18 January 2016

ယူအက်စ်သွား တောလား - ၁၃

တချို့တရုတ်တွေက လာ့စ်ဗီးကပ်စ်မှာ ၂ ရက်နေမှာတဲ့။ ရာသီဥတုက အရမ်းပူ၊ ကာဆီနိုမှာ လူတွေတဝုန်းဝုန်း၊ ဆူညံပွက်လောရိုက်နေတဲ့ လာ့စ်ဗီးကပ်စ်မြို့ကို တစ်ရက်လောက် လည်ပတ်ရုံနဲ့တင် လုံလောက်ပြီလို့ ခံစားမိတယ်။ မကာအိုဆိုရင် နှစ်ရက်လောက် နေဖြစ်မယ်ထင်တယ်။ မနေ့က ဝယ်လာတဲ့ အစားအစာတွေနဲ့ မနက်စာစား၊ မနက် ၉ နာရီလောက်မှာ တိုးကားက လာခေါ်ပါတယ်။ ဒီတိုးခရီးစဉ်မှာ ခရီးသည်တွေအားလုံးက အချိန်ကို လေးစားတယ်။ သတ်မှတ်ထားချိန်ထက် စောစောရောက်နှင့်နေတတ်ကြတယ်။ တက်တယ့်အစီးကတက် ဆင်းတယ့်အစီးကဆင်းနဲ့ လာ့စ်ဗီးကပ်စ်လေယာဉ်ကွင်းက တော်တော်အလုပ်များတယ်။ မိုးမျှော်တိုက် အများကြီးနဲ့ အတော်စည်ကားတဲ့ မြို့ပဲ။ တိုးဂိုက်က မနက်စာနဲ့ နေ့လည်စာကို ပေါင်းစားတဲ့ brunch အဖြစ် တရုတ်ဘူဖေးဆိုင်မှာ စားကြမယ်တဲ့။ ဘူဖေးဆိုင်က ဖွင့်တောင်မဖွင့်သေးဘူး။ ငါးမိနစ်လောက် ကြာတော့မှဖွင့်တယ်။ အမယ်မစုံလင်ပေမဲ့ ရှိသင့်ရှိထိုက်တာတွေတော့ ရှိပါတယ်။ စားနေတုန်း ဘေးဝိုင်းက တရုတ်ကလေး အမြွှာနှစ်ယောက်ရဲ့ ပန်းကန် ပြုတ်ကျပါလေရော။ အမေဖြစ်သူက ဖုန်းအပွတ်မပြတ် ခဏနေတော့မှ ကလေးတွေကို ဆူတယ်။ အမေလုပ်သူက ကလေးတွေစားတာ ဂရုမစိုက်ဘဲ ဖုန်းကိုပဲ ကလိနေတယ်လို့ အဖေက ဝေဖန်တယ်။ နေ့လည်စာ စားပြီးတော့ မိနစ် ၂၀ ဆယ်မိုင်အဝေးမှာရှိတဲ့ Ethel M Chocolate Factory ကို သွားလည်ကြပါတယ်။

Ethel M Chocolate Factory Garden

ချောကလက်စက်ရုံအပြင်ဖက်က ကန္တာရပန်းခြံမှာ ဓာတ်ပုံတွေရိုက်ကြတယ်။ ကန္တာရအပင် ဆူးပင်တွေ၊ မွဲခြောက်ခြောက် အပင်တွေဆိုတော့ ဓာတ်ပုံသိပ်မရိုက်ဖြစ်ဘူး။ ချောကလက်စက်ရုံက ညဖက်မှာ ချောကလက်တွေ ထုတ်လုပ်တာမို့ ချောကလက် ထုတ်လုပ်နေတာကို မတွေ့ခဲ့ရဘဲ စက်တွေပဲ တွေ့ခဲ့ရတယ်။ ဘာလို့ဒီကန္တာရမှာ ချောကလက်စက်ရုံ လာတည်ထားရတာလဲဆိုတော့ လာ့စ်ဗီးကပ်စ်မြို့က ကြယ်ငါးပွင့် ဟိုတယ်တွေ အတွက်ပါတဲ့။ အဖြူရောင်ကုတ်အင်္ကီျ၊ အဖြူရောင် ဦးထုပ်ဆောင်းထားတဲ့ ချောကလက်စက်ရုံလုပ်သားတချို့က လက်ပြနှုတ်ဆက်ကြတယ်။ အလကားဝေတဲ့ ချောကလက်နမူနာတွေစား၊ တချို့တွေက ဝယ်ကြတယ်။ ကိုယ်စားဖူးသမျှထဲမှာတော့ Lindt ချောကလက် ကြိုက်တယ်။ Lindt ထက်ကောင်းတဲ့ ချောကလက်ကို မစားဘူးတာလည်း နေပါလိမ့်မယ်။ ယူတာ့ Utah ပြည်နယ် စတိတ်ကယ်ပီတယ် State Capitol အဆောက်အဦးက စနေနေ့မို့လို့ တံခါးပိတ်ထားလို့ ကိုယ်တို့က သစ်ပင်ရိပ်အောက်မှာ ထိုင်နေကြတာ။ တရုတ်မတစ်ယောက်က တံခါးဖွင့်နေပြီလို့ ကိုယ်တို့ကို လှမ်းအသိပေးတယ်။ အဖေက အဲဒီတရုတ်မက ယဉ်ယဉ်ကျေးကျေးလေးတဲ့။

Los Angeles, CA

ဘူဖေးဆိုင်ကနေ တိုးကားဆီသွားတော့ တရုတ်ပြည်မှာ ကလေးတစ်ယောက်ပဲ မွေးခွင့်ရှိတာ မဟုတ်ဘူးလား။ အစ်မက ဘာလို့ကလေးနှစ်ယောက် ရှိတာလဲဟင်လို့မေးတော့ သူတို့က စင်္ကာပူရန်းတွေတဲ့။ ခု တရုတ်ပြည်မှာ အလုပ်လုပ်နေတာတဲ့။ သြော် ဒါကြောင့် သူ့သားအကြီးကောင်က အင်္ဂလိပ်စကားကို ကျွှမ်းကျွှမ်းကျင်ကျင် ပြောတတ်တာကိုး။ တိုးဂိုက်က ကမ္ဘာပေါ်မှာ အရှည်ဆုံးမြစ် ၉ ခုကို မေးတော့ နိုင်းမြစ်၊ အမေဇုန်ဖြစ်လောက်ပဲ မှတ်မိတော့တယ်။ သူ့သားအကြီးကောင်က မြစ် ၉ ခုလုံး သိတယ်။ သားသား ဘယ်ကျောင်းမှာ ဘယ်နှစ်တန်း တက်နေတာလဲလို့မေးတော့ အင်တာနယ်ရှင်နယ်ကျောင်း တက်နေတာတဲ့။ ကုမ္ဗဏီတူတဲ့ တိုးကားတွေဆုံတော့ တခြားကားက ဆန်ဖရန်စစ္စကိုမြို့ကို သွားမှာမို့ ဆန်ဖရန်ဆစ္စကိုမြို့ကို သွားချင်ရင် ၆၅ ကျပ်ပေးပြီး အဲဒီတိုးကားနဲ့ လိုက်နိုင်ပါတယ်တဲ့။ အဲဒီတရုတ်မတို့ မိသားစု ဆန်ဖရန်ဆစစ္စကိုကားကို ပြောင်းသွားတယ်။ မိုင် ၁၅၆၊ ၃ နာရီသာသာ မောင်းရတဲ့ Barstow မြို့က Tanger Outlet Center ကို ပို့ပေးတယ်။ အောက်လက်ဆိုတော့ အတော်တန်တယ် Coach၊ Tommy Hilifiger ဆိုင်တွေမှာဆို Q တန်းကြီးက အရှည်ကြီး။

Los Angeles, CA

တွန်မီမှာ အဖေ့အတွက် ဘောင်းဘီ၊ အမေ့အတွက် ဘောင်းဘီ၊ အိတ်၊ မောင်မောင်နဲ့ သူ့သူငယ်ချင်း ငယ်လေးအတွက် တီရှပ်ဝယ်ဖြစ်တယ်။ ကိုယ့်တူတော်မောင် မောင်မောင့်သားအတွက် အင်္ကီျရှာတော့ ပိုလိုသားချည်းပဲ တွေ့တယ်။ မြန်မာပြည်ရာသီဥတုနဲ့က ချည်သားနဲ့ပဲကောင်းတော့ မဝယ်ဖြစ်တော့ဘူး။ Kate Spade ဆိုင်ကိုဝင်ပြီး အမေ အိတ်တစ်လုံးရွေး အမေ့ကို အိတ်ကောင်းကောင်းတစ်လုံး ဝယ်ပေးချင်တာ။ စင်္ကာပူမှာအလုပ်ရတော့ အမေ့ကို ကန်တော့ထားတဲ့ Rota လား၊ Roma လား တံဆိပ်မမှတ်မိတော့တဲ့ ကျားသစ်ကွက် လက်ကိုင်အိတ်လေးကို အမေက ခုထိလွယ်နေတုန်း။ အဲဒီအိတ် ကိုင်နေတာ ခုနှစ်နစ်လောက်ရှိနေပြီ။ အမေက အိတ်တစ်လုံးရွေးပြီး ဘယ်လောက်လဲ သမီးလို့မေးတော့ မြန်မာငွေနဲ့ဆို တစ်သိန်းခွဲ။ ဟေ ... ဒါဆို မယူတော့ဘူး ဘယ်လိုပြောပြော ထိကိုမထိတော့ဘူး။ သူ့ကို ကိုင်စေချင်ရင် ဈေးကို ညာပြောရတယ်။ တစ်ခါတုန်းက အမေက မကြီး Loreal နှုတ်ခမ်းနီကို ဆိုးကြည့်ပြီး ဘယ်လောက်လဲသမီး၊ ငါးထောင်ဆိုတော့ ကြုံရင် အမေ့အတွက်ပါ ဝယ်ခဲ့တဲ့။ တစ်သောင်းကျော်ဆိုတာ သိလို့ကတော့ ဆိုးတော့မှာ မဟုတ်ဘူး။ မောင်မောင်က အမေ့သမီးတွေ ပြောတဲ့ဈေးနှုန်းကို မယုံနဲ့တဲ့။ အဖေက သမီးရေ အိတ်ကောင်းစရာ မလိုဘူး အိတ်ဖောင်းဖို့ပဲ လိုတာ၊ အိတ်ကောင်းပြီး အိတ်မဖောင်းရင် အလကားပဲလို့ပြောတော့ ရယ်လိုက်ရတာ။

Union Station, Los Angeles

ဗစ်တိုးရီးယားဘက်ခမ်းက အင်တာဗျူးတစ်ခုမှာ ပြောဖူးတယ် အမျိုးသမီးတစ်ယောက်မှာ မဖြစ်မနေ ရှိသင့်တဲ့ အဆင်တန်ဆာတွေက အိတ်ကောင်းကောင်းတစ်လုံး၊ ဖိနပ်ကောင်းကောင်းတစ်ရံ၊ ကုတ်အင်္ကီျတစ်ထည်ပါတဲ့။ တော်တော်များများက လူဝီဗွီတန်ကို ကြိုက်ကြပေမဲ့ ကိုယ်က မကြိုက်ဘူး။ လူတွေအများကြီးမှာ ရှိနေတာကို မကြိုက်တာ။ ကိုယ်က Collection တို့လို လူအများကြီး မဝယ်တဲ့ ပစ္စည်းမျိုးကိုမှ သဘောကျတာ။ အိတ်ကောင်းကောင်းလေးတစ်လုံး လိုချင်လို့ အိတ် expert ဖြစ်တဲ့ ဝိုင်းကို လျှော့ပင်းထွက်ဖို့ ခေါ်ရတယ်။ ဝိုင်းက အိတ်ခရေဇီ လူဝီဗွီတွန်လို ဈေးကြီးတာတွေကနေ Marc Jacobs ၊ Furla တို့လို ဈေးတအားမကြီးတဲ့ ဘရန်းအထိ အိတ်တော်တော်များများရှိတယ်။ ဒါပေမယ့် Tory Burch ၊ Michael Kors တို့ကိုတော့ မသိဘူး။ အီတလီကနေ နယူးယောက်ကို ပြောင်းလာတော့ အိတ်ကြီးပဲကို လက်ကေ့စ်ကတစ်လုံး။ အိတ်တွေကို တစ်လုံးပြီးတစ်လုံး ဝယ်ပေမဲ့ အင်္ကီျကျတော့ မဝယ်ဘူးရယ်။ ရှိတဲ့ လေးငါးစုံလောက်ကိုပဲ လှည့်ပတ်ဝတ်တယ်။ တစ်ယောက်တမျိုး ခရေဇီ။ ယူအန်ရုံးမို့ suit ပဲဝတ်ရတော့ အောက်ကအင်္ကီျအရောင်နဲ့ ပုဝါ၊ အိတ် တစ်ရောင်တည်း၊ အိတ်အမျိုးမျိုး လွယ်တာတဲ့။ အီတလီတွေက ဖက်ရှင်စိတ်ဝင်စားတော့ ဟန်ကျပေမယ့် ရုံးဝတ်စုံနဲ့ အားကစားဖိနပ်စီး၊ ဖက်ရှင်ကျဖို့ထက် သက်တောင့်သက်သာ ဖြစ်တာကို အလေးပေးတယ့် အမေရိကန်ကိုရောက်တော့ အိတ်တွေတောင် အကုန်မလွယ်ဖြစ်ဘူးဆိုပဲ။

My Salvatore Ferragamo ‌မိုင့် ဆေဗာတိုရေ ဖာရာဂမို

ကိုယ်ကတော့ အများကြီးရှိစရာ မလိုဘူး ကောင်းကောင်း တစ်ခု၊ နှစ်ခုရှိရင် ရပြီ။ ဆိုင်တော်တော်များများကို ပတ်ပြီးတဲ့အချိန်မှာ ကိုယ်သဘောကျတဲ့ အိတ်ကလေး သွားတွေ့တယ်။ ဒါပေမဲ့ လက်ပွေ့အိတ်ရယ်၊ အဖြူဖက်ကို နည်းနည်းသမ်းတယ့် cream ကာလာဖြစ်နေတာကြောင့် မကြိုက်ချင်ဘူး။ Fifth Avenue က ဆိုင်မှာတော့ ရှိလောက်တယ်ဆိုတော့ ချီတက်ကြတယ်။ အဲဒီမှာ လက်ပွေ့အိတ်သေးသေး၊ စလွယ်လည်း သိုင်းလို့ရ၊ အနက်ရောင်ဖြစ်တယ့် အိတ်ကလေးကို တော်တော်သဘောကျလို့ ဝယ်လိုက်တယ်။ ဆယ်ဗာတိုရေ ဖာရာဂါမို Salvatore Ferragamo ဘရန်း အီတလီနိုင်ငံ ဖလောရင့်မြို့ကပါတဲ့။ နာမည်ကို မထွက်တတ်လို့ ငါးခါလောက် ထွက်ယူရတယ်။ Sak Fifth Avenue မှာ သွားကြည့်သေးတယ်။ ဗလန်တီနို၊ စိန့်လော့ရင့်တို့ဘာတို့ညာတို့ Celine ကိုတော့ ကြိုက်သား။ ဆယ်ဗာတိုရေ ဖာရာဂါမိုထက် ဈေးနှစ်ဆများနေလို့ မဝယ်နိုင်ဘူး။ ဝိုင်းက ဆယ်ဗာတိုရေ ဖာရာဂါမိုဆိုတာ သူနှစ်သက်တဲ့ဘရန်း၊ သူနဲ့သူအစ်မမှာလည်း ရှိပါတယ်တဲ့။ အိတ်ဝယ်ပြီးတော့ ရှိုးထုတ်ချင်ပေမဲ့ ဘာပွဲမှလည်းမရှိတော့ Deuter ကျောပိုးအိတ်ပဲ လွယ်ဖြစ်နေတယ်။ လျှော့ပင်းချိန် ၂ နာရီပြည့်တော့ ကားပေါ်ကို တက်လာသူတိုင်း အထုပ်တွေကိုယ်စီနဲ့။

waiting flight to NYC at LAX

လော့အိမ်ဂျလစ်မြို့ကို မိုင် ၁၁၆ မိုင် ၂ နာရီသာသာ မောင်းရပါတယ်။ လော့အိမ်ဂျလစ်မြို့က ဆန်ဖရန်ဆစ္စကိုလောက် မိုးမျှော်တိုက်တွေ မရှိပေမဲ့ ရာသီဥတုက သာသာယာယာ။ မြို့ထဲမှာ ချပေးပြီး ရှယ်တယ်ဘတ်စ်နဲ့ လော့အိန်ဂျလစ်လေဆိပ် LAX ကို ပို့ပေးမှာဆိုတော့ တိုးဂိုက်ကို မေးကြည့်တယ်။ လေဆိပ်မှာ အေးရှန်းစာများ ရနိုင်မလားဆိုတော့ ခေါင်းခါပြတယ်။ မြို့လယ်မှာ အေးရှန်းစားသောက်ဆိုင်တွေ ရှိတယ် အဲဒီမှာစားသောက်ပြီးရင် ယူနီယမ်စတေးရှင်ကနေ လေဆိပ်ကို ရှယ်တယ်ဘတ်စ်ရှိတယ် တစ်ယောက်ကို ၈ ကျပ်လောက်ပဲ ပေးရတယ်တဲ့။ ထမင်းမစားရရင် မျက်နှာလေးတွေ ငယ်နေတတ်တဲ့ အဖေကြောင့် တိုးကားရှယ်တယ်နဲ့ မလိုက်တော့ဘူး။ ရှယ်တယ်ဒရိုင်ဘာကို ဒီအနီးအနားမှာ အေးရှန်းဆိုင်များ ရှိသလားမေးတော့ မသိဘူးတဲ့။ ဒါဆိုလည်း Yelp မှာ အေးရှန်းဆိုင်လို့ ရိုက်ထည့်ပြီး rating ကောင်းတဲ့ဆိုင်ကို ရွေးလိုက်တယ်။ ငါးမိနစ်လောက်ပဲ လျှောက်ရတယ် ဆိုင်လေးက ဟောင်းဟောင်းလေး လူတွေလည်း ရှိနေတယ်။ မီနူးကြည့်ပြီး fish ball soup ၊ ထမင်းနဲ့ ကြက်သားကင် မှာလိုက်တယ်။ ကြက်သားကင် စားကြည့်တော့ ကောင်းတယ် အမေ့အတွက် နောက်တစ်ပွဲထပ်မှာတယ်။ အရသာက တရုတ်ဆိုင်တွေလို မချိုဘူး မေးကြည့်တော့ ကမ္ဘောဒီးယားတွေတဲ့။ မနက်ဖြန်ကျရင် နယူးယောက်ကို ၆ နာရီလေယာဉ်စီးရမှာ နေ့လည်စာကို လေယာဉ်ပေါ်မှာပဲ စားရမှာမို့ နောက်ထပ်နှစ်ပွဲ ထပ်မှာလိုက်တယ်။

ကိုယ်တွေက ဘာမဆို စားနိုင်ပေမဲ့ အဖေတို့နဲ့ ခရီးသွားရင် ထမင်းဆိုင်ရှာရတာက အလုပ်တစ်ခု။ ကိုယ်က ရောက်တုန်းရောက်ခိုက် နှံ့စေချင်တယ် အဖေက နေပူတယ်၊ တော်ပြီ ညောင်းပြီဆိုပြီး ထိုင်နေတတ်တယ်။ ဆူနမ်တို့နဲ့ သွားရင်လည်း ဆူနမ်ကဝတော့ လမ်းအများကြီး မလျှောက်နိုင်၊ တနေရာရောက်တိုင်း အိမ်သာဝင်ရတာ အလုပ်တစ်ခု။ မကြီးနဲ့သွားရင် ဓာတ်ပုံတွေ အများကြီးရိုက်ပေးရတာက အလုပ်တစ်ခု။ ခရီးသွားဖော်ထဲမှာ ဝိုင်းနဲ့ ခရီးသွားရတာ အကောင်းဆုံး။ သူက ကိုယ့်ထက်တောင် တက်ကြွသေးတယ်။ ဂူဂယ်မတ်က ညွှန်တယ့်အတိုင်း လမ်းလျှောက်ပြီးတဲ့အခါ ယူနီယမ်စတေရှင်ကို မတွေ့လို့ ပန်းခြံထဲက အိုးမဲ့အိမ်မဲ့တွေကို မေးကြည့်တော့ နှစ်ဘလောက်တယ့်။ လော့အိန်ဂျလစ်မြို့လေးက ဝါရှင်တန်ဒီစီလို ရှေးဟောင်းအဆောက်အဦးတွေနဲ့ လှပတဲ့မြို့ကလေး။ ယူနီယမ်စတေရှင်းက ဝါရှင်တန်ဒီစီ ယူနီယမ်စတေရှင်းထက် ပိုကြီးတယ်။ ယူနီယမ်စတေးရှင် အဆုံးထိလျှောက်ပြီး ညာကွေ့တော့ ရှယ်တယ်ဘတ်စ် နေရာကိုတွေ့တယ်။ ခဏနေတော့ ရှယ်တယ်ဘတ်စ် ရောက်လာတယ်။ ဆင်းတဲ့သူတွေကုန်လို့ လက်ကေ့စ်အိတ်ကို ဝမ်းခေါင်းထဲကို ထည့်ပြီးချိန် လက်မှတ်ဆိုတော့ ဟင် ... ဘယ်မှာ လက်မှတ်ဝယ်ရမှာလဲ ဟိုမှာ။ လက်မှတ်ရုံမှာ လူတန်းကြီးက အရှည်ကြီး။ လက်မှတ်မရသေးရင် လက်ကေ့စ်ကို ထားခဲ့မယ်တဲ့။ သူမှန်းတယ့်အတိုင်းပါပဲ တက်တယ့်သူတွေ ကုန်သွားတယ့်အထိ လက်မှတ်က မဝယ်ရသေးတော့ လက်ကေ့စ်အိတ်ကို ချထားခဲ့တယ်။ စောင့်ပေတော့ နောက်တစ်စီး မိနစ် ၂၀ ။

Staten Island, New York 

တရုတ်တွေက လေဆိပ်ကိုတန်းသွား လေဆိပ်မှာပဲအိပ်ပြီး ညဉ့်နက်သန်းခေါင်၊ နောက်တစ်နေ့လေယာဉ်တွေကို စီးကြပေမဲ့ ကိုယ့်မိဘတွေက လူကြီးတွေဆိုတော့ အဲဒီလိုလုပ်လို့ မရဘူး။ မကြီးက ကိုယ်တို့ကို ဟောလိဝုဒ်ကိုသွားပြီး ဟောလိဝုဒ်ဆိုတာကြီးနဲ့ ဓာတ်ပုံရိုက်စေချင်တာ။ LA မှာက ယူနီဗာဆယ်စတူတီယိုရှိပေမဲ့ အဖေနဲ့အမေက ကြိုက်မှာမဟုတ်။ ကိုယ်ကလည်း စင်္ကာပူက ယူနီဗာဆယ်ကို ရောက်ဖူးပြီးသားဆိုတော့ LA မှာ နောက်ထပ်တစ်ရက်ထပ်နေပြီး လျှောက်မလည်ချင်တော့ဘူး။ ၇ ရက် ခရီးနဲ့တင် တော်တော်ပင်ပန်းနေပြီ။ အစတုန်းကတော့ ဥရောပကို ၁၄ ရက်၊ ၂၁ ရက် ခရီး ထွက်မယ်လို့ စိတ်ကူးထားတာ။ ကယ်လီဖိုးနီးယား ၇ ရက် ခရီးစဉ်ပြီးတော့ ဥရောပကို ၇ ရက် ခရီးပဲ ထွက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဖေတို့ကို အီတလီနဲ့ပြင်သစ်ကို အလည်ပို့ပေးမယ်လို့ စိတ်ကူးနေတာ ဒီလိုမျိုး ပေါင်မုန်၊ စပါတာကီတို့ကို မစားနိုင်ရင် ဘယ်လိုလုပ် ဥရောပကို သွားလည်မလဲ။ အိုး ... အေးရှန်းဆိုင်တွေ ရှိမှာပေါ့ ထမင်းပေါင်းအိုးသေးသေး၊ ဆန်တစ်ထုပ်၊ ငံပြာရည်ကြော်တွေ သယ်သွားမှာပေါ့။ အဖေက မန်ယူပရိတ်သတ်ဆိုတော့ အဖေ့ကို အိုးထရန်ဖို့ဒ်ကွင်းကြီးဆီ အလည်တစ်ခေါက်လောက် ပို့ပေးချင်တာ။ သမီးတွေ ပို့ပေးရင်တော့ ရောက်ရချည်သေးရဲ့။ သမီးတွေက ပို့ပေးဖြစ်မဖြစ်တော့မသိ အဖေ့ခမျာတော့ သမီးတွေ စကားနဲ့တင် ပီတိတွေဖြာလို့။

ရှယ်တယ်ဘတ်စ်က တာမင်နယ်တွေမှာ ချပေးတော့ တာမင်နယ် ၁ ကို ရွေးလိုက်တယ်။ ဆင်းတော့ တက္ကစီတစ်စီးမှ မရှိဘူး အမှန်ဆို တက္ကစီတန်းမှာ တက္ကစီတွေရှိနေရမှာ။ လေဆိပ်ဝန်ထမ်းလို့ ထင်ရတယ့်သူကို မေးကြည့်လိုက်တော့ တက္ကစီတွေက အောက်ထပ်မှာတဲ့။ LAX လေဆိပ်က တော်တော်ကြီးတာပဲ။ ခရီးသွားတဲ့သူ၊ ခရီးကပြန်လာတဲ့သူတွေနဲ့ ပျားပန်းခပ်မျှ များပြားလှတဲ့ လူအုပ်ကြီးကို ကြည့်ပြီးတော့ တောသားမြို့တက် အဖေ့မှာ အံ့တွေသြလို့။ ဒါတောင် အဖေက နိုင်ငံတော်တော်များများ ရောက်ဖူးတာနော်။ သူ ရောက်ဖူးတဲ့ နိုင်ငံတွေထဲမှာ ယူအက်စ်က အကြီးကျယ်ဆုံးပါတဲ့။ ဟာ ... ဒါဆို အဖေ ဒေါ်လာတစ်သောင်းငါးထောင် (သိန်းတစ်ရာငါးဆယ်) တန်သွားတာပေါ့။ ယူအက်စ်ကို မလာရင် ယူအက်စ်မှာကုန်မဲ့ သိန်း ၁၅၀ ကို ပို့ပေးလိုက်မယ်၊ ယူအက်စ်ကိုလာမလား၊ သိန်း ၁၅၀ ယူမလားမေးတော့ ယူအက်စ်ကိုပဲ လာချင်ပါသတဲ့။ တက္ကစီမောင်းသမားကို ပရင့်ထုတ်ထားတဲ့ စာရွက်ပေးလိုက်တော့ မဝေးပါဘူး မိနစ် ၂၀ လောက်ပဲတဲ့။ လေယာဉ်က မနက် ၇ နာရီခွဲဆိုတော့ ၆ နာရီလောက် ချက်ကင်ဝင်ရမှာ မနက် ၅ နာရီလောက် တက္ကစီကို ဘယ်လိုခေါ်ရမလဲမေးတော့ ဟိုတယ်ကနေ လေဆိပ်ကို ရှယ်တယ်ရှိပါတဲ့။ ဟိုတယ်က သိပ်မကောင်းဘူး အင်းဆိုတော့လေ ဒါပေမယ့်လည်း ကိစ္စမရှိပါဘူး ညအိပ်ရုံပဲဟာ ဈေးသက်သာဖို့အဓိက။

One World Observatory, New York City

မနက် ၅ နာရီမှာ ရှယ်တယ် ရောက်လာတယ် ကိုယ်တို့မိသားစုနဲ့ အန်ကယ်ကြီးတစ်ယောက်။ တာမင်နယ်လည်းအတူတူပဲ United Airlines ဆိုတော့လေ။ အန်ကယ်ကြီးက ရှယ်တယ်မောင်းသမားကို တစ်ဖစ်ပေးနေတာကိုတွေ့လို့ ပိုက်ဆံအိတ်ထဲ ရှာကြည့်တော့ ၂၀ တန်တွေပဲရှိလို့ တစ်ဖစ်မပေးလိုက်ရဘူး။ နယူးယောက်ကနေ ဆန်ဖရန်စစ္စကို လာတုန်းက TSA free ၊ ဒီတစ်ခါတော့ TSA ဖရီးမဟုတ်တော့ ဖုန်း၊ ကင်မရာ၊ အိုင်ပတ်၊ နာရီ၊ သော့၊ ခါးပတ်၊ အိတ်၊ ဖိနပ်တွေကို ဗန်းထဲထည့်စစ်တယ်။ ဦးထုပ်၊ ဖိနပ် ချွှတ်ရတယ်။ လေဆိပ်ထဲက အဲယားကွန်းက အေးတတ်တော့ အနွေးထည်ဆောင်ရတယ်။ သုံးယောက်တစ်တန်းတည်း၊ ကိုယ့်ဘေးနားမှာက အမေရိကန်မလေး။ တတန်းနဲ့တတန်း ကျဉ်းကျဉ်းလေး။ ကျယ်ကျယ်ခုံဆိုရင် ၅၀၊ ၁၀၀ လောက် ထပ်ပေးရတယ်။ မနေ့ညက ကမ္ဘောဒီးယားဆိုင်က ဝယ်လာတယ့် ထမင်းတွေစား၊ အိပ်လိုက်၊ Mulan ကာတွန်းကားကြည့်လိုက်နဲ့ နယူးယောက်ကို သတ်မှတ်ထားချိန်အတိုင်း ရောက်တယ်။ အယ်မလေးဟဲ့ ... လော့အိန်ဂျလစ်ကနေ နယူးယောက်ကို မိုင် ၃၀၀၀ လေယာဉ် ၆ နာရီစီးရတုန်းက ခေါင်းမမူးဘူး သူ့ကား နာရီဝက်လောက် စီးရတာ ခေါင်းကို မူးထွက်သွားတာပဲ။ ကိုယ်တို့ နယူးယောက်ကို ပြန်ရောက်တယ့်နေ့က ဇူလှိုင် ၂ ရက်၊ တစ်ရက်နား၊ ဇူလှိုင် ၄ လွတ်လပ်ရေးနေ့ဆိုတော့ ဟတ်ဆန် Hudson မြစ်ပေါ်မှာ မီးရှူးမီးပန်းဖောက်တာတွေကို အဖေတို့ကို ပြချင်ပေမဲ့ ညနေ ၄ နာရီလောက်ကတည်းက နေရာဦး၊ လူတွေက အများကြီး၊ အိမ်သာသွားဖို့ခက်၊ ည ၉ နာရီခွဲမှ မီးရှူးမီးပန်းဖောက်တာဆိုတော့ လိုက်မပြတော့ဘူး။

အိမ်နားမှာ မီးရှူးမီးပန်းဖောက်တော့ နတ်ဆုက ကြောက်လို့ ကုတင်အောက်ကို ဝင်ပြေး၊ ဧည့်ခန်းမှာ အိပ်နေတဲ့ အဖေတို့ဆီကိုပြေး၊ တအီအီနဲ့ ကိုယ့်ပေါ်ကိုတက်လာ၊ အဖေက လက်ကေ့စ်အိတ်တွေနဲ့တား၊ ဒါလည်း မရဘူး အတင်းဝင်လာ နောက်တော့ ခွေးလည်းမော လူလည်းမောပြီး အိပ်ပျော်သွားကြတယ်။ အမေက နတ်စုကို နတ်စိတဲ့ နတ်စု Natsu ဆိုတာ ဂျပန်လို နွေလို့အဓိပ္ဗာယ်ရပါသတဲ့ Shiba မျိုး။ နတ်စုဟာ အတော်ကြောက်တတ်တဲ့ ခွေးမလေး အိမ်ထဲကနေ ဝုတ်ဝုတ်ဟောင်ရဲပေမဲ့ အပြင်ထွက်ရင် ခွေးသေးသေးကိုတောင် ကြောက်လို့ သခင်နား ကပ်နေတတ်တယ်။ ဇူလှိုင် ၅ မှာ ကိုယ့်မွေးစားအမေတို့ မိသားစုက ကထိန်သင်္ကန်းကပ်တာ ကိုယ်တို့ကိုဖိတ်တော့ သုံးပါးကျောင်းမှာ သင်္ကန်းသွားကပ်ဖြစ်သေးတယ်။ ဇူလှိုင် ၆ ရက်မှာတော့ အောက်မက်ဟန်တန် ဘက်ထရီ Battery ပန်းခြံကနေ စတေတန်အိုင်လန် Staten Island ဆီ ၂၄ နာရီ နာရီဝက်တစ်ခါ အလကား ပြေးဆွဲပေးတဲ့ စတေတန်အိုင်လန်ဖယ်ရီ စီးကြတယ်။ လစ်ဘာတီရုပ်တုနားကနေ ဖြတ်မဲ့ဖက်မှာဆို လူတွေကြိတ်ကြိတ်တိုး။ စတေတန်အိုင်လန်မှာ နာရီဝက်လောက်နား၊ ဖယ်ရီပြန်စီး၊ နယူးယောက်စတိတ်အိတ်ချိန်း၊ ၉ ၁၁ တုန်းက ကယ်ဆယ်ရေးစခန်းအဖြစ် သုံးခဲ့ကြတဲ့ စိန့်ပေါလ်ဘုရားရှိခိုးကျောင်း၊ ထရစ်နစ်တီ Trinity ဘုရာရှိးကျောင်းတွေကို လိုက်ပို့ဖြစ်တယ်။

သုံးပါးကျောင်းဆရာတော်ကို သင်္ကန်းကပ်

အဖေက သမီး နယူးယောက်မှာ တော်တော်နှံ့တာပဲတဲ့။ ကိုယ် မနှစ်က meet up အဖွဲ့တွေနဲ့ walking tour တွေ သွားထားတဲ့အကျိုး။ ဆူနမ်တို့နဲ့ မဟုတ်ဘဲ သွားတဲ့ခရီးစဉ်တွေအားလုံးက ဘတ်ဂျက်တိုးတွေနဲ့ သွားတာပါ။ တိုးခမှာ ကားခ၊ ဟိုတယ်ခပဲ ပါဝင်ပြီး ပြတိုက်၊ ဘာညာဝင်ကြေး၊ စားစရိတ်၊ တိုးဂိုက်ခ တနေ့ ၈ ကျပ်ကို သပ်သပ်ပေးရပါတယ်။ ခရီးစဉ်မတိုင်ခင် ကြိုရောက်ချင်တယ်၊ ခရီးစဉ်ပြီးဆုံးသွားပေမဲ့လည်း ဆက်နေချင်ရင် တည်းခိုဖို့ ဟိုတယ်တွေနဲ့ ဝက်ဆိုက်မှာ ချိတ်ပေးထားတော့ ဟိုတယ်တွေကိုလည်း ရွေးချယ်နိုင်ပါတယ်။ ကိုယ်သွားတဲ့ခရီးကို ဘွတ်တယ့်လင့်ခ်က ဒီမှာပါ။

7 Day Yellowstone, East & South Rim Grand Canyon and Antelope Canyon Tour from San Francisco
TakeTours
LLTours
Seagull Holiday Tour

ကိုယ်တို့က ဆန်ဖရန်စစ္စကို တစ်ရက်စောရောက်ပြီး မြို့လယ်က ဟိုတယ်တစ်ခုမှာ တည်းပါတယ်။ကြယ်သုံးပွင့် ဆိုပေမဲ့လည်း မဆိုးဘူး နှစ်ယောက်ကုတင်ကို ၁၀၀ နဲ့ ၁၅၀ ကြားပေးရတယ်။ ပြီးတော့ တိုးစုရပ်နဲ့ မိနစ် ၂၀ လောက်ပဲဝေးတယ်။ အပြန် LA မှာ တညအိပ်တာက Comfort Inn မှာပါ လေဆိပ်နဲ့နီးပြီး ဈေးသက်သာတဲ့ အင်းဆိုပါတော့။ တိုးခက ၆၀၀၊ လေယာဉ်ခက ၄၀၀၊ ဂရမ်းကမ်ညမ်မှာ ဟယ်လီကော်ပတာစီးတာက ၁၈၀၊ တရက် ၈ ကျပ်နှုန်းနဲ့ ၇ ရက်တိုးဆိုတော့ တိုးဂိုက်ခ ၅၆၊ တက္ကစီခ၊ အစားသောက်၊ ဘာညာဝင်ကြေးတွေနဲ့ဆိုရင် ဒီ၇ရက်တိုးက တစ်ယောက် ၁၅၀၀ အထက်မှာပဲ ရှိမယ်ထင်တယ်။ နောက်တစ်ပတ် ရုံးပိတ်ရက်မှာတော့ အဖေ့တို့ကို ဘော်စတွန် လိုက်ပို့ဖြစ်ပါတယ်။ ဘော်စတွန်ကို ကိုယ်သုံးခေါက်ရောက်ဖူးပြီး ဘော်စတွန်သွားတောလားတွေ တင်ဖူးပေမဲ့ ကိုယ့်မိဘတွေနဲ့ အမှတ်တရခရီးစဉ်မို့ ထပ်တင်ပါဦးမယ်။ အဲ ... လာမယ်ကြာမယ်ဆိုပါတော့။

ခရီးတွေများများ သွားနိုင်ပါစေ ...
စန်းထွန်း
ဇန်နဝါရီ ၁၈၊ ၂၀၁၆။

26 December 2015

ယူအက်စ်သွား တောလား - ၁၂

တိုးဂိုက်က မနက် ၄ နာရီခွဲ မနက်စာစား ၅ နာရီမှာ တိုးစထွက်မယ်လို့ မှာထားတော့ မနက် ၃ နာရီခွဲ နှိုးစက်ကို alarm ပေး မျက်နှာသစ်၊ သွားတိုက်၊ ပစ္စည်းတွေသိမ်း ၄ နာရီ ၁၀ မိနစ်လောက်ကတည်းက အခန်းကနေထွက်။ တိုးဂိုက်က အဖေနဲ့အမေက လူကြီးတွေမို့လို့ တက်ရဆင်းရ လွယ်ကူအောင် အောက်ထပ်က အခန်းကို ပေးထားတယ်။ လော်ဘီထဲရောက်တော့ တစ်ယောက်မှလည်း မတွေ့ရတော့ စိတ်ထဲထင့်သွားတယ်။ ရီဆက်ရှင်ကောင်တာက နာရီကို ကြည့်လိုက်တော့မှ လား ... လား အရီဇိုးနားတိုင်းဇုန်အချိန်က မနက် ၃ နာရီခွဲ၊ ပစိဖိတ်တိုင်းဇုန်အချိန်က မနက် ၄ နာရီခွဲ။ အဖေ့ဖုန်းရော၊ ကိုယ့်ဖုန်းရော အရီဇိုးနားတိုင်းဇုန်အချိန်ကို မပြောင်းတာ ဘာဖြစ်လို့ပါလိမ့်။ အခန်းကိုပြန်ပြီး ပြန်အိပ်ရအောင်ကလည်း သွားတာလာတာကတင် ၁၅ မိနစ်လောက် ကြာနေမှာဆိုတော့ မပြန်တော့ဘူး လော်ဘီထဲမှာပဲ အိပ်နေတော့တယ်။ မနက် ၄ နာရီခွဲ ထရလို့အိပ်ရေးမဝပါဘူးဆိုမှ တနာရီ စောထလိုက်သေးတယ်။ ၄ နာရီခွဲတော့ ဘူဖေး‌ကျွှေးပါတယ် အသားလုံး၊ အာလူး၊ နွားနို့၊ သစ်သီး။ မြန်မာပြည်မှာဆို မနက်စာကို ခေါက်ဆွဲ၊ မုန့်ဟင်းခါးပဲစားတယ့် အဖေတို့တွေ စားနိုင်ပါ့မလားလို့ တွေးနေတာ စားနိုင်သားပဲ။ အရီဇိုးနားပြည်နယ် တူဘစီးတီး Tuba City မြို့ကနေ ကရမ်းကမ်ညမ် Grand Canyon South Rim ကို ၂ နာရီသာသာ မိုင် ၁၀၀ နီးပါး မောင်းရပါတယ်။


ပြတ်ရွေ့ကြောင်းကြောင့် ဖြစ်ပေါ်လာပုံရတယ့် နီညိုရောင်တောင်တွေ၊ အလယ်မှာ စီးဆင်းနေတယ့် ကော်လိုရာဒိုမြစ် ရှူခင်းက အင်မတန် ထူးခြားပါတယ်။ ဂိုက်က သစ်ပင်ပေါ်တက်ပြီး ဗျူးကောင်းတယ့်နေရာကနေ ဓာတ်ပုံတွေ ရိုက်ပေးနေတာ လက်မလည်နိုင်အောင်ပဲ။ ကိုယ့်ဘေးမှာထိုင်တယ့် တရုတ်မက ဟိုးအမြင့်ကြီးထိတက်၊ ပို့စ်တွေ အမျိုးမျိုး ပေးနေတာ ကိုယ်က ပြုတ်ကျရင် ဒုက္ခလို့ တွေးနေမိတယ်။ ဓာတ်ပုံတွေရိုက်တာ မပြီးနိုင်လို့ အမ်တလုပ် ကမ်ညမ်မှာတုန်းက ကိုယ်နဲ့ တယောက်တလှည့် ဓာတ်ပုံရိုက်ကြတယ့် ရှေ့နေမလေး ရှိဖုန်းက တော်ပါတော့ ငါတို့ကိုလည်း အလှည့်ပေးပါတော့လို့ အော်တော့မှ ရပ်တော့တယ်။ နောက်ထပ် မိနစ် ၂၀ ထပ်မောင်းရင် ဟယ်လီကော်ပတာ တိုးစီးမယ့် နေရာကို ရောက်ပါတယ်။ တိုးဂိုက်က ဟယ်လီကော်ပတာ တိုးစီးမယ့်လူတွေရဲ့ ကိုယ်အလေးချိန်တွေကို စာရင်းမှတ်ပါတယ်။ အရင်ဆုံး ဟယ်လီကော်ပတာ တိုးစီးရင် ဆောင်ရန်၊ ရှောင်ရန်တွေကို သတိပေးတယ့် ဗီဒီယိုကြည့်ရပါတယ်။ နောက်တော့ ခါးမှာ လေထီးအိတ်လေး ချိတ်ရတယ်။ ဟယ်လီကော်ပတာစီးတယ့် ငါးယောက်ထဲမှာ ကိုယ်ကအသေးဆုံးမို့ ဟယ်လီကော်ပတာ မောင်းသူဘေးမှာ ထိုင်ရတယ်။ အဖေ့ဘေးမှာက တရုတ်အန်တီကြီး၊ အမေ့ဘေးမှာက အဲဒီတရုတ်အန်တီကြီးရဲ့ သမီး အတော်အရပ်ရှည်တယ့် တရုတ်မလေး။ အသက်က ၁၈ နှစ်တောင် မပြည့်လောက်သေးဘူး ဒီထက် ရှည်ဦးမှာ မော်ဒယ်ဂဲလ်တွေလို အရပ်အမောင်းမျိုး။


နောက်ခန်းမှာ ကိုယ်မပါတော့ အဖေတို့ကို ဘယ်သူရိုက်ပေးမလဲလို့ စိတ်ပူမိသား။ အဖေက အမေ့ကို ရိုက်ပေးပေမယ့် အမေက အိုင်ပတ်နဲ့မရိုက်တတ်တော့ အဖေ့ကို ရိုက်ပေးမယ့်လူမရှိ။ အမေ အိုင်ဖုန်းမကိုင်တတ်၊ အိုင်ပတ်နဲ့ မရိုက်တတ်တာကို သမီးတွေက  အားမလိုမရဖြစ်။ အမေ အိုင်ဖုန်းကိုင်တာ လွယ်လွယ်လေး ဖုန်းအစိမ်းရောင်လေးကို နှိပ်လိုက်တာ ဘာမလုပ်တတ်စရာရှိလဲ။ ယောကျာ်းရှိတော့ ယောကျ်ားကိုပဲ အားကိုးနေတာ ယောကျာ်းက အနားမှာမရှိရင် အမေ ဘယ်သူ့ကို အားကိုးမလဲ ကိုယ့်အားကိုယ်ကိုး အမေ့ရေ။ အဖေ့ကိုလည်း သူ့မိန်းမကို မသင်ပေးဘူးလားလို့ ဆူလိုက်ပွမ်လိုက် ကြသေးတယ်။ အဖေက နယူးယောက်မှာ အမေ့ကို ထားခဲ့ပြီး ကိုယ့်ကို ချက်ပြုတ်‌ကျွှေးမွှေးစေချင်တာ။ အဲဒီတုန်းက ကိုယ်က တော်တော်နေမကောင်းဘူး ဘာမှမစားနိုင် မသောက်နိုင် လူကယဲ့ယဲ့လေး အိမ်ကနေ ဘူတာဆီ ၁၀ မိနစ်လောက်ပဲ လမ်းလျှောက်ရတာကိုတောင် မောနေတတ်တာ။ ကိုယ်က လက်မခံဘူး အမေဟာ ဖုန်းမကိုင်တတ်၊ အိုင်ပတ်နဲ့ သတင်းတွေလည်း မဖွင့်တတ်၊ နေ့လည်ဖက် ထမင်းစားချိန် ကိုယ်က အဖေတို့ဆီ ဖုန်းခေါ်တယ်။ ဘာတွေလုပ်နေကြလဲ၊ ဘာတွေချက်စားကြလဲ၊ အိမ်ရှင်တွေရှိလား၊ မိုချီ၊ နတ်စုတို့အကြောင်းတွေ မေးရင်းပေါ့။ အမေ တစ်ယောက်တည်း ကျန်ခဲ့ပြီး ဖုန်းမှမကိုင်ရင် စိတ်ပူလို့ ကိုယ်ရုံးမှာ အလုပ်ဖြောင့်ဖြောင့် လုပ်နိုင်မယ်မထင်။ ဒီတော့ သမီးဘာသာ ဆိုင်ကနေ ဝယ်စားတာလည်း အဆင်ပြေပါတယ် အမေ့ကို မထားခဲ့ပါနဲ့ ခေါ်သွားပါလို့ ပြောရတယ်။


အဲဒီအိုင်ဖုန်းမကိုင်တတ်တာ ကိုယ့်အမေတင် မဟုတ်ဘူး သူငယ်ချင်းတစ်ယောက်ရဲ့အမေကလည်း အဲဒီလိုဆိုတော့ generation gap လို့သာ ဆိုရမလားဘဲ။ အဖေ့ကို ဘယ်သူဓာတ်ပုံရိုက်ပေးလည်းဆိုတော့ တရုတ်မလေးနဲ့ တယောက်တလှည့် ရိုက်ကြတယ်တယ့်။ အင်တာနေရှင်နယ် လက်ဟန်ခြေဟန် အမူအယာနဲ့ ပြောကြတာလေ။ အဖေက အဲဒီတရုတ်မလေးနဲ့ စကားပြောစေချင်ပေမယ့် တရုတ်မလေးက လာမပြောတော့ ကိုယ်လည်းမပြောဖြစ်ဘူး။ အဲဒီတရုတ်မလေးက ယူအက်စ်မှာ ကျောင်းတက်နေပုံရတယ် အမူအကျင့်တွေက ပြည်ကြီးပေါက်တွေနဲ့ မတူဘူး။ ဟယ်လီကော်ပတာတိုး မစီးခင် ဓာတ်ပုံရိုက်တယ်။ ဟယ်လီကော်ပတာ စစီးတော့ နည်းနည်းကြောက်သလိုဖြစ်ပေမယ့် အပေါ်စီးကနေ မြင်ရတယ့်မြင်ကွင်း၊ ကရမ်းကမ်ညမ်ဆောက်ရမ် တခုလုံးကို အပေါ်စီးကနေ မြင်ရတာနဲ့တင် ဟယ်လီကော်ပတာတိုးခ ၁၈၀ တန်တယ်လို့ ခံစားမိတယ်။ နားကြပ်တပ်ထားပေမယ့် ဆူညံနေလို့ သီချင်းတွေ ဖွင့်ပေးထားတယ်။ နောက်ဆုံးဖွင့်တယ့်သီချင်းက coldplay သီချင်းတပုဒ်လို့ ထင်တယ်။ မြန်မာပြည်မှာတုန်းကတော့ လူကြီးတွေလာရင် ဟယ်လီကော်ပတာနဲ့လာတာ မြင်ဖူးတယ်။ ကိုယ်တို့ငယ်ငယ်တုန်းက ကာတွန်းဇာတ်ကောင် ဦးကပ်စီးနဲ့ ဒိန်းဒေါင်းလည်း ဟယ်လီကောင်ပတာ စီးတယ်ထင်တယ်။ တက်တယ့်အစီးကတက် ဆင်းတယ့်အစီးကဆင်းနဲ့ စီးတယ့်သူ တော်တော်များသား။ ဓာတ်ပုံရွေးဖို့ ဒေါ်လာ ၂၀ မရှိလို့ တိုးဂိုက်ဆီက ချေးရသေးတယ်။ ကိုယ်စီးတုန်းကသာ မသိတာ ဟယ်လီကော်ပတာက မြန်သား။ မက်ဟန်တန်အောက်ဖက်မှာလည်း ဟယ်လီကော်ပတာတိုးတွေ ရှိတယ်။


တိုးကားဘေးမှာ ရပ်ထားတယ့် ဆိုင်ကယ်အကြီးကြီးတွေမှာတက်ပြီး တရုတ်လင်မယား တယောက်တလှည့် ဓာတ်ပုံရိုက်တာတွေ့တယ်။ ဆိုင်ကယ်ဘေးမှာကပ်ပြီး ဓာတ်ပုံရိုက်တာ လက်ခံနိုင်သေးပေမယ့် ဆိုင်ကယ်ပေါ်ခွပြီး ဟန်နဲ့ပန်နဲ့ ဓာတ်ပုံရိုက်နေတာမြင်တော့ အားမနာတတ်လိုက်တာလို့ တွေးမိသေးတယ်။ ၄ နာရီ မိုင် ၂၇၀ သာသာ မောင်းပြီးတယ့်အခါမှာတော့ နီဗားဒါးပြည်နယ် Nevada လာ့ဗီးဂတ်စ် Las Vegas မြို့ကို ရောက်ပါတယ်။ အုန်းပင်တွေပဲရှိပြီး အပူချိန်က ၁၀၀ ကျော် ခြစ်ခြစ်တောက်အောင် ပူခြစ်နေပေမယ့် မိုးမျှော်တိုက်ကြီးတွေ၊ လေယာဉ်တစီးပြီးတစီး ဆင်းတက်နေတယ့် အတော်စည်ကားတယ့် မြို့ပါပဲ။ ကိုယ်တို့တည်းခိုတယ့်ဟိုတယ်က နယူးယောက်တယ့် အတော်ကြီးတယ်။ နေ့လည်ထမင်းစားဖို့ရှာတော့ ပီဇာနဲ့salad ပဲ တွေ့တယ်။ နောက်တော့ အေးရှန်းဆိုင်ရှိလား မေးကြည့်တော့ ရှင်းရှင်းဆိုတယ့်ဆိုင် ရှိတယ်တယ့်။ ထမင်းမစားရတာ သုံးနပ်ရှိပြီတယ့် အဖေ့တို့တွေ အတော်ပျော်သွားတယ်။ နေ့လည် တရေးတမော အနားယူ၊ ရေချိုး ညနေ ၅ နာရီထိုးတဲ့အခါမှာတော့ Night Tour စပါတယ်။ တိုးဂိုက်မလေးက ဘေးတဖက်တချက်စီမှာ တွေ့ရတယ့် ဟိုတယ်တွေအကြောင်း ရှင်းပြပါတယ်။ ကိုယ်တို့သွားရောက်လည်ပတ်မယ့် နေရာကတော့ Old Town Las Vegas ပါ။ ညနေ ၆ နာရီဆိုပေမယ့် အပူချိန်တော်တော်ပြင်းတယ်။ ဆိုင်ခန်းတွေကြားထဲမှာ အမိုးထပ်ထားပြီး အဲယားကွန်း လွှတ်ထားပေမယ့် တရှိန်းရှိန်း ပူတာကိုတော့ ခံစားရတုန်းပါပဲ။ မိန်းမတွေက ဘီကနီသာသာဝတ်ပြီးက၊ လူတွေကလည်း အမျိုးမျိုးဝတ်ပြီး ပိုက်ဆံတောင်း။

Hoover Dam

ကာဆီနိုထဲမှာ strip ကဖို့လို ဝတ်ထားတယ့် အမည်းမလေးက ဆက်ဆီတွေလုပ်ပြ၊ ကိုယ်တို့က မမြင်ဘူးလို့ ပြူးကြည့် အဲဒီကာဆီနိုထဲက လုံခြုံရေးမိန်းမက ပြူးကြည့် ရန်လိုတယ့်အကြည့်နဲ့ ကြည့်တယ်။ အဖေက သမီးရေ အဲဒီဖက်က မသွားနဲ့ ဟိုဖက်က သွားရအောင် ကြောက်စရာကြီးတယ့်။ တကယ့်ကို ဖရီးတယ့် မြို့ပါပဲ ပိုက်ဆံရှိရင် အကုန်ရ။ ဂုဏ်သိက္ခာတွေ၊ အကျင့်သီလတွေ ဘာဆိုဘာမှ ဂရုစိုက်စရာမလိုတယ့်မြို့။ ဒီမြို့ကို အကုသိုလ်မြို့ sin city လို့ နာမည်ပေးထားတယ်ဆိုတော့ အဖေနဲ့အမေ ရယ်လိုက်တာ ဟုတ်ပါ့ လိုက်ဖက်တယ့် မြို့နာမည်ပဲတယ့်။ အမိုးပေါ်ကနေ zip line စီးနေကြတာလည်း တွေ့ခဲ့တယ်။ ဟိုတယ်တခုရှေ့က ရေပန်းတွေက စီးချက်အလိုက်ကကုန် မီးရောင်စုံထွန်းတာကို ကြည့်ကြတယ် လာကြည့်ကြတွေ အများကြီး။ The Mirage ဟိုတယ်ရှေ့မှာ မီးတောင်ပေါက်ကွဲမှာဆိုတော့ ဘာများလဲလို့ စောင့်ကြည့်နေတာ ကျောက်တောင်ကနေ မီးတွေထွက် အသံစနစ်ကောင်းကောင်းနဲ့ ဂတ်စ်တွေ ပေါက်ကွဲပြနေတာကိုး။ ဒီလိုနဲ့ လူတွေကို သူတို့ဟိုတယ်ဆီလာအောင် ဆွဲဆောင်ကြတယ်။ နောက်ဆုံးသွားရောက်လည်ပတ်တယ့် ဟိုတယ်ကတော့ ကြယ်ငါးပွင့်အဆင့်ရှိတယ့် Wynn ဝင်း ဟိုတယ်ပါ။ ဟိုတယ်ထဲမှာ ပြင်ထားတာ၊ အလှဆင်ထားတာ အင်မတန်လှတယ် လူတွေကလည်း ကြိတ်ကြိတ်တိုး။ Le Reve Show ကြည့်မယ့်သူတွေကို ည ၁၁ နာရီမှ တိုးကားက လာခေါ်မှာဖြစ်ပြီး မကြည့်တယ့် ကိုယ်တို့က ပြန်ခဲ့ကြတယ်။ အဲဒီပွဲက အင်မတန် နာမည်ကြီးပါတယ် လက်မှတ်က ၁၈၀ ကျတယ်။


အဖေနဲ့အမေက အဲဒီလိုပွဲတွေကို သိပ်စိတ်မဝင်စားကြသလို ဟယ်လီကော်ပတာတိုးမှာတင် ပိုက်ဆံကုန်နေပြီ၊ အမေက ည ၉  နာရီလောက်ဆို အိပ်ချင်နေပြီ။ ပွဲခင်းထဲမှာ အိပ်ပျော်နေမှ လက်မှတ်ခတွေ ဆုံးနေပါ့မယ်ဆိုပြီး မကြည့်ဖြစ်တော့ပါဘူး။ မကာအိုဟာ လာ့စ်ဗီးဂတ်စ်နဲ့ တူပေမယ့် လာ့စ်ဗီးဂတ်စ်က ပိုကြီးတယ် ပိုလွတ်လပ်တယ်။ ကိုယ်ကတော့ မကာအိုက စိန့်ပေါလ်ဘုရားရှိခိုးကျောင်းတလျှောက် အစားအသောက်ဆိုင်တန်းတွေဆီကနေ ဝက်ပေါင်ခြောက်တို့ကို အလကားမြည်းရတာ အကြိုက်ဆုံး။ မြည်းလွန်းလို့ ဘယ်ဆိုင်က ကောင်းမှန်းတောင် မမှတ်မိတော့ဘူး။ ပြီးတော့ egg tart လို့ခေါ်ကြတယ့် ပေါ်တူဂီစတိုင် ကြက်ဥပူတင်းကလည်း မကာအိုမှာ စားခဲ့ရတာ အကာင်းဆုံးပဲ။ အသားတု၊ အစားသောက် အင်မတန် စားကောင်းတယ် ဝန်ဆောင်မှု ညံ့ဖျင်းတာကလွဲရင်။ ရာသီဥတုက မကာအိုက ပိုသာယာတယ် လာ့ဗီးဂတ်စ်ကတော့ အတော်ပူတယ်။ လာ့ဗီးဂတ်စ်ကို နောက်တစ်ကြိမ် သွားချင်သေးလားလို့မေးရင် တခေါက်ရောက်ဖူးပြီးပြီဖို့ နောက်တစ်ခေါက်တော့ မသွားချင်တော့ပါဘူး။ ဆူနမ်ကတော့ လာ့ဗီးဂတ်စ်ကို သိပ်သဘောကျတယ်။ မနက်ဖြန်ဆိုရင် တိုးခရီးစဉ်ရဲ့ နောက်ဆုံးရက်ဖြစ်ပြီး လော့အိန်ဂျယ်လစ်မှာ အဆုံးသတ်မှာပါ။ လော့အိန်ဂျယ်လစ်မြို့ကို ဘယ်လိုများ လည်ပတ်ခဲ့တာလဲဆိုတာကို နောက်အပိုင်းကျမှ ဆက်ရအောင်။

Happy Holidays

စန်းထွန်း
ဒီဇင်ဘာ ၂၆၊ ၂၀၁၅။


19 December 2015

အာရောဂျံ ပရမံလာဘံ...

ကျန်းမာရေး မကောင်းတော့မှ အာရောဂျံ ပရမံလာဘံမှန်း သိတော့တယ်။ လူးပက်စ်အတွက် ပုံမှန်သောက်နေရတာက Hydroxychloroquine တနေ့နှစ်လုံး၊ အဲဒီဆေးရဲ့ side effect က မျက်လုံးကို ခြောက်သွေ့စေတာမို့ မျက်စိဆရာဝန်နဲ့ ၆ လ တကြိမ် စစ်ဆေးရပါတယ်။ သွေးအားနည်းလို့ Ferrous Sulfate တနေ့နှစ်လုံး သောက်ရတယ်။ ကိုယ့်လူးပက်စ်က active ဖြစ်နေလို့ လူးပက်စ်ဆရာဝန်က ကီမိုသရဖီဆေး Methotrexate တပတ် ၆ လုံး သောက်ခိုင်းတယ်။ အဲဒီဆေး သောက်နေစဉ်မှာ ကိုယ်ဝန်ဆောင်လို့ မရပါဘူးတယ့်။ Side effect က အသည်းထိခိုက်နိုင်တာမို့ Folic Acid တနေ့တစ်ကြိမ် သောက်ရတယ်။ Prednisone က တနေ့နှစ်လုံး သောက်ခိုင်းပေမယ့် တတ်နိုင်ရင် တနေ့တစ်လုံးပဲ သောက်ဆိုလို့ တစ်နေ့တစ်လုံးသောက်တယ်။ အဲဒီဆေးရဲ့ side effect က အရိုးသိပ်သည်းဆကို နည်းစေတာမို့ ကယ်ဆီယမ် တနေ့နှစ်လုံးသောက်ရတယ်။ ရုံးက ရုရှကြီးက သူ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်က လေးဖက်နာဖြစ်လို့ နနွင်းမြစ်ကို ပါးပါးလေး လှီးပြီး အသီးအရွက် salad ထဲမှာ ထည့်စားတယ်တယ့်။ သူပြောလို့ နနွင်းသောက် ကြည့်ဦးမှဆိုပြီး နနွင်းကို ပျားရည်၊ သံပုရည်တို့နဲ့ လုံးပြီး နနွင်းလုံး တစ်နေ့တစ်လုံး သောက်တယ်။ လူးပက်စ်က အရင်ကထက်စာရင် အများကြီး သက်သာလာပေမယ့် လက်ဆစ်ကလေးတွေ၊ ခြေထောက်တွေ ယောင်နေတုန်း၊ ဒူးက နည်းနည်း နာချင်နေတုန်း။ အလုပ်ပင်ပန်းတာလည်း မဟုတ်ဘဲ လူးပက်စ်ကြောင့် fatigue ပင်ပန်းနွမ်းနယ်တယ့် နေ့တွေဆို ည ၉  နာရီ ကတည်းက အိပ်နေပြီ။

စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ဘယ်မှမသွားဖြစ်ဘဲ လီကွမ်ယုရဲ့From Third World to First စာအုပ်လေးဖတ်လိုက်၊ ဖေ့ဘွတ်တက်လိုက်၊ သတင်းနားထောင်လိုက်၊ အိပ်လိုက်၊ Detox day ဆိုပြီး အသီးအနှံတွေစားလိုက်။ ကိုယ်လက်တွေ ကိုက်ခဲနေရင် ဘလော့မှာ စာရေးဖို့လည်း စိတ်မပါနဲ့ ဘလော့ကို ပစ်ထားတာ အတော်ကြာပြီ။ မကြာသေးခင်က အမေ ဆီးချိုတက်လို့ ဆေးရုံလေးရုံ ပြောင်းလိုက်ရတော့ တအိမ်လုံး ဗြောင်းဆန်သွားတာလည်း ပါတယ်။ လွန်ခဲ့တယ့် နှစ်နှစ်လောက်ကတည်းက ကျန်းမာရေး ဆေးစစ်ချက်လုပ်တော့ အမေ့မှာ ဆီးချိုရှိမှန်း သိတယ်။ ငှက်ပျောသီးဆို တဝက်၊ ပန်းသီဆိုလည်း တစ်လုံးလောက်ပဲ စားခိုင်းတယ်။ အမေက ပန်းသီး ၄ လုံးလောက် စားတယ်ဆိုတော့ ဆရာဝန်တွေက ရယ်လိုက်တာ။ မကြာသေးခင်က ဟိုင်းကြီးကနေ ရန်ကုန်ကို ပြန်လာတော့ ကားစီးရတာ ပင်ပန်း၊ ပုသိမ်မှာ ရေပတ်တိုက်လိုက်တော့ နေမကောင်းသလိုဖြစ်။ ရန်ကုန်ရောက်တော့ အဖျားတက်၊ ဆီးချိုတက်၊ အိမ်နားက မာစေဆေးခန်းမှာ ပြနေတာ မသက်သာ။ နှစ်ရက်လောက်ကြာပြီး မသက်သာတော့ အာရှတော်ဝင်ဆေးရုံကို တင်လိုက်တယ်။ အမေက သမီးရေ အမေ ခေါင်းတွေထိုးကိုက်တာ မခံနိုင်တော့ဘူးလို့ပြောတော့ စိတ်မကောင်းလိုက်တာ။ အမေက အတော်ကျန်းမာ အတော်ခံနိုင်ရည် ရှိတယ့်သူ တော်ရုံတန်ရုံ မညည်းတတ်ဘူး။ အဖေကတော့ နည်းနည်းလေးဆိုတာနဲ့ အမလေး၊ အဘလေးနဲ့ အော်ဟစ်ညည်းညူတတ်တယ်။ အာရှတော်ဝင်မှာ နှစ်ရက်နေတာလည်း မသက်သာဆိုတော့ မကြီးက စိတ်တွေပူပြီး ဘန်ကောက်က ဘာမင်ဂရပ်ဆေးရုံကို သွားမယ်လို့ စီစဉ်တယ်။

လေးရက်တောင် ရှိနေပြီ မသက်သာဘူး ခေါင်းတွေ တအားထိုးကိုက်တယ်ဆိုတော့ စိတ်ပူတာပေါ့။ ဘန်ကောက်က ဗီဇာမလိုတော့ လေယာဉ်လက်မှတ်ဝယ်ပြီးတာနဲ့ ချက်ချင်းသွားလို့ရတယ်။ စင်္ကာပူကတော့ ဗီဇာအတွက်တောင် တပတ်ကြာဦးမယ်ဆိုတော့။ ဘန်ကောက်ကိုသွားမယ် လေယာဉ်လက်မှတ်အတွက် မောင်မောင့်ကို စုံစမ်းခိုင်းတာ မနက်လေယာဉ်ဆို မနက်လေယာဉ်အတွက်ပဲ မေးတယ်။ ညနေလေယာဉ်က ဘယ်လောက်လဲဆိုတော့ မမေးခဲ့ဘူးတယ့်။ ပိတ်ရက်တွေဆို ဘယ်လောက်လဲ၊ ပရိုမိုးရှင်းရှိသလား တခါတည်း မေးလိုက်ရင် ဘာဖြစ်မှာမို့လို့လဲ။ နင် အဲ့ဒါတွေ မမေးဘူးလားဆိုတော့ ပြောပါလားတယ့်။ တကယ့်ငတုံး ခိုင်းတာပဲ လုပ်တတ်တယ် ခေါင်းမသုံးဘူး။ နောက်တော့ မောင်မောင့်သူငယ်ချင်းက သူ့အမေ ပြနေတယ့် ဆရာဝန်က ဗစ်တိုးရီးယားဆေးရုံမှာ ထိုင်တယ် ပြကြည့်ပါလား ပြောလို့ သွားပြတယ်။ တစ်ရက်တည်းနဲ့ သက်သာလာပေမယ့် ပိတ်ရက်တွေဆို ဆရာဝန်က ရန်ကုန်ဆေးရုံကြီးမှာထိုင်တော့ ရန်ကုန်ဆေးရုံကြီး တက်ရတယ်။ ရန်ကုန်ဆေးရုံကြီးက အရင်ကထက်စာရင် အများကြီးတိုးတက် ပြောင်းလဲလာတယ်။ အရင်လို ဟောက်စားတွေ မရှိတော့ဘူး။ သန့်လည်းသန့်တယ်။ အိမ်သာကလည်း သန့်တယ်တဲ့။ တောကလူတွေက ဘိုထိုင်အိမ်သာကို ဘယ်လိုသုံးရမလဲ မသိလို့ ရေဆွဲမချတာ အိမ်သာကပြည့်နေလို့ သန့်ရှင်းရေးသမားက အော်ဟစ်နေရတယ်တဲ့။

လူနာစောင့်အတွက် အိပ်စရာနေရာမရှိဘူး။ အဖေက လူနာစောင့်၊ မောင်မောင် အစားအစာ၊ လိုတာတွေပြေးဝယ်၊ ဆိုင်ကနေဝယ်စား၊ လူနာကိုလည်း ဆိုင်ကနေ ဝယ်‌ကျွှေးတော့ ဆီးချိုကမကျ။ အိမ်ကနေ ချက်ပို့ပေးမယ်သူ မရှိ။ ချွှေးမကလည်း ချက်ပို့ရမှန်းမသိ။ မောင်မောင် နင့်မိန်းမ ဆန်ပြုတ်မပို့ဘူးလား မေးတော့ သူက ကလေးတဖက်၊ စာသင်နေရလို့ မအားဘူးတဲ့။ ဟင် ... ဘယ်သူကများ အားနေလို့တုန်း။ တောင်ဒဂုံကနေ ဆေးရုံကြီးကို ကားငှားခက ငါးထောင်၊ ဘတ်စ်ကား မစီးတတ် သူတို့တွေက မသွားတတ် မလာတတ်ဘူးတယ့်။ မသွားတတ် မလာတတ်ဘူး ဆိုရအောင် ပါးစပ်မပါတာ ကျနေတာပဲ။ ရန်ကုန်မှာမွှေး ရန်ကုန်မှာကြီးပြီး မသွားတတ် မလာတတ်ဘူးဆိုတော့ တော်တော်အသုံးမကျလိုက်တာ။ အရေးထဲ မောင်မောင်က အောင်သုခ ထမင်းဆိုင် ကောင်းတယ့်အကြောင်း ကြေငြာဝင်နေလို့ ဟဲ့ လာကြေငြာမနေနဲ့ အိမ်ကချက်တာကိုပဲ အမေ့ကို ကျွှေးစေချင်တာလို့ ပိတ်ပြောလိုက်မှ ရပ်တော့တယ်။ ကိုယ် ဘာကိုဆိုလိုချင်တာကို နားထဲကို မရောက်ဘူး။ သေသေချာချာလည်း နားမထောင် သူပြောချင်တာကိုပဲ စွတ်ပြောနေတာပဲ။ မောင်မောင်နဲ့ စကားပြောရတာ အင်မတန် လက်ပေါက်ကပ်တယ်။ ဆိုလိုချင်တာကို နားမလည် ပြန်မပြော နားမထောင်။ မောင်မောင်နဲ့ အတူနေရတုန်းက နေ့တိုင်းဒေါသထွက် အော်ဟစ်နေရတယ်။ စင်္ကာပူရောက်တော့ ဝမ်းသာလိုက်တာ မောင်မောင်နဲ့ဝေးပြီဆိုပြီးတော့။

နောက်တော့ စမ်းချောင်းက အမေ့မောင် မင်းချေမိန်းမ ဒေါ်လေးက ဟင်းနှစ်ချိုင့် ပို့ပေးတယ်။ တချိုင့်က အမေတို့အတွက်၊ နောက်တချိုင့်က အမေ့ညီမအငယ်ဆုံး ချေချေမဟန်အတွက်။ ချေချေမဟန်က လည်ချောင်းကင်ဆာဖြစ်လို့ ဆေးရုံတက်နေရတယ်။ အင်္ကီျတွေ ဝတ်စရာမရှိတော့ရင် အဖေက အိမ်ကိုပြေး အမေ့ထမီ၊ အင်္ကီျတွေကို အဝတ်လျှော်၊ အရေးထဲ အဝတ်လျှော်စက်ကပျက်၊ မောင်မောင်က အမေ့ကို လူနာစောင့်။ ဟယ်မလေး လူတစ်ယောက် ဆေးရုံတက်တာ တအိမ်လုံး၊ တမျိုးလုံး အကောင်းမနေရ။ မကြီးလည်း စင်္ကာပူမှာ ဆေးရုံသုံးရက်လောက် တက်ရဖူးတယ်။ သာမန်အဖျားက ၃ ၊ ၄ ရက် တာရှည်လာ၊ ဆေးတွေကပြင်း၊ ကိုယ်အပူချိန်က မကျ၊ အားမရှိ၊ သွေးလွန်တုပ်ကွေးလည်း မဟုတ်ဆိုတော့ အရေးပေါ်ဌာနကို သွားခိုင်းတယ်။ ကိုယ်က ငုတ်တုတ်ထိုင်စောင့် အတော်ကြီးကြာတော့မှ ဘယ်အဆောင်ကို ပို့လိုက်ပြီ မနက်ဖြန် လူနာတွေ့ချိန်မှာ လာတွေ့နိုင်ပါတယ်တယ့်။ လူနာတွေ့ချိန်မှာ လူနာသွားတော့ လူနာက ဆေးရုံက ‌ကျွှေးတာစား၊ ဆေးလာတိုက်ရင်သောက်နဲ့ အေးဆေး။ ဆေးရုံတက်တယ်သာဆိုတာ ကိုယ်တွေဆို ဘာမှမပင်ပန်းလိုက်ရဘူး။ အဖေ ဘာလုပ်နေတာလဲမေးတော့ ရေနွေးဝယ်နေတာဆိုလို့ ကိုယ့်မှာအံ့သြ။ ရန်ကုန်ဆေးရုံးကြီးမှာ ရေပူရေအေးစက် မရှိဘူး အထူးကုဆေးရုံတွေမှာမှ ရှိတာတယ့်။

အမေက ဆေးရုံကဆင်းတော့ ထမင်းမချက်နိုင်၊ ဘာမှမလုပ်ဘဲ အနားယူရတယ်။ အိမ်မှာထမင်းချက်တတ်တာဆိုလို့ အဖေပဲရှိတော့ ချက်ပြုတ်ရေးတာဝန် အဖေယူရတာပေါ့။ မောင်မောင်၊ အမေ၊ ချေချေမဟန်ယောကျ်ား အဖေ့ညီဝမ်းကွဲ ဘေးချေမောင်ရွှေထွန်း လူလေးယောက်စာအတွက် ချက်ပြုတ်ရတယ်။ မနက်ဆိုဈေးသွား၊ ချက်ပြတ်၊ အဝတ်လျှော်ဖွတ်နဲ့ ဖုန်းဆက်လိုက်တိုင်း အဖေက ကိုယ်တို့နဲ့ စကားမပြောနိုင်ဘူး။ သမီးရေ အဖေ ဟင်းချက်လိုက်ဦးမယ် အမေနဲ့ပြော။ သမီးရေ အဖေ အဝတ်လျှော်လိုက်ဦးမယ် အမေနဲ့ပြော။ တခါကလည်း မကြီးနဲ့ စကားပြောကောင်းနေလိုက်တာ ဟင်းအိုးတူးသွားလို့တဲ့။ အမေက နင့်အဖေ ငါ့အလုပ်တွေ လုပ်နေရပြီ ထမင်းစားတော့လေလို့ပြောတော့ အဖေက နေပါဦးမောလို့ နားပါရစေဦးတယ့်။ အဖေ ဟိုင်းကြီးပြန်ဆင်းသွားတော့ အမေ ထမင်းပြန်ချက်နေပြီ။ ဆီးချိုကြောင့် အမေ့မျက်လုံးတဖက်က တခြမ်းပဲ မြင်ရတော့တယ်တဲ့။ အမေ လမ်းသွားရင် မြင်ရလားမေးတော့ အမေက ရယ်လိုက်တာ မြင်ရပါတယ် သမီးရဲ့တဲ့။

ဆီးချိုတက်နေတုန်း ခေါင်းတအား ထိုးကိုက်တာမို့ စီတီစကန်ဖတ်ရတယ်။ ဦးနှောက်ထဲမှာ သွေးကြောလေးက ပိတ်လုမတတ် ဖြစ်နေတယ်တယ့်။ ဆေးရုံကြီးမှာ စီတီစကန်ရိုက်ရင် သုံးလတောင်ကြာမယ်ဆိုတော့ အပြင်ဆေးခန်းမှာ ရိုက်ခိုင်းတယ်။ ဆီးချိုဟာ အင်မတန်ဆိုးတာပဲ ဆီးချိုကြောင့် မျက်စိကွယ်သွားနိုင်တယ်၊ လေဖြတ်သွားနိုင်တယ်၊ ဦးနှောက်သွေးကြော ပြတ်နိုင်တယ်။ အမေ့ကို ထမင်းတွေ တအားမစားဖို့ ပြောပေမယ့် ထမင်းသမားတွေဆိုတော့ ထမင်းအများကြီး မစားရရင်ဘဲ အားမရှိတော့သလို ခံစားနေတယ်။ ရန်ကုန်မှာက ကားစီးရင် အင်မတန် ပင်ပန်းတော့ ပြန်လာရင် ဆာလောင်နေပြီ ဒီတော့ ထမင်းတွေ အများကြီးစား။ ထမင်းများများ ဟင်းနည်းနည်းစားပြီး ကြီးပြင်းလာသူတွေဆိုတော့ ထမင်းလျှော့စားဖို့က အတော့်ကို မလွယ်။ ကိုယ်တွေလည်း စင်္ကာပူရောက်စက ဆိုင်တွေမှာစားရင် ထမင်းအပို မှာရတယ်။ နောက်နည်းနည်းကြာတော့မှာ ထမင်းသိပ်မစားတော့တာ။ ဆီးချိုသမားတွေ စားတယ့်ဆန်ကို ဝယ်စားပေမယ့်လည်း ဆီးချိုက သိပ်မကျချင်လို့ အမေစားတယ့်ထမင်းပန်ကန်ကို မကြီးက ဓာတ်ပုံရိုက်ခိုင်းပြီး စစ်တော့မှ အမေစားနေတယ့် ထမင်းက ကိုယ်တို့စားနေတာထက် များတယ်။ အမေ့ရေ သမီးတို့ ထမင်းပေါင်းအိုးမှာပါတယ့် ဆန်ချိန်ခွက်လေး ရှိတယ်မလား အဲဒီတခွက်ကို ညမနက်စားရမယ်လို့ပြောတော့ စားမယ်တယ့်။

တနေ့တနေ့ ဆီးချိုဘယ်လောက်လဲ ဘာတွေစားလည်းလို့ ကိုယ်တို့ညီအစ်မတွေ အမေ့ကို စစ်မေးရတယ်။ အမေ လေ့ကျင့်ခန်းလုပ်ဆို ပြေးတယ့်စက်ရှိပေမယ့် မပြေးနိုင်ဘူး။ လက်လှုပ်တာလောက်ပဲ လုပ်တယ်တယ့်။ မကြီးက အမေ့ကို ယောဂသင်ခိုင်းမလို့တယ့်။ အမေရိကန်အနောက်ဖက်ခြမ်းကို ၇ရက်ခရီးသွားတုန်းက ယူတာ့၊ အရီဇိုးနားပြည်နယ်ဖက်မှာ အေးရှန်းနည်းတော့ အေးရှန်းဆိုင်တွေမရှိ ထမင်းသုံးနပ်လောက် မစားလိုက်ရတာကို မျက်နှာလေးတွေငယ် မျက်နှာတွေ မသာမယာဖြစ်။ စားသောက်ဆိုင်ရောက်ရင် ထမင်းအဖြူလိုက်ရတာက အလုပ်တစ်ခု။ ထမင်းမစားရလို့ လက်ကလေးတွေတောင် ပိန်သွားပြီဆိုပဲ။ ယူအက်စ်မှာ တလနေလိုက်တာ အတော်ကိုယ်ရည် စစ်သွားတယ်။ ကိုယ့်ရှေ့မှာမို့ ထမင်းသိပ် မစားကြတာလား မသိဘူး။ မြန်မာပြည်မှာက အစားအသောက်တွေက ဆေးဆိုး၊ စီးပွားရေးသမားတွေက အမြတ်ရအောင် ကျန်းမာရေးနဲ့ မညီညွတ်တာတွေထည့်၊ ပိုးသတ်ဆေးတွေ တအားဖြန်းဆိုတော့ နိုင်ငံခြားက လူတွေလောက် သက်တမ်းစေ့ မနေရဘူး။ သွေးတိုး၊ ဆီးချို အဖြစ်များတယ်။ အသီးအနှံတွေကလည်း ဈေးကြီး၊ ကျန်းမာရေး ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းက မလုပ်ကြတော့ မြန်မာပြည်က ကိုယ်နဲ့သက်တူ ရွယ်တူတွေဆို ဗိုက်တွေရွှဲနေကြပြီ။ ကင်ဆာဌာနမှာ လူနာအင်မတန်များတာ အဖေက သူရောက်ဖူးတဲ့ဌာနတွေထဲမှာ ကင်ဆာဌာနက လူအများဆုံးတယ့်။

လည်ချောင်းကင်ဆာဆိုလို့ လည်ပင်းမှာ ဖြစ်တာထင်နေတာ လည်ချောင်းပြွှန်နဲ့ အစာအိမ်နား ချိတ်ဆက်တယ့် နေရာမှာဖြစ်တာတယ့်။ ဒီတော့ အစားအသောက် မမြိုနိုင်ဘဲ ဗိုက်နဲ့သွင်းရတယ်။ အားအရမ်းနည်းနေလို့ နှစ်ပတ်အိမ်မှာ အနားယူခိုင်းပြီး ခွဲစိတ်မယ်ဆိုတော့ ကင်ဆာက ဦးနှောက်ထဲအထိ ပြန့်နေပြီတယ့်။ လူနာကို ပိုးသတ် ခံနိုင်ရည်ရှိအောင် ဆေးတွေထိုးပြီး ပုသိမ်ကို ကားနဲ့သယ်၊ ပုသိမ်ကနေ ဟိုင်းကြီးအထိ ပဲ့ထောင်ငှား အောက်ဆီဂျင်ဘူးတွေပါ သယ်ရတယ်။ ဟိုင်းကြီးရောက်ပြီး နှစ်ရက်ပဲကြာတယ် ဆုံးပြီတယ့် မေမေ့ညီမအငယ်ဆုံးက ၄၅ နှစ်ပဲ ရှိသေးတယ်။ ကွမ်းသိပ်မစားနဲ့ ကင်ဆာဖြစ်လိမ့်မယ်လို့ အမေကပြောရင် လက်မခံဘူး ကွမ်းစားလို့ဖြစ်တာ မဟုတ်ဘူးတယ့်။ ရင်သားကင်ဆာက မျိုးရိုးကြောင့် ဖြစ်တတ်ပေမယ့် လည်ချောင်းကင်ဆာကတော့ မျိုးရိုးကြောင့်မဟုတ် အစားအသောက် နေထိုင်မှု life style ကြောင့်တယ့်။ မနေ့က မကြီးက သူဖေ့ဘွတ်မှာ ဖတ်ရတာကို ပြောပြတယ်။ နိုင်ငံခြားမှာဆို ကွမ်းသီးကို အာဗင်နဲ့ အခြောက်ခံပေမယ့် မြန်မာပြည်မှာတော့ ကန့်၊ ဆာဖြူရစ်အက်ဆစ်တွေနဲ့ပေါင်းပြီး အခြောက်ခံတာတယ့်။ အဲဒီပေါင်းခံတယ့် အဆောက်အဦးက ပတ္တာ၊ သွပ်တွေဆို နှစ်နှစ်လောက်နဲ့ ဆွေးကုန်တာတယ့်။ ကန့်အနံ့က အရမ်းပြင်းလွန်းလို့ ဘယ်သူက မဝင်နိုင်ဘူးတယ့် မီးထိုးရတယ့်သူတွေ၊ ကွမ်းသီးအိတ်သယ်တယ့်သူတွေဆို ရှူနာရှိုက်ကုန်းလေးတွေ ဖြစ်ကုန်တာတယ့်။ ကွမ်းသီးကို ကန့်နဲ့ပေါင်းလိုက်ရင် ဖြူဖွေးသွားပြီး ကန့်များများပါလေ မှိုမတက်လေတယ့်။ အဲဒီလို ကျန်းမာရေးနဲ့ မညီညွှတ်တာတွေစားပြီး ကင်ဆာတွေ ဖြစ်ကုန်ကြတော့တာပဲ။

အားလုံး ကျန်းမာရွှင်လန်းကြပါစေ။

စန်းထွန်း
ဒီဇင်ဘာ ၁၉ ၊ ၂၀၁၅။

26 November 2015

မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၈

မောင်မောင်ရေ နင့်သားကို နာမည်ပေးပြီးပြီလားလို့ မေးတော့ ဖုန်းသက်ခေါင်လို့ ဗေဒင်ဆရာက နာမည်ပေးထားတယ့်။ ဟင်... နာမည်ကြီးကလည်း ဗေဒင်ဆရာနာမည်ကြီး သူ့အဖေနာမည်ပါအောင် ထွန်းပါတာလေး မှည့်ပါလား။ ကိုယ်က ဗေဒင်ဆရာနာမည်ကြီးလို့ ဝေဖန်၊ ခဲအိုကလည်း ဒါဆို ဖသခလို့ ခေါ်ရမှာပေါ့လို့ ဟာသလုပ်။ ကိုယ့်မောင်တဝမ်းကွဲ (မေမေ့ညီမအလတ် ချေချေကြီးရဲ့သားငယ်) က စာတော်တယ် ဆယ်တန်းမှာ ဆေးအမှတ်မှီတော့ ဆေးတက္ကသိုလ် တက်ချင်ပေမယ့် မိသားစုက မပြေလည်တော့ မတက်နိုင်။ အဲဒါကို ကိုယ်တို့ဦးလေး အမေ့မောင် မင်းချေရဲ့ ယောက္ခထီးက ဘယ်အပြားနဲ့ တက်မှာလဲလို့ ပြောတာကို ကြားရတော့ ချေချေကြီးက သူ့အစ်ကိုမောင်းချေကို တိုင်တယ်။ အစ်ကို ကြည့်ပြောထား ကလေးတို့အဖေသိရင် ပြသနာလာရှာဦးမယ်လို့ ပြောတာကို မင်းချေက အမွေတောင်းလို့ သူတို့လည်း ယောက္ခထီးနဲ့ စကားမပြောဘူးတယ့်။ မင်းချေရဲ့ ယောက္ခထီးနာမည်က မောင်ဖြူသန် အပေါ်မှာ လေယာဉ်ပျံ အောက်မှာ လေယာဉ်ပျံလို့ ပြောစမှတ်ပြုကြတယ်။ လည်တယ် ဝယ်တယ် ဒါပေမယ့် တသက်လုံး အလုပ်ဆိုတာ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ သမက်၊ သမီးကောင်းလို့ အေးအေးချမ်းချမ်း နေရတာကို ကျေးဇူးမတင်တယ့်အပြင် သိန်း ၂၀၀ အမွေတောင်းသတဲ့။ အံ့ရော အံ့ရော ဒီလိုမိဘမျိုးလည်း ရှိသေးတယ်။

နယူးယောက်မှာ အဖေတို့ရှိနေတုန်းက ရုံးပိတ်ရက်တမနက် လက်ဖက်ရည်သောက်၊ မုန့်စား၊ အဖေက တရုတ်ကုန်စုံဆိုင်က ယူလာတယ့် တရုတ်သတင်းစာကို အရုပ်ကြည့်။ ကိုယ်က တရုတ်သတင်းမှာ တွေ့ရတယ့် ဂျာမနီက အိန်ဂျယ်လာမာကဲ ဓာတ်ပုံကိုတွေ့တော့ အဲဒီအမျိုးသမီးက ကမ္ဘာပေါ်မှာ သြဇာအရှိဆုံးအမျိုးသမီးလို့ပြောတော့ အဖေက ဦးသိန်းစိန်လောက် တော်ပါ့မလားတယ့်။ ဘာ .... ဦးသိန်းစိန်ဆိုတာ အိန်ဂျယ်လာမာကဲ ခြေဖျားကိုတောင် မမှီဘူး။ ဦးသိန်းစိန် ဘာတော်လဲ လည်လေးတုန်တုန် ခေါင်းလေးတုန်တုန်နဲ့ မိဘပြည်သူများခင်ဗျာပဲ ပြောတတ်တယ် ဘာအစွမ်းအစရှိလို့လဲ။ ဒေါ်အောင်ဆန်းစုကြည်က သြဇာအရှိဆုံးအမျိုးသမီး နံပါတ်နှစ်၊ ဟီလာရီကလင်တန်လည်း နံပါတ် ၁၀ အတွင်းမှာ ပါတယ်။ ကိုယ်နဲ့အမေ အဖေ့ကို ကက်ကက်လန်အောင် ရန်တွေ့လိုက်ကြတာ အဖေဆိုတာ နောက်များ ဦးသိန်းစိန်လို့ ကိုယ်တို့ရှေ့မှာ မဟရဲတော့ဘူး။ မဲပေးကြမယ်ဆိုတော့ အဖေ ဘာပါတီကို ပေးမှာလဲဆိုတော့ NLD ကို ပေးမှာပါတယ့် NLD က မဲဆွယ်စည်းရုံးပွဲတောင် သွားသေးတယ်တယ့်။ ရန်ကုန်မှာ မဲပေးရမယ်လို့ထင်နေတာ အလုပ်ရှိလို့ ဟိုင်းကြီးကိုဆင်းသွားရတော့ အဖေတို့ ဟိုင်းကြီးမှာပဲ မဲပေးဖြစ်တယ်။ ဟိုင်းကြီးမှာက အင်တာနက်မရတော့ ဗိုင်ဘာကနေ စကားမပြောဖြစ်ဘူး။

ရန်ကုန်တက်လာတော့မှ ဟိုင်းကြီးမှာ မဲပေးတယ့်အကြောင်း ပြောကြတော့မှ အဖေက ဟိုင်းကြီးမှာ NLD ပါတီကို မဲထည့်ဖို့ စည်းရုံးတယ်တဲ့။ ယူသွားတယ့် Eleven Media ဂျာနယ်တွေကို အိမ်နားနီးချင်း၊ ဟင်းရွက်လာရောင်းတယ့် ဟင်းရွက်သည်မကို ဖတ်ခိုင်း၊ NLD ကို မဲထည့်ဖို့ ဆော်သြတယ်။ အဖေက သူ အရှေ့တောင်အာရှ နိုင်ငံတော်တော်များများ ရောက်ဖူးတယ်။ အဲ့ဒီအထဲမှာ မြန်မာပြည်က အဆင်းရဲဆုံးပဲ။ ကျောက်စိမ်း၊ သဘာဝဓာတ်ငွေ့တွေ ထွက်ရဲ့သားနဲ့ စစ်အစိုးရ အုပ်ချုပ်တာ မကောင်းလို့ ဆင်းရဲနေတာ။ ကျောင်းတွေဆောက်ပေးတာ၊ လမ်းတွေခင်းပေးတာ အစိုးရကို ကျေးဇူတင်စရာ မလိုဘူး။ ဒါ အစိုးရက မဖြစ်မနေ လုပ်ပေးရမှာ။ ဟိုင်းကြီးတဖက်ကမ်း ကျောက်ချောင်းရွာမှာ ကြံ့ဖွတ်ပါတီဝင်က သူဋ္ဌေးဆိုတော့ ဟင်းရွက်သည်တွေက ချေးငှားထားတာတွေ ရှိတယ်။ ဒီတော့ ကြံ့ဖွတ်ပါတီကို မဲပေးရမယ်တယ့်။ အဖေက နင် လျှို့ဝှက်ခန်းမှာ မဲပေးရတာ နင် ဘာပါတီကို မဲပေးတာကို ဘယ်သူမှမသိဘူး။ ပေးတာယူ၊ ‌ကျွှေးတာစား၊ NLD ကို မဲပေးဟ။ အဖေ စည်းရုံးရေးကောင်းလို့ အိမ်မှာ အုန်းအုန်းကို ထနေတာပဲတယ့်။ နိုဝင်ဘာ ၈ ရက် မဲပေးတယ့်နေ့မှာ အဖေက စာသင်ကျောင်းမှာ မဲအရင်သွားပေး။ ပြီးမှာ အမေ၊ အိမ်ကလူတွေကို သင်ပေး။ သူများတွေ မဲပေးကြတာကို အားကျလို့နဲ့ တူပါရဲ့။ ကိုယ်တို့အဘိုး အသက် ၈၀ ကျော်ကလည်း မဲပေးချင်ပါတယ်ဆိုလို့ လိုက်ပို့ရသေးတယ်။

ဟိုင်းကြီးမှာ ပမ္မဝတီရေတပ်ဋ္ဌာနချုပ်ရှိတော့ ကြံ့ဖွတ်နိုင်မယ်ထင်တာ NLD နိုင်ပါတယ်တယ့်။ ဟိုင်းကြီးကွ .... ပုသိမ်ကွ .... လှိုင်မြို့နယ်ကွ တော်တော်လေး ကွလိုက်ရတယ်။ ကျောက်ချောင်းကတော့ ဖွတ်နယ်။ ဟိုင်းကြီးကျွှန်း ရေတပ်ကလူတွေ ဟိုင်းကြီးမှာလည်း မဲပေး ကိုကိုးကျွှန်းမှာ မဲပေးတယ့် သတင်းတွေ ကြားလိုက်တယ်။ အဖေ အရင်က နိုင်ငံရေးတွေ ဘာတွေစိတ်မဝင်စားပါဘူး၊ အမေ၊ မကြီး၊ ကိုယ်တို့တွေ ပြောနေရင် ဘာမှဝင်မပြောဘူး။ ခုမှ ဘာလို့စိတ်ဝင်စားလာတာလဲလို့မေးတော့ အဖေ သိတာပေါ့ သူတို့တွေ မတရားအုပ်ချုပ်မင်းလုပ်နေတာ။ အာဏာရှိတယ့်သူကို ကြောက်ရ၊ ဖားရ ကိုယ့်ထမင်း ကိုယ်ရှာစားပြီး သူတို့ကို အောက်ကျို့ကြောက်နေရသေးတယ်။ ပမ္မဝတီရေတပ် ဋ္ဌာနချုပ်မှုးဟောင်းက ပြောတယ် ဟိုင်းကြီးမှာသာ နောက်ထပ် ၅ နှစ်လောက် နေရရင် တသက်စား မကုန်ပါဘူးတယ့်။ ဟိုင်းကြီးကျွှန်းက ကျေးရွာတွေကို ချိတ်ဆက်ထားတယ့် တာပေါင်လမ်းက ဒေသခံတွေ လုပ်အားပေးနဲ့ ဖောက်လုပ်ထားတာပါ။ ဟိုင်းကြီးမှာ ကိုယ်ရှိနေသေးတယ့်အထိ လုပ်အားပေးဆိုတာ ရှိသေးတယ်။ လစဉ် လုပ်ငန်းရှင်တွေက စလင်းပိုင်ကြေး ကောက်တယ်။ စလင်းပိုင်ကြေးဆိုတာ မြန်မာ့ရေတပ်မတော်က မြန်မာ့ပင်လယ် ရေပိုင်နက်ကြီးကို စောင့်ရှောက်ကင်းလှည့်ဖို့ လိုအပ်တယ့် ဓာတ်ဆီကြေးပါတယ့်။ လူကြီးတစ်ယောက်လာရင် ကုန်ကျတယ့် သိန် ၂၀၊ ၅၀ ကို လုပ်ငန်းရှင်တွေ အချိုးကျထည့်ဝင်ရတယ်။ ရဲအရာရှိ စာမေးပွဲသွားဖြေမယ်ဆိုရင်လည်း လုပ်ငန်းရှင်တွေ ထောက်ပံ့ရတယ်။

မောင်မောင်က အလုပ်ကို ဖိဖိစီးစီးမလုပ်၊ အားရင် လက်ဖက်ရည်ဆိုင်ထိုင်၊ သူငယ်ချင်းတွေနဲ့ ဟေးလားဟားလား၊ ဂိမ်းဆော့။ အရင်တုန်းကတော့ အသက် ၂၅ ကျော်ရင် ရင့်ကျက်လာလိမ့်မယ်၊ နောက် အိမ်ထောင်ကျရင် ရင့်ကျက်လာလိမ့်မယ်၊ နောက် ကလေးအဖေ ဖြစ်လာရင် ရင့်ကျက်လာလိမ့်မယ်နဲ့ မောင်မောင်ကတော့ အခုထိ မပြောင်းလဲသေးဘူး။ မောင်မောင် မပြောနဲ့ ကိုယ်တို့အဘိုး အသက် ၈၀ ကျော် ခုထိဘာမှ မပြောင်းသေးဘူး။ အဖေပေးတယ့် ပိုက်ဆံကို ချဲထိုးတယ်၊ ချဲဘာလို့ ထိုးတာလဲဆိုတော့ လှုဖို့၊ မင်းတို့ ကုသိုလ်ရအောင်လို့တယ့်၊ ကုသိုလ် မလိုပေါင်၊ လှုဖို့တန်းဖို့ ငယ်ငယ်ကတည်းက စုဆောင်းထားပါလား တော်တော်ဆိုးတယ့် အဘိုးကြီး။ အမွှေတောင်းတယ့်၊ ပေးသမျှ ချဲထိုးပစ်၊ မူးယစ်သောက်စားနေတယ့်သူတွေကို   မိဘမတော်ရတာ ကိုယ်တို့ အတော်ကံကောင်းတယ်။ အရင်အပတ်က အမေ ဆီးချိုတက်ပြီး နေမကောင်းဖြစ်တာ ဆေးရုံ ၃ ခုပြောင်းရတယ်။ နောက်ဆုံး ဘန်ကောက်မှာ သွားကုမယ်လို့ ဆုံးဖြတ်ပြီး လေယာဉ်လက်မှတ် မောင်မောင့်ကို ဖုန်းဆက်စုံစမ်းခိုင်းတယ်။   ညနေလေယာဉ်လက်မှတ်က ဘယ်လောက်လဲလို့မေးတော့ မမေးခဲ့ဘူးတယ့်။ မနက်လေယာဉ်ဆို မနက်လေယာဉ်ပဲ မေးတယ်။ ညနေလေယာဉ်က ဘယ်လောက်လဲ၊ ပိတ်ရက်တွေဆို ဘယ်လောက်လဲ၊ ပရိုမိုးရှင်း ရှိလား တခါတည်း မေးလိုက်ရင် ဘာဖြစ်သွားမှာမို့လဲ။ အဲဒါတွေ မမေးဘူးလားမေးတော့ ပြောပါလားတယ့်။ ပြောရင် ပြောတာပဲလုပ်တယ် ညဏ်မသုံးဘူး တော်တော်အသုံးမကျတယ့်ကောင်။

သူ့မိန်းမက မောင်မောင်ဟာ အိမ်အလုပ် ကူမလုပ်၊ ကလေးကိုမကြည့်၊ သူငယ်ချင်းတွေနဲ့ ဟေးလားဟားလား၊ ဂိမ်းပဲဆော့နေတာပဲတဲ့။ ကလေးကို သူ့အဖေနဲ့ မတူစေချင်ဘူး သူ့အဘိုး ကိုယ်တို့အဖေနဲ့ တူစေချင်တယ်လို့ ပြောသွားတာကို အမေက ပြန်ပြောတော့ ကိုယ့်မှာ ရယ်လိုက်ရတာ။ ဒေါ်မျိုးချစ် မကြီးက သူ့မောင် အဲဒီလိုအပြောခံရတယ်ဆိုတော့ စိတ်မကောင်း ကိုယ့်မောင်အသုံးမကျတာကိုး။ မောင်မောင်နဲ့တွေ့ရင် အိမ်အလုပ် ကူလုပ်ဖို့၊ ကလေးထိန်းဖို့၊ အလုပ်တွေကို ဖိဖိစီးစီးလုပ်ဖို့ ပြောနေရတယ်။ မောင်မောင်ရေ နင့်သားကို ချစ်သလားမေးတော့ ချစ်တာပေါ့ဟ။ နင်ကိုယ်တိုင် ဖိနပ်ကို ညီညီညာညာချွှတ်၊ အဝတ်ဟောင်းကို အဝတ်တောင်းထဲထည့်၊ စည်းကမ်းရှိရှိ နေပြမှ နင့်သားက လိုက်လုပ်မှာပေါ့။ နင့်သားကို စည်းကမ်းရှိစေချင်ရင် နင်ကအရင် စည်းကမ်းရှိရှိနေဖို့ လိုတယ်။ နင် အဖေနဲ့အမေကို အဖေ ဘာသိလဲ၊ အမေ ဘာသိလဲလို့ပြောတာ မှတ်မိလား။ ခု နင့်သားက နင့်ကို အဖေ ဘာသိလဲ ပြောလာတော့မယ် နင်တော့ ဝဋ်လည်တော့မယ် မောင်မောင်ရေ။ ကိုယ်ပြောတော့ ဘာမှပြန်မပြောဘူး။ အဲဒီအကြောင်းပြောပြီး ကိုယ်တို့သားအမိတွေ ရယ်ရလိုက်တာ။ ပြောပါတယ် မောင်မောင်အစ်မ အငယ်ကလည်း ခပ်ဆိုးဆိုးပါလို့။

Happy Thanksgiving !

စန်းထွန်း
နိုဝင်ဘာ ၂၆၊ ၂၀၁၅။

ရေးခဲ့ပြီးတာက
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၁
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၂
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၃
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၄
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၅
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၆
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၇

21 November 2015

စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ် ...



စမ်းချောင်း၊ အင်းစိန်နဲ့ ဟားဗတ်မှာ ဘာတွေများ ဖြစ်ခဲ့ပါလိမ့်လို့ ဖတ်မိရာက လက်ကမချ နိုင်လောက်အောင် ဖြစ်သွားခဲ့တယ့် စာအုပ်ပါ။ ထောင်ဆိုတာ ဘယ်သူမသွားချင်တယ့်နေရာ။ စစ်အစိုးရရဲ့ မတရားဖိနှိပ်မူကြောင့် ထောင်ကျခဲ့ရပြီး ထောင်အတွင်းက ပြသနာပေါင်းစုံကို ရေးသားထားတယ့်စာအုပ်ကို ဖတ်ရတော့မှပဲ ကျွန်မတို့တွေ မမြင်မသိနိုင်တယ့် ထောင်အတွင်းက အကြောင်းစုံကို သိရတော့တယ်။ ထောင်တွင်းမှာတောင် နိုင်ငံခြားက ဆေးပညာ စာမေးပွဲဖြေဖို့အတွက် ပြင်ဆင်ကြိ ုးစားတာ မရခဲ့ပေမယ့် တနေ့နေ့မှာတော့ အဲဒီစာမေးပွဲကို ရအောင်ဖြေမယ်လို့ စိတ်ပိုင်းဖြတ်ထားတယ့် မျှော်လင့်ချက်အိမ်မက်၊ ထောင်အတွင်းမှာ ကြံ ုတွေ့ရတယ့် အခက်အခဲတွေကို မလျှော့တယ့်ဇွဲလုံ့လ၊ စိတ်ဓာတ်ပြင်းပြင်းနဲ့ ကျော်ဖြတ်သွားတာ ချီးကျူးမိတယ်။ မကြီးကို ဒီစာအုပ်လေး ကောင်းတယ်လို့ပြောတော့ သူဖတ်ပြီးပြီ အရမ်းကောင်းတယ်တဲ့။ ဆရာမ မသီတာ(စမ်းချောင်း) စင်္ကာပူလာ ဟောပြောပွဲလုပ်တုန်းက သူမသိလိုက်လို့ မသွားလိုက်ရဘူးတယ့်။ ဖတ်ပြီးရင် ကြိ ုက်မကြိ ုက် လာပြောကြဦးနော်။

ဘားမီးကလပ်စစ် စာအုပ်စင် ဒီလင့်ခ်လေးကနေ ဒေါင်းနိုင်ပါတယ်။

စန်းထွန်း
နိုဝင်ဘာ ၂၁၊ ၂၀၁၅။

Photo - credit to Google