29 May 2015

အယ်ဘနီသွား တောလား - ၂

မနက် ၆ နာရီ ၂၀ မောနင်းကောခေါ်နှိုးပြီး ၇ နာရီ ၂၀ မှာ စတင်ထွက်ခွာပါမယ်တဲ့။ ဟိုတယ်က မနက်စာကို မနက် ၄ နာရီကတည်းက ‌ကျွှေးပေမဲ့ ၇ နာရီမှာပဲ သွားစားတော့တယ်။ ကိုယ်က မနေ့က အင်္ကီျ ပြန်ဝတ်ပေမဲ့ ဝိုင်းက တစ်စုံလဲတယ်။ တခုခုပေသွားစွန်းသွားခဲ့ရင် ဘယ်လိုလုပ်မလဲ လိုလိုမယ်မယ် အပိုတစ်စုံဆောင်လာသင့်တယ်လို့ ဝိုင်းက အကြံပေးတယ်။ မနက်စာက ကြက်ဥပြုတ်နှစ်လုံး၊ ကော်ဖီအနည်းငယ်၊ လိမ္မော်ရည်နည်းနည်း သောက်ဖြစ်တယ်။ ဝေဖာ၊ ပေါင်မုန့်တွေ ရှိပေမဲ့ မကြိုက်ဘူး။ ကိုယ်က ငှက်ပျောသီး၊ ဆန်းကစ်၊ ပန်းသီးစားချင်တာ။ ကိုယ်ယူလာတဲ့ လိမ္မော်သီးကို ပြီးမှစားရမယ်။ ပထမဆုံး သွားရောက်လည်ပတ်မဲ့နေရာက ဟိုက်ကာစိန်တွင်း Herkimer Diamond Mines ပါ။ မနေ့က တိုးဂိုက်ဂျယ်ရီက နယူးယောက်စတိတ်ပြတိုက်မှာ ပြထားတဲ့စိန်ကို ညွှန်ပြရင်း မနက်ဖြန် တို့တွေ စိန်တွင်းကိုသွားပြီး အဲဒီလိုစိန်မျိုး ရှာကြမယ်လို့ ပြောနေသေးတယ်။ စိန်တွင်းကိုရောက်တော့ ရွှေရောင်ကွင်းလေးတွေ ပတ်ပေးတယ်။ I <3 NY တိုးအစီအစဉ်သစ်တွေ မြှင့်တင်ရေး အစီအစဉ်အရ တိုးကုမ္ဗဏီက ဝန်ထမ်းတွေက I <3 NY အင်္ကီျလေးတွေဝတ်ပြီး ဗီနိုင်းစကိုင်ပြီး တိုးခရီးသည်တွေနဲ့ ဓာတ်ပုံရိုက်ကြတယ်။ သူဋ္ဌေးကိုလည်း လက်ခုပ်တီးပြီး ကြိုဆိုကြတယ်။

သူတို့တွေ ကွိကွအိအား ပြောဆိုနေကြတော့ တရုတ်စကားမပြောတဲ့ အဖြူစုံတွဲ၊ ဝိုင်း၊ ကိုယ်၊ ကိုယ်တို့ထိုင်ခုံရှေ့က အမေရိကန်ကြီးက တယောက်ကိုတယောက်ကြည့်ပြီး ပြုံးကြတယ်။ ဘာတွေလဲ ကိုယ်တို့နားမလည်ဘူးပေါ့။ သူတို့ဓာတ်ပုံရိုက်နေချိန်မှာ ဘေးပတ်ဝန်းကျင်ကို စူးစမ်းတယ်။ ရေတံလျှောက်လေးမှာ စီးနေတဲ့ ရေတွေထဲကနေ ကျောက်တွေရှာနေတာ တွေ့တယ်။ မန်နေဂျာမက စိန်တွေဟာ ဟိုးအမြင့်ကြီးမှာ ရှိတာမဟုတ်ဘူး ဒူးအောက်မှာပဲရှိတာ။ ဒါကြောင့် မြေကြီးမှာ သေသေချာချာကြည့်ရှာ။ ကျောက်ကိုထုခွဲလို့ စိန်တွေ့ရင် စိန်ကို ဖဲ့မယူနဲ့ အဲဒီလို ကျောက်မှာကပ်နေတဲ့ စိန်ကမှ တန်ဖိုးရှိတာတဲ့။ ကျောက်တွေကိုထုဖို့ တူ၊ မျက်စိကို ကာကွယ်ဖို့မျက်မှန်တွေ ပေးပေမဲ့ တူက လေးလို့ မသယ်တော့ပါဘူး။ ပလတ်စတစ်အိတ်လေးတွေပေးတယ် စိန်တွေထည့်ဖို့။ မန်နေဂျာမက ရယ်ဒီလားလို့မေးတော့ ရယ်ဒီလို့အော်ကြတယ်။ မဟုတ်သေးဘူး အာ ယူ ရယ်ဒီ အားလုံးက ရက်စ် ရယ်ဒီ။ မဟုတ်သေးဘူး အာယူရယ်ဒီ အားလုံးက အသားကုန်ဟစ်ပြီး သံပြိုင်ရယ်ဒီလို့ အော်ကြတယ်။ အောင်မယ် တချို့များဆို အရိပ်ရအောင် အမိုးထိုးပြီး တကယ့်ကို စိန်ရှာနေတာ။ ကျောက်ကိုထုခွဲသံ တဒိုင်းဒိုင်းသံတွေ ကြားရတယ်။ ကျောက်ခဲတွေမှာ စိန်ပွင့်လေးတွေ လင်းလက်နေတယ်။ အဲဒါတွေစုသွားပြီး စိန်ဖြစ်သွားတာတဲ့။


ဟိုက်ကာဒိုင်းမွန်းမိုင်းမှာ ရနိုင်တဲ့ ကျောက်တွေ
အပြာရောင် အဖီမိုးချပြီး တကယ့်ကို စိန်ရှာနေတာ
အခေါင်းထဲက စိန်သေးသေးလေးကို မြင်ပါသလား
စိန်ရှာကြသူများ


ဝန်ထမ်းတစ်ယောက်က ဝိုင်းကို ကျောက်လာပေးတယ် အထဲက အခေါင်းမှာ ခရစ်စတယ်ကျောက်လေး။ ကိုယ်ကတော့ အလကားမရ၊ ဘယ်တော့မှ အလွယ်တကူ မရနိုင်တဲ့ ကိုယ့်ကံကို ကိုယ်သိလေတော့ သစ်ပင်အောက်မှာ ထိုင်ပြီးအနားယူတယ်။ အချိန်စေ့လို့ပြန်တော့ အချင်းချင်း ဘာတွေရလဲလို့ ပြကြတယ်။ ကိုယ့်ရဲ့ ပလတ်စတစ်အိတ်ကသာ ဗလာ။ ရောင်းနေတဲ့ ကျောက်တွေကို စနည်းနာကြတော့ ဝိုင်းရတဲ့ကျောက်က ရောင်းရင် ၅ ကျပ်လောက် ရနိုင်တယ်။ ဝိုင်းက သူရတဲ့ ကျောက်တုံးကို ဗီယက်နမ်ထိတောင် သယ်သွားမလို့ဆိုပဲ အမှတ်တရတဲ့။ ကွတ်ကီး၊ အာလူးကြော်၊ ဟော့ဒေါ့၊ အအေး၊ ရေခဲမုန့်‌ကျွှေးပါတယ်။ ဝစ်စပီးလို့ခေါ်တဲ့ ပစ်ပြီးဆော့လို့ရတဲ့ဟာကို မသယ်ချင်ပေမဲ့ သူတို့က အတင်းပေးနေတော့ သယ်လာလိုက်တယ်။ ဝိုင်းက ထားပစ်ခဲ့လို့ မကောင်းဘူး သယ်လာလိုက် ပြီးမှ လွှတ်ပစ်လိုက်မယ်တဲ့။ Erie Canal Cruise စီးဖို့ သင်္ဘောဆိပ်ဆီ မောင်းပါတယ်။ လက်မှတ်သိမ်းတာက အင်္ကီျအဖြူ၊ ပခုံးပေါ်မှာ အနက်ရောင်အောက်ခံ အဝါကြောင်းတွေပါတဲ့ ရေကြောင်းသင်္ဘောဝတ်စုံ ဝတ်ထားတဲ့ မိန်းမငယ်လေး သုံးယောက်။ အပေါ်ထပ်ကို တက်တဲ့အချိန် တရုတ်တွေအားလုံး အကုန်ပြန်ဆင်းလာတော့ နေရာမရှိတော့တာ ဖြစ်ရမယ်။ အောက်ထပ်မှာ ထိုင်ခုံတွေ အများကြီး။ ဒါပေမဲ့ မြစ်ဘေးနားကပ်နေတဲ့ ထိုင်ခုံတွေက လူအပြည့်။ သဘောၤဦးပိုင်းကို သွားကြည့်တော့ အမေရိကန်တွေအပြည့်။ တရုတ်အဘိုးအဘွားစုံတွဲလည်း ထိုင်နေတယ်။ အမေရိကန်အဘွားကြီးကို ထိုင်လို့ရလား မေးကြည့်တော့ လာထိုင်တဲ့။


နယူးယောက်ပြည်နယ်မှာ သက်တမ်းအရှည်ဆုံးဖြစ်တဲ့ Fort Herkimer Church
ဖြတ်သွားတဲ့ သင်္ဘောပေါ်က လူတွေက လက်ပြနှုတ်ဆက်ကြတယ်

သင်္ဘောထွက်တော့ တရုတ်တွေ သင်္ဘောဦးပိုင်း လာကြတယ်။ ထိုင်ခုံနေရာအားလား  မအားလား မမေးဘူး စွတ်ထိုင်ကြတော့တာပဲ။ ကွိကွအိအားနဲ့ ဓာတ်ပုံတွေရိုက်ကြ ကျွှပ်ကျွှပ်ကို ညံနေတာပဲ။ ဓာတ်ပုံရိုက်ချင်ပေမဲ့ ကိုယ်တို့က အတွင်းမှာဆိုတော့ ထွက်ရပြုရ အားနာတာနဲ့ မရိုက်တော့ဘူး။ နေရှိန်ကလည်းပြင်းတော့ နေကာမျက်မှန် မတပ်ထားတဲ့ဝိုင်းက မျက်လုံးကို ဖွင့်လို့မရဘူး။ လေတဖြူးဖြူးနဲ့ဆိုတော့ အိပ်တောင်ငိုက်တယ်တဲ့။ ကိုယ်ကတော့ ဘေးပတ်ဝန်းကျင်ကို ငေးလိုက် ရှင်းပြတာကို နားထောင်လိုက်နဲ့။ ဖြတ်သန်းသွားတဲ့ သင်္ဘောတွေ၊ ငါးမျှားနေတဲ့ သင်္ဘောတွေ၊ ကမ်းခြေမှာ ငါးမျှားနေတဲ့သူ၊ စက်ဘီးစီးနေတဲ့သူတွေက လက်ပြပြီး နှုတ်ဆက်ကြတယ်။ တူးမြောင်းဟာ နဂိုက ၃၆၃ မိုင် ရှည်လျားပြီး အယ်ဘနီ ဟတ်ဆန်မြစ်ကနေ ဘယ်ဖဲလိုးမြို့ အီရီရေကန်ထိ ရှည်ပါသတဲ့။ နယူးယောက်စီးတီး၊ အတ္တလန္တိတ်သမုဒ္ဒရာ၊ Great Lakes တွေကို ချိတ်ဆက်နိုင်ဖို့အီရီတူးမြောင်းကို ဖောက်လုပ်ခဲ့ပါသတဲ့။ ၂၀၁၄ ဧပြီ ဝါရှင်တန်ဒီစီ ချယ်ရီပွဲတော်ကို သွားတုန်းက Mount Vernon Cruise စီးခဲ့တာကို သတိရမိသွားတယ်။ ဝါရှင်တန်ဒီစီကနေ ပတ်တိုးမတ်မြစ်အတိုင်း ၁ နာရီကျော်လောက် စုန်ဆင်းပြီး ဗာဂျီးနီးယားပြည်နယ်က အမေရိကန်လွတ်လပ်ရေးဖခင်ကြီး စစ်ဗိုလ်ချုပ် ဂျော့ဝါရှင်တန်စံအိမ်ရှိတဲ့ Mount Vernon ကို ခရူစီးရတဲ့ခရီးက အင်မတန် သာယာတယ်။ နယူးယောက်ပြည်နယ်မှာ သက်တမ်းအရှည်ကြာဆုံး ဘုရားရှိခိုးကျောင်းဖြစ်တဲ့ Fort Herkimer Church နားရောက်တော့ သဘော်ကို အရှိန်နှေးပေးတယ်။ ဘုရားကျောင်းကို အခါကြီးရက်ကြီးတွေမှပဲ ဖွင့်လှစ်တော့တယ်တဲ့။ ၁၇၆၇ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ၁၉၇၂ မှာ နိုင်ငံ့သမိုင်းဝင်နေရာအဖြစ် မှတ်ပုံတင်ခဲ့ပါတယ်။

Mohawk Valley
Erie Canal
ကိုယ်တို့ရောက်နေတဲ့ တူးမြောင်းရေမျက်နှာပြင်က တဖက်ခြမ်း မြစ်ရေမျက်နှာပြင်ထက် မြှင့်နေတယ်
ရေမျက်နှာပြင် တဖြည်းဖြည်း နိမ့်ကျသွားတယ်
မြစ်က ၃၅ ပေနက်ပြီး လူလုပ်တဲ့တူးမြောင်းက ၁၈ ပေပဲနက်တော့ လူလုပ်တူးမြောင်းနဲ့မြစ် ဆက်သွယ်ထားတဲ့နေရာမှာ ဂိတ်တံခါး ရှိပါတယ်။ ကိုယ်တို့အခုရောက်နေတဲ့ ရေပြင်အမြင့်က ဂိတ်တံခါးတဖက်က မြစ်ရေပြင်ထက် မြှင့်နေပါတယ်။ တဖြည်းဖြည်းနဲ့ ရေမျက်နှာပြင် နိမ့်လာပြီး မြစ်ရေပြင်အမြင့်နဲ့ တူညီသွားတဲ့အခါ ဂိတ်တံခါးကို ဖွင့်လိုက်ပါတယ်။ ဂိတ်တံခါးမဖွင့်ခင် မြစ်ဖက်မှာ လှေ၊ သင်္ဘောတွေ ရှိမရှိ စစ်ဆေးရပါတယ်။ လှေ၊ သင်္ဘောတွေ ရှိနေရင် ဂိတ်တံခါး ဖွင့်လိုက်တဲ့အခါ တဟုန်ထိုးစီးလာတဲ့ ရေတွေကြောင့် မှောက်သွားနိုင်လို့တဲ့။ လွန်ခဲ့တဲ့ နှစ် ၁၀၀ တုန်းကအတိုင်း ဆောက်ရွက်နေတာပါ ပနားမားတူးမြောင်းလည်း ဒီလိုပဲတဲ့။ ပနားမားတူးမြောင်းအကြောင်းကို ယူကျူဗီဒီယို ကြည့်ဖူးတယ်။ အီရီကန်နယ်ခရူစီးပြီး ဒီဂိတ်တံခါးဖြတ်မှပဲ နားလည်သွားတော့တယ်။ အခွင့်ကကြုံရင် အီရီကန်နယ်ခရူစီးဖို့ တိုက်တွန်းချင်ပါတယ်။ တူးမြောင်းဂိတ်တံခါးဖက်ခြမ်းက ရေတွေကို စုတ်ထုတ်တဲ့အခါ သုံးတဲ့ဂျင်နယ်ရယ်မော်တာတွေက DC ကို သုံးတာတဲ့။ AC တောင် မပေါ်သေးဘူး။ လီယိုနာဒိုဗင်ချီက တီထွင်ခဲ့တာလို့ ကြားလိုက်တော့ လီယိုနာဒိုဗင်ချီဆိုတာ ဘယ်သူပါလိမ့် ကိုယ်ကြားဖူးပါတယ်။ ဝိုင်းကို မေးကြည့်တော့ တီထွင်သူ သိပ္ဗံပညာရှင်၊ ပန်းချီပညာရှင် မိုနာလီဆာ ပန်းချီကားဆွဲတဲ့သူလေ။


ကိုယ်တို့ရောက်နေတဲ့ ရေမျက်နှာပြင်က တဖက်ခြမ်း တူးမြောင်းရေမျက်နှာပြင်ထက် နိမ့်နေတယ်
ဂျင်နရေတာ မောင်းလိုက်တော့ ရေတွေပြည့်လာတယ်
ရေမျက်နှာပြင် တဖြည်းဖြည်း မြင့်တက်လာတယ်
ရေမျက်နှာပြင် တပြေးတည်း ဖြစ်သွားပြီ
ဒီတော့ ဂိတ်ကို ဖွင့်လိုက်ပြီ

သြော်... ဒါကြောင့် ကိုယ်သိပါတယ်လို့ တွေးနေတာ။ ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ ဥရောပအနုပညာ မိတ်ဆက်စာအုပ်ထဲမှာ လီယိုနာဒိုဗင်ချီ အကြောင်းပါတယ်။ အဲဒီစာအုပ် မဖတ်ဘူးသေးရင် ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဘာမီးကလပ်စစ်ကနေ ဒေါင်းယူနိုင်ပါတယ်။ မိနစ် ၂၀ လောက် မောင်းပြီးတော့ ပြန်လှည့်ပါတယ်။ Mohawk Valley မိုဟုတ်တောင်ကြားအလှကို တွေ့မြင်ရပါတယ်။ ဂိတ်နား သင်္ဘောရောက်တဲ့အခါ  ရေမျက်နှာပြင်က တဖက်တူးမြောင်းဖက် မြစ်ရေပြင်က နိမ့်နေတယ်။ ဂျင်နရယ်မော်တာ လည်လိုက်တဲ့အခါ ရေတွေရောက်လာတယ်။ ရေမျက်နှာပြင် မြှင့်တက်လာပြီး တဖက်တူးမြောင်း ရေမျက်နှာပြင်နဲ့ တပြေးညီဖြစ်သွားတဲ့အခါ ဂိတ်တံခါးကို ဖွင့်လိုက်တယ်။ ခရူသင်္ဘောတွေ စီးရတဲ့အခါ မြင်ရတဲ့ ဘေးတဖက်တချက်က ရူခင်းတွေက သာယာလှပတာချည်းပါပဲ။ ဒါပေမဲ့ ဒီအီရီခရူကတော့ အီရီကန်နယ်ကြောင့် ထူးခြားတယ်။ ဒီခရီးစဉ်မှာ ကိုယ်သဘောအကျဆုံးက အီရီကန်နယ်ခရူပါပဲ။ ကိုယ်တို့တိုးကားပေါ်က လူတော်တော်များများက ဒါမျိုးပထမဆုံးအကြိမ် မြင်ဖူးတာလို့ ပြောကြတယ်။ ကပ္ဗတိန်ပြောပြတာတွေလည်း အင်မတန် စိတ်ဝင်စားဖို့ ကောင်းတယ် Award Winning Naration ပါတဲ့။ အီရီကန်နယ်ကနေ မြောက်ကာရိုလိုင်းနား၊ တောင်ကာရိုလိုင်းနား၊ ဖလော်ရီဒါ Key West ထိ ဆက်သွယ်ထားပါသတဲ့။ နယူးယောက် အပ်စတိတ် Great Lakes တွေကနေ Midwest အနောက်အလယ်ပိုင်းဒေသ အိုဟိုင်းရိုးမြစ်၊ မစ္စစပီမြစ်အတိုင်း စုန်ဆင်းပြီး နယူးအော်လင်းထိ ၅ လ၊ ၆ လ ခရီး သူ သွားဖူးတယ်တဲ့။

အီရီကန်နယ်တူးမြောင်းက တခြားမြစ်ထက် မြင့်နေတယ်


အခွင့်အခါသင့်ရင် စုန်ဆင်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်တဲ့။ အိုဟိုင်းရိုးမြစ်ဆိုလို့ ကန်တက်ကီပြည်နယ် လူဝီဗီလ်ကိုတောင် သတိရမိသွားတယ်။ လူဝီဗီလ်က အိုဟိုင်းရိုးမြစ်ဘေးနားမှာ ရှိတာကိုး။ ကိုယ့်ဆူပါဗိုက်ဆာ တရုတ်မယန်းကို ပြောပြတော့ ဘေဂျင်းကနေ တောင်ပိုင်း ဟန်ကျိုးအထိ ၁၁၁၅ မိုင် ရှည်လျားတဲ့ ကမ္ဘာပေါ်မှာ အရှည်ဆုံးကန်နယ်၊ လူလုပ်မြစ် ဂရန်းကန်နယ် ရှိပါသတဲ့။ မြို့တော်ဘေဂျင်းဆီ ကုန်စည်တွေ ပို့ဆောင်ချင်တော့ ဖောက်လုပ်ခဲ့တာပါ ခုထိသုံးနေဆဲပါတဲ့။ ဟန်ကျိုးက တရုတ်အဘွားကြီးနဲ့ စကားစမြည်ပြောဖြစ်တော့ တရုတ်ပြည်မှာ ဆိုရိုးစကားရှိတယ် ကောင်းကင်မှာ တာ့ဟန် ... အင်္ဂလိပ်လို ဘယ်လိုပြန်ရမှာလိမ့်။ ဝိုင်းက paradise လို့ ပြောတာလား သူတို့ဗီယက်နမ်မှာလည်း ဆိုရိုးရှိတယ် အထက်မှာဆို Heaven ၊ Paradise လောက် သာယာတာ မရှိဘူး။ မြေပြင်မှာဆို ဟန်ကျိုးလောက် သာယာလှပတာ မရှိဘူးတဲ့။ ဟန်ကျိုးက ရေကန်က အင်မတန်သာယာတယ်။ စူးကျိုးက ပန်းခြံက အင်မတန်လှတယ်။ ဝိုင်းက စူးကျိုးကို ရောက်ဖူးတယ်။ စူးကျိုးက ပိုးထည်တွေက နာမည်ကြီးတယ်။ တရုတ်အဘွားကြီးက သုံး၊ လေးနှစ်တကြိမ် ဟန်ကျိုးနဲ့ တနာရီဝေးတဲ့ သူ့ဇာတိကို ပြန်တယ်။ ပြန်တိုင်း ဟန်ကျိုးကို သွားလည်တယ်တဲ့။ သူ့အသက်အရွယ်နဲ့ နှစ်တိုင်းပြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး လေယာဉ်စီးရတာ တော်တော်ပင်ပန်းတယ်တဲ့။

ဒီပန်းဝါဝါတွေကို အခြောက်လှန်းပြီး ရေနွေးကြမ်းထဲ ခပ်သောက်ဖို့ ခူးကြတယ်


နောက်ဆုံးသွားရောက်တဲ့နေရာကတော့ စတန်းဝပ်ခံတပ်ပါ။ ပြင်သစ်၊ အင်ဒီယန်းစစ်ပွဲတုန်းက ဗြိတိသျှဗိုလ်ချုပ် ဂျွှန်စတန်းဝပ်က ၁၇၅၈  သြဂုတ် ၂၆ မှာ တည်ဆောက်ခဲ့တာ ၁၇၆၂ မှာမှ ပြီးပါတယ်။ အမြောက်တွေ၊ ဝက်ဝံသားရေတွေနဲ့ ဓာတ်ပုံရိုက်ကြတယ်။ ဘယ်အဆောင်က ဘာလုပ်တာလို့ ရှင်းပြထားတာကို ဖတ်ကြည့်တယ်။ တရုတ်အန်တီကြီး ၄ ယောက် ပန်းဝါဝါတွေကို ခူးနေလို့ ဘာလုပ်ဖို့လဲ မေးကြည့်တော့ အခြောက်လှန်းပြီး ရေနွေးထဲ ထည့်သောက်တာတဲ့။ မိန်းကလေးတွေအတွက် အင်မတန် သင့်တော်ပါသတဲ့။ ကိုယ့်ဘေးနားမှာထိုင်တဲ့ ၁ နှစ်ခွဲအရွယ် ကလေးမလေးက အတော်စိတ်ကြီးတယ်။ သူ့ဘာသာလုပ်မယ် ဆိုတာကြီးပဲ အမေလုပ်ပေးရင် အော်ဟစ်နေတယ်။ ရှေ့မှာထိုင်တဲ့အန်တီကြီးတွေက ချော့ရင် ငြိမ်နေတယ်။ ကလေးတွေက သိပ်သိတာပဲ။ ကိုယ့်ခြေထောက်ကို လာလာဆွဲတယ်။ ချစ်စရာ ဗွေနှစ်လုံးမလေး။ အဲယားကွန်းက မအေးလို့ တစ်နာရီလောက် အပူဒဏ်ခံလိုက်ရတယ်။ ခရီးသွားမှတော့ အိမ်မှာလိုတော့ ဘယ်အဆင်ပြေပါ့မလဲ။ တခြားတရုတ်တိုးဂိုက်တွေ အင်္ဂလိပ်နည်းနည်း၊ တရုတ်လိုများများ ရှင်းပြတယ်။ တိုးဂိုက်ဂျယ်ရီက အင်္ဂလိပ်ပြောတဲ့အတိုင်း တရုတ်လို ဘာသာပြန်တယ်။ ဂျယ်ရီရဲ့ကောင်းတဲ့အချက်က တနေရာကို ရောက်ပြီဆိုရင် အချိန်ပေးတာ သိပ်တော်တယ်။ နယူးယောက် စတိတ်ပြတိုက်က တိုးအစီအစဉ်မှာ မပါဘူး။ တိုးခရီးသည်တွေက အချိန်တိကျ၊ နောက်မကျတော့ ပိုနေတဲ့အချိန်ကို နယူးယောက်စတိတ်ပြတိုက်ကို လိုက်ပြတယ်။

နွေရာသီအထူးအစီအစဉ် I <3 NY တိုးခရီးစဉ် မြှင့်တင်ရေး ပထမဆုံးအသုတ်ဖြစ်တဲ့ ခုခရီးစဉ်မှာ အထူးအစီအစဉ်အနေနဲ့ နေ့လည်စာ‌ကျွှေးပြီး I <3 NY တီရှပ် ၄ ထည် မဲဖောက်ပါတယ်။ ဝိုင်းက မဲပေါက်တယ်။ ကလေးမလေးတစ်ယောက်က မဲနှိုက်တာ သူ့နံပါတ်ကို နှိုက်မိရဲ့သား ဖြစ်နေလို့ ရယ်ရလိုက်တာ။ ကိုယ်က သကြားလုံးပေါက်တယ် စားတောင်မစားလိုက်ဘူး အိမ်ရောက်တာနဲ့ လွှင့်ပစ်လိုက်တယ်။ ည ၇ နာရီခွဲ နယူးယောက်ကို ဝင်ရမှာ ဟော်လန်တန်နယ်မှာ ကားတွေပိတ်နေတာနဲ့ တရုတ်တန်းကို ၈ နာရီခွဲမှ ရောက်တယ်။ အစက ဖလပ်ရှင်းကို အရင်ဝင်ရင် မီနီရှာဘူးရှာဘူး သွားစားမယ်လို့ တွေးထားတာ။ ဖလပ်ရှင်းကိုလိုက်ပြီး သွားစားမလားလို့မေးတော့ ဝိုင်းက မလိုက်တော့ဘူးတဲ့။ ဖလပ်ရှင်းရောက်တော့ ၉  နာရီ အိမ်ကို ၉  နာရီခွဲမှ ရောက်တယ်။ ခရီးသွားရတာ ပင်ပန်းပေမဲ့ စိတ်အပန်းပြေတယ်။ ခရီးတွေသွားတော့ မမြင်ဖူးတာတွေမြင်ရ၊ မသိတာတွေသိရ၊ ခရီးတွေက သွားပြီးရင်း သွားချင်နေတုန်းပဲ။

Happy Traveling !
စန်းထွန်း
မေ ၂၉ ၊ ၂၀၁၅။

26 May 2015

အယ်ဘနီသွား တောလား - ၁

မေလ ၂၅ တနင်္လာနေ့က မယ်မိုရီဒယ်ဒေးပိတ်ရက် အမေရိကန်မှာ ခရီးတွေသွားကြတဲ့အချိန် ဆိုပါတော့။ ရာသီဥတုကလည်း ပူနွေးလာပြီ သစ်ပင်တွေကလည်း စိမ်းစိုနေပြီ ခရီးသွားဖို့ အင်မတန်ကောင်းတဲ့ အခါသမယ။ ဘွဲ့နှင်းသဘင်တွေ ကျင်းပတဲ့အချိန်ဖြစ်လို့ နေရာတော်တော်များများမှာ ဘွဲ့ယူကြတာကို တွေ့ရတယ်။ မေလ ၂၃  စနေနေ့ အိုင်အိုဝါပြည်နယ်က ကိုယ်တို့ကျောင်းမှာ ဘွဲ့နှင်းသဘင်ရှိတယ် သွားမယူတော့ပါဘူး။ လေယာဉ်ခက ၄၀၀၊ ဟိုတယ်ခ၊ ကားငှားခ ဘာကြေးညာကြေးနဲ့ ၁၀၀၀ လောက် ကုန်မယ်။ အဲဒီအစား တခြားနေရာကို သွားလည်တော့မှာပေါ့။ မယ်မိုရီယမ်ဒေးပိတ်ရက်မှာ ခရီးသွားမလားမှတ်တယ် ဝိုင်းက အာဖရိကအနောက်ဖက် ကင်မရွန်း၊ ကွန်ဂိုနိုင်ငံဘေးနားက ကျွှန်းနိုင်ငံ ဆောက်တိုမယ်ပရင့်စင့်ပယ် Sao Tome and Principe ကို နှစ်ပတ် သွားအလုပ်လုပ်ရမှာ။ ဆောက်တိုမယ်နိုင်ငံလေးက အင်မတန်သေးတဲ့ ကျွှန်းနိုင်ငံ။ ဝိုင်းပြောပြမှာပဲ ကိုယ့်မှာ အဲဒီနိုင်ငံကို ကြားဖူးတော့တယ်။ ပေါ်တူဂီကိုလိုနီမို့လို့ ပေါ်တူဂီစကား သုံးတယ်။ အီကွေတာနဲ့နီးတော့ ရာသီဥတုက ပူလိုက်၊ မိုးရွာလိုက်။ ကျွှန်းနိုင်ငံဆိုတော့ ပင်လယ်စာတွေ အရသာရှိပြီး တခြားအာဖရိကနိုင်ငံတွေနဲ့ မတူဘူး ကွဲပြားခြားနားနေတယ်။ မယ်မိုရီဒယ်ဒေးပိတ်ရက်မှာ ခရီးမထွက်နိုင်တော့ တပတ်စောပြီး ခရီးထွက်လိုက်တယ်။ တညအိပ် ၂ ရက်ခရီး အပ်စတိတ်လို့ခေါ်ကြတဲ့ နယူးယောက်အထက်ပိုင်း အယ်ဘနီမြို့ကို။ အယ်ဘနီမြို့က နယူးယောက်ပြည်နယ်ရဲ့ မြို့တော်ပါ။

အယ်ဘနီမှာ မကြီးသူငယ်ချင်း မသန္တာရဲ့ အချစ်ဆုံးသူငယ်ချင်း မနီနီအောင်ရဲ့ အစ်မ မမီမီအောင် ရှိတယ်။ ကလေး ၃ ယောက်နဲ့ ဘွဲ့ ၃ ဘွဲ့ရအောင်ယူတဲ့အစ်မ super woman လို့ ကိုယ်လေးစားအားကျရတဲ့ အစ်မတွေထဲက တစ်ယောက်။ ကိုယ့်ကိုလာလည်ဖို့ ဖိတ်ခေါ်ပေမဲ့ မအားတာနဲ့ သွားမလည်ဖြစ်ဘူး။ နယူးယောက်ကနေ အယ်ဘနီမြို့ကို မိုင် ၁၅၀၊ ၃ နာရီသာသာ မောင်းရပါတယ်။ Rest Area မှာ နှစ်ခါရပ်ပေးတယ်။ နယူးယောက်မှာ မအေးပေမဲ့ အပ်စတိတ်မှာတော့ အေးသား။ ခရီးသည်တွေက အယောက် ၃၀ လောက်ရှိတယ် အများစုက တရုတ်တွေ။ တရုတ်စကားမပြောတာဆိုလို့ ကိုယ်၊ ဝိုင်း၊ အဖြူစုံတွဲ လေးယောက်တည်း။ တိုးဂိုက်ဂျယ်ရီက ဝိုင်းနဲ့ကိုယ့်ကို မှတ်မိနေတယ်။ အက်ကေဒီးယား၊ ဗာမွန်ခရီးတွေရဲ့ တိုးဂိုက်က ဂျယ်ရီလေ။ ခရီးသည်တွေက အချိန်တိကျတာမို့ ၈ နာရီ အတိအကျထွက်တယ်။ Rest Area တွေမှာ ၁၅ မိနစ် ဆိုရင်လည်း အချိန်အတိအကျ ပြန်ရောက်လာတယ်။ ပထမဆုံးသွားရောက်လည်ပတ်တဲ့နေရာက USS Slater (DE - 766) အမြောက်နဲ့ပစ်ခတ်နိုင်တဲ့ ယူအက်စ်နေဗီသင်္ဘောပါ။ အရင်တုန်းက ယူအက်စ်နေဗီမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဂရိနေဗီမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ရေတပ်သားတွေနေတဲ့ အခန်းတွေက ကျဉ်းကျဉ်းလေး။ ထမင်းစားပွဲခုံပေါ်က မီးလုံးကြီးက ထူးဆန်းလို့ ဘာလဲဟင်လို့ မေးကြည့်တော့ ထမင်းစားပွဲကို တခါတရံမှာ အရေးပေါ် ခွဲစိတ်ကုတင်အဖြစ်လည်း သုံးပါတယ်တဲ့။ ရေကို နှစ်မိနစ်ပဲ ချိုးရပါတယ်တဲ့။ ကပ္ဗတိန်အခန်းမှာ အိမ်သာရှိတယ်။ ရေတပ်သားတွေသုံးတဲ့ အိမ်သာက ကိုယ်တို့ငယ်ငယ်တုန်းက ကျောင်းမှာသုံးတဲ့ အိမ်သာလိုပဲ။


ဘာနေရာသုံးမှန်း မမှတ်မိလိုက်ဘူး
ရေတပ်သားတွေ နေတဲ့အခန်း

စစ်အတွင်းတုန်းကဆိုရင် ဒီလိုတည်ခင်း မစားနိုင်ပါဘူးတဲ့
အဲဒီမီးဆိုင်းကြီးက ခွဲစိတ်တဲ့အခါမှာ သုံးတာ...ထမင်းစားပွဲခုံက ခွဲစိတ်ကုတင် ဖြစ်သွားရော

လေယာဉ်ကို ပစ်နိုင်တဲ့အမြောက်ရှိတယ် တော်တော်လေးတယ်။ ရေငုပ်သင်္ဘောတွေကို တိုက်ခိုက်တဲ့ဗုံးကို ရေအနက်ဘယ်လောက်လို့ သတ်မှတ်ပေးလိုက်ရင် အဲဒီရေအနက်ရောက်ရင် ပေါက်ကွဲတယ်။ ကိုယ်ကြည့်ဖူးတဲ့ ရေငုပ်သင်္ဘော ရုပ်ရှင်တွေထဲမှာ အဲဒါကြီးကို မြင်ဖူးတယ်။ ကိုယ်တို့ဟိုင်းကြီးကျွှန်းမှာ ပမ္မဝတီရေတပ်ဋ္ဌာနချုပ်ရှိတော့ ကိုယ်က ရေတပ်သင်္ဘောတွေကို မြင်ဖူးနေတယ်။ ဒါပေမဲ့ ဒီလိုအထဲကိုတော့ မရောက်ဖူးဘူး။ မြန်မာရေပြင်ပိုင်နက်ကို စောင့်ကြပ်ကင်းလှည့်ဖို့ဓာတ်ဆီဖိုး စလင်းပိုင်ကြေးကို စက်လှေပိုင်ရှင်တွေက လစဉ်ထောက်ပံ့ရတယ်။ အရာရှိစာမေးပွဲဖြေဖို့ကိုလည်း ရပ်ရွာက ထောက်ပံ့ရတယ်။ မြန်မာ့ရေပြင်ပိုင်နက်ကို ရေတပ်မတော်က ထိန်းသိမ်းစောင့်ရှောက်နေတာထက် ရေတပ်မတော်ကို ကိုယ်တို့က ထိန်းသိမ်းစောင့်ရှောက်နေရတယ်လို့ ကိုယ်တို့က မြင်ကြတယ်။ ဒီတော့ ရေတပ်၊ ရဲတွေကို ကိုယ်တို့ဟိုင်းကြီးသားတွေက နည်းနည်းလေးမှ အထင်မကြီးဘူး။ အမေရိကန်မှာတော့ စစ်သား၊ စစ်ပြန်တွေကို သိပ်လေးစားကြတယ်။ သမိုင်းဝင်ဝါရှင်တန်စတိတ်ပန်းခြံကို သွားရောက်လည်ပတ်ပါတယ်။ ဒေသပွဲတော်တွေ၊ တွေ့ဆုံပွဲတွေကို ကျင်းပရာနေရာမို့လို့ ၁၉၇၀ လောက်ကတည်းက နိုင်ငံ့သမိုင်းဝင်နေရာအဖြစ် မှတ်ပုံတင်ထားပါတယ်။ ကျူးလစ်ပန်းထောင်ကျော် စိုက်ပျိုးပြသတဲ့ အယ်ဘနီကျူးလစ်ပန်းပွဲတော်က နာမည်ကြီးပါတယ်။ ကိုယ်တို့ရောက်သွားတော့ ကျူးလစ်က ရာဂဏ္ဏန်းလောက်ပဲ ရှိတော့တယ်။

လေယာဉ်ပစ်အမြောက်
အမြောက်ကျဉ်ဆံ
ရေငုပ်သင်္ဘောတွေကို ဆော်တဲ့ဗုံး...ရေအနက်ဘယ်လောက်လို့ သတ်မှတ်ပေးလိုက်ရင် အဲဒီရေအနက်ရောက်ရင် ပေါက်ကွဲရော
အလာစကာနဲ့ ဟာဝိုင်အီ မပါဝင်လာသေးတော့ ၄၈ ပြည်နယ်ကို ကိုယ်စားပြုတဲ့ ကြယ် ၄၈ ပါတဲ့ အမေရိကန်အလံ


ကျူးလစ်ပန်းတွေနဲ့ ပို့စ်အမျိုးမျိုးပေးပြီး ရိုက်ကြတာပေါ့။ ဝိုင်းကို ကိုယ်ရိုက်ပေးတဲ့ပုံတွေက လှပြီး ဝိုင်း ကိုယ့်ကိုရိုက်ပေးတဲ့ ပုံတွေက မလှဘူး။ ကိုယ်ရိုက်တဲ့ အယူအဆ၊ အနေအထားက ပိုလှတယ်လို့ ကိုယ်က ကိုယ့်ဘာသာ ထင်တယ်။ ဝိုင်းက ကိုယ်ရိုက်ပေးတာထက် သူရိုက်ပေးတဲ့ ဓာတ်ပုံတွေက ပိုလှတယ်လို့ သူ့ဘာသာ ထင်နေတယ် လဒမ။ နေ့လည်စာကို ပန်းခြံနဲ့နီးတဲ့ အယ်ဘနီမြိ ု့ထဲက  Shogun ဂျပန်ဆိုင်ကနေ နေ့လည်စာ ထမင်းဘူးဝယ်ပြီး ပန်းခြံထဲမှာ သွားစားကြတယ်။ ဂျပန်ဆိုင်ရဲ့ အိမ်သာထဲမှာ ပန်းအလှဆင်ထားပြီး တီးလုံးသက်သက် ဂျပန်သီချင်းလေးတွေ ဖွင့်ပေးထားတယ်။ ပြီးတော့ နယူးယောက်စတိတ်ကယ်ပီတယ်ကို သွားလည်ကြတယ်။ တချိန်တုန်းက ၂၅သန်း အကုန်အကျခံပြီး ဆောက်လုပ်ထားတဲ့ ပြည်နယ်ရဲ့ဈေးအကြီးဆုံး အဆောက်အဦးပါတဲ့။ အဆောက်အဦးရှေ့မှာပဲ ဓာတ်ပုံပတ်ရိုက်ကြတယ်။ အထဲမှာ ဘယ်လောက်လှလဲလို့ ဝင်ကြည့်ချင်သား။ ရုံးပိတ်ရက်မို့ ပိတ်ထားတယ်ထင်တယ်။ ၂၀၁၁ မတ်လ ကျောင်းကနေ လိုက်ပို့လို့အိုင်အိုဝါပြည်နယ် မြိ ု့တော်ဒက်စ်မွိုင်းက အိုင်အိုဝါစတိတ်ကယ်ပီတယ်ကို ရောက်ဖူးတယ်။ သိပ်လှတဲ့ အဆောက်အဦးပဲ အမိုးခုံးက ရွှေရောင်။ အထဲမှာလည်း ပန်းချီကားတွေနဲ့ အင်မတန် ခမ်းနားတယ်။ ဝါရှင်တန်ဒီစီက လွှတ်တော်၊ ကွန်ဂရက်ရှိတဲ့ ကယ်ပီတယ်အဆောက်အဦးက အပြင်ဖက်ကတင် လှတာမဟုတ်ဘဲ အတွင်းဖက်မှာလည်း ပန်းချီကား၊ ပန်းပုလက်ရာတွေနဲ့ အင်မတန်လှတယ်။ အပြင်မှာ နာရီဝက်၊ အထဲမှာ နာရီဝက်လောက် တန်းစီရတယ်။ ဒါပေမဲ့ စောင့်ရကျိုးနပ်တယ်။ လိုင်ဘယ်ရီအော့ကွန်ဂရက် အဆောက်အဦးက အထဲမှာ အင်မတန်လှတယ်။



တိုးဂိုက်ဂျယ်ရီက နယူးယောက်စတိတ်ကယ်ပီတယ်ကို အလှဆုံးမြင်ရတဲ့ လိုင်ဘယ်ရီဖက်ကနေ ခေါ်ပြတယ်။ ရေကန်တွေ၊ အဆောက်အဦးမြင့်မြင့်တွေ ကြားထဲက မြင်ရတဲ့ နယူးယောက်စတိတ်ကယ်ပီတယ်က လှသား။ နယူးယောက် စတိတ်ပြတိုက်ကို သွားလည်ကြတယ် ဝင်ကြေးအခမဲ့။ အဲဒီပြတိုက်မှာ The Shakers ယုံကြည်ကိုးကွယ်မှုအကြောင်း သိခဲ့ရတယ်။ မူလအစက အင်္ဂလန်နိုင်ငံ မန်ချက်စတာအရပ်ကတဲ့။ The Shakers တွေက အဝတ်အစား ဆင်တူဝတ်ကြတယ်။ ဘာသာရေးပွဲတွေမှာ ကခုန်သီဆို တီးမှုတ်ကြတယ်။ အမေရိကန်မှာတော့ တံမြက်စည်းအရှည်ကြီးကို ပြတိုက်ဆီမှာပဲ တွေ့ရတော့တယ် ကိုယ်တို့ဆီမှာတော့ ခုထိသုံးနေတုန်းပဲ။ ဝိုင်းတို့ ဗီယက်နမ်မှာလည်း ခုထိသုံးနေတုန်းပဲတဲ့။ တံမြက်စည်းကိုမြင်တော့ Salem စလမ်းမြို့ စုန်းပြတိုက်က တံမြက်စည်းခွစီးတဲ့ စုန်းမကြီးကို သတိရမိသွားတယ်။ စန်းစန်းရေ မင်းက တံမြက်စည်းကိုမြင်တော့ စုန်းမကို သတိရတယ် ကိုယ်က ဘယ်သူ့ကို သွားသတိရတယ်ထင်လဲ။ ဘာလဲ မင်းအထက်ဆူပါဗိုက်ဆာ အိန္ဒိယမကိုလား အတိအကျပဲ။ ကောက်ကျစ်သော၊ စုန်းမ၊ စိတ်ကောင်းမရှိသော ကိုယ်တို့သိသမျှ စကားလုံးတွေနဲ့ မိုးမွှန်နေအောင် ကောင်းချီးပေးလိုက်ကြတာ။ ဝိုင်းဆူပါဗိုက်ဆာမက တော်တော်ဆိုးတယ် ဗုဒ္ဓဟူးနေ့ကတည်းက ပို့ထားတဲ့ရီပို့ကို သောကြာနေ့ည ၁၀ နာရီမှ horrible ဆိုပြီး ကွန့်မန့်ပေးတယ်။ ဘယ်ဟာတွေကတော့ ကောင်းတယ်၊ ဘယ်ဟာတွေကို ဘယ်လိုပြင်တယ်လို့ ကွန့်မန့်ပေးသင့်တာ မဟုတ်ဘူးလား။ အခုတော့ တစ်ခွန်းတည်း horrible တဲ့။ ဝိုင်းရေ ကိုယ်ဆုံဖူးတဲ့ အိန္ဒိယတွေထဲမှာ စိတ်ထားကောင်းပြီး ကူညီတတ်တဲ့သူ တစ်ယောက်မှ မတွေ့ဖူးဘူး။  နီပေါတွေကလည်း အိန္ဒိယတွေ စိတ်ထားမကောင်းဘူးတဲ့။

ကိုယ်တို့မြန်မာပြည်ပေါက် တရုတ်တွေ၊ ကုလားတွေက ပြည်ကြီးတရုတ်၊ အိန္ဒိယကုလားတွေကို ရိုင်းတယ်တဲ့။ ကြည့်ရတာ အိန္ဒိယမှာ အပြိုင်အဆိုင်ပြင်းထန်လို့ ဖြစ်ရမယ်။ အိန္ဒိယမှန်းသိအောင် ရိုးရာဝတ်စုံဝတ်တယ်။ သူ့မှာ မောင်နှစ်ယောက်ရှိတယ် လူပျိုကြီးတွေ။ arranged marriage လုပ်တဲ့ အိန္ဒိယမှာ တစ်ယောက်တည်းတောင် မဟုတ်ဘူးနော် မောင်နှမသုံးယောက်လုံး အိမ်ထောင်မပြုတာ ကိုယ့်အတွက်တော့ အတော်ထူးဆန်းတယ်။ ဒီလောက် ဆိုးတဲ့အစ်မရှိနေတော့ ဘယ်သူက သူ့မောင်ကို ယူရဲမှာလဲ။ ကိုယ်တော့ သူ့ကိုကြည့်ပြီး သူ့လိုလုံးဝမဖြစ်ချင်ဘူးလို့ တွေးနေမိတယ်။ နယူးယောက်လစ်ဘာတီဓာတ်ပုံတွေ၊ ဂရန်းစင်ထရယ် ရထား၊ ၉၁၁ ဝေါထရိတ်စင်တာ အကြမ်းဖက်တိုက်ခိုက်ခံရတုန်းက အကြောင်းတွေနဲ့ စိတ်ဝင်စားဖို့ကောင်းသား။ ကိုယ်ရောက်ဖူးတဲ့ ပြတိုက်တွေထဲက အကောင်းဆုံးပြတိုက်တစ်ခု ဆိုပါတော့။ အယ်ဘနေကနေ မြောက်ဖက်စူးစူး ၃၆ မိုင် မိနစ်လေးဆယ် အဝေးမှာရှိတဲ့ ဆာရာတိုဂါစပရင်း Saratoga Springs မြိ ု့ကတော့ ပထမနေ့ရဲ့ နောက်ဆုံးခရီးစဉ်ပါ။ ဆာရာတိုဂါစပရင်းကို ကိုယ်သိတာ မကြာသေးဘူး။ လွန်ခဲ့တဲ့နှစ်ပတ်က ကိုယ့်အသိ ဂျပန်မ ကိုယ့်အိမ်ကို လာလည်တယ်။ ကိုယ့်ကိုတွေ့ချင်တာထက် နတ်စုကို ပိုတွေ့ချင်တာ။ သူ့ရည်းစား ဂျပန်နဲ့ပြတ်ပြီး အမေရိကန်တစ်ယောက်နဲ့ ဒိတ်လုပ်နေတဲ့အကြောင်း၊ ပိတ်ရက်တွေဆို ဆာရာတိုဂါစပရင်းကိုသွားပြီး ရေပူစမ်းမှာ ရေစိမ်တဲ့အကြောင်း ပြောပြတော့ ဆာရာတိုဂါစပရင်းဆိုတာကို ကိုယ်ကြားဖူးနေခဲ့တာ။




ဆာရာတိုဂါစပရင်းက မစ်နရယ်စပရင်းရေတွေကြောင့် နာမည်ကြီး အပန်းဖြေမြို့လေးပါ။ မြို့လယ်ခေါင်က ပန်းခြံမှာ လည်ပတ်ဖို့ နာရီဝက်အချိန်ပေးတယ်။ အစက မင်္ဂလာဆောင်ရှိနေတာလို့ ထင်လိုက်မိတာ။ ဘယ်ဟုတ်ပါ့မလဲ ဟိုက်စကူးပြီးလို့ prom လို့ခေါ်တဲ့ ဝတ်ကောင်းစားလှလေးတွေ ဝတ်ဆင်ထားတဲ့ ဟိုက်စကူးကျောင်းသား ကျောင်းသူလေးတွေ။ သူတို့ကို မြင်ရတော့ ကိုယ့်အထက်တန်းကျောင်းသူဘဝကို သတိရမိတယ်။ ကိုယ့်အထက်တန်းကျောင်းသူဘဝက သိပ်ဖိစီးတယ် အေခန်းမှာ အဆင့်မကျဖို ၊ အေခန်း မပြုတ်ဖို့ အကြိတ်အနယ် ကြိုးစားခဲ့ရတယ်။ ပြီးတော့ ကိုယ်က ညဏ်ကောင်းတဲ့သူ မဟုတ်လေတော့ သူများထက် နှစ်ဆပိုကြိုးစားရတယ်။ ဆယ်တန်းရောက်တော့ ဆေးတက္ကသိုလ်မှီအောင် ရေကုန်ရေခမ်း ကြိုးစားခဲ့ရတာ။ ကိုယ့်အထက်တန်းကျောင်းသူဘဝက တကယ့်ကို ပင်ပန်းလွန်းတယ်။ prom အတွက် ဝတ်ကောင်းစားလှလေးတွေ ဝတ်ထားတဲ့ ကျောင်းသားကျောင်းသူလေးတွေ အကုန်လုံး လှကြတယ် ချစ်စရာလည်းကောင်းတယ်။ ဆာရာတိုဂါစပရင်းမှာ ဟိုတယ်၊ မိုတယ်တွေ အများကြီးတွေ့တော့ အက်ကေဒီးယားသွားတုန်းက မိန်းပြည်နယ်က ဘားဟာဘားမြို့လေးကို သတိရမိသွားတယ်။ ဘားဟာဘားမြို့လေးက သေးသေးလေး ဒါပေမယ့် တမြို့လုံး ဟိုတယ်၊ မိုတယ်တွေချည်းပဲ။ မိနစ် ၂၀ လောက် အဝေးမှာရှိတဲ့ တရုတ်ဘူဖေးဆိုင်မှာ သွားစားကြတယ်။ ကိုယ်တို့ရှေ့မှာထိုင်တဲ့ တရုတ်မနဲ့ အမေရိကန်ကြီးက လာနှုတ်ဆက်တယ်။ အမေရိကန်ကြီးရဲ့ အမေက အင်္ဂလန်ကတဲ့။ အသက် ၇၀ ကျော် အဘိုး၊ အဘွားစုံတွဲက လွန်ခဲ့တဲ့အနှစ် ၂၀ တုန်းက အမေရိကန်ကို ရောက်လာတာတဲ့။ ဇာတိကတော့ ဟန်ကျိုးနားက တက္ကသိုလ်မှာ တွေ့ခဲ့တာတဲ့။ အဲဒီလိုချစ်ခင်ကြင်နာတဲ့ အဘိုးအဘွားစုံတွဲကို မြင်ရတာ သိပ်စိတ်ချမ်းသာတာပဲ။


နယူးယောက်စတိတ်ကယ်ပီတယ်


ဟိုတယ်ကတော့ သိပ်အကောင်းကြီး မဟုတ်ပေမဲ့ အဆိုးလှပါဘူး။ ကိုယ်ကတော့ မနက် ၅ နာရီခွဲ အိပ်ယာက ထခဲ့ရသူဆိုတော့ ၁၀ နာရီလောက်ဆို အိပ်တော့တာပဲ။ နောက်နေ့မှာ သွားရောက်လည်ပတ်တဲ့ ဟိုက်ကာဒိုင်းမွန်းမိုင်းမှာ စိန်ရှာဖွေတဲ့အကြောင်း၊ စိတ်ဝင်စားဖို့ အရမ်းကောင်းတဲ့ အီရီကန်နယ်၊ စတန်းဝပ်ခံတပ်တွေ အကြောင်းကတော့ ရှည်သွားမှာမို့ အပိုင်း ၂ ကျမှာမှ ဆက်ပါဦးမယ်။

Happy Traveling !
စန်းထွန်း
မေ ၂၆၊ ၂၀၁၅။

Saratoga Springs
Saratoga Springs
၂၀၁၁ မတ်လတုန်းက ကျောင်းကလိုက်ပို့ပေးတဲ့ အိုင်အိုဝါပြည်နယ် မြို့တော်ဒက်စ်မွိုင်း Des Moines က အိုင်အိုဝါစတိတ်ကယ်ပီတယ်
အိုင်အိုဝါစတိတ်ကယ်ပီတယ်
ဝါရှင်တန်ဒီစီ ယူအက်စ် ကယ်ပီတယ်

23 May 2015

မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၇

မောင်မောင်ကလေ သူ့သားဓာတ်ပုံတွေ ပို့မပေးတော့ဘူး။ ဘယ်ပို့ပေးမလဲ မကြီးက နို့မှုန့်မှ မဝယ်ပေးတာ။ ဖေ့ဘွတ်မှာလည်း သူ့သားဓာတ်ပုံတွေ မတင်တော့ဘူး။ ဘယ်တင်ပါ့မလဲ သူတင်ရင် စန်းထွန်းက အင်္ဂလိပ်စာအသုံးအနှုန်း မှားနေတယ်၊ ဘယ်လိုသုံးမှ မှန်တယ်၊ နင့်ဟာက အင်္ဂလိပ်စာ ညံ့ဖျင်းတာကို ဖေ့ဘွတ်မှာ ကြေငြာမောင်းခတ် နေသလိုပါလားလို့ပြောတာကိုး။ စန်းထွန်း ပြောမှာကိုကြောက်တာနဲ့ ဖေ့ဘွတ်မှာ မတင်ရဲတော့ဘူး။ ပြောပြီး ကိုယ်တို့ညီအစ်မနှစ်ယောက် ရယ်လိုက်ရတာ။ မောင်မောင့်မိန်းမက တွေးမှာပဲနော် မောင်မောင့်အစ်မတွေ သိပ်ဆိုးတာပဲလို့ ဖေ့ဘွတ်မှာ ဓာတ်ပုံတင်တာတောင် ဝင်ဆရာလုပ်တယ်လို့။ ကလေးက အမေနို့စို့နေတာ အားမရှိ ပိန်ညောင်နေလို့ မကြီးက နို့မှုန့်ဝယ်တိုက်ဖို့ပြောတာကို ဝယ်မတိုက်ဘူး။ မကြီးလည်း နို့မှုန့်ဝယ်ထည့်ပေးလိုက်ရော ကလေးက နို့မှုန့်မှ နို့မှုန့် ဖြစ်သွားတယ်။ ထမင်းနှစ်ပန်းကန်၊ ငါးကြော်နှစ်ဖတ်စားတဲ့ မိခင်ဖြစ်သူရဲ့နို့ထက် အာဟာရတွေ အများကြီးပါတဲ့ နို့မှုန့်ကို ကလေးက ကြိုက်မှာပေါ့။ ကလေးက နို့မှုန့်ကြိုက်သွားပြန်တော့လည်း ရန်ကုန်မှာလည်း အဲဒီတံဆိပ်ထက် ကောင်းတဲ့ဟာတွေ ရှိရဲ့သားနဲ့ စင်္ကာပူမှ နို့မှုန့်မှ  စင်္ကာပူက  နို့မှုန့် ဖြစ်သွားတယ်။ လူကြုံမရှိရင် ဒေါ်သန်းသန်းနုဆိုင်ကနေ ပို့ပေးရမှာ တခါပို့ရင် ၁၀၊ ၄ ခါဆိုရင် နို့မှုန့်တစ်ဗူးစာ ဖြစ်နေပြီ ရန်ကုန်မှာ ရှာဝယ်ပြီး တိုက်ကြည့်ဆိုတာကို မောင်မောင်က စင်္ကာပူကဟာမှတဲ့။

ကိုယ်တို့တွေ စင်္ကာပူမှာ ဒစ်စကောင့်ချရင် ဝယ်ထည့်ပေးလိုက်တဲ့ တီရှပ်တွေ၊ ဖုန်းကာဗာတွေကို မောင်မောင်က ရော့...အင့်ဆိုပြီး သူများကို ပေးပစ်တတ်တယ်။ မောင်မောင် ဝတ်စေချင်လို့ ဝယ်ပေးလိုက်တဲ့ဟာကို သူများကို ပေးပစ်တယ်ဆိုတော့ ကိုယ်တို့မှာ ဒေါသထွက်၊ စိတ်မကောင်းဖြစ်။ နောက်တော့ သူ့ဘာသာ ပေးပစ်ပစ် ဝယ်ပေးရင် ကိုယ့်တာဝန်ကျေပြီ ကျန်တာတွေကို သဗ္ဗေသက္ကာ ကမ္မသကာလို့ သဘောထားရတယ်။ အယ်မလေး.... အရင်တုန်းကတော့ စင်္ကာပူကဟာတွေကို တန်ဖိုးမထားဘဲနဲ့ ခုကျမှ စင်္ကာပူကဟာ ဖြစ်နေတယ် အေးလေ။ ဝယ်ပို့ပေးရင် ရပါတယ် သူတို့ကို ကိုယ်တိုင်လုပ်စေချင်လို့ တမင်သက်သက် ဝယ်မပေးတာ။ အမေကတော့ ပြတ်တယ် သမီးရေ နို့မှုန့်တစ်ဘူး ဝယ်ပေးပြီးရင် နောက်ဝယ်ပို့မပေးနဲ့တဲ့။ အဖေက ဝယ်ပို့ပေးလိုက်ပါ သမီးရယ် မောင်မောင်ခမျာ ပင်ပန်းတယ်တဲ့။ ဘာ... သူ့သားက ပင်ပန်းတယ် အယ်မလေး သူ့သား ပင်ပန်းတယ်ဆိုတာ ယောက္ခမ ချက်‌ကျွှေးတာစား၊ အမေ့အိမ်ကပ်စား၊ ကားလေးမောင်းပြီး အဖေခိုင်းတာကို လုပ်ရတာများ။ ကိုယ်တို့ကမှ နိုင်ငံခြားမှာ သူ့ထက် သုံးဆပင်ပန်းတယ်။ မောင်မောင်ခမျာ ဖျာပုံပင်လယ်ဝအထိ လိုက်ရတယ်တဲ့။ လိုက်ရမှာပေါ့ အလုပ်က လိုအပ်လာရင် ပင်လယ်ထဲ ဆင်းသင့်ရင်တောင် ဆင်းရမှာ မဟုတ်ဘူးလား။ အဖေ့သားကို ခိုင်းနော် ဒီကောင်က လက်ကြောတင်းတာ မဟုတ်ဘူး။ သူများဆီမှာ အလုပ်မလုပ်ဘူးလို့ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်ဖူးတာ မဟုတ်ဘူး။ နို့မှုန့်ဝယ်ပေးမိတာကိုက ငါ့အပြစ်။ မကြီး မဝယ်ပေးဘူးဆိုတော့ မောင်မောင်က သူ့သူငယ်ချင်းကို ဝယ်ခိုင်းတာ တံဆိပ်မှားနေလို့တဲ့။

မကြီးကိစ္စတွေဆို သူ့မှာအကုန်လိုက်လုပ်ပေးရတယ် သူ့ကိစ္စကျတော့ မလုပ်ပေးချင်ဘူးလို့ မကြီးကို ငြိုငြင်တယ်။ ဝယ်ပေးပေမယ့် ကျေးဇူတင်မခံရတဲ့အပြင် အပြစ်တောင် ပြောချင်သေး။ အိမ်မှာ မခင်ခင်လှိုင်က ကြာဇံချက်ချက်ရင် မောင်မောင်က မကောင်းဘူးလို့ ပြောတယ်။ နေ့လည် အိုးကိုသွားကြည့်လိုက်ရင် ပြောင်နေပြီ မောင်မောင်စားတာ။ အဲဒီလို မကောင်းဘူးပြောပြီး အကုန်စားတဲ့ကောင်။ စကားပြောရဆိုရတာလည်း အဆင်မပြေဘူး ပြေရာပြေကြောင်း မရှိဘူး လုပ်ပေးတယ်မလားနဲ့။ သူများနဲ့ဆိုရင်တော့ ဟုတ်ကဲ့ခင်ဗျ ဟုတ်ကဲ့ခင်ဗျ ထပ်နေတာပဲ။ ဗိုင်ဘာမှာ မောင်မောင် တက်လာရင် ကိုယ်က မကြီးကို မဝယ်ခိုင်းနဲ့ ရန်ကုန်မှာ ကိုယ့်ဘာသာ ဝယ်ပါလား။ တခြားနို့မှုန့်တံဆိပ်တွေကို တိုက်ကြည့်ပါလား။ နင့်မိန်းမ ကလေးပြုစုနည်းစာအုပ်တွေ ဖတ်ဖို့လိုတယ်လို့ ဘလိုင်းကြီး ပြောတတ်တယ်။ အင်္ဂလိပ်လိုနားမလည်တာလား၊ ပြောချင်စိတ်ကို မရှိတာလားတော့ မသိဘူး မောင်မောင်က အိုကေလေးတောင် ပြန်မရိုက်ဘူး။ လုံးဝမဝယ်ပေးဘူးလို့ စိတ်ပိုင်းဖြတ်ထားတာတောင် လူကြုံရှိတာ မသိလိုက်လို့ နို့မှုန့်ဝယ်မထည့်ပေးလိုက်ရဘူးနဲ့ မကြီးက စိတ်မပြတ်နိုင်ဘူး။ ကိုယ်ကတော့ အဝေးမှာမို့လားတော့ မသိဘူး ပါးစပ်ကြီးနဲ့ပဲ ချစ်တတ်တယ် ဘာမှမလုပ်ပေးဘူး ဟား...ဟား ။ ကလေးကို နာမည်ပေးပြီးပြီလား မေးတော့ စံဇာဏီဘိုက ဖုန်းသန့်ကျော်လို့ ရွေးပေးထားတယ်တဲ့။ အယ်မလေး နာမည်ကြီးကလည်း တင်စီးလိုက်တာ မလှလိုက်တာ။ မောင်မောင်က သူ့သားပုံတွေ မပို့ပေး၊ ဖေ့ဘွတ်မှာ မတင်တာကို မကြီးက ကိုယ်တို့ယောက်မရဲ့ အစ်မဖေ့ဘွတ်ကနေ ကလေးပုံတွေကို သွားကြည့်တယ်။ ကလေးက သနပ်ခါးတွေ အပုံလိုက်၊ ပေါင်ဒါမှုန့်တွေ လိမ်းထားတာကို မကြီးက အားမလိုအားမရဖြစ်။ ကလေးက ချစ်စရာလေးကို သူတို့က ချစ်စရာကောင်းအောင် မလုပ်တတ်ဘူး ဘာဘူးလေးနဲ့။

ဝိုင်းကို ပြောပြတော့ နင်တို့ညီအစ်မတွေ တော်တော်ဆိုးတာပဲ နင့်ယောက်မကို သွားမပြောနဲ့နော်။ မပြောပါဘူး ကိုယ်တို့ညီအစ်မချင်းပဲ အတင်းချကြတာ။ နင့်ယောက်မက ပြောမှာပေါ့ ငါ့ကလေး ငါ့ဘာသာ ကြိုက်သလိုမွေးတယ်။ နင်တို့မှာ ဘာအခွင့်အရေးမှ မရှိဘူး။ ကိုယ့်ဘာသာမွေးကြ ကိုယ့်ကလေးကျမှ ကိုယ့်ဘာသာ ကြိုက်သလိုနည်းနဲ့ ထိန်းကျောင်းကြလို့ ပြောမှာပေါ့လို့ပြောတော့ ကိုယ့်မှာ ရယ်လိုက်ရတာ။ မြန်မာပြည်ကအမေတွေနဲ့ နိုင်ငံခြားကအမေတွေ ကလေးကို ထိန်းကျောင်းတာ ကွာတယ်။ ကိုယ်တွေငယ်ငယ်တုန်းကလည်း ဒီလိုပဲ ကြီးပြင်းခဲ့တာပဲ။ နိုင်ငံခြားကိုရောက်တော့ နိုင်ငံခြားက ကလေးတွေ ထိန်းကျောင်းတာကို သိပ်သဘောကျတာ။ စာကြည့်တိုက်သွား၊ ပိတ်ရက်တွေဆို ရေကူးကန်သွား၊ အားကစားကွင်းတွေသွား၊ ကလေးတွေဆိုတာလည်း အကြောက်အလန့်မရှိ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့။ တစ်နှစ်အရွယ်ကတည်းက ရေကူးသင်ပေးလို့ရပြီတဲ့။ နည်းနည်းလောက် ကူးပြီရင် အယ်မလေး သေပါတော့မယ်၊ ဗိုက်ဆာတယ်လို့ လုပ်တတ်တယ်။ ဆရာက မင်း မမောဘူး ငါသိတယ် ကူးဆို ကူးတာပါပဲ။ အမေတွေကို အနားမလာခိုင်းဘူး။ အမေတွေ အနားမှာဆိုရင် ပြောလို့ဆိုလို့ မရဘူးတဲ့။ ကန်တက်ကီအိမ်ရှင်မဆို ၈ နှစ်အရွယ် လူးကပ်ကို မီနီမာရသွန်ဝင်ဖို့ အပြေးစက်မှာ ဆယ်ငါးမိနစ် အပြေးလေ့ကျင့်ရတယ်။ လူးကပ်က အယ်မလေး သေပါတော့မယ်လို့ ညောင်းလွန်းလို့ဆိုပြီး အမူအယာတွေ လုပ်ပြတယ်။ ကန်တက်ကီအိမ်ရှင်မက မင်း လုပ်နိုင်ပါတယ်ဆိုပြီး မဖြစ်မနေ လုပ်ခိုင်းတယ်။

ရှေ့တပတ်က အဖေတို့ စင်္ကာပူကို မသွားခင် မောင်မောင်နဲ့ သူ့မိန်းမက လာတွေ့တယ်တဲ့။ အဖေနဲ့အမေက တလေသံတည်းထွက်တယ် ကလေးက ချစ်ဖို့ကောင်းနေပြီတဲ့။ ကလေးတိုင်းက ချစ်ဖို့ကောင်းတာပဲ ခုနေတော့ ချစ်ဖို့ကောင်းမှာပေါ့။ ၉  နှစ်၊ ၁၃ နှစ်လောက်ဆိုရင် ချဉ်လာပြီ ကြီးလေချဉ်လေ သံပုရာသီးမျိုးတွေဆိုပြီး ကိုယ်တို့ညီအစ်မ ရယ်လိုက်ရတာ။ အဖေတို့က စင်္ကာပူမှာ နှစ်စဉ်ကျန်းမာရေး စစ်ဆေးချက်ပြီးရင် ဗီယက်နမ်ကို သွားလည်ကြမယ်။ သားသမီးသုံးယောက်ရှိတာ စင်္ကာပူမှာ ဆေးစစ်ဖို့ကို သမီးကြီးကပေး၊ ဗီယက်နမ်သွားဖို့က သမီးလတ်ကပေး၊ သားအငယ်ဆုံးကိုလည်း ပေးလို့ပြောလို့ ကိုယ်ပြောတော့ အဖေက သားက သမီးတွေလောက်မှ ငွေမရှာနိုင်တာ မိဘတွေကို ပေးဖို့နေနေသာသာ သူ့ကို မထောက်ပံ့ရကိုတာ ကံကောင်းတယ်လို့မှတ်တဲ့။ မောင်မောင့်သားဟာ မောင်မောင့်ထက် ဆိုးမလား မသိဘူးနော်။ ပြောလို့မရဘူး သူ့ဗီဇ၊ စရိုက်၊ ကံပေါ်လည်း မူတည်သေးတယ်။ အမေ့ရေ မောင်မောင့်ကလေးတွေ မထိန်းနဲ့ သမီးတို့ကလေးကိုထိန်း။ ဟဲ့ သားသမီးအားလုံးရဲ့ ကလေးကို ထိန်းရမှာပဲ။ ကြည့် ကိုယ့်အမေက အဲဒီလို မှန်ကန်ဖြောင့်မတ်တယ် ဘက်မလိုက်ဘူး။ တခါတလေတော့လည်း ကိုယ်သိချင်မိသား ဆယ်တန်းအောင်တာ ဆယ်နှစ်ရှိပြီ ဘွဲ့မရသေးတဲ့၊ ပဲပင်ပေါက် မုန်တိုင်းတိုက်လက်ရေး၊ အင်္ဂလိပ်စာ အင်မတန်ညံ့တဲ့၊ ကိုယ်တို့ခြေဖျားကို တစက်ကလေးမှ လိုက်မမှီတဲ့ မောင်မောင်ရဲ့ မျိုးဆက်သစ်တွေက ဘယ်လိုများနေမလဲလို့။ အင်း...ယောကျာ်းယူမယ်ဆိုရင် တော်တဲ့ထက်တဲ့ အစ်မတွေရှိရင် ဝေးဝေးရှောင် နို့မို့ အသုံးမကျဘူး၊ မထက်မြက်ဘူးလို့ ဝေဖန်ခံနေရလိမ့်မယ်။ ပြောပါတယ် ကိုယ်တို့ညီအစ်မတွေက ခပ်ဆိုးဆိုးလို့။

စန်းထွန်း
မေ ၂၃၊ ၂၀၁၅။

ရေးခဲ့ပြီးတာက
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၁
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၂
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၃
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၄
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၅
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၆

16 May 2015

ကြောင်တစ်ကောင်ရဲ့ ဖွင့်ဟဝန်ခံချက်...

ကျွှန်တော့်နာမည် မိုချီပါ...

ကျွန်တော့်နာမည် မိုချီပါ အသက်က နှစ်နှစ်ရှိပါပြီ။ မိုချီဆိုတာ ဂျပန်ပြည်က နာမည်ကြီး rice cake ပါတဲ့။ မိုချီလို့ နာမည်ပေးခြင်း ခံရတာ မထူးဆန်းဘူးဗျ ကျွန်တော့်သခင်မက ဂျပန်မကိုး။ ကျွန်တော်သခင်က အမေရိကန် ဒါပေမဲ့ ကျွန်တော့်ကို ရှိတယ်လို့တောင် ဂရုမစိုက်ဘူး။ သူက ဟိုနတ်စုဆိုတဲ့ ခွေးမကိုပဲ ဝိုင်းချစ်ကြတာ။ နတ်စုဆိုတာ ဂျပန်လို နွေလို့ အဓိပ္ဗာယ်ရပါသတဲ့။ နတ်စုက ချီဘာမျိုး အသက်က ငါးနှစ်လောက်ရှိပြီ။ အတော်ဖားတဲ့ကောင် သခင်တွေ ပြန်လာရင် တကိုယ်လုံးခါ အသံမျိုးစုံအော်ဟစ် အရုပ်ကိုကိုက်ပြီး ကြိုတတ်တယ်။  တခါတလေများဆိုရင် ချိတ်တောင်တက်တယ်။ ကျွန်တော်က နတ်စုလို လုံးဝမဖားတတ်ဘူး သခင်တွေ ပြန်လာရင် ငြိမ်ငြိမ်လေးပဲ သွားကြိုတတ်တယ်။ ကျွန်တော့်သခင်နဲ့ သခင်မက အေးအေးဆေးဆေးပဲ။ သခင်မက ကျွန်တော့်ကို တခါတလေ ချီတယ် ပွေ့တယ်။ အဲ... ပြသနာက တဖက်ခန်းမှာနေတဲ့ ပုလင်းဖင်မှန်ကြောင်မ။ သူက ကျွန်တော့်တို့ကို အစာ‌ကျွှေးတယ် ရေတိုက်တယ် ကျွန်တော်နဲ့ဆော့တယ်။ သူ ပြန်လာလို့ သွားကြိုတဲ့အခါ ကျွန်တော်က တခါတလေ ညောင်လို့ နှုတ်ဆက်တယ်။ အဲဒါကို သူက what ဘာညောင်တာလဲ... တော်ကြာမှ ကျွှေးမယ်လို့ ပြောတတ်တယ်။ ကြည့် ... ကျွန်တော်တို့ကြောင်တွေက ညောင်လို့ပဲ အော်တတ်တဲ့ဟာကို သူက နားမလည်ဘဲနဲ့ စွတ်ပြောနေတယ်။

တခါတလေ ဗိုက်ဆာလို့ သူ့ဆီမှာ တညောင်ညောင်နဲ့ အစာသွားတောင်းရင် မိုချီ နင်ဟာ ငါတွေ့ဖူးတဲ့ကြောင်တွေထဲမှာ အညောင်ဆုံးပဲ။ နင့်လောက်ညောင်တဲ့ကြောင် မတွေ့ဖူးဘူးတဲ့။ ကျွန်တော့်မှာ ဂုဏ်ပဲယူရတော့မလို။ နားညည်းမခံနိုင်လို့တဲ့ ထကျွှေးတယ် ပြီးတော့ ပြောလိုက်သေးတယ် တချိန်လုံးဆာ တချိန်လုံးစားနေတာပဲ ဆာဆာနိုင်လွန်းတယ် စားစားနိုင်လွန်းတယ်တဲ့။ ကိုယ့်ပါးစပ်နဲ့ ကိုယ်စားနိုင်တာ သူ့ပါးစပ်ငှားစားတာ ကျနေတာပဲ တကတဲမှပဲ။ သူ့အခန်းတံခါးကို သွားခြစ်ရင် သူ စိတ်ကောင်းဝင်နေတဲ့အချိန်ဆို မိုချီ လာ..လာဆိုပြီး ခေါ်တတ်တယ်။ စိတ်ကောင်းမဝင်တဲ့အချိန်ဆိုရင် နောက်နောင် ငါ့ဆီကို ဘယ်တော့မှ မလာနဲ့လို့ အော်ဟစ်နှင်ထုတ်တတ်တယ်။ ကျွန်တော်က ပွတ်တီးပွတ်သပ်လုပ်တာ မကြိုက်ဘူး။ သူက လာလာပွေ့ချီတတ်တယ်။ ကျွန်တော်ကလည်း လာပွေ့ရင် အော်တော့တာပဲ။ သူ ကျွန်တော်နဲ့ ရင်းနှီးအောင် အတော်လေး ကြိုးစားလိုက်ရတယ်။ လက်မှာလည်း ကုတ်ရာဗရပွနဲ့။ ကျွန်တော်ကလည်း ကျွန်တော် သူပွတ်သပ်ပေးနေရင်တာကို လက်နဲ့သွားသွားစတယ်။ သူစိတ်တိုတဲ့အခါ ကြောင်သားစွတ်ပြုတ် လုပ်စားပစ်လိုက်မယ်၊ ကြောင်ဘာဘီကျူ လုပ်စားပစ်လိုက်မယ် ဘာမှတ်လဲလို့ ခြိမ်းခြောက်တတ်သေးတယ်။ တခါတလေ သူစိတ်တိုရင် တောက်ခေါက်တတ်တယ်။ သူ တောက်ခေါက်တာကို ကျွန်တော် သိပ်ကြောက်တာပဲ။ တခါတလေ ကျွန်တော်က ဂါးလို့ပါးစပ်ဖြဲပြ အမြီးထောင်ပြရင် သူကလည်း ဂါးကနဲအော် လက်နဲ့ကုတ်ခြစ်တော့မယ့်ပုံ လုပ်တတ်တယ်။

တခါတလေကျတော့လည်း ကျွန်တော်အော်သလို အသံမျိုးစုံနဲ့ လိုက်အော်တတ်တယ် အတော်နောက်တဲ့သူ။ ကျွန်တော် မျက်စိမှိတ်ပြရင် သူကလည်း ပြန်မှိတ်ပြတယ်။ မိုချီ နင် တော်တော်ဆိုးတဲ့ကြောင်လို့ ချီးမွမ်းတတ်သေးတယ်။ သူ ထမင်းစားရင် ကျွန်တော်နဲ့နတ်စုက သွားသွားမျှော်တတ်တယ်။ နတ်စုဆိုတဲ့ကောင်က အစုံစားတဲ့သတ္တဝါ သူ ဘာကျွှေးကျွှေး စားတယ် နည်းနည်းလေးမှ စတန်းတပ် အဆင့်မရှိဘူး။ ကျွန်တော်က အမေရိကန်မှာမွေး အမေရိကန်မှာကြီးတဲ့ အမေရိကန်ကြောင်စစ်စ်။ ကြောင်စာနဲ့ ကန်ဗူးထဲက တူနာကိုပဲ စားတယ်။ တခါတလေ နတ်စုအစာကို သွားစားရင် သဘောကောင်းတဲ့ နတ်စုက အေးအေးဆေးဆေးပဲ။ သူက နတ်စု နင့်အစာတွေကို မိုချီ ဝင်တီးနေတယ်၊ ကိုက်ထည့်လိုက်ပါလားလို့ လှော်ပေးတတ်တယ်။ အဲဒီအခါ နတ်စုက ဘေးနားလာရပ်ပြီး သူ့အစာတွေကို မစားဖို့ တားတတ်တယ်။ ကျွန်တော်က နတ်စုကို ခေါင်းသွားသွားဝှေ့တတ်တယ်။ နတ်စုကို လက်သည်းနဲ့ သွားကုတ်ရင် ကိန်ကိန်လို့ အော်ဟစ်ပြီး သူ့အခန်းထဲကို သွားတိုင်ပါလေရော။ အတော်အတိုင်အတောထူတဲ့ကောင် သူ့ခန္ဓာကိုယ်မှ အားမနာ ပိစိကွေးကျွန်တော့်ကို မနိုင်တာနဲ့သခင့်ဆီက အကူအညီတောင်းရတယ်။ ဟိုက မိုချီ နင် နတ်စုကို လုပ်တယ်ဟုတ်လား အေးလေ နတ်စု သနားပါတယ်ဆိုပြီး ချော့တတ်တယ်။ နတ်စုဆော့တဲ့ အရုပ်ကို ကျွန်တော် သွားကိုက်ရင် နတ်စုက သူ့ဟာဆိုပြီး ဝင်လုတတ်တယ်။ အဲဒီနတ်စုဆိုတဲ့ အကောင်ဟာ ဝဖီးနေတာများ တခါတုန်းက ဆိုဖာပေါ် ခုန်တတ်တာ ဘိုင်းခနဲ  ပစ်လဲကျတယ် အတော်အီစိမ့်သွားမှာပဲ။




ညနေရုံးဆင်းလို့ အိမ်ရောက်ရင် သူက ကျွန်တော့်ကို ပွေ့ချီတတ်တယ်။ အဲဒါကို နတ်စုက လက်နဲ့ကုတ်ပြီး ကျွန်တော့်ကို မချီဖို့တားတယ် အတော်မနာလိုတိုရှည်တဲ့ကောင်။ ကျွန်တော့်ကို ပွတ်သပ်ပေးနေရင်လည်း သူ့လက်နဲ့ ကုတ်ခြစ်ပြီး မပွတ်သပ်ပေးဖို့ အော်ဟစ်တတ်သေးတယ်။ နတ်စုဆိုတဲ့ အကောင်က မိုးခြိမ်းတာကို သေမလောက်ကြောက်တာ။ မိုးခြိမ်းရင် သူ့မှာ နေစရာမရှိတော့ဘူး ကုတင်အောက် ဝင်ပြေးရတာနဲ့။ အစတုန်းက သူက နတ်စု ကုတင်ပေါ် တက်အိပ်တာ လက်ခံသေးတယ်။ နောက်တော့ နတ်စုက သေးတစိုစို ဖြစ်နေတာနဲ့ ကုတင်ပေါ် လုံးဝအတက် မခံတော့ဘူး။ သခင်တွေက မှန်မှန်ခွေးမကျောင်းနိုင်တော့ နတ်စုလည်း ထိန်းထားတဲ့ကြားက သေးတစိုစိုဖြစ်တယ်။ တခါတလေ သူ့မွေ့ယာပေါ်မှာ သေးထွက်တတ်တယ်။ ကျွန်တော့မွေ့ယာအုပ်ဆောင်းလည်း နတ်စုသေးပေါက်လို့ ပစ်လိုက်ရတယ်။ ကျွန်တော်က သူ့မွေ့ယာပေါ်မှာ အခန့်သား အိပ်နေရင် ကုတင်အောက်မှာ အိပ်နေတဲ့ နတ်စုက မနာလိုသိပ်ဖြစ်တာ။ နတ်စုက ကုတင်ပေါ်တက်ချင်ပါတယ်လို့ အမူအယာနဲ့ တောင်းပန်တတ်ပေမဲ့ သူက ဘယ်တော့မှ လက်မခံဘူး။ တခါတလေ နတ်စုက ရှူးအရမ်းပေါက်ချင်ရင် သူ့ကို အမူအယာနဲ့ တောင်းတတ်တယ်။ ဒါပေမဲ့ သူက ဘယ်တော့မှ ခွေးမကျောင်းဘူး။ သူ့မှာလည်း အရိုးအဆစ်တွေနာလို့ ကုတင်ပေါ်မှာ အိပ်နေရတာ ခပ်များများ။

ညဖက်ရောက်ရင် သူ့အခန်းတံခါးကို ကျွန်တော်က ကုတ်ခြစ်ပြီး ဖွင့်ခိုင်းတတ်တယ်။ သူ သဘောကောင်းရင် လာဖွင့်ပေးတတ်ပြီး သဘောမကောင်းရင် လာမဖွင့်ပေးဘူး။ ကျွန်တော်ကလည်း သူ့ခြေရင်းမှာ အိပ်ရတာကို သဘောကျတယ် နွေးတာကိုး။ ကျွန်တော်ကလည်း လေးပေါင်လောက်ရှိတော့ သူ့ခြေထောက်နာလာတယ်နဲ့ တူပါရဲ့ ကျွန်တော့်ကို ကန်ထုတ်တတ်တယ်။ ကျွန်တော်ကလည်း ပြန်တက်ပြီး အိပ်တာပဲ။ တခါတလေ သူ့ခြေထောက်ကြီးနဲ့ ကျွန်တော့်ကို ဖိထားလို့ မနည်းခါချရတယ်။ သူ့အခန်းနားမှာ ငှက်ကလေးတွေ လာတတ်တယ်။ အဲဒါကို ကျွန်တော်က စောင့်ဖမ်းချင်တာ။ မိုချီ မှီ...မှီ လို့ခေါ်ရင် ကျွန်တော်က ညောင်ဆိုပြီး ပြေးလာတတ်တာကို သူ သိပ်သဘောကျတယ်။ ကျွန်တော်ကလည်း ကျွန်တော် သိပ်စကားများတဲ့ကြောင်။ ပွတ်သပ်ပေးဖို့တောင်းရင် ညောင့်လို့ အသံပြတ်နဲ့ တောင်းဆိုတယ်တယ်။ ဗိုက်ဆာရင် အသံဗြဲကြီးနဲ့ ညောင်ညောင်လို့ သူ နားမခံသာအောင် အော်မယ်။ တခါတလေ ညောင်...ညောင် လို့ စကားတွေ ပြောတယ်။ သူ့လက်မောင်းနား တိုးခွေ့ရတာကို ကျွန်တော် သိပ်ကြိုက်တာ။ သူက တခါတလေ ကျွန်တော့် နှုတ်ခမ်းမွှေး၊ အမြီးတွေကို ဆောင့်ဆွဲပြီး စတတ်တယ်။ တခါတလေ ကျွန်တော့်ကို ပွေ့ချီပြီး နတ်စု မနာလိုဖြစ်အောင် လုပ်တတ်တယ်။ နတ်စုနဲ့သူ ကလူ၏သို့ မြူ၏သို့ ဆော့ကစားနေရင် ကျွန်တော်လည်း ဆော့ချင်တာပေါ့။ ကျွန်တော်က ဟိုပြေးဒီပြေးလုပ်ရင် မိုချီတစ်ကောင် ဘာဖြစ်နေပါလိမ့်တဲ့။ ကျွန်တော့်ကို ဆိုးတယ်လို့သာပြောတယ် သူကလည်း ခပ်ဆိုးဆိုး။

ကျွန်တော့်ဗိုက်က အဆီတွေကို လာလာကိုင်တတ်တယ်။ ကျွန်တော်ကလည်း အဲဒီလိုကိုင်တာကို နည်းနည်းမှမကြိုက်။ ကျွန်တော် စိတ်တိုရင် ဂါးဆိုပြီး အစွယ်ဖြဲပြ အမြီးထောင်ပြတတ်တယ်။ သူကလည်း ဂါးဆိုပြီးအော် လက်သည်းနဲ့ကုတ်ခြစ်တော့မလို လုပ်ပြတယ်။ သူက ကျွန်တော် ဆော်ထားတာကို မှတ်ထားတယ်။ တခါတလေ ကျွန်တော် ညောင်ညောင်လို့ အစာတောင်းရင် မျက်ခွက်ကို ပိတ်ကန်တတ်တယ်။ ကျွန်တော့်ဖင်ကိုလည်း ပိတ်ကန်တတ်သေးတယ်။ တခါတလေ ကျွန်တော့်ဂုတ်ကို ညှပ်ကိုင်တတ်တယ်။ အဲဒီအခါဆို ကျွန်တော်က ဘာမှလုပ်လို့မရတော့ဘူး။ သူ ချီမယ်ဆိုရင် ကျွန်တော်က သခင့်အခန်းထဲ ဝင်ပြေးတတ်တယ်။ အဲဒါဆို သူက မလိုက်ရှာတော့ဘူး။ ခဏနေရင် ကျွန်တော်ကပဲ သူ့အခန်းတံခါး တွန်းဖွင့်ပြီ သူ့ဆီ သွားရတာပါပဲ။ သူ ပြန်လာတဲ့အခါ ကျွန်တော်က တံခါးဝကနေစောင့်ပြီး တံခါးဖွင့်လိုက်တာနဲ့ အပြင်ကိုထွက်ရင် မိုချီ လာ..လာ လို့ခေါ်တယ်။ ကျွန်တော်က မလာရင် တံခါးပိတ်ပစ်လိုက်တယ်။ ကျွန်တော့်မှာ ကြောက်ကြောက်နဲ့ တံခါးဝကို စောင့်နေရတယ်။ ခဏနေတော့မှ သူက ကျွန်တော့်ကို တံခါးဖွင့်ပေးတယ်။ သူ အပြင်ထွက်ရင် ကျွန်တော်လည်း လိုက်ချင်တာပေါ့ တညောင်ညောင်နဲ့ ပူဆာဖူးတယ်။ အယ်မလေး ဒင်းက ခေါ်ဖို့နေနေသာသာ အတော်ရှုပ်တဲ့ကြောင်ဆိုပြီး ခြေထောက်နဲ့ ကန်ထုတ်တယ်။ သူက ကန်တယ်ဆိုပေမဲ့ ဖွဖွလေး ကန်တာပါ။ နတ်စုကိုတော့ good girl တဲ့ ကျွန်တော့်ကိုတော့ bad boy တဲ့။ ကျွန်တော့်ကို လူဆိုးလေးလို့ နာမည်ပေးတာကို ကျွန်တော်က ခပ်ကြိုက်ကြိုက်ပဲ ကျွန်တော်ကလည်း ဆိုးတာကိုး။ ကျွန်တော့်ကို များများလေးဆိုးပြီး နည်းနည်းလေး ချစ်ဖို့ကောင်းတယ်တဲ့။ သူကလည်း ထူးမခြားနားပဲ။ ကျွန်တော်တို့လား ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့ ပျော်စရာကြီးဗျ။

စန်းထွန်း
မေ ၁၆၊ ၂၀၁၅။

13 May 2015

#Daydream : Gondola ride at Central Park !



ဟိုရိုက်ဒီရိုက် ဓာတ်ပုံတွေထဲကမှ အကြိုက်ဆုံးဓာတ်ပုံတွေကို #Daydream ဆိုပြီး ဖေ့ဘွတ်မှာ တင်နေတာ လေးငါးပုံလောက်ရှိနေပြီ။ Yahoo Travel အစီအစဉ်တွေမှာ ပေါ်လာတင်ဆက်တဲ့ A Broad Abroad အစီအစဉ်ကို အကြိုက်ဆုံး။ ပေါ်လာက မြန်မာပြည်က ကျောက်စိမ်း၊ သစ်ထုတ်လုပ်ငန်းကဆင်တွေ အငြိမ်းစားပေးတဲ့နေရာ၊ မိဘမဲ့၊ စစ်ဖြစ်နေတဲ့ဒေသက မိန်းကလေး ၂၀၀ ကျော်ကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ သီလရှင်ဆရာလေး၊ အင်းလေးကန်အကြောင်းကို တင်ဆက်ဖူးတယ်။ Yahoo Travel မှာ နေ့တိုင်းညနေ ၃ နာရီဆိုရင် #Daydream ဆိုပြီး ဓာတ်ပုံလေးတွေတင်တာ သဘောကျလို့ ကိုယ့်ဘာသာ #Daydream လုပ်လိုက်ပါတယ်။ စင်ထရယ်ပါ့ခ်ကို အကြိမ်တော်တော်များများ ရောက်ဖူးလို့ All About NYC ပို့စ်တွေထဲမှာတောင် တင်ဖူးပါတယ်။ ပိတ်ရက်တွေမှာ meet up အဖွဲ့တွေရဲ့ လမ်းလျှောက်အစီအစဉ်တွေက စိတ်ဝင်စားစရာမကောင်းရင် ဝိုင်းနဲ့ကိုယ်က စင်ထရယ်ပါ့ခ်မှာ လမ်းသွားလျှောက်ကြတယ်။ ဒါတောင် စင်ထရယ်ပါ့ခ်ကို မနှံ့သေးဘူး။ စင်ထရယ်ပါ့ခ်က ဧက ၈၀၀ နီးပါးရှိပြီး သဘာဝမဟုတ်တဲ့ လူတွေပြုလုပ်ထားတဲ့ ပန်းခြံကြီးပါ။ ၁၈၅၈မှာ နာမည်ကြီးလာတော့မဲ့ လန်းစကေ့စ်အာခီတက် ဖရက်ဒရစ်လောရဲ့ ဆုရတဲ့ဒီဇိုင်းနဲ့ ဆောက်ထားတာပါ။ အမေရိကန်မှာ လူတွေလာရောက်လည်ပတ်လွန်းကြတဲ့ ပန်းခြံတွေထဲက တစ်ခုပေါ့။ ပန်းခြံထဲက ရုပ်ထုတွေ၊ ထင်ရှားတဲ့သမိုင်းကြောင်းတွေ ရှင်းပြတဲ့ ဖရီးတိုးတွေ ရှိပါတယ်။

သစ်ပင်ပန်းမာန်တွေ စိတ်ဝင်စားတဲ့သူဆိုရင် ရုက္ခဗေဒတိုးတွေလည်း ရှိပါတယ်။ အုပ်စုလိုက် ပန်းချီဆွဲကြတာလည်း ရှိတယ်။ တချို့က ပစ်ကနစ်ထွက်၊ တချို့က စာဖတ်၊ တချို့က ဘောလုံးကန်၊ တချို့က စက်ဘီးစီး၊ တချို့က အပြေးလေ့ကျင့်၊ တချို့က မြင်းလှည်းစီး၊ တချို့က လမ်းလျှောက်။ စင်ထရယ်ပါ့ခ်ဟာ အမြဲလိုလို စည်ကားနေတာပါပဲ။ အရင်တပတ်စနေနေ့က မေရီလန်းအိမ်ရှင်တူမဇာရာ နယူးယောက်ကို လာလည်လို့ ကိုယ်က တိုင်းစကွဲယား၊ ဂရန်းစင်ထရယ်၊ ရော်ခါဖယ်လာစင်တာ၊ စင်ထရယ်ပါ့ခ်ကို လိုက်ပို့ဖြစ်တယ်။ အဲဒီရေကန်လေးကိုရောက်တိုင်း ဓာတ်ပုံရိုက်ဖြစ်ပေမဲ့ ဂွန်ထိုလာနဲ့ တိုင်ဝါညီနောင် တွဲနေတဲ့ပုံတော့ မရှိဘူး။ ဒီဓာတ်ပုံလေးကို အိုင်ပတ်နဲ့ ရိုက်ခဲ့တာပါ။ တိမ်ထူတဲ့နေ့မို့လို့ မှောင်နေတာကို Fotor သုံးပြီး လင်းလိုက်တော့ ဒီလိုမျိုးလေး ရလာတယ်။ အဲဒါကိုပဲ သဘောကျနေတာ။ မြင်ရတဲ့ အဆောက်အဦးက ၂၇ထပ် Luxury တိုက်ခန်းတွေရှိတဲ့ The Sam Remo buildings, 145 Central Park West ပါ။ Ghost ရုပ်ရှင်ကားထဲက မင်းသမီး ဒယ်မီမိုးက အဲဒီ Penth House က တိုက်ခန်းကို ရောင်းမလို့တဲ့ ၇၅ သန်း ဈေးခေါ်ထားပါတယ်။ အီတလီနိုင်ငံ ဗန်းနစ်မြို့က လှေတွေကို ဂွန်ထိုလာလို့ ခေါ်ပါသတဲ့။ လွန်ခဲ့တဲ့အနှစ်သုံးဆယ်လောက်က အီတလီကနေရောက်လာတဲ့ လူတစ်ယောက်က ဒီရေကန်မှာ လှေလှော်လို့ရလားမေးပြီး ဂွန်ထိုလာ လှော်ခေတ်နေတာ ခုထက်တိုင်ပါပဲတဲ့။ ဦးကော့ကော့လေးနဲ့ဂွန်ထိုလာက မန္တလေးဖက်က ငှက်လို့ခေါ်ကြတဲ့လှေတွေနဲ့တောင် ခပ်ဆင်ဆင်လိုပဲ။ ဂွန်ထိုလာလှော်တဲ့သူက ဦးထုပ်နဲ့ ဝတ်စုံအပြည့်။ ကိုယ်သဘောကျတဲ့ ဓာတ်ပုံတွေကို #Daydream စီးရီးတွေအနေနဲ့ တင်သွားပါဦးမယ်။

စန်းထွန်း
မေ ၁၃၊ ၂၀၁၅။