ယူအက်စ်သွား တောလား - ၅

နေ့လည် ၁ နာရီ လက်မှတ်ဆိုပေမဲ့ နေ့လည် ၁၁ နာရီလောက်ကတည်း  အိမ်ကထွက်ပါတယ်။ နယူးယော့ခ်ကာ မဟုတ်တော့ လမ်းမြန်မြန် မလျှောက်နိုင်ဘူးကိုး။ လစ်ဘာတီဖယ်ရီဂိတ်မှာလည်း လူတွေကြိတ်ကြိတ်တိုးနေတာပဲ။ အွန်လိုင်းကနေဝယ်ထားတဲ့ အီးတစ်ကဒ်နဲ့ လက်မှတ်သွားထုတ်၊ Reserved Line ဆိုတော့ အကြာကြီး တန်းစီစရာ မလိုဘူး၊ လုံခြုံရေးစစ်တာကတော့ လေဆိပ်မှာလိုပဲ အိုင်ပတ်၊ ကင်မရာ၊ ဖုန်း၊ သော့၊ ခါးပတ် အကုန်ဗန်းထဲထည့်ပြီး စကန်ဖတ်တယ်။ ဖိနပ်ချွှတ်ရလား မမှတ်မိတော့ဘူး။ သင်္ဘောက လူ ၃၀၀ လောက် ဆန့်တယ်လို့ထင်ပါတယ်။ လွတ်လပ်ရေးရတဲ့အထိမ်းအမှတ်အဖြစ် ပြင်သစ်ကနေ အမေရိကန်ကို ချစ်ကြည်ရေးလက်ဆောင်အဖြစ် ပေးအပ်တာပါ။ နှစ်ပေါင်း ၁၀၀ ကျော်ပြီ ခုတော့ နယူးယော့ခ်ရဲ့ အမှတ်အသားပေါ့။ ရောက်တာနဲ့ သစ်ပင်ရိပ်မှာထိုင်ပြီး အမောဖြေကြတယ်။ သူများတွေ လီမွန်နိတ်သောက်နေတာတွေလို့ ဝယ်သောက်တာ ကောင်းသား။ သားအဖနှစ်ယောက် စကားကောင်းနေကြတုန်း အမေက လျှောက်ကြည့်နေတယ်။ နိုင်အာဂရာတုန်းကို စွတ်သွားမလားထင်တာ မသွားဘူး။ လစ်ဘာတီရုပ်တု၊ နယူးယော့ခ်စကိုင်းလိုင်းနဲ့ ဓာတ်ပုံရိုက်တယ်။ အထပ်ကို တက်လို့ရတယ် သမီးတခါမှ မတက်ဖူးဘူး တက်ရအောင်။ အိတ်၊ မုန့် ဘာမှသယ်လို့မရဘူး လော့ကာထဲမှာ တနာရီ ၂ ကျပ်နှုန်းနဲ့ အပ်ရတယ်။ အောက်ခြေကလည်း ထုထည်တော်တော်ကြီးတာပဲ။

ဓာတ်လှေကားစောင့်နေတာကြာလို့ အပေါ်ထပ်ကို ၁၀ မိနစ်တဲ့ လှေကားနဲ့ပဲ တက်ရအောင်။ အမ်မလေး .... ဘယ်ကသာ ၁၀ မိနစ် ကမှာလဲ မိနစ် ၂၀ လောက် တက်လိုက်ရတယ်။ မြင့်လိုက်တာ ၅ ထပ်လို့သာဆိုတယ် ကွန်ထရပ်တိုက် ၁၀ ထပ်လောက် မြင့်တယ်။ လူလိမ်တွေ၊ လူညာတွေ ၁၀ မိနစ်လို့ ညာတယ်။ အပေါ်ထပ်ကနေ မြင်ကွင်းက တော်တော်လှတယ်။ နေရာကျဉ်းကျဉ်းလေးမှာ ကိုယ့်ကိုယို့ပေး၊ ကပ်ပေးပြီး ရှောင်ရှားရတယ်။ အပေါ်ကိုတက်မှ ထုထည်ဘယ်လောက် ကြီးမားမှန်း သိတယ်။ လစ်ဘာတီရုပ်တုမှာ ခေါင်းအထိ တက်လို့ရတယ် ဓာတ်လှေကားနဲ့တော့ မဟုတ်ဘူး လှေကားထစ်တွေနင်းပြီး တက်ရမှာ။ လစ်ဘာတုရုပ်တုအောက်ခြေကိုတောင် ဒီလောက်တက်ရတာ ခေါင်းအထိ ဆိုရင်တော့ ဟမ်မလေး ... မတက်တော့ပါဘူး။ ဗိုက်ဆာလာလို့ အဲဒီမှာပဲ နေ့လည်စာ စားဖြစ်တယ် အမေရိကန်စာပေမဲ့ အဖေတို့ စားနိုင်သားပဲ။ ပြန်ဖို့ Q တန်းကြီးက အရှည်ပြီး ၁၀၊ ၁၅ မိနစ်လောက်ပဲ စောင့်ရပါတယ်။ Ellis Island ကို ဝင်ကပ်ပါတယ် အဖေတို့ ဥရောပကလူတွေ အမေရိကန်ကို ရွှေ့ပြောင်းလာတော့ ဂရင်းကဒ်ထုတ်ပေးတဲ့ လူဝင်မှုကြီးကြပ်ရေးရုံးက အဲလစ်အိုင်လန်မှာပေါ့။ တက်ကြည့်ကြဦးမလား တော်ပြီ ညောင်းတယ် အရေးကြီးတဲ့ လစ်ဘာတီကို ရောက်ပြီးပြီပဲ။ ပင်ပန်းလို့ ရထားပေါ်မှာ အိပ်လိုက်ကြတာ။ ဇူလှိုင် ၂၃ အင်္ဂါနေ့မှာတော့ ဘွဲ့ဓာတ်ပုံသွားရိုက်ကြတယ်။ နောက်နှစ်ရက်မှာသွားမယ့် ကယ်လီဖိုးနီးယားခရီစဉ်အတွက် စထွက်မယ့် ဆန်ဖရန်စစ္စကိုမြို့ အပူချိန်ကိုကြည့်တော့ ၆၀ ဖာရင်ဟိုက် ကျော်ကျော်လေးပဲ ရှိပါလား။ နယူးယော့ခ်ထက်တောင် အေးနေသေးတယ်။




မဖြစ်ဘူး ဘွတ်ဖိနပ်နဲ့ အနွေးထည် ဝယ်ရမယ်။ ဘွဲ့ဓာတ်ပုံရိုက်ပြီးတော့ Skechers မှာ ဘွတ်ဖိနပ်ဝယ်၊ အမေ့ဖိနပ်ကိုကြိုက်လို့ ကျွန်မပါ လိုက်ဝယ်။ အနွေးထည်အတွက် ၃၄ လမ်းက မေစီစတိုးမှာရှာတော့ ၄ ထပ်ညွှန်လိုက်၊ ၆ ထပ်ညွှန်လိုက်နဲ့၊ နွေရာသီဆိုတော့ အနွေးထည်က သိပ်မရှိဘူး။ ၄၂ လမ်းနဲ့ Fifth Avenue အမှတ်ငါးလမ်းမကြီးက Zara ဇာရာမှာ အဖေ့အတွက် အနွေးထည်၊ အမေ့အတွက် အနွေးထည်၊ ကျွန်မရဲ့ ဦးထုပ်ကားကားကြီးကို ဆောင်းနေရတဲ့ အဖေ့အတွက် ဦးထုပ်တစ်လုံးဝယ်တယ်။ ကိုင်း .... အနောက်ဖက်သို့ ၇ ရက်ခရီးအတွက် ရယ်ဒီ။ အဖေက အစားအသောက် ဒုက္ခတွေ့လို့ ဗာလချောင်ကြော် ၊ ပုဇွန်ငံပြာရည်ကြော်တစ်ဗူး ယူသွားမယ်တဲ့။ ပိုက်ဆံတော်တော်ကုန်မယ့်ခရီးမို့လို့ အဖေတို့က မသွားချင်ပေမယ့် အားလုံးစီစဉ်ထားပြီးတာက တစ်ချက်၊ မနှစ်က ဆူနမ်တို့မိဘတွေ ဘွဲ့နှင်းအတွက်လာတော့ ဆူနမ်က သူ့မိဘတွေကို ဂရမ်းကမ်ညမ်၊ လာ့စ်ဗီးဂတ်စ်တွေကို ပို့တော့ အနောက်ဖက်ကို တခေါက်မှ မရောက်ဖူးတဲ့ ကျွန်မက အရမ်းသွားချင်တယ်။ မကြာသေးခင်ကမှ ဝိုင်းအစ်မနှစ်ယောက် ယူအက်စ်ကို လာလည်လို့ ကယ်လီဖိုးနီးယားဖက်ကို တပတ်ခရီးထွက်ထားတော့ အနောက်ဖက်ခြမ်းကို သွားလည်ရအောင်လို့ပြောရင် ဝိုင်းက လိုက်မှာမဟုတ်။ မိဘတွေနဲ့မှ မဟုတ်ရင် ကယ်လီဖိုးနီးယားဖက်ကို ရောက်မယ့်ကိန်း မမြင်တော့ သွားဖို့အတင်းစီစဉ်ထားရတာမလား။ ဇွန် ၂၄ နယူးယော့ခ်ကနေ ဆန်ဖရန်စစကိုဆီ ထွက်မဲ့လေယာဉ်က နေ့လည် ၂ နာရီဆိုတော့ နေ့လည် ၁၁ နာရီလောက်မှာ အိမ်ကထွက်ပါတယ်။

လေဆိပ်ကို တက္ကစီမငှားဘဲ ရထားစီးသွားဖို့ စီစဉ်ထားတယ်။ ကျွန်မအိမ်နားက ရထားဘူတာမှာက ဓာတ်လှေကား မရှိတော့ လက်ကေ့အိတ်ကို အဖေက အပေါ်ကနေဆွဲ ကျွန်မက ဘီးနှစ်ဖက်ကို ကိုင်ပြီးတင်ရတယ်။ ဟူး .... တက္ကစီခ သက်သာချင်တော့ ပင်ပန်းလိုက်တာ။ အပြန်ကျရင်တော့ တက္ကစီပဲစီးတော့မယ်။ အိမ်နားကနေ 7 ရထားနှစ်ဘူတာစီးပြီး ဂျက်ဆင်ဟိုက်အမြန်ဘူတာမှာ အမြန်ရထား E စီး။ ကောင်းကင်ရထားစီးပြီး တာမင်နယ် ၇ ဆီ သွားရပါတယ်။ ကောင်းကင်ရထားခ ၅ ကျပ်ကို MetroCard နဲ့ ပေးလို့ရတယ်။ စင်္ကာပူမှာတော့ ကောင်းကင်ရထားတွေက ဖရီးနဲ့တူတယ်။ တာမင်နယ် ၇ ရောက်တော့ United Airlines မှာ ချက်ကင်ဝင်။ TSA စစ်ဖို့မလိုတော့ ခါးပတ်၊ အနွေးထည်၊ ဖိနပ်၊ နာရီ၊ ဖုန်း၊ အိုင်ပတ်၊ ကွန်ပျူတာ၊ သော့တွေကို ချွှတ်ပြီး ဗန်းထဲထည့်စစ်ရမလိုဘူး။ စကန်ဖတ်တဲ့နေရာကိုသွားပြီး လူကိုစကန်ဖတ်ရုံပဲ။ နယူးယော့ခ်ကနေ နေ့လည် ၂ နာရီ ထွက်ပေမဲ့ ဆန်စဖရန်စစ္စကို ညနေ ၅ နာရီ ရောက်မှာပါ။ လေယာဉ်စီးချိန် ၆ နာရီကြာပြီး ပစိဖိတ်တိုင်းဇုန်မှာရှိတဲ့ ဆန်ဖရန်စစ္စကိုက နယူးယော့ခ်ထက် ၃ နာရီတိတိ နောက်ကျပါတယ်။ လေယာဉ်ပေါ်မှာ ကျွန်မတို့တွေ အတူတူ မထိုင်ရဘူး။ လေယာဉ်မယ်လာတော့ အဖေနဲ့အမေကို ရေတခွက်ပေးဖို့ အကူအညီတောင်းရတယ်။ အဖေက လိမ္မော်ရည်တောင် သောက်လိုက်သေးတယ်ဆိုပဲ။ အဖေ လိမ္မော်ရည်ကို ဘယ်လိုတောင်းသလဲမေးတော့ လက်ညှိုးထိုးပြလိုက်တာပေါ့တဲ့။ အဖေက သူများတွေ ခေါက်ဆွဲဝယ်စားကြတာ တွေ့တယ်သမီးတဲ့။ လေယာဉ်ပေါ်က အစားအသောက်တွေက ကောင်းမယ်လို့မထင်။ ချယ်ရီသီး၊ ပန်းသီး၊ ငှက်ပျောသီး၊ ကြက်သားမုန့် ကျွန်မတို့မှာ ရိက္ခာအပြည့်အစုံပါတယ်။




ဆန်ဖရန်စစ္စကိုလေဆိပ်ကနေ မြို့ထဲကို ကောင်းကင်ရထား ရှိသလားဆိုတာ အင်တာနက်မှာ ရှာဖွေမထားတော့ တက္ကစီပဲ စီးလိုက်ပါတယ်။ တက္ကစီဆရာက ကယ်လီဖိုးနီးယားမှာ မိုးခေါင်နေတာ လေးနှစ်ရှိပြီတဲ့။ အပင်တွေက အရှေ့ဖက်ကလို စိမ်းစိမ်းစိုစို မရှိဘဲ ခြောက်ခြောက်သွေ့သွေ့ လေကလည်း ပူတယ်။ အိမ်ခေါင်မိုးတွေကလည်း ခပ်ချွှန်ချွှန်မဟုတ်ဘဲ အမိုးမပါသလိုဘဲ။ ကယ်လီဖိုးနီးယားဖက်မှာ ငလျင်လှုပ်လေ့ရှိတော့ အထပ်အမြင့်ကြီးဆောက်လို့ မရဘူး။ ရေကိုလည်း ‌ချွှေတာရတယ် သတ်မှတ်ထားတဲ့လစ်မစ် ကျော်သွားရင် ၃ ဆ ဈေးတက်တယ်။ ဒုတိယအဆင့် သတ်မှတ်ထားတဲ့လစ်မစ် ကျော်သွားရင် ရေကိုဖြတ်ပြီတဲ့။ ပိုက်ဆံရှိရင်တောင် ရေကိုသုံးချင်တိုင်း သုံးလို့မရတဲ့ဘဝ။ ဟိုင်းကြီးရွာသစ်ကနေ စံပြရွာကိုပြောင်းတော့ ကျွန်မတို့အိမ်က ကမ်းနားမှာ။ ရွာထဲက ရေတွင်းနဲ့ တော်တော်ဝေးတယ်။ ရေထရက်တွေဆိုရင် ရွာထဲကို လှေနဲ့သွားပြီး အဝတ်လျှော်၊ ပြန်လာရင် ယိုးဒယားဖိုင်ဘာပုံး ၂ ပုံးနဲ့ ရေအပြည့်သယ်လာရတယ်။ ဆန်ဆေးရေတွေဆို လွှင့်မပစ်ရဘူး ပန်းကန်အကြမ်းဆေးဖို့ ထားရတယ်။ ရေရှားတဲ့ဒုက္ခကို ခံစားဖူးတော့ ကိုယ်ချင်းစာပါတယ်။ ခုတော့ အဖေတို့ဦးဆောင်မှုနဲ့ ဘုန်းကြီးကျောင်းကနေ ရေပိုက်တွေနဲ့ သွယ်ထားတယ်။ နှစ်ရက်ခြားတခါ ရေလာရင် ရာဝင်အိုးဘယ်နှစ်အိုးလို့ ပြောလိုက်ရုံပဲ။ ဟိုတယ်က မြို့လယ်ခေါင်မှာရှိတဲ့ Witcomb ဟိုတယ် သမိုင်းဝင်ဟိုတယ်တွေထဲက တစ်ခုပါတဲ့။

ညနေစာစားဖို့ အာရှဆိုင်မေးတော့ ဟိုတယ်က မြေပုံနဲ့တကွ ညွှန်ပေးလိုက်တယ်။ South Market က Basil ယိုးဒယားဆိုင်၊ အဲဒီဆိုင်မှာ လူပြည့်နေရင် လမ်းတဖက်ခြမ်းက ယိုးဒယားဆိုင်ကို သွားပါတဲ့။ ၃ ဘလောက်သာဆိုတယ် တစ်ဘလောက် ဆိုတာများ အဝေးကြီး။ အေးကလည်းအေး အနွေးထည်တွေ၊ ဘွတ်ဖိနပ်တွေ စီးလာတာ မှန်သွားတယ်။ Basil ဆိုင်ကိုတွေ့တော့ လမ်းမတဖက်ခြမ်းမှာ လမ်းအဆုံးထိအောင်သွားပြီး လူကူးမျဉ်းကြားက ကူးမယ်ဆိုရင် အဝေးကြီးလျှောက်ရမှာ။ နယူးယော့ခ်ကာပီပီ ဟိုကြည့်ဒီကြည့် ကားရှင်းရင် ကူးလိုက်တာပေါ့။ အစားအသောက်က တော်တော်ကောင်းပါတယ်။ တုန်ယမ်းဟင်းချိုက ချဉ်စုတ်နေလို့ မသောက်နိုင်တာကလွဲရင်။ အေးလွန်းလို့ ဟိုတယ်ကိုအပြန် ကျွန်မတို့တွေ ပြေးရသေးတယ်။ မနက်ဖြန်မနက် ၉  နာရီ Fisherman Sharf မှာ စောင့်နေပါလို့တစ်ကဒ်မှာသာပါတာ တိုးဂိုက်ဆီက ဘာမတ်ဆေ့စ်မှမရလို့ စိတ်ပူမိသေးတယ်။ ဘယ်ကိုဆက်သွယ်ရမှန်းမသိ။ အနောက်ဖက်သို့ခရီးသွားခြင်း ၇ရက်ခရီးစဉ်အကြောင်း နောက်အပိုင်းတွေကျမှ တင်ပါဦးမယ်။

စန်းထွန်း
သြဂုတ် ၂၃၊ ၂၀၁၅။

No comments: