Photo Essay - 1


၂၀၂၂ ဇူလှိုင် ၂၇ မှာ အိမ်အသစ်ကို ပြောင်းတယ်။ ကိုယ်တိုက်ခန်းအသစ်က ကျဥ်းတယ် စတိုခန်းသေးသေးပဲပါတယ်။ California Closet က ဒီဇိုင်နာနဲ့ စိတ်ကြိုကဒီဇိုင်းဆွဲပြီး အော်ဒါမှာထားတာ။ မကြီးနဲ့ အသိညီမက ဒီဇိုင်းဆွဲတာမှာ ကူညီပေးတယ်။ ကိုယ့်အိမ်ရဲ့ စျေးအကြီးဆုံးပရိဘောဂ။ နောက်ပိတ်မပါတာ အောက်တိုဘာ ၃၁ လာတပ်ပေးတော့မှသိတယ်။ တသက်ဝရမ်တီပေးထားလို့ အိမ်ပြောင်းရင် ဖြုတ်ပြီးသယ်ပေးမယ်တဲ့။ California Closet ဆိုဒ်မှာ ဒီဓာတ်ပုံလေးနဲ့ ရီဗျူးတင်ပေးထားတာ တော်တော်ကြည့်ကြတယ်။


အိမ်အသစ်ပြောင်းပြီး ပထမဆုံးလာလည်တဲ့သူက ဆူနမ်။ နင်နေသမျှအိမ်ထဲမှာ ဒီအိမ်ကို ငါအကြိုက်ဆုံးပဲဆိုပြီး ၁၀ ရက် နေသွားတယ်။ ကုလားတန်းနဲ့ လည်း နီးနီးလေးပဲ ၁၀ မိနစ်ပဲဝေးတယ်။ မနက်စာ၊ နေ့လည်စာ၊ ညစာ ကုလားတန်းက ဝယ်စားတယ်။ သူအရမ်းကြိုက်တဲ့ နီပေါဆိုင်ပိတ်သွားလို့ ဝမ်းတွေနည်း။ နင်အိမ်ဝယ်တာ ငါ့အတွက်ဖြစ်နေပြီ ခဏခဏလာမယ်တဲ့။ ဆူနမ် နင်ငါ့ကိုခင်လို့ လာတာမဟုတ်ဘူး ကုလားတန်းက အစားအသောက်တွေ စားချင်လို့ လာတာမလား၊၊ နင့်အကြောင်းငါသိပါတယ်လို့ပြောတော့ တဟဲဟဲနဲ့ ရယ်နေလေရဲ့။ အမေရိကားမှာ ဆယ်နှစ်ကျော်ကြာပြီ နယူးယောက်၊ ဒီစီမရောက်ဖူးသေးတဲ့ မိုင်းဖန်ကို ဗွီဒီယိုနဲ့ပြပြီး လာလည်ဖို့ခေါ်။ စီနီယာဗီယက်နမ်ကိုလည်း နယူးယောက်လာခဲ့ စန်းစန်းလိုက်ပို့လိမ့်မယ်ခေါ်နဲ့ ဆူနမ်တယောက် မောင်းတီးပြီး ကြေငြာနေလေရဲ့။ ၂၀၂၂ နိုဝင်ဘာ ၅ ဆူနမ်ကို ဒီစီဘတ်စ်ကားဂိတ်လိုက်ပို့ရင်း ၃၄ လမ်းက The Wave မှာ ရိုက်ထားတာ။


၂၀၂၂ နိုဝင်ဘာ ၇ နယူးယောက်မှာ ဂီတပွဲ လင်းနစ်၊ ဆော်လမွန်၊ အိန်ဂျယ်လမုန် လာဆိုတယ်။ ဂီတပွဲမသွားပေမဲ့ ကချင်ကမ်ပိန်းအတွက် ဆွေးနွေးစရာရှိလို့ အိန်ဂျယ်နဲ့ ညစာသွားစားကြတာ လင်းနစ်၊ ဆော်လမွန်တို့ ပါလာတယ်။ လင်းနစ်သီချင်းတွေကို ကြိုက်ပေမယ့် လူချင်းတွေ့တဲ့အခါ နှုတ်မဆက်၊ စကားမပြောဘူး။ အဲ့လို ကိုယ်က ပေါင်းသင်းဆက်ဆံရေးက တအားကောင်းတာ။ စားပြီးတဲ့အချိန်ကြည့်လိုက်တော့ ညသန်းခေါင်ကျော်နေပြီ။ အမလေး ဒီညသန်းခေါင် အလုပ်ရှိတာ သေပါပြီဟ။ အိမ်ပြန်ရောက်မှ အလုပ်လုပ် မနက်တနာရီကျော်မှ အိပ်ရတယ်။ မနက်တနာရီအထိ ရုပ်ရှင်ကြည့်ရင် ဘာမှမဖြစ်ဘူး။ အလုပ်လုပ်တော့ ခေါင်းတွေကိုက်။


၂၀၁၇ နယူးဂျာစီ ဘုန်းကြီးကျောင်းက ဝယ်လာတဲ့ ယုဇန..နွေရာသီရောက်တိုင်း ပွင့်တော့...ခုတော့ သေသွားရှာပြီ


အပင်တွေ ဝယ်လိုက်၊ ရှင်လိုက်၊ သေသွားလိုက်၊ ဝယ်လိုက်နဲ့ လုံးချာလည်။ အခန်းတိုင်းမှာ ပန်းပင်၊ ပန်းပေါင်းစုံဖူးပွင့်တဲ့ပန်းခြံ၊ ကျေးငှက်သံတညံညံနဲ့ စိမ်းစိုနေတဲ့ဥယျာဥ်။ နွေရာသီနေ့လည်ခင်းတွေဆို သစ်ပင်ကြီးအောက်က ဒန်း၊ ပုခက်ပေါ်မှာ စာအုပ်ဖတ်ရင်း အိပ်မယ်လို့ စိတ်ကူးယဥ်သား။

ဘယ်ရယ်မယ်မယ်ရရမရှိဘဲ ဓာတ်ပုံများကပြောသော စတိုရီများသာ။

စန်းထွန်း

မေ ၂၀၊ ၂၀၂၃။

No comments: