ယူအက်စ်သွား တောလား - ၇

ဇွန် ၂၅ သောကြာနေ့ ခရီးစဉ်ရဲ့ ဒုတိယနေ့မှာတော့ သွားရောက်မယ့် နေရာကတော့ အိုင်ဒါဟိုပြည်နယ်ထဲက တံတားတစ်ခုနဲ့ ရေတံခွန်တစ်ခု။ အထက်ပိုင်းမှာ စတုရန်းပုံသဏ္ဌန်ရှိတဲ့ နဗာဒါးပြည်နယ်ရဲ့ အထက်ပိုင်းကနေ မိုင် ၅၆၅ မိုင် အရှေ့မြောက်ဖက်စူးစူးကို နေ့တဝက်လောက်နီးပါး မောင်းရတာပါ။ လမ်းတလျှောက် အိမ်တွေ၊ မြို့တွေလည်းမတွေ့ စိမ်းစိမ်းစိုစိုမရှိ သစ်ပင်တွေကလည်း လူတရပ်သာသာတောင်မရှိ မြေကဝါကျင်ကျင် လေကပူ နဗာဒါးပြည်နယ်ဟာ အင်မတန်ခေါင်တယ်။ နေ့လည် ၁ နာရီလောက်မှာတော့ နေ့လည်စာစားဖို့ ဓာတ်ဆီဆိုင်မှာ ရပ်ပေးပါတယ်။ ပေါင်မုန့်မစားနိုင်တဲ့ အဖေက သမီး သူများတွေ ခေါက်ဆွဲပြုတ် စားကြတယ်တဲ့။ ခေါက်ဆွဲပြုတ်ဘူးဝယ် ရေနွေးထည့် နှစ်မိနစ်လောက်ထား ခေါက်ဆွဲပြုတ်က ချဉ်ချဉ်စပ်စပ်ဆိုတော့ စားလို့ကောင်းသား။ ကြက်ဥပြုတ်၊ ငှက်ပျောသီး၊ ငှက်ပျောသီးခြောက်၊ ပေါက်ပေါက်ဆုပ်တွေ ဝယ်တယ်။ အဖေနဲ့ကျွန်မက ငှက်ပျောသီးကို အမြဲလိုလို စားပေမဲ့ အမေကိုတော့ တဝက်ပဲ‌ကျွှေးတယ်။ အမေ့မှာ သွေးချို၊ ဆီးချိုရှိတယ်။ ကျွန်မတို့ကသာ အစားအသောက်ဒုက္ခရောက်တာ ကျွန်မဘေးက တရုတ်သားအမိ၊ သားအဖ ၃ ယောက်က ဝက်ပေါင်ခြောက်လေးထုတ်၊ သံဗူးထဲက ပဲသီးလေးထုတ်ပြီး တနပ်စာ ပြီးလိုက်တာပဲ။

အိုင်ဒါဟိုပြည်နယ်ထဲကို ဝင်တာနဲ့ မျက်စိတဆုံး စိုက်ခင်းစိမ်းစိမ်း၊ ရေဖျန်းနေတဲ့ သံတိုင်းတွေ၊ ရိတ်သိမ်းထားတဲ့ ပြောင်းဖူးလိပ်တွေနဲ့ မြင်ကွင်းက လုံးဝပြောင်းသွားတယ်။ အိုင်ဒါဟိုပြည်နယ်က တောင်သူပြည်နယ် ပင်စင်စားတွေ အငြိမ်းစားယူသင့်တဲ့ ပြည်နယ်တွေထဲမှာ ပါဝင်ပါတယ်။ နဗားဒါးပြည်နယ်ထက်စာရင် အိုင်ဒါဟိုပြည်နယ်က စည်ကားသား။ Twin Falls မြို့က Perrine Memorial တံတားကို သွားလည်ကြပါတယ်။ ၁၉၂၇ မှာ တည်ဆောက်ခဲ့ပြီး အဲဒီအချိန်တုန်းကတော့ ကမ္ဘာပေါ်မှာ အမြင့်ဆုံးတံတားပေါ့။ ဟင်... ဒီတံတားလေးကိုများ တကူးတက လာကြည့်တယ်လို့ ထင်နေတုန်း မြစ်ထဲကို ငုံ့ကြည့်လိုက်တော့ လား...လား... မြစ်ရေက စိမ့်းလဲ့နေလိုက်တာများ။ ဒီမြစ်ထဲမှာ အပင်လေးတွေနဲ့ ဒီလိုစိမ်းလဲ့နေတဲ့ မြစ်ရေပြင်ရှိနေတာ မယုံနိုင်စရာဘဲ။ စပိဘုတ်၊ လှေလှော်တဲ့သူတွေ ရှိတယ်။ မြစ်အလှကို ကြာကြာမခံစားနိုင်ပါဘူး နေရိပ်ထဲကို ပြန်ပြေးရတယ်။ အန်းမစ်ချ်အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့သေးတယ်။ အန်းမစ်ချ်မှန်း သိသာစေတဲ့ ဆံပင်ကို ပိုက်အုပ်အဖြူလေး ဆောင်းထားတာရယ်၊ ပုံစံရိုးတဲ့ ဂါဝန်ရှည်ကြီး ဝတ်ထားထာရယ်၊ ဘာမိတ်ကပ်၊ ရတနာပစ္စည်းမှ မဝတ်ထားတာကြောင့်ပါ။ နောက်ထပ်တစ်နာရီလောက်မောင်းရင် အနောက်ဖက်က နိုင်အာဂရာရေတံခွန်လို့ တင်စားကြတဲ့ ရှိရှူန်း Shoshone ရေတံခွန်ကို ရောက်ပါတယ်။ နိုင်အာဂရာရေတံခွန်ထက် ၂၅ ပေမြင့်ပေမဲ့ ကြီးကျယ်ခမ်းနားမှုကတော့ နိုင်အာဂရာကို မမှီပါဘူး။ ရေတံခွန်ကနေ ရေအားလျှပ်စစ်ထုတ်ယူပါတယ်။ Shoshone အမေရိကန်အင်ဒီယန်းတွေ နေတိုင်တဲ့ဒေသလို့ ဆိုပေမဲ့ အမေရိကန်အင်ဒီယန်းတွေကို မတွေ့ခဲ့ပါဘူး။




ရေတံခွန်ကနေ တဝေါဝေါကျဆင်းနေတဲ့ ရေတွေဟာ မြစ်ထဲရောက်တော့ ငြိမ့်ငြိမ့်လေး စီးဆင်းနေပြန်တယ်။ မြစ်ဘေးတဖက်တချက်မှာ ကျောက်ဆောင်တွေပဲရှိပြီး ဘာအပင်မှ မရှိဘူး။ ဓာတ်ပုံရိုက်ပြီးတာနဲ့ အဖေတို့က သစ်ပင်ရိပ်မှာ ထိုင်နေတော့တာပဲ။ ဒီလောက်အဝေးကြီးကနေ လာပြီးမှ ထိုင်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ ရောက်တုန်းရောက်ခိုက် ပေးထားတဲ့ နာရီဝက်၊ တနာရီအတွင်း နှံ့အောင်လည်ပါမှ တန်တာ။ အဖေတို့တော့ မလိုက်နိုင်တော့ဘူး သမီးဘာသာ သွားတဲ့။ ဗျုးပွို င့်ကို သွားပြီး ဓာတ်ပုံရိုက်။ နေကတအားပူတော့ သစ်ပင်ရိပ်မှာ ထိုင်နေတဲ့ အဖေတို့ဆီကို ပြန်ပြေးတော့တာပဲ။ ခရီးသွားတဲ့အခါ ဝိုင်းက တကယ့်ခရီးသွားကောင်းတစ်ယောက် သူ့လောက် တက်ကြွတာ မရှိဘူး။ နေ့လည်စာကို မြန်မြန်စားပြီး ဓာတ်ပုံပတ်ရိုက်နေတော့တာ။ တညနေလုံးမောင်းပြီး ည ၆ နာရီလောက်မှာတော့ ညနေစာစားဖို့ တရုတ်ဘူဖေးဆိုင်မှာ ရပ်ပေးပါတယ်။ အဖေတို့က ထမင်းဖြူ၊ သယ်လာတဲ့ ဗာလချောင်ကြော်နဲ့ စားလိုက်တော့မှ တင်းတိမ်တယ် နေသာထိုင်သာ ရှိပါသတဲ့။ နှစ်နပ်မှာ တစ်နပ်က ထမင်းစားရတော့ တော်သေးတာပေါ့တဲ့။ ကျွန်မ ခရီးသွားတဲ့အခါ ဒီလောက်အစားအသောက်ဒုက္ခ မကြုံခဲ့ဘူး။ အဖေတို့လည်း အာရှတစ်ခွင် ခရီးသွားနေတာ ဒီလိုအစားအသောက်ဒုက္ခ မကြုံဘူး။ အမေရိကန်ကျမှပဲ အစားအသောက်ဒုက္ခ ရောက်လိုက်တာ။ အဖေက ကျွန်မကို ချီးကျူးတယ် ဒီလောက်ဆိုးရွားတဲ့ အမေရိကန်စာကို စားနိုင်လို့တဲ့။ ကျောင်းမှာတုန်းကဆို အာဂျီရိုဆောင်က အစားအသောက်တွေ သိပ်ဆိုးတာ။ ဘယ်တော့မှ မပိန်တဲ့ကျွန်မ အမေရိကန် စရောက်ခါစ လေးပေါင်ကျတယ်။ စင်္ကာပူကိုပဲ ပြန်ပြေးချင်နေတော့တာပဲ။ နောက်တော့ ပြန်လို့မဖြစ်ပါဘူးလေ စမိတဲ့ဇာတ် ဆုံးအောင်ကရမှာပေါ့ဆိုပြီး ယတိပြတ်ဆုံးဖြတ်လိုက်မှပဲ ခံသာသွားတော့တယ်။




အာဂျီရိုဆောင်ကို ညနေစာ သွားမစားဘူး ခေါက်ဆွဲပြုတ်ကမှ ကောင်းသေးတယ်။ ကျွန်မအခန်းရှေ့က စီနီယာကိုလံဘီယာသူဆို အာဂျီရိုဆောင်ကို ဘယ်တော့မှ သွားမစားဘူး။ အခန်းထဲမှာပဲ ခိုးကြောင်ခိုးဝှက် ချက်ပြုတ်တယ်။ အခန်းထဲမှာ ချက်ပြုတ်ခွင့် မရှိဘူး။ မိရင် ဖိုင်း  ၅၀။ ကျွန်မက အဖေ၊ အမေတို့ကို ကျောင်းကဘွဲ့နှင်းသဘင် တက်စေချင်တာ။ ဘာဖြစ်လို့လဲဆိုတော့ အာဂျီရိုဆောင်က အစားအသောက်တွေကို စားဖူးစေချင်လို့။ ကျောင်းတက်တုန်းက ဘူဖေးကိုလည်း တပတ်မှ တခါတောင် အနိုင်နိုင်၊ တရုတ်ဘူဖေး၊ အိန္ဒိယဘူဖေး နှစ်ဘူးဝယ်ပြီး ဆူနမ်၊ ရာမား၊ မိုင်း၊ ကျွန်မတို့တွေ ဝေမျှစားခဲ့ရတယ်။ နှစ်ပတ်လောက်မှတစ်ခါ  ဘူဖေးသွားစားရင် ဝေသာလီပြည်ကို ဘီလူးဝင်စီးသလား ထင်ရတယ်။ ဘူဖေးဆိုင်ကတော့ ကျွန်မတို့လက်ချက်နဲ့ အရင်းပြုတ်လေမလားမသိ။ ဘူဖေးက ၁၀၊ ကျွန်မတို့က ၃၀ ဖိုးလောက် စားတာကိုး။ မက်ဒေါနယ်က မက်ချစ်ကန်း  ၂ ကျပ်တန်ပဲ စားနိုင်တယ်။ အဲဒီတုန်းက ငတ်နေတော့ တချိန်လုံး စားဖို့ပဲ တွေးနေတော့တာပဲ။ ခုတော့ ပုံမှန်ဝင်ငွေရှိပြီ ကျောင်းတက်တုန်းကလို ‌ချွှေတာစရာမလိုဘဲ စားချင်တာကို စားကြိုက်စားနိုင်ပေမဲ့ မစားနိုင်တော့ဘူး ထူးဆန်းပေစွ။ လူးပက်စ်ဖြစ်နေတော့ ပိုဆိုးတယ် လည်ချောင်းနာလို့ မစားနိုင် သားကြီးငါးကြီး အနံ့တွေကို မခံနိုင်။ စားနိုင်တာဆိုလို့ အသီးအနှံလောက်ပဲရှိတယ်။ အဖေက သမီးက အဖေတို့ မစားနိုင်တာကို ပြောနေတယ် သမီးကျတော့လည်း စားနိုင်လို့လားတဲ့ ဟုတ်သားပဲ။ ဘယ်အရာမဆို စားနိုင်တဲ့ အမေတောင် အစားအသောက် နည်းတယ်။




အဖေကတော့ ကြိုက်တယ်လို့ ဘယ်ရှိပါ့မလဲ သမီးရဲ့ အားရှိအောင် ဒီလိုပဲ ဖျစ်ညှစ်စားရတာပေါ့တဲ့။ ကျွန်မကတော့ ဘယ်လိုပဲဖျစ်ညှစ် စားကိုမစားဝင်တာ။ Mountain Time Zone ထဲမှာရှိတော့ ဆန်ဖရန်စစ္စကိုထက် တစ်နာရီ စောနေပြန်တယ်။ တိုးဂိုက်က မနက်ဖြန်က ဒီတိုးခရီးစဉ်ရဲ့ အရေးကြီးတဲ့နေ့ဖြစ်တယ် ကင်မရာ၊ အိုင်ပတ်၊ ဖုန်းတွေကို ဘက်ထရီအားသွင်းထားပါတဲ့။ ဇွန် ၂၆ စနေနေ့မှာ သွားရောက်လည်ပတ်မဲ့နေရာကတော့ ဝိုင်အိုမင်ပြည်နယ်ထဲက ရဲလိုးစတုန်းအမျိုးသားဥယျာဉ်ပါ။ 2012 ရုပ်ရှင်ကို ကြည့်ဖူးတဲ့သူတွေဆိုရင် ရဲလိုးစတုန်းအမျိုးသားဥယျာဉ်အကြောင်း သိကြမှာပါ။ ဝိုင်အိုမင်ပြည်နယ်ကတော့ ကောင်းဘွိုင်ဦးထုပ်၊ ကောင်းဘွိုင်ဘွတ်ဖိနပ်စီးပြီး နွားတွေ၊ ကျွှဲတွေ၊ သိုးတွေကို လိုက်ကျောင်းတဲ့ ကောင်းဘွိုင်ပြည်နယ်ဆိုပါတော့။ ဒါရိုက်တာအမ်းလီရဲ့ နာမည်ကျော် Brokeback Mountain ရုပ်ရှင်ထဲမှာ ဝိုင်အိုမင်းပြည်နယ်အလှကို မြင်တွေ့ရမှာပါ။ ရဲလိုးစတုန်းအမျိုးသားဥယျာဉ်ထဲကို ဝင်တာနဲ့ ကားတန်းကြီးက အရှည်ကြီး။ ထင်းရှူးပင်တွေက နေရာတိုင်းမှာ တကယ့်ကို သာယာလှပတဲ့ နေရာပါပဲ။ အမေရိကန်သမ္မတ သီဟိုဒိုရုစဗဲ့က အမျိုးသားဥယျာဉ်အဖြစ် စတင်လုပ်ဆောင်ခဲ့ပါတယ်။ တောမီးအကြီးအကျယ် လောင်ကျွှမ်းတာကို မီးသတ်သမားတွေ၊ လုပ်အားပေးတွေနဲ့ ငြိမ်းသတ်ခဲ့ပေမဲ့ မငြိမ်းနိုင်ဘဲ ပထမဆုံးနှင်းကျတဲ့အခါမှပဲ ငြိမ်းသွားပါသတဲ့။ မီးလောင်တုန်းက လဲပြိုနေတဲ့ ထင်းရှူးပင်တွေကို ဒီအတိုင်းပဲ ထားပါတယ်။ ရဲလိုးစတုန်း အမျိုးသားဥယျာဉ်မှာ ငါးမျှားချင်ရင် ငါးမျှားခွင့်ပါမစ် ဝယ်ယူပြီး ငါးမျှားလို့ရပေမဲ့ ငါးမိရင် ကင်ချက်စားခွင့် မရှိဘဲ ငါးနဲ့ ဓာတ်ပုံရိုက်ချင်ရိုက် ပြီးတော့ ပြန်လွှတ်ရပါတယ်တဲ့။ အမျိုးသားဥယျာဉ်ထဲ လက်နက်တွေနဲ့ ဝင်ခွင့် မရှိပါဘူး။ ဓာတ်ပုံတွေ များသွားလို့ နောက်အပိုင်းမှာမှ ဆက်ပါဦးမယ်။

စန်းထွန်း
သြဂုတ် ၃၁၊ ၂၀၁၅။

No comments: