Graduation ...

၂၀၁၅ မေ ၂၄ မှာ အိုင်အိုဝါပြည်နယ် ကျွန်မ ခုလက်ရှိတက်နေတဲ့ တက္ကသိုလ်မှာ ဘွဲ့နှင်းသဘင် ရှိပါတယ်။ ဘွဲ့နှင်းကို သွားမတက်တော့ပါဘူး နယူးယော့ခ်ကနေ အိုင်အိုဝါပြည်နယ် မြို့တော် ဒက်စ်မွိုင်း (သို့) အိုင်အိုဝါစီးတီးမြို့အထိ လေယာဉ်ခက ၄၀၀၊ အဲဒီမြို့တွေကနေ ၁ နာရီခွဲလောက်ဝေးတဲ့ ကျောင်းအထိ ကားငှားခ၊ ဟိုတယ်ခ၊ စားစရိတ် အနည်းဆုံး ရှစ်ရာ၊ တစ်ထောင်လောက် ကုန်မယ်။ ကျွန်မ တစ်ယောက်တည်း မဟုတ်ဘူး အဖေ၊ အမေလည်း ပါဦးမှာ။ ၃ ယောက်ဆို နှစ်ထောင့်ငါးရာလောက် ကုန်မှာ။ ဘွဲ့နှင်းတက်မယ့်အစား ခရီးတွေ သွားမှာပေါ့လို့ပြောတော့ အဖေက ဘွဲ့ဝတ်စုံနဲ့ ဓာတ်ပုံရိုက်ရရင် ကျေနပ်ပါပြီတဲ့။ အသိမိတ်ဆွေတစ်ယောက်ညွှန်တဲ့ မြို့ထဲက ဖိုတိုစတူဒီယိုမှာ သွားရိုက်တယ်။ အဲဒီစတူဒီယိုက ဘွဲ့သမားတွေကို အဓိကထားတဲ့ဆိုင်ဆိုတော့ ဘွဲ့ဝတ်ရုံ ရှိတယ်။ ဖလပ်ရှင်းက ဖိုတိုစတူဒီယိုက မင်္ဂလာဆောင် wedding ကို အဓိကထားတဲ့ဆိုင်ဆိုတော့ ဘွဲ့ဝတ်ရုံ မရှိဘူး။ အဲ... မိတ်ကပ်တော့ ပြင်ပေးတယ် ပြင်ပေးခ ၈၀ တဲ့။ မြို့ထဲက ဆိုင်ကကျတော့ မိတ်ကပ်မပြင်ပေးဘူး ကိုယ့်ဘာသာ လိမ်းသွားရတယ်။ ခေါင်းလျှော်ပြီးခါစဖို့ ဆံပင်တွေက ဖွာလန်ကြဲ၊ မိတ်ကပ်မပြင်တတ်တော့ မိတ်ကပ်ကမညီ။ ဆိုင်က အဖေ့ကို နက်ကတိုင်တပ်၊ ကုတ်အင်္ကျီဝတ်ပေးတယ်။ ဟိုလိုနေ၊ ဒီလိုနေနဲ့ ဓာတ်ပုံရိုက်ရတာ ပင်ပန်းလိုက်တာ။ ဒါတောင် ဓာတ်ပုံဆရာက သိပ်စိတ်ရှည်တာ။ ၂၆၀ ဖိုး ရိုက်မှ စီဒီရမှာဆိုတော့ စီဒီရချင်လို့ ၃၀၀ ဖိုး ရိုက်လိုက်တယ်။



၃ ပတ်ကြာမှရမယ်ဆိုတော့ ဘော့စတွန်ခရီးက ပြန်လာပြီးချိန်မှာ ရွေးလို့ရပေမဲ့ မနက် ၉  နာရီကနေ ညနေ ၅ နာရီအထိ တနင်္လာနေ့ကနေ သောကြာနေ့ပဲ ဖွင့်တယ်ဆိုတော့ မနက် ၈ နာရီခွဲ ရုံးတက်၊ ညနေ ၅ နာရီခွဲ ရုံးဆင်းတဲ့သူမို့ သွားယူဖို့ အခွင့်မကြုံဘူး။ ၃၄ လမ်း မြို့ထဲရုံးဆိုရင် နေ့လည်ထမင်းစားချိန်မှာ သွားယူလို့ရပေမယ့် နယူးဂျာဆီပြည်နယ် နူဝါ့ခ် Newark မြို့က ကလိုင်းရင့်ရုံးကို ရုံးတက်ရတော့ အဖေတို့ ပြန်သွားတဲ့ ဇူလှိုင် ၁၉  အထိ ဓာတ်ပုံက မရသေးဘူး။ ဇူလှိုင် ၃၁ မှာ ဝေါထရိတ်စင်တာ တဖက်ကမ်း နယူးဂျာဆီပြည်နယ် Exchange Place ကို ပြောင်းတဲ့နေ့မို့ ကွန်ပျူတာကို ညနေ ၃ နာရီ မတိုင်ခင်ပိတ်၊ Mover သမားတွေက ပစ္စည်းလာသိမ်းတာမို့ ရုံးစောစောဆင်းပြီးတော့ ဓာတ်ပုံသွားရွေးဖြစ်တယ်။ နှစ်ပုံလောက်ပဲ ကြိုက်တယ် ၃၀၀ ပလုံ : (  ။ အဖေက ရယ်နေတာနဲ့မတူဘဲ သွားဖြဲပြနေတာနဲ့တူတယ်။ ဟမ်မလေး.... ခုမှ သေသေချာချာ ကြည့်မိတယ် အမေ့မျက်ခုံးမွှေးက မည်းလှချည်လား။ အမေက မည်းမည်းကြီးဖြစ်အောင် ဆွဲတာလား၊ ဓာတ်ပုံဆရာကပဲ ဆွဲထည့်လိုက်တာလား ဘယ်သူ့လက်ချက်လဲ မသိတော့ဘူး။ ကျွန်မနှုတ်ခမ်းကိုလည်း နီညိုရောင် ဆွဲပေးထားတယ်။ ဝက်ခြံဖုတွေရှိနေတဲ့ မျက်နှာကိုတော့ ညက်နေအောင် ပြင်ပေးထားတယ်။ ပါးကို သွယ်လျနေအောင် bronze လုပ်ထားတယ်။ ကိုယ့်ဘာသာ ရိုက်ရင်တောင်မှ ဒီထက် လှမယ်ထင်တယ်။ ၂၀၀၉  စင်္ကာပူအမျိုးသားတက္ကသိုလ်မှာ ဘွဲ့ယူတုန်းက ဘာလို့စတူဒီယိုမှာ သွားရိုက်ဖို့ အိုင်ဒီယာမရခဲ့ပါလိမ့်။


Graduation 2015, Master of Computer Science
Maharishi University of Management, Iowa
Credit to Craig Shaw
Credit to Craig Shaw

ကမ္ဘာ့အဆင့် ၂၄ရှိတဲ့ စင်္ကာပူအမျိုးသားတက္ကသိုလ်လို ကျွန်မ ဂုဏ်ယူတဲ့ တက္ကသိုလ်မဟုတ်ပေမယ့် ၃ နှစ်ခွဲ ၄ နှစ်လောက် အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ပြီးမှ ဒီကွန်ပျူတာသိပ္ဗံ မဟာဘွဲ့ရတာကို ကျွန်မ ဂုဏ်ယူမိပါတယ်။ သူများတွေက ၂ နှစ်ခွဲ ၃ နှစ်လောက်နဲ့ ဘွဲ့ရပေမဲ့ ကျွန်မက ဗီဇာအဆင်မပြေလို့ ၄ ဘာသာထပ်ယူပြီး ၁ နှစ်ထပ်တက်တာ ၃ နှစ်ခွဲ ၄ နှစ်လောက်မှ မဟာဘွဲ့ရတယ်။ ဒီဘွဲ့ကို လွယ်လွယ်ကူကူနဲ့ ရခဲ့တာတော့ မဟုတ်ပါဘူး။ ကျောင်းက အမေရိကန်စာတွေ မစားနိုင်လို့ ခေါက်ဆွဲပြုတ်စား၊ ပိုက်ဆံမရှိ ဘူဖေး စားချင်တိုင်း မစားနိုင်လို့ မက်ဒေါနယ်ဆိုင်က မက်ချစ်ကင်းစား၊ နေ့တိုင်း မနက် ၁ နာရီအထိ Homework ၊ Assignment  တွေလုပ်၊ ကျောင်းတက်နေတဲ့ တစ်နှစ်က အင်မတန် ပင်ပန်းဆင်းရဲတာ။ ၂၀၁၁၊ ၂၀၁၂ တုန်းက ရေးခဲ့တဲ့ပို့စ်တွေကို ဖတ်ခဲ့ဖူးတဲ့သူတွေဆိုရင် သိပါလိမ့်မယ်။ အင်တန်းရှစ်အတွက် အလုပ်ရှာတော့ အိုဟိုင်းရိုး၊ မေရီလန်းပြည်နယ်တွေကိုပြောင်း၊ လေးအော့ဖ်ဖြစ်ရင် စိတ်ဓာတ်ကျ၊ ဒါတောင် အဖေနဲ့မကြီးက ပိုက်ဆံကိစ္စ လုံးဝစိတ်မပူနဲ့တဲ့၊ ဆူနမ်၊ ရာမား၊ မိုင်းဖန်တို့လို သူငယ်ချင်းကောင်းတွေ ရှိလို့ ခံသာတာပါ။ အလုပ်အချိန်ပြည့်လုပ် တပတ်တခါ အဆိုင်းမင့်တင်၊ တလခွဲတခါ စာမေးပွဲရက် နီးလာရင် စိတ်ဖိစီး၊ အလုပ်ပင်ပန်းလို့ စာမကြည့်နိုင်ရင် စိတ်ဖိစီး၊ လေးအော့ဖ်ဖြစ်ရင် စိတ်ဖိစီးနဲ့ အတော်ဖိစီးတယ်။


Post Graduate Dip in System Analysis, SA 29
National University of Management
Credit to ISS
SA 29 Graduation 09/02/2009
Institute of System Science, NUS
Credit to ISS
credit to ISS

ကျွန်မက မိုင်းဖန်လို အေရတဲ့ကျောင်းသား၊ စာတော်တဲ့ကျောင်းသားတော့ မဟုတ်ပါဘူး။ တချို့ဘာသာတွေမှာ အေ၊ တချို့ဘာသာတွေမှာ ဘီပလပ်၊ တချို့ဘာသာတွေမှာ ဘီမိုင်းနပ်၊ တချို့ဘာသာတွေမှာ NC လို့ခေါ်တဲ့ ဘာခရက်စ်ဒစ်မှ မရတာ ရှိသေးတယ်။ ညဏ်မကောင်းလို့ သူများထက် နှစ်ဆကြိုးစားရတယ်။ အဖေ၊ မကြီးတို့ ခင်းပေးတဲ့လမ်းပေါ်မှာ အေးအေးဆေးဆေး လမ်းလျှောက်လာတဲ့သူ ယူအက်စ်ရောက်မှ ကိုယ့်လမ်းကိုယ်ဖောက်ရတာ ပင်ပန်းလိုက်တာ။ မြန်မာဆိုတာ တစ်ယောက်မှမရှိတဲ့ အရပ်မှာနေရတာ အပေါင်းအသင်း သူငယ်ချင်းမရှိ၊ မချက်မပြုတ်တတ်တော့ အစားအသောက်ဆင်းရဲနဲ့ ယူအက်စ်မှာ ကြုံရတဲ့ဒုက္ခတွေက အများသား။ စင်္ကာပူမှာနေတုန်းက ဘာအခက်အခဲမှ မရှိဘူး ရန်ကုန်လို့တောင် ခံစားမိတယ်။ စင်္ကာပူကျောင်းတုန်းက ကျောင်းပြီးတာနဲ့ ချက်ချင်းဘွဲ့ယူ ကျောင်းအကြွေးကို တဖြည်းဖြည်းခြင်းဆပ် အတိုးနှုန်းကလည်း အင်မတန် နည်းတယ်။ ယူအက်စ်ကျောင်းက ပရိုက်ဗိတ်ကျောင်းမို့လို့ သတ်မှတ်ထားတဲ့ ခရက်ဒစ်မပြည့်ရင်၊ ကျောင်းအကြွေးကို အပြီးမဆပ်နိုင်သေးရင် ဘွဲ့ယူလို့ မရဘူး။ ကျောင်းအကြွေး အတိုးနှုန်းက များတယ်။

SA 29 Graduation
National University of Singapore


ကျောင်းရဲ့ တကယ့်ဘွဲ့ဝတ်စုံက အရောင်က အဖြူရောင် အဖေက မလှဘူး အနက်ရောင်နဲ့ရိုက်တဲ့။ အသိအစ်မတစ်ယောက်က ကျွန်မကို သူ့လိုပဲ ပီအိတ်ချ်ဒီဒေါက်တာဘွဲ့ ရစေချင်တယ်တဲ့။ နိုး...နိုး...နိုး  ကျောင်း ၃ နှစ်ခွဲ တက်ခဲ့ရလို့ ကျောင်းကို တော်တော်လေး စိတ်ကုန်နေပြီ။ ပီအိတ်ချ်ဒီတက်လို့ လစာပိုကောင်းတယ် ဆိုရင်တော့ တက်ဖြစ်မလားဘဲ။ လူးပက်စ်ဖြစ်နေတော့ စိတ်ဖိစီးလို့ မဖြစ်ပေဘူး။ ကျောင်းတက်တယ်ဆိုတာ အနည်းနဲ့အများတော့ စိတ်ဖိစီးတာကိုး။ ပီအိတ်ချ်ဒီကတော့ တက်ဖြစ်ချင်လည်း တက်ဖြစ်မယ် လုံးဝမတက်တာလည်း ဖြစ်နိုင်တယ်။ သေချာတာကတော့ ခုလောလောဆယ် break လိုနေတယ်။ ၂၀၀၉  စင်္ကာပူအမျိုးသားတက္ကသိုလ်မှာ ဘွဲ့ယူတုန်းက ဓာတ်ပုံတွေရယ်၊ ၂၀၀၅ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ ဂုဏ်ထူးတန်းဘွဲ့ယူတုန်းက ဓာတ်ပုံတွေကိုပါ အမှတ်တရအဖြစ် တင်လိုက်ပါတယ်။ အဲဒီတက္ကသိုလ်နှစ်ခုမှာ ကျောင်းတက်တုန်းက အချိန်တွေ၊ သူငယ်ချင်းတွေကို သတိရမိတယ်။

စန်းထွန်း
သြဂုတ် ၇၊ ၂၀၁၅။

Master of Computer Science (Hons)
University of Computer Studies, Yangon 05/05/2005

4 comments:

Aunty Tint said...


Anonymous said...

Ahthu

Anonymous said...

ဟုတ်တယ် စန်းထွန်းရေ။
ပီအိတ်ခ်ျဒီ တော့လိုချင်ပါတယ်။
ချစ်သောမမအိုင်အိုရာ

San San Htun said...

Aunty Tint said...
ပင်ပန်းပေမယ့်အသက်အရွယ်ငယ်တုန်း အမိအရဆုပ်ကိုင်လိုက်ပါ စန်းစန်းရေ.....
အခုအချိန်မှာပင်ပန်းဆင်းရဲခြင်းဟာ နောင်တစ်ချိန်မှာ အေးချမ်းစွာနေထိုင်နိုင်ဘို့အတွက်ခိုင်ခန့်တဲ့အုတ်မြစ်ချခြင်းပါ။
August 8, 2015 at 5:56 AM
Anonymous said...
ကိုယ့်မကြီးကို PHDလေးတော့ ရစေချင်သေးတယ်။ကိုယ်ကိုယ်တိုင်လိုချင်ပေမယ့် အခွင့်အလမ်းမရှိတော့လို့။ငွေအားလူအားအကုန်ပေါ့။မကြီးကိုကျတော့ ကိုယ့်အမလို ခံစားရလို့ ..
လူးပတ်ကော သက်သာသွားပြီလား..အင်တာနက်သုံးရတာအဆင်မပြေလို့..လာမလည်ဖြစ်တာကြာပြီ။
Ahthu
August 8, 2015 at 11:26 PM
Anonymous said...
ဟုတ်တယ် စန်းထွန်းရေ။
ပီအိတ်ချ်ဒီ တော့လိုချင်ပါတယ်။
မာစတာနဲ့တင်အရမ်းပန်းသွားတာ။ မမအိုင်အိုရာ သူငယ်ချင်းတစ်ချို့တော့ဆက်တက်ကြတယ်။ တစ်ချို့ကတော့အလုပ်ပဲလုပ်ကြတော့တယ်။
စန်းထွန်းက ငယ်သေးတော့ဆက်မယ်ဆိုရင်
လူအားငွေအားစိတ်ဓါတ်အင်အား အဆင်သင့်ဖြစ်တဲ့အခါတော့ဆက်တက်နိုင်ရင်ကောင်းပါတယ်။
အထူးသဖြင့်ကျန်းမာရေးပေါ့။
ဖိစီးမှုတွေကြောင့် ကျန်းမာရေးကိုတော့ပိုမဆိုးစေသင့်ဘူးထင်ပါတယ်။
ချစ်သောမမအိုင်အိုရာ
August 9, 2015 at 1:14 PM