Outer Banks သွား တောလား - ၁

ကျေးဇူးတော်ပိတ်ရက် ဗော်လန်တီယာအဖွဲ့ထဲက အမနဲ့ ခရီးသွားဖို့ နေရာရွေးရတာ အတော်ခက်တယ်။ ခရီးသွားဝါသနာပါကြသူတွေဆိုတော့ တော်တော်များများ ရောက်ဖူးပြီးသား။ ၂၀၁၃ ဝါရှင်တန်ဒီစီရုံးမှာတုန်းက လုပ်ဖော်ကိုင်ဖက်တယောက်က မြောက်ကာရိုလိုင်းနားပြည်နယ်က ပင်လယ်ထဲထိုးထွက်နေတဲ့ ကျွှန်းစုတွေကို သွားလည်တာ အရမ်းလှတယ်လို့ ကြားဖူးတယ်။ နေရာနာမည်ကို မမှတ်မိလို့ ဂူဂယ်မတ်မှာ ခဲတံနဲ့ဆွဲပြီးပြလိုက်တာ Outer Banks လင့်ခ်လေးပို့လာတော့မှ အဲ့တာအဲ့တာ။ သူ့ညီမလည်းလိုက်မှာမို့လို့ ရက်တွေညှိကြတော့ ကျေးဇူးတော်ပိတ်ရက် သွားလည်ဖြစ်တယ်။ ဝိုင်းက အရမ်းအရမ်းကို ဘီးစီးနေလို့ မလိုက်ဖြစ်ဘူး။ ၂၀၂၂ နိုဝင်ဘာ ၁၉ စနေနေ့ မနက် ၇ နာရီ နယူးယောက်ကနေမောင်းတာ ညနေစောင်းမှရောက်တယ်။ Delaware Costco မှာ ၂ နာရီလောက် ဝင်လည်ပြီး မနက်စာဟော့ဒေါ့စားတယ်။ $၁ကျပ်ကြီးများတောင် ပေးရတယ် မဆိုးပါဘူး။ Delaware ပြည်နယ်က Sales Tax မပေးရလို့ သက်သာတယ်။ မေရီလန်းပြည်နယ် ဗာဂျီးနီယားကမ်းခြေကိုကျော်တာနဲ့ မြောက်ကာရိုလိုင်းနားပြည်နယ်ထဲဝင်ပြီ။ ညနေ ၄ နာရီခွဲ Cape Charles ကတံတားအရှည်ကြီးမှာ နေဝင်ဆည်းဆာကြည့်တယ်။ မစနုက အလုပ်ပေါ်လာလို့ အချက်ပြမီးပြပြီး အလုပ်လုပ်နေတာ ရဲကတံခါးလာခေါက်တယ်။ တံတားပေါ်မှာ မီးကြီးပြပြီးရပ်နေလို့ ဘာများဖြစ်သလဲ ကူညီဖို့လာတာ။ နောက်တမိုင်လောက် မောင်းပြီးရင် တံတားအဆုံးရောက်ပြီ။ အဲ့ရောက်မှ အလုပ်လုပ်ပါတဲ့။ ဟိုတယ်မှာချက်ကင်ဝင်ပြီး ညနေစာဆိုင်လိုက်ရှာတာ ရာသီချိန်မဟုတ်လို့ ဆိုင်တော်တော်များပိတ်တယ်။ oyster အစိမ်းစားမလားမေးတော့ တွန့်သွားတယ်။ တခါစားဖူးတာ ညှီလွန်းလို့ မနည်းဖျစ်ညှစ်မျိုချဖူးတယ်။ စားကြည့်မယ်ဆိုပြီး စားလိုက်တာ ခုဆို raw fresh oyster တော်တော်ကြိုက်သွားပြီ။ နောက်နေ့မနက် ဟိုတယ်မှာမနက်စာစား ပင်လယ်ကဟိုတယ်နောက်လေးတင်။ ပင်လယ်ကြီးကို မြင်ရတာ စိတ်ချမ်းသာလိုက်တာ။ အေးတော့ အပြင်မှာအကြာကြီး မနေနိုင်ဘူး။

၂၀၂၁ နိုဝင်ဘာ ၂၀ တနင်္ဂနွေနေ့ ဟိုတယ်က ကျွှန်းတွေရဲ့အလယ်မှာ တောင်ဖက်ကို မောင်းချသွားတာ Rodnthe Hatteras Island အဆုံးမောင်းသွားတာ ဖယ်ရီဆိပ်ရောက်သွားတယ်။ ဖယ်ရီက ဘယ်ကိုသွားမှာလဲ Ocracoke Island သွားမှာ တနာရီကြာမယ် ဖရီး အခုထွက်တော့မှာ တက်တက်ဆိုတာနဲ့ ဖယ်ရီပေါ်တက်လိုက်သွားတယ်။ လေကအရမ်းသန့်တယ် အေးလွန်းလို့ အပြင်မှာအကြာကြီး မရပ်နိုင်ဘူး။ ကျွှန်းအဆုံးကို မိနစ် ၂၀ လောက် မောင်းရတယ်။ ဖယ်ရီတနာရီစီးပြီးမှ ရောက်တဲ့ကျွှန်းဆိုတော့ လူနေအိမ်ခြေနည်းတယ်။ ပင်လယ်ကမ်းခြေက အပန်းဖြေအိမ်လေးတွေ။ မီးပြတိုက်နဲ့ ဓာတ်ပုံရိုက်။ ကျွှန်းကိုတပတ်ပတ်ကြည့်။ တနေရာမှာ မြင်းလေးတွေတွေ့လို့ ဝင်ကြည့်။ ပင်လယ်ဖက်ဆီသွားတဲ့ တံတားပေါ်လမ်းလျှောက်။ ရေစီးကြောင်းပြင်းလို့ သတိပေးဆိုင်းဘုတ် ကပ်ထားတယ်။ ကိုယ်တွေငယ်ငယ်တုန်းက မော်တင်စွှန်းမှာ အရက်လေးမြုံ့လိုက် ဘောကွင်းစီးရင်း လှိုင်းပုတ်တာလေး တငြိမ့်ငြိမ့်နဲ့ ပင်လယ်ထဲမျောပါသွားတဲ့သူတွေကို စက်လှေနဲ့သွားကယ်ရတယ်။ ရေတက်ရေကျချိန် ကိုယ်တွေရေကူးနေရင် အိမ်ကတယောက် အမြဲစောင့်ရတယ်။ ဒီမှာတော့ ပင်လယ်ဆိုတော့ လှိုင်းတွေကြီးမှာပေါ့။ ပင်လယ်စာတွေ ကောင်းမှကောင်း။ ဖယ်ရီက တနာရီတစင်းထွက်တာ ၂၄ နာရီ တနှစ်ပတ်လုံးတဲ့။ မစနုက တချိန်လုံးမောင်းပြီး ကိုယ်ကတော့ ကျောပိုးအိတ်လေးပဲ ပါတယ်။ အဝတ်အစား ၂စုံ၊ ဂျက်ကဒ်တထည် ဝိုင်းပြောသလို Miss one jacket။ ချမ်းလို့ဘွတ်ဖိနပ်စီးသွားတာ ဟန်ကျတာပဲ ဖိနပ်ထဲသဲမဝင်ဘူး။ နောက်နေ့ဘယ်တွေ သွားလည်မှာလဲဆိုတော နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Memorial Day! Happy Traveling!

စန်းထွန်း

မေ ၂၇၊ ၂၀၂၃။

Dinner at Kitty Hawk. November 19, 2022, Saturday.
Breakfast at Buxton, November 20, 2022, Sunday
Lunch at Rodanthe, November 20, 2022. Sunday
Rodanthe
Ferry from Hatteras Island to Ocracoke Island
Dinner at Rodanthe, November 20, 2022. Sunday

No comments: