Ethel M Chocolate Factory Garden |
ချောကလက်စက်ရုံအပြင်ဖက်က ကန္တာရပန်းခြံမှာ ဓာတ်ပုံတွေရိုက်ကြတယ်။ ကန္တာရအပင် ဆူးပင်တွေ၊ မွဲခြောက်ခြောက် အပင်တွေဆိုတော့ ဓာတ်ပုံသိပ်မရိုက်ဖြစ်ဘူး။ ချောကလက်စက်ရုံက ညဖက်မှာ ချောကလက်တွေ ထုတ်လုပ်တာမို့ ချောကလက် ထုတ်လုပ်နေတာကို မတွေ့ခဲ့ရဘဲ စက်တွေပဲ တွေ့ခဲ့ရတယ်။ ဘာလို့ဒီကန္တာရမှာ ချောကလက်စက်ရုံ လာတည်ထားရတာလဲဆိုတော့ လာ့စ်ဗီးကပ်စ်မြို့က ကြယ်ငါးပွင့် ဟိုတယ်တွေ အတွက်ပါတဲ့။ အဖြူရောင်ကုတ်အင်္ကီျ၊ အဖြူရောင် ဦးထုပ်ဆောင်းထားတဲ့ ချောကလက်စက်ရုံလုပ်သားတချို့က လက်ပြနှုတ်ဆက်ကြတယ်။ အလကားဝေတဲ့ ချောကလက်နမူနာတွေစား၊ တချို့တွေက ဝယ်ကြတယ်။ ကိုယ်စားဖူးသမျှထဲမှာတော့ Lindt ချောကလက် ကြိုက်တယ်။ Lindt ထက်ကောင်းတဲ့ ချောကလက်ကို မစားဘူးတာလည်း နေပါလိမ့်မယ်။ ယူတာ့ Utah ပြည်နယ် စတိတ်ကယ်ပီတယ် State Capitol အဆောက်အဦးက စနေနေ့မို့လို့ တံခါးပိတ်ထားလို့ ကိုယ်တို့က သစ်ပင်ရိပ်အောက်မှာ ထိုင်နေကြတာ။ တရုတ်မတစ်ယောက်က တံခါးဖွင့်နေပြီလို့ ကိုယ်တို့ကို လှမ်းအသိပေးတယ်။ အဖေက အဲဒီတရုတ်မက ယဉ်ယဉ်ကျေးကျေးလေးတဲ့။
Los Angeles, CA |
ဘူဖေးဆိုင်ကနေ တိုးကားဆီသွားတော့ တရုတ်ပြည်မှာ ကလေးတစ်ယောက်ပဲ မွေးခွင့်ရှိတာ မဟုတ်ဘူးလား။ အစ်မက ဘာလို့ကလေးနှစ်ယောက် ရှိတာလဲဟင်လို့မေးတော့ သူတို့က စင်္ကာပူရန်းတွေတဲ့။ ခု တရုတ်ပြည်မှာ အလုပ်လုပ်နေတာတဲ့။ သြော် ဒါကြောင့် သူ့သားအကြီးကောင်က အင်္ဂလိပ်စကားကို ကျွှမ်းကျွှမ်းကျင်ကျင် ပြောတတ်တာကိုး။ တိုးဂိုက်က ကမ္ဘာပေါ်မှာ အရှည်ဆုံးမြစ် ၉ ခုကို မေးတော့ နိုင်းမြစ်၊ အမေဇုန်ဖြစ်လောက်ပဲ မှတ်မိတော့တယ်။ သူ့သားအကြီးကောင်က မြစ် ၉ ခုလုံး သိတယ်။ သားသား ဘယ်ကျောင်းမှာ ဘယ်နှစ်တန်း တက်နေတာလဲလို့မေးတော့ အင်တာနယ်ရှင်နယ်ကျောင်း တက်နေတာတဲ့။ ကုမ္ဗဏီတူတဲ့ တိုးကားတွေဆုံတော့ တခြားကားက ဆန်ဖရန်စစ္စကိုမြို့ကို သွားမှာမို့ ဆန်ဖရန်ဆစ္စကိုမြို့ကို သွားချင်ရင် ၆၅ ကျပ်ပေးပြီး အဲဒီတိုးကားနဲ့ လိုက်နိုင်ပါတယ်တဲ့။ အဲဒီတရုတ်မတို့ မိသားစု ဆန်ဖရန်ဆစစ္စကိုကားကို ပြောင်းသွားတယ်။ မိုင် ၁၅၆၊ ၃ နာရီသာသာ မောင်းရတဲ့ Barstow မြို့က Tanger Outlet Center ကို ပို့ပေးတယ်။ အောက်လက်ဆိုတော့ အတော်တန်တယ် Coach၊ Tommy Hilifiger ဆိုင်တွေမှာဆို Q တန်းကြီးက အရှည်ကြီး။
Los Angeles, CA |
တွန်မီမှာ အဖေ့အတွက် ဘောင်းဘီ၊ အမေ့အတွက် ဘောင်းဘီ၊ အိတ်၊ မောင်မောင်နဲ့ သူ့သူငယ်ချင်း ငယ်လေးအတွက် တီရှပ်ဝယ်ဖြစ်တယ်။ ကိုယ့်တူတော်မောင် မောင်မောင့်သားအတွက် အင်္ကီျရှာတော့ ပိုလိုသားချည်းပဲ တွေ့တယ်။ မြန်မာပြည်ရာသီဥတုနဲ့က ချည်သားနဲ့ပဲကောင်းတော့ မဝယ်ဖြစ်တော့ဘူး။ Kate Spade ဆိုင်ကိုဝင်ပြီး အမေ အိတ်တစ်လုံးရွေး အမေ့ကို အိတ်ကောင်းကောင်းတစ်လုံး ဝယ်ပေးချင်တာ။ စင်္ကာပူမှာအလုပ်ရတော့ အမေ့ကို ကန်တော့ထားတဲ့ Rota လား၊ Roma လား တံဆိပ်မမှတ်မိတော့တဲ့ ကျားသစ်ကွက် လက်ကိုင်အိတ်လေးကို အမေက ခုထိလွယ်နေတုန်း။ အဲဒီအိတ် ကိုင်နေတာ ခုနှစ်နစ်လောက်ရှိနေပြီ။ အမေက အိတ်တစ်လုံးရွေးပြီး ဘယ်လောက်လဲ သမီးလို့မေးတော့ မြန်မာငွေနဲ့ဆို တစ်သိန်းခွဲ။ ဟေ ... ဒါဆို မယူတော့ဘူး ဘယ်လိုပြောပြော ထိကိုမထိတော့ဘူး။ သူ့ကို ကိုင်စေချင်ရင် ဈေးကို ညာပြောရတယ်။ တစ်ခါတုန်းက အမေက မကြီး Loreal နှုတ်ခမ်းနီကို ဆိုးကြည့်ပြီး ဘယ်လောက်လဲသမီး၊ ငါးထောင်ဆိုတော့ ကြုံရင် အမေ့အတွက်ပါ ဝယ်ခဲ့တဲ့။ တစ်သောင်းကျော်ဆိုတာ သိလို့ကတော့ ဆိုးတော့မှာ မဟုတ်ဘူး။ မောင်မောင်က အမေ့သမီးတွေ ပြောတဲ့ဈေးနှုန်းကို မယုံနဲ့တဲ့။ အဖေက သမီးရေ အိတ်ကောင်းစရာ မလိုဘူး အိတ်ဖောင်းဖို့ပဲ လိုတာ၊ အိတ်ကောင်းပြီး အိတ်မဖောင်းရင် အလကားပဲလို့ပြောတော့ ရယ်လိုက်ရတာ။
Union Station, Los Angeles |
ဗစ်တိုးရီးယားဘက်ခမ်းက အင်တာဗျူးတစ်ခုမှာ ပြောဖူးတယ် အမျိုးသမီးတစ်ယောက်မှာ မဖြစ်မနေ ရှိသင့်တဲ့ အဆင်တန်ဆာတွေက အိတ်ကောင်းကောင်းတစ်လုံး၊ ဖိနပ်ကောင်းကောင်းတစ်ရံ၊ ကုတ်အင်္ကီျတစ်ထည်ပါတဲ့။ တော်တော်များများက လူဝီဗွီတန်ကို ကြိုက်ကြပေမဲ့ ကိုယ်က မကြိုက်ဘူး။ လူတွေအများကြီးမှာ ရှိနေတာကို မကြိုက်တာ။ ကိုယ်က Collection တို့လို လူအများကြီး မဝယ်တဲ့ ပစ္စည်းမျိုးကိုမှ သဘောကျတာ။ အိတ်ကောင်းကောင်းလေးတစ်လုံး လိုချင်လို့ အိတ် expert ဖြစ်တဲ့ ဝိုင်းကို လျှော့ပင်းထွက်ဖို့ ခေါ်ရတယ်။ ဝိုင်းက အိတ်ခရေဇီ လူဝီဗွီတွန်လို ဈေးကြီးတာတွေကနေ Marc Jacobs ၊ Furla တို့လို ဈေးတအားမကြီးတဲ့ ဘရန်းအထိ အိတ်တော်တော်များများရှိတယ်။ ဒါပေမယ့် Tory Burch ၊ Michael Kors တို့ကိုတော့ မသိဘူး။ အီတလီကနေ နယူးယောက်ကို ပြောင်းလာတော့ အိတ်ကြီးပဲကို လက်ကေ့စ်ကတစ်လုံး။ အိတ်တွေကို တစ်လုံးပြီးတစ်လုံး ဝယ်ပေမဲ့ အင်္ကီျကျတော့ မဝယ်ဘူးရယ်။ ရှိတဲ့ လေးငါးစုံလောက်ကိုပဲ လှည့်ပတ်ဝတ်တယ်။ တစ်ယောက်တမျိုး ခရေဇီ။ ယူအန်ရုံးမို့ suit ပဲဝတ်ရတော့ အောက်ကအင်္ကီျအရောင်နဲ့ ပုဝါ၊ အိတ် တစ်ရောင်တည်း၊ အိတ်အမျိုးမျိုး လွယ်တာတဲ့။ အီတလီတွေက ဖက်ရှင်စိတ်ဝင်စားတော့ ဟန်ကျပေမယ့် ရုံးဝတ်စုံနဲ့ အားကစားဖိနပ်စီး၊ ဖက်ရှင်ကျဖို့ထက် သက်တောင့်သက်သာ ဖြစ်တာကို အလေးပေးတယ့် အမေရိကန်ကိုရောက်တော့ အိတ်တွေတောင် အကုန်မလွယ်ဖြစ်ဘူးဆိုပဲ။
My Salvatore Ferragamo မိုင့် ဆေဗာတိုရေ ဖာရာဂမို |
ကိုယ်ကတော့ အများကြီးရှိစရာ မလိုဘူး ကောင်းကောင်း တစ်ခု၊ နှစ်ခုရှိရင် ရပြီ။ ဆိုင်တော်တော်များများကို ပတ်ပြီးတဲ့အချိန်မှာ ကိုယ်သဘောကျတဲ့ အိတ်ကလေး သွားတွေ့တယ်။ ဒါပေမဲ့ လက်ပွေ့အိတ်ရယ်၊ အဖြူဖက်ကို နည်းနည်းသမ်းတယ့် cream ကာလာဖြစ်နေတာကြောင့် မကြိုက်ချင်ဘူး။ Fifth Avenue က ဆိုင်မှာတော့ ရှိလောက်တယ်ဆိုတော့ ချီတက်ကြတယ်။ အဲဒီမှာ လက်ပွေ့အိတ်သေးသေး၊ စလွယ်လည်း သိုင်းလို့ရ၊ အနက်ရောင်ဖြစ်တယ့် အိတ်ကလေးကို တော်တော်သဘောကျလို့ ဝယ်လိုက်တယ်။ ဆယ်ဗာတိုရေ ဖာရာဂါမို Salvatore Ferragamo ဘရန်း အီတလီနိုင်ငံ ဖလောရင့်မြို့ကပါတဲ့။ နာမည်ကို မထွက်တတ်လို့ ငါးခါလောက် ထွက်ယူရတယ်။ Sak Fifth Avenue မှာ သွားကြည့်သေးတယ်။ ဗလန်တီနို၊ စိန့်လော့ရင့်တို့ဘာတို့ညာတို့ Celine ကိုတော့ ကြိုက်သား။ ဆယ်ဗာတိုရေ ဖာရာဂါမိုထက် ဈေးနှစ်ဆများနေလို့ မဝယ်နိုင်ဘူး။ ဝိုင်းက ဆယ်ဗာတိုရေ ဖာရာဂါမိုဆိုတာ သူနှစ်သက်တဲ့ဘရန်း၊ သူနဲ့သူအစ်မမှာလည်း ရှိပါတယ်တဲ့။ အိတ်ဝယ်ပြီးတော့ ရှိုးထုတ်ချင်ပေမဲ့ ဘာပွဲမှလည်းမရှိတော့ Deuter ကျောပိုးအိတ်ပဲ လွယ်ဖြစ်နေတယ်။ လျှော့ပင်းချိန် ၂ နာရီပြည့်တော့ ကားပေါ်ကို တက်လာသူတိုင်း အထုပ်တွေကိုယ်စီနဲ့။
waiting flight to NYC at LAX |
လော့အိမ်ဂျလစ်မြို့ကို မိုင် ၁၁၆ မိုင် ၂ နာရီသာသာ မောင်းရပါတယ်။ လော့အိမ်ဂျလစ်မြို့က ဆန်ဖရန်ဆစ္စကိုလောက် မိုးမျှော်တိုက်တွေ မရှိပေမဲ့ ရာသီဥတုက သာသာယာယာ။ မြို့ထဲမှာ ချပေးပြီး ရှယ်တယ်ဘတ်စ်နဲ့ လော့အိန်ဂျလစ်လေဆိပ် LAX ကို ပို့ပေးမှာဆိုတော့ တိုးဂိုက်ကို မေးကြည့်တယ်။ လေဆိပ်မှာ အေးရှန်းစာများ ရနိုင်မလားဆိုတော့ ခေါင်းခါပြတယ်။ မြို့လယ်မှာ အေးရှန်းစားသောက်ဆိုင်တွေ ရှိတယ် အဲဒီမှာစားသောက်ပြီးရင် ယူနီယမ်စတေးရှင်ကနေ လေဆိပ်ကို ရှယ်တယ်ဘတ်စ်ရှိတယ် တစ်ယောက်ကို ၈ ကျပ်လောက်ပဲ ပေးရတယ်တဲ့။ ထမင်းမစားရရင် မျက်နှာလေးတွေ ငယ်နေတတ်တဲ့ အဖေကြောင့် တိုးကားရှယ်တယ်နဲ့ မလိုက်တော့ဘူး။ ရှယ်တယ်ဒရိုင်ဘာကို ဒီအနီးအနားမှာ အေးရှန်းဆိုင်များ ရှိသလားမေးတော့ မသိဘူးတဲ့။ ဒါဆိုလည်း Yelp မှာ အေးရှန်းဆိုင်လို့ ရိုက်ထည့်ပြီး rating ကောင်းတဲ့ဆိုင်ကို ရွေးလိုက်တယ်။ ငါးမိနစ်လောက်ပဲ လျှောက်ရတယ် ဆိုင်လေးက ဟောင်းဟောင်းလေး လူတွေလည်း ရှိနေတယ်။ မီနူးကြည့်ပြီး fish ball soup ၊ ထမင်းနဲ့ ကြက်သားကင် မှာလိုက်တယ်။ ကြက်သားကင် စားကြည့်တော့ ကောင်းတယ် အမေ့အတွက် နောက်တစ်ပွဲထပ်မှာတယ်။ အရသာက တရုတ်ဆိုင်တွေလို မချိုဘူး မေးကြည့်တော့ ကမ္ဘောဒီးယားတွေတဲ့။ မနက်ဖြန်ကျရင် နယူးယောက်ကို ၆ နာရီလေယာဉ်စီးရမှာ နေ့လည်စာကို လေယာဉ်ပေါ်မှာပဲ စားရမှာမို့ နောက်ထပ်နှစ်ပွဲ ထပ်မှာလိုက်တယ်။
ကိုယ်တွေက ဘာမဆို စားနိုင်ပေမဲ့ အဖေတို့နဲ့ ခရီးသွားရင် ထမင်းဆိုင်ရှာရတာက အလုပ်တစ်ခု။ ကိုယ်က ရောက်တုန်းရောက်ခိုက် နှံ့စေချင်တယ် အဖေက နေပူတယ်၊ တော်ပြီ ညောင်းပြီဆိုပြီး ထိုင်နေတတ်တယ်။ ဆူနမ်တို့နဲ့ သွားရင်လည်း ဆူနမ်ကဝတော့ လမ်းအများကြီး မလျှောက်နိုင်၊ တနေရာရောက်တိုင်း အိမ်သာဝင်ရတာ အလုပ်တစ်ခု။ မကြီးနဲ့သွားရင် ဓာတ်ပုံတွေ အများကြီးရိုက်ပေးရတာက အလုပ်တစ်ခု။ ခရီးသွားဖော်ထဲမှာ ဝိုင်းနဲ့ ခရီးသွားရတာ အကောင်းဆုံး။ သူက ကိုယ့်ထက်တောင် တက်ကြွသေးတယ်။ ဂူဂယ်မတ်က ညွှန်တယ့်အတိုင်း လမ်းလျှောက်ပြီးတဲ့အခါ ယူနီယမ်စတေရှင်ကို မတွေ့လို့ ပန်းခြံထဲက အိုးမဲ့အိမ်မဲ့တွေကို မေးကြည့်တော့ နှစ်ဘလောက်တယ့်။ လော့အိန်ဂျလစ်မြို့လေးက ဝါရှင်တန်ဒီစီလို ရှေးဟောင်းအဆောက်အဦးတွေနဲ့ လှပတဲ့မြို့ကလေး။ ယူနီယမ်စတေရှင်းက ဝါရှင်တန်ဒီစီ ယူနီယမ်စတေရှင်းထက် ပိုကြီးတယ်။ ယူနီယမ်စတေးရှင် အဆုံးထိလျှောက်ပြီး ညာကွေ့တော့ ရှယ်တယ်ဘတ်စ် နေရာကိုတွေ့တယ်။ ခဏနေတော့ ရှယ်တယ်ဘတ်စ် ရောက်လာတယ်။ ဆင်းတဲ့သူတွေကုန်လို့ လက်ကေ့စ်အိတ်ကို ဝမ်းခေါင်းထဲကို ထည့်ပြီးချိန် လက်မှတ်ဆိုတော့ ဟင် ... ဘယ်မှာ လက်မှတ်ဝယ်ရမှာလဲ ဟိုမှာ။ လက်မှတ်ရုံမှာ လူတန်းကြီးက အရှည်ကြီး။ လက်မှတ်မရသေးရင် လက်ကေ့စ်ကို ထားခဲ့မယ်တဲ့။ သူမှန်းတယ့်အတိုင်းပါပဲ တက်တယ့်သူတွေ ကုန်သွားတယ့်အထိ လက်မှတ်က မဝယ်ရသေးတော့ လက်ကေ့စ်အိတ်ကို ချထားခဲ့တယ်။ စောင့်ပေတော့ နောက်တစ်စီး မိနစ် ၂၀ ။
Staten Island, New York |
တရုတ်တွေက လေဆိပ်ကိုတန်းသွား လေဆိပ်မှာပဲအိပ်ပြီး ညဉ့်နက်သန်းခေါင်၊ နောက်တစ်နေ့လေယာဉ်တွေကို စီးကြပေမဲ့ ကိုယ့်မိဘတွေက လူကြီးတွေဆိုတော့ အဲဒီလိုလုပ်လို့ မရဘူး။ မကြီးက ကိုယ်တို့ကို ဟောလိဝုဒ်ကိုသွားပြီး ဟောလိဝုဒ်ဆိုတာကြီးနဲ့ ဓာတ်ပုံရိုက်စေချင်တာ။ LA မှာက ယူနီဗာဆယ်စတူတီယိုရှိပေမဲ့ အဖေနဲ့အမေက ကြိုက်မှာမဟုတ်။ ကိုယ်ကလည်း စင်္ကာပူက ယူနီဗာဆယ်ကို ရောက်ဖူးပြီးသားဆိုတော့ LA မှာ နောက်ထပ်တစ်ရက်ထပ်နေပြီး လျှောက်မလည်ချင်တော့ဘူး။ ၇ ရက် ခရီးနဲ့တင် တော်တော်ပင်ပန်းနေပြီ။ အစတုန်းကတော့ ဥရောပကို ၁၄ ရက်၊ ၂၁ ရက် ခရီး ထွက်မယ်လို့ စိတ်ကူးထားတာ။ ကယ်လီဖိုးနီးယား ၇ ရက် ခရီးစဉ်ပြီးတော့ ဥရောပကို ၇ ရက် ခရီးပဲ ထွက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဖေတို့ကို အီတလီနဲ့ပြင်သစ်ကို အလည်ပို့ပေးမယ်လို့ စိတ်ကူးနေတာ ဒီလိုမျိုး ပေါင်မုန်၊ စပါတာကီတို့ကို မစားနိုင်ရင် ဘယ်လိုလုပ် ဥရောပကို သွားလည်မလဲ။ အိုး ... အေးရှန်းဆိုင်တွေ ရှိမှာပေါ့ ထမင်းပေါင်းအိုးသေးသေး၊ ဆန်တစ်ထုပ်၊ ငံပြာရည်ကြော်တွေ သယ်သွားမှာပေါ့။ အဖေက မန်ယူပရိတ်သတ်ဆိုတော့ အဖေ့ကို အိုးထရန်ဖို့ဒ်ကွင်းကြီးဆီ အလည်တစ်ခေါက်လောက် ပို့ပေးချင်တာ။ သမီးတွေ ပို့ပေးရင်တော့ ရောက်ရချည်သေးရဲ့။ သမီးတွေက ပို့ပေးဖြစ်မဖြစ်တော့မသိ အဖေ့ခမျာတော့ သမီးတွေ စကားနဲ့တင် ပီတိတွေဖြာလို့။
ရှယ်တယ်ဘတ်စ်က တာမင်နယ်တွေမှာ ချပေးတော့ တာမင်နယ် ၁ ကို ရွေးလိုက်တယ်။ ဆင်းတော့ တက္ကစီတစ်စီးမှ မရှိဘူး အမှန်ဆို တက္ကစီတန်းမှာ တက္ကစီတွေရှိနေရမှာ။ လေဆိပ်ဝန်ထမ်းလို့ ထင်ရတယ့်သူကို မေးကြည့်လိုက်တော့ တက္ကစီတွေက အောက်ထပ်မှာတဲ့။ LAX လေဆိပ်က တော်တော်ကြီးတာပဲ။ ခရီးသွားတဲ့သူ၊ ခရီးကပြန်လာတဲ့သူတွေနဲ့ ပျားပန်းခပ်မျှ များပြားလှတဲ့ လူအုပ်ကြီးကို ကြည့်ပြီးတော့ တောသားမြို့တက် အဖေ့မှာ အံ့တွေသြလို့။ ဒါတောင် အဖေက နိုင်ငံတော်တော်များများ ရောက်ဖူးတာနော်။ သူ ရောက်ဖူးတဲ့ နိုင်ငံတွေထဲမှာ ယူအက်စ်က အကြီးကျယ်ဆုံးပါတဲ့။ ဟာ ... ဒါဆို အဖေ ဒေါ်လာတစ်သောင်းငါးထောင် (သိန်းတစ်ရာငါးဆယ်) တန်သွားတာပေါ့။ ယူအက်စ်ကို မလာရင် ယူအက်စ်မှာကုန်မဲ့ သိန်း ၁၅၀ ကို ပို့ပေးလိုက်မယ်၊ ယူအက်စ်ကိုလာမလား၊ သိန်း ၁၅၀ ယူမလားမေးတော့ ယူအက်စ်ကိုပဲ လာချင်ပါသတဲ့။ တက္ကစီမောင်းသမားကို ပရင့်ထုတ်ထားတဲ့ စာရွက်ပေးလိုက်တော့ မဝေးပါဘူး မိနစ် ၂၀ လောက်ပဲတဲ့။ လေယာဉ်က မနက် ၇ နာရီခွဲဆိုတော့ ၆ နာရီလောက် ချက်ကင်ဝင်ရမှာ မနက် ၅ နာရီလောက် တက္ကစီကို ဘယ်လိုခေါ်ရမလဲမေးတော့ ဟိုတယ်ကနေ လေဆိပ်ကို ရှယ်တယ်ရှိပါတဲ့။ ဟိုတယ်က သိပ်မကောင်းဘူး အင်းဆိုတော့လေ ဒါပေမယ့်လည်း ကိစ္စမရှိပါဘူး ညအိပ်ရုံပဲဟာ ဈေးသက်သာဖို့အဓိက။
One World Observatory, New York City |
မနက် ၅ နာရီမှာ ရှယ်တယ် ရောက်လာတယ် ကိုယ်တို့မိသားစုနဲ့ အန်ကယ်ကြီးတစ်ယောက်။ တာမင်နယ်လည်းအတူတူပဲ United Airlines ဆိုတော့လေ။ အန်ကယ်ကြီးက ရှယ်တယ်မောင်းသမားကို တစ်ဖစ်ပေးနေတာကိုတွေ့လို့ ပိုက်ဆံအိတ်ထဲ ရှာကြည့်တော့ ၂၀ တန်တွေပဲရှိလို့ တစ်ဖစ်မပေးလိုက်ရဘူး။ နယူးယောက်ကနေ ဆန်ဖရန်စစ္စကို လာတုန်းက TSA free ၊ ဒီတစ်ခါတော့ TSA ဖရီးမဟုတ်တော့ ဖုန်း၊ ကင်မရာ၊ အိုင်ပတ်၊ နာရီ၊ သော့၊ ခါးပတ်၊ အိတ်၊ ဖိနပ်တွေကို ဗန်းထဲထည့်စစ်တယ်။ ဦးထုပ်၊ ဖိနပ် ချွှတ်ရတယ်။ လေဆိပ်ထဲက အဲယားကွန်းက အေးတတ်တော့ အနွေးထည်ဆောင်ရတယ်။ သုံးယောက်တစ်တန်းတည်း၊ ကိုယ့်ဘေးနားမှာက အမေရိကန်မလေး။ တတန်းနဲ့တတန်း ကျဉ်းကျဉ်းလေး။ ကျယ်ကျယ်ခုံဆိုရင် ၅၀၊ ၁၀၀ လောက် ထပ်ပေးရတယ်။ မနေ့ညက ကမ္ဘောဒီးယားဆိုင်က ဝယ်လာတယ့် ထမင်းတွေစား၊ အိပ်လိုက်၊ Mulan ကာတွန်းကားကြည့်လိုက်နဲ့ နယူးယောက်ကို သတ်မှတ်ထားချိန်အတိုင်း ရောက်တယ်။ အယ်မလေးဟဲ့ ... လော့အိန်ဂျလစ်ကနေ နယူးယောက်ကို မိုင် ၃၀၀၀ လေယာဉ် ၆ နာရီစီးရတုန်းက ခေါင်းမမူးဘူး သူ့ကား နာရီဝက်လောက် စီးရတာ ခေါင်းကို မူးထွက်သွားတာပဲ။ ကိုယ်တို့ နယူးယောက်ကို ပြန်ရောက်တယ့်နေ့က ဇူလှိုင် ၂ ရက်၊ တစ်ရက်နား၊ ဇူလှိုင် ၄ လွတ်လပ်ရေးနေ့ဆိုတော့ ဟတ်ဆန် Hudson မြစ်ပေါ်မှာ မီးရှူးမီးပန်းဖောက်တာတွေကို အဖေတို့ကို ပြချင်ပေမဲ့ ညနေ ၄ နာရီလောက်ကတည်းက နေရာဦး၊ လူတွေက အများကြီး၊ အိမ်သာသွားဖို့ခက်၊ ည ၉ နာရီခွဲမှ မီးရှူးမီးပန်းဖောက်တာဆိုတော့ လိုက်မပြတော့ဘူး။
အိမ်နားမှာ မီးရှူးမီးပန်းဖောက်တော့ နတ်ဆုက ကြောက်လို့ ကုတင်အောက်ကို ဝင်ပြေး၊ ဧည့်ခန်းမှာ အိပ်နေတဲ့ အဖေတို့ဆီကိုပြေး၊ တအီအီနဲ့ ကိုယ့်ပေါ်ကိုတက်လာ၊ အဖေက လက်ကေ့စ်အိတ်တွေနဲ့တား၊ ဒါလည်း မရဘူး အတင်းဝင်လာ နောက်တော့ ခွေးလည်းမော လူလည်းမောပြီး အိပ်ပျော်သွားကြတယ်။ အမေက နတ်စုကို နတ်စိတဲ့ နတ်စု Natsu ဆိုတာ ဂျပန်လို နွေလို့အဓိပ္ဗာယ်ရပါသတဲ့ Shiba မျိုး။ နတ်စုဟာ အတော်ကြောက်တတ်တဲ့ ခွေးမလေး အိမ်ထဲကနေ ဝုတ်ဝုတ်ဟောင်ရဲပေမဲ့ အပြင်ထွက်ရင် ခွေးသေးသေးကိုတောင် ကြောက်လို့ သခင်နား ကပ်နေတတ်တယ်။ ဇူလှိုင် ၅ မှာ ကိုယ့်မွေးစားအမေတို့ မိသားစုက ကထိန်သင်္ကန်းကပ်တာ ကိုယ်တို့ကိုဖိတ်တော့ သုံးပါးကျောင်းမှာ သင်္ကန်းသွားကပ်ဖြစ်သေးတယ်။ ဇူလှိုင် ၆ ရက်မှာတော့ အောက်မက်ဟန်တန် ဘက်ထရီ Battery ပန်းခြံကနေ စတေတန်အိုင်လန် Staten Island ဆီ ၂၄ နာရီ နာရီဝက်တစ်ခါ အလကား ပြေးဆွဲပေးတဲ့ စတေတန်အိုင်လန်ဖယ်ရီ စီးကြတယ်။ လစ်ဘာတီရုပ်တုနားကနေ ဖြတ်မဲ့ဖက်မှာဆို လူတွေကြိတ်ကြိတ်တိုး။ စတေတန်အိုင်လန်မှာ နာရီဝက်လောက်နား၊ ဖယ်ရီပြန်စီး၊ နယူးယောက်စတိတ်အိတ်ချိန်း၊ ၉ ၁၁ တုန်းက ကယ်ဆယ်ရေးစခန်းအဖြစ် သုံးခဲ့ကြတဲ့ စိန့်ပေါလ်ဘုရားရှိခိုးကျောင်း၊ ထရစ်နစ်တီ Trinity ဘုရာရှိးကျောင်းတွေကို လိုက်ပို့ဖြစ်တယ်။
သုံးပါးကျောင်းဆရာတော်ကို သင်္ကန်းကပ် |
အဖေက သမီး နယူးယောက်မှာ တော်တော်နှံ့တာပဲတဲ့။ ကိုယ် မနှစ်က meet up အဖွဲ့တွေနဲ့ walking tour တွေ သွားထားတဲ့အကျိုး။ ဆူနမ်တို့နဲ့ မဟုတ်ဘဲ သွားတဲ့ခရီးစဉ်တွေအားလုံးက ဘတ်ဂျက်တိုးတွေနဲ့ သွားတာပါ။ တိုးခမှာ ကားခ၊ ဟိုတယ်ခပဲ ပါဝင်ပြီး ပြတိုက်၊ ဘာညာဝင်ကြေး၊ စားစရိတ်၊ တိုးဂိုက်ခ တနေ့ ၈ ကျပ်ကို သပ်သပ်ပေးရပါတယ်။ ခရီးစဉ်မတိုင်ခင် ကြိုရောက်ချင်တယ်၊ ခရီးစဉ်ပြီးဆုံးသွားပေမဲ့လည်း ဆက်နေချင်ရင် တည်းခိုဖို့ ဟိုတယ်တွေနဲ့ ဝက်ဆိုက်မှာ ချိတ်ပေးထားတော့ ဟိုတယ်တွေကိုလည်း ရွေးချယ်နိုင်ပါတယ်။ ကိုယ်သွားတဲ့ခရီးကို ဘွတ်တယ့်လင့်ခ်က ဒီမှာပါ။
7 Day Yellowstone, East & South Rim Grand Canyon and Antelope Canyon Tour from San Francisco
TakeTours
LLTours
Seagull Holiday Tour
ကိုယ်တို့က ဆန်ဖရန်စစ္စကို တစ်ရက်စောရောက်ပြီး မြို့လယ်က ဟိုတယ်တစ်ခုမှာ တည်းပါတယ်။ကြယ်သုံးပွင့် ဆိုပေမဲ့လည်း မဆိုးဘူး နှစ်ယောက်ကုတင်ကို ၁၀၀ နဲ့ ၁၅၀ ကြားပေးရတယ်။ ပြီးတော့ တိုးစုရပ်နဲ့ မိနစ် ၂၀ လောက်ပဲဝေးတယ်။ အပြန် LA မှာ တညအိပ်တာက Comfort Inn မှာပါ လေဆိပ်နဲ့နီးပြီး ဈေးသက်သာတဲ့ အင်းဆိုပါတော့။ တိုးခက ၆၀၀၊ လေယာဉ်ခက ၄၀၀၊ ဂရမ်းကမ်ညမ်မှာ ဟယ်လီကော်ပတာစီးတာက ၁၈၀၊ တရက် ၈ ကျပ်နှုန်းနဲ့ ၇ ရက်တိုးဆိုတော့ တိုးဂိုက်ခ ၅၆၊ တက္ကစီခ၊ အစားသောက်၊ ဘာညာဝင်ကြေးတွေနဲ့ဆိုရင် ဒီ၇ရက်တိုးက တစ်ယောက် ၁၅၀၀ အထက်မှာပဲ ရှိမယ်ထင်တယ်။ နောက်တစ်ပတ် ရုံးပိတ်ရက်မှာတော့ အဖေ့တို့ကို ဘော်စတွန် လိုက်ပို့ဖြစ်ပါတယ်။ ဘော်စတွန်ကို ကိုယ်သုံးခေါက်ရောက်ဖူးပြီး ဘော်စတွန်သွားတောလားတွေ တင်ဖူးပေမဲ့ ကိုယ့်မိဘတွေနဲ့ အမှတ်တရခရီးစဉ်မို့ ထပ်တင်ပါဦးမယ်။ အဲ ... လာမယ်ကြာမယ်ဆိုပါတော့။
ခရီးတွေများများ သွားနိုင်ပါစေ ...
စန်းထွန်း
ဇန်နဝါရီ ၁၈၊ ၂၀၁၆။
5 comments:
အမ၇ယ် မျှော်နေတယ်နော်...ယူအက်စ်သွားချင်တဲ့စိတ်တွေထိန်းမရဘူးရယ်..လောလောဆယ်တော့ အာရှကိုတောင်မနှံသေးဘူးရယ်..။
"တွေတယ့်။" က မှားတယ်... "တွေတဲ့။" ဆိုတာမှ အမှန်
"နေတာတယ့်။ " က မှားတယ်... "တွေတဲ့။" ဆိုတာမှ အမှန်
"၀ယ်ခဲ့တယ့်။" က မှားတယ်... "၀ယ်ခဲ့တဲ့။" ဆိုတာမှ အမှန်
"မယုံနဲ့ တယ့်။" က မှားတယ်... "မယုံနဲ့ တဲ့။" ဆိုတာမှ အမှန်
အားရပါးရ ဖတ်သွားတယ်။
မမအိုင်အိုရာ
ဆုမြတ်မိုး said...
အမရယ် မျှော်နေတယ်နော်...ယူအက်စ်သွားချင်တဲ့စိတ်တွေထိန်းမရဘူးရယ်..လောလောဆယ်တော့ အာရှကိုတောင်မနှံသေးဘူးရယ်..။
ယူအက်စ်လာလည်ရင်ပြောမယ်နော် း)
January 18, 2016 at 10:27 PM
Anonymous said...
ဒီဘလော့ကို အမြဲဖတ်ဖြစ်တယ်။
ခုပိုစ့်မှာ တဲ့ ကို တယ့် ဆိုပြီး မှာရေးထားတာအများကြီးတွေ့မိတယ်။
"တွေတယ့်။" က မှားတယ်... "တွေတဲ့။" ဆိုတာမှ အမှန်
"နေတာတယ့်။ " က မှားတယ်... "တွေတဲ့။" ဆိုတာမှ အမှန်
"ဝယ်ခဲ့တယ့်။" က မှားတယ်... "ဝယ်ခဲ့တဲ့။" ဆိုတာမှ အမှန်
"မယုံနဲ့တယ့်။" က မှားတယ်... "မယုံနဲ့တဲ့။" ဆိုတာမှ အမှန်
၂၀၁၆ မှာ ၂၀၁၅ ကထက်ပိုပြီး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ ပျော်ရွှင်ပါစေ။
January 19, 2016 at 12:49 AM
San San Htun said...
ဆုမြတ်မို း ယူအက်စ် လာလည်ရင်ပြောနော်... ပုန်းနေမလို့.... :P
အမည်မသိ း ထောက်ပြပေးတာ ကျေးဇူးနော်... နောင် အမှားတွေ့ရင်လည်း ထောက်ပြပေးပါဦး..
January 23, 2016 at 1:45 PM
Iora said...
နှင်းမုန်တိုင်းကြောင့်
အိမ်ထဲကမထွက်နိုင်တော့ စန်းထွန်းပို့စ်အသစ်လေးတင်မှာဘဲဆိုမျှော်နေတာ။
အားရပါးရ ဖတ်သွားတယ်။
နေကောင်းရဲ့လားစန်းထွန်းလေးရေ။
မမအိုင်အိုရာ
January 24, 2016 at 1:12 PM
Post a Comment