၂၀၁၉ ‌နွေရာသီ ဟိုက်ကင်း - ၂

ဇှုလှိုင် ၂၀ စနေနေ့မှာ နယူးယောက် အပ်စတိတ်ဖက်က Peekskill ကို ဟိုက်ကင်းထွက်ဖြစ်ပါတယ်။ ထုံးစံအတိုင်း ဂရမ်းစင်ထရယ်ကနေ မနက် ၈ နာရီ ၄၅ ထွက်တဲ့ရထားကို တနာရီ ၁၀ မိနစ်လောက်စီးပြီးရင် ရောက်ပါပြီ။ ဘူတာကနေ Blue Mountain Reservation ပန်းခြံကို အူဘာနဲ့ ၁၀ မိနစ်လောက်စီးရတယ်။ သစ်ပင်တွေများ အုပ်ဆိုင်းနေလိုက်တာ နေပျောက်မထိုးနိုင်ဘူး။ စက်ဘီးစီးတဲ့သူ အတော်များတယ်။ ထရေးလမ်း အတိုဆုံးက ၄ မိုင်၊ အလယ်က ၆ မိုင်၊ အခက်ဆုံးက ၁၀ မိုင်။ ၆ မိုင်ကို ရွေးလိုက်တယ်။ အပူချိန်က ၉၀ ဒီဂရီဖာရင်ဟိုက်‌‌ကျော်နေပေမဲ့ သစ်တောအုပ်ထဲမှာ သိပ်မပူဘူး။ ဖုန်းထဲက All Trail map app ရယ်၊ လက်ထဲမှာ မြေပုံကိုင်ပြီး ကြည့်နေတာတောင် လမ်းကနှစ်ကြိမ် မှားလိုက်သေးတယ်။ လမ်းဆုံလမ်းခွရောက်တော့ အမှတ်အသားတွေက မထင်မရှားတော့ လမ်းတွေအကုန်သွားကြည့်ပြီးမှ ရှာတွေ့တယ်။ ကိုယ်တွေဟိုက်‌‌အောင် တက်ရတဲ့တောင်ကုန်းကို အသက် ၆၀ ကျော် အန်ကယ်ကြီးက မောင်တိန်စက်ဘီး အားကုန်နင်းပြီး တက်လာတဲ့အခါ ဘရာဗိုလို့ အားပေးလိုက်ကြတယ်။ ခြောက်မိုင်ခွဲဟိုက်ကင်းထွက်ပြီးပြီဆိုတော့ အမောပြေရေခဲမုန့်စားကြတယ်။ ကိုယ်တို့က ကယ်လိုရီသိပ်မတွက်ဘူး။ စားဖူးသမျှရေခဲမုန့်ထဲမှာတော့ အလာစကာပြည်နယ် Portage မှာစားခဲ့တဲ့ Mountain Huckleberry ရေခဲမုန့်ကို အကြိုက်ဆုံးပဲ။ ဝိုင်းကလည်း ထောက်ခံတယ်။ Peekskill waterfront ဟက်ဆန်မြစ်ဘေးနားမှာ ဓာတ်ပုံရိုက်။ ပင်ပန်းလို့ ရထားပေါ်မှာ အိပ်ပျော်သွားတယ်။ ဒီပို့စ်ကို ဖတ်နေတဲ့အချိန်ဆိုရင် ကိုယ်ဟာ ပီရူး၊ ဘိုလီးဘီးယား၊ ချီလီ တောင်အမေရိကသုံးနိုင်ငံ ၁၅ ရက် ခရီးထွက်နေပါပြီ။ ပြန်လာမှပဲ ခရီးသွားပို့စ်တွေ တင်ပါဥ◌ီးမယ်။ ခရီးသွားနေတဲ့အတွင်းမှာ နွေရာသီတုန်းက ဟိုက်ကင်းထွက်တဲ့အကြောင်း၊ ကော်လိုရာဒိုသွားတောလား၊ ဗာမွန်သွားတောလား ပို့စ်တွေတင်ထားခဲ့ပါတယ်။ အချိန်ရရင် လာဖတ်ကြပါဥ◌ီးနော်။ 

Happy Traveling!
စန်းထွန်း
‌အောက်တိုဘာ ၃၀၊ ၂၀၁၉။

ဖုန်းထဲမှာ All Trail Map app ရယ် မြေပုံကိုင်ထားတာတောင် လမ်းနှစ်ကြိမ် မှားလိုက်သေးတယ်
Water Reflection အပူချိန်က 90 F ေပမဲ့ တောအုပ်ထဲမှာတော့ သိပ်မပူဘူး
၆ မိုင်ခွဲ ဟိုက်ကင်းပြီးတဲ့အခါ ရေခဲမုန့်စားတယ် ….စားဖူးသမျှထဲမှာတော့ အလာစကာပြည်နယ် Portage မှာစားခဲ့တဲ့ Mountain Huckleberry ရေခဲမုန့်က အကောင်းဆုံးပဲ…Peekskill waterfront

၂၀၁၉ ‌နွေရာသီ ဟိုက်ကင်း - ၁

နနယူးယောက် အပ်စတိတ်ဖက်က Cold Spring ကို ၂၀၁၄ မှာ ဝိုင်းနဲ့၊ ၂၀၁၇ မှာ အမေ၊ မကြီးတို့နဲ့ ရောက်ဖူးတယ်။ နွေရာသီရောက်တိုင်း အပ်စတိတ်အဝေးဆုံး ဘူတာကနေစပြီး ဘူတာတိုင်းကို ဟိုက်ကင်းထွက်မယ်လို့ စိတ်ကူးထားတာ ဒီနှစ်တော့ အကောင်အထည် ဖေါ်ဖြစ်တယ်။ ဇှုလှိုင် ၁၃ စနေနေ့ ဂရမ်းစင်ထရယ်ကနေ မနက် ၈ နာရိ ၄၅ မိနစ် ထွက်တဲ့ရထားစီး။ ၂ နာရီစီး Hudson ဟက်ဆန်ရထားလိုင်းအဆုံးက Poughkeepsie ပေါ့ကီးစကီးမြို့။ အဲ့ဒီနေ့မှာ အပူချိန်က ၉၀ ဒီဂရီဖာရင်ဟိုက် ကျော်တယ်။ ရထားဘူတာကနေ Walkway over the Hudson ဆီကို မိနစ် ၄၀ လောက် လျှောက်ရတယ်။ ဟက်ဆန်မြစ်ပေါ် ဖြတ်ကျော်ဖောက်လုပ်ထားတဲ့ ရထားသံလမ်းပါတဲ့ တံတားဟောင်းမှာ လမ်းလျှောက်ရတယ် စက်ဘီးစီးလို့ရတယ်။ စက်ဘီးစီးတဲ့သူ တော်တော်များတယ်ထင်တယ် စက်ဘီးငှားတဲ့ဆိုင်ရှိတယ်။ တံတားအစပဲရှိသေးတယ် ဗိုက်ဆာလာလို့ သယ်လာတဲ့မုန့်တွေ စားကြတယ်။ အားရှိမှ ဟိုက်ကင်းထွက်နိုင်မှာပေါ့နော့။ တံတားပေါ်ကနေ မြင်ရတဲ့မြင်ကွင်းက အတော်လှတယ်။ ဆောင်းဥ◌ီးရာသီ သစ်ရွက်တွေ အရောင်ပြောင်းတဲ့အချိန်ဆို သိပ်လှမှာပဲ။ ဆောင်းဥ◌ီးရာသီချိန် ပြန်လာချင်တယ်။ ရေခဲမုန့်ရောင်းတဲ့ ဥ◌ီးလေးကြီးက ဝိုင်းနဲ့ကိုယ် နှစ်ယောက်တွဲ ဓာတ်ပုံရိုက်ပေးတယ်။ အစကတော့ ငြင်းနေတာ ဆယ်ဖီရိုက်တာ ဘယ်လိုမှ အဆင်မပြေဘူး။ ဒါနဲ့ ဓာတ်ပုံရိုက်ပေးဖို့ အကူအညီတောင်းရတယ် ဆူနမ့်ဆီပို့မလို့။ ဆူနမ်ကတော့ ထုံးစံအတိုင်း ပူလွန်းလို့ ဘယ်မှမသွားဘူးတဲ့။ တံတားအဆုံးမှာ မုန့်ဆိုင်၊ ရေဖြည့်လို့ရ၊ အိမ်သာရှိတယ်။ ရေဖြည့်တဲ့နေရာ မရှိမှာစိုးလို့ ကိုယ်က ရေဘူးနှစ်ဘူး ဆောင်လာတယ်။ ဟက်ဆန်မြစ်ကမ်းဘေးအတိုင်းလမ်းလျှောက တံတားတစီးကိုဖြတ်ကျော်။ ဟက်ဆန်မြစ်ကမ်းဘေးမှာ ထိုင်နား။ အဲ့ဒီလိုမြစ်ချောင်းအင်းအိုင် ရေကန်ဘေးနား သစ်တောသစ်ပင် စိမ်းစိမ်းလေးတွေမြင်ရရင စိတ်ချမ်းသာတယ်။ ပြီးတော့ အူဘာစီးပြီး ၁၅ မိနစ်အဝေးက Locust Groove Estate ကို သွားလည်ကြတယ်။ ကြေးနန်းတီထွင်သူ ဆင်မြူရယ်မော့ဆက်ရဲ့အိမ်ကို နာမည်ကြီးဗိသုကာပညာရှင်က ဒီဇိုင်းဆွဲပေးထားတယ်။ ကြေးနန်းဆိုတာကို ကြားသာကြားဖူးပြီး ဘာမှန်းမသိတဲ့ ကိုယ်တို့လိုလူမျိုးတွေအတွက် အတော်စိတ်ဝင်စားစရာကောင်းတယ်။ ဓာတ်ပုံရိုက်ခွင့်မပြုလို့ မရိုက်ခဲ့ရဘူး။ ဟိုက်ကင်းထရေးလမ်း၊ ရေကန်၊ သီးနှံစိုက်ခင်း၊ ပန်းချီပြခန်းတွေနဲ့ သာယာလှပတယ်။ အူဘာငှားစီးပြီး ရထားဘူတာဆီသွားတာ ရထားမှီလို့ တော်သေးတယ်။ ပင်ပန်းလို့ ရထားပေါ်မှာ အိပ်ပျော်သွားတယ်။

Happy Traveling!
စန်းထွန်း
‌အောက်တိုဘာ ၂၆၊ ၂၀၁၉။

Walkway over the Hudson တံတားအစ
Walkway over the Hudson တံတား‌‌ပေါ်မှာ
ကြေးနန်းတီထွင်တဲ့ ဆင်မြူရယ်‌မော့ဆက်ရဲ့ Locust Groove Estate ထဲမှာ
ကြေးနန်းတီထွင်တဲ့ ဆင်မြူရယ်‌မော့ဆက်ရဲ့ Locust Groove Estate ထဲမှာ

ချီကာဂိုသွား တောလား - ၃

ဇှုလှိုင် ၆ ရက် စနေနေ့ မနက်စာစာပြီးတာနဲ့ ဟိုတယ်ကနေ ချက်ကောက်လုပ်။ ဒီနေ့သွားလည်မဲ့နေရာကတော့ ချီကာဂိုဘော်တနစ်ဂါးဒင်း။ ဟိုတယ်ကနေ ရထားဘူတာကို မိနစ် ၄၀ လောက် လမ်းလျှောက်ရတယ်။ ဘူတာရောက်တော့ လက်မှတ်ဝယ် ဂိတ်ကဖွင့်တောင် မဖွင့်သေးဘူး။ ရထား Track နံပါတ်မှန်နေ ရထားတစီးတည်း ရှိနေတာတောင် မှားမှာစိုးလို့ ရထားပေါ်ကလူတွေကို မေးရသေးတယ် သေချာအောင်လို့။ တနာရီလောက် စီးပြီးတဲ့အခါမှာ ဘော်တနစ်ဂါးဒင်းဘူတာကို ရောက်တယ်။ ထရေးလမ်းကို ရှာဖွေပြီး မိနစ် ၂၀ လောက် လမ်းလျှောက်ရတယ်။ ဟမ်မလေး … ဘော်တနစ်ဂါးဒင်ကိုတောင် မရောက်သေးဘူး ၂ မိုင်လောက် လမ်းလျှောက်ပြီးနေပြီ။ စက်ဘီးအုပ်စုလိုက် စီးနေကြတာတွေ့တယ်။ လမ်းလျှောက်တဲ့သူ၊ စက်ဘီးစီးတဲ့သူ၊ ပြေးတဲ့သူတွေနဲ့ လူမပြတ်ဘူး။ ဝိုင်းက ဂါဝန်လေးနဲ့ ဓာတ်ပုံရိုက်ချင်လို့ အိမ်သာမှာသွားလဲတယ်။ ကောင်တာမှာ လေဆိပ်ကိုသွားတဲ့ ရှယ်တယ်ဘတ်စ်ရှိလားလို့ မေးကြည့်တော့ မရှိဘူး တက္ကစီ၊ အူဘာ ငှားစီးရမယ်တဲ့။ ကျောပိုးအိတ် အပ်လို့ရမဲ့နေရာရှိလား မေးကြည့်တော့ မရှိဘူး ဒါပေမဲ့ ကိုယ်တို့အိတ်တွေကို သိမ်းထားပေးမယ်တဲ့။ သဘောကောင်းလိုက်တာ ကူညီတတ်တယ် တော်သေးတာပေါ့ ကျောပိုးအိတ်သယ်ပြီး ပန်းခြံအနှံ့လျှောက်ဖို့ဆိုတာ အတော့်ကိုမလွယ်တာ။ ဘော်တနစ်ဂါးဒင်း အများစုက ဝင်ကြေးပေးရတယ် ချီကာဂိုဘော်တနစ်ဂါးဒင်းကတော့ ဝင်ကြေးအခမဲ့။ ပန်းချီ၊ ပန်းပု၊ အိုးထည်ပြခန်း ဆိုင်လေးတွေကို ဝင်ကြည့်ကြတယ်။ လက်ရာအတော်မြောက်တယ် ဘော်တနစ်ဂါးဒင်းက အကျယ်ကြီး အင်မတန်လှတယ်။ တနေရာအရောက်မှာတော့ နားရင်ထိုင်ကြတော့ ကိုယ်ကပင်ပန်းလို့ အိပ်ငိုက်တယ်။ မျက်မှန်တပ်ပြီး အိပ်ငိုက်နေတဲ့ကိုယ့်ကို ဝိင်းက မင်းအိပ်ငိုက်နေတာလား ဟုတ်တယ် ပင်ပန်းတယ်။ ဒါဆို ဖြေးဖြေးသွားမယ် အကုန်လုံးလျှောက်သွားဖို့ မဖြစ်ဘူး တချို့နေရာတွေ ချန်ထားခဲ့မယ်။ ကြာကန်၊ မီးဖိုချောင်စိုက်ခင်း၊ နှင်းဆီခင်း အင်မတန်လှတယ်။ ဗိုက်ဆာလာလို့ ဆန်းဒွတ်ဝယ်စားကြတယ်။ ပြီးတော့ ဂျပန်ပန်းခြံ အကုန်နီးပါးပါပဲ။ အူဘာခေါ်တော့ ကြိုမဲ့နေရာမပေါ်လို့ ဝန်ထမ်းတယောက်ကို မေးကြည့်လိုက်တော့ တက္ကစီ၊ အူဘာ၊ ဝှီးချဲတွေ ကြိုရတဲ့နေရာ ရှိတယ်တဲ့။ အဲ့ဒီနေရာရောက်မှ ကြိုရမဲ့လိပ်စာ ပေါ်လာတယ်။ ပန်းခြံထဲဝင်တဲ့ကားတွေ ပိတ်နေလို့ အတော်လေးကြာမှ ရောက်လာတယ်။ ပန်းခြံမှာ မင်္ဂလာဆောင်ရှိလို့ ကားတွေပိတ်နေတာ။ ပန်းခြံကနေ လေဆိပ်ကို မိနစ် ၂၀ လောက်ပဲ ဝေးတယ်။ ချီကာဂိုကနေ နယူးယောက်ကို လေယာဥ◌်နှစ်နာရီပဲ စီးရတယ်။ ချီကာဂိုသွားတောလားခရီး ဒီမှာပဲပြီးဆုံးပါပြီ။ စက်တင်ဘာလလယ် ကော်လိုရာဒိုပြည်နယ် ဒန်ဗာသွားတောလားကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
‌အောက်တိုဘာ ၂၃၊ ၂၀၁၉။

ချီကာဂိုသွား ‌တောလား - ၂

ဇှုလှိုင် ၅ သောကြာနေ့ သွားလည်မဲ့နေရာကတော့ အင်ဒီးယားနားပြည်နယ်ထဲက ဒူ့ဆန်းအမျိုးသားဥယျာဥ◌်ပါ။ မနက်စာစားပြီးတော့ ဟိုတယ်နဲ့နီးတဲ့ ဘူတာဆီသွားတယ်။ ဂုံးကျော်တံတားကို ဖြတ်ကျော်နေတုန်း ဂူဂယ်မတ်မှာ ဘူတာကို ကျော်နေပြီလို့ ပြနေလို့ ဘေးပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်တော့ ရထားသံလမ်းတွေ့တယ်။ ဒီဟာ ရထားဘူတာပဲ ဒါပေမဲ့ အောက်ကိုဘယ်လို ဆင်းရမလဲမသိဘူး။ အောက်ဆင်းမဲ့လှေကားလည်း မတွေ့ဘူး။ လူတွေလည်း တယောက်မှမတွေ့ဘူး ရထားဘူတာဆိုတာ ဟုတ်တောင်ဟုတ်ရဲ့လား မသိဘူးတဲ့ဝိုင်းက။ သေချာပါတယ် အဲ့ဒါရထားဘူတာ အောက်ကိုဆင်းမဲ့ လှေကားရှာရမယ်။ ရှေ့မှာတွေ့တဲ့ ဝန်ထမ်းဝတ်စုံဝတ်ထားတဲ့ သူတယောက်ကို မေးရမလား။ သိမဲ့ပုံမပေါ်ဘူး တပတ်ပတ်ပြီး ရှာကြည့်ရအောင်။ တံတားအလယ်လောက်မှာ အောက်ကိုဆင်းတဲ့ လှေကားတွေ့လို့ ဆင်းလိုက်တယ်။ မေးကြည့်လိုက်တော့ LakeShore လိုင်း ဒါပေမဲ့ ချီကာဂိုဆီလာတဲ့ရထား။ ဟိုဖက်က အင်ဒီယားနားကို သွားမဲ့ဖက်ဖြစ်မယ်။ မြေအောက်ကိုဆင်းတဲ့ လှေကားအတိုင်း ဆင်းလိုက်တော့ ဘယ်သူမှမတွေ့ဘူး။ ခြောက်ချားစရာ ရိုက်လုရင် ဘယ်သူမှသိလိုက်မှာ မဟုတ်ဘူး။ ခပ်သုတ်သုတ်လေးလျှောက် ဆိုင်တွေတွေ့မှ စိတ်နည်းနည်းအေးသွားတယ်။ ကောင်တာမှာ သွားမေးကြည့်တော့ ရထားတွေက ဘယ်အချိန်ဆိုတာ သေသေချာချာ ရှင်းပြတယ်။ ရထားလက်မှတ်ကို ဘုမှာဝယ်ရမယ်တဲ့။ ပလက်ဖောင်းမှာ ဘယ်ရားက ဘယ်ကိုဆိုတာ ပြပေးတဲ့ဘုတ်လည်း မရှိဘူး။ ရထားမှာ LakeShore လို့ ရေးထားတာ တွေ့တော့မှ ဒါတို့တွေစီးရမဲ့ ရထားဆိုတာ သေချာတယ်။ ဒူ့ဆန်းအမျိုးသားဥယျာဥ◌်ကို တနာရီကျော်လောက် စီးရတယ်။ ဒူ့ဆန်းအမျိုးသားဥယျာဥ◌်က အကျယ်ကြီး။ ဒူ့ဆန်းအမျိုးသားဥယျာဥ◌်ထဲမှာ ရထားဘူတာသုံးခု ရှိတယ်။ ကိုယ်တို့သွားရမှာက ဒူ့ဆန်းဘူတာ။ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ကနေ ချီကာဂိုသွားတုန်းက South Bend ၊ Gary မြို့တွေကို ဖြတ်ခဲ့ဖူးတော့ မှတ်မိနေတယ်။ ဒူ့ဆန်းနဲ့ ဖို့ဝိန်း တနာရီကျော်လောက်ပဲ ဝေးတယ်။ မခိုင်ကို သတိရတဲ့အကြောင်း မတ်ဆေ့ပို့လိုက်တော့ လာလည်ပါလားတဲ့။ ချီကာဂိုကို နေ့ချင်းပြန်ရမှာမို့လို့ မလာနိုင်တော့ဘူး။ ဘူတာမှာ ပြင်ဆင်ရေးလုပ်နေတဲ့ ဝန်ထမ်းတယောက်ကို မေးကြည့်လိုက်တော့ ရှယ်တယ်ဘတ်စ် မရှိဘူးတဲ့။ လမ်းလျှောက်မယ်ဆိုရင် အတော်ဝေးတယ်။ အူဘာ၊ တက္ကစီလည်း ခက်တယ် ကြိုးစားကြည့်တဲ့။ မြေပုံကျွှမ်းကျင်ပါတယ်ဆိုတဲ့ကိုယ်တောင် ဂူဂယ်မတ်ကြည့်ပြီး လည်ပါတယ်ဆို။ ဟိုဖက်သွားကြည့်လိုက်၊ ဒီဖက်သွားကြည့်လိုက်၊ ဟိုင်းဝေးလမ်းမကြီး တက်ရမယ် ပြနေတယ် ကားလမ်းအတိုင်း လိုက်သွားကြည့်မယ်။ ဟိုင်းဝေးလမ်းမကြီးကို မြင်နေရရဲ့သားနဲ့ ဘယ်ကသွားရမယ်ဆိုတာ မသိဘူးဖြစ်နေတယ်။

ဝိုင်းက ရထားသံလမ်းဘေးက တောလမ်းလေးမှာ လမ်းလျှောက်သွားတဲ့သူ တွေ့လိုက်တယ်။ အဲ့ဒီကိုသွားကြည့်ရအောင် ဘယ်လိုသွားမလဲ ရထားသံလမ်းဘေးမှာ သံစည်းရိုးကြီး ကာထားတယ်။ အဲ့ဒီသံစည်းရိုးကြီး အဆုံးအထိ လျှောက်ကြည့်ရအောင်။ ကိုယ်တွက်ဆတာ မှန်သွားတယ် သံစည်းရိုးအဆုံးမှာ ရထားသံလမ်းကို ဖြတ်ကျော်လို့ရတဲ့ တောလမ်းလေးတွေ့တယ်။ ဂူဂယ်မတ်မှာ ကြည့်လိုက်တော့ အဲ့ဒီတောလမ်းလေးအတိုင်း လျှောက်သွားရင် ဟိုင်းဝေးလမ်းမပေါ်ရောက်မယ်။ ဒူ့ဆန်းအမျိုးသားဥယျာဥ◌်ကို မိနစ် ၄၀ လောက် လျှောက်ရမယ်။ ကိုယ်တို့လျှောက်တဲ့လမ်းကြောင်း မှန်နေပြီ။ ချီကာဂိုရထားအချိန် ကြည့်လိုက်‌‌တော့ ၁၂ ၄၅ ရထားရှိတယ်။ ၁၂ ၄၅ ရထားဆိုရင် ၂ နာရီခွဲ အချိန်ရတယ်။ ဒီလောက်ဆိုရင်ရပြီ။ ၁၂ ၄၅ ရထားမမှီရင် ၂ ၄၅ ရထားရှိတယ်။ ခုမှပဲ စိတ်အေးလက်အေး ဓာတ်ပုံရိုက်နိုင်တော့တယ်။ ကားလမ်းမကြီးဘေးမှာ လူသွားလမ်းလေးရှိတယ်။ ဒူ့ဆန်းအမျိုးသားဥယျာဥ◌်ထဲဝင်ဖို့ တန်းစီစောင့်နေတဲ့ ကားတန်းကြီးက အရှည်ကြီး။ လမ်းမကြီးပေါ်မှာ လမ်းလျှောက်နေတာ ကိုယ်တို့နှစ်ယောက်တည်း ကြောင်တောင်တောင်ရယ်။ အရင်ဆုံးကမ်းခြေကိုသွားမယ် ပြီးမှဟိုက်ကင်းထရေးလမ်းဆီ သွားကြမယ်။ အဝိုင်းမှာပတ်နေတဲ့ ကားတွေကို လမ်းညွှန်ပြတဲ့ ကောင်မလေးကို မေးကြည့်တော့ ဟိုးဖက်ကို ဆက်လျှောက်သွားရင် ကမ်းခြေ။ ဟိုက်ကင်းထရေးလမ်းတွေက အများကြီး ကမ်းခြေနားက ဟိုက်ကင်းထရေးလမ်း၊ ကမ့်ပင်းဂရောင်းနားက ဟိုက်ကင်းထရေးလမ်းတွေ ညွန်ပြလိုက်တယ်။ သဲတွေက ဖြူလွလွ၊ ရေကအပြာရောင် ကြည်လင်နေတယ်။ မစ်ချီကန်ရေကန်ကြီးက ကျယ်လွန်းလို့ ပင်လယ်လားလို့ ထင်ရတယ်။ ကိုယ်က သဲသောင်ကမ်း‌‌ခြေမှာ ခြေဗလာနဲ့ လမ်းလျှောက်ရတာကို ကြိုက်တယ်။ ဝိုင်းက ခြေဗလာနဲ့ မနေတတ်ဘူး။ အဲ့ဒါဆိုရင် ကမ်းခြေမှာစောင့်နေမလား ကိုယ် သဲသောင်မှာ ခြေဗလာနဲ့ ဆယ်မိနစ်လောက် လမ်းလျှောက်ပြီးမှ လာခဲ့မယ်။ သဲသောင်ကမ်းခြေမှာ ခြေဗလာနဲ့ လမ်းလျှောက်တာ ကိုယ့်ကျန်းမာရေးအတွက် ကောင်းတယ်။ ဗီယက်နမ်ကမ်းခြေတွေမှာ ခြေဗလာနဲ့ လမ်းလျှောက်ဖို့ဆိုတာ အန္တရာယ်များတယ်။ ဝိုင်းက ဘယ်တော့မှ ခြေဗလာနဲ့ လမ်းမလျှောက်ခဲ့ဖူးဘူးတဲ့။ စတိတ်မှာ ခြေဗလာနဲ့ လမ်းလျှောက်လို့ ရတယ်ဆိုပေမဲ့ စိတ်ထဲမရဲဘူးတဲ့။ အသီးအရွက်တွေဆိုရင်လည်း စတိတ်မှာ စိတ်ချရတယ်ဆိုပေမဲ့ စားနေကျမဟုတ်တော့ မစားချင်ဘူးတဲ့။ အဲ့ဒီလိုပြာလဲ့နေတဲ့ ပင်လယ်ကိုတွေ့ရင် ဟိုင်းကြီးကို သတိရတယ်။ ရေကူးရေစိမ်ချင်တယ် ငှက်တွေကြည့်တဲ့ စင်မြင့်ပေါ် တက်ကြည့်တယ်။


လမ်းညွှန်ကောင်မလေး ပြောလိုက်တဲ့ ထရေးလမ်းကိုရှာတာ အမှတ်အသား တိုင်ကလေးတခုပဲ တွေ့တယ်။ ထရေးလမ်းဟုတ်ရဲ့လားလို့ ဂူဂယ်မတ်မှာ ကြည့်လိုက်တော့ ဟုတ်တယ်ထရေးလမ်း။ ဟမ်မလေး …. ထရေးလမ်းကလည်း ထရေးလမ်းနဲ့ မတူဘူး။ သဲတွေကြားထဲ နစ်နေလို့ ခြေထောက်ကို မနည်းနုတ်ယူရတယ်။ မှားနေတယ်ထင်လို့ ဟိုဖက်လျှောက်ကြည့် ဒီဖက်လျှောက်ကြည့်။ ဂူဂယ်မတ်မှာ ထရေးလမ်းဆိုလို့ ဒီတခုပဲပြတယ် ဆက်လျှောက်မယ်။ တော်တော်လေးကြာတော့ သဲထဲနစ်နေလို့ မောလာပြီ။ လမ်းမှာတွေ့တဲ့စုံတွဲကို မေးကြည့်တော့ ထရေးလမ်းဆိုတာ မှန်တယ်။ ခဏလေးလျှောက်ပြီးရင် သဲတွေမရှိတော့ဘူး ပုတ်သင်ညိုတွေ တွေ့လိမ့်မယ်။ အန္တရာယ်မပေးဘူး ဘေးဘီဝဲယာကို သတိထားပြီးရှာကြည့်တဲ့။ အတော်လေးကြာတော့မှ သဲတွေမရှိတော့ဘူး။ လမ်းမကြီးပေါ် ပြန်ရောက်လာတယ်။ ကမ့်ပင်းဂရောင်းက ထရေးလမ်းကို သွားရင်ကောင်းမလားလို့ တွေးပေမဲ့ ဂူဂယ်မတ်မှာ မပေါ်လို့ ကိုယ်ကမသွားချင်ဘူး။ ဂူဂယ်မတ်နဲ့ သွားရင်တောင် လမ်းမွေ့ချင်နေတာ ဂူဂယ်မတ်မပါဘဲနဲ့ ဆိုရင်တော့လား လမ်းပျောက်သွားလို့ လာကယ်ပါလို့ ၉၁၁ ခေါ်ရမယ်။ ဟိုက်ကင်းထရေးလမ်း မြေပုံရှိတယ်ဆိုပေမဲ့ မြေပုံကိုအဲ့ဒီလောက် မကျွှမ်းကျင်ဘူးလေ။ ထရေးလမ်းအမှတ်အသားတွေကိုလည်း သိပ်နားမလည်တော့ ကိုယ်ကမသွားချင်ဘူး။ ဝိုင်းကလည်း လက်ခံတာနဲ့ လာလမ်းအတိုင်း ပြန်ခဲ့ကြတော့တယ်။ အပြန်လမ်းမှာ ကိုယ်တွေလို လမ်းလျှောက်နေတဲ့ အမေရိကန်အန်ကယ်ကြီးတယောက်ကိုတွေ့တော့ ငါ့တို့လိုပဲ အဖော်ရှိတယ်ဟလို့ တွေးမိတယ်။ ချီကာဂိုရောက်တော့ နေ့လည်စာကို မနေ့ကဆိုင်မဖွင့်လို့ မစားလိုက်ရတဲ့ ကြိုက်တာရွေးလို့ရတဲ့ ကိုရီးယားအစားအစာ ဘင်ဘင်ဘတ်ဝယ်စားတယ်။ ပင်ပန်းလို့ နေ့လည်တရေးအိပ် မနက်ကရေချိုးထားပေမဲ့ ပူလွန်းလို့ရေထပ်ချိုးရတယ်။ ညနေစောင်း ဂရန်းပန်းခြံကို ဖြတ်ကျော်ပြီး မစ်ချီကန်ရေကန်တလျှောက် လမ်းလျှောက်ကြတယ်။ ကမ်းခြေတလျှောက် သဘေင်္ာတွေ အများကြီး။ လမ်းလျှောက်တဲ့သူ၊ အပြေးကျင့်တဲ့သူ၊ စက်ဘီးစီးတဲ့သူနဲ့ အင်မတန်စည်ကားတယ်။ ချီကာဂိုမြစ်ထဲ ပြေးဆွဲနေတဲ့ ခရူသဘေင်္ာတွေ တွေ့တယ်။ နာမည်ကျော်နေဗီပီယာမှာ ကစားကွင်းရှိလို့ စည်ကားတယ်။ အဲ့ဒီလိုကြိတ်ကြိတ်တိုးနေတဲ့ နေရာတွေကို သဘောမကျဘူး။ တိတ်ဆိတ်အေးချမ်းငြိမ်သက် သစ်ပင်တွေနဲ့ စိမ်းလန်း ကျေးငှက်သံတွေကြားရပြီး မြစ်ချောင်းအင်းအိုင် ပင်လယ်ကမ်းစပ်ဘေး နေရာလေးတွေကို သဘောကျတယ်။ ညနေစာကို အေးရှန်းဆိုင်ကောင်းကောင်းမှာ စားတယ်။ ၇ မိုင်ကျော် လမ်းလျှောက်ထားတာမို့လို့ ည ၁၀ နာရီဆို အိပ်ပြီ။ နောက်ဆုံးနေ့မှာတော့ ချီကာဂိုဘော်တနစ်ဂါးဒင်း သွားလည်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
‌အောက်တိုဘာ ၁၉၊ ၂၀၁၉။

ချီကာဂိုသွား ‌တောလား - ၁

ဇူလှိုင် ၄ လွတ်လပ်ရေးနေ့ ရုံးပိတ်ရက် ဘယ်ကိုသွားလည်ရင် ကောင်းမလဲစဥ◌်းစားတော့ ချီကာဂိုကို သတိရသွားတယ်။ စတိတ်ကိုလာတုန်းက ပထမဆုံးခြေချတဲ့နေရာက ချီကာဂို ကျောင်းကနေဆိုရင် ၄ နာရီလောက်ပဲဝေးတယ်။ ကျောင်းသားတိုင်း အားရင်ချီကာဂို သွားလည်ကြတယ်။ ကိုယ်တို့အုပ်စုရဲ့ကားက မကောင်း ပိုက်ဆံလည်းမရှိကြတော့ နီးရဲ့သားနဲ့ သွားမလည်ဖြစ်ဘူး။ စတိတ်ကို ပထမဆုံးခြေချတုန်းကတခါ၊ နောက်တတန်းစောင့်ဖို့ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ကိုသွားတုန်းနှစ်ခါ၊ ကျောင်းပြီးတော့ အလုပ်ရှာဖို့ မိုင်းဖန်၊ ဆူနမ်တို့နေတဲ့ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီကို သွားတုန်းကတခါ၊ သုံးလအတွင်း အလုပ်မရလို့ ကျောင်းမှာပရောဂျက်မန့်နေမန့်ဘာသာ တလတက်ဖို့ ကျောင်းကိုပြန်ရတုန်းတခါ ငါးခါတိတိ ချီကာဂိုကို ဖြတ်ရဖူးတယ်။ ဒါပေမဲ့ လေဆိပ်၊ ဘတ်စ်ကားဂိတ်မှာပဲ အချိန်ကုန်ခဲ့တယ်။ ဘတ်စ်ကားဂိတ်မှာ နောက်ကားကို အကြာကြီးစောင့်ရလို့ မြို့ထဲထွက်လည်ဖို့ အချိန်ရှိတယ်ဆိုပေမဲ့ ရောက်တဲ့အချိန်က ညဖက်ဆိုတော့ ထွက်မလည်ဖြစ်ဘူး။ ဒီလိုနဲ့ ချီကာဂိုကို ကပ်ကျော်ဖြစ်နေတယ်။ ဇူလှိုင် ၄ ရက်နေ့က ကြသပတေးနေ့ဆိုတော့ သောကြာနေ့ခွင့်ယူပြီး ခရီးထွက်မလို့ စီစဥ◌်ထားတာ ရုံးဟောင်းမှာ တလနို့တစ်ပေးတဲ့အချိန်ဆိုတော့ ခွင့်ယူလို့မရဘူး။ ဟယ်လင့်ကို သွားပြောကြည့်တော့ ခွင့်ပေးလိုက်တယ် ဘယ်သူ့ကိုမှ မပြောနဲ့တဲ့။ ဝိုင်းက စေ◌ျးသက်သာတဲ့ လေယာဥ◌်လတ်မှတ်၊ ဟိုတယ်ရှာတဲ့နေရာမှာ တော်တယ်။ ဟိုတယ်ကို အတူတူဘွတ်တယ်ဆိုရင်တောင် မကြာခဏခရီးသွားသူမို့လို့ ဝိုင်းက ကိုယ့်ထက် ပိုသက်သာတဲ့စေ◌ျးနဲ့ရတယ်။ ကိုယ်က ခရီးလမ်းကြောင်း၊ တိုးတွေ ရှာဖွေတဲ့အပိုင်း တာဝန်ယူတယ်။ မြေပုံကြည့်တာ ကျွှမ်းကျင်တဲ့သူမို့လို့ ဘယ်ကနေဘယ်ကို ဘယ်လိုသွားမယ်ဆိုတာ ကိုယ့်တာဝန်။ ဇူလှိုင် ၃ ရက် သူများရုံးတွေ စောစောဆင်းကြပေမဲ့ ကိုယ်တို့ရုံးက ဆင်းမပေးဘူး။ ရုံးဆင်းတာနဲ့ အိမ်ကိုပြေး အထုပ်ယူ ဂျက်ဆင်ဟိုက်ကို ချိန်းထားတဲ့အချိန်ထက် ၁၅ မိနစ်နောက်ကျပြီးမှရောက်လို့ ဝိုင်းကဆူတယ်။ ဘယ်လိုဖြစ်တာလဲ TSA မှာ တန်းစီရတာ အကြာကြီးဆိုရင် မလွယ်ဘူး။ ဝိုင်းဆို တရုတ်ပြည်မှာ ၃ နာရီလောက် တန်းစီရဖူးတယ်။ ဂျက်ဆင်ဟိုက်ကနေ လာဂွာရီရာလေဆိပ်ဆီ သွားတဲ့ဘတ်စ်ကားကလည်း ကြာလိုက်တာ။ မြန်ချင်ပါတယ်ဆိုမှ အရာအားလုံး နှေးစိစိနဲ့။ ချက်ကင်ဝင်ပြီးတော့ TSA မှာမြန်လို့ တော်သေးတယ်။ နယူးယောက်ကနေ ချီကာဂိုကို နှစ်နာရီပဲ စီးရတယ်။

ချီကာဂိုကို ည ၁၁ နာရီရောက်တယ်။ လေဆိပ်ကနေ မြို့လယ်ကောင် ယူနီယမ်ဘူတာကို ၄၅ မိနစ် ရထားစီးရတယ်။ ဘူတာကနေ ဟိုင်းချီကာဂိုဟိုစတယ်ကို မိနစ် ၂၀ လောက် လမ်းလျှောက်ရတယ်။ လမ်းမှာတွေ့ရတဲ့လူတွေက တမျိုးတွေ၊ လုံခြုံစိတ်ချမှု မရှိဘူးလို့ခံစားရလို့ ဝိုင်းကိုအနားကပ်ခိုင်း လမ်းမြန်မြန်လျှောက်ကြတယ်။ ဇှုလှိုင် ၄ ကြသပတေးနေ့ မနက်စာကို ဟိုစတယ်မှာစားတယ်၊ မစ်ချီကန်မလမ်းမကြီးအတိုင်း လမ်းလျှောက်ပြီး The Art Institute of Chicago ပြတိုက်ရှေ့မှာ ဓာတ်ပုံရိုက်တယ်။ အဲ့ဒီပြတိုက်က နာမည်ကြီးတယ်။ ပြတိုက်ဘေးပန်းခြံထဲက ပန်းပုရုပ်တွေ အကြောင်းသိချင်ရင် အွန်လိုင်းကနေ နားထောင်လို့ရတယ်။ ပန်းခြံထဲ သေနတ်မယူရဆိုတဲ့ ဆိုင်းဘုတ်တွေ့တယ်။ သေနတ်ပစ်မှု ဖြစ်ပွားမှုများတဲ့ မြို့ထဲမှာ ချီကာဂိုက နာမည်ကြီးပဲ။ နာမည်ကြီးမီလန်နီးယမ်းပန်းခြံထဲက Cloud Gate နဲ့ ဓာတ်ပုံမရိုက်လို့ကတော့ ချီကာဂိုရောက်တယ်လို့ ဘယ်ဆိုနိုင်ပါ့မလဲ။ အပြန်ကျတော့ မစ်ချီကန်ရေကန်ဘေး ပန်းခြံထဲကနေ ပြန်ခဲ့ကြတယ်။ အတော်ပူတာပဲ ၉၀ ဒီဂရီဖာရင်ဟိုက်ကျော်မယ်။ မစ်ချီကန်ရေကန်နားမှာမို့လို့ အေးမယ်ထင်နေတာ နယူးယောက်ထက်တောင် ပူနေသေးတယ်။ ဆူနမ်တို့ ဘာလုပ်နေလဲလို့ မေးကြည့်တော့ ပူလွန်းလို့ ဘယ်မှမသွားဘူးတဲ့ ထင်သားပဲ။ ပူလွန်းလို့ ချွှေးပြိုက်ပြိုက်ကျတယ်။ နေ့လည် ၁၁ နာရီ ဟိုစတယ်က စီစဥ◌်ပေးတဲ့ ၃ နာရီလမ်းလျှောက်တိုးမှာ လိုက်ပါတယ်။ တိုးဂိုက်က အသက် ၇၀ ကျော် သွက်လက်ကျန်းမာတယ်။ လမ်းတလျှောက်က အထင်ကရနေရာတွေကို စိတ်ဝင်စားဖွယ် ရှင်းပြတယ်။ ချီကာဂိုမြစ်ဘေးအတိုင်း လမ်းလျှောက်ကြတယ်။ မြစ်ထဲမှာ ခရူသဘေင်္ာ၊ စပိဘုတ်တွေ တွေ့တယ်။ တံတားကိုဖြတ်ကျော်ပြီး ပြတိုက်တခုမှာ အိမ်သာအတွက် ရပ်ပေးတယ်။ ပထမဆုံးဆယ်ဖီပုံ၊ ပန်းချီလက်ရာကောင်းကောင်း တွေ့ခဲ့တယ်။ မနက်ကရောက်ခဲ့တဲ့ ပြတိုက်နားကပန်းခြံထဲမှာ ၃ နာရီလမ်းလျှောက်တိုး ပြီးဆုံးတယ်။ တိုးဂိုက်ကို သဘောကျလို့ တစ်ဖ်ပေးမလို့ကို ဘယ်သူမှမပေးတာနဲ့ မပေးဖြစ်တော့ဘူး။ လုံခြုံစိတ်ချမှုမရှိလို့ ဖြစ်နိုင်ရင် မစ်ချီကန်လမ်းမကြီးမှာပဲ လမ်းလျှောက် အူဘာစီးပါတဲ့။ အေးရှန်းဆိုင်ရှာတာ ပတ်ချာလည် ဆိုင်တွေအားလုံးနီးပါး ပိတ်ထားတယ်။ ဖွင့်တဲ့ဆိုင်တွေထဲမှာ အကောင်းဆုံးလို့ ထင်တဲ့ဆိုင်မှာ ဝင်စားတော့ ခြေကုန်လက်ပန်းကျနေပြီ။

The Art Institute of Chicago

ဘိုစာဆိုတော့ ဗိုက်ကမဝချင်ဘူး ထမင်း၊ ခေါက်ဆွဲစားရမှ ဗိုက်ဝတယ်လို့ ထင်တာကိုး။ 711 မှာ ခေါက်ဆွဲပြုတ်ဝင်ဝယ်ပြီးတော့မှ Panda Express ဆိုင်တွေ့တယ်။ တရုတ်တွေများ အဲ့ဒီလိုစီးပွားရှာတာ ဆိုင်အားလုံးနီးပါး ပိတ်တာကိုတောင် မပိတ်ဘူး။ သူမပိတ်လို့ တော်သေးတယ် နို့မို့တို့များ ထမင်းငတ်မယ်။ လမ်းလျှောက်တိုးနဲ့ ကိုယ်တို့မနက်က သွားခဲ့တဲ့နေရာတွေ မတူတာ ကောင်းလိုက်တာ။ ခုဆို ချီကာဂိုမြို့လယ်ကောင်တခွင် အနှံ့လည်ခဲ့တယ်လို့ ပြောလို့ရပြီ။ ခဏနားပြီးတော့ ဟိုစတယ်ကစီစဥ◌်ပေးတဲ့ မီးရှူးမီးပန်းကြည့်တဲ့တိုးမှာ လိုက်ပါတယ်။ လွတ်လပ်ရေးနေ့ မီးရှူးမီးပန်းက ည ၉ နာရီမှစတင်တာမို့လို့ တိုးက ည ၈ နာရီခွဲမှာ စတင်တယ်။ နာမည်ကျော်နေဗီပီရာမှာ လူတအားကျပ်လို့ ဟိုစတယ်ရှေ ့ဖက် မီချီကန်ရေကန်ဘေးက ဂရန်းပန်းခြံကနေပဲ သွားကြည့်မှာတဲ့။ လူတွေက ကြိတ်ကြိတ်တိုး မြစ်ကမ်းဘေးနား လမ်းမတဖက်ခြမ်း ပန်းခြံနားက လှေကားထစ်လေးမှာ နေရာရလို့ထိုင်တယ်။ မီးရှူးမီးပန်းဖောက်တော့ မြင်ကွင်းမကောင်းလို့ ကားတွေအတော်ထူထပ်တဲ့ ကားလမ်းမကို ဖြတ်ကျော်ပြီး ရေကန်ဘေးနားကနေ သွားကြည့်ကြတယ်။ ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့က Thunder over Louisville သန်ဒါအိုဗာလူဝီဗီလ်ကို ကြည့်ထားပြီးတဲ့သူမို့လို့ ချီကာဂိုမီးရှူးမီးပန်းက အမွှားလေး။ ဝိုင်းကတောင် ပြောနေသေးတယ် ချီကာဂိုမြို့က မြို့ကြီးဖြစ်ပြီး မီးရှူးမီးပန်းက သူ့ဇာတိဗီယက်နမ်မြောက်ပိုင်းက တောမြို့လေးက မီးရှူးမီးပန်းလောက်တောင် မကြီးကျယ်ဘူးတဲ့။ ကဲ …. ပြောကုန်ကြပြီ ချီကာဂိုရေ။ အဲ့ဒီနေ့က ၈ မိုင်ကျော် လမ်းလျှောက်ရလို့ အတော်ပင်ပန်းတယ်။ အိပ်ယာစောစောဝင်တယ် မနက်အထိ တရေးထဲ။ နောက်နေ့မှာတော့ အင်ဒီယားနားပြည်နယ် ဒုဆန်းအမျိုးသားဥယျာဥ◌်ကို သွားလည်းတဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling!
စန်းထွန်း
‌အောက်တိုဘာ ၁၆၊ ၂၀၁၉။

Cloud Gate
Millenium Park
Chicago River
Grant Park
Firework at Navy Pier from Grant Park

ဂရိတ်‌ဖောသွား ‌တောလား ...

ဇွန် ၃ ရက်နေ့မှာ မောင်မောင် ရုတ်တရက်ဆုံးသွားလို့ ရန်ကုန်ကို နှစ်ပတ်ပြန်။ ရန်ကုန်ကပြန်ရောက်တာနဲ့ သောကအပူတွေ နည်းနည်းလျော့အောင်လို့ ဇွန် ၂၂၊ ၂၃ ပိတ်ရက်မှာ မြောက်ဥ◌ီးဆရာတော် တရားစခန်းဝင်တယ်။ နောက်အပတ် ဇွန် ၂၉၊ ၃၀ ဆူနမ်တို့ဆီ သွားလည်တယ်။ ထုံးစံအတိုင်း သောကြာနေ့ည ၆ ၁၅ ဘတ်စ်ကားစီးရင် ဗာဂျီးနီးယားကို ည ၁၁ နာရီလောက် ရောက်တယ်။ ဆူနမ်တို့ဆီကို မိနစ် ၄၀ လောက် ထပ်စီးရတယ်။ ဆူနမ်က ဝိုင်းကို စန်းစန်းကို ဘယ်လိုနှစ်သိမ့်ပေးရမလဲ မသိဘူး။ ဝိုင်းက ဘာမှသွားမေးမနေနဲ့ သွားမေးရင် သူငိုလိမ့်မယ် သူပြောချင်ရင် ပြောလိမ့်မယ်။ ဆူနမ်က သူသိပ်ချစ်တဲ့အဘိုး ဆုံးသွားတုန်းက သူအင်မတန်ခံစားရတဲ့ အကြောင်းတွေပြောပြတယ်။ ကိုယ်က မောင်မောင့်အကြောင်းပြောရင်းနဲ့ ဝမ်းနည်းပက်လက်ငို။ ‌‌ေ‌ြသာ် … မသေပါနဲ့လို့ တားဆီးလို့လည်းမရ သူ့အစားကိုယ်သေမယ်လို့လည်း သေပေးလို့မရ။ ချစ်ရတဲ့သူတယောက် ဆုံးရှုံးသွားရတာ အတော်ခံစားရတာပဲ။ တွေးမိတိုင်း ဝမ်းနည်းလို့မဆုံး ရင်ထဲနာကျင်ကြေကွဲ ခံစားရတုန်း။ ဇွန် ၂၉ စနေနေ့မနက် ရာမားက အိပ်ယာကမထသေးဘူး ဆူနမ်က စက်ဘီးစီးမလား လမ်းလျှောက်မလားမေးတယ်။ စက်ဘီးစီးမယ် အိမ်နားမှာ နှစ်ပတ်လောက် စီးကြည့်တယ် အိုကေတော့ စက်ဘီးထရေးလမ်းမှာ သွားစီးကြတယ်။ ငှက်ပျောသီးတလုံးစား ရေဘူးတဘူးယူ စက်ဘီးလေးမိုင်စီးမယ်ဆိုပြီး ထွက်သွားလိုက်တာ ၂၁ မိုင်စီးဖြစ်သွားတယ်။ ကိုယ့်စက်ဘီးထိုင်ခုံဖော့ကပါးတော့ တင်ပါးနာတယ်။ ဝိုင်းစက်ဘီးက ဘီးသေးတော့ ကိုယ်ကတခေါက်ပဲ နင်းရတဲ့အချိန်မှာ ဝိုင်းကနှစ်ခေါက် နင်းရတယ်။ လမ်းမှာကိုယ့်စက်ဘီး ချိန်းကျလို့ ဆူနမ်ကပြင်ပေးတယ်။ နားလိုက် နင်းလိုက်နဲ့ နင်းလာလိုက်တာ ဆူနမ်က မတတ်နိုင်တော့ဘူးဆိုပြီး နားကျန်ခဲ့တယ်။ ကိုယ်နဲ့ဝိုင်းက နောက်ထပ်လေးမိုင် ထပ်နင်းကြတယ်။ နေ့လည် ၁၂ နာရီ နေပူပြင်းတော့ ခေါင်းတွေကိုက်လာတယ်။ မီးပွိုင့်မှာရပ်စောင့်ရင်း မူးလာပြီး ယိုင်လဲတာ ဒူးပွန်းသွားတယ်။ မျဥ◌်းကျားကူးနေတဲ့ ဆူနမ်တို့က မမြင်လိုက်ဘူး။ ဒူးပွန်းတာလေးကိုတောင် ဒီလောက်နာကျင်တဲ့ ဝေဒနာခံစားရတာ အရှိန်ပြင်းနဲ့ဝင်ဆောင့်တဲ့ မောင်မောင်ဆို ဘယ်လောက်များခံစားရလိုက်မလဲလို့ တွေးမိပြီး မျက်ရည်ကျတယ်။ ကိုယ်ဆိုမောလွန်းလို့ စကားတောင် မပြောနိုင်တော့ဘူး လက်နဲ့အမူအယာပြရတယ်။ Lotte ဆိုင်မှာ ရေဝင်ဝယ် အအေးသောက်ကြတယ်။ အအေးက တအားချိုတယ် မောနေလို့ သောက်လို့ကောင်းတယ်။ နေ့လည်စာစားပြီးတာနဲ့ ပင်ပန်းလို့ အိပ်ငိုက်လာတယ်။


အီစတာဂရမ်ဖိုတို ဆမ်‌ဆောင်းဖုန်းက ဓာတ်ပံပုံထွက် အင်မတန်လှတယ်
မျက်နှာကိုဖြူဝင်း အဖုအပိန့် အစက်အပေျာက်မရှိ ‌ချောမွေ့‌နေတယ်
ဂရိတ်‌ဖော ‌ မေရီလန်း၊ ဟိုဖက်က ဗာဂျီးနီးယား
‌ရေစီးအားကို အားတု‌လှော်ခတ်‌နေတဲ့ ကနူးလှေ
၄ မိုင်‌လောက်စီးမယ်ဆိုပြီး ငှက်‌ပျောသီးတလုံးစား ‌ရေတဗူးနဲ့ ထွက်သွားလိုက်တာ
၄ နာရီ ၂၁ မိုင် စီးဖြစ်သွားတယ်

ညနေစောင်းမှာ တနာရီလောက်ဝေးတဲ့ ဂရိတ်ဖောကို သွားလည်ကြတယ်။ ၂၀၁၃ တုန်းက ဆူနမ်တို့နဲ့ စတော်ဘယ်ရီခူးရင်း ရောက်ဖူးတယ်။ အဲ့ဒီတုန်းက သွားခဲ့တဲ့နေရာက မလှဘူး ခုရှာဖွေတွေ့ရှိထားတဲ့နေရာက ပိုလှတယ်တဲ့။ ဂရိတ်ဖောတခုလုံး မြင်ရတဲ့ရှူခင်း အင်မတန်လှတယ်။ အားပြင်းတဲ့ရေစီးကို အန်တုပြီး လှော်ခတ်နေတဲ့ ကနူးလှေလှော်သမားတွေကို ချီးကျူးမိတယ်။ ကနူးဓာတ်ပုံကို အဖေ့ကိုပို့လိုက်တော့ စိတ်ပူပြီး လှေမလှော်ဖို့ မကြီးကိုပြောခိုင်းတယ်။ စိတ်ချ အဲ့လိုစီးဖို့ သတ္တိမရှိဘူး။ ချစ်ရတဲ့သူတယောက် ဆုံးရှုံးထားပြီးပြီမို့ နောက်ထပ်တယောက် ဆုံးရှုံးမှာကို ကြောက်နေမိတယ်။ ဓာတ်ပုံရိုက်တော့ ရာမားဖုန်းက ဆမ်ဆောင်း ဆယ်ဖီရိုက်ရင် လက်ဝှေ့ရမ်းပြရတယ်။ ဆမ်ဆောင်းကင်မရာ အတော်ကောင်းတယ် ပြင်စရာမလိုဘူး ပြင်ထားပြီးသား။ မျက်နှာလေးကို ဖြူဝင်းချောမွေ့ချွှေးပေါက် အစက်ပြောက် ဝက်ခြံမရှိ။ ဓာတ်ပုံတွေလှလို့ ဓာတ်ပုံရိုက်မယ်ဆိုတာကြီးပဲ။ အီစတာဂရမ်ဖိုတာဆိုတာ အဲ့တာမျိုး အမလေး ဆမ်ဆောင်းဖုန်းတောင် လိုချင်သွားတယ်။ ဝိုင်းက ကျောက်ဆောင်တွေမှာ လမ်းလျှောက်ရင် တုန်နေတတ်တယ်။ ဝိုင်းက ငါးမိနစ်လောက် အချိန်ယူတာကို ကိုယ်ကဖတ်ကနဲဆို ဆင်းလိုက်လို့ ရာမားကတောင် ပြောနေတယ်။ မနက်က ပင်ပန်းထားလို့ ဟိုက်ကင်းမထွက်နိုင်တော့ဘူး။ ဆယ်မိနစ်လောက် လမ်းလျှောက်ပြီးတာနဲ့ အိမ်ပြန်ခဲ့ကြတယ်။ နောက်နေ့စက်ဘီးစီးမယ်လို့ လေကျယ်တဲ့ကိုယ်က စက်ဘီးစီးဖို့မပြောနဲ့ တင်ပါးနာလို့ ကောင်းကောင်းတောင် မထိုင်နိုင်ဘူး။ တင်ပါးတခြမ်းနဲ့ ထိုင်ရတယ်။ နောက်တခါ စက်ဘီးစီးမယ်ဆိုရင် တင်ပါးမှာအထူပါတဲ့ အတွင်းခံဘောင်းဘီ၊ လက်နာလို့ လက်အိတ် ဝယ်ရမယ်။ တယောတီးသင်တန်းက အလွဲအမှားတွေအကြောင်းပြောရင်း ရယ်ရသေးတယ်။ နောက်နေ့မနက် အိမ်နားမှာလမ်းလျှောက် နေ့လည်ကျတော့ ပန်းခြံတခုကို သွားလည်ကြတယ်။ သာယာလှပတဲ့ပန်းခြံလေးပဲ ဆူနမ်တို့အိမ်အနီးအနားမှာ ပန်းခြံတွေမှ အများကြီး။ ကိုယ်သာဆိုရင် အပတ်တိုင်း ဟိုက်ကင်းထွက် ပန်းခြံတွေဆီ သွားလည်နေမှာ။

Happy Traveling !
စန်းထွန်း
‌အောက်တိုဘာ ၁၂၊ ၂၀၁၉။

ဆမ်‌ဆောင်းဖုန်းမှာ အတော်စိမ်းတယ် အိုင်ဖုန်းမှာ အဲ့ဒီ‌လောက် မစိမ်းဘူး