ဒီစီသွား တောလား ...

၂၀၁၇ ဂျူလှိုင် ၄ လွတ်လပ်ရေးနေ့ပိတ်ရက် တန်နက်စီပြည်နယ်ဖက် ၄ ရက်ခရီးသွားပြီးတော့ ၂ ပတ်အကြာမှာ ကယ်ပီတယ်ကို လိုက်ပို့မယ်လို့ပြောတော့ အဖေက ရောက်ပြီးသားလေတဲ့။ ကယ်ပီတယ်ကို အဝေးကနေ ဓာတ်ပုံရိုက်ခဲ့တာ ခုက အတွင်းဖက်ကို သွားလည်မှာ။ ကယ်ပီတယ်အတွင်းဖက်ကို သွားလည်တဲ့ တရုတ်တိုးတွေမရှိဘူး ကိုယ့်ဘာသာစီစဉ်ပြီး သွားရမှာ။ Capitol Visitor Center က တနင်္ဂနွေနေ့ပိတ်တော့ စနေနေ့သွားလည်မယ်။ အွန်လိုင်းကနေ reserve လုပ်လို့ရတယ် အနည်းဆုံး ၂ ပတ်၊ ၃ ပတ်လောက် ကြို reserve လုပ်ရတယ်။ reserve မလုပ်ဘဲ ဒီအတိုင်းဝင်သွားလို့လည်း ရပါတယ်  နာရီဝက်၊ ၄၅ မိနစ်လောက်တော့ စောင့်ရတယ်။ ၂၀၁၂ ခရစ်စမတ် မေရီလန်းမှာနေတဲ့ ဆူနမ်၊ ရာမားတို့ဆီ လာလည်တ ရာမား မနက်ရုံးသွားရင် ကိုယ့်ကိုဘူတာရုံမှာ ချပေးခဲ့တယ်။ ရထားစီးပြီး ဒီစီမြို့ထဲကို သွားလည် Library of Congress ကိုသွားလည်ပြီးတော့ ကယ်ပီတယ်ကိုသွားတာ လူတွေတန်းစီနေတာနဲ့ ဘာမှန်းမသိ ယောင်တောင်ပေါင်တောင် တန်းလိုက်စီပြီး ကယ်ပီတယ်အတွင်းကို ရောက်သွားတယ်။ reserve မလုပ်ထားတော့ ၄၅ မိနစ်လောက် စောင့်လိုက်ရတယ်။ ၂၀၁၇ ဧပြီ မကြီး၊ မခိုင်တို့နဲ့ သွားလည်တော့ နပ်သွားပြီ reserve လုပ်ပြီးမှသွားတယ်။ ရုံးအသစ်မှာ အလုပ်ဝင်တာ ၆လမပြည့်သေးတော့ ခွင့်ယူလို့မရသေးတော့ သောကြာနေ့ညဖက် ဝါရှင်တန်ဒီစီကို သွားရမယ်။ ကိုယ့်ဘာသာဆို ဈေးသက်သာတဲ့ ဘတ်စ်ကားနဲ့သွား ဘတ်စ်ကားက ၄ နာရီကျော်စီးရပြီး ည ၁၁ ခွဲ ၁၂ နာရီလောက်မှ ဒီစီရောက်တယ်။ အဖေ၊ အမေပါတော့ ဘတ်စ်ကားထက်ဈေးကြီးပေမယ့် လူသက်သာတဲ့ Amtrak ရထားစီးဖို့ ဆုံးဖြတ်လိုက်တယ်။ အမြန် Acela ရထားက ဒီစီကို ၂ နာရီခွဲလောက်ပဲ မောင်းတယ် ဈေးလည်းကြီးတယ်။ ဈေးနည်းနည်းသက်သာတဲ့ Amtrak က ၃ နာရီခွဲလောက် မောင်းရတယ်။ အဖေနဲ့အမေကို အိမ်နားကဘူတာရုံမှာ ၅ နာရီ ၄၅ မိနစ်ဆုံမယ်လို့ ချိန်းထားရင် နောက်ကျမှာစိတ်ပူတတ်တဲ့ အဖေကြောင့် စောစောရောက်နှင့်နေကြတယ်။ နယူးဂျာစီပြည်နယ် Newark ကနေ ည ၆ နာရီခွဲထွက်မဲ့ ရထားဟာ delay ဖြစ်လို့ တနာရီနောက်ကျပြီးမှ ရောက်လာတယ်။ စတိတ်ရောက်ပြီး ၇ နှစ်အကြာမှ ခရီးဝေးရထားစီးဖူးခြင်းပဲ။ ပုံမှန်က ဈေးသက်သာတဲ့ဘတ်စ်ကားနဲ့ သွားနေကြ။ ရထားက ကျယ်ကျယ်ဝန်းဝန်း သက်တော့သက်သာရှိတယ်။ အမေ့စကားအရအဆိုရင် ရထားနဲ့က ခန္ဓာကိုယ်လှုပ်တောင် မလှုပ်ဘူး။ 


ကယ်ပီတယ်အဆောက်အဦး အမိုးထိပ်က Statue of Freeman

ကိုသက်ထွေးအဖေက အိမ်သာဘယ်မှာဆိုတာ ရှာဖွေပြီးပြီ၊ တနာရီအတွင်း အိမ်သာသွားပြီးပြီ။ ပြီးတော့ ကိုယ့်ကိုပြောပြနေတယ် အိမ်သာမှာ မီးလင်းနေရင် အဲ့ဒါလူရှိတာ အတော်သန့်တယ်ဆိုပဲ။ ပန်ဆယ်ဗေးနီးယားပြည်နယ် ဖီလာဒဲဖီးယားမြို့ရပ်တယ်။ ညသန်းခေါင်မှာ ဝါရှင်တန်ဒီစီမြို့လယ်ကောင်က ယူနီယမ်စတေရှင်ကိုရောက်တယ်။ ဘူတာရုံကနေ ကယ်ပီတယ်ဘေးနား Hilton ဟိုတယ်ကို ၁၅ မိနစ်လောက်ပဲ လျှောက်ရတယ်။ late check in  ပြောထားတော့ အဆင်ပြေတယ် ဟိုတယ်က ကြီးလိုက်တာ။ ဟိုတယ်မှာ မနက်စာမပါပေမဲ့ အမေ့မှာ သယ်လာတဲ့ရိက္ခာတွေကအပြည့်။ အဖေ၊ အမေရှိရင် ဗိုက်အမြဲပြည့်နေတယ် အမေက စားကောင်းသောက်ဖွယ်လေးတွေ ဖွယ်ဖွယ်ရာရာချက်‌ကျွှေး။ အဖေက သမီး စားဆိုပြီး အတင်းထည့်ကျွှေး သူ့သမီး များများစားမှ ဝမ်းသာအားရဖြစ်တော့ ပိန်ဖို့လမ်းမမြင်။ ကယ်ပီတယ်အဝင် လုံခြုံရေး အင်မတန်တင်းကြပ်တယ်။ ဆီးနိတ်၊ ဟောက်စ်လွှတ်တော်တွေရှိတဲ့နေရာ၊ တိုင်းပြည်အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ဆွေးနွှေးဆုံးဖြတ်တဲ့ နေရာဆိုတော့လည်း လုံခြုံရေးတင်းကျပ်ရမှာပေါ့။ reserved လုပ်ထားတဲ့အချိန်ထက် ၁၅ မိနစ်လောက် နောက်ကျသွားပေးမဲ့လည်း အမြန်ဆုံးစီစဉ်ပေးပါတယ်။ ကွန်ကရက်မှာ ဆီးနိတ်၊ ဟောက်စ်တို့ရှိပြီး ဆီးနိတ်မှာတော့ ပြည်နယ်ဘယ်လောက်ပဲသေးသေးကြီးကြီး လွှတ်တော်အမတ် ၂ ယောက်ရှိပြီး ၆ နှစ်သက်တမ်းရှိပါတယ်။ ဟောက်စ်မှာတော့ ပြည်နယ်ရဲ့လူဦးရေအချိုးအစားအတိုင်း လူဦးရေများရင် house representative များမယ် ၂ နှစ်သက်တမ်း ရှိအါတယ်။ ဒီကယ်ပီတယ်ကနေ တိုင်းပြည်အတွက် အရေးပါတဲ့ဥပဒေတွေ ပြဌာန်းခဲ့ကြပါတယ်။ အမေရိကန်ပြည် တနေ့ပြန်လည်စည်းလုံးမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ပြည်တွင်းစစ်ဖြစ်နေတုန်းတောင် ကယ်ပီတယ်တည်ဆောက်မှုကို သမ္မတအေဗရာဟမ်လင်ကွန်းက မရပ်ခဲ့ပါဘူး။ ကယ်ပီတယ်အကြောင်း ရှင်းပြတယ့် ၁၀ မိနစ်စာ ဗွီဒီယိုလေးက သိပ်အဓိပ္ဗာယ်ရှိပြီး ကြည့်လို့ကောင်းတယ်။ ပြီးတော့ နားကြပ်လေးတွေ လှမ်းယူပြီး တိုးဂိုက်တွေနောက်မှာတန်းစီ။ အဲဒီနေ့က လေ့လာရေးလာကြတဲ့ ကျောင်းသားတွေ အရမ်းများတယ်။


House Speaker Paul Ryan ရဲ့အခန်း‌ရှေ့
ပန်းချီပန်းပုတွေ အရမ်းခမ်းနားလှပတဲ့ Roundana
ကယ်ပီတယ်မောလ်၊ ပတ်တိုးမတ်မြစ်ကို မျက်နှာမူထားတဲ့ဖက်
သမ္မတကျမ်းသစ္စာကျိမ်ဆိုပွဲကို အဲ့ဒီမှာ ကျင်းပတယ်
ပထမဆုံးရောက်တဲ့နေရာက ကယ်ပီတယ်အုတ်မြစ်ချတဲ့နေရာ။ နယူးယောက်ကို မြို့တော်တည်ချင်ပေမဲ့ အင်္ဂလိပ်ရေတပ်က ဝင်တိုက်မှာစိုးလို့ ပန်ဆယ်ဗေးနီးယားပြည်နယ် ဖီလားဒဲဖီးယားမြို့ကို မြို့တော်တည်ခဲ့ပါတယ်။ ဒီစီကို မေရီလန်း၊ ဗာဂျီးနီးယားပြည်နယ်တွေကနေ မြေတွေနည်းနည်းဖဲ့ပေးပြီး မြို့တော်ကို အသေအချာတည်ခဲ့ပါတယ်။ ကျွှန်တွေရဲ့လုပ်အားနဲ့ သဲကျောက်တွေသယ်ပြီး ကယ်ပီတယ်ကို တည်ဆောက်ခဲ့ပါတယ်။ လွတ်လပ်ရေးအဆောက်အဦးအတွက် ကျွှန်တွေကို အားတမခိုင်းစေတည်ဆောက်ခဲ့တယ်ဆိုတဲ့အချက်က အမည်းစွန်းစေတယ့်အချက်။ ဒီအခန်းထဲမှ ပန်းချီကားတွေက အင်မတန်လက်ရောက်မြောက်သလို အမေရိကန်သမိုင်းကြောင်းကို ဖော်ကျူးထားတယ်။ အဝိုင်းမိုးခုံးက ပန်းချီးလက်ရာတွေက ရောမလက်ရာဆန်တယ် ထုလုပ်သူက အီတလီကနေ အမေရိကန်ကိုပြောင်းရွှေ့အခြေချသူ။ အိန်ဂျယ်၃ယောက်ကြားက အမေရိကန်လွတ်လပ်ရေးဖခင်ကြီး ဂျော့ဝါရှင်တန်။ Roundana ပတ်ပတ်လည် ပန်းချီကားတွေ ရေးဆွဲပြီးလို့ လွတ်နေတဲ့ ၁၆ ပေကို ဆက်ဆွဲဖို့ ခွင့်ပြုမိန့်ကို ၁၆ နှစ်စောင့်ခဲ့ရတယ်။ ပန်းချီပန်းပုလက်ရာတွေက အင်မတန်လက်ရာမြောက်ပါပေတယ်။ သမ္မတသေဆုံးရင်၊ စစ်ဖက်ဆိုင်ရာရာထူး အကြီးအကဲတွေကျဆုံးရင် ဒီခန်းမမှာ ဈာပနကျင်းပခွင့်ရှိပါတယ် ခုထိ ၃၃ ဦး ကျင်းပပြီးပြီ။ ဟိုဖက်ခန်းက ပန်းပုလက်ရာတွေကတော့ ပြည်နယ်တခုစီရဲ့ ထင်ရှားတဲ့သူတွေရဲ့ ပန်းပုလက်ရာတွေ။ ပန်းပုတခုချင်းစီမှာ ရာဇဝင်တခုစီရှိပါတယ်။ မသိတာရှိရင် လက်ထောင်မေးနိုင်ပါတယ်။ ကင်မရာသမားတွေတွေ့တော့ ဒီနေ့ကယ်ပီတယ်မှာ လူပိုစည်တယ် လွှတ်တော်မှာ အရေးကြီးတဲ့ဥပဒေတခုကို မဲခွဲဆုံးဖြတ်စရာရှိလို့တဲ့။ လူအရမ်းများတာမို့ ကိုယ့်အုပ်စုနဲ့ မခွဲမခွာနေဖို့၊ အိမ်သာသွားမယ်ဆိုရင် တိုးဂိုက်ကို အကြောင်းကြားပြီးမှာ သွားဖို့မှာကြားပါတယ်။ ကယ်ပီတယ်ကို ၃ ခေါက် ရောက်ပြီးတဲ့အချိန်မှာ သိလိုက်ရတာက တိုးဂိုက်တွေပြောတာ အတူတူပဲဆိုတာ။ တိုးပြီးတော့ နားကြပ်လေးတွေပြန်ပေး တိုးဂိုက်က ဒီနေ့ဗာမွန်ပြည်နယ်ကအမတ်တွေကို တွေ့ဆုံလို့ရတယ့် လတ်မှတ်ရှိတယ် အိုင်ဒီပြပြီး ယူနိုင်ပါတယ်လို့ အကြောင်းကြားတယ်။ ဗိုက်ဆာနေပြီမို့လို့ ကယ်ပီတယ်အောက်ဖက်က စားသောက်ဆိုင်ဆီ ပြေးကြတယ်။ အဲဒီများလည်း ကြိတ်ကြိတ်တိုး တနေ့တနေ့ အလည်လာတဲ့သူ ၈၀၀ ကျော်ရှိပါတယ်တဲ့။ အလည်လာတဲ့သူတွေထဲမှာ အာရှသားနည်းတယ်။ 


Library of Congress 
National Air &Space Museum
Washington Monument

ကယ်ပီတယ်ကနေ ကွန်ဂရက်စာကြည့်တိုက်ကို မြေအောက်လှိုက်ခေါင်းကနေ သွားလို့ရပါတယ်။ ကမ္ဘာပေါ်မှာ စာအုပ်စာတမ်းတွေ အများဆုံးစုဆောင်းထားတဲ့နေရာ။ အတွင်းဖက်မှာ ပြင်ဆင်ထားတာတွေက အင်မတန်လှတယ်။ ပြခန်းတွေ အကုန်လိုက်ကြည့်ဖို့ဆို တနေ့လောက်အချိန်ပေးရမယ်။ စာကြည့်ခန်းကို အပေါ်ခန်းကနေကြည့်ဖို့ တန်းစီကြတယ်။ စာကြည့်ခန်းမှာ မဟော်ဂနီရောင်ပရိဘောတွေက တဖိတ်ဖိတ်တောက်နေပြီး စာအုပ်အဖုံးတွေကလေည်း ရွှေရောင်ဖောင်းကြွစာလုံးတွေနဲ့ အင်မတန်လှပခန့်ညားတယ်။ စာအုပ်တွေကို သုတေသနပြုနေတဲ့သူတွေကိုပဲ ငှားပါတယ်။ ကွန်ဂရက်စာကြည့်တိုက်ကနေ ကယ်ပီတယ်ကိုဖြတ်ပြီး နေရှင်နယ်မောလ်ကို မျက်နှာပြုနေတဲ့ ကယ်ပီတယ်နဲ့ ဓာတ်ပုံရိုက်တယ်။ အဲ့ဒီဖက်အခြမ်းက ပိုလှတယ် သမ္မတကျမ်းသစ္စာကျိမ်ဆိုတဲ့နေရာပေါ့။ ကယ်ပီတယ်ကနေ ပတ်တိုးမတ်မြစ်အထိကို ကယ်ပီတယ်မောလ်လို့ခေါ်ပြီး ဘေးတဖက်တချက်မှာ ပြတိုက်တွေ တစုတဝေးတည်း ရှိပါတယ်။ ပြတိုက်တွေက ဝင်ကြေးအခမဲ့ဖြစ်ပြီး ပြတိုက်တခု အနှံ့လည်ဖို့ဆိုရင် ၅ နာရီလောက် အချိန်ပေးရမယ်။ အာကာသသိပ္ဗံပြတိုက်ကို ဝင်လည်တော့ လကမ္ဘာကို ပထမဆုံးခြေချတဲ့ပြခန်း၊ အာကာသယာဉ်မှုးတွေ ဝတ်တဲ့ဝတ်စုံ၊ အသုံးပြုခဲ့တဲ့ယာဉ်၊ ဘယ်လိုလုပ်ဆောင်ခဲ့ကြတာတွေကို ပြသထားတာ အင်မတန်ကြည့်လို့ကောင်းတယ်။ ဝိုက်ညီနောင်ကနေ လေယာဉ်တွေတဆင့်ဆင့် တိုးတက်ပြောင်းလဲလာတွေ၊ အာကာသအကြောင်းအစုံအလင်ပြသထားလို့ အမြဲကြိတ်ကြိတ်တိုး။ တူတော်မောင်အတွက် အာကာသယာဉ်မှုးဝတ်စုံ၊ အာကာသယာဉ် ဝယ်ပေးရင်ကောင်းမလားလို့ အမေ့ကိုတိုင်ပင်ကြည့်တော့ မပေးနဲ့တဲ့။ ရထားစီးဖို့အဆင်မပြေဘူး လမ်းဘဲလျှောက်ရအောင်နော် ဝါရှင်တန်ကျောက်တိုင်၊ အိမ်ဖြူတော်ကိုသွားမှာ။ စမစ်ဆိုးနီးယန်းပြတိုက်နားမှာ ခဏနားကြပြီး ဝါရှင်တန်မိုးနူးမတ်ကျောက်တိုင်နားကနေဖြတ်ပြီး ဒုတိယကမ္ဘာစစ်အထိမ်းအမှတ်ရေပန်းနားကို သွားမလို့ဟာ မသွားနိုင်တော့ဘူး အဝေးကနေပဲကြည့်မယ်တဲ့။ ဟိုမှာ တိုင်ဒယ်ဘေဆင်ရေကန် ချယ်ရီပွဲတော်က အဲ့ဒီမှာကျင်းပတာ။ ရေကန်ပတ်ပတ်လည် ဂျပန်ပြည်က ချစ်ကြည်ရေးလက်ဆောင်ပေးထားတဲ့ ချယ်ရီပင်တွေ စိုက်ထားတယ်။ ချယ်ရီပွဲတော်က ကိုယ့်ဓာတ်ပုံတွေကြည့်ပြီး အဖေက ချယ်ရီပွဲတော်ချိန် လာလည်ချင်တယ်။ ဟိုးမှာ လင်ကွန်းမန်မိုရီယမ် အဖေတို့ တိုးနဲ့လာတုန်းက ရောက်ဖူးတယ် မှတ်မိလား။ ဝါရှင်တန်မိုးနှုးမတ်နားမှာ ခဏနား သမ္မတအိမ်ဖြူတော်ရှေ့ ဓာတ်ပုံရိုက်။ 


အိမ်ဖြူ‌တော်ရှေ့
National Museum of Natural History
National Museum of National History

သမ္မတအိမ်ဖြူတော်နဲ့ မလှမ်းမကမ်းက ပန်းခြံလေးမှာ ထိုင်နားတော့မှ စာကြည့်မျက်မှန် မရှိတော့မှန်း သတိထားမိတယ်။ စမတ်ဆိုးနီးယန်းပြတိုက်နား နားတုန်းက ကျကျန်ခဲ့တာဖြစ်ရမယ်။ နမော်နမဲ့နိုင်လေခြင်း ကိုယ်ဟာ ပစ္စည်းအမြဲမေ့ကျန်တတ်တဲ့သူမဟုတ်ဘူ ။ မျက်မှန်က ၂၀၁၂ ကန်တက်ကီမှာ လုပ်ခဲ့တာဆိုတော့ ၅ နှစ်ရှိပြီ ကိုယ်ကြိုက်တဲ့ တစ်ဖနီမျက်မှန်လေး။ ညနေစာ တရုတ်တန်းမှာ သွားစားမယ် မိနစ် ၂၀ လောက် လျှောက်နိုင်သေးတယ်မလား။ နားနားပြီး လျှောက်ကြတာပေါ့ တရုတ်တန်းရောက်တော့ ဒီစီမှာအလုပ်လုပ်တုန်းက ကိုယ်သွားစားနေကြဆိုင်ကို ခေါ်သွားတယ်။ ကန်စွန်းရွက်ကြော် အင်မတန်ကောင်းတာတော့ မှတ်မိတယ်။ ဟိုတယ်ကို ၁၅ မိနစ်လောက်ပြန်လျှောက် ရေမိုးချိုးပြီးတာနဲ့ ပစ်လဲတော့တာပဲ။ အဖေက ဒီနေ့လမ်းလျှောက်တာ ၆ မိုင်မကဘူးတဲ့ အဖေတို့ လျှောက်နိုင်သားပဲ ဘယ်လိုလဲအဖေ ကယ်ပီတယ်လှလား အယ်မလေး ကြီးကျယ်ခမ်းနားပါပေတယ် အပြင်ကနေကြည့်တော့ ဒီလောက်သားနားမယ်မထင်ဘူး အတွင်းမှာ တကယ်လှတာပဲ။ ဒီနေ့တော့ အတော်ပင်ပန်းသွားပြီ။ မနက်ဖြန်မနက် ၈ နာရီခွဲလောက် ကယ်ပီတယ်ကိုဖြတ်ပြီး နေရှင်နယ်မောကိုသွား အမျိုးသားအနုပညာပြတိုက်ရှေ့သွားတော့ ဘယ်သူမှမရှိဘူ။ ဖွင့်ချိန်က ၁၀ နာရီတဲ့ ဘေးက အမျိုးသာသမိုင်းပြတိုက်ဆီသွားတော့ လူတန်းကြီးက အရှည်ကြီး။ တကမ္ဘာလုံးမှာရှိတဲ့ သတ္တဝါကောင်တွေကို ရုပ်ကြွတွေနဲ့ ပြထားတာ အင်မတန်အသက်ဝင်သွားတာပဲ။ ကလေးတွေကို လိုက်ပြတာများတယ်။ အဖေက သူ့မြေးကို သတိရနေတယ် ဘုန်းသန့်ခေါင်သာဆိုရင် ဘယ်လောက်အားပါလိုက်မလဲ။ အဖေ တိရစ္ဆာန်ရုံလိုက်ပြပေးလို့ မြေးဖြစ်သူက ဘိုးဘိုး တိရစ္ဆာန်ရုံလိုက်ပို့ပေးဖို့  ပူစာတော့တာပဲ။ ၁၁ နာရီခွဲလောက်ကျတော့ ဟိုတယ်ဆီပြန်ပြီး check out လုပ် ဆယ်မိနစ်လောက်ဝေးတဲ့ ယူနီယမ်ဘူတာရုံက Roti mediterarian ဆိုင်မှာ နေ့လည်စာစားတော့ အဖေတို့ ကြိုက်ကြတယ်။ Chipolet မက်ဆီကန်အစားအစာကျတော့ သိပ်မကြိုက်ကြဘူး။ နေ့လည် ၂ နာရီ ဘတ်စ်ကားက ၁၅ မိနစ်လောက် နောက်ကျပြီးမှထွက်တယ်။ နယူးဂျာစီကို ၄ နာရီကျော်လောက် မောင်းရတယ်။ ကယ်ပီတယ်နဲ့ အဝေးကနေပဲ ဓာတ်ပုံရိုက်ကြပေမဲ့ ခုတော့ အတွင်းထိ ရောက်ဖူးသွားကြပြီ။ သဘောကျတယ်ဆိုတော့လည်း လိုက်ပို့ရကျိုးနပ်တာပေါ့လေ။ အခွင့်ကြံကြိုက်ရင် ကယ်ပီတယ်အတွင်းဖက်ဆီ ဝင်လည်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

စန်းထွန်း
မတ် ၁၁၊ ၂၀၁၈။

No comments: