တောရိုင်းတိရစ္ဆာန်တွေကို အနှောင့်အယှက်မပေးရဘူးတဲ့ သူတို့က အိမ်ရှင် ကျွန်မတို့က ဧည့်သည်။ ဧည့်သည်က အိမ်ရှင်ကို စိတ်အနှောင့်အယှက် မဖြစ်စေသင့်ဘူးမလားတဲ့။ မျက်စိတဆုံး ကျယ်ပြန့်တဲ့ ထင်းရှူးပင်တွေ၊ ကြည်လင်စိမ်းလဲ့နေတဲ့ ရေအိုင်တွေ၊ အေးအေးလူလူ ရှိနေကြတဲ့ တောရိုင်းတိရစ္ဆာန်လေးတွေ ( Moose ၊ Elk ၊ Bison မြန်မာလို ဘယ်လိုခေါ်သလဲမသိ)၊ သူတို့လေးတွေ ကားလမ်းမပေါ် ဖြတ်သန်းတဲ့အခါ ကားတွေကရပ်စောင့်၊ ဓာတ်ပုံရိုက်ကြနဲ့ အုန်းအုန်းထနေကြတာပေါ့။ ပထမဆုံး သွားရောက်တဲ့နေရာက Grand Canyon of the YellowStone ပါ။ ကြီးမားတဲ့ ပထမဆုံးကင်ညမ်ဖြစ်ပြီး ရဲလိုစတုန်းမြစ်ဘေးတချက်က တောင်တန်းကြီးတွေကို သဘာဝတရားက အရောင်စုံလင်စွာ ဆေးခြယ်ပေးထားတာ သိပ်ကိုဆန်းကြယ်တာပဲ။ အဖေကတောင် ထူးဆန်းလိုက်တာ သမီးရယ် ဒါမျိုး မမြင်ဖူးဘူးတဲ့။ ကျွန်မလည်း မမြင်ဖူးဘူး။ နောက်သွားရောက်တဲ့နေရာက Lower Yellowstone River Falls မှာ တောင်အမြင့်ကြီးကနေ ရေတံခွန် ဖြာဆင်းနေတာ အင်မတန်လှတယ်။ နောက်သွားရောက်တဲ့နေရာကတော့ Upper Yellowstone Falls ကားရပ်ထားတဲ့နေရာက ရေတံခွန်ဆီကို ဆယ်မိနစ်လောက်တော့ လမ်းလျှောက်ရတယ်။ အတက်အဆင်း၊ ကျောက်ဆောင်တွေ ရှိပေမယ့် လမ်းက သာသာယာယာပါပဲ။ ရေတွေ တဝေါဝေါ ဆင်းနေတာကို ကြည့်မိလို့ အဖေက ခေါင်းတောင် နောက်သွားတယ်တဲ့။ မတွေ့တာကြာပြီဖြစ်တဲ့ သက်တန့်ကို ရေတံခွန်အောက်နားလေးမှာ တွေ့ရတယ်။ နောက်သွားရောက်တဲ့ နေရာတွေကတော့ အငွေ့တွေတထောင်းထောင်း ထနေတဲ့ ရေပူစမ်း၊ ရွှံ့ဗွက်တွေ ထွက်နေတဲ့ ရွှံ့မီးတောင်၊ ရေမှာပါတဲ့ ဓာတ်သတ္ထုတွေကြောင့် ကြေးနီရောင်၊ အပြာရောင် ဖြစ်နေတာတွေ။
ရဲလိုးစတုန်း အမျိုးသားဥယျာဉ်ဟာ တော်တော်ထူးဆန်းတယ် သွားလည်သင့်တဲ့ နေရာပါပဲ။ Fountain Paint Pot လို့ခေါ်တဲ့ ရေကန်ကတော့ အင်မတန်ထူးဆန်းတယ်။ ရေနွေးငွေ့တွေ တထောင်းထောင်း ထနေပြီး ကန်အနားသတ်က အနီရောင် ရေကပြာလဲ့နေတယ်။ ကားရပ်ထားတဲ့နေရာကနေ စမ်းချောင်းလေးကို ဖြတ်ကျော်လို့ ၁၅ မိနစ်လောက် လမ်းလျှောက်ရမှာ အဖေတို့က မလျှောက်နိုင်လို့ စမ်းချောင်းဘေးက သစ်ပင်ရိပ်မှာ အနားယူကြတယ်။ ကျွန်မနံဘေးမှာထိုင်တဲ့ တရုတ်မလေးကို ဓာတ်ပုံရိုက်ခိုင်းမလားမှတ်တယ် သူ့ဘာသာတောင် ရှုပ်ရှက်ခတ်နေတာ။ တကိုယ်တော်ထွက်လာပုံရိုက်တဲ့ တရုတ်အန်တီကြီးက အမေရိကန်တွေကို ဓာတ်ပုံရိုက်ပေးပါလို့ အကူအညီတောင်းတယ်။ သူ့တရုတ်တွေနဲ့ အစေးကပ်ပုံ မရဘူး။ ကလေးတွေကတော့ စမ်းချောင်းဘေးမှာထိုင်ပြီး ငါးမျှား၊ တချို့ကလေးတွေက ရေဆော့၊ တချို့ကလေးတွေက စမ်းချောင်းထဲက ကျောက်ခဲလေးတွေကောက်၊ ငါးကလေးတွေမြင်ရင် ဝမ်းသာအားရအော်ဟစ် မြင်ရတာ စိတ်ချမ်းသာစရာ။ အိမ်သာကလည်း တစ်ခုတည်းရှိတော့ တန်းစီရတာ အရှည်ကြီး။ တရုတ်မကြီးတစ်ယောက် တန်းစီလို့ အိမ်သာရတော့ သူ့သမီး၊ သမက်၊ ယောကျာ်းပါ လေးယောက်ဝင်တော့ နောက်ကတန်းစီနေတဲ့ အမေရိကန်လင်မယားနှစ်ယောက်ခမျာ အံ့သြလို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြတယ်။ ပြီးတော့ ယောကျာ်းဖြစ်သူက မိန်းမဖြစ်သူက အဲလိုဝင်ရအောင်လို့ စတယ်နဲ့တူပါရဲ့ မိန်းမက လက်နဲ့တွန်းပြီး နိုးနိုးလို့ ငြင်းတယ်။
ပေးထားတဲ့ အချိန်ကလည်း ပြည့်နေပြီဆိုတော့ အားလုံးအရင်လိုတာပေါ့။ တရုတ်မတစ်ယောက် တန်းစီတာကို ဖြတ်ဝင်တော့ အဖေ့ရှေ့က အမေရိကန်ဆယ်ကျော်သက်လေးက ဘယ်လိုလဲပေါ့လို့ အဖေ့ကို လုပ်ပြတယ်။ အဲဒါကို အဖေက သူ့ကို ဝင်ခိုင်းတယ်ထင်ပြီး ခပ်တည်တည်နဲ့ ဝင်သွားလေရဲ့။ အမေရိကန်ဆယ်ကျော်သက်လေးခမျာ သူ့ဘော်ဒါတွေနဲ့ ဒီအာရှတွေ တန်းစီရတာကို နားမလည်ဘူးနဲ့ ခေါင်းတခါခါ ညည်းညူပြီး ကျန်ခဲ့လေရဲ့။ ဆီးခဏခဏသွားချင်သူတွေ ခရီးသွားတဲ့အခါ တော်တော်ဒုက္ခရောက်တာပဲ။ နေ့လည်စာစားတဲ့နေရာက Old Faithful Geyser လို့ ခေါ်တဲ့နေရာပါ။ ထမင်းပဲစားချင်တဲ့ အဖေတို့ကြောင့် ထမင်းရှာပုံတော်ဖွင့်တော့ ကံကောင်းထောက်မစွာ ထမင်းရှိနေတယ်။ ထမင်းနဲ့ပုဇွန်၊ အမဲသား၊ အရွက်ကြော် ရတယ်။ ညနေကျရင် ရဲလိုးစတုန်းရေကန်ဘေးမှာ အိပ်မှာမို့ ထမင်းရဖို့က မသေချာဘူး သမီးရေ ထမင်းဖြlနှစ်ဘူးဝယ်လိုက်တဲ့။ ထမင်းစားပြီးခါနီး တိုးဂိုက်က ရေပန်းက ပန်းထွက်တော့မှာမို့ ကျွန်မမိဘတွေကိုပြဖို့ တိုက်တွန်းပါတယ်။ ရေပန်းက နာရီဝက်မှာ တခါလောက် အမြင့်ပေ ၂၀၀၊ ၃၀၀ လောက် ပန်းထွက်တာပါ။ အဲဒီလို ပန်းထွက်တာကို စောင့်ကြည့်နေတဲ့ လူအုပ်ကြီးက မနည်းမနော အယောက် ၃၀၀ ကနေ ၅၀၀ ကြားလောက် ရှိတယ်။ နောက်သွားရောက်တဲ့နေရာတွေကတော့ ရွှံ့မီးတောင်တွေပါ။ ရခိုင်ပြည်နယ်က မာန်အောင်ကျွှန်းဖက်မှာလားမသိ နဂါးဗွက်တောင်လို့ခေါ်တဲ့ ရွှံ့မီးတောင်ရှိတယ်လို့ ပြောတယ်။ မင်းဘူးဖက်မှာလည်း ရှိတယ်ပြောတယ် ကျွန်မတော့ မရောက်ဖူးဘူး။ Dragon Mud Volcano မှာတော့ တွင်းခေါင်းထဲကနေ ရွှံ့နှစ်တွေ ပွက်ပွက်ထွက်လာတဲ့အသံက နဂါးအော်သံလား ထင်ရလို့ နဂါးဗွက်တောင်လို့ နာမည်ပေးထားတာထင်တယ်။
အဖေတို့လည်း ထမင်းကောင်းကောင်း မစားရ၊ တနေကုန်ကားစီးရတော့ ပင်ပန်းနဲ့ ဓာတ်ပုံရိုက်ရင်တောင် မပြုံးနိုင်တော့ဘူး။ နေကလည်းပူတော့ မျက်မှောင်ကုတ်၊ ထမင်း ၄ ရက်လောက် မစားရတဲ့ရုပ်နဲ့ ခရီးသွားတာ အေးအေးဆေးဆေး သက်တောင့်သက်သာမရှိဘဲ အိမ်ပြန်ဖို့ ဘယ်နှစ်ရက်ကျန်သေးတယ်လို့ တွက်နေတော့တာပဲ။ ပင်ပန်းတော့ လူကြီးတွေ နေထိုင်မကောင်းဖြစ်မှာ စိုးရိမ်ရသေးတယ်။ ပင်ပန်းလွန်းလို့ နောင်တရမိပေမဲ့ ကျွန်မသွားချင်တဲ့ နေရာတွေကိုရောက်တော့ ကျေနပ်မိပါတယ်။ နောင်များဆို အဲဒီလို ခရီးရှည်ကြီးထွက်ဖို့ တော်တော်စဉ်းစားရမယ်။ ရဲလိုးစတုန်းရေကန်ကို လည်ပတ်ဖို့ တနာရီအချိန်ပေးပါတယ်။ အရင်ကလိုမျိုးဆိုရင် ရေကန်ဘေးနားက ၄၅မိနစ်လောက်ကြာမဲ့ ထရေးလမ်းကို တပတ်လောက်လျှောက်မိမှာ။ ခုတော့ ရေကန်နားအထိ ဆယ်မိနစ်လောက် စတိသဘောလျှောက်ပြီး နားနေကြတော့တာပဲ။ ဖြတ်သွားတဲ့ အမျိုးသားဥယျာဉ်ဝန်ထမ်းမလေးကို ဓာတ်ပုံရိုက်ခိုင်းတယ်။ သတ်မှတ်ထားတဲ့အချိန်၊ စုရပ်ရောက်တော့ ကားကမရောက်သေးဘူး။ ဆီသွားဖြည့်တယ်နဲ့ တူပါရဲ့။ ညအိပ်မယ့်နေရာက ရေကန်ဘေးက Bear Cabin ပါ အဖေတို့က လူကြီး ( အသက်ကြီးတာကို ဆိုလိုပါသည်) ဆိုတော့ တိုးဂိုက်က အောက်ထပ်ကို ပေးပါတယ်။ တံခါးဖွင့်လို့မရလို့ တိုးဂိုက်ကို ဖုန်းလှမ်းဆက်၊ ဖုန်းကခေါ်လို့မရ၊ ဘေးနားက တရုတ်မလေးအခန်းလည်း တံခါးဖွင့်လို့မရ၊ ဟိုတယ်အပြင်ထွက်ပြီး တိုးဂိုက်ကို လှမ်းခေါ် နောက်ဆုံးတော့ ဖွင့်လို့ရသွားတယ်။ သစ်သားတွေနဲ့ဆောက်ထားတဲ့ သစ်လုံးအိမ်လေးက ကျဉ်းပေမယ့် အိပ်ရုံပဲလေ။ ကုတင်ခြေရင်းမှာ တင်ထားတဲ့ ဝက်ဝံရုပ် အလကားပေးတာမဟုတ် မယူသွားဖို့ တိုးဂိုက်က မှာပါတယ်။
အခန်းထဲမှာ နေရာချပြီးတာနဲ့တိုးဂိုက်ညွှန်တဲ့ Convenient Store နဲ့ အီတလီစားသောက်ဆိုင်မှာ ညစာသွားဝယ်တယ်။ အမေက ကြက်မကြီး ကြက်ကလေးတွေအတွက် အစာရှာထွက်သလို သမီးလည်း အစာရှာထွက်ပြီတဲ့။ စပါဂါတီနဲ့ ဟင်းချိုတစ်မျိုး ဝယ်ပါတယ် စပါဂါတီက ချိုလို့မစားနိုင် ဟင်းချိုကတော့ မဆိုးဘူး။ ဒါပေမဲ့ မြန်မာပါးစပ်နဲ့ မစားနိုင်ပြန်ဘူး။ နေ့လည်က ဝယ်လာတဲ့ ထမင်းဖြူ၊ ပုဇွန်တွေကို ဗာလချောင်ကြော်နဲ့ စားကြတယ်။ ထမင်းက မာနေပြန်တော့ ထင်သလောက် မစားနိုင်ပြန်ဘူး။ ကျွန်မတို့တွေကတော့ ပင်ပန်းလို့ အိပ်ပျော်ပေမယ့် အဖေက အိပ်မပျော်ဘူးတဲ့။ အိပ်ရေးမဝရင်လည်း နောက်နေ့ ကားပေါ်မှာဆက်အိပ် ခရီးတွေ ဆက်ရဦးမှာမလား။
စန်းထွန်း
စက်တင်ဘာ ၁၊ ၂၀၁၅။
4 comments:
စန်းထွန်းလေးရေ..
နာတာတွေသက်သာရဲ့ လား။
မမအိုင်အိုရာ
Anonymous said...
တကယ်လို့များ အိမ်ကလူကြီးတွေနဲ့သွားလည်ဖြစ်ရင်တော့ rice cooker အသေးတစ်လုံးနဲ့ ဆန်တစ်ပြည်လောက်သယ်သွားရမယ်ထင်တယ်..။ ဟုတ်တယ် အဲဒီက အစားအသောက်တော်တော်များများ ချိုလွန်း ငံလွန်းတယ်..။ အမေရိကား ကိုအလုပ်ကပို့လို့လာဖြစ်တော့ ထားတဲ့ ဆော့လိပ်ခ်စီးတီးကလွဲလို့ ဘယ်မှမရောက်ဖြစ်ဘူး..။ ယူအက်စ် အရှေ့နဲ့အနောက် အကုန်လုံးတစ်ခေါက်လောက်တော့ ရောက်ဖူးချင်တယ်..။
September 4, 2015 at 1:24 PM
Anonymous said...
စန်းထွန်းလေးရေ..
အကြွေးတွေအကုန်စုဖတ်သွားတယ်။
မမအိုင်အိုရာစန်းထွန်းအရင်တုန်းက ရဲလိုးစတုန်းကိုသွားလည်ချင်တယ်ရေးဖူးကတည်းက ရဲလိုးစတုန်းပို့စ်ရေးတာခုထိအစမသတ်ဘူး။ း))
ကိုယ်တို့လို ဘိုစာကိုဆက်တိုက်မစားနိုင်တဲ့သူတွေကတော့ ခရီးသွားရင်အခြောက်အခြမ်းသယ်သွားမှအဆင်ပြေတာ။
ကိုယ်ကတော့လက်ဖက်အမြဲသယ်တယ်။ ငါးခြောက်ကိုပလိန်းကြော်ထားတာမျိုးသယ်တယ်။ ဆီတွေဘာတွေမစွန်းရအောင်လေ။
ကျန်းမာရေးဂရုစိုက်နော်။
နာတာတွေသက်သာရဲ့လား။
မမအိုင်အိုရာ
September 4, 2015 at 11:31 PM
San San Htun said...
နည်းနည်း ကိုက်ခဲတာ ရှိပေမယ့် တအားကြီး ကိုက်ခဲတာတော့ မရှိတော့ဘူး မမအိုင်အိုရာ
September 6, 2015 at 8:51 AM
Post a Comment