဝန်တွေ ဝတ်ကြတာတဲ့။ အီတလီတွေက ဖက်ရှင်ကျပါလိမ့်မယ်။ အမေရိကန်တွေကတော့ ဖက်ရှင်ထက် သက်တောင့်သက်သာ ဖြစ်တာကို သိပ်အရေးထားတာ။ ကိုယ်လည်း အမေရိကန်တွေလို ရုံးဝတ်စုံနဲ့ အားကစားဖိနပ်စီးတယ်။ အိမ်ကနေ ဘူတာရုံကို ငါးမိနစ်၊ ဘူတာရုံတွေမှာ ရထားပြောင်းရင် အနည်းဆုံး ငါးမိနစ်၊ ဘူတာကနေ ကိုယ့်ရုံးကို ငါးမိနစ်၊ နယူးယောက်မှာ တနေ့ကို မိနစ် ၃၀ လောက် လမ်းလျှောက်နေရတာ ဘယ်လိုလုပ် ဒေါက်မြှင့်စီးနိုင်မလဲ။ လူးပပ်ကြောင့် ခြေထောက်နာနေတတ်တော့ ပိုဆိုး Sneakers ဖိနပ်ထက် မန်မိုရီဖောင်းပါတဲ့ အပြေးဖိနပ်ကိုပဲ စီးနိုင်တော့တယ်။ အင်္ကျီဆိုလည်း ခန္ဓာကိုယ်မှာ ကပ်နေတာထက် ချောင်ချောင်ပွပွလေးကို ပိုသဘောကျတယ်။
စကပ်ထက် ဘောင်းဘီကို ပိုကြိုက်တယ်။ တခါတလေ မိန်းကလေးဆန်ဆန် ဂါဝန်တွေ ကြိုက်ပေမဲ့ အမြဲတမ်း ဝတ်ဖြစ်တာက တီရှပ်နဲ့ ဂျင်းဘောင်းဘီ။ ကိုယ်က ကိုယ့်ကိုကိုယ် ဖက်ရှင်မကျမှန်း သိတယ်။ မကြီးလို ဖက်ရှင်ကျတဲ့သူတွေကို မြင်ဖူးထားတော့ ဝိုင်းက သူ့ကိုယ်သူ ဖက်ရှင်ကျတယ်လို့ ထင်နေတာကို ကိုယ်က ဟားချင်နေတာပေါ့။ ဝိုင်းနဲ့ ခင်လာတာ တစ်နှစ်လောက်ရှိပြီ ဒီတခါပဲ ဝိုင်းကို ကိုယ် စိတ်ဆိုးဖူးတယ်။ စိတ်တိုလို့ တရုတ်တန်းမှာ ဒင်ဆမ်း သွားစားမယ်ဆိုတာတောင် သွားမစားတော့ဘူး။ ဘီဘီဂျီက ချယ်ရီပွင့်တွေက ပန်းရင့်ရောင်။ ကိုယ်ကတော့ ဒီစီက ယိုရှိနိုချယ်ရီပွင့်တွေ အကြိုက်ဆုံးပဲ။ စာဖတ်သူတွေရော ဒီစီ၊ နယူးဂျာဆီ၊ ဘရွှတ်ကလင်းထဲက ဘယ်ချယ်ရီကို အကြိုက်ဆုံးလဲ။
Happy Mother Day !
စန်းထွန်း
မေ ၁၀၊ ၂၀၁၅။
သည်းခံမှုဆိုတာ အတိုင်းအတာ လစ်မစ်ရှိတယ်။ မျက်မှန်နဲ့၊ မျက်မှန်မပါဘဲနဲ့၊ ပို့စ်အမျိုးမျိုးနဲ့ ရိုက်ခိုင်းတာ အတော်လွန်တာပဲ။ ဒါကြောင့် သူနဲ့ ဘယ်သူမှ မလိုက်ချင်တာလို့ ပြောတော့ ဝိုင်းက သူလည်း ကိုယ့်အစ်မလိုပဲတဲ့။ ဘာလို့ဓာတ်ပုံ အဲဒီလောက်ကြိုက်မှန်း ကိုယ်တော့ နားမလည်တော့ဘူး။ တစ်ပုံ၊ နှစ်ပုံဆို တော်ပြီပေါ့။ ဒီနေရာမှာ၊ ဒီပို့စ်၊ ဒီရုပ် ဒီပုံစံပဲ ထွက်တာပဲဟာကို။ မျက်စိက ပိတ်နေသလို ဖြစ်နေလို့၊ ပါးစပ်က ရယ်နေပုံ မလှဘူးတဲ့ တော်တော့်ကို စိတ်မရှည်ချင်စရာ။ ခြေထောက်ကလည်း နာတော့ ပိုစိတ်တိုတယ်။ ဝိုင်းက သူ့ကိုယ်ကိုသူ ဖက်ရှင်ကျတယ်လို့ ထင်တာ။ မိတ်ကပ်မလိမ်း၊ မျက်ခုံးမွှေးမဆွဲ၊ နှုတ်ခမ်းနီမဆိုး၊ အရပ်က ပုကွကွ၊ ခန္ဓာကိုယ်က အချိုးမကျနဲ့ ဘယ်လိုမှ မတိုင်မကျ၊ သာမန်ရုပ်ရည်ပဲရှိတဲ့ လူတစ်ယောက်က သူ့ကိုယ်သူ စတိုင်ကျ၊ ဖက်ရှင်ကျတယ်လို့ထင်နေတာ ရယ်ချင်မိသား။ တခါတလေ လည်ဆွဲဆန်းဆန်းတွေ ဆွဲလာပြီး ဓာတ်ပုံထဲမှာ ပေါ်နေချင်သေးတယ်။ အင်္ကျီက တခါလာလည်း အညိုရောင် လည်ထောင်အင်္ကျီ မစ်ဒါဝတ်။ အနွေးထည်ကုတ်အင်္ကျီဝတ်လာပြီး ဓာတ်ပုံရိုက်ရင် ကုတ်အင်္ကျီကို ချွှတ်ပြီး ကိုယ့်ကိုကိုင်ခိုင်း။ အနွေးထည်ကုတ်အင်္ကျီနဲ့ဆိုရင် ပုပုဝဝ ဖြစ်နေတယ်လို့ ထင်ရလို့တဲ့။ ကိုယ်က ကုတ်အင်္ကျီကို ချွှတ်လိုက်၊ ဝတ်လိုက်နဲ့ သိပ်ရှုပ်တာပဲလို့ ထင်တယ်။ လှတဲ့သူဟာ ကုတ်အင်္ကျီ ဝတ်ထားလည်း လှတာပဲ။ ဆောင်းရာသီဆို ကိုယ်က ဒေါင်းဂျက်ကပ် အမြဲဝတ်တယ်။ ဝိုင်းက ဒေါင်းဂျက်ကပ်က ထူထူပွပွကြီး ရုပ်ဆိုးတယ်ဆိုပြီး မဝတ်ဘူး။
မနှစ်ကဆောင်းတွင်းတုန်းက အမှတ်ငါးလမ်းမကြီးတလျှောက် လမ်းလျှောက်နေတုန်း လေတိုက်တော့ ဝိုင်းက ချမ်းလို့လမ်းမလျှောက်နိုင်တော့ဘူးတဲ့။ ရာသီဥတု ဒီလောက်အေးတာကို ဒေါင်းဂျက်ကပ်မှ မဝတ်ဘဲ ချမ်းတော့မှာပေါ့။ ဓာတ်ပုံထဲမှာ လှချင်တာနဲ့ ဒေါင်းဂျက်ကပ် မဝတ်ဘူး။ ကိုယ်ကတော့ ဓာတ်ပုံထဲမှာ ထူထူပွပွကြီး ဖြစ်နေပါစေ မချမ်းဖို့က အဓိက။ အီတလီမှာဆို ဘယ်သူမှ ဒေါင်းဂျက်ကပ် မဝတ်ကြဘူးတဲ့။ အီတလီက အေးမှမအေးတဲ့ဟာကို။ အီတလီမှာဆို ဘလေဇာအောက်က အစိမ်းရောင်အင်္ကျီဆို အိတ်၊ ပုဝါ၊ Assesscories တွေကလည်း အစိမ်းရောင်။ လုပ်ဖော်ကိုင်ဖက်တွေ ညဖက်ဒင်နာစားကြမယ်ဆိုရင် အီတလီတွေက အိမ်ပြန်၊ ရေမိုးချိုး၊ မိတ်ကပ်အပြည့်၊ ဒင်နာဂါဝန်တွေ ဝတ်ကြတာတဲ့။ အီတလီတွေက ဖက်ရှင်ကျပါလိမ့်မယ်။ အမေရိကန်တွေကတော့ ဖက်ရှင်ထက် သက်တောင့်သက်သာ ဖြစ်တာကို သိပ်အရေးထားတာ။ ကိုယ်လည်း အမေရိကန်တွေလို ရုံးဝတ်စုံနဲ့ အားကစားဖိနပ်စီးတယ်။ အိမ်ကနေ ဘူတာရုံကို ငါးမိနစ်၊ ဘူတာရုံတွေမှာ ရထားပြောင်းရင် အနည်းဆုံး ငါးမိနစ်၊ ဘူတာကနေ ကိုယ့်ရုံးကို ငါးမိနစ်၊ နယူးယောက်မှာ တနေ့ကို မိနစ် ၃၀ လောက် လမ်းလျှောက်နေရတာ ဘယ်လိုလုပ် ဒေါက်မြှင့်စီးနိုင်မလဲ။ လူးပပ်ကြောင့် ခြေထောက်နာနေတတ်တော့ ပိုဆိုး Sneakers ဖိနပ်ထက် မန်မိုရီဖောင်းပါတဲ့ အပြေးဖိနပ်ကိုပဲ စီးနိုင်တော့တယ်။ အင်္ကျီဆိုလည်း ခန္ဓာကိုယ်မှာ ကပ်နေတာထက် ချောင်ချောင်ပွပွလေးကို ပိုသဘောကျတယ်။
စကပ်ထက် ဘောင်းဘီကို ပိုကြိုက်တယ်။ တခါတလေ မိန်းကလေးဆန်ဆန် ဂါဝန်တွေ ကြိုက်ပေမဲ့ အမြဲတမ်း ဝတ်ဖြစ်တာက တီရှပ်နဲ့ ဂျင်းဘောင်းဘီ။ ကိုယ်က ကိုယ့်ကိုကိုယ် ဖက်ရှင်မကျမှန်း သိတယ်။ မကြီးလို ဖက်ရှင်ကျတဲ့သူတွေကို မြင်ဖူးထားတော့ ဝိုင်းက သူ့ကိုယ်သူ ဖက်ရှင်ကျတယ်လို့ ထင်နေတာကို ကိုယ်က ဟားချင်နေတာပေါ့။ ဝိုင်းနဲ့ ခင်လာတာ တစ်နှစ်လောက်ရှိပြီ ဒီတခါပဲ ဝိုင်းကို ကိုယ် စိတ်ဆိုးဖူးတယ်။ စိတ်တိုလို့ တရုတ်တန်းမှာ ဒင်ဆမ်း သွားစားမယ်ဆိုတာတောင် သွားမစားတော့ဘူး။ ဘီဘီဂျီက ချယ်ရီပွင့်တွေက ပန်းရင့်ရောင်။ ကိုယ်ကတော့ ဒီစီက ယိုရှိနိုချယ်ရီပွင့်တွေ အကြိုက်ဆုံးပဲ။ စာဖတ်သူတွေရော ဒီစီ၊ နယူးဂျာဆီ၊ ဘရွှတ်ကလင်းထဲက ဘယ်ချယ်ရီကို အကြိုက်ဆုံးလဲ။
Happy Mother Day !
စန်းထွန်း
မေ ၁၀၊ ၂၀၁၅။
06 May 2015
လွမ်းမိတယ်...
ဘုရားရှိခိုးကျောင်းဆီက ခေါင်းလောင်းသံတွေ ကြားရတဲ့အခါ မင်းရဲ့ ဂစ်တာသံကို လွမ်းမိတယ်....
သစ်ပင်ထက်ဆီမှာ အစိမ်းရောင် သစ်ရွက်ဖူးလေးတွေနဲ့ သြကာသတစ်ခုလုံး လှပနေတဲ့အခါ မင်းကို လွမ်းမိတယ်...
နေရောင်ခြည်နွေးနွေးတွေ ဖြာလဲ့နေတဲ့အခါ မင်းမျက်ဝန်းညိုညိုတွေဆီက ဖြာကျလာတတ်တဲ့ အကြင်နာအကြည့် နွေးနွေးလေးတွေကို လွမ်းမိတယ်....
ပန်းရောင်စုံ ဖူးပွင့်နေတာကို မြင်ရတဲ့အခါ မင်းအပြုံးတွေကို လွမ်းမိတယ်....
စိမ်းညှို့နေတဲ့ ကန်ရေပြင်ကို မြင်ရတဲ့အခါ တည်ငြိမ်အေးချမ်းတဲ့ မင်းမျက်ဝန်းညိုညိုတွေကို လွမ်းမိတယ်....
ကိုယ်တို့အတူလျှောက်ခဲ့ဖူးတဲ့နေရာတွေကို ရောက်တဲ့အခါ မင်းကို လွမ်းမိတယ်....
ကောင်းကင်ပြာပြာမှာ မျောလွင့်နေတဲ့ တိမ်ဆိုင်ဖြူဖြူတွေကို မြင်ရတဲ့အခါ ကိုယ့်စိတ်တွေဟာလည်း မင်းရှိရာအရပ်ဆီသို့ လွင့်မျောသွားတတ်တယ်....
ကိုယ်တို့ ပြန်ဆုံတွေ့ခဲ့ကြရင် ကိုယ် မင်းကို လွမ်းနေခဲ့တယ်ဆိုတာ ပြောပြချင်မိသား....
စန်းထွန်း
မေ ၆၊ ၂၀၁၅။
သစ်ပင်ထက်ဆီမှာ အစိမ်းရောင် သစ်ရွက်ဖူးလေးတွေနဲ့ သြကာသတစ်ခုလုံး လှပနေတဲ့အခါ မင်းကို လွမ်းမိတယ်...
နေရောင်ခြည်နွေးနွေးတွေ ဖြာလဲ့နေတဲ့အခါ မင်းမျက်ဝန်းညိုညိုတွေဆီက ဖြာကျလာတတ်တဲ့ အကြင်နာအကြည့် နွေးနွေးလေးတွေကို လွမ်းမိတယ်....
ပန်းရောင်စုံ ဖူးပွင့်နေတာကို မြင်ရတဲ့အခါ မင်းအပြုံးတွေကို လွမ်းမိတယ်....
စိမ်းညှို့နေတဲ့ ကန်ရေပြင်ကို မြင်ရတဲ့အခါ တည်ငြိမ်အေးချမ်းတဲ့ မင်းမျက်ဝန်းညိုညိုတွေကို လွမ်းမိတယ်....
ကိုယ်တို့အတူလျှောက်ခဲ့ဖူးတဲ့နေရာတွေကို ရောက်တဲ့အခါ မင်းကို လွမ်းမိတယ်....
ကောင်းကင်ပြာပြာမှာ မျောလွင့်နေတဲ့ တိမ်ဆိုင်ဖြူဖြူတွေကို မြင်ရတဲ့အခါ ကိုယ့်စိတ်တွေဟာလည်း မင်းရှိရာအရပ်ဆီသို့ လွင့်မျောသွားတတ်တယ်....
ကိုယ်တို့ ပြန်ဆုံတွေ့ခဲ့ကြရင် ကိုယ် မင်းကို လွမ်းနေခဲ့တယ်ဆိုတာ ပြောပြချင်မိသား....
စန်းထွန်း
မေ ၆၊ ၂၀၁၅။
Subscribe to:
Posts (Atom)

