မှန်ပြုလုပ်တာကို ပြတဲ့ပြပွဲက အပေါ်ထပ်သီရေတာမှာပါ။ ကျွန်မတို့ရောက်သွားတော့ စတောင်စနေပြီ။ အပူအအေးပေးပြီး မှန်ပြုလုပ်တာကို အင်္ဂလိပ်၊ တရုတ်ဘာသာ စကားတွေနဲ့ ရှင်းပြပါတယ်။ အခုပြုလုပ်တဲ့ ဖန်ပုလင်းကို ပရိတ်သတ်ထဲက ကံထူးသူတစ်ယောက်ကို လက်ဆောင်ပေးပါမယ်။ ဆလိုက်မီးထိုးပြီး ကံထူးသူကို ရှာတဲ့အခါ ပရိတ်သတ်တွေက မတ်တပ်ရပ်ပြီး လက်ဝှေ့ယမ်းကြတယ်။ အမေတောင် မတ်တပ်ရပ်ပြီး လက်တွေဝှေ့ယမ်းလို့ ကျွန်မနဲ့အဖေ ပြုံးကြသေးတယ်။ ကလေးမလေးတစ်ယောက်ပုံ တီဗွီဖန်သားပြင်မှာ ပေါ်လာတဲ့အခါမှာတော့ ကံထူးရှင်ကို သိပါပြီ။ ပြတိုက်ရှေ့မှာ ကားသွားစောင့်တော့ ကားအရိပ်အယောင်တောင် မမြင်ရဘူး။ အဖေက လမ်းမဖက်ထွက်ပြီး ဟိုကြည့်ဒီကြည့် ကားပေါ်က အိန္ဒိယကြီးတစ်ယောက်နဲ့ စကားပြောနေတာတွေ့လို့ အင်္ဂလိပ်စကား မပြောတတ်ဘဲနဲ့ ဘယ်လိုများ ပြောကြပါလိမ့်။ အဖေက နာရီကိုပြတယ် အချိန်စေ့နေပြီလို့ဆိုလိုချင်တာ ဖြစ်ရမယ်။ အိန္ဒိယကြီးက ခေါင်းညိမ့်ပြီး ထောက်ခံတယ် ပြီးတော့ လက်ခါပြတယ် ကားမရောက်ဘူးလို့ ဆိုချင်တာ ဖြစ်ရမယ်။ ပြီးတော့ နှစ်ယောက်သား ရယ်ကြတယ် အင်း... အင်တာနေရှင်နယ် ဘာသာစကားနဲ့တော့ ဟုတ်နေတာပဲ။ ကျွန်မဘေးက အိန္ဒိယမိသားစုက ကိတ်မုန့် ဖုတ်တဲ့အခါသုံးတဲ့ ဖန်ပြားဝယ်တယ်။ ကော်နင်းမြို့ကနေ မြောက်ဖက်စူးစူး နာရီဝက် မိုင် ၂၀ လောက်မောင်းရင် ဝက်ကင်ဂလမ်းအမျိုးသားဥယျာဉ်ကို ရောက်ပါတယ်။
အဖေတို့ဘေးနားမှာထိုင်တဲ့ အသက်ကြီးကြီး အိန္ဒိယစုံတွဲကတော့ လမ်းမလျှောက်နိုင်လို့ မလိုက်တော့ဘူး။ ကျွန်မတို့ကို အပေါ်မှာချပေးပြီး အောက်ဖက်ကို Gorge Trail အတိုင်း နာရီဝက်လောက် ဆင်းရမှာပါ တိုးကားက အောက်ဖက်မှာ စောင့်နေတယ်။ ကျောက်ဆောင်တွေကြား မြစ်ချောင်းလေး ကွေ့ဝိုက်စီးဆင်းနေတာ၊ သဘာဝအလျှောက် ဖြစ်ပေါ်နေတဲ့ ကျောက်ဆောင်တွေက အင်မတန် ထူးဆန်းတယ်။ ဗာမွန်သွားတောလားတုန်းက ရောက်ခဲ့ဖူးတဲ့ Ausable Chasm နဲ့ တူပါတယ်။ နားလိုက်၊ ဓာတ်ပုံရိုက်လိုက်၊ အဖေတို့ကတောင် ကျွန်မထက် လျှောက်နိုင်သေးတယ်။ အဖေက ကျွန်မ လမ်းလျှောက်နေတဲ့ပုံကိုကြည့်ပြီး သမီးလမ်းလျှောက်တာ ကျိထောက်ကျိထောက်နဲ့တဲ့။ ကျိထောက်ကျိထောက်ဆိုတာ မြန်မာလို ထော့နင်းထော့နင်းလို့ ဘာသာပြန်ရမယ်ထင်တယ်။ တိုးဂိုက်က နာရီဝက်လို့သာပြောတာ ကျွန်မတို့မှာ တနာရီလောက် လျှောက်လိုက်ရတယ်။ ရှုခင်းတွေက အင်မတန်လှပြီး သာယာပါတယ်။ အနောက်မြောက်ဖက်စူးစူး မိုင် ၁၆၀ ၊ ၃ နာရီလောက်မောင်းပြီးရင် နိုင်အာဂရာရေတံခွန်ဆီ ရောက်ပါတယ်။ နိုင်အာဂရာနား ရောက်တာနဲ့ ယဉ်ကြောကျပ်လာပြီ ကားတွေပြည့်နေပြီ။ ညနေစာစား၊ Thundering Water Cultural Show ကြည့်ပြီးလို့ ၉ နာရီခွဲမှာ food court ရှေ့မှာပဲ ပြန်ဆုံမယ်တဲ့။ food court မှာ တရုတ်စာစားတာ စားမကောင်းဘူး ချိုရဲနေတာပဲ ဈေးကလည်း ကြီးသေးတယ်။ ပြီးတော့ နိုင်အာဂရာရေတံခွန်ဆီ လမ်းလျှောက်ကြတယ်။
နိုင်အာဂရာဆိုတာ အမေရိကန်အင်ဒီယန်း ဘာသာစကားနဲ့ thundering water လို့ အဓိပ္ဗာယ်ရပါသတဲ့။
အမေရိကန်ဖက်ခြမ်းကို ကွေ့ဝိုက်ဝင်နေတော့ ကနေဒါဖက်ခြမ်းကနေကြည့်ရင် ပိုလှတယ်။ ကနေဒါဖက်ခြမ်းမှာ ဟိုတယ်ပိုများတယ်။ အတူတူ လမ်းလျှောက်နေရာက အမေက လမ်းမြန်မြန်လျှောက်ပြီး ဟိုးအဝေးကြီးကို ရောက်သွားလို့ ကျွန်မက ခြေထောက်နာနေလို့ မလိုက်နိုင်ဘူး အဖေ့ကိုပဲ လိုက်ခိုင်းရတယ်။ လူတွေ ဒီလောက်အများကြီးမှာ ပျောက်သွားရင် ဘယ်မှာရှာမှာတုန်း၊ အင်္ဂလိပ်စကားလည်း မပြောတတ်၊ နယူးယောက်မှာတုန်းကတော့ အိမ်လိပ်စာ၊ ဖုန်းနံပါတ်ပါတဲ့ စာရွက်လေး ပေးထားပေမဲ့ ခုတော့ မဆောင်ထား။ အဖေနဲ့ကျွန်မ ဝိုင်းဆူကြတော့ ငြိမ်နေတယ်။ အမေဟာ အဲဒီလို စွတ်သွားတတ်တယ် ပတ္တရားကမ်းခြေမှာလည်း အဲဒီလိုသွားလို့ မကြီးတို့တွေ ခေါင်းတောက်အောင် ရှာလိုက်ကြရသေးတယ်။ အမေ ဘာဖြစ်လို့ စွတ်သွားတာလဲမေးတော့ မြင်ချင်လို့တဲ့ သမီးတို့ကို စောင့်ပြီးမှ သွားလို့မရဘူးလားမေးတော့ အင်း စောင့်ပါမယ်တဲ့။ ၈ နာရီ food court အပေါ် ဒုတိယထပ်မှာရှိတဲ့ သီရေတာမှာ တင်ဆက်တဲ့ အမေရိကန်အင်ဒီးယန်း ယဉ်ကျေးမှုပြပွဲ Cultural Show ကို သွားကြည့်ကြပါတယ်။ မီးမှိန်မှိန်လေး ထွန်းထားပြီး အကုန်လုံး မှောင်နေတော့ ကပြမယ့်လူတွေ စင်ပေါ်ကပဲ ထွက်လာမလား၊ လူအုပ်ကြားထဲ ဘယ်နေရာကနေများ ထွက်မလားလို့ ခန့်မှန်းကြည့်နေတာ နောက်တော့ ကျွန်မတို့ ဝင်လာတဲ့ မိန်းအပေါက်ဝကနေပဲ အိုးစည်ဗုံမောင်းတီးပြီး ဝင်လာတာပါပဲ။
အမေရိကန်အင်ဒီယန်းရုပ်က အာရှတွေနဲ့ဆင်တယ်။ ငှက်မွှေးငှက်တောင်၊ အရောင်တောက်ပတဲ့ ရိုးရာဝတ်စုံတွေကလည်း လှတယ်။ အမျိုးသမီးတွေစီးတဲ့ ဘွတ်ဖိနပ်လေးက အတော်လှတယ်။ နှစ်သစ်ကူးချိန်မှာ ကတဲ့အက၊ Eagle Dance သိမ်းငှက်အကဆိုရင် တောင်ပံတွေဝဲပြီး ကပြသွားတယ်။ ကောင်လေးတစ်ယောက်က ကွင်းအဝိုင်းတွေကို ချိတ်ဆက်ပြီး ကပြသွားတာ တော်တော်ကောင်းတယ်။ နောက်ဆုံးပိတ်မှာတော့ ပရိတ်သတ်ထဲက ကလေးမနဲ့မိန်းမပျိုကို ဖိတ်ခေါ်ပြီး အတူတူ ကကြပါတယ်။ ၄၅ မိနစ်လောက် ခုန်ပေါက်ပြီး ကရလို့ အကသမားတွေ ချွှေးဒီးဒီးကျတယ်။ ယဉ်ကျေးမှုကပွဲပြီးတော့ ၉ နာရီလောက်ပဲ ရှိသေးတယ် နေဝင်လုပြီ အလင်းရောင်ကောင်းကောင်း ရှိသေးတယ်။ ရေတံခွန်ဖက်ကို ပြန်သွားဦးမလားမေးတော့ ညောင်းတယ်တဲ့။ ညနက်လာတာတဲ့အခ် သိသိသာသာ အေးလာတယ် ရေကန်နဲ့နီးတာကိုး။ တချက်တချက် လေတိုက်ရင် အေးစိမ့်သွားတာပဲ။ ကားမှတ်တိုင်နားက ပန်းခြံမှာထိုင်နေတုန်း အကိုကြီးတစ်ယောက် လာထိုင်တယ်။ ကျွန်မတို့တွေက စကားပြောနေကြတော့ မြန်မာလား ဟုတ်တယ် အဖေရေ ဒီမှာ မြန်မာတွေ သွားထိုင်ပြီး စကားပြောနေ။ ဘဘကြီးတစ်ယောက် လာထိုင်တယ် သူ့မိန်းမနဲ့ ချွှေးမက အိတ်တွေထားခဲ့တယ်။ ဘဘကြီးက ရွှေဘိုသားတဲ့ ဇူလှိုင် ၁ ရက်နေ့ရောက်တာ ယူအက်စ်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာ။ ချွှေးမက ဆရာဝန် Coney Island ကော်နီကျွှန်းဖက်မှာနေတယ်။
မကြာခင် ကယ်လီဖိုးနီးယားကို ပြောင်းတော့မှာမို့လို့အရှေ့ဖက်ခြမ်းကို လည်နေတာပါတဲ့။ စကားတွေ ကောင်းနေလိုက်တာ တိုးကားလာတော့မှပဲ ဂွတ်ဘိုင်ရတယ်။ ဘဘကြီးက လမ်းတပတ် ပတ်လျှောက်လိုက်ဦးမယ်ဆိုလို့အဖေက ဦးလေးသားသမီးတွေ ရှာမတွေ့ဘဲ နေဦးမယ် ဒီမှာပဲ ထိုင်စောင့်နေပါလားလို့ အကြံပေးတယ်။ food court ရှေ့မှာ ရပ်ထားတဲ့ တိုးကားကို တက်ခါနီး ဘဘကြီး ဖြတ်သွားတာနဲ့ ကျွန်မတို့တွေ နှုတ်ဆက်လိုက်ကြသေးတယ်။ Niagara Falls In-depth Tour လို့ခေါ်တဲ့ နိုင်အာဂရာခံတပ်၊ Maid of the Mist လို့ခေါ်တဲ့ နိုင်အာဂရာရေတံခွန်နားကို သင်္ဘောနဲ့သွားတဲ့အကြောင်းကတော့ အပိုင်း ၄ အနေနဲ့ တင်ပါဦးမယ်။
စန်းထွန်း
သြဂုတ် ၁၁၊ ၂၀၁၅။
ရေးခဲ့ပြီးတာတွေက
All About DC - 3
All About DC - 4
ဗာမွန်သွား တောလား - ၁
ဗာမွန်သွား တောလား - ၂
2 comments:
မမအို်င်အိုရာ
Anonymous said...
တော်သေးတာပေါ့ စန်းထွန်းအမေမပျောက်သွားလို့။ း)
မမအိုင်အိုရာ
August 11, 2015 at 8:31 PM
Post a Comment