ဟိုတယ်ထဲမှာ ဓာတ်ပုံရိုက်နေတုန်း ခပ်ချောချော၊ သဘောကောင်းတဲ့ အမေရိကန်မလေးက ရိုက်ပေးခဲ့ပါတယ် |
နေ့လည်စာစားပြီး ၁၀ နာရီခွဲမှာ ဒီမှာပြန်ဆုံမယ်တဲ့။ ဗိုက်မဆာသေးပေမဲ့ နေ့လည်စာဝယ်ဖို့ လိုက်ကြည့်တော့ ချောင်ဒါ chowder လို့ခေါ်တဲ့ ခပ်ပျစ်ပျစ်ဟင်းရည်ကို ပေါင်မုန့်ထဲ ထည့်ထားတဲ့ဟာကို ဝယ်ကြတာတွေ့လို့ လိုက်ဝယ်တယ်။ နောက် လော့စတာအစိမ်းကို သံပုရာသီးညှစ်ပြီး စားရတာ။ chowder ကို ဘယ်သူမှ မစားနိုင်ဘူး။ ကမ်းခြေတလျှောက် လျှောက်ကြည့်တော့ အဖေက သမီးရေ ဒါ ရေငုပ်သင်္ဘောနဲ့တူတယ်တဲ့။ ဟုတ်ပါ့ ဖတ်ကြည့်တော့ ရေငုပ်သင်္ဘောတဲ့။ ရေငုပ်သင်္ဘောက တည်ဆောက်ပုံက ရိုးရိုးသင်္ဘောတွေနဲ့ မတူဘူး လုံးလုံးကြီး။ အထဲမှာ ရေဒီယိုခန်း၊ သင်္ဘောသားတွေ နေတဲ့အခန်း၊ ဗုံးတွေထားတဲ့အခန်း။ ယောကျာ်း ၄၂ ယောက်၊ ရက် ၉၀၊ ရေတရက်မှ မချိုးရ 42 Men 90 days No bath။ အယ်ဘနေမြို့ကို သွားတုန်းက တွေ့ခဲ့တဲ့ USS ဖျက်သင်္ဘောက ရေငုပ်သင်္ဘောတွေကို ဖျက်ဆီးတာ။ ရေငုပ်သင်္ဘောရှိတယ်လို့ မသင်္ကာရင် ရေအနက်ဘယ်လောက်မှာ ပေါက်ကွဲဆိုပြီး ပစ်ချလိုက်ရင် အဲဒီဗုံးတွေက သတ်မှတ်ထားတဲ့ ရေအနက်ရောက်ရင် ပေါက်ကွဲတော့တာပဲ။ ကျွန်မ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေထဲမှာ ရေငုပ်သင်္ဘောပါတယ်။ ၁၀ နာရီခွဲတော့ ဆန်စဖန်စစ္စကိုဘေခရူစီးဖို့ တန်းစီပါတယ်။ ဆန်ဖရန်စစ္စကိုမြို့ကို ဖြတ်ကျော်ပြီး ဂိုးဒင်းဂိတ်တံတားအောက်ခြေကနေ တပတ်ပြန်ပတ်မောင်းတဲ့ ခရူသင်္ဘောပေါ်ကနေ မြင်ရတဲ့ ဆန်ဖရန်စစ္စကိုမြို့၊ ဂိုးဒင်းဂိတ်တံတား ရှုခင်းအင်မတန်လှတယ်။ တံတားအလယ်ခေါင်မှာ မြူတွေရစ်ဆိုင်းနေလို့ မြူတွေကြားတွေထဲက အနီရောင်တံတားကြီး ထွက်လာတာ ပန်းချီကားတစ်ချပ်လိုပဲ။
San Francisco Bay Cruise စီးဖို့စောင့်ဆိုင်းနေစဉ် |
ရေငုပ်သင်္ဘော |
တံတားပေါ်ကို ဖြတ်ကျော်ပြီး တဖက်ခြမ်းကဗျုးပွိုင့်မှာ ဓာတ်ပုံရိုက်ဖို့ ရပ်ပေးပါတယ်။ ပထမဆုံးနေ့မှာ ဒုတိယအဖြစ် သွားရောက်မယ့်နေရာကတော့ ဆန်ဖရန်စစ္စကိုနဲ့ ဆန်ဂရန်မန်တိုမြို့ကြားက နေပါဗယ်လီ Napa Valley ဝိုင်တွေထုတ်လုပ်တဲ့ အရပ်ပါ။ ဆန်ဂရန်မန်တိုက ကယ်လီဖိုးနီးယားရဲ့မြို့တော်ပေမဲ့ ဆန်ဖရန်စစ္စကို ပိုကြီးတယ်။ နေပါဗယ်လီအရပ် ရောက်တာနဲ့ မြင်ရတာက မျက်စိတဆုံး အတန်းလိုက် စနစ်တကျစိုက်ထားတဲ့ စပျစ်ခြံစိုက်ခင်းတွေပါ။ မြေအနီရောင်မှာ စပျစ်စိုက်ခင်း စိမ်းစိမ်းလေးတွေကို အတန်းလိုက် မြင်ရတာ သီပေါ၊ ကလောတို့ဖက် ရောက်နေသလိုပဲ။ နေပါဗယ်လီ ဝိုင်တွေက နာမည်ကြီးတယ်။ ဆူနမ်တို့ အိမ်မှာတုန်းက ကျွန်မတို့တွေ ပါတီပွဲ ကျင်းပဖို့ ဝိုင်ဝယ်မယ်ဆိုရင် နေပါဗယ်လီထွက် ဝိုင်တွေပဲဝယ်တယ်။ ဈေးချိုသလို အရသာလည်း မဆိုးဘူး။ ဆိုင်တဆိုင်မှာ ဝိုင်မြည်းကြတော့ အမေက ဒီဝိုင်တော်တော်ကောင်းတာပဲတဲ့။ လေယာဉ်ပေါ်မှာ သူများတွေ ဝိုင်သောက်လို့ မှာသောက်တာ ခါးလိုက်တာတဲ့။ နောက်တစ်ခေါက် တန်းစီမလားဆိုတော့ မစီတော့ပါဘူး။ ဆိုင်အနောက်ဖက်က ပန်းခြံလေးမှာ ဓာတ်ပုံရိုက်ကြတယ်။ နေ့လည်ဆိုတော့ နေရှိန်ပြင်းတယ်။ ပထမဆုံးနေ့မှာ နောက်ဆုံးသွားရောက်မယ့်နေရာက တာဟိုးရေကန် Lake Tahoe ပါ။ ဆန်ဖရန်စစ္စကိုကနေ မိုင် ၂၂၅ မိုင်ဝေးပြီး ကယ်လီဖိုးနီးယားနဲ့ နဗားဒါး Nevada ပြည်နယ်ကြားမှာ ရှိပါတယ်။ လိတ်ခ်တာဟိုးဆိုတာကို ပထမဆုံးကြားဖူးခဲ့တာက ၂၀၁၃ ဒီဇင်ဘာ ၈ ရက် မေရီလန်းကနေ နယူးယောက်ကို ပြောင်းလာတဲ့နေ့ ဘတ်စ်ကားမှာ အတူတူထိုင်တဲ့ အဘွားကြီးက မလေးရှားတရုတ်မ။ သူရောက်ဖူးတဲ့ နိုင်ငံတွေအကြောင်း မေးမြန်းတော့ အာဖရိကနိုင်ငံတွေကလွဲလို့ နိုင်ငံတော်တော်များများ ရောက်ဖူးတယ် မက်ဒါကာစကာတောင် ရောက်ဖူးတယ်။
ဆန်ဖရန်စစ္စကို အမှတ်အသား ဂိုးဒင်းဂိတ်တံတား |
အီဂျစ်၊ ဆီးရီးယားလည်း ရောက်ဖူးတယ်။ အမေရိကန်ဗီဇာက ၁၀ နှစ်ရလို့ လေယာဉ်ခတွေ ဈေးချချိန်ကိုစောင့်ပြီး ကြိုတင်ဘွတ်ကင်လုပ်။ သူတို့အဘွားကြီး ၃ ယောက် အမေရိကန်ကို နှစ်တိုင်းလာလည်နေတာ ဒီနှစ်တော့ အရှေ့ဖက်ခြမ်းကို လာလည်တာတဲ့။ အနောက်ဖက်ခြမ်းက ရောက်ဖူးတဲ့နေရာတွေထဲမှာ ဘယ်နေရာကို အကြိုက်ဆုံးလည်းမေးတော့ လိတ်တာဟိုးတဲ့။ မြို့လေးက သေးသေးလေး ဒါပေမဲ့ လိတ်တာဟိုးရေကန်ဘေးမှာ တညအိပ်ခဲ့ရတာကို သူသဘောအကျဆုံးတဲ့။ လိတ်တာဟိုးရေကန်နား ရောက်လာတာနဲ့ ထင်းရှူးတောတွေ မြင်ရတယ်။ လေမှာတောင် ထင်းရှူးနံ့ရတယ်လို့ ခံစားမိတယ်။ လိတ်တာဟိုးက အင်မတန် သာယာပါတယ် ရေကလည်း ကြည်လင်ပြာလဲ့နေတာများ အောက်ခြေက ကျောက်စရစ်ခဲတွေ ငါးသေးသေးလေးတွေကို မြင်ရတယ်။ အမေက အင်းလေးကန်က ပိုကြီးတယ်တဲ့။ ငါးမျှား၊ စပိတ်ဘုတ်စီး၊ ကနူးလှေလှော်ဖို့ သိပ်ကောင်းတဲ့နေရာ။ ဆောင်းရာသီဆိုရင်လည်း စကိတ်၊ စနိုးဘုတ်တင်းတို့ စီးလို့ကောင်းမယ့်နေရာ။ ၁ နာရီလောက်ပဲ အချိန်ရတော့ လိတ်တာဟိုးမှာ နာရီဝက်လောက်ပဲနေပြီး Safeway မှာ ဈေးဝယ်ကြတယ်။ တိုးဂိုက်က ဟိုတယ်မှာ မနက်စာ မကျွှေးဘူး မနက်စာကို ဝယ်ထားလို့ မှာထားတယ်။ အဖေက ကြက်ကြော်စားချင်တယ်ဆိုလို့ ဝယ်လိုက်တာ ငန်လို့တဲ့ မစားနိုင်ဘူး။ သူက စင်္ကာပူက KFC လို ကောင်းမယ်လို့ ထင်တာကိုး။ ရေမှတ်ပြီး ဝယ်လိုက်တာ အချိုရည်ဘူးတွေ ဖြစ်နေတယ်။ ချယ်ရီသီး၊ ငှက်ပျောသီး၊ ပန်းသီး အသီးအနှံကတော့ များများဝယ်ထားရတယ်။ ဒီနေ့ညအိပ်မဲ့နေရာက နဗားဒါးပြည်နယ် ရီနိုမြို့က Sands Regency Reno ဟိုတယ်ပါ။ ဟော်တယ်က အကြီးကြီး ကာဆီနိုတွေရှိတယ်။
Napa Valley နာမည်ကျော်ဝိုင်တွေထွက်တဲ့ နေပါဗယ်လီ |
အခန်းထဲ ပစ္စည်းချ၊ ရေမိုးချိုးပြီး ဘူဖေးစားဖို့ သွားတော့ ၉ နာရီဆို ပိတ်ပြီတဲ့။ အေးရှန်းဆိုင်စားချင်လို့ ဘယ်မှာရနိုင်မလဲဆိုတော့ နာရီဝက်လောက် တက္ကစီငှားစီးသွားရင်တော့ ၂၄ နာရီလုံးဖွင့်တဲ့ အေးရှန်းဆိုင် ရှိတယ်တဲ့။ အစားတလုတ်အတွက် အဲဒီလောက် အချိန်မပေးချင်၊ ပင်ပန်းလို့ အိပ်ချင်နေပြီဆိုတော့ အောက်ထပ်က မက်ဆီကန်ဆိုင်မှာပဲ ထမင်းနဲ့တူတဲ့ဟာ ဝယ်လိုက်တယ်။ ထမင်းကလည်း လုံးတီးဆန် မာလို့မစားနိုင်ဘူး။ ပဲမကြိုက် ကြက်သားကလည်း မဆလာတွေနဲ့ဆိုတော့ ဘယ်လိုမှာ မစားနိုင်ဘူး။ ငှက်ပျောသီးစားပြီး ဗိုက်ဖြည့်ရတယ်။ အင်း ... အမေရိကားမှာ ခရီးသွားတဲ့အခါ အစားအသောက် တော်တော်ဒုက္ခရောက်တာပဲ။ ငံပြာရည်ကြော်ယူလာပေမဲ့ ထမင်းမရှိတော့ စားလို့မရ။ နောက်ဆို ခရီးသွားရင် ထမင်းပေါင်းအိုးသေးသေး၊ ဆန်ထုပ်ပါ ယူသွားရမယ့်ပုံ။ တောင်တွေ ပတ်လည်ဝိုင်းနေပေမဲ့ မြေပြန့်မှာရှိတဲ့ ရီနိုမြို့လေးဟာ သဲကန္တာရနဲ့နီးတော့ ပူလောင်အိုက်စပ်တယ်။ နဗားဒါးပြည်နယ်ရဲ့ ဟိုတယ်တိုင်းမှာ ကာဆီနိုရှိသလိုပဲ။ ဆန်ဖရန်စစ္စကိုနဲ့ လိတ်တာဟိုးကို သဘောကျတယ်။ အနောက်ဖက်သို့ ခရီးသွားခြင်း ဒုတိယနေ့မှာတော့ ဘယ်ပြည်နယ်ကိုများ ခရီးဆန့်မှာပါလိမ့်။
စန်းထွန်း
သြဂုတ် ၂၆၊ ၂၀၁၅။
လိတ်တာဟိုး နဗားဒါးပြည်နယ် |
No comments:
Post a Comment