ကိုစကာရီကာ၊ ပနားမား ခရီးစဉ်ကို စတင်တဲ့သူက ဗီယက်နမ်မလေးဝိုင်းပါ။ ၂၀၁၇ စက်တင်ဘာလကုန် မန်မိုရီယမ်ဒေးပိတ်ရက် ကိုစကာရီကာ၊ ပနားမားကို သွားမလို့စီစဉ်ထားတာ ဝိုင်းရဲ့ယူအက်စ်ဗီဇာက ၆ လသက်တမ်းမရှိတော့လို့ မသွားဖြစ်လိုက်ဘူး။ ဝိုင်းက ယူအန်မှာ လုပ်နေတာ အလုပ်ဗီဇာက တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးရတယ်။ ခရီးမသွားခင် ဗီဇာသက်တမ်း ၆ လ ရှိသေးရဲ့လားဆိုတာ မစစ်လိုက်ဘူးထင်တယ်။ ရာမားပြောသလို smart people make stupid mistakes ဆိုပါတော့။ ဘွတ်ကင်လုပ်ထားတဲ့ တိုးခရီး ၂ ခုက ပိုက်ဆံပြန်ပေးတယ် လေယာဉ်လတ်မှတ်ကလည်း ပိုက်ဆံပြန်ပေးတော့ တော်သေးတာပေါ့။ ကိုယ်က အဲဒီတုန်းက ဆူနမ်၊ ရာမားတို့ဆီ သွားလည်နေတာ။ ဝိုင်း နောက်တကြိမ်သွားလည်မလို့ စီစဉ်တော့ ကိုယ့်ကိုလိုက်မလားလို့ ခေါ်တယ်။ ကိုယ်က လိုက်မယ် ဆူနမ်၊ ရာမားတို့ကိုလည်း ခေါ်လို့ရလားဆိုတော့ ရတယ်တဲ့။ ရာမားက ဒီဇင်ဘာမှာ ဟာဝိုင်အီကို သွားထားလို့ မလိုက်တော့ဘူး။ ဆူနမ်က ဒီဇင်ဘာမှာ လန်ဒန်ကို သွားထားပေမယ့် စိတ်ဝင်စားတယ်တဲ့။ ဝိုင်းစီစဉ်ထားတာက ၄ ရက်ခရီး ကြသပတေးနေ့ ညဉ့်နက်သန်းခေါင်း လေယာဉ်စီး။ နောက်နေ့မနက်ရောက် မြိ ု့လည်ခေါင်က ဟိုတယ်မှာတည်း ဟိုဒီလျှောက်ကြည့်။ တိုး ၂ ခု ဘွတ် တိုးတွေက မြို့လည်ခေါင်က ဟိုတယ်တွေဆို လိုက်ခေါ်ပေးတယ်။ နောက်ဆုံးနေ့ မနက်စောစော ၁ နာရီဝေးတဲ့ ပနားမားကိုသွား ၁၀ နာရီ ထရန်စစ်ထိုင်နေတဲ့အချိန်အတွင်းမှာ ပနားမားတူးမြောင်းကိုသွားလည်။ ကိုစကာရီကာနဲ့ ပနားမားက ယူအက်စ်ဂရင်းကဒ်၊ စီတီဇင်တွေဆို ဗီဇာမလိုဘူး။ ဝိုင်းက နှစ်သစ်ကူးချိန် ဖေဖေါ်ဝါရီလမှာ ဗီယက်နမ်ကို ပြန်လေ့ရှိတယ်။ ဒီလိုနဲ့ ၃ ယောက် အဆင်ပြေတယ့်အချိန်ကို ရွေးလိုက်တော့ မတ် ၁၆ ကနေ ၁၉ အထိ သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ သောကြာ၊ တနင်္လာနေ့ခွင့်ယူ၊ တနင်္လာနေ့ ညဉ့်သန်းခေါင်မှ ပြန်ရောက်မှာမို့အင်္ဂါနေ့ကို နေ့တဝက် ဒါမှမဟုတ် တနေ့လုံးခွင့်ယူပြီး အနားယူ။
နယူးယောက်ကနေ ကိုစကာရီကာနိုင်ငံမြို့တော် ဆန်ဟိုဆေးကို လေယာဉ်တိုက်ရိုက်ရှိပေမယ့် ပနားမားကို ဝင်လည်ချင်လို့ ပနားမားမှာ ထရန်စစ်ထိုင်တယ်။ ၄ ရက် ၂ နိုင်ငံ လေယာဉ်လတ်မှတ် ၅၀၀၊ တိုး ၂ ခုက ၃၀၀၊ ဟိုတယ်၊ ပနားမားတိုး ၂၀၀၊ ဘာဘာညာညာ ၁၃၀၀ - ၁၅၀၀ ကုန်မယ်လို့ ခန့်မှန်းထားတယ်။ ဝိုင်းက မတ်လဆန်းမှာ မတ်ဒါကာစကာကို အရေးပေါ်သွားရဖို့ ဖြစ်လာတယ်။ ဝိုင်းပါအောင် ရက်ကို ရှေ့တိုးနောက်ဆုတ် ကြိုးစားကြသေးတယ်။ ရက်ပြောင်းရင် လေယာဉ်လတ်မှတ် ပြောင်းခ ၂၅၀၊ ပေါက်ဈေးခ၊ ဘာခညာခနဲ့ ၂ ဆနီးပါးလောက် ကျသွားတယ်။ ရက်ကလည်း ဘယ်လိုမှညှိလို့မရတာနဲ့ ဝိုင်းမပါဘဲ သတ်မှတ်ထားတဲ့ ရက်အတိုင်း သွားဖို့ဆုံးဖြတ်လိုက်ကြတယ်။ ဆူနမ်က ပရိုက်ဗိုက်တိုးတွေ စုံစမ်းပြီး ပရိုက်ဗိုက်တိုးနဲ့ သွားချင်တယ်။ ကိုစကာရီကာနိုင်ငံမြို့တော် ဆန်ဟိုဆေးမြို့လယ်ခေါင်က လုံခြုံစိတ်ချမှုမရှိဘူး မြို့လည်ခေါင်က ဟိုတယ်တွေဆီမှာ မတည်းနဲ့လို့ ဘလော့တွေကပြောတယ်တဲ့။ ညဖက်တယောက်တည်း လုံခြုံစိတ်ချမှုမရှိတဲ့နေရာသွားရင် ဘယ်နိုင်ငံရဲ့မြို့လယ်ခေါင်မှ လုံခြုံမှုမရှိဘူး။ ဝိုင်းက စပိန်စကားပြောတတ်တယ် ကိုယ်တို့က စပိန်စကားမတတ်ဘူး ပရိုက်ဗိုက်တိုးနဲ့မှ ကောင်းမှာ။ ကိုစကာရီကာနိုင်ငံကို လာလည်တဲ့လူတိုင်း စပိန်စကားမပြောတတ်ဘူး နိုင်ငံတကာက လာနေတာပဲဟာကို။ ပရိုက်ဗိုက်တိုးက ဈေးကြီးလိုက်တာ ၃ ရက်တည်းကို ၆၀၀ ကျော် ဈေးကြီးတယ်။ ဝိုင်းစီစဉ်သလိုပဲ သွားချင်တယ်။ viator တိုးတွေက ဆန်ဟိုဆေးမြို့ကနေ စထွက်တာ tourist attraction တွေက ဆန်ဟိုဆေးမြို့ကနေ ၃ ၊ ၄ နာရီဝေးတဲ့ မြို့တွေမှာ။ ဘာနဲ့တူသလဲဆိုတော့ မေရီလန်းကနေ ၄ နာရီဝေးတဲ့ နယူးယောက်ကိုသွားလည် မေရီလန်းကိုပြန်လာ ကားပေါ်မှာ အချိန်ကုန်တယ်။ ကိစ္စမရှိဘူး ကယ်လီဖိုးနီးယားဖက်ကို သွားလည်တုန်းကဆို တနေ့ ၅ နာရီ ဘတ်စ်ကားပေါ်မှာ တနေရာနဲ့တနေရာ ဝေးတာကိုး။
ဆူနမ်က ကြိုးတံတားကိုသွားတဲ့ viator တိုးရှိရင် ကိုယ်စီစဉ်တာကို လက်ခံမယ်တဲ့။ viator tour မှာ ဆန်ဟိုဆေးမြို့ကနေ ကြိုးတံတားသွားတဲ့တိုးမရှိ ဆန်ဟိုဆေးမြို့ကနေ ၄ နာရီလောက်ဝေးတဲ့မြို့ကနေတော့ တိုးရှိတယ်။ ဆန်ဟိုဆေးမြို့ကနေ အဲ့ဒီမြို့ကိုသွားဖို့ ကိုယ်မစီစဉ်နိုင်ဘူး။ ကြည့် ပရိုက်ဗိုက်တိုးက စီစဉ်ပေးနိုင်တယ်။ သူ သွားချင်တဲ့နေရာတွေကို အချိန်တိုတိုနဲ့ သွားနိုင်တယ်၊ လူမပင်ပန်းဘူး၊ လုံခြုံစိတ်ချရတယ်၊ တည်းမယ့်ဟိုတယ်တွေကလည်း အကောင်းစား၊ ဟိုတယ်တွေမှာ ရေပူစမ်းပါတယ်။ ဆူနမ်က သူ့တိုးထက် သာတယ်ဆိုတာ လက်ခံလောက်အောင် ရှင်းပြနိုင်ရင် ကိုယ့်တိုးကို သူလိုက်မယ်တဲ့။ ဆူနမ့်ကို viator တိုးဆီပါလာအောင် ကိုယ်မဆွဲဆောင်နိုင်၊ ဆူနမ့်ကို နိုင်အောင်မပြောနိုင်။ ဆူနမ်က သူ့တိုးဒီလောက်ကောင်းတာ၊ သူ တလခွဲလောက် ပြင်ဆင်ထားရတဲ့တိုးကို ကိုယ်ဘာလို့လက်မခံနိုင်မှန်း နားမလည်နိုင်ဘူး။ ကိုယ်ကလည်း ဆူနမ် ဘာလို့ဈေးကြီးတဲ့ ပရိုက်ဗိုက်တိုးနဲ့ သွားချင်ရတာလည်း နားမလည်နိုင်ဘူး။ ဝိုင်းပါရင် အကောင်းသား ဒီမိုကရေစီနည်းနဲ့ ၂ မဲ ၁ မဲ နိုင်တယ်ဆိုပြီး ကိုယ့်တိုးကို ရွေးလိုက်လို့ရတယ်။ ဆူနမ်ဟာ အတော့်ကို ခေါင်းမာတာပဲ ကြိုးတံတားကို မသွားရရင် သေမှာကျနေတာပဲ။ လုံခြုံစိတ်ချမှုမရှိရင် ဝိုင်း တယောက်တည်းသွားဖို့ ဘယ်လိုလုပ် စီစဉ်မှာလဲ။ ဆူနမ်နဲ့ကိုယ် ငြင်းခုန်ရန်ဖြစ်အော်ဟစ် နောက်ဆုံးတော့ ဆူနမ့်တိုးကို လက်ခံလိုက်ရတော့တယ်။ စိတ်ထဲမှာတော့ မကျေမနပ်နဲ့ပေါ့ နောက်နောင် ဒင်းနဲ့ ဘယ်တော့မှ ခရီးမသွားဘူး။ ခုမှပဲ ဝိုင်းတန်ဖိုးကို နားလည်သဘောပေါက်တော့တယ်။ မိန်းပြည်နယ် အကေဒီးယားအမျိုးသားဥယျာဉ်ကို သွားလည်တော့ ဘားဟာဘားမြို့ ကမ်းနားက စားသောက်ဆိုင်မှာ နေ့လည်စာစားဖို့ တိုးဂိုက်ကညွှန်းလို့ သွားမေးတော့ ၂ နာရီ စောင့်ရမယ်တဲ့။ ဝိုင်းက တို့ဒီကိုလာတာ စားသောက်ဖို့မဟုတ်ဘူး ငါးဈေးက လော်စတာရိုးဝယ် နေ့လည်စာကို ခပ်သုတ်သုတ်စားပြီး လျှောက်ကြည့်ရအောင်တဲ့။
ဝိုင်း မက်ဆီကိုသွားလည်တုန်းကလည်း viator တိုး အဆင်ပြေတယ်တဲ့။ ဝိုင်းက ကိုစကာရီကာက ဘာဖြစ်လို့လည်းမသိဘူး ၂ ခေါက်ရှိပြီ စီစဉ်တာပျက်တယ်။ မလျှော့သေးဘူး ဧပြီလလယ်ပြန်ရောက်ရင် ကိုစကာရီကာကို တတိယအခေါက် စီစဉ်ပြီးသွားလည်မလို့တဲ့။ good luck ! never give up ! လို့ ချီးယားလိုက်ကြသေးတယ်။ ကြာသပတေးနေ့ည ၁၀ နာရီခွဲ ဆူနမ်က ဂရင်းကဒ်ပေမယ့် မြန်မာနိုင်ငံသားဆိုရင် ကိုစကာရီကာဗီဇာလိုတယ်လို့ ဖိုရမ်မှာပြောနေတယ်။ ကိုစကာရီကာဆိုဒ်က update မလုပ်တာကြာပြီ ဖိုရမ်က မနှစ်က update လုပ်ထားတယ်။ ဗီဇာလိုတယ်ဆိုရင် တနင်္လာနေ့ ရုံးကနေခွင့်ယူပြီး ဗီဇာသွားလုပ်မယ်။ ကြသပတေးနေ့ညဉ့်နက်သန်းခေါင်သွားမှာ ၄ ရက်နဲ့ ဗီဇာရပါ့မလားနဲ့ စိတ်ပူရပြန်ပြီ။ သောကြာနေ့မနက် ရုံးမှာအလုပ်မလုပ်နိုင်ဘူး ဒီစီနဲ့နယူးယောက် ကိုစကာရီကာသံရုံးတွေကို ဖုန်းအဆက်မပြတ်ခေါ်ပေမယ့် မကိုင်ဘူး။ ချီကာဂိုသံရုံးကတော့ ကိုင်တယ် ပတ်စ်ပို့စ်နဲ့ဂရင်းကဒ်ကို ဓာတ်ပုံပို့ပေးပါတယ့်။ အကြံရပြီ စတိတ်မှာရှိတဲ့ ကိုစကာသံရုံးအကုန်လုံးကို အီးမေးလ်ပို့လိုက်တယ်။ နေ့လည်ကျတော့ မီယာမီသံရုံးက အီးမေးလ်ပြန်လာတယ် ဂရင်းကဒ် ၆ လသက်တမ်းရှိနေရင် ဗီဇာမလို တိုးရစ်အလည်ဗီဇာ B1 B2 နဲ့တောင် အလည်လာလို့ရတယ်။ နောက်ချီကာဂိုသံရုံး၊ လော့အိန်ဂျယ်လစ်သံရုံးတွေက အီးမေးလ်ပြန်လာတယ် ဗီဇာမလိုပါတဲ့။ ဒီစီနဲ့နယူးယောက်ကတော့ အတော်လေးကြာမှ ပြန်လာတယ်။ ကိုစကာရီကာကို ခရီးသွားမယ်လို့ အဖေ့ကိုပြောတော့ ခရီးတွေသိပ်မသွားနဲ့ ပိုက်ဆံစုဦးတဲ့။ အဖေ သမီး အရက်မသောက်၊ ဆေးလိပ်မသောက်၊ ဘားလည်မသွား၊ ပိုက်ဆံအပိုမသုံး၊ ခရီးမှမသွားရင် ဘာမှအပန်းဖြေစရာမရှိဘူးလို့ ပြန်ပြောတော့ ဘာမှမပြောတော့ဘူး။
ကိုယ့်ကျတော့ ခရီးမသွားနဲ့ ပိုက်ဆံစု သူကျတော့ ဥရောပကို သွားချင်လို့တဲ့။ နောက်ကြုံမှ ဥရောပကိုမသွားနဲ့ အဖေရေ ပိုက်ဆံစုလို့ ပြောလိုက်ဦးမယ်။ မောင်မောင်ကလည်း စန်းထွန်း ခရီးသိပ်မသွားနဲ့ ပိုက်ဆံစုနဲ့။ နောက်မှမေးလိုက်ဦးမယ် နင့်မှာ ပိုက်ဆံစုပြီးသား ဘယ်နှစ်ပြားရှိလဲလို့။ အလုပ်ပင်ပင်ပန်းပန်းလုပ်ပြီး ရှာထားတာတွေ ဘာမှမသုံးမစား ခြစ်ကုတ်ပြီး မစုနိုင်ပါဘူးတော်။ ဘဝဆိုတာ တိုတိုလေး ကိုယ်လုပ်ချင်တာတွေ မလုပ်လိုက်ရဘဲ သေသွားခဲ့ရင် ရှာဖွေစုဆောင်းထားတဲ့ ပိုက်ဆံတွေကို နောက်ဘဝဆီလည်း သယ်သွားလို့မရဘူး။ ယောကျာ်းမယူသေးဘူးလား၊ ခရီးတွေသိပ်မသွားနဲ့ ပိုက်ဆံစုလို့ပြောလို့သူတွေကို သိပ်အမြင်ကပ်တာပဲ။ ခရီးသွားတယ်ဆိုတာ ကျန်းမာရေးလည်းကောင်းမှ၊ ခရီးသွားဖို့ ပိုက်ဆံလည်းရှိဦးမှ၊ ခွင့်ကလည်း ရဦးမှ၊ ခရီးသွားမယ့်အဖော်လည်း ရှိဦးမှ။ ခရီးသွားရင် ရတဲ့အတွေ့အကြုံ၊ အတွေးအမြင်သစ်တွေက ဘာနဲ့မှ မလဲနိုင်ဘူး။ စတိတ်မှာ ၇ နှစ်နေပြီးမှ စတိတ်ပြင်ပထွက်တဲ့ ကိုယ့်ရဲ့ ရေခြားမြေခြား ပထမဆုံး နိုင်ငံရပ်ခြားခရီးဆိုပါတော့။ ခု ပို့စ်တင်တယ့်အချိန်ဆို ကိုစကာရီကာရဲ့ အထင်ကရဖြစ်တဲ့ မီးတောင်တက်တဲ့လမ်း၊ ကြိုးတံတား၊ ကော်ဖီစိုက်ခင်း၊ ပနားမားတူးမြောင်း ဘယ်နေရာများ ဆူနမ်နဲ့ကိုယ် နောင်ဂျိန်ချနေကြမလဲမသိ။ ပြန်လာမှပဲ ကိုစကာရီကာ၊ ပနားမားသွား တောလားပို့စ်တွေ တင်ပါဦးမယ်။
Happy Traveling !
စန်းထွန်း
မတ် ၁၈၊ ၂၀၁၈။
3 comments:
hsumyat
မျှော်နေပါတယ်
ချုစ်သော
မမအိုင်အိုရာ
Anonymous said...
သာမီးဆိုဘယ်သွားသွားအိမ်ကိုမပြောဘူးရယ်...ပြောရင် စိတ်ပူနေမှာစိုးတာရယ် ပိုက်ဆံတွေတအားသုံးတယ်မှတ်နေမှာစိုးတာရယ်..ဟီးးးး
hsumyat
March 19, 2018 at 3:42 AM
Anonymous said...
မျှော်နေပါတယ်
စန်းထွန်းလေးလှနေတာ ကျန်းမာရေးကောင်းနေမှန်းပေါ်နေလို့ဝမ်းသာသွားတယ်
ချုစ်သော
မမအိုင်အိုရာ
March 24, 2018 at 2:44 PM
Post a Comment