Watkins Glen သွား တောလား - ၂

၂၀၂၂ အောက်တိုဘာ ၃၀ Robert H. Treman State Park ကို မနက် ၉ နာရီရောက်တယ်။ ကားမောင်းရင် သူ့ရှေ့က GPS ကို ကြည့်နေရင်းနဲ့ကို ကွေ့ရမှာလား ကွေ့ရမှာလားလို့ အကြိမ်ကြိမ်မေးတတ်တဲ့ဆူနမ်ကြောင့် ကားမောင်းတဲ့သူအလား ပင်ပန်းတယ်။ ရာသီဥတုက အေးစိမ့်နေပြီး စောနေသေးလို့ တောင်တက်သမား နှစ်ယောက်လောက်ပဲတွေ့တယ်။ ဆူနမ်အတွက် အရေးအကြီးဆုံးဖြစ်တဲ့ အိမ်သာအရင်ရှာ။ အတိုဆုံးနဲ့အသက်သာဆုံး တောင်တက်လမ်းကိုရွေးတတ်။ ရေတံခွန်တခုကတော့ အတော်လှတယ်။ ဆောင်းတွင်းတောင် ဒီလောက်ရေများတာ နွေရာသီဆို ပိုများမှာပဲ။ မြစ်ဘေးတလျှောက် တောင်တက်လမ်းတွေက အများကြီး။ ဒီနှစ်တော့ တောင်မတက်ဖြစ်ဘူး။ ဆူနမ်ရွေးထားတဲ့အထဲက Ithaca မြို့ Connell University နားက ပန်းခြံကိုသွားမယ်လို့ ရွေးလိုက်တယ်။ ကားပါကင်ဖိုးပေးမလို့ကို booth ကလည်း အလုပ်မလုပ်၊ အွန်လိုင်းကလည်း အလုပ်မလုပ်လို့ ဖြတ်သွားတဲ့အန်ကယ်ကြီးကို မေးကြည့်တော့ ပိတ်ရက်ဆိုဖရီးတဲ့ တနယ်လုံးသစ်ပင်တွေ ကြွေပြီးပေမဲ့ ဒီမှာတော့ ဝေနေတုန်း။ အတော်လှတယ် ဓာတ်ပုံရိုက်လို့မဝ။ ဝိုင်းရေ ဒီတခါလည်း ငါတို့ရွေးခြယ်လိုက်တာ မှန်တယ်ကွဆိုပြီး ရယ်ရသေးတယ်။ တက္ကသိုလ်ကျောင်းသား ကျောင်းသူလေးတွေ တွေ့တယ်။ ဒီမှာကျောင်းတက်ရတဲ့ ကလေးတွေ ကံကောင်းတယ်။ စိတ်ညစ်ရင် တောင်တက်လိုက် ရေတံခွန်၊ စမ်းချောင်းလာပြီး ရေစီးသံနားထောင်လိုက်။ ကျောင်းနဲ့လည်း နီးနီးလေး။ ၁၂ ခွဲ တောင်အောက်ဆင်းပြီး မြို့ထဲမှာ ဆိုင်တွေလိုက်ရှာတာ ဆူနမ်စားချင်တဲ့ဆိုင်ကပိတ်။ ဆူနမ်က တနာရီကျော် ကမ္ဘောဒီးယားဆိုင် သွားစားချင်လို့တဲ့။ ကမ္ဘောဒီးယားတွေက ငါးပိ၊ ငံပြာရည်တွေနဲ့ နင်ကြိုက်မှာမဟုတ်ဘူး။ တနာရီဆိုပေမဲ့ လမ်းမှား၊ ကားပါကင်ရှာရမှာနဲ့ ၂ နာရီလောက် ကြာမယ်။ နယူးယောက်ကို ၆ နာရီလောက် မောင်းရမှာမို့ အနီးအနားက ယိုးဒယားဆိုင်မှာပဲစားပြီး ပြန်ကြရအောင်။ နေ့လည် ၂ နာရီခွဲလောက်ကတည်းက မောင်းလိုက်တာ လမ်းတွေပိတ်နေလို့ အိမ်သာတောင် မဝင်ခဲ့ရဘူး။ ဟော်လန်မြေအောက်လှိုဏ်ခေါင်းကနေ မက်ဟန်တန်ဝင်တာ ကွေ့တာမှားသွားလို့ မန်ဟက်တန်မြို့လယ်ကောင်ရောက်။ ဆူနမ် မန်ဟက်တန်မှာ မောင်းရမှာ ကြောက်ပါတယ်ဆိုမှ မန်ဟက်တန်နဲ့ တည့်တည့်တိုး။ မန်ဟက်တန်မှာ ကားတွေက ကျပ်ညှပ်အတင်းကျော်တက် အတင်းနေရာတောင်း။ မီးပွိုင့်က စိမ်းနေပေမဲ့ ရှေ့မှာကားတွေပိတ်နေလို့ မောင်းလို့မရ ဟွန်းသံတညံညံ လူတွေကလည်း မီးနီလည်းဖြတ်။ ဆူနမ်တယောက် စိတ်တွေတို ယောက်ယက်ခတ်။ ကိုယ်တွေကလည်း ဘေးကနေ အတင်းကပ်ထား နေရာမပေးနဲ့ ဟွန်းတီးလည်း စိတ်ထဲမထားနဲ့။ သူတီးကိုယ်တီး အပြန်အလှန်တီးပဲ။ မန်ဟက်တန်ကျော်လို့ ကွင်းက JFK လေဆိပ်သွားတဲ့အခါမှာလည်း အမြန်လမ်းဆိုတော့ exit တခုမှားရင် မလွယ်လို့သတိထားရတယ်။ အရေးထဲ GPS က ခုပဲညာကပ်ခိုင်း ခုပဲဘယ်ကပ်ခိုင်းနဲ့ အိမ်ကို ည ၁၁ ကျော်မှ ပြန်ရောက်တယ်။ ဆူနမ်ကတော့ ရှူးမပေါက်ဘဲ ၈ နာရီ နေနိုင်တယ်ဆိုတဲ့ စံချိန်သစ်တင်သွားလေရဲ့။ ၂၀၂၂ နိုဝင်ဘာလကုန် မြောက်ကာရိုလိုင်းနားပြည်နယ် Outer Banks ကိုသွားလည်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling!

စန်းထွန်း

မေ ၁၃၊ ၂၀၂၃။

No comments: