ယူအက်စ်သွား တောလား - ၉

Journey to the West အနောက်ဖက်သို့ခရီးသွားခြင်း ၇ ရက်ခရီးစဉ်ရဲ့ လေးရက်မြောက်နေ့ ဖြစ်ပါတယ်။ ကိုယ့်ကို သူများတွေ စောင့်နေရတာမျိုး မဖြစ်စေချင်သလို အချိန်မဆွဲတတ်၊ အချိန်လေးစားတယ့် အဖေကြောင့် ဟိုတယ်ချက်အောက်ကို ခပ်စောစောပဲ လုပ်ဖြစ်ပါတယ်။ ကျွန်မတို့အိမ်မှာတော့ မကြီးနဲ့မောင်မောင်က အချိန်သိပ်ဆွဲတယ်။ မောင်မောင့်ကို တခုခုခိုင်းလိုက်ရင် နေ့ရွှေ့၊ ညရွှေ့ နောက်ဆုံးဘယ်လိုမှ ရွှေ့လို့မရတော့မှ ထလုပ်တယ်။ နေ့လည် ၁၁ နာရီ အပြင်သွားကြမယ်လို့ တိုင်ပင်ထားရင် ၁၁ နာရီ ဘယ်တော့မှ မထွက်ဖြစ်ဘူး။ မကြီး အလှပြင်နေတာကို စောင့်နေရလို့လေ။ ကျွန်မနဲ့ အမေကတော့ ရှင်းတယ် သွားမယ်ဆို ခုချက်ချင်း ရယ်ဒီပဲ။ မကြီးကိုစောင့်ရင်း အမေ့မှာ တရေးရတယ်။ ထွက်လာတော့လည်း ဘာမှမထူးခြား။ မျက်နှာက ဇီးရွက်လောက်မို့ပဲ တော်တော့တယ် ဇကောလောက်များဆိုရင် ဘယ်လောက်တောင် အချိန်ယူမလဲ မသိဘူး။ ရထား၊ ဘတ်စ်ကားက ဒီလေးဖြစ်နေလို့၊ ကားလမ်းပိတ်နေလို့ တခါတလေ နောက်ကျတာ လက်ခံနိုင်သေးတယ်။ အချိန်လေးစားတယ့် နိုင်ငံခြားမှာနေပြီး မြန်မာစံတော်ချိန်အတိုင်း နောက်ကျလေ့ ရှိတဲ့သူတွေကို သိပ်အမြင်ကပ်တာပဲ။ တံခါးကို ဒုန်းခနဲ ဒိုင်းခနဲမြည်အောင် ပိတ်တတ်သူတွေ၊ ခြေနင်းကြမ်းတဲ့သူ၊ အမှိုက်ပုံးရှိရဲ့သားနဲ့ တွေ့ကရာ အမှိုက်ပစ်တဲ့သူ၊ ပျင်းရိပျင်းတွဲနေတဲ့သူ၊ စကားကို အရည်မရအဖတ်မရ ဟောင်ဖွာဟောင်ဖွာ ပြောတတ်တဲ့သူတွေကိုလည်း အမြင်ကပ်တယ်။ Bear Cabins ရှေ့မှာ မနက် ၇ နာရီ ဆုံမယ်လို့ တိုးဂိုက်က မှာထားပေမယ့် အချိန်စောနေသေးတာမို့ ရဲလိုးစတုန်းရေကန်ကို လမ်းလျှောက်ဖြစ်ပါတယ်။ ကျွန်မဘေး တဖက်ခြမ်းမှာထိုင်တယ့် တရုတ်အန်တီကြီး သုံးယောက်ထဲက ကင်နွန် 7D ကင်မရာလွယ်ထားတဲ့ အန်တီကြီး ဓာတ်ပုံပတ်ရိုက်နေတာ တွေ့တယ်။ ကင်မရာပိုးက မသေးဘူး။ အရင်တုန်းကလို ကျန်းမာရေး အခြေအနေမျိုးသာဆိုရင် ကျွန်မလည်း သူ့လိုမျိုးနေမှာ။

ခုတော့ နာကျင်ကိုက်ခဲနေလို့ ကိုယ့်ကိုကိုယ် ညှာနေရ၊ ဂရုစိုက်နေရတယ်။ မနက်ခင်း နေရောင်ခြည် နုနုလေးတွေ ဖြာကျပြီး ကန်ရေပြင်ထက်မှာ မြူခိုးတွေ ဝေ့ဆိုင်းကာ ကျေးငှက်သံလေးတွေ ကျလိကျလိ စိုးစီစိုးစီ သံလေးတွေ ကြားရတာ အေးချမ်းလိုက်တာ။ ရဲလိုးစတုန်းအမျိုးသားဥယျာဉ်ကနေ Snake River မြွေမြစ်အတိုင်း တောင်ဖက်စူးစူးကို ၃ နာရီလောက်မောင်းရင် Grand Teton ဂရမ်းတီတန်အမျိုးသားဥယျာဉ်ကို ရောက်ပါတယ်။ Rocky Moutains ရော့ကီတောင်တန်းတွေထဲမှာ ပါဝင်တဲ့ ဂရမ်းတီတန်အမျိုးသားဥယျာဉ်ထဲမှာ ရေခဲတွေ ဖုံးလွှမ်းနေတဲ့ တောင်တွေကို မြင်တွေ့ရတာ တကယ့်ကို ရင်သပ်ရှုမောဖွယ်ပါပဲ။ စတားဘာ့ခ်က ဗီနီလာလက်တေးဗူးကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်တော့ အနွေးဓာတ်က ခန္ဓာကိုယ်ထဲထိ စီးဝင်သွားပြီး နွေးသွားတယ်လို့ ခံစားမိတယ်။ အေးစိမ့်နေတဲ့ ရာသီဥတုကို အနွေးထည်ထူထူ၊ ဗီနီလာလက်တေးနဲ့ ခုခံကာကွယ်ပြီး ရေခဲတွေဖုံးလွှမ်းနေတဲ့ တောင်တွေကို  မြင်တွေ့ရတာ တကယ့်ကို ငြိမ်းချမ်းတဲ့ အခိုက်အတန့်လေးပါပဲ။ မနှစ်က ကလိုင်းရင့် အမ်တီအေ MTA (Metropolitan Transportation Authority) မှာ လုပ်နေတုန်း ပရောဂျက်မန်နေဂျာ ပက်ထရီရှာနဲ့ သွားလည်ချင်တဲ့ နေရာတွေအကြောင်း ပြောကြရင်း ဂရမ်းတီတန်ကို သွားလည်ဖြစ်အောင်သွားတဲ့။ နယူးယော့ခ်စီးတီးမှာတော့ အမ်တီအေကို မသိတဲ့သူ မရှိပါဘူး။ နယူးယော့ခ်ကာတိုင်း အမ်တီအေက ပြေးဆွဲနေတဲ့ မြေအောက်ရထားလိုင်း၊ ဘတ်စ်ကားလိုင်းတွေကို နေ့တိုင်း စီးနေရတာကိုး။ ပက်ထရီရှာက ပို့စကဒ်ဓာတ်ပုံကို မြင်ရသလိုပဲ အရမ်းလှတာတဲ့။ ပက်ထရီရှာ ပြောသလိုပါပဲ ပို့စကဒ်ဓာတ်ပုံကို မြင်ရသလို အရမ်းကို သာယာအေးချမ်းတယ်။

Yellowstone Lake, Wyoming


ရေခဲတောင်တွေကိုကြည့်ပြီး စာအုပ်လေးဖတ်လိုက်၊ Canon in D Major ၊ Chopin ၊ Beethoven ၊ Mozart ၊ Yiruma ရဲ့ Kiss the rain ၊ River flows in you ၊ Love me သီချင်းလေးတွေ နားထောင်ပြီး အေးအေးလူလူ အနားယူအပန်းဖြေလိုက်ရရင် ဘယ်လောက်ကောင်းမလဲနော်။ ခုတော့ ပေးထားတဲ့ အချိန် ၁ နာရီ ပြည့်ပြီမို့ ကားဆီကို မလှမ်းချင်လှမ်းချင် လှမ်းခဲ့ရတော့တယ်။ စပိဘုတ်အကြီးတွေ တွေ့ခဲ့တယ်။ စပိဘုတ်အကြီးတွေတွေ့တိုင်း water rafting စီးချင်တဲ့စိတ်က တဖွားဖွား ပေါ်လာတယ်။ ကျွန်မမှာရှိနေတဲ့ လူးပက်စ် Lupus ဆိုတဲ့ ရောဂါက autoimmune disorder ရောဂါပါ။ ကိုယ်ခံအားစနစ်က ကျန်းမာတဲ့ တစ်ရှူးဆဲလ်တွေ၊ ဘတ်တီးရီးယားတွေကို မခွဲခြားနိုင်တော့ဘဲ ကျန်းမာတဲ့ တစ်ရှူးဆဲလ်တွေကို တိုက်ခိုက်တာပါ။ အဆစ်အမြစ်တွေ ကိုက်ခဲတာ၊ အရေပြားမှာ အနီကွက်တွေထတာ လူးပက်စ်ကြောင့်ပါ။ ဘာကြောင့်ဖြစ်ရတာလဲလို့ မသိသေးသလို လုံးဝပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးလည်း မရှိသေးပါဘူး။ ကိုယ်ခံအားနည်းစေတဲ့ ဆေးတွေသောက်ပြီး သာမန်လူတွေလို အိမ်ထောင်သားမွေး လူ့သက်တမ်းစေ့ နေနိုင်ပါတယ်။ ဒါပေမဲ့ အရင်ကလို ကျန်းမာသန်စွမ်းတဲ့သူ လုပ်နိုင်တာတွေ အကုန်လုံးတော့ မလုပ်နိုင်ပါဘူး။ လူးပက်စ်ဟာ နေထိုင်ခဲ့ရတဲ့ ပတ်ဝန်းကျင်၊ စိတ်ဖိစီးမှု၊ မိသားစု gene ကြောင့် ဖြစ်ရတာလို့ ယူဆပါတယ်။ ကိုယ်ခံအားနည်းစေတဲ့ ဆေးတွေသောက်ရတော့ Shingles လိုမျိုး ကိုယ်ခံအားနည်းချိန်မှာ ဝင်လာတတ်တဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။ အဖေတို့ ယူအက်စ်မလာခင်လေးမှာပဲ Shingles ဖြစ်လို့ ကုရသေးတယ်။ လူးပက်စ်အတွက် သောက်ရတဲ့ဆေး side affects ဘေးထွက်ဆိုးကျိုးက မျက်စိကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် မျက်စိဆရာဝန်နဲ့ ခြောက်လတစ်ကြိမ် စစ်ဆေးရပါတယ်။

လူးပက်စ်အတွက် သောက်ရတဲ့ဆေးတွေကြောင့် နေရောင်ခြည်ကို sensitive ဖြစ်ပါတယ်။ သိပ်ပြင်းတဲ့ နေရောင်ခြည်အောက်မှာ ကြာကြာနေရင် butterfly rash လို့ခေါ်တယ့် နှာခေါင်း၊ ပါးမှာ အနီရောက်ကွက်ကြီးတွေ ဘော့စတွန်ခရီးက အပြန်မှာဖြစ်လို့ ကုနေရတာ ၁ လလောက်ရှိပြီ။ မျက်နှာပေါ်က အမည်းကွက်တွေ သက်သာသွားပေမဲ့ အရင်လို ကြည်ကြည်လင်လင် ဖြူဖြူစင်စင် ဖြစ်မလာသေးဘူး။ နောက်ထပ် ၂ လလောက် ဆေးတွေဆက်လိမ်းတော့မှ အရင်လိုပြန်ဖြစ်မယ်နဲ့ တူပါရဲ့။ ဒီတော့ နေရောင်ကို အရမ်းသတိထားရတယ် နေ့တိုင်း လက်ရှည်၊ ဘောင်းဘီရှည်ဝတ်၊ sunscreen လိမ်း။ နေ့လည်ဖက်မှာ မဖြစ်မနေ အပြင်ထွက်ရမယ့်ကိစ္စမျိုးလောက်သာ လုပ်ပြီး ညနေစောင်းမှပဲ ဈေးဝယ်တာ၊ ဟင်းသွားယူတာတွေ လုပ်ဖြစ်တယ်။ ဒီတော့ water rafting နဲ့ ရွှေပြည်တော် မျှော်တိုင်းဝေး။ အထိုင်အထ၊ အပင့် လက်မြှောက်ရင် နာကျင်ပေမဲ့ အရင်တုန်းကလို အရမ်းနာကျင်ကိုက်ခဲတာတော့ မရှိတော့ဘူး။ စန်းစန်းရေ နေကောင်းလားလို့ မေးရင် ကျွန်မကလည်း ဖြစ်သမျှ မခွျှင်းမချန်ပြောတော့ ကြားရတာ စိတ်မချမ်းသာစရာ။ ဝိုင်းက နင် ဆေးတွေလည်းသောက်နေ၊ ဆရာဝန်နဲ့လည်းပြ၊ အစားအသောက် အနေအထိုင်လည်း ဆင်ခြင် ဒီလောက်လုပ်နေတာတောင် မသက်သာဘူးလားတဲ့။ လူးပက်စ်အကြောင်း သူတို့နားမလည်နိုင်ဘူး။ ကျွန်မမွေးစားအမေကတော့ ကျွန်မပြောသမျှကို နားလည်တယ်။ သူ့သမီးအငယ်ဆုံးကလည်း လူးပက်စ်ဖြစ်နေတော့ ကျွန်မဖြစ်နေတာတွေက သူ့သမီးဖြစ်ခဲ့ဖူးတာတွေဆိုတော့ ကျွန်မကို နားလည်တယ်။ လည်ချောင်းနာ၊ အစားအသောက်ပျက်တာတွေ လွန်ခဲ့တဲ့နှစ်ပတ်လောက်က ဖြစ်လို့ အရမ်းအားနည်းတယ်။ အိမ်ကနေ ရထားဘူတာ ဆယ်မိနစ်လောက် လမ်းလျှောက်ပြီးရင် ရေသောက်ရတယ်။

Grand Teton National Park, Wyoming


ကျွန်မကို မြင်ရတဲ့လူတိုင်းက စိတ်မချမ်းသာဘူး။ ဒီတပတ်မှာတော့ အစားအသောက် ပြန်လိုက်လာတယ်။ စားမယ်ဆိုတာကြီးပဲ တချိန်လုံး ဗိုက်စာနေတယ် သောက်နေတဲ့ သံဓာတ်အားဆေး တန်ခိုးတွေ ပြပြီထင်ပါရဲ့။ လူးပက်စ်ဟာ ဆေးနဲ့ရောဂါတည့်ရင် နာကျင်တာတွေ လုံးဝမရှိတော့ဘူး။ ဆေးသောက်နေရဲ့သားနဲ့ ကိုက်ခဲနေသေးတော့ ဆေးနည်းနည်းပြင်းတာ တိုက်ဖို့လိုပါတယ်။ ဆေးပြင်းက ကီမိုသယ်ရပီအတွက် တိုက်တာဆိုတော့ သွေးဖြူဥ၊ သွေးနီဥတွေ နည်းသွားတာ ဖြစ်နိုင်သလို အဲဒီဆေးသောက်နေတဲ့ အချိန်အတွင်း ကိုယ်ဝန်ဆောင်လို့ မရဘူး။ ကျွန်မရဲ့ သွေးဖြူဥ၊ သွေးနီဥက အရင်ကတည်းက အားနည်းနေလို့ ဆရာဝန်က ဆေးပြင်းမတိုက်ချင်ဘူး။ မကြီးက သွေးအားနည်းတယ် စာမေးပွဲဖြေပြီးရင် မေ့လဲတတ်တယ်။ အပြင်ကပြန်လာရင် ကုတင်ပေါ်မှာ အရင်အနားယူရတယ်။ ကျွန်မတို့ အာရှမိန်းကလေးတွေဟာ သွေးအားနည်းတတ်တယ်။ ဟိုဟာမစား၊ ဒီဟာမစားမို့လို့တဲ့။ အဖေ၊ အဖေတို့ရဲ့ ကျန်းမာရေး ဆေးစစ်ချက်တွေ ဖတ်ကြည့်တော့ အဖေက သွေးအားနည်းတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်တုန်းက အမေလည်း မူးတယ်မူးတယ်ဖြစ်ပေမဲ့ ခဏနားလိုက်ရင် ကောင်းသွားတာပါပဲတဲ့။ ဒါပေမဲ့ မူးလဲတာတော့ မရှိခဲ့ဘူး ဒီလိုနဲ့ သွေးအားနည်းတာကို ရောဂါလို့ မထင်ခဲ့သလို အရေးကြီးမှန်းလည်း မသိခဲ့ဘူး။ တိုင်းပြည်ဆင်းရဲတော့ ပြည်သူတွေဟာ အာဟာရပြည့်ဝဖို့ထက် ထမင်းနပ်မှန်အောင် စားဖို့လုံးပန်းရတော့ ဘယ်မှာအာဟာရ ပြည့်လိမ့်မတုန်း။ စင်္ကာပူမှာတော့ သွေးအားနည်းရောဂါကို serious သေသေချာချာ ကုသပါတယ်။ ကျွန်မတို့ကိုယ်တိုင်လည်း ထမင်းများများ၊ အသားနှစ်ဖတ်၊ အရွက်နည်းနည်းစားပြီး ကြီးပြင်းခဲ့ရတော့ အာဟာရမပြည့်ဘူး။ ဒါကြောင့် ပုပုသေးသေး လူဖလံလေးတွေ ဖြစ်နေကြတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်ကို ရောက်လာကြတဲ့ ဂျပန်စစ်သားတွေဟာ အရပ်ငါးပေသာသာ လူဖလံလေးတွေတဲ့။ ဒါကြောင့် ဂျပန်ငပုလို့ ခေါ်ခဲ့ကြတာပေါ့။

ဂျပန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာပြီး အစားအသောက်စတိုင် ပြောင်းလိုက်တော့ ခုဆို ဂျပန်ငပုတွေ အရပ်ရှည်ကုန်ကြပြီ။ မကြီး နေမကောင်းဖြစ်တာ ၃ ရက်ကြာလာတဲ့အထိ အဖျားမပျောက်လို့ ဒန်းကီး(သွေးလွန်တုပ်ကွေး) ထင်ပြီး အရေးပေါ်ဋ္ဌာနကို ပို့လိုက်တယ်။ သွေးနှစ်ပုလင်းသွင်းလိုက်တော့ ကောင်းသွားရော။ အဖျားအတွက် သောက်ရတဲ့ဆေးတွေက ပြင်းပြီး သွေးအားနည်းနေတော့ အဖျားတာရှည်နေတာ ထင်ပါရဲ့။ HSA (Health Sciences Authority) မှာ သွေးသွားလှုတော့ အိုင်းရွန်းလယ်ဗယ်က ၉  ဖြစ်နေလို့ လှုလို့မရဘူး။ အိုင်းရွန်းလယ်ဗယ် ၁၂ ကိုမှ good blood လို့ သတ်မှတ်ပါသတဲ့။ အိုင်းရွန်းဆေးတွေပေးပြီး ပြန်လွှတ်လိုက်တယ်။ ကျွန်မတို့ ညီအစ်မ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြောဆိုကြတဲ့ အကြောင်းတွေပါ။ ကျွန်မ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေထဲမှာ ရေခဲတောင်တွေလည်း ပါပါတယ်။ ဧဝရတ်တောင်တက်တဲ့အကြောင်း၊ မြောက်ဝင်ရိုးစွန်းကို သွားတဲ့အကြောင်း ရုပ်ရှင်ကားတွေ၊ documentary တွေ၊ သတင်းတွေဆို အရမ်းစိတ်ဝင်စားတာ။ ဆရာမဂျူးရဲ့ ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ ဝထ္ထုက စိတ်ဝင်စားဖို့ အရမ်းကောင်းလွန်းလို့ မအိပ်ဘဲ ညလုံးပေါက် ထိုင်ဖတ်ဖြစ်တာ မှတ်မှတ်ရရပါပဲ။ ဆူနမ့်ဆီကနေ ဟိမဝန္တာတောင်တန်း၊ အန်နာပူရ Annapura ၊ ဧဝရတ်တောင်တွေအကြောင်း ကြားရရင် ရေခဲတောင်တွေဆီ သွားချင်ပြန်ရော။ ရေခဲတောင်တက်သူတွေလို အသက်ကို ပဓာနမထားဘဲ သက်စွန့်ဆံဖျား တောင်ထိပ်ကို တက်ချင်စိတ်တော့ မရှိပေမယ့် တောင်ခြေကနေပဲ ရေခဲတောင်တွေကို ကြည့်ချင်မိတယ်။ တောင်ခြေ Base Camp အထိရောက်အောင် ငါးရက်လောက် ခရီးနှင်ရတဲ့အကြောင်း documentary မှာ တွေ့ရလိုက်တော့ တောင်ခြေကနေ ဟိမဝန္တာရေခဲတောင်တွေကို ငေးမောချင်တဲ့စိတ်ကူး ပျက်ပြယ်သွားတယ်။




မြန်မာနိုင်ငံခြေလျင်နဲ့ တောင်တက်အသင်းက ခါကာဘိုရာဇီ၊ အီမောဘွန်း တောင်တက်တဲ့အကြောင်း ကြားရရင် တောင်တက်ချင်မိတယ်။ ဒါပေမယ့် tent တဲ၊ ရိက္ခာ၊ ပေါင် ၄၀ လောက်လေးတဲ့ ကိုယ့်အထုပ် ကိုယ်သယ်ပြီး တက်ရမယ်ဆိုတော့ အဲဒီလောက် ကိုယ့်ဒုက္ခကိုယ် မရှာချင်ပြန်ဘူး။ မကြီးကလည်း ဧဝရတ်တောင်၊ ရေခဲတောင်ကို သွားကြည့်ချင်တယ်လို့ အမေ့ကို ပြောဖူးတယ်တဲ့။ ရေခဲတောင်တွေ ကြည့်ချင်ရင် ဂရမ်းတီတန်မှာ ရှိတယ်၊ ဆွဇ်ဇာလန်က အဲပက်စ်တောင်တန်း၊ အလာစကာမှာဆိုရင် ပိုများသေးတယ်၊ မြောက်ဝင်ရိုးစွန်းမှာလည်း ရှိတယ်။ ဒါတွေကတော့ တောင်တက်စရာမလိုဘဲ ရေခဲတောင် ကြည့်လို့ရတဲ့ နေရာတွေပါ။ မိနစ် ၂၀ လောက် မောင်းပြီးတော့ ဟိုင်းဝေးလမ်းမဘေး ဗျူးပွိုင့်လိုနေရာမျိုးမှာ ဓာတ်ပုံရိုက်ဖို့ ရပ်ပေးပါတယ်။ ပါရာမောက်ရုပ်ရှင် လိုဂိုထဲက ရေခဲတောင်ဟာ ဒီရေခဲတောင်ပေါ့တဲ့။ ၂ နာရီမောင်းပြီးတဲ့အခါ နေ့လည်စာစားဖို့ ဝိုင်အိုမင်း Wyoming ပြည်နယ်ထဲက ဂျက်ဆန်မြို့လေးမှာ တထောက်နားပါတယ်။ နွေရာသီပေမယ့် ရာသီဥတုက အေးစိမ့်စိမ့် တောင်တွေကြားထဲက မြို့သေးသေးလေး။ ဆောင်းရာသီဆို ဘယ်လောက်တောင် အေးလိုက်မလဲ။ ဂျက်ဆန်မြို့လေးရဲ့ ပြယုဂ်တစ်ခုဖြစ်တယ့် သမင်ချိုတွေနဲ့ ပြုလုပ်ထားတဲ့ Antler Arches နဲ့ ဓာတ်ပုံရိုက်ကြတယ်။ မြို့လယ်ခေါင် ပန်းခြံဘေးက ဆိုင်တွေကို တပတ်ပတ်ကြည့်တော့ အေးရှန်းစားသောက်ဆိုင်ရှိပုံ မရဘူး။ မြို့လေးက ကျွန်မကျောင်းတက်ခဲ့တဲ့ အိုင်အိုဝါပြည်နယ် ဖဲဖီးလ်မြို့လေးနဲ့ ဆင်တယ်။ အနုပညာပြခန်းကို ဝင်ကြည့်တော့ သမင်ရုပ်ထု၊ ပန်းချီကား၊ အမေရိကန်အင်ဒီယန်းရုပ်ထု၊ ပန်းချီကားတွေက လက်ရာမြောက်တယ်။ အေးရှန်းဆိုင် ရှာမတွေ့တော့ ဆန်းဒွတ်စ်ချ်ဆိုင်ပဲ ဝင်ရတော့တယ်။


Antler Arches, Jackson, Wyoming


အဖေတို့က ဆန်းဒွတ်စ်ချ်ထဲက အသားရယ်၊ အသီးအရွက်တွေကိုပဲ စားပြီး ပေါင်မုန့်ကို လွှင့်ပစ်တယ်။ အမေရိကန်မှာ စားလို့ကုန်တာထက် မစားနိုင်လို့ လွှင့်ပစ်လိုက်ရတာ ပိုများတယ်။ အိမ်သာအထွက်မှာ ရေဖြည့်လို့ရတဲ့ နေရာတွေရှိရင် အမေက ရေဖြည့်လေ့ရှိတယ်။ ရေဖြည့်တာ အမေ့တာဝန်။ ဆန်ဖရစ္စကိုဂိုးဒင်းဂိတ်တံတားကို ဖြတ်ကျော်ပြီးတဲ့အခါ အဖွဲ့တစ်ခုကနေ တစ်ယောက် ရှေ့ထွက်ပြီး မိတ်ဆက်ရပါတယ်။ ကျွန်မသွားဖူးသမျှ ခရီးထဲမှာ ဒီခရီးက ရက်အရှည်ဆုံးနဲ့ ပထမဆုံးမိတ်ဆက်ရတဲ့ ခရီးဖြစ်ပါတယ်။ ဘယ်ပြည်နယ်က၊ ယူအက်စ်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာလား၊ ဒီတိုးကို ဘယ်လိုသိတာလဲ မေးခွန်းတွေ ဖြေရပါတယ်။ ဟာသညဏ်ရွှင်တဲ့သူတွေဖြေရင် တသောသောနဲ့။ ကျွန်မတို့ သားအဖသုံးယောက်ဟာ တရုတ်စကားမပြောတဲ့ မိသားစုမှန်း သိသွားတယ်။ မြန်မာကဆိုတော့ ကျောက်စိမ်းလို့ အော်ကြတယ်။ ဒီတော့ ကားပေါ်က တရုတ်တွေဟာ ကျွန်မတို့ မိသားစုကို သတိထားမိပြီး နည်းနည်းအရေးပေးတယ် ဆိုပါတော့။ ကလေးမလေးတစ်ယောက်က ဂျော့တောင်းတက္ကသိုလ် တက်နေတယ့်သူ့ဆီကို သူ့အမေက လာလည်တာတဲ့။ မေမေက ရည်းစားရပြီလား၊ ရည်စားထားဖို့ နားပူနားဆာ လုပ်နေပြီလားလို့ တိုးဂိုက်ကနောက်လို့ ရယ်ရသေးတယ်။  ဝိုင်အိုမင်းပြည်နယ် ဂျက်ဆင်မြို့ကနေ တောင်ဖက်စူးစူး မိုင် ၂၇၀ ငါးနာရီလောက်မောင်းရင် ယူတာ့ Utah ပြည်နယ် ဆော့လိတ်စီးတီး Salt Lake City မြို့ကို ညနေစောင်းလောက် ရောက်သွားပါတယ်။ ဆော့လိတ်စီးတီးနဲ့ မော်မန်တွေအကြောင်းကိုတော့ နောက်အပိုင်းမှ ဆက်ပါဦးမယ်။

Happy Traveling!
စန်းထွန်း
စက်တင်ဘာ ၆၊ ၂၀၁၅။

3 comments:

Anonymous said...


Anonymous said...

မမအိုင်အိုရာ

San San Htun said...

Anonymous said...
စာအုပ်လေးဖတ်လိုက် တောင်တွေကိုငေးလိုက် လုပ်ချင်လိုက်တာ..။ Jackson မြို့လေးကချစ်စရာလေး တောင်ကုန်းတွေနောက်ခံနဲ့ စိမ်းစိုနေတာ။
September 6, 2015 at 1:54 PM
Anonymous said...
ကိုယ်လည်းပိုက်ဆံတစ်ပြားမှမကုန်ပဲစန်းထွန်းနဲ့လိုက်လည်နေတာ။
တန်လိုက်တာစန်းထွန်းလေးရေ။
မမအိုင်အိုရာ
September 6, 2015 at 9:46 PM