14 August 2015

ယူအက်စ်သွား တောလား - ၄

မနက် ၇ နာရီ နိုင်အာဂရာ ရေတံခွန်ဆီသွားတော့ Niagara in-depth tour မလိုက်တဲ့သူတွေကို food court ရှေ့မှာချပေးခဲ့ပြီး ၉  နာရီခွဲမှာ Maid of the mist စီးဖို့ လာခေါ်မယ်တဲ့။ နိုင်အာဂရာမြစ်က ကနေဒါနဲ့ယူအက်စ်ကို နယ်နမိတ်ခြားထားတဲ့ မြစ်ပါ။ ဝိုင်ဖိုင်မှာ ကနေဒါလိုင်းတွေ တွေ့ရတယ်။ ကနေဒါဖက်က ရေအားလျှပ်စစ်ထုတ်တဲ့ ရေကာတာကို တွေ့ရပါတယ်။ ယူအက်စ်ဖက်မှာလည်း ရှိတယ်တဲ့ ကျွန်မတို့ကားအောက်ဖက်ဆိုတော့ မမြင်ရဘူး။ Whirlpool State Park မှာ ခဏရပ်ပေးပါတယ်။ ရေတွေက အမြင့်ကနေ စီးဆင်းတော့ ဝဲဂယက်တွေ ထနေတဲ့နေရာမှာ အောက်စီဂျင် ပိုများတယ်။ အဲဒီတော့ အဲဒီမှာ ဖမ်းမိတဲ့ငါးတွေက အရသာရှိတယ် အရသာအရှိဆုံးလို့တောင် ဆိုရမယ်တဲ့။ ပရော်ဖက်ရှင်နယ် water rafting သမားတွေဆို အဲဒီမှာ လာလေ့ကျင့်ကြတယ်တဲ့။ ၁၅ မိနစ်လောက်မောင်းရင် နိုင်အာဂရာခံတပ်ဟောင်းကို ရောက်ပါတယ်။ လက်မှတ်ပြရင် လက်ဖမိုးပေါ်မှာ လိပ်ပြာတံဆိပ်တုံး ထုပေးတယ်။ ဘယ်ခံတပ်က ဗြိတိသျှခံတပ်လို့ထင်သလဲလို့ တိုးဂိုက်ကမေးတော့ သရဖူတံဆိပ်ရှိတဲ့ခံတပ်က ဗြိတိသျှတွေ ဆောက်ခဲ့တာနေမှာ။ မမှန်ဘူး အဲဒါ ပြင်သစ်တွေ ဆောက်ခဲ့တာ နောက်တော့ ဗြိတိသျှတွေက လူတွေတက်ကြည့်လို့ရအောင် အထပ်ပါတဲ့ခံတပ် ထပ်ဆောက်တယ်။ ဒီမှာ ဗြိတိသျှတွေ၊ ပြင်သစ်တွေ ဒေသခံအမေရိကန်အင်ဒီးယန်းဆီကနေ ဝက်ဝံရေတို့ဘာတို့ကို ဈေးပေါပေါနဲ့ဝယ်ပြီး ပြန်ရောင်းကြတာပေါ့။


Whirlpool State Park
အဲဒီနေရာမှာ အောက်ဆီဂျင် ပိုများလို့ အဲဒီက ငါးတွေက အရသာ အရှိဆုံး
ပရော်ဖက်ရှင်နယ် rafting သမားတွေ လာလေ့ကျင့်တဲ့ နေရာပါတဲ့
ကနေဒါဖက်က လျှပ်စစ်ဓာတ်အားထုတ်တဲ့ ရေကာတာ


အရင်ခေတ်တုန်းက အမေရိကန်စစ်သည်တော်တွေဝတ်တဲ့ အဝတ်အစား ဝတ်ထားတဲ့ ကောင်လေးသုံးယောက်ကို တွေ့တယ်။ ဟိုးတုန်းက သေနတ်က ခုခေတ်လို ကျည်ဆံနဲ့ပစ်ရတာ မဟုတ်ဘူး။ gun power မှုန့်ကို အလုံးဖြစ်အောင်လုပ်ပြီး ပစ်ရတာ အသံလည်း အရမ်းမြည်တယ်။ သေနတ်ပစ်မယ့်နေရာမှာ လူတွေရှိနေလို့ လူရှင်းအောင် စောင့်ရတယ်။ ပထမအကြိမ်ပစ်တာ ပေါင်ဒါမှုန့်မထွက်လို့ ဒုတိယအကြိမ်ပစ်မှ မြည်တယ်။ ပြီးတော့ စစ်သားလေးက ဓာတ်ပုံတွဲရိုက်ဖို့ ဖိတ်ခေါ်တယ် ရှက်မနေပါနဲ့တဲ့။ ခံတပ်ပေါ်ကို တက်ကြည့်ကြလို့ စစ်သားလေးက အောက်ဆင်းကြပါလို့ လှမ်းအော်တယ်။ နိုင်အာဂရာခံတပ်ဟောင်း ဘေးမှာရှိတဲ့ Lake Ontario လိက်ခ်အွန်တေရီအိုဟာ ကြီးလွန်းလို့ ပင်လယ်လို့တောင် ထင်ရတယ်။ ငါးမျှားနေတဲ့ ဘုတ်ကလေးတွေ တွေ့တယ်။ ရာသီဥတု ကောင်းမွန်နေတော့ ကနေဒါနိုင်ငံ တိုရွန်တို Toronto မြို့ စကိုင်းလိုင်း skyline ကို ပျပျလေး လှမ်းမြင်ရတယ်။ ရေကန်နားဆိုတော့ နေပူပေမယ့်လည်း လေတိုက်ရင် အေးတယ်။ ခံတပ်က အခန်းတွေကို လျှောက်ကြည့်ကြတယ်။ ဒီအခန်းက ပစ္စည်းသိုလှောင်ခန်း၊ ဒီအခန်းက အိပ်ခန်း၊ ဒီအခန်းက ထမင်းစားခန်း၊ ဒီအခန်းက ထမင်းချက်တဲ့အခန်း ဖြစ်ရမယ်။ ထင်းမီးနဲ့ချက်ပြုတ်တာကို ခုခေတ်အမေရိကန်ကလေးတွေ ဘယ်မြင်ဖူးပါ့မလဲ။ ဘာဘီကျူးကင်ရင် မီးသွေးနဲ့ ကင်ရတာလောက်ပဲ သိမှာ။ အခန်းတခန်းရောက်တော့ ဘာမှန်းမသိတဲ့ သံပုံးကြီးကိုကြည့်ပြီး ဘာဖြစ်မလဲလို့ ခန့်မှန်းကြတယ်။


သေနတ်ပစ်တာ သရုပ်ပြတဲ့ အမေရိကန်စစ်သားလေးနဲ့အတူ
ပင်လယ်လို့ ထင်ရတဲ့ Lake Ontario ရာသီဥတုကောင်းလို့ ကနေဒါနိုင်ငံ တိုရွန်တိုမြို့ စကိုင်းလိုင်းကို ပျပျလေး မြင်ရတယ်
အမြောက်ကြီးနဲ့


သြော်...သိသွားပုံရတဲ့ တရုတ်ကြီးကို what is that လို့မေးတော့ နားမလည်ဘူး sheme ရှံမား ဘာလဲလို့ တရုတ်လိုမေးတော့ တရုတ်လို ပြန်ဖြေတယ်။ ကျွန်မက နားမလည်ဘူးလို့ ခေါင်းခါပြတယ် ဒီတော့ သူက လက်ဝါးနှစ်ဖက်ထောင်ပြီး မီးကင်တဲ့ပုံ လုပ်ပြတယ်။ သြော်... ဟီတာ အပူပေးစက်လို့ ပြောချင်တာ ဖြစ်ရမယ်။ ခံတပ်ကအပြန်မှာ ကနေဒါဖက်နဲ့ ဓာတ်ပုံရိုက်ကြတော့ မိသားစုပုံ ရိုက်ချင်လိုက်တာ နောက်ကတရုတ်ကြီးကို အကူအညီ တောင်းရမယ်။ အမြောက်နဲ့ လင်မယားနှစ်ယောက် အပြန်အလှန် ပို့စ်အမျိုးမျိုးနဲ့ ရိုက်နေတာ တွေ့တယ်မလား။ အကူအညီတောင်းဖို့ နေနေသာသာ သူတို့ဘာသာ ရှုပ်ရှပ်ခတ်နေတာပဲ။ တရုတ်ကြီးက ကင်မရာပေးတဲ့ပုံ လုပ်ပြတော့ သူတို့ကို ဓာတ်ပုံရိုက်ခိုင်းတာလားပေါ့။ နောက်မှ ကျွန်မတို့ကို ရိုက်ပေးမလို့ဆိုတာ သဘောပေါက်သွားတယ်။ ကျွန်မတို့ မြန်မာလို ပြောနေတာကို သူ ဘယ်လိုလုပ် နားလည်ပါလိမ့်။ ၉  နာရီခွဲမှာ Maid of the Mist စီးဖို့ တန်းစီကြတယ်။ မိုးကာအပြာလေးတွေ ဝတ်ရတယ် ကနေဒါဖက်က အနီရောင်။ နိုင်အာဂရာမြစ်ရေက စိမ်းညှို့နေတာပဲ စင်ရော်တွေမှ အများကြီး။ Horseshoe ရေတံခွန်မှာ Cave of the winds အဝါရောင်မိုးကာအင်္ကီျ ဝတ်ထားတဲ့သူတွေ တွေ့တယ်။ Cave of the winds က ရေတံခွန်အောက်ခြေဆီကို လှေကားထစ်တွေနဲ့ တက်ရပြီး တဝေါဝေါ ကျနေတဲ့ ရေတံခွန်နား သွားတာပါ။ အဲဒီကိုသွားရင် သူတို့ဆီကဖိနပ်ကို မစီးဘဲနဲ့ ဝင်ခွင့်မပြုဘူး။ ၂၀၁၃ မန်မိုရီယမ်ဒေးပိတ်ရက် နိုင်အာဂရာကိုသွားတုန်းက Cave of the winds ဆီသွားဖို့ တန်းစီနေတုန်း ပထမဆုံး သတိထားမိသူက ရာမား။


တဖက်ခြမ်းက ကနေဒါ
Horseshoe Falls,  Cave of the Winds

ဘာလို့ လူတော်တော်များများ အဲဒီဖိနပ်ကို စီးထားပါလိမ့် အကြောင်းရှိလိမ့်မယ်။ သွားစုံစမ်းတော့ အဲဒီဖိနပ်မစီးဘဲ ဝင်ခွင့်မပြုဘူးတဲ့။ ကျွန်မတို့ဖိနပ်နဲ့ဆိုရင် ရေစိုနေတဲ့ကြမ်းပြင်မှာ ချော်လဲမှာ စိုးလို့နဲ့တူတယ်။ ဖိနပ်လေးက ပေါ့ပေါ့ပါးပါး ကြိုးသိုင်းဖိနပ်လေး။ နိုင်အာဂရာရေတံခွန်က ကမ္ဘာ့ထူးဆန်းအံ့ဖွယ်ထဲမှာ ပါဝင်ပါတယ်။ လူတွေ အမြဲကြိတ်ကြိတ်တိုးနေတဲ့ နေရာတစ်ခုပေါ့။ food court မှာ နေ့လည်စာအဖြစ် အိန္ဒိယစာစားတယ် နံလို့တဲ့ မစားနိုင်ဘူး။ တရုတ်စာလည်း မစားနိုင်၊ ကုလားစာလည်း မစားနိုင်၊ အမေရိကန်စာလည်း မစားနိုင်နဲ့ ယူအက်စ်မှာ အဖေတို့ ခရီးသွားတဲ့အခါ  အစားအသောက်ဆင်းရဲတယ်။ နိုင်အာဂရာရေတံခွန်ကနေ အရှေ့တောင်ဖက်စူးစူး မိုင် ၄၀၀၊ ၆ နာရီခွဲလောက်မောင်းရင် နယူးယော့ခ်စီးတီးကို ရောက်ပါတယ် ယာဉ်ကြောမပိတ်ရင်ပေါ့။ ၂ နာရီခွဲတခါ Rest Area တွေမှာ rest room အတွက်  ၁၅ မိနစ်လောက် ရပ်ပေးပါတယ်။ ကျွန်မဘေးမှာထိုင်တဲ့ အိန္ဒိယအမျိုးသမီးက နေမကောင်းဖြစ်လို့ အိမ်သာသွားချင်နေတာ။ အောင့်ထားရလို့ နဖူးပေါ်မှာ ‌ချွှေးတွေထွက်။ သူ့အမျိုးသားက နီးစပ်ရာအိမ်သာမှာ ရပ်ပေးဖို့ မေတ္တာရပ်ခံတော့ တိုးဂိုက်မလေးတွေက ကားသမားကိုပြော။ ကားသမားက ဒီလိုဟိုင်းဝေးလမ်းမကြီးမှာ အိမ်သာဘယ်မှာရှိပါ့မလဲ မင်းတို့အိမ်သာရှိမယ့်နေရာမြင်လား ၂ နာရီခွဲတခါ ရပ်ပေးနေတာပဲ မအောင့်နိုင်ဘူးလားနဲ့ ဆူပူကြိမ်းမောင်းတော့တာပဲ စကားပြောတာ ရိုင်းလိုက်တာ။

ဟိုတယ်တွေ အများကြီးရှိတာ ကနေဒါဖက်ခြမ်း
Maid of the Mist

တိုးဂိုက်တွေလည်း ဘာမှမတတ်နိုင်တာကို သိသွားတဲ့ အိန္ဒိယကြီးက တိုးဂိုက်မလေးဆီက အိမ်သာသော့တောင်းပြီး ကားပေါ်က အိမ်သာကို သုံးလိုက်တယ်။ ကားပေါ်မှာ အိမ်သာပါပေမယ့် တကယ့်အရေးပေါ်မှပဲ သုံးရပါ့မယ်တဲ့။ တခါသုံးပြီးရင် ကားထဲမှာ သုံးရက်လောက် နံနေတတ်လို့တဲ့။ ကျွန်မတို့ကတော့ ကားပေါ်မှာအိပ်လိုက်၊ ငိုက်လိုက်၊ ဘေးကရှုခင်းတွေကို ကြည့်လိုက်။ ကန်တက်ကီနဲ့မေရီလန်းပြည်နယ်တွေမှာနေတုန်းက ကားမောင်းရတော့ အဖေက သိပ်စိတ်ပူတာ။ ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့က ဒီစီဟိုင်းဝေး Dixie Highway အမြန်နှုန်း ၆၅ ကို ၇၅ ၊ ၈၀ မိုင်နဲ့ မောင်းတာအဖေရလို့ပြောတော့ စိတ်ပူမှာပေါ့။ တွေ့လားအဖေ အမေရိကန်မှာ ကားမောင်းရတာ ဘယ်လောက်ရှင်းသလဲ ။ ဆိုင်းဘုတ်မှာ အတိအကျ လမ်းညွှန်ပြီးသား ဆိုင်းဘုတ်တွေကို ကြည့် အဲဒီအတိုင်း အတိအကျလိုက်နာရင် ကားမောင်းရတာ အေးဆေး။ ယူအက်စ်မှာသာ ကားမောင်းရဲတာ ရန်ကုန်မှာတော့ ကားမမောင်းရဲဘူး။ ရာသီဥတုက မိုးအုံ့နေတော့ တောင်တွေမှာ မြူခိုးဝေနေတယ်။ ယူအက်စ်မှာ နွေရာသီလို့သာပြောတာ တို့ဆီက ဆောင်းတွင်းထက်တောင် အေးနေပါလား။ နိုင်အာဂရာက မြောက်ဖက်ကျတော့ နယူးယော့ခ်ထက် ပိုအေးတယ်။


Maid of the Mist စီးဖို့ အဲဒီတာဝါတိုင်က အောက်ခြေကို ဆင်းရတာ

နယူးယော့ခ်နဲ့တနာရီလောက် အဝေးမှာရှိတဲ့ နယူးဂျာဆီပြည်နယ်က ဓာတ်ဆီဆိုင်မှာ အိမ်သာအတွက် ရပ်ပေးတော့ တိုးကား ၃ စီး ဆုံကြတယ်။ ကုမ္ဗဏီအတူတူပဲဖို့ တိုးဂိုက်တွေ တိုင်ပင်ပြီး ပတ်မပို့တော့ဘဲ မက်ဟန်တန်ကိုတစ်စီး၊ ဖလပ်ရှင်းကိုတစ်စီး၊ နယူးဂျာဆီကိုတစ်စီ ထွက်မယ်တဲ့။ ကျွန်မတို့ကားက ဖလပ်ရှင်းကို သွားမှာမို့ အထုပ်တွေ ပြောင်းစရာမလိုတော့ဘူး။ ဖလပ်ရှင်းကိုရောက်တော့ ည ၈ နာရီ ။ 7 ရထားကကျပ်၊ ရထားကျပ်တာကို မကြံ ုဘူးတဲ့ အဖေတို့ rush hour အတွေ့အကြံ ုရသွားတယ်။ ကျွန်မ မနက်ဖက် ရုံးတက်ရင် တခါတလေ တန်းကိုင်စရာမရှိလို့ ကိုယ်ကိုဟိုယိမ်း၊ ဒီယိမ်းနဲ့ထိန်းပြီး စီးရတယ်။ ခုတော့ rush hour ကို ရှောင်တဲ့အနေနဲ့ မနက် ၈ နာရီခွဲ ရုံးတက်ပြီး ညနေ ၅ နာရီခွဲ ရုံးဆင်းတယ်။ အဖေတို့ ဂျပန်ကကျည်ဆန်ရထားမှာ rush hour ချိန်ဆို ရထားဝန်ထမ်းတစ်ယောက်က လူတွေကို အတင်းတွန်းထည့်တာ တီဗွီမှာ မြင်ဖူးတယ်မလား။ အဲဒီလောက်တော့ မကျပ်သေးဘူး။ ညနေ ၉  နာရီလောက်မှပဲ အိမ်ရောက်တယ်။ နောက်နေ့ ကိုယ်လက်တွေနာနေလို့ ဘယ်မှမသွားဖြစ်ဘူး အိမ်မှာပဲ အနားယူတယ်။ ဇူလှိုင် ၂၂ တနင်္လာနေ့မှာ လစ်ဘာတီရုပ်တုဆီ သွားကြတဲ့အကြောင်းကို နောက်အပိုင်းကျမှပဲ တင်ပါဦးမယ်။

စန်းထွန်း
သြဂုတ် ၁၄၊ ၂၀၁၅။

ရေးခဲ့ပြီးတာတွေက
ဒီစီသွား တောလား - ၁
ဒီစီသွား တောလား - ၂
ဒီစီသွား တောလား - ၃
ဒီစီသွား တောလား - ၄
ဒီစီသွား တောလား - ၅

11 August 2015

ယူအက်စ်သွား တောလား - ၃

ဒုတိယနေ့မှာ ပထမဆုံး သွားရောက်လည်ပတ်တာက ကော်နင်းဂလပ်ပြတိုက် Corning Glass Museum ပါ။ ၂၀၁၃ မန်မိုရီယမ်ဒေးပိတ်ရက် အမ်းထရူးကလည်း တိုယိုတာရေ့ဗ်ဖိုး ကားအသစ်ဝယ်ပြီးခါစ နိုင်အာဂရာရေတံခွန်ကို သွားလည်ကြတော့ အပြန်မှာ ည ၁၁ နာရီလောက် ကော်နင်းမြို့ကို ဖြတ်တော့ စန်းစန်းရေ အဲဒါမှာ ကော်နင်းဂလပ်ပြတိုက်ရှိတယ်လို့ ပြဖူးတယ်။ Corning Glass Works ခု Corning Incoporated ကနေ ၁၉၅၁ မှာ စတင်တည်ဆောက်ခဲ့ပြီး ကုမ္ဗဏီရဲ့ နှစ်တစ်ရာပြည့် လက်ဆောင်အဖြစ် တိုင်းပြည်ကို လှုဒါန်းခဲ့တယ်။ ကျွန်မတို့သုံးနေတဲ့ ကွန်ပြူတာ၊ တီဗွီ မျက်နှာပြင် ဖန်သားပြင်ကို အဲဒီကော်နင်းအင်ကော်ပိုရိတ်တတ်က တီထွင်ခဲ့တာပါတဲ့။ ကွန်ပျူတာတက္ကသိုလ် ဂုဏထူးတန်းတက်တုန်းက သင်ရတဲ့ဘာသာထဲမှာ TCP/IP ဘာသာရပ်ပါတယ်။ အဲဒီဘာသာမှာ ဒေတာတွေကို သယ်ယူပေးတဲ့ ကေဘယ်ကြိုးတွေအကြောင်း သင်ရတယ်။ Optical Fiber ဆိုတာ သေးငယ်တဲ့ နန်းကြိုးမျှင်လေး မှန်နဲ့လုပ်ထားပြီး အလင်းရောင်စစ်ကနယ်တွေကို တိတိကျကျ သယ်ယူတဲ့အပြင် ဘန်ဝစ် bandwidth အများကြီးကိုလည်း သယ်ဆောင်နိုင်ပါတယ်။ မှန်နဲ့လုပ်ထားတွေက တော်တော်လှတာပဲ။ ကော်နင်းပြတိုက်မှာပဲ နေ့လည်စာစားတော့ မက်ဆီကန်စာ အဖေတို့ နည်းနည်းစားဝင်တယ် ငှက်ပျောသီး၊ ပန်းသီး၊ ချယ်ရီသီး အသီးအနှံကို မပြတ်ဆောင်ထားရတယ်။




မှန်ပြုလုပ်တာကို ပြတဲ့ပြပွဲက အပေါ်ထပ်သီရေတာမှာပါ။ ကျွန်မတို့ရောက်သွားတော့ စတောင်စနေပြီ။ အပူအအေးပေးပြီး မှန်ပြုလုပ်တာကို အင်္ဂလိပ်၊ တရုတ်ဘာသာ စကားတွေနဲ့ ရှင်းပြပါတယ်။ အခုပြုလုပ်တဲ့ ဖန်ပုလင်းကို ပရိတ်သတ်ထဲက ကံထူးသူတစ်ယောက်ကို လက်ဆောင်ပေးပါမယ်။ ဆလိုက်မီးထိုးပြီး ကံထူးသူကို ရှာတဲ့အခါ ပရိတ်သတ်တွေက မတ်တပ်ရပ်ပြီး လက်ဝှေ့ယမ်းကြတယ်။ အမေတောင် မတ်တပ်ရပ်ပြီး လက်တွေဝှေ့ယမ်းလို့ ကျွန်မနဲ့အဖေ ပြုံးကြသေးတယ်။ ကလေးမလေးတစ်ယောက်ပုံ တီဗွီဖန်သားပြင်မှာ ပေါ်လာတဲ့အခါမှာတော့ ကံထူးရှင်ကို သိပါပြီ။ ပြတိုက်ရှေ့မှာ ကားသွားစောင့်တော့ ကားအရိပ်အယောင်တောင် မမြင်ရဘူး။ အဖေက လမ်းမဖက်ထွက်ပြီး ဟိုကြည့်ဒီကြည့် ကားပေါ်က အိန္ဒိယကြီးတစ်ယောက်နဲ့ စကားပြောနေတာတွေ့လို့ အင်္ဂလိပ်စကား မပြောတတ်ဘဲနဲ့ ဘယ်လိုများ ပြောကြပါလိမ့်။ အဖေက နာရီကိုပြတယ် အချိန်စေ့နေပြီလို့ဆိုလိုချင်တာ ဖြစ်ရမယ်။ အိန္ဒိယကြီးက ခေါင်းညိမ့်ပြီး ထောက်ခံတယ် ပြီးတော့ လက်ခါပြတယ် ကားမရောက်ဘူးလို့ ဆိုချင်တာ ဖြစ်ရမယ်။ ပြီးတော့ နှစ်ယောက်သား ရယ်ကြတယ် အင်း... အင်တာနေရှင်နယ် ဘာသာစကားနဲ့တော့ ဟုတ်နေတာပဲ။ ကျွန်မဘေးက အိန္ဒိယမိသားစုက ကိတ်မုန့် ဖုတ်တဲ့အခါသုံးတဲ့ ဖန်ပြားဝယ်တယ်။ ကော်နင်းမြို့ကနေ မြောက်ဖက်စူးစူး နာရီဝက် မိုင် ၂၀ လောက်မောင်းရင် ဝက်ကင်ဂလမ်းအမျိုးသားဥယျာဉ်ကို ရောက်ပါတယ်။




အဖေတို့ဘေးနားမှာထိုင်တဲ့ အသက်ကြီးကြီး အိန္ဒိယစုံတွဲကတော့ လမ်းမလျှောက်နိုင်လို့ မလိုက်တော့ဘူး။ ကျွန်မတို့ကို အပေါ်မှာချပေးပြီး အောက်ဖက်ကို Gorge Trail အတိုင်း နာရီဝက်လောက် ဆင်းရမှာပါ တိုးကားက အောက်ဖက်မှာ စောင့်နေတယ်။ ကျောက်ဆောင်တွေကြား မြစ်ချောင်းလေး ကွေ့ဝိုက်စီးဆင်းနေတာ၊ သဘာဝအလျှောက် ဖြစ်ပေါ်နေတဲ့ ကျောက်ဆောင်တွေက အင်မတန် ထူးဆန်းတယ်။ ဗာမွန်သွားတောလားတုန်းက ရောက်ခဲ့ဖူးတဲ့ Ausable Chasm နဲ့ တူပါတယ်။ နားလိုက်၊ ဓာတ်ပုံရိုက်လိုက်၊ အဖေတို့ကတောင် ကျွန်မထက် လျှောက်နိုင်သေးတယ်။ အဖေက ကျွန်မ လမ်းလျှောက်နေတဲ့ပုံကိုကြည့်ပြီး သမီးလမ်းလျှောက်တာ ကျိထောက်ကျိထောက်နဲ့တဲ့။ ကျိထောက်ကျိထောက်ဆိုတာ မြန်မာလို ထော့နင်းထော့နင်းလို့ ဘာသာပြန်ရမယ်ထင်တယ်။ တိုးဂိုက်က နာရီဝက်လို့သာပြောတာ ကျွန်မတို့မှာ တနာရီလောက် လျှောက်လိုက်ရတယ်။ ရှုခင်းတွေက အင်မတန်လှပြီး သာယာပါတယ်။ အနောက်မြောက်ဖက်စူးစူး မိုင် ၁၆၀ ၊ ၃ နာရီလောက်မောင်းပြီးရင် နိုင်အာဂရာရေတံခွန်ဆီ ရောက်ပါတယ်။ နိုင်အာဂရာနား ရောက်တာနဲ့ ယဉ်ကြောကျပ်လာပြီ ကားတွေပြည့်နေပြီ။ ညနေစာစား၊ Thundering Water Cultural Show ကြည့်ပြီးလို့ ၉  နာရီခွဲမှာ food court ရှေ့မှာပဲ ပြန်ဆုံမယ်တဲ့။ food court မှာ တရုတ်စာစားတာ စားမကောင်းဘူး ချိုရဲနေတာပဲ ဈေးကလည်း ကြီးသေးတယ်။ ပြီးတော့ နိုင်အာဂရာရေတံခွန်ဆီ လမ်းလျှောက်ကြတယ်။




နိုင်အာဂရာဆိုတာ အမေရိကန်အင်ဒီယန်း ဘာသာစကားနဲ့ thundering water လို့ အဓိပ္ဗာယ်ရပါသတဲ့။
အမေရိကန်ဖက်ခြမ်းကို ကွေ့ဝိုက်ဝင်နေတော့ ကနေဒါဖက်ခြမ်းကနေကြည့်ရင် ပိုလှတယ်။ ကနေဒါဖက်ခြမ်းမှာ ဟိုတယ်ပိုများတယ်။ အတူတူ လမ်းလျှောက်နေရာက အမေက လမ်းမြန်မြန်လျှောက်ပြီး ဟိုးအဝေးကြီးကို ရောက်သွားလို့ ကျွန်မက ခြေထောက်နာနေလို့ မလိုက်နိုင်ဘူး အဖေ့ကိုပဲ လိုက်ခိုင်းရတယ်။ လူတွေ ဒီလောက်အများကြီးမှာ ပျောက်သွားရင် ဘယ်မှာရှာမှာတုန်း၊ အင်္ဂလိပ်စကားလည်း မပြောတတ်၊ နယူးယောက်မှာတုန်းကတော့ အိမ်လိပ်စာ၊ ဖုန်းနံပါတ်ပါတဲ့ စာရွက်လေး ပေးထားပေမဲ့ ခုတော့ မဆောင်ထား။ အဖေနဲ့ကျွန်မ ဝိုင်းဆူကြတော့ ငြိမ်နေတယ်။ အမေဟာ အဲဒီလို စွတ်သွားတတ်တယ် ပတ္တရားကမ်းခြေမှာလည်း အဲဒီလိုသွားလို့ မကြီးတို့တွေ  ခေါင်းတောက်အောင် ရှာလိုက်ကြရသေးတယ်။ အမေ ဘာဖြစ်လို့ စွတ်သွားတာလဲမေးတော့ မြင်ချင်လို့တဲ့ သမီးတို့ကို စောင့်ပြီးမှ သွားလို့မရဘူးလားမေးတော့ အင်း စောင့်ပါမယ်တဲ့။ ၈ နာရီ food court အပေါ် ဒုတိယထပ်မှာရှိတဲ့ သီရေတာမှာ တင်ဆက်တဲ့ အမေရိကန်အင်ဒီးယန်း ယဉ်ကျေးမှုပြပွဲ Cultural Show ကို သွားကြည့်ကြပါတယ်။ မီးမှိန်မှိန်လေး ထွန်းထားပြီး အကုန်လုံး မှောင်နေတော့ ကပြမယ့်လူတွေ စင်ပေါ်ကပဲ ထွက်လာမလား၊ လူအုပ်ကြားထဲ ဘယ်နေရာကနေများ ထွက်မလားလို့ ခန့်မှန်းကြည့်နေတာ နောက်တော့ ကျွန်မတို့ ဝင်လာတဲ့ မိန်းအပေါက်ဝကနေပဲ အိုးစည်ဗုံမောင်းတီးပြီး ဝင်လာတာပါပဲ။




အမေရိကန်အင်ဒီယန်းရုပ်က အာရှတွေနဲ့ဆင်တယ်။ ငှက်မွှေးငှက်တောင်၊ အရောင်တောက်ပတဲ့ ရိုးရာဝတ်စုံတွေကလည်း လှတယ်။ အမျိုးသမီးတွေစီးတဲ့ ဘွတ်ဖိနပ်လေးက အတော်လှတယ်။ နှစ်သစ်ကူးချိန်မှာ ကတဲ့အက၊ Eagle Dance သိမ်းငှက်အကဆိုရင် တောင်ပံတွေဝဲပြီး ကပြသွားတယ်။ ကောင်လေးတစ်ယောက်က ကွင်းအဝိုင်းတွေကို ချိတ်ဆက်ပြီး ကပြသွားတာ တော်တော်ကောင်းတယ်။ နောက်ဆုံးပိတ်မှာတော့ ပရိတ်သတ်ထဲက ကလေးမနဲ့မိန်းမပျိုကို ဖိတ်ခေါ်ပြီး အတူတူ ကကြပါတယ်။ ၄၅ မိနစ်လောက် ခုန်ပေါက်ပြီး ကရလို့ အကသမားတွေ ချွှေးဒီးဒီးကျတယ်။ ယဉ်ကျေးမှုကပွဲပြီးတော့ ၉  နာရီလောက်ပဲ ရှိသေးတယ် နေဝင်လုပြီ အလင်းရောင်ကောင်းကောင်း ရှိသေးတယ်။ ရေတံခွန်ဖက်ကို ပြန်သွားဦးမလားမေးတော့ ညောင်းတယ်တဲ့။ ညနက်လာတာတဲ့အခ် သိသိသာသာ အေးလာတယ် ရေကန်နဲ့နီးတာကိုး။ တချက်တချက် လေတိုက်ရင် အေးစိမ့်သွားတာပဲ။ ကားမှတ်တိုင်နားက ပန်းခြံမှာထိုင်နေတုန်း အကိုကြီးတစ်ယောက် လာထိုင်တယ်။ ကျွန်မတို့တွေက စကားပြောနေကြတော့ မြန်မာလား ဟုတ်တယ် အဖေရေ ဒီမှာ မြန်မာတွေ သွားထိုင်ပြီး စကားပြောနေ။ ဘဘကြီးတစ်ယောက် လာထိုင်တယ် သူ့မိန်းမနဲ့‌ ချွှေးမက အိတ်တွေထားခဲ့တယ်။ ဘဘကြီးက ရွှေဘိုသားတဲ့ ဇူလှိုင် ၁ ရက်နေ့ရောက်တာ ယူအက်စ်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာ။‌ ချွှေးမက ဆရာဝန် Coney Island ကော်နီကျွှန်းဖက်မှာနေတယ်။




မကြာခင် ကယ်လီဖိုးနီးယားကို ပြောင်းတော့မှာမို့လို့အရှေ့ဖက်ခြမ်းကို လည်နေတာပါတဲ့။ စကား‌တွေ ကောင်းနေလိုက်တာ တိုးကားလာတော့မှပဲ ဂွတ်ဘိုင်ရတယ်။ ဘဘကြီးက လမ်းတပတ် ပတ်လျှောက်လိုက်ဦးမယ်ဆိုလို့အဖေက ဦးလေးသားသမီးတွေ ရှာမတွေ့ဘဲ နေဦးမယ် ဒီမှာပဲ ထိုင်စောင့်နေပါလားလို့ အကြံပေးတယ်။ food court ရှေ့မှာ ရပ်ထားတဲ့ တိုးကားကို တက်ခါနီး ဘဘကြီး ဖြတ်သွားတာနဲ့ ကျွန်မတို့တွေ နှုတ်ဆက်လိုက်ကြသေးတယ်။ Niagara Falls In-depth Tour လို့ခေါ်တဲ့ နိုင်အာဂရာခံတပ်၊ Maid of the Mist လို့ခေါ်တဲ့ နိုင်အာဂရာရေတံခွန်နားကို သင်္ဘောနဲ့သွားတဲ့အကြောင်းကတော့ အပိုင်း ၄ အနေနဲ့ တင်ပါဦးမယ်။

စန်းထွန်း
သြဂုတ် ၁၁၊ ၂၀၁၅။

ရေးခဲ့ပြီးတာတွေက
All About DC - 3
All About DC - 4
ဗာမွန်သွား တောလား - ၁
ဗာမွန်သွား တောလား - ၂

07 August 2015

Graduation ...

၂၀၁၅ မေ ၂၄ မှာ အိုင်အိုဝါပြည်နယ် ကျွန်မ ခုလက်ရှိတက်နေတဲ့ တက္ကသိုလ်မှာ ဘွဲ့နှင်းသဘင် ရှိပါတယ်။ ဘွဲ့နှင်းကို သွားမတက်တော့ပါဘူး နယူးယော့ခ်ကနေ အိုင်အိုဝါပြည်နယ် မြို့တော် ဒက်စ်မွိုင်း (သို့) အိုင်အိုဝါစီးတီးမြို့အထိ လေယာဉ်ခက ၄၀၀၊ အဲဒီမြို့တွေကနေ ၁ နာရီခွဲလောက်ဝေးတဲ့ ကျောင်းအထိ ကားငှားခ၊ ဟိုတယ်ခ၊ စားစရိတ် အနည်းဆုံး ရှစ်ရာ၊ တစ်ထောင်လောက် ကုန်မယ်။ ကျွန်မ တစ်ယောက်တည်း မဟုတ်ဘူး အဖေ၊ အမေလည်း ပါဦးမှာ။ ၃ ယောက်ဆို နှစ်ထောင့်ငါးရာလောက် ကုန်မှာ။ ဘွဲ့နှင်းတက်မယ့်အစား ခရီးတွေ သွားမှာပေါ့လို့ပြောတော့ အဖေက ဘွဲ့ဝတ်စုံနဲ့ ဓာတ်ပုံရိုက်ရရင် ကျေနပ်ပါပြီတဲ့။ အသိမိတ်ဆွေတစ်ယောက်ညွှန်တဲ့ မြို့ထဲက ဖိုတိုစတူဒီယိုမှာ သွားရိုက်တယ်။ အဲဒီစတူဒီယိုက ဘွဲ့သမားတွေကို အဓိကထားတဲ့ဆိုင်ဆိုတော့ ဘွဲ့ဝတ်ရုံ ရှိတယ်။ ဖလပ်ရှင်းက ဖိုတိုစတူဒီယိုက မင်္ဂလာဆောင် wedding ကို အဓိကထားတဲ့ဆိုင်ဆိုတော့ ဘွဲ့ဝတ်ရုံ မရှိဘူး။ အဲ... မိတ်ကပ်တော့ ပြင်ပေးတယ် ပြင်ပေးခ ၈၀ တဲ့။ မြို့ထဲက ဆိုင်ကကျတော့ မိတ်ကပ်မပြင်ပေးဘူး ကိုယ့်ဘာသာ လိမ်းသွားရတယ်။ ခေါင်းလျှော်ပြီးခါစဖို့ ဆံပင်တွေက ဖွာလန်ကြဲ၊ မိတ်ကပ်မပြင်တတ်တော့ မိတ်ကပ်ကမညီ။ ဆိုင်က အဖေ့ကို နက်ကတိုင်တပ်၊ ကုတ်အင်္ကျီဝတ်ပေးတယ်။ ဟိုလိုနေ၊ ဒီလိုနေနဲ့ ဓာတ်ပုံရိုက်ရတာ ပင်ပန်းလိုက်တာ။ ဒါတောင် ဓာတ်ပုံဆရာက သိပ်စိတ်ရှည်တာ။ ၂၆၀ ဖိုး ရိုက်မှ စီဒီရမှာဆိုတော့ စီဒီရချင်လို့ ၃၀၀ ဖိုး ရိုက်လိုက်တယ်။



၃ ပတ်ကြာမှရမယ်ဆိုတော့ ဘော့စတွန်ခရီးက ပြန်လာပြီးချိန်မှာ ရွေးလို့ရပေမဲ့ မနက် ၉  နာရီကနေ ညနေ ၅ နာရီအထိ တနင်္လာနေ့ကနေ သောကြာနေ့ပဲ ဖွင့်တယ်ဆိုတော့ မနက် ၈ နာရီခွဲ ရုံးတက်၊ ညနေ ၅ နာရီခွဲ ရုံးဆင်းတဲ့သူမို့ သွားယူဖို့ အခွင့်မကြုံဘူး။ ၃၄ လမ်း မြို့ထဲရုံးဆိုရင် နေ့လည်ထမင်းစားချိန်မှာ သွားယူလို့ရပေမယ့် နယူးဂျာဆီပြည်နယ် နူဝါ့ခ် Newark မြို့က ကလိုင်းရင့်ရုံးကို ရုံးတက်ရတော့ အဖေတို့ ပြန်သွားတဲ့ ဇူလှိုင် ၁၉  အထိ ဓာတ်ပုံက မရသေးဘူး။ ဇူလှိုင် ၃၁ မှာ ဝေါထရိတ်စင်တာ တဖက်ကမ်း နယူးဂျာဆီပြည်နယ် Exchange Place ကို ပြောင်းတဲ့နေ့မို့ ကွန်ပျူတာကို ညနေ ၃ နာရီ မတိုင်ခင်ပိတ်၊ Mover သမားတွေက ပစ္စည်းလာသိမ်းတာမို့ ရုံးစောစောဆင်းပြီးတော့ ဓာတ်ပုံသွားရွေးဖြစ်တယ်။ နှစ်ပုံလောက်ပဲ ကြိုက်တယ် ၃၀၀ ပလုံ : (  ။ အဖေက ရယ်နေတာနဲ့မတူဘဲ သွားဖြဲပြနေတာနဲ့တူတယ်။ ဟမ်မလေး.... ခုမှ သေသေချာချာ ကြည့်မိတယ် အမေ့မျက်ခုံးမွှေးက မည်းလှချည်လား။ အမေက မည်းမည်းကြီးဖြစ်အောင် ဆွဲတာလား၊ ဓာတ်ပုံဆရာကပဲ ဆွဲထည့်လိုက်တာလား ဘယ်သူ့လက်ချက်လဲ မသိတော့ဘူး။ ကျွန်မနှုတ်ခမ်းကိုလည်း နီညိုရောင် ဆွဲပေးထားတယ်။ ဝက်ခြံဖုတွေရှိနေတဲ့ မျက်နှာကိုတော့ ညက်နေအောင် ပြင်ပေးထားတယ်။ ပါးကို သွယ်လျနေအောင် bronze လုပ်ထားတယ်။ ကိုယ့်ဘာသာ ရိုက်ရင်တောင်မှ ဒီထက် လှမယ်ထင်တယ်။ ၂၀၀၉  စင်္ကာပူအမျိုးသားတက္ကသိုလ်မှာ ဘွဲ့ယူတုန်းက ဘာလို့စတူဒီယိုမှာ သွားရိုက်ဖို့ အိုင်ဒီယာမရခဲ့ပါလိမ့်။


Graduation 2015, Master of Computer Science
Maharishi University of Management, Iowa
Credit to Craig Shaw
Credit to Craig Shaw

ကမ္ဘာ့အဆင့် ၂၄ရှိတဲ့ စင်္ကာပူအမျိုးသားတက္ကသိုလ်လို ကျွန်မ ဂုဏ်ယူတဲ့ တက္ကသိုလ်မဟုတ်ပေမယ့် ၃ နှစ်ခွဲ ၄ နှစ်လောက် အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ပြီးမှ ဒီကွန်ပျူတာသိပ္ဗံ မဟာဘွဲ့ရတာကို ကျွန်မ ဂုဏ်ယူမိပါတယ်။ သူများတွေက ၂ နှစ်ခွဲ ၃ နှစ်လောက်နဲ့ ဘွဲ့ရပေမဲ့ ကျွန်မက ဗီဇာအဆင်မပြေလို့ ၄ ဘာသာထပ်ယူပြီး ၁ နှစ်ထပ်တက်တာ ၃ နှစ်ခွဲ ၄ နှစ်လောက်မှ မဟာဘွဲ့ရတယ်။ ဒီဘွဲ့ကို လွယ်လွယ်ကူကူနဲ့ ရခဲ့တာတော့ မဟုတ်ပါဘူး။ ကျောင်းက အမေရိကန်စာတွေ မစားနိုင်လို့ ခေါက်ဆွဲပြုတ်စား၊ ပိုက်ဆံမရှိ ဘူဖေး စားချင်တိုင်း မစားနိုင်လို့ မက်ဒေါနယ်ဆိုင်က မက်ချစ်ကင်းစား၊ နေ့တိုင်း မနက် ၁ နာရီအထိ Homework ၊ Assignment  တွေလုပ်၊ ကျောင်းတက်နေတဲ့ တစ်နှစ်က အင်မတန် ပင်ပန်းဆင်းရဲတာ။ ၂၀၁၁၊ ၂၀၁၂ တုန်းက ရေးခဲ့တဲ့ပို့စ်တွေကို ဖတ်ခဲ့ဖူးတဲ့သူတွေဆိုရင် သိပါလိမ့်မယ်။ အင်တန်းရှစ်အတွက် အလုပ်ရှာတော့ အိုဟိုင်းရိုး၊ မေရီလန်းပြည်နယ်တွေကိုပြောင်း၊ လေးအော့ဖ်ဖြစ်ရင် စိတ်ဓာတ်ကျ၊ ဒါတောင် အဖေနဲ့မကြီးက ပိုက်ဆံကိစ္စ လုံးဝစိတ်မပူနဲ့တဲ့၊ ဆူနမ်၊ ရာမား၊ မိုင်းဖန်တို့လို သူငယ်ချင်းကောင်းတွေ ရှိလို့ ခံသာတာပါ။ အလုပ်အချိန်ပြည့်လုပ် တပတ်တခါ အဆိုင်းမင့်တင်၊ တလခွဲတခါ စာမေးပွဲရက် နီးလာရင် စိတ်ဖိစီး၊ အလုပ်ပင်ပန်းလို့ စာမကြည့်နိုင်ရင် စိတ်ဖိစီး၊ လေးအော့ဖ်ဖြစ်ရင် စိတ်ဖိစီးနဲ့ အတော်ဖိစီးတယ်။


Post Graduate Dip in System Analysis, SA 29
National University of Management
Credit to ISS
SA 29 Graduation 09/02/2009
Institute of System Science, NUS
Credit to ISS
credit to ISS

ကျွန်မက မိုင်းဖန်လို အေရတဲ့ကျောင်းသား၊ စာတော်တဲ့ကျောင်းသားတော့ မဟုတ်ပါဘူး။ တချို့ဘာသာတွေမှာ အေ၊ တချို့ဘာသာတွေမှာ ဘီပလပ်၊ တချို့ဘာသာတွေမှာ ဘီမိုင်းနပ်၊ တချို့ဘာသာတွေမှာ NC လို့ခေါ်တဲ့ ဘာခရက်စ်ဒစ်မှ မရတာ ရှိသေးတယ်။ ညဏ်မကောင်းလို့ သူများထက် နှစ်ဆကြိုးစားရတယ်။ အဖေ၊ မကြီးတို့ ခင်းပေးတဲ့လမ်းပေါ်မှာ အေးအေးဆေးဆေး လမ်းလျှောက်လာတဲ့သူ ယူအက်စ်ရောက်မှ ကိုယ့်လမ်းကိုယ်ဖောက်ရတာ ပင်ပန်းလိုက်တာ။ မြန်မာဆိုတာ တစ်ယောက်မှမရှိတဲ့ အရပ်မှာနေရတာ အပေါင်းအသင်း သူငယ်ချင်းမရှိ၊ မချက်မပြုတ်တတ်တော့ အစားအသောက်ဆင်းရဲနဲ့ ယူအက်စ်မှာ ကြုံရတဲ့ဒုက္ခတွေက အများသား။ စင်္ကာပူမှာနေတုန်းက ဘာအခက်အခဲမှ မရှိဘူး ရန်ကုန်လို့တောင် ခံစားမိတယ်။ စင်္ကာပူကျောင်းတုန်းက ကျောင်းပြီးတာနဲ့ ချက်ချင်းဘွဲ့ယူ ကျောင်းအကြွေးကို တဖြည်းဖြည်းခြင်းဆပ် အတိုးနှုန်းကလည်း အင်မတန် နည်းတယ်။ ယူအက်စ်ကျောင်းက ပရိုက်ဗိတ်ကျောင်းမို့လို့ သတ်မှတ်ထားတဲ့ ခရက်ဒစ်မပြည့်ရင်၊ ကျောင်းအကြွေးကို အပြီးမဆပ်နိုင်သေးရင် ဘွဲ့ယူလို့ မရဘူး။ ကျောင်းအကြွေး အတိုးနှုန်းက များတယ်။

SA 29 Graduation
National University of Singapore


ကျောင်းရဲ့ တကယ့်ဘွဲ့ဝတ်စုံက အရောင်က အဖြူရောင် အဖေက မလှဘူး အနက်ရောင်နဲ့ရိုက်တဲ့။ အသိအစ်မတစ်ယောက်က ကျွန်မကို သူ့လိုပဲ ပီအိတ်ချ်ဒီဒေါက်တာဘွဲ့ ရစေချင်တယ်တဲ့။ နိုး...နိုး...နိုး  ကျောင်း ၃ နှစ်ခွဲ တက်ခဲ့ရလို့ ကျောင်းကို တော်တော်လေး စိတ်ကုန်နေပြီ။ ပီအိတ်ချ်ဒီတက်လို့ လစာပိုကောင်းတယ် ဆိုရင်တော့ တက်ဖြစ်မလားဘဲ။ လူးပက်စ်ဖြစ်နေတော့ စိတ်ဖိစီးလို့ မဖြစ်ပေဘူး။ ကျောင်းတက်တယ်ဆိုတာ အနည်းနဲ့အများတော့ စိတ်ဖိစီးတာကိုး။ ပီအိတ်ချ်ဒီကတော့ တက်ဖြစ်ချင်လည်း တက်ဖြစ်မယ် လုံးဝမတက်တာလည်း ဖြစ်နိုင်တယ်။ သေချာတာကတော့ ခုလောလောဆယ် break လိုနေတယ်။ ၂၀၀၉  စင်္ကာပူအမျိုးသားတက္ကသိုလ်မှာ ဘွဲ့ယူတုန်းက ဓာတ်ပုံတွေရယ်၊ ၂၀၀၅ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ ဂုဏ်ထူးတန်းဘွဲ့ယူတုန်းက ဓာတ်ပုံတွေကိုပါ အမှတ်တရအဖြစ် တင်လိုက်ပါတယ်။ အဲဒီတက္ကသိုလ်နှစ်ခုမှာ ကျောင်းတက်တုန်းက အချိန်တွေ၊ သူငယ်ချင်းတွေကို သတိရမိတယ်။

စန်းထွန်း
သြဂုတ် ၇၊ ၂၀၁၅။

Master of Computer Science (Hons)
University of Computer Studies, Yangon 05/05/2005

01 August 2015

ယူအက်စ်သွား တောလား - ၂

ဇွန် ၁၈ ကနေ ၂၀ ထိ  ဖီလာဒဲဖီးယား၊ ဝါရှင်တန်ဒီစီ၊ နိုင်အာဂရာရေတံခွန် ၂ ညအိပ် ၃ ရက်ခရီး စတင်ပါတယ်။ မနက် ၇ နာရီ ဖလပ်ရှင်းစုရပ်မှာ သွားစောင့်၊ တရုတ်တန်းဆီ ကြိုပို့လုပ်ပေးတဲ့ ဖယ်ရီကားကိုစီး၊ မနက် ၈ နာရီသာသာမှာ တရုတ်တန်းကနေ စထွက်ပါတယ်။ ကျွန်မဘေးနားမှာ ထိုင်ရတာက အိန္ဒိယအစ်မကြီး၊ ကျွန်မတို့နောက်မှာက သူ့အမျိုးသားနဲ့ ဆယ်ကျော်သက်အရွယ် သူ့သမီး။ မက်ဟက်တန်ကနေ ဟော်လန်တန်နယ် မြေအောက်လှိုဏ်ခေါင်းကို ဖြတ်ပြီးရင် ဂျာစီစီးတီး နယူးဂျာဆီပြည်နယ်ကို ရောက်ပါတယ်။ ဟော်လန်တန်နယ်ဟာ ဟတ်ဆန်မြစ်အောက်ကနေ ကားတွေအတွက် ဖောက်လုပ်ထားတဲ့ အစောဆုံး မြေအောက်လှိုဏ်ခေါင်း နှစ်ခုထဲက တစ်ခုဖြစ်ပြီး နောက်တစ်ခုက လင်ကွန်းတန်နယ်ပါ။ ဟော်လန်တန်နယ်ဆိုလို့ နယ်သာလန်၊ ဟော်လန်နိုင်ငံကို အစွဲပြုပြီး အမည်ပေးထားလို့ ထင်ရင် မှားပါတယ်တဲ့။ ပရောဂျက်ရဲ့ အင်ဂျင်နီယာချုပ် ကလစ်ဖို့ဟော်လန်ကို အစွဲပြုပြီး အမည်ပေးထားတာပါတဲ့။  ၁၉၂၀ မှာ စတင်ပြီး ၁၉၂၇ မှာ တန်နယ် ဆောက်လုပ်ပြီးစီးခဲ့ပေမဲ့ အင်ဂျင်နီယာချုပ် ကလစ်ဖို့ဟော်လန်က တန်နယ်မပြီးဆုံးခင်မှာ သေဆုံးသွားတာမို့ တန်နယ်ဒီဇိုင်နာ အိုလေးစင်စတဒ်က အဆုံးသတ်ခဲ့ရတယ်။ အဆောက်အဦး ၄ ခုကနေ ပန်ကာ ၈၄ ခုနဲ့လေဝင်လေထွက်ကောင်းအောင် တည်ဆောက်ထားတာမို့ လှိုဏ်ခေါင်းထဲမှာပေမဲ့ လေဝင်လေထွက်ကောင်းတယ်။ တန်နယ်တွေမှာ လေဝင်လေထွက်က အရေးကြီးပါတယ် ကားတွေဆီကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို ရှုရှိုက်ပြီး အသက်ဆုံးရှုံးနိုင်တာကိုး။

Philadephia Independence Hall 

နယူးဂျာဆီပြည်နယ်ရဲ့ နာမည်ပြောင်က Garden State ၊ နယူးယောက်ပြည်နယ်ရဲ့ နာမည်ပြောင်က အင်ပါယာစတိတ်တဲ့။ နယူးဂျာဆီပြည်နယ်ရဲ့ ထူးခြားချက်က ဓာတ်ဆီဈေး အင်မတန် သက်သာတယ်။ ဒါကြောင့် ဟော်လန်တန်နယ်ကအထွက်မှာ ဓာတ်ဆီဆိုင်မှ အများကြီးပဲ။ အိမ်ငှားခလည်း သက်သာတယ်၊ တက်စ်လည်း နယူးယောက်ထက် နည်းတယ်။ အစက နယူးဂျာဆီမှာ နေမလား စဉ်းစားသေးတယ် ဟော်လန်တန်နယ်၊ လင်ကွန်းတန်နယ်၊ မြေအောက်လှိုက်ခေါင်းမှာ တခုခုဖြစ်ရင်၊ ဂျော့ဝါရှင်တန်တံတားမှာ တစ်ခုခုဖြစ်ရင် စောင့်ပေတော့ တမေ့တမော ထိုင်ငိုချင်လောက်တယ်။ နှင်းမုန်တိုင်းတိုက်လို့ နယူးဂျာဆီပြည်နယ်မှာ ရထား၊ ကားမထွက်ပေမဲ့ နယူးယောက်မှာတော့ မြေအောက်ရထားတွေ ထွက်တယ် ဒီလေးနောက်ကျတာတော့ ဖြစ်တာပေါ့။ နယူးယောက်က မြေအောက်ရထားတွေက ၂၄ နာရီ ရှိတယ်။ နယူးဂျာဆီမှာ ခရီးသည်တွေ တက်ကြပြီးတဲ့အခါမှာ တိုးဂိုက်က မိတ်ဆက်ပါတယ်။ တိုးဂိုက်နာမည်က ဟယ်လင်တဲ့ ပိန်ပိန်ရှည်ရှည် တရုတ်မ၊ နောက်တိုးဂိုက်နာမည်ကို မမှတ်မိတော့ဘူး ပုပုသေးသေး ပြုံးပြနှုတ်ဆက်ပြီး သဘောမနောကောင်းတဲ့ တရုတ်မလေး။ ထုံးစံအတိုင်း တရုတ်များတယ်၊ အိန္ဒိယတွေက ၁၀ ယောက်လောက် ရှိတယ်။ နယူးယောက်ကနေ တောင်ဖက်စူးစူး ၂ နာရီ မိုင် ၁၀၀ မောင်းပြီးတော့ ဖီလာဒဲဖီးယားကို ရောက်ပါတယ်။ ရာသီဥတုက ကောင်းကင်တခုလုံး မှောင်မည်းနေပြီး မိုးတဖြောက်ဖြောက် ရွာနေတယ်။

US Capitol

ဟိုဟာက လွတ်လပ်ရေးအဆောက်အဦး၊ ဟိုဟာက လွတ်လပ်ရေးခေါင်းလောင်း ဓာတ်ပုံရိုက်ကြနော်၊ နေ့လည်စာစားထား၊ နောက်တနာရီခွဲကြရင် ခုရပ်တဲ့နေရာမှာ ပြန်ဆုံမယ်တဲ့။ ခေါင်းလောင်းကိုဝင်ကြည့်ဖို့က လက်မှတ်ဝယ်ရမှာ ကြည့် ကျူတန်းကြီးက အရှည်ကြီးတဲ့ အပြင်ကနေပဲ ဓာတ်ပုံရိုက်ခဲ့ရတယ်။ မိုးရွာနေလို့ ဓာတ်ပုံရိုက်ပြီးတာနဲ့ food court ဆီ ပြေးကြတော့တယ်။ ဘူဖေးစတိုင် ကြိုက်တာယူ အလေးချိန်နဲ့ ကျသလောက်ရှင်းတဲ့ တရုတ်ဘူဖေးဆိုင်မှာပဲ စားဖြစ်တယ်။ မနှစ်က ဖီလာဒဲဖီးယား နေ့ချင်းပြန်ခရီး သွားလည်တုန်းကလည်း စားတာ အဲဒီဆိုင်ပဲ။ ရုံးက ပတ်ထရီရှာက ဖီလီချီစ်စတိတ် Philly Cheese Steak စားဖြစ်အောင်စားခဲ့လို့ မှာပေမဲ့ အေးရှန်းစာ ပိုကြိုက်တော့ တရုတ်စာပဲ စားဖြစ်တယ်။ ဖီလာဒဲဖီးယားဆိုတာ ဂရိဘာသာစကားနဲ့ Brotherly Love လို့ အဓိပ္ဗာယ်ရပါသတဲ့။ ဖီလာဒဲဖီးယားမှာ ဗြိတိသျှတွေဆီကနေ လွတ်လပ်ရေးကြေငြာစာတမ်းကို လက်မှတ်ရေးထိုးတဲ့မြို့မို့လို့အမေရိကန်သမိုင်းမှာ အရေးပါတဲ့မြို့၊ လွတ်လပ်ရေးမြို့ ဆိုပါတော့။ လွတ်လပ်ရေးကြေငြာစာတမ်း ဖတ်ပြီးတော့ တီးခတ်ကြတဲ့ ခေါင်းလောင်းတွေထဲက တစ်ခုကို လွတ်လပ်ရေးခေါင်းလောင်းအဖြစ် ပြတိုက်မှာ ပြသထားပါတယ်။ မနှစ်က ဖီလာဒဲဖီးယား တောလားတုန်းက ပထမဆုံး အမေရိကန်အလံ ပြုလုပ်ခဲ့တဲ့အိမ်ကို ရောက်ခဲ့သေးတယ်။ ပထမဆုံး အမေရိကန်အလံမှာ ဗြိတိသျှတွေက ခွဲထွက်ပြီး လွတ်လပ်ရေးကြေငြာတဲ့ ပြည်နယ် ၁၃ ကို ကိုယ်စားပြုတဲ့ ကြယ် ၁၃ လုံး၊  အဖြူအနီ ၁၃ လိုင်း ရှိပါတယ်။


National Museum of the American Indian

အခုလက်ရှိ အမေရိကန်အလံမှာ ပြည်နယ် ၅၀ ကို ကိုယ်စားပြုပြီး ကြယ်အလုံး ၅၀ ရှိတယ်။ ဒီနေ့ပဲ  Rocky ၊ Rambo ရုပ်ရှင်တွေရဲ့ သရုပ်ဆောင် စတာလုန်း အကြောင်း ကျွန်မ နှစ်သက်တဲ့ အေဘီစီသတင်းဋ္ဌာရဲ့ GMA (Good Morning America) အစီအစဉ်မှာ တွေ့လိုက်ရတယ်။ စတားလုံးဟာ အသက် ၇၀ ရှိပါပြီတဲ့။ ဖီလာဒဲဖီးယား အနုပညာပြတိုက်ရှေ့က လှေကားထစ် ၄၇ ထပ်ကို ပြေးတက်ပြီး လက်နှစ်ဖက်ကို ကာယဗလမောင်တွေလို မြှောက်ပြတဲ့ စတားလုန်းရဲ့ ရော့ကီစတိုင်နဲ့ဖီလာဒဲဖီးယား အနုပညာပြတိုက်ရှေ့မှာ ဓာတ်ပုံရိုက်လေ့ ရှိကြတယ်။ ဖီလာဒဲဖီးယား အနုပညာပြတိုက်ဘေးနားမှာ စတားလုန်းရဲ့ ရော့ကီရုပ်ထု ရှိပါတယ်။ ဖီလာဒဲဖီးယားမှာ Elfreth's Alley လို့ အမည်တွင်တဲ့ နှစ်ပေါင်း ၃၀၀ ကျော်ပြီဖြစ်တဲ့ ယူအက်စ်မှာ သက်တမ်းအရှည်ဆုံးလမ်းလေး ရှိပါတယ်။ ဗြိတိသျှက ပြောင်းရွှေ့လာတဲ့သူတွေ နေထိုင်ခဲ့ကြတဲ့အိမ်တွေမို့လို့ လန်ဒန်က အိမ်တွေနဲ့ တပုံစံတည်း လန်ဒန်ကို ရောက်နေတယ်လို့ ထင်ရတယ်။ ထုံးစံအတိုင်း တိုးရစ်တွေ လာကြည့်ကြတဲ့ လမ်းဆိုပါတော့။ ဖီလာဒဲဖီးယားရဲ့ တဖက်ကမ်း ကမ်ဒန်မြို့ Camden နယူးဂျာဆီပြည်နယ်က Adventure ရေသတ္တဝါပြတိုက်မှာ ဝေလငါး ရှိတယ် အတော်စုံတဲ့ ရေသတ္တဝါပြတိုက်လေး။ ဖီလာဒဲဖီးယားကနေ တောင်ဖက်စူးစူး ၂ နာရီခွဲ မိုင် ၁၄၀ လောက်မောင်းရင် ဝါရှင်တန်ဒီစီကို ရောက်ပါတယ်။ ဒီစီကိုရောက်တော့ နေက ခြစ်ခြစ်တောက် ပူနေတယ်။

National Air & Space Museum
National Air & Space Museum

နယူးယောက်ကို မြို့တော်လုပ်ဖို့ စဉ်းစားခဲ့ကြပေမဲ့ ဗြိတိသျှရေတပ်မတော်ကို ကြောက်လို့ မေရီလန်းပြည်နယ်၊ ဗာဂျီးနီးယား ပြည်နယ်တွေကနေ မြေတွေနည်းနည်းစီဖဲ့ပြီး ဝါရှင်တန်ဒီစီမြို့တော် တည်ဆောက်ခဲ့ပါတယ်။ ဟိုမှာ ကယ်ပီတယ်၊ ဒီမှာက အာကာသပြတိုက်ဆိုပြီး အချိန် ၂ နာရီ လည်ဖို့ ပေးပါတယ်။ အရင်တုန်းက ကယ်ပီတယ် အမိုးခုံးခုံးကြီးကို အိမ်ဖြူတော်လို့ ထင်နေတာ နောက်မှ ကယ်ပီတယ်မှန်း သိသွားတယ်။ ဆီးနိတ်၊ ဟောက်စ်၊ လွှတ်တော်အမတ်တွေ ငြင်းကြခုန်ကြ အဲလေ ဥပဒေတွေ ပြဋ္ဌာန်းတဲ့နေရာ ဆိုပါတော့။ ဒီစီမှာ ကျွန်မအကြိုက်ဆုံးနေရာ တစ်ခု။ ဒီစီရုံးက ကယ်ပီတယ်ဘေးမှာ နေ့လည်ထမင်းသွားစားရင် ကယ်ပီတယ်နားက ဖြတ်ရတယ်၊ တခါတလေ ကယ်ပီတယ်နားက ပန်းခြံမှာ နေ့လည်စာစား၊ ကလဲယားက ခေါက်လို့ရတဲ့ စက်ဘီးယူလာရင် ကယ်ပီတယ်နောက်မှာ စက်ဘီးသွားစီးတယ်။ တော်တော်လှတဲ့ အဆောက်အဦး အပြင်တင်လှတာ မဟုတ်ဘူး အထဲမှာလည်း တော်တော်လှတယ်။ အထဲကိုဝင်ဖို့ နာရီဝက်လောက် တန်းစီရတယ် ရေဘူး၊ မုန့် အကုန်လွှင့်ပစ်တယ်။ အထဲရောက်တော့လည်း နာရီဝက်လောက် တန်းစီရတယ်။ နံရံပြည့် ပန်းချီကားချပ်တွေ၊ အသက်ဝင် ပြောင်မြောက်တဲ့ ပန်းပုရုပ်တွေအကြောင်း ကယ်ပီတယ်တိုးဂိုက်က ရှင်းပြတယ်။ ၁ နာရီလောက် တန်းစီရကျိုးနပ်တယ်။ လွှတ်တော်အမတ်တွေနဲ့လည်း တွေ့ဆုံနိုင်ပါတယ်တဲ့။ ကယ်ပီတယ်က ပြုပြင်ထိန်းသိမ်းရေးတွေ လုပ်နေလို့ငြမ်းတွေဆင်ထားတော့ မလှဘူး။ ကယ်ပီတယ်ကနေ မိုးနှုးမတ်ကျောက်တိုင်၊ လင်ကွန်းမန်မိုရီယမ်၊ ပတ်တိုးမတ်မြစ်အထိ နေရှင်နယ်မောလ်လို့ ခေါ်ပါတယ်။

White House

နေရှင်နယ်မောလ်တလျှောက် ဘေးတဖက်တချက်စီမှာ  ပြတိုက်တွေချည်းပဲ။ ပြတိုက်တွေက ဝင်ကြေးအခမဲ့။ ကျွန်မအကြိုက်ဆုံးကတော့ National Air & Space Museum ၊ National Museum of American History၊ National Gallery of Art ပြတိုက်တွေပါ။ ပြတိုက်တခုလုံးရဲ့ အထပ်တိုင်း အခန်းတိုင်းကို နှံ့ဖို့ဆိုရင် ၄ ၊ ၅ နာရီလောက် အချိန်ပေးရမယ်။ နေရှင်နယ်မောလ်ကိုလည်း ပြုပြင်ထိန်းသိမ်းရေး လုပ်နေတယ်။ အမေ ကယ်ပီတယ်ကို  သိလားမေးတော့ သိတယ် အမေရိကန်ဗီဇာမှာ အဲဒီ့ပုံပါတယ် သတင်းမှာလည်း အမြဲတွေ့တယ်တဲ့။ သမ္မတကျမ်းကျိန်ပွဲ၊ မာတင်လူသာကင်း ချီတက်ပွဲတွေလုပ်တာ နေရှင်နယ်မောလ်မှာပေါ့။ သမ္မတရွေးချယ်ပွဲဆိုလို့ ၂၀၁၆ အမေရိကန်သမ္မတ ရွေးချယ်ပွဲကတော့ တကယ့်ကို အကျိတ်အနယ်ပဲ။ ရီဘာပလင်ကန်ဖက်က ဂျက်ဘုရှ်၊ ရွန်ပေါ၊ ခရစ်စတီး၊ Cruz ၊ Trump .... ၁၆ ယောက် ဘောလုံးတသင်းစာထက်တောင် များနေသေးတယ်။ ဒီမိုကရက်ဖက်က ဟီလာရီကလင်တန်၊ ဆန်ဒါ တကယ့်ကို ပွဲကြီးပွဲကောင်းပဲ။ ကယ်ပီတယ်ပေါ်မှာ လက်နက်ကိုင် အစောင့်တွေရှိတယ်။ ကမ္ဘာပေါ်မှာ လုံခြုံရေးအတင်းကျပ်ဆုံး နေရာထဲမှာ ကယ်ပီတယ်နဲ့ အိမ်ဖြူတော်ပါတယ်။ အမေရိကန်အင်ဒီးယန်းပြတိုက်ရှေ့မှာ ဓာတ်ပုံရိုက်ကြတယ် အဲဒီပြတိုက်ကို မရောက်ဖူးသေးဘူး။ နောက်တော့ အာကာသပြတိုက်ကို သွားလည်ကြတယ်။

The Monument 

၁၉၆၉  ဂျူလှိုင် အမေရိကန်အာသာယာဉ်မှုး နေးလ်အမ်းစထရောင်း လကမ္ဘာပေါ်မှာ ခြေချနိုင်တာကို အမေရိကန်တွေ သိပ်ဂုဏ်ယူတယ်။ အာကာသယာဉ်မှုးတွေ ဝတ်တဲ့ဝတ်စုံ၊ အာကာသယာဉ်တွေ၊ ဒစ်ကာဘာအာကာသယာဉ်၊ အာကာသစခန်းအကြောင်း၊ ဝှိုက်ညီနောင်ရဲ့ ပထမဆုံးလေယာဉ်ကနေ ဒုတိယကမ္ဘာစစ်အတွင်းမှာ သုံးခဲ့တဲ့လေယာဉ်တွေနဲ့ အတော်စိတ်ဝင်စားဖို့ကောင်းတယ်။ ညနေ ၄ နာရီ ထိုးခါနီးပြီမို့ ပြတိုက်ရှေ့မှာ တိုးကားကို သွားစောင့်တော့ မတွေ့ဘူး။ ဟိုနားရှာကြည့်လိုက်၊ ဒီနားရှာကြည့်လိုက်နဲ့ တိုးကား အစအနကို မမြင်ရဘူး တိုးကားများ နောက်ကျနေတာလား။ တိုးဂိုက်ဟယ်လင်က ဖုန်းဆက်လာတယ် ဘယ်မှာလဲ ပြတိုက်ရှေ့မှာ တိုးကားကို စောင့်နေတာ သူတို့လည်း ပြတိုက်ရှေ့မှာပဲတဲ့ ချပေးခဲ့တဲ့ နေရာမှာလေ ပြတိုက်ရှေ့နားမှာပဲ ချပေးခဲ့တာ ဒါပေမဲ့ ဒီနေရာတော့ မဟုတ်ဘူး။ ငါးမိနစ်လောက် စောင့်ပေးလို့ရမလား မရဘူး တက္ကစီငှားပြီး နောက်တနေရာကို လိုက်ခဲ့တော့။ တက္ကစီပေါ် ရောက်နေပြီ လိပ်စာကို မက်ဆေ့စ်ပို့ပေးပါ။ ကားဆရာကိုပြတော့ ခရူသင်္ဘောတွေ ရှိတဲ့နေရာ နှစ်ခုရှိတယ် သူသိတယ်တဲ့။ သူလည်း တိုးဂိုက်လုပ်ဖူးပါတယ် ဧည့်သည်တွေကို စောင့်ရမှာပေါ့တဲ့ ကားဆရာက အမည်း။ ဂူဂယ်မတ်မှာ ကားက သွားရမဲ့နေရာနဲ့ ပြောင်းပြန်ကြီး သွားနေလို့ ကားဆရာကိုမေးတော့ ကလေးမ ငါသိပါတယ်တဲ့ နေရာလည်းရောက်ရော သင်္ဘောနဲ့တူတာတောင် မတွေ့ဘူး။ ဂူဂယ်မတ်အတိုင်း မောင်းပေးလို့ မရဘူးလား ငါသိတယ် ကလေးမ ငါ ပင်ပန်းနေတယ် သင်္ဘောထွက်ချိန်က ဘယ်အချိန်လဲ ၄ နာရီခွဲ။ မှီအောင် မောင်းပေးမယ် တိုးဂိုက်က မရောက်သေးဘူးလားလို့ ဖုန်းဆက်လာတယ်။

Lincoln Memorial
ဒီပုံကတော့ wide angle lens နဲ့ ရိုက်ထားတာပါ... ဒါကြောင့် မြင်ကွင်းကျယ်ကျယ် မြင်ရတယ်..
Lincoln Memorial
ဒီပုံကတော့ အိုင်ပတ်နဲ့ ရိုက်ထားတာ
ဟိုမှာ ကျွန်မတို့ တိုးအဖွဲ့ မြင်ရပေမဲ့ တဖက်လမ်းမှာ ဒီလမ်းက တလမ်းမောင်းလမ်း ဟိုဖက်ကို တမျှော်တခေါ်ကြီး မောင်းပြီးမှ ရောက်မှာ စိတ်မပူနဲ့ ကလေးမ မှီအောင် မောင်းပေးမယ်။ ၄ နာရီ မိနစ် ၂၀ ရှိနေပြီ မှီပါ့မလား ကားဆရာက သူလည်း မသေချာဘဲနဲ့ ဂူဂယ်မတ်အတိုင်း မောင်းပေးပါဆိုတော့လည်း ပင်ပန်းနေတယ်လေး ဘာလေးနဲ့ တော်တော်ဆိုးတဲ့ ကားဆရာ။ ၄ နာရီခွဲ အတိမှာပဲ သင်္ဘောဆိပ်ကို ရောက်တယ် တိုးဂိုက်ဆီက လက်မှတ်ယူ သင်္ဘောပေါ်တက်တာနဲ့ စထွက်တယ် ကျွန်မတို့ကို စောင့်နေတာကိုး။ သင်္ဘောအပြင်ဖက်တန်းမှာ ထိုင်နေရာကနေ မိုးဖွဲဖွဲလေး ရွာလာလို့အထဲကို ဝင်ထိုင်တာ မှန်သွားတယ်။ နောက် မိုးသည်းလာလို့ လူတွေအားလုံး အတွင်းထဲ ဝင်လာတယ်။ ရာသီဥတုသာ ကောင်းမယ်ဆိုရင် ပတ်တိုးမတ်မြစ်အတိုင်း စုန်ဆင်းတဲ့ ခရူစ်သင်္ဘောခရီးစဉ်က အင်မတန် သာယာမှာ ခုတော့ မိုးက သည်းသည်းမည်းမည်း ရွာနေလို့ ဘာမှမမြင်ရဘူး။ ဟိုဟာက ပတ်တဂွန်၊ ဟိုဟာက ရိုနယ်ရီဂွန်လေဆိပ်လို့ပဲ အဖေတို့ကို ပြလိုက်တယ်။ ပြီးတော့ အိမ်ဖြူတော်ရှေ့သွားပြီး ဓာတ်ပုံရိုက်ကြတယ်။ အိမ်ဖြူတော်ဆိုလို့ အကြီးကြီးထင်နေတာ ကိုယ်တို့အိမ်ထက်တောင် သေးလှချည်လားလို့ တချို့တရုတ်တွေက ပြောကြတယ်တဲ့။ ကိုရီးယားမှာတော့ အိမ်ပြာတော်တဲ့။ နောက်တော့ လင်ကွန်းမန်မိုရီယမ်ဆီ သွားကြတယ် ဒီတခါတော့ ကားရပ်ပေးတဲ့နေရာကို အသေအချာ မှတ်ထားတယ်။ အမေက သမီး တိုးဂိုက်က မစောင့်တာလား မဟုတ်ဘူးအမေ သမီးက ကားရပ်ထားတဲ့နေရာကို မမှတ်မိတာ တိုးဂိုက်အမှားမဟုတ်ဘူး သမီးအမှား။

မိုးနှုမတ်ကျောက်တိုင်နဲ့ ကယ်ပီတယ်ကို လင်ကွန်းမန်မိုရီယမ်ရှေ့မှ မြင်ရစဉ်

လင်ကွန်းမန်မိုရီယမ်ရောက်တော့ မတက်တော့ဘူး အောက်ကနေပဲ ဓာတ်ပုံရိုက်တော့တယ်။ လူမည်းတွေ မဲပေးခွင့်ရအောင် တိုက်ပွဲဝင်ခဲ့တဲ့ မာတင်လူသာကင်းရဲ့ နာမည်ကျော် I have a dream မိန့်ခွန့်ကို လင်ကွန်းမန်မိုရီယမ်ကနေ နေရှင်နယ်မောလ်အပြည့်ဖြစ်နေတဲ့ လူအုပ်ကြီးကို ပြောခဲ့တာပါ။ "I have a dream" လို့ ကျောက်ပြားမှာ ထွင်းထားတယ်။ လင်ကွန်းမန်မိုရီယမ်ကနေကြည့်ရင် မိုးနှုးမတ်ကျောက်တိုင်၊ ကယ်ပီတယ်ကို လှမ်းမြင်ရတယ်။ တိုးဂိုက်က ဒီစီမှာ သူ့အကြိုက်ဆုံးနေရာက လင်ကွန်းမန်မိုရီယမ်၊ ဆူနမ်က ဒုတိယကမ္ဘာစစ်မန်မိုရီယမ်တဲ့ ကျွန်မကတော့ ကယ်ပီတယ်လို့ ရွေးမိမှာ အသေအချာပဲ။ တနာရီလောက် မောင်းပြီးတော့ ညနေစာစားဖို့ တရုတ်ဘူဖေးဆိုင်ကို သွားတယ်။ ဒီလမ်းတွေ ငါသိပါတယ်လို့ တွေးနေတာ ဆူနမ်တို့အိမ်နားက ကျွန်မတို့ သွားစားနေကျ ဘူဖေးဆိုင် ဖြစ်နေတယ်။ ည ၉  နာရီလောက်မှာ ဟိုတယ်ကို ရောက်ပါတယ်။ Standard Zoon EF - S - 18 - 135 mm Lens က လေးလို့  Wide Angle Lens EF -S - 10 - 18 mm pancake Lens နဲ့ပဲ ရိုက်ဖြစ်တယ်။ wide angle lens  နဲ့ ရိုက်တဲ့ဓာတ်ပုံတွေမှာ မြင်ကွင်းကျယ်ကျယ် မြင်ရတယ်။ ကော်နင်းမှန်ပြတိုက်၊ ဝတ်ကင်ဂလမ်းအမျိုးသားဥယျာဉ်ကို သွားရောက်လည်ပတ်တဲ့အကြောင်းကတော့ အပိုင်း ၃ အနေနဲ့ ရေးတင်ပါဦးမယ်။

စန်းထွန်း
သြဂုတ် ၁ ၊ ၂၀၁၅။

ရေးခဲ့ပြီးတာတွေက
ဖီလာဒဲပီးယားသွား တောလား 
All About DC - 1
All About DC - 2