ကိုစကာရီကာသွား တောလား - ၂

၂၀၁၇ ခရစ်စမတ်မှာ ရာမားနဲ့ဂင်္ဂါ ဟန်းနီးမွန်း ဟာဝိုင်အီသွားတယ်။ ညအမှောင်ထဲမှာ ချော်ရည်ပူတွေ ပန်းထွက်လာတာ မီးရှုးမီးပန်းတွေ ဖောက်နေသလိုပဲ အရမ်းလှလို့ ဆူနမ်က ဟာဝိုင်အီကို သွားချင်တယ်။ ရာမားက နောက်တခါအတူသွားရအောင်လို့ ပြောပေမယ့် ဘယ်တော့မှန်းမသိဘူး။ ကိုယ်လည်း ဟာဝိုင်အီသွားချင်တယ် ဈေးကြီးပါ့ လေယာဉ်ခက ၈၀၀ အထက်။ တိုးရစ်တွေအလာများတယ့် နေရာဆိုတော့ ဈေးကြီးတာပေါ့။ မတ်လ ၁၇ စနေနေ့ မနက်စာ ဟိုတယ်က ကျွှေး ါတယ်။ လုံးတီးဆန်ကို ပဲအမည်းနဲ့ကြော်ထားတယ့် ထမင်းကြော်၊ ငှက်ပျောသီးကြော်၊ ဘိုစာတွေ။ နာနတ်သီး၊ သင်္ဘောသီး၊ ဖရဲသီး အရမ်းစားကောင်းတယ်။ တိုးဂိုက်မလေးက လိုင်ချီးရာသီလို့ ပြောပေမယ့် လိုင်ချီးလည်းမတွေ့ဘူး။ လိုင်ချီးက ဒီလောက်ဈေးကြီးတာ ဘူဖေးဘယ်‌ကျွှေးပါ့မလဲ။ နေ့လည် ၁၁ နာရီကျတော့ တိုးဂိုက်ကလာခေါ်တယ် ဘန်ကားလေးနဲ့။ အိန္ဒိယနွှယ်ဖွား လင်မယားနဲ့ဆက်ကျော်သက်သား၊ ဆက်ကျော်သက်သမီး၊ ၇ နှစ်အရွယ်ကောင်လေးနဲ့ အမေရိကန်အမေ ၃ ယောက်၊ ကိုယ်တို့၂ ယောက်၊ အသက် ၆၀ ကျော်အရွယ် အမေရိကန်လင်မယား ၂ ယောက်ဝင်ခေါ်တယ်။ မနေ့ကတွေ့ခဲ့တယ့် ရေကာတာဘောင်ပေါ် ဖြတ်မောင်းတော့ ကိုစကာရီကာရဲ့ လျှပ်စစ်ဓာတ်အားအများစုကို ရေအားလျှပ်စစ်က ရတာပါတဲ့။ ကိုစကာရီကာနိုင်ငံရဲ့ ရာသီဥတုက ခန့်မှန်းရခက် အပြောင်းအလဲမြန်တာမို့ မိုးကာ၊ ထီး ယူလာခိုင်းတယ်။ ဒီနေ့သွားလည်မှာက ကြိုးတံတား ၅ ခု၊ ငှက်ကြည့်ကြမှာ ၂ နာရီလောက်ကြာမယ်။ နေလောင်ခံခရင်၊ နေကာမျက်မှန်မလိုဘူး၊ ၂ နာရီလောက် တောင်တက်တောင်ဆင်းရမှာဆိုတော့ လိုအပ်တယ့်ဖုန်း၊ ကင်မရာ၊ မိုးကာအင်္ကီျ၊ ရေဘူးလောက်ပဲသယ်ပြီး မလိုတာတွေ ကားပေါ်ထားခဲ့ပါ။ ဒရိုင်ဘာစောင့်နေမှာမို့ ပျောက်မှာစိတ်ပူစရာမလိုဘူး။ နေလောင်ခံခရမ် လိမ်းစရာမလိုဘူးလို့ပြောပေမယ့်  နေကတအားပူ ကိုယ့်အခြေအနေ ကိုယ်သိတော့ ၂ နာရီခြား နေလောင်ခံခရမ်လိမ်းတယ်။ တောင်ပေါ်ကနေ မြင်ရတယ့် ရှုခင်းက အင်မတန်လှတာပဲ။ Arenal မီးတောင်ကတော့ ထုံးစံအတိုင်း မြူတွေဝေ့ဆိုင်းလို့။ ဘယ်နေရာကြည့်ကြည့် တောတောင်ရေမြေတွေက သစ်ပင်တွေနဲ့ စိမ်းလန်းနေတာကို မြင်ရတာ သိပ်စိတ်ချမ်းသာတာပဲ။

လမ်းကကျဉ်းကျဉ်းလေး ကိုယ်တို့ရှေ့မှာ တိုးရစ်တအုပ်ကြီးရှိတော့ သူတို့ကျော်သွားအောင် စောင့်ခိုင်းတယ်။ တိုးဂိုက်က သူနဲ့မကွာရှိနေဖို့၊ သစ်ကိုင်း၊ သစ်ရွက်တွေကို သတိထားပြီးကိုင်ဖို့ သတိပေးတယ်။ တခါတုန်းက သူလက်နဲ့ မြွှေက လက်တထွာလောက်ပဲဝေးတယ်။ တိုးခရီးသည်တယောက်က သတိပေးလိုက်တယ့်အပြင် မြွှေကလည်း ရန်မမူတတ်တယ့် မြွှေဖြစ်နေလို့ တော်သေးတာတဲ့။ တို့တွေကို လန့်စေတာပေါ့လို့ပြောတော့ သတိထားဖို့ ပြောတာပါတယ့်။ ဒါကြောင့်  သစ်ပင်၊ သစ်ကိုင်း၊ သစ်ရွက်တွေကို ကိုင်တော့မယ်ဆိုရင် သတိထားရတယ်။ လမ်းလျှောက်တယ့်အခါမှာလည်း ဘေးပတ်ဝန်းကျင်ကို သတိထားပြီး လျှောက်ရတယ်။ တိုးဂိုက်မှာ မှန်ပြောင်းအကြီးကြီးပါတယ်။ မှန်ပြောင်းကိုထောက်၊ ငှက်ရှာ၊ ငှက်တွေ့ရင် ဘာငှက်အမျိုးအစား၊ ဘာတွေထူးခြားလဲ၊ သူတို့ရဲ့အမူအကျင့်တွေကို ရှင်းပြပြီး တယောက်ပြီးတယောက် မှန်ပြောင်းကနေ ချောင်းကြည့်ရတယ်။ သာမန်မျက်စိနဲ့ဆို မတွေ့နိုင်တယ့် ငှက်တွေကို အနီးကပ်မြင်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်။ ငှက်တွေရဲ့အရောင်အသွေးတွေကလည်း လှလိုက်တာ။ သြော် ... ဒါကြောင့် ငှက်ကြည့်ကြတာကိုး။ ငါးမျှားမလား၊ ငှက်ကြည့်မလားမေးရင် ငှက်ကြည့်မယ်။ တိုးဂိုက်ကို ကင်မရာတွေ ပေးကြပြီး မှန်ပြောင်းကနေ ဓာတ်ပုံရိုက်တယ်။ ကင်မရာနဲ့ဆို မှန်ပြောင်းကနေ ရိုက်ဖို့ခက်တယ်။ တနေရာရောက်တော့ တိုးအုပ်စု လမ်းဘေးကပ်ရပ်နေပြီး တိုးတိုး တိုးတိုးနဲ့ ပြောနေကြလို့ ကြည့်လိုက်တော့ အရမ်းလှတယ့်ငှက်တကောင် လမ်းဘေးက လက်ကိုင်တန်းတွေပေါ်မှာ နားနေတာ။ မှန်ပြောင်းတောင် မလိုဘူး သာမန်မျက်စိနဲ့ မြင်နိုင်တယ် နီးနီးလေးကိုး။ နောက်တိုးအုပ်စုရောက်လာတော့ တိုးဂိုက်က ကိုယ်တို့ကို ဘေးကပ်ခိုင်းတယ်။ နောက်အုပ်စု မှန်ပြောင်းကနေကြည့်၊ ဓာတ်ပုံတွေရိုက်ပြီးပြီဆိုမှ ဆက်လျှောက်တော့ ငှက်က ပျံပြေးသွားတယ်။

ကြိုးတံတားနဲ့ ငှက်ကြည့်တဲ့နေရာ ဘာသာလေးမျိုးနဲ့ ရေးထားတယ်
အမြဲအုံ့မှိုင်းဝေသီနေတဲ့ Arenal မီးတောင်

တိုးဂိုက် တယောက်ကိုတယောက် ရိုင်းပင်ကူညီဖေးမ စောင့်ရှောက်ကြတာကို မြင်ရတာ အင်မတန်ကြည်နူးစရာကောင်းတာပဲ။ လင်းနို့တကောင်သစ်ပင်မှာကပ်နေတော့ တိုးဂိုက်တယောက်က ဓာတ်မီးထိုးပြ မှန်ပြောင်းကနေကြည့်။ ခုမှပဲ လင်းနို့ကို မျက်စိနဲ့တပ်အပ် မြင်ဖူးတော့တယ်။ လင်းနို့တွေဟာ တွဲလောင်းနေတတ်ပြီး ညဖက်အစာရှာတယ်။ အဲ့ဒါ ထောပတ်သီးပင်လို့ပြောလို့ ဓာတ်ပုံရိုက်လိုက်တယ် ကိုယ်အကြိုက်ဆုံး အသီးကိုး။ ကြိုးတံတားတွေမှာ အစောင့်တွေရှိပြီး ကြိုတံတားမှာ လမ်းလျှောက်ရတာ တလှုပ်လှုပ် တယမ်းယမ်းနဲ့ အသည်းယားစရာကောင်းတယ်။ အပြန်အလှန်ဓာတ်ပုံတွေရိုက်ကြ လှုပ်ခါနေတော့ ဖုန်းပြုတ်ကျမှာစိုး ဖုန်းပြုတ်ကျရင်တော့ ပြန်ရနိုင်ဖို့လမ်းမမြင်ဆုံးပြီ။ ဓာတ်ပုံရိုက်တာလည်း ခါယမ်းနေလို့ ဝါးတားတားပုံတွေများတယ်။ တနေရာရောက်တော့ မျောက်တွေတွေ့တယ်။ ပါးစပ်မဟကြနဲ့နော် တော်ကြာ မျောက်ချီးပါးစပ်ထဲ ကျနေဦးမယ်ပြောလို့ ပါးစပ်ကိုအမြန်ပိတ်။ မျောက်ချီး အင်္ကီျပေါ်ကျလို့ အမေရိကန်အစ်မကြီးက လပ်ကီးပဲဟေ့လို့ပြောလို့ ရယ်ကြသေးတယ်။ သူ့သားက ကျောပိုးအိတ်မေ့ကျန်ခဲ့လို့ ပြေးယူရတယ်။ မျောက်မကြီးက ဗိုက်ကြီးနဲ့ ကလေးက အတင်းကျောကုန်းပေါ် တွယ်တက်နေလို့ ဆွဲချနေတာတဲ့။ တွေ့လားသား မျောက်ကလေးတွေ သိပ်လိမ္မာတာပဲ အမေက သူ့အနားမှာနေဆို နေတယ် အမေစကားနားထောင်တယ်လို့ပြောလို့ ပြုံးကြသေးတယ်။ အံမယ် ဆူနမ်ကလည်း ငှက်တကောင်တွေ့လို့ ကိုယ်တို့ကို ပြနေသေးတယ်။ ကြိုးတံတားတခု အဆုံးနားမှာ စံပယ်ပန်းနံ့နဲ့တူတယ့်အပင်တွေ့လို့ အမေရိကန်အစ်မကြီးက ကိုယ်တို့ကိုပြလို့ မွှေးလိုက်ကြသေးတယ်။ အားပါး ... မွှေးလိုက်တာ အဲ့ဒီလိုအပင်မျိုး အိမ်မှာစိုက်ချင်တာ။ ခုတော့ အပင်မပြောနဲ့လူတောင် နေစရာမရှိဘူး။ ပုရွှက်ဆိတ်တွေ သစ်ရွက်တွေ သယ်နေတာတွေ့လို့ ဓာတ်ပုံရိုက်။ အိန္ဒိယနွှယ်ဖွားအစ်မကြီး ပုရွှက်ဆိတ်တွေ သစ်ရွက်လေးတွေ သယ်နေတာကို ဗွီဒီယိုရိုက်တာ ပိုကောင်းတယ်လို့ အကြံပေးလို့ ဗွီဒီယိုရိုက်။

ပုရွှက်ဆိတ်တွေထဲမှာ သစ်ရွက်တွေ သယ်နေကြတာ အထီးလား၊ အမလားလို့ တိုးဂိုက်ကိုမေးတော့ အမလို့ဖြေတယ်။ ဟင် ... အဲ့ဒါဆိုရင် အထီးတွေက ဘာလုပ်နေကြတုန်း ကိုယ်တို့ကို မျက်စိမှိတ်ပြပြီးမေးတော့ အယ်မလေး ရယ်လိုက်ရတာ။ သူ့အမျိုးသားက အထီးတွေက ဘာမှမလုပ်ဘူးဟေ့ ဧည့်ခန်းကုလားထိုင်မှာ ဘီကာထိုင်သောက်ပြီး တီဗွီကြည့်နေတယ်လို့ပြောတော့ ဝက်ဝက်ကွဲ ရယ်လိုက်ကြတာ။ အထီးတွေက မျိုးပွားတယ့်တာဝန်ပြီးရင် ၂ ပတ်လောက်ဆို သေသွားရော၊ ဘုရင်မက အနှစ် ၂၀ လောက်အထိ အသက်ရှင်တယ်။ သစ်ရွက်တွေသယ်တယ့်တာဝန်ကို အမတွေက လုပ်ဆောင်ပြီး သူတို့အသိုက်မှာ သစ်ရွက်တွေနဲ့ စိုက်ပျိုးရေးလုပ်တယ် အဲ့ဒီကနေ ရလာတယ့်အစားကို စားသောက်ကြတာလို့ တိုးဂိုက်က ရှင်းပြတယ်။ စိတ်ဝင်စားဖို့ကောင်းသား ဂူဂယ်မှာ ရှာဖွေဖတ်မယ်လို့ စိတ်ကူးထားပေမယ့် ခုထိမဖတ်ဖြစ်သေးဘူး။ အိန္ဒိယနွှယ်ဖွားမိသားစု ဘော့စတွန်နားမှာနေတာ မြန်မာပြည်ကဆိုတော့ သူတို့က အိန္ဒိယအနွှယ်တွေဆိုတော့ မြန်မာပြည်ကို သွားလည်ချင်တော။ documentary တခုကြည့်ရတယ် အဲ့ဒီမှာ မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးတိုင်းပြည်လို့ ပြောတယ်။ မင်းကိုကြည့်တာနဲ့တင် မှန်တယ်ဆိုတာ သိလိုက်တယ်။ အရင်တုန်းက ဗီဇာခက်ပေမယ့် ခုဆိုဗီဇာလွှယ်သွားပြီ ဘုရားပုထိုးတွေ အများကြီးရှိတယ့် ပုဂံ၊ ရွှေတိဂုံ၊ အင်းလေး၊ တိုးရစ်ရာသီအကြောင်း ပြောခဲ့သေးတယ်။ သူတို့က ကိုစကာရီကာမှာ ၇ ရက်လောက်နေမှာ။ ဆူနမ်ဘွတ်တယ့် anywhere ဆိုဒ်မှာပဲ ဘွတ်တာတယ့်။ အမေရိကန်သားအမိ ၃ ယောက်ကတော့ ချီကာဂိုက ဆန်ဟိုဆေးက လာဖေါ်တူနာကို ကိုယ်တိုင်ကားမောင်းလာတာ ဂူဂယ်မတ်က မှားပြလို့ ၄ နာရီလောက် ကြာသွားတယ်တဲ့။ ဆူနမ်ကလည်း ကိုယ်တိုင်ကားမောင်းမလို့ စဉ်းစားသေးတယ်။ ဘလော့တွေ ဖတ်ကြည့်တော့ လမ်းကျဉ်းကျဉ်း၊ အကွေ့ကောက်များ၊ လမ်းညွှန်ထားတာတွေ စနစ်တကျမရှိလို့ မမောင်းသင့်ဘူးလို့ ရေးထားလို့ ကားမမောင်းဘူးလို့ ဆုံးဖြတ်လိုက်တာတယ့်။

ဂျင်းပင်
တောလမ်းလေးကတောင် ကဗျာဆန်တယ်
တိုး၃စု စောင့်ကြည့်ခဲ့ရတဲ့ ငှက်

ဘုရား ... ဘုရား  တော်သေးတာပေါ့ ဆူနမ်သာ ကားမောင်းရင်  ၆ နာရီလောက် မောင်းရမယ်ထင်တယ်။ ဆူနမ်က ဂျီပီအက်စ်ပြသနာရှိတယ် လမ်းသွယ်လေးတွေများတယ့်လမ်းဆို ဆူနမ်ဒုက္ခရောက်ပြီ။ ဘေးကနေ  ညာကွေ့ဘယ်ကွေ့ ကူပြောပေးရတယ်။ စတိတ်မှာတောင် ဂျီပီအက်စ်နဲ့ လမ်းတွေမှားလို့ ကိုစကာရီကာမှာဆို ဘယ့်နှယ့်နေမလဲမသိဘူး။ ကနေဒါက စတိတ်နဲ့တူတော့ ကိစ္စမရှိပေမယ့် တခြားနိုင်ငံမှာဆိုရင် ကားမကောင်းတာ အကောင်းဆုံးပဲ။ ကြိုးတံတားမှာ လမ်းလျှောက်ရတာကို မကြိ ုက်ပေမယ့် တောင်တက်ဝါသနာပါတယ့်သူဆိုတော့ အပူပိုင်းဒေသသစ်တောအုပ်ထဲမှာ ငှက်ကြည့်ရတာကို သဘောကျတယ်။ ဒုတိယသွားမယ့်နေရာက ၁၅ မိနစ်အဝေးက ရေတံခွန်ပါ။ ရေကူးမယ့်သူတွေက ရေကူးဝတ်စုံ၊ ပုဝါတွေသယ်ဖို့ သယ်ပါတယ်။ နေလောင်ခံခရမ်၊ နေကာမျက်မှန်မလို၊ မိုးကာအင်္ကီျ၊ ထီး၊ ဖုန်း၊ ကင်မရာ၊ ရေဘူး လိုအပ်တာပဲသယ်ပြီး ကျန်တာတွေ ကားပေါ်ထားခဲ့ရပါတယ်။ လှေကားထစ် ၅၀၀ ဆင်း လှေကားထစ် ၅၀၀ ပြန်တက်ရမယ်ဆိုတော့ ဆူနမ်က စိတ်ပူတယ် ပြန်တက်နိုင်ပါ့မလား။ သူများတွေက မဆင်းခင် အဝတ်လဲခန်းမှာ ရေကူးဝတ်စုံလဲတယ်။ ကိုယ်တို့က ရေမကူးဘူးတော့ လဲစရာမလို။ ရေက အရမ်းအေးတော့ နာရီဝက်စိမ်နိုင်မှာ မဟုတ်ဘူး ဆယ်မိနစ်လောက်ပဲ စိမ်နိုင်မှာတယ့်။  မဆင်းခင် မတော်တဆ တစုံတရာဖြစ်ရင် တာဝန်မယူတာကို သိတယ်ဆိုတယ့် waiver လတ်မှတ်ထိုးရတယ်။ အဆင်း ၁၅ မိနစ်သာသာ ဆင်းရပါတယ် အတက်သမားတွေကို ရောက်တော့မယ် အားမလျှော့နဲ့ မင်း လုပ်နိုင်ပါတယ်လို့ အားပေးကြတယ်။ ရေတံခွန်ရေကျသံကို ကြားရတာနဲ့တင် ငြိမ်းအေးတာကို ခံစားရတယ်။ ရေတံခွန်စိမ့်စမ်းရှိတယ့်အရပ်ဆိုတော့ အေးစိမ့်နေတာပဲ။ ရေတွေ တဝေါဝေါထိုးကျနေတယ့် နေရာနားမှာ အန္တရာယ်များလို့ သတိနဲ့ကူးခိုင်းတယ်။ စိတ်အချရဆုံးက ရေတံခွန်ကနေ စီးဆင်းလာတယ့် စမ်းချောင်းမှာ ရေကူးတာ။ ရေတံခွန်မှာ နာရီဝက်အချိန်ပေးတယ် အတက် ၂၅ မိနစ် တကယ်လို့ တက်ရတာအချိန်ယူမယ်ဆိုရင် စောစောတက်။ ဆူနမ်က ရေတံခွန်နဲ့ဓာတ်ပုံရိုက်ပြီးတာနဲ့ ပြန်တက်တော့တယ်။

ကျောက်ဆောင်တခုပေါ်မှာထိုင် ခြေထောက်ကို စီးဆင်းနေတယ့်စမ်းရေထဲချ ခြေဖဝါးကို မြေကြီးထဲနှစ် earthing လုပ်တယ်။ အေးစိမ့်လာလို့ ဆယ်မိနစ်ပဲ စိမ်နိုင်တယ်။ အပေါ်ပြန်တက်တော့ တိုးဂိုက်က နင့်သူငယ်ချင်းရော သူလား တက်နှင့်ပြီ။ ၁၅ မိနစ်ပဲကြာတယ် တောင်ပေါ်ပြန်ရောက်တယ်။ တောင်ပေါ်ရောက်တော့ ပူအိုက်လိုက်တာ ချွှေးပေါက်ပေါက်ကျ။ တိုးဂိုက်က ဘာသာစကား ၄ မျိုး ပြောတတ်တယ် စပိန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမာန်။ တက္ကသိုလ်မှာ အင်းဆက်ဘာသာဗေဒနဲ့ ဘွဲ့ရတာတယ့်။ တိုးဂိုက်စာမေးပွဲအောင်ပြီးရင် ၃ နှစ်တခါ လိုင်စင်သက်တမ်းတိုး စာမေးပွဲဖြေ။ ဒါကြောင့် တွေ့တယ့်တိုးဂိုက်တိုင်း ပရော်ဖက်ရှင်နယ်ဆန်တယ်။ တိုးဂိုက်က စတိတ်ကိုမရောက်ဖူးဘူး စတိတ်ကိုလာလည်မယ်ဆိုရင် ဗီဇာလိုတယ်။ အိမ်ထောင်မရှိတယ့်လူဆို ဗီဇာရဖို့ခက်တယ်။ သူ့တိုင်းပြည်ကို ချစ်တယ် စတိတ်မှာလည်း မနေနိုင်ဘူး အေးလို့တယ့်။ ကိုစကာရီကာကို အလာဆုံးက အမေရိကန်၊ ဒုတိယပြင်သစ်၊ ဂျာမန်၊ ဥရောပ အေးရှန်းသိပ်မတွေ့။ နေ့လည်စာကို တိုးက‌ကျွှေးတာ စားသောက်ဆိုင်မဟုတ်ဘူး အိမ်ဆိုင်လေး ။အဲယားကွန်းမရှိဘူး နယ်ကဆိုင်တွေနဲ့တူတယ် သန့်ရှင်းတယ်။ ကိုယ်စားဖူးသမျှ ကိုစကာရီကန်အစားအစာတွေထဲမှာ ဒီဆိုင်အကောင်းဆုံးပဲ။ နာနတ်သီးမကြိုက်တယ့်သူတောင် နာနတ်သီးဖျော်ရည်ကြိုက်တယ်။ ကိုစကာရီကာစတိုင် ထမင်းလုံးတီးနဲ့ပဲ၊ ငှက်ပျောက်သီး၊ အသားတမျိုး၊ tacol ပေါ်မှာ အရွက်သုတ် salad ။ ဗိုက်ဆာဆာနဲ့တီးတာ အကုန်ပြောင်။ အိန္ဒိယကလေးက ကားမူးလို့ မစားနိုင်ဘူး။ စားပြီးလို့ ဆိုင်ဘေးက ထိုင်ခုံ၊ ဒန်းလေးမှာထိုင်။ ငှက်ပျောသီး၊ နာနတ်သီး‌ကျွှေးထားလို့ လာစားတယ့် ငှက်လှလှလေးတွေကို ဓာတ်ပုံရိုက်။ ဘေးနားကချောင်းလေးမှာ ရေထဲထိုင်ဗင်ထိုးဆင်းနေကြတယ့် ကလေးတသိုက်ကိုမြင်တော့ ကိုယ်တို့ငယ်ငယ်တုန်းက ဟိုင်းကြီးချောင်းထဲ ထိုင်ဗင်ထိုးဆင်းကြတာကို သတိရမိသေးတယ်။ ချီကာဂိုမိသားစုက ကလေးက ကိုယ်စီးနေတယ့်ဒန်းကို စီးနေချင်လို့ ပေးလိုက်တော့ သူ့အစ်မက ပေးစရာမလိုဘူးတယ့်။

တိုးဂိုက်ရဲ့ မှန်ပြောင်းကနေတဆင့် ဖုန်းနဲ့ရိုက်တာ
လင်းနို့

ကလေးက ကိုယ့်ဖုန်းပြ ုတ်ကျတော့မယ်လို့ သတိပေးတယ်။ ဆူညံနေတယ့် သူတို့မောင်နှမကို သူ့အမေက သူများတွေ သဘာဝအလှကို ခံစားနေတာ၊ အေးချမ်းနေတာတွေကို အနှောင့်အယှက်မပေးနဲ့။ ကောင်းကောင်းမနေရင် သူတို့အဖေကို ပြန်ပြောမယ်လို့ ဆူနေတယ်။ လူယဉ်ကျေးတွေက အဲ့ဒီလို ကိုယ့်ကြောင့် သူတပါးအနှောင့်အယှက်ဖြစ်မှာစိုးတယ်။ ဆယ်ကျော်သက်မလေးက မနှစ်က Women march ချီတက်ပွဲအင်္ကီျဝတ်ထားလို့ ချီတက်ပွဲတက်သလားလို့မေးတော့ မတက်ဖြစ်ဘူး၊ သူ့သူငယ်ချင်းက လက်ဆောင်ပေးတာတယ့်။ သူက စာအုပ်တွေမှာ ပန်းချီဆွဲတယ့် သရုပ်ဖော်ပန်းချီဆရာ ဖြစ်ချင်တာတယ့်။ အမေရိကန်နိုင်ငံရဲ့ အလယ်တန်း၊ အထက်တန်း ပညာရေးစနစ်အကြောင်း မေးကြည့်တယ်။ ဆက်ကျော်သက်အရွယ်ကတည်းက ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာ သိနေပြီ။ အာရှပညာသင်စနစ်အကြောင်း သူကလည်း ပြန်မေးတယ်။ ကိုယ်စတိတ်ကျောင်းကို ရောက်တော့မှ မေးခွန်းမေးတတ်လာတာလို့ပြောတော့ အိန္ဒိယအစ်မက သူလည်း ခုထက်ထိ မေးခွန်းမေးရမှာကို မရဲဖြစ်နေတုန်းတယ့် ။ အမေရိကန်လူကြီး ၂ ယောက်က ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒေရီဂိုမြို့မှာနေတာ။ သူ့သားက ဘော့စတွန်မှာနေတော့ ဘော့စတွန်ကိုသွားလည် ဘော့စတွန်ဦးထုပ်ဆောင်းထားတယ်။ ဟိုတယ်ပြန်ရောက်တော့ ဝရန်တာက ထိုင်ခုံမှာ ကျေးငှက်သံတွေနားထောင်ပြီးအိပ်။ ညနေစောင်း ရှယ်တယ်မခေါ်တော့ဘဲ တောင်ကုန်းကလေးအတိုင်း လမ်းလျှောက် ဓာတ်ပုံရိုက်။ တာဝါကောင်တာသွား တာဝါယူ ရေကူးဝတ်စုံလဲ ရေပူစမ်းတွေ လိုက်ကြည့်တော့ တကန်က ၉၀ ဖာရင်ဟိုက်။ အစပိုင်းက အတော်ပူပေမယ့် နောက်တော့ အပူလျော့သွားတယ်။ မနေ့တုန်းက စိမ်တယ့်ကန်းက ၇၈ ဖာရင်ဟိုက် ကြာတော့ အေးလာတယ်။ ဒီကန်က အေးမသွားဘူး ပူရင် အပေါ်ပြန်တက် အေးရင်အောက်ဆင်း။ ကိုစကာရီကာရဲ့ နေထွက်ချိန်က မနက် ၅ နာရီခွဲ နေဝင်ချိန်က ည ၅ နာရီခွဲ။ ရေပူစမ်းဘေးနားမှာ ငွေပန်းပင်လေးတွေ ပွင့်နေတော့ မွှေးလိုက်တာ။ ငွေပန်းပင် မတွေ့ရတာ အတော်ကြာပြီပဲ။

မနေ့က ရေပူစမ်းမှာ ၁ နာရီ၊ ဒီနေ့ ၂ နာရီ စိမ်တယ်။ ဆူနမ်က ည ၈ နာရီထိုးပြီ ည ၉  နာရီခွဲ စားသောက်ဆိုင်ပိတ်တော့မယ်လို့ ဆော်သြတော့မှ တက်တော့တယ်။ တာဝါကောင်တာမှာ ရေချိုး အဝတ်အစားလဲ စားသောက်ဆိုင်မှာ ညစာစားတော့ ဘူဖေးမစားတော့ဘူး ကော့စကာရီကာအစားအစာ ရမ်းသမ်းမှာကြတယ်။ နေ့လည်ကစားတယ့် ကော့စကာရီကာအစားအစာက အကောင်းဆုံးဖြစ်နေတော့ ဟိုတယ်ကဟာတွေ လိုက်မမှီဘူး။ ရေပူစမ်းမှာ ၂ နာရီလောက် စိမ်လိုက်တော့ ပင်ပန်းတာတွေ ပျောက်သွားပြီး လန်းဆန်းသွားတယ်။ ဆရာမကြီးဒေါ်ခင်နွှယ်ဝင်း ပြောတယ် ရေပူစမ်း၊ စမ်းချောင်း၊ မြစ်၊ ပင်လယ်မှာ ရေချိုးရင် အပန်းပြေတယ် လန်းဆန်းတယ်ဆိုတာအမှန်။ အိမ်မှာဆိုရင် ဆားဆိုဒါ၊ epsom sale နဲ့ ချိုးပါတဲ့။ အပြေးလေ့ကျင့်လို့ ခြေသလုံးနာရင် Dr.Teals epsom salt lotion လိမ်းရင် သက်သာတယ်လို့ ခံစားမိတယ်။ ဒီလိုရေပူစမ်း နယူးယောက်နားမှာရှိရင် သိပ်ကောင်းမှာပဲ တပတ်တခါ၊ တလတခါ စိမ်ချင်တယ်။ ကိုယ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပေမယ့် ဆူနမ်က အိပ်မပျော် ရှူးခဏခဏ ထပေါက်နေတာ မနိုးဘူးလားတဲ့။ ဟင့်အင်း ပင်ပန်းတာရော၊ ရေပူစမ်းကြောင့်ထင်တယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။ စာမေးပွဲတွေနီးလာရင် စာမရသေးလို့ စိတ်ပူပြီး အိပ်မပျော်တာကလွဲရင် ကိုယ့်ဘဝမှာ အိပ်မပျော်တယ့်ရက်က ခပ်ရှားရှား စတိတ်မလာခင်အထိပေါ့။ စတိတ်ရောက်ကတည်းက စာမေးပွဲ၊ အလုပ်၊ ဗီဇာအတွက် စိတ်ပူရတာနဲ့ အိပ်မပျော်တော့တာ လုပက်စ်ဖြစ်တော့ပိုဆိုး။ insomia အသံ၊ အလင်းမြင်ရင် အိပ်လို့မရ၊ မကြီး အိပ်ယာထဲမှာ ဖုန်းပွတ်နေရင် အော်တော့တာ ဖုန်းပိတ်အိပ်။ အိပ်ခါနီး မက်ဂနီဆီယမ်သောက်အိပ်ရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။ ကော်ဖီစိုက်ခင်း၊ ချောကလက်စက်ရုံ သွားလည်တယ့် အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
မတ် ၃၀၊ ၂၀၁၈။

ကြိုးတံတားပေါ်မှာ
အရွက်နဲ့တူတဲ့ ပိုးကောင်
ငွေပန်း
ဟိုတယ်မှာစားတဲ့ မနက်စာဘူဖေး ကိုစကာရီကန်ကော်ဖီ သိပ်ကောင်းတယ်
အသီးတွေ အရမ်းအရသာရှိတယ်
စားဖူးသမျှထဲမှာ အကောင်းဆုံး ကော့စကာရီကန်စာ၊ နာနတ်သီးဖျော်ရည် အရမ်းကောင်းတယ်
ချစ်သူငယ်ချင်းဝေက ကုန်လားတဲ့ … အေး ကုန်တယ်… အဲ့ဒါကြောင့် နင် ဝနေတာတဲ့ :D
ဘယ်ဖက်စွန်းမှာ အနက်နဲ့အပြာရောင် ငှက်လေးတွေ့လား အရမ်းလှတယ်
ချောင်းထဲ ဒိုင်ဗင်ပစ်ရေကူးနေတဲ့ ကလေးတွေ
ရမ်းသမ်းမှာလိုက်တဲ့ ညစာ

No comments: