Watkins Glen သွား တောလား - ၁

လွန်ခဲ့တဲ့ ၂ နှစ် အိမ်ဝယ်ပြီးကတည်းက နီပေါကလွဲရင် ဘယ်မှခရီးမထွက်နိုင်တဲ့ ဆူနမ်ကို ဝိုင်းကအကြံပေးလို့ နယူးယောက် အပ်စတိတ်ဖက် တညအိပ် ၂ရက်ခရီးလေး ထွက်ဖြစ်ပါတယ်။ တိုးကားနဲ့သွားရင် နိုင်အာဂရာရေတံခွန်သွားတိုင်း Watkins Glen ဝင်လည်တာဆိုတော့ ကိုယ်က လေးခေါက်ရောက်ပြီးပြီ။ သွားတိုင်းနွေရာသီ ဆောင်းဦးရာသီတော့ တခါမှမသွားဖြစ်ဘူး။ သစ်ရွက်တွေလည်း ကြွေကုန်ပြီ။ ပိတ်ရက်ခရီးတိုလေး ထွက်သလိုပေါ့။ ကား၊ ဟိုတယ်၊ သွားလည်မဲ့နေရာတွေကို ဆူနမ်ပဲ စိတ်ကြိုက်ရွေးပါတယ်။ ၂၀၂၂ အောက်တိုဘာ ၂၉ JFK လေဆိပ်မှာ ကားသွားယူ။ ဆူနမ် မက်ဟန်တန်မှာ ကားမောင်းရမှာ ကြောက်ပါတယ်ဆိုနေမှ GPS က မန်ဟက်တန်ထဲကနေ ခေါ်သွားတယ်။ ဘေးကနေ GPS ကြည့်ပေးရင်း ချောချောမောမောပဲ မက်ဟန်တန်ကို ကျော်ဖြတ်သွားတယ်။ မြို့ပြင်ထွက်တာနဲ့ သစ်ပင်တွေနဲ့ သာယာလိုက်တာ။ နေ့လည်စာကို Subway ဝင်စား နေ့လည် ၂ နာရီခွဲလောက်မှာရောက်တယ်။ ကားပါကင်ရှာ လူများတော့ တောင်တက်လမ်းကို အလွယ်တကူ ရှာတွေ့ပါတယ်။ တောတောင်စိမ့်စမ်းတွေနဲ့ သာယာပါတယ်။ တိုးကားနဲ့ဆိုရင် အပေါ်ကနေဆင်း အောက်မှာတိုးကားက စောင့်နေတယ်။ ခုတော့ အပေါ်တက်ပြီး အောက်ကိုပြန်ဆင်း အတက်က နာရီဝက်သာသာပါပဲ။ ဆူနမ်ကတော့ သူသွားချင်တဲ့ ရေခဲမုန့်ဆိုင်က ပိတ်သွားလို့ ကြိတ်မနိုင်ခဲမရတွေဖြစ်။ ဝိုင်းပြောလို့ ဖုန်းဆက်ကြည့်တော့လည်း ဆိုင်ကပိတ်နေပြီ။ နယ်တွေမှာ ဆိုင်တွေစောစောပိတ်တယ်။ ရေတံခွန်ကိုသွားလည်တော့ ရေကနည်းနေပြီ။ ရေကန်ကိုသွားလည်ပြီး ဝိုင်သောက်မလို့ကို ဆိုင်ကပိတ်ထားတယ်။ ဆူနမ်က ငါကိုကကံဆိုးတာ ငါသွားချင်တဲ့နေရာမှန်သမျှ အကုန်ပိတ်။ နောက်နေ့ဘယ်ကို သွားမလည်ဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling!

စန်းထွန်း

မေ ၆၊ ၂၀၂၃။

No comments: