ကိုစကာရီကာသွား တောလား - ၃

မတ် ၁၈ တနင်္ဂနွေနေ့ ကိုစကာရီကာ ၃ ရက်ခရီးစဉ်ရဲ့ နောက်ဆုံးနေ့ဖြစ်ပြီး နေ့လည်ဖက် လာဖေါ်တူနာမြို့နားက ကော်ဖီစိုက်ခင်း၊ ချောကလက်ထုတ်လုပ်တာတွေကို လေ့လာပြီးတာနဲ့ ကိုစကာရီကာနိုင်ငံမြို့တော် ဆန်ဟိုဆေးမြို့ဆီ သွားမှာပါ။ စပိန်လို j ကို h လို့ အသံထွက်ရတာမို့ San Jose ကို ဆန်ဟိုဆေးလို့ အသံထွက်ရပါတယ်။ ကော်ဖီချောကလက်တိုးက နေ့လည် ၁၁ နာရီမှ လာခေါ်မှာဆိုတော့ ဟိုတယ်ဝင်းထဲက ငါးကန်တပတ် အေးအေးလူလူလမ်းလျှောက် မနက်စာ တဝတပြဲစား။ ပစ္စည်းသိမ်းပြီး check out လုပ် စားသောက်ဆိုင်မှာ ညစာ ၂ ခါ၊ brunch ၁ ခါ ၊ မာဂရုတာ၊ နာနတ်သီးဖျော်ရည် စားသောက်ထားတာ ၁၇၀ ကျော်ကျတယ်။ အဲ့ဒါတွေကို ခရက်ဒစ်နဲ့ပေးလို့ရတယ်၊ ဒေါ်လာနဲ့လည်း ပေးလို့ရတယ်။ ဒေါ်လာနဲ့ပေးမယ်ဆိုရင် အတိအကျပေးရမယ် ပိုပေးလို့ ပြန်အမ်းရင် ကိုစကာရီကာနိုင်ငံသုံး ကိုလုံငွေ ပြန်အမ်းပေးမယ်ဆိုတော့ ဆူနမ်က ခရက်ဒစ်ကဒ်နဲ့ ပေးလိုက်တယ်။ သူ့ခရက်ဒစ်ကဒ်က နိုင်ငံခြားမှာသုံးလို့ရတယ် အပိုထပ်မပေးရဘူး။ ဆူနမ်က ခရီးသွားရင်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ဆုံရင်ပဲဖြစ်ဖြစ် မာဂရုတာ၊ ကုတ်တေး၊ စတားဘာ့ခ်ကော်ဖီ၊ burble tea သောက်တတ်တယ်။ ကိုယ်က အရက်၊ ဝိုင် သောက်လေ့သောက်ထမရှိပေမယ့် ဆူနမ် မာဂရုတာသောက်လို့ ကိုယ်ကဘာမှမသောက်ဘဲနေရင် မကောင်းတတ်လို့ နာနတ်သီးဖျော်ရည် လိုက်သောက်တယ်။ ဘားဆိုတော့ သိပ်မကောင်းလည်း ဈေးကအပြင်ဆိုင်ထက် ဈေးကြီးတယ်။ လုပက်စ်အတွက် ကိုယ်သောက်နေရတယ့်ဆေးတွေက အရက်နဲ့မတည့်လို့ မသောက်ရတယ့်အပြင် ကိုယ်ကိုတိုင်ကိုယ်က ဘီယာ၊ အရက်မကြိုက်ဘူး အဲ ဝိုင်တော့ကြိုက်တယ်။ ဆူနမ်က ပိုက်ဆံမစုမိဘူးလို့ညည်းနေလို့ မိဘကိုလည်း မထောက်ပံ့ရ၊ အစားအသောက်လည်း အရမ်းမစား၊ အလှလည်းမပြင်၊ အဝတ်အစားလည်းမဝယ်၊ ဘရန်းခရေဇီလည်းမဟုတ် ဘာလို့ပိုက်ဆံမစုမိတာလည်းမသိဘူး။

ခရီးအရမ်းသွားတယ်ဆိုပေမယ့် ကိုယ်နဲ့ဝိုင်းလောက် ခရီးသွားတယ့်သူ မဟုတ်ဘူး။ ခုမှာ နားလည်တယ် အဲ့ဒီစတားဘာ့ခ်၊ မာဂရုတာ၊ ကုတ်တေးဆိုတာ ဈေးမကြီးဘူးဆိုပေမယ့် ကြာရင် ပိုက်ဆံကုန်တာပဲ။အမေရိကန်တွေကို ပိုက်ဆံကိုဘယ်လို ခြိုးခြံခြွှေတာစုဆောင်းဖို့ နည်းလမ်းပေးတယ့်အထဲမှာ စတားဘာ့ခ်နေ့တိုင်းသောက်ရင် တစ်နှစ်ကို ငွေဘယ်လောက် စုမိတယ်ဆိုတာပါတယ်။ အမေရိကန်တွေ စတားဘာ့ခ်ကော်ဖီကြိုက်တယ် မန်ဟက်တန်မြိ ု့ရဲ့ လမ်းထောင့်တိုင်းမှာ စတားဘာ့ခ်ကော်ဖီဆိုင်ရှိတယ်။ ကိုယ့်အိမ်နားမှာ စတားဘာ့ခ်ကော်ဖီဆိုင်လာဖွင့်ရင် အိမ်ဈေးတက်ပြီတယ့်။ ကိုယ်လည်း စတားဘာ့ခ်ကြိုက်ပါတယ် ဒါပေမယ့် တခါတလေမှသောက်တယ်။ ပိုက်ဆံခြွှေတာစုဆောင်းတယ့်နည်းထဲမှာ ဈေးချတယ့်အခါ များများဝယ်ထားပါလို့ အကြံပေးလမ်းညွှန်တာကို ကြားရတယ့်အခါ ကိုယ်တို့ညီအစ်မတွေ ရယ်လိုက်ရတာ။ အမေရိကန်တွေ တုံးပါ့ ပိုက်ဆံဘယ်လို ခြွှေတာစုဆောင်းရမှန်းမသိဘူး ကိုယ်တို့ဆို ခြိုခြံခြွှေတာရတယ့်တိုင်းပြည်မှာ ကြီးပြင်းခဲ့လို့ ဘာဝယ်ဝယ် ဒစ်စကောင့်ပေးမှ၊ ဈေးသက်သာမှ ဝယ်တယ်။ ကိုယ်ဝယ်ထားတယ့်ဈေးထက် ဈေးသက်သာသွားရင် ရင်ထုမနာဖြစ်နေတတ်တဲ့သူတွေ။ ဝိုင်းရဲ့အခန်းဖော်အိမ်ရှင်တရုတ်မက နာမည်ကြီးကိုလံဘီယာတက္ကသိုလ်မှာ statistics နဲ့ကျောင်းပြီးပြီးတော့ ကယ်ပီတယ်ဝမ်းဘဏ်မှာ အလုပ်လုပ်နေတယ်။ လစာကောင်းရဲ့သားနဲ့ ပိုက်ဆံမစုမိဘူးလို့ညည်းတယ်။ သူက တပတ် ၃ ရက်လောက် သူငယ်ချင်းတွေနဲ့ ဘားမှာသွားသောက်တယ်။ အိမ်မှာဝယ်သောက်ရင် ပိုက်ဆံအဲ့ဒီလောက်ကုန်မှာ မဟုတ်ဘူး။ ဘားမှာသွားသောက်တော့ တဖ်၊ တက္ကစီဖိုးနဲ့ ပိုက်ဆံပိုကုန်တာပေါ့ အဲ့ဒါကြောင့် ပိုက်ဆံမစုမိတာလို့ ဝိုင်းကပြောပြဖူးတယ်။

‌ကော်ဖီပန်း
‌ကော်ဖီပျိုးပင်
ကော်ဖီစေ့ခူးတဲ့အခါ ခါးမှာလွယ်တဲ့ ခြင်းတောင်း၊ ကော်ဖီစေ့ချိန်တဲ့ နေရာမှာသုံးတဲ့သံဗူး

နောက် ဆူနမ်က ခရီးသွားရင် အကောင်းစားဟိုတယ်မှာမှ တည်းချင်တယ်။ ခရီးထွက်ရင် ဟိုတယ်မှာ ညအိပ်ရုံပဲအိပ်တာ အရမ်းကောင်းဖို့ မလိုပါဘူး။ ဟိုတယ်မှာ တနေကုန်နေမယ်ဆိုရင်တော့ တမျိုးပေါ့။ ကော်လိုရာဒိုကို ၄ ရက်သွားလည်တာ ၁၅၀၀ ကျော်ကုန်တယ် ဒါတောင် သူငယ်ချင်း ၃ ယောက်နဲ့ ရှယ်တာနော်။ လေယာဉ်ခဈေးသက်သာတာရှာ၊ ဟိုတယ်ဈေးသက်သာတာရှာပြီး ဘတ်ဂျက်နဲ့ ခရီးတွေသွားလို့ရပါတယ်။ ဝိုင်းရေ ဘတ်ဂျက်နဲ့ ခရီးသွားတတ်အောင် ဆူနမ့်ကို သင်ပေးလိုက်စမ်းပါ။ဆူနမ်က မနေ့ညက အိမ်မက်ဆိုးတွေမက်လို့ အိပ်မပျော် အိမ်သာခဏခဏသွားနေတာ မနိုးဘူးလားတဲ့။ ဟင့်အင့် တရေးပဲ ရေပူစမ်းမှာ ၂ နာရီ စိမ်ထားလို့ဖြစ်မယ်။ အိမ်မက်ဆိုးမက်လို့ သူ့မိဘတွေကို စိတ်ပူနေတယ်။ ဆူနမ်နဲ့ ရာမားက သရဲကြောက်တတ်တယ် ကျောင်းမှာတုန်းက ကိုယ်နဲ့မိုင်း သရဲအကြောင်း အပြောကောင်းတာ ဆူနမ်နဲ့ရာမား အိမ်သာမသွားရဲလို့ အိမ်သာတံခါးရှေ့ စောင့်ပေးရဖူးတယ်။ ဆူနမ် အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမှာ တယောက်တည်းနေတုန်းက ရာမားက စကိုက်မှာအမြဲရှိနေရတယ်။ ဆူနမ်ကကြောက်လို့ ကေတီ( နီပေါလို မိန်းကလေး) လို့ ခေါ်လိုက်ရင် ရာမားက ပြန်ထူးရတယ်။ ခုတော့ ရာမားလည်း ယောကျ်ားရသွားပြီ အရင်လိုစကိုက်မှာ ရှိနေမှာမဟုတ်တော့ဘူး။ တယောက်တည်းနေရတာကြောက်ရင် ယောကျာ်းမြန်မြန်ယူတော့လို့ လှော်ပေးလိုက်တယ်။ ဆူနမ်က ရည်းစားသာမရှိသေးတာ မိဘတွေဆက်စပ်ပေးလို့ စကားပြောကြည့်နေတယ့် ကောင်လေးတွေရှိတယ်။ သူက ဂရုစိုက်တယ့်သူကို ရှာနေတာတယ့် အဲ့ဒါဆို နင်တသက်ရမှာ မဟုတ်ဘူးလို့ အားပေးလိုက်တယ်။ တိုးကားစောင့်နေတုန်း ဆူနမ်က သူ့မိဘတွေနဲ့ စကားပြော ကိုယ်က အမှတ်တရပစ္စည်းတွေရောင်းတယ့်ဆိုင် သွားကြည့်တယ်။

ဇီးကွက်လေးနဲ့ အာဂျင်တီးနားကလာတယ်ဆိုတယ့် ဆွဲကြိုလေး ဝယ်လိုက်တယ်။ ဇီးကွက်ရုပ်ကို ဓာတ်ပုံရိုက်ပြီး ရာမားကို တွေ့လား ဘီယာကြီးလို့ပြတော့ ချစ်စရာလေးတယ့်။ ရာမားကို ဘီယာကြီးလို့ ခေါ်ကြတယ် ဘီယာကြီးဆိုတာ ဘာလဲလို့မေးတော့ ဇီးကွက်တယ့်။ ရာမားမျက်လုံးက ဇီးကွက်မျက်လုံးနဲ့တူလို့ ဘီယာကြီးလို့ ခေါ်တာလားမေးတော့ ဟင့်အင်း ဇီးကွက်လို တုံးအလို့တယ့်။ အဲ့ဒီဆွဲကြိုလေးကိုကြိုက်လို့ ခုတလောအမြဲဆွဲဖြစ်နေတယ်။ ကိုယ်ငယ်ငယ်တုန်းက လက်၊ လည်ပင်းမှာ ရှုပ်ရှတ်ကိုခတ်နေတာပဲ ခုတော့ နာရီလောက်ပဲ ဝတ်ဖြစ်တော့တယ်။ အဲ ကြွားရဦးမယ် ကိုယ်ပတ်ဖူးသမျှ နာရီထဲမှာ ခုပတ်နေတယ့် La Grande Classique de Longines အဖြူရောင်အဝိုင်း ဒိုင်ခွက်ပြားပြားကပ်ကပ်လေးကို အကြိုက်ဆုံးပဲ။ ပတ်လာတာ ၄ နှစ်လောက်ရှိပြီ ခုထိကြိုက်နေတုန်းပဲ elegant ဖြစ်တယ်လို့ ထင်တယ်။ အချိန်အမြဲတိကျတယ့် တိုးကားက ဒီတခါတော့ ၁၅ မိနစ်နောက်ကျတယ်။ ကိုယ်တို့ဆီမှာ လက်ကေ့အိတ်တွေ ပါမယ်လို့ တိုးစီစဉ်ပေးတယ့်သူက မပြောလိုက်တော့ တိုးဂိုက်က ဘန်ကားထဲ အတင်းထိုးထည့်။ လာဖေါ်တူနာမြို့လယ်ကောင်ကိုဖြတ်တော့ တိုးဂိုက်က ဒီနေရာမှာ စိုက်ပျိုးဖြစ်ထွန်းအောင်မြင် စီးပွားလာဘ်လာဘတွေ တိုးစေလို့ လာဖေါ်တူနာလို့ အမည်တွင်ပါသတဲ့။ လာဖေါ်တူနာဆိုတာ Fortune လို့ အဓိပ္ဗာယ်ရပါတယ်တဲ့။ ကော်ဖီစိုက်ခင်းကို ၁၅ မိနစ်လောက် မောင်းရပါတယ်။ ရာသီဥတုက ပူလောင်အိုက်စပ်နေပြီး ချွှေးတောက်တောက်ကျတယ်။ မနေ့ကဆုံခဲ့တယ့် ဘော့စတွန်က အိန္ဒိယမိသားစု ၃ ယောက်နဲ့ ပြန်ဆုံတယ်။ သူတို့ကလည်း ၂ ယောက် ဝင်ခေါ်ရမယ်ဆိုတော့ ကိုယ်တို့လို့ ထင်နေတာတဲ့။ ကော်ဖီအပင်ကအစေ့ကို စားသုံးမိတယ့် တိရစ္ဆာန်တွေ မြူးတူးခုန်ပေါက်နေတာကိုတွေ့လို့ စားကြည့်ပေမယ့် ခါးလွန်းလို့မီးပုံနားကို လွင့်ပစ်လိုက်တယ်။

ကော်ဖီကြိတ်စက် လက်နဲ့လှည့်ရတယ် ခုတော့ လျှပ်စစ်နဲ့
‌နေလှန်း
‌နေလှန်း
ကော်ဖီစက် ကြိတ်ခွဲတဲ့ဆုံ

သင်းပျံ့မွှေးကြိုင်တယ့် အနံ့ထွက်လာလို့ ရှာဖွေကြည့်လိုက်တယ့်အခါ မီးကင်ထားတယ့် ကော်ဖီစေ့ဖြစ်နေတယ်။ ဒီလိုနဲ့ ပထမဆုံးကော်ဖီ ဖြစ်လာပါတယ်။ တိုးဂိုက်က ကော်ဖီတင်ပို့တယ်လမ်းကြောင်းတွေ ပြောပြတယ် မမှတ်မိတော့ဘူး။ ကိုစကာရီကာနိုင်ငံကနေ အကောင်းဆုံးကော်ဖီထွက်ပြီး အဓိကစိုက်ပျိုးတယ့်ကော်ဖီက Arabica ကော်ဖီပါ။ ကော်ဖီပွင့်ကို လမ်းဆင့်ကမ်းပေးပြီး နမ်းခိုင်းကြည့်တယ်။ ကော်ဖီပင်က လူတရပ်လောက်ရှည်ပြီး ပန်းပွင့်က စံပယ်ပန်းနဲ့ဆင်တယ်။ အစိမ်းရောင် ကော်ဖီစေ့ကနေ ရင့်မှည့်လာတယ့် ကော်ဖီစေ့၊ ကော်ဖီအပင်လေးတွေ ဘယ်လိုစိုက်ပျိုးတယ်၊ ဘယ်လိုရာသီဥတု၊ မြေကို ကြိုက်တယ်ဆိုတာ ရှင်းပြတယ်။ ခါးမှာပတ်ထားတယ့် ခြင်းတောင်းလေးနဲ့ ကော်ဖီစေ့ခူးပုံကို သရုပ်ပြတယ်။ ကော်ဖီစေ့ခူးသူအများစုက နီကွာရာကွာနဲ့ ပနားမား၊ အနည်းစုက ကော့စကာရီကန်း။ ဘာလို့ကော့စကာရီကန်း နည်းတာလဲလို့မေးတော့ တခြားတိုးဂိုက်တွေက ကော့စကာရီကန်းတွေ ပျင်းလို့လို့ အလွယ်ဖြေတယ်။ အဲ့ဒါကို သူက မကြိုက်ဘူး ကော့စကာရီကန်းတွေ ပျင်းလို့မဟုတ်ဘူး ပညာတတ်လာကြလို့ ကော်ဖီစေ့ခူးတယ့်အလုပ် မလုပ်တော့တာ။ တိုးဂိုက်ဆို နေ့ဖက်တိုးဂိုက်လုပ်၊ ညဖက်စက်ရုံမှာလုပ်တယ် လုပ်ခက ကော်ဖီခူးတဲ့အလုပ်က အများကြီးရတယ်။ ကော်ဖီစေ့ခူးရတာ တကယ့်မလွယ့်တယ့်အလုပ်။ ရာသီဥတု အပြောင်းအလဲမြန်တော့ ပူလိုက်အေးလိုက်၊ ခြင်၊ မြွှေပေါ၊ နေလောင်။ မလိုတယ့်လက်နက်၊
စစ်တပ်ကိုပဲ တိုးချဲ့ပြီး ပြည်သူတွေကို နှိပ်ကွပ်တယ့် နီကွာရာကွာနိုင်ငံသားတွေ ကော့စကာရီကာနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်ရပြီး ကော့စကာရီကန်းတွေ မလုပ်ချင်တယ့် ကော်ဖီခူးတယ့်အလုပ် လုပ်ကြရတယ်။

ကော့စကာရီကာနိုင်ငံမှာ လူဦးရေ ၅ သန်းရှိတယ့်အထဲမှာ ၁ သန်းက နီကွာရာကွာနိုင်ငံသားတွေ။ ကံမကောင်းတယ့် နီကွာရာကွာ၊ ပနားမား ညီအစ်ကိုမောင်နှမတွေကြောင့် ကော်စကာရီကာနိုင်ငံရဲ့ ကော်ဖီစိုက်ပျိုးရေး အောင်မြင်နေတာ သူတို့ကို ကျေးဇူးတင်ပါတယ်တဲ့။ ကော်ဖီခူးတယ့်အခါ တချို့က ခူးခနည်းနည်းပိုပေးပြီး အရည်အသွေးကောင်းတာတွေပဲ ခူးခိုင်းတယ်။ ကော်ဖီစေ့တွေကို သတ်မှတ်ထားတယ့်ပုံးနဲ့ ဈေးဖြတ်တယ် တပုံး ဒေါ်လာ ၂ ကျပ်ဆိုလား။ အရင်တုန်းက ကော်ဖီစေ့တွေကို နေလှန်းပြီး အခြောက်ခံတယ် ခဏခဏ လှန်ပေးဖို့လိုတယ် ခြောက်သွေ့တာ ညီအောင်လို့။ ခုခေတ်မှာတော့ စက်နဲ့ အခြောက်ခံတယ်။ အရင်တုန်းက ဆုံထဲထည့်ပြီး ကျည်ပွေ့ကြီး ၂ ခုနဲ့ ထောင်းရတယ်။ အဲ့ဒီအလုပ်ကို မိန်းမတွေ လုပ်တာတယ့် တိုးဂိုက်က ကျည်ပွေ့ကို လက်ဆင့်ကမ်းပြီး မခိုင်းတယ် အယ်မလေး မနည်းမယူရတယ်။ ကြည့် အရင်တုန်းက အမျိုးသမီးတွေ ဘယ်လောက်သန်မာလိုက်မလဲလို့။ အဲ့ဒါကြောင့် အဘိုးဆို အိမ်ရောက်ရင် တိတ်နေတာပဲ တုတ်တုတ်မှမလှုပ်ရဲဘူး။ ထောင်းပြီးလို့ ကြေမွနေတယ့် ကော်ဖီစေ့တွေကို လေထဲမြောက်လိုက်ရင် ကော်ဖီစေ့အခွံတွေက လေနဲ့လွင့်ပါသွားပြီး ကော်ဖီစေ့တွေက ဆုံထဲကျလာတယ်။ နောက်ဆုံးအဆင့်ကတော့ လှော်တာပါ။ မလှော်ရသေးတယ့် ကော်ဖီမှုန့်တွေကို ဝိတ်ချတယ့်ဆေးဝါး အစားအစာတွေမှာ သုံးတယ်တယ့်။ နည်းနည်းလှော်ပြီးတယ့် light အဆင့်က ကော်ဖီနံ့ သိပ်မထွက်သေးဘူး။ medium လောက်ဆို အရောင်နည်းနည်းမည်းပြီး အနံ့မွှေးလာပြီ။ dark ကတော့ အရောင်အမည်းဆုံး။ ဒီသုံးမျိုးထဲမှာ ဘယ်ဟာက ကဖင်းဓာတ်အများဆုံးလဲ dark က အများဆုံးထင်တယ်။ သုံးမျိုးစလုံး ကဖင်းဓာတ်က အတူတူပဲ ရေပူရေအေးနဲ့ ဖျော်တယ့်အခါမှာ ကဖင်းဓာတ်အနည်းအများ ကွာသွားတာတယ့်။ ရေအေးနဲ့ဖျော်ရင် ကဖင်းဓာတ်တွေ လုံးဝမရှိတော့ပါဘူးတယ့် အဲ ၂ နာရီလောက်ကြာတယ်တယ့်။

ကော်ဖီစက် လှော်တဲ့စက်

တင်ပို့ရောင်းချတယ့်အခါမှာ လှော်ပြီးသားကို မရောင်းဘူးတယ့်။ ချောက်ကလက်ကို ကိုကာပင်က ရပါတယ်။ အပင်အောက်ခြေနားမှာသီးတယ့် ကိုကာသီးက အစိမ်းဆို pear သီး အရသာရှိပြီး အမှည့်ဆို နည်းနည်းချဉ်စုပ်စုပ် အရသာရတယ်။ တိုးဂိုက်က အားလုံးကို မြည်းခိုင်းတယ်။ ကိုကာသီးတွေကို သစ်သားဘောက်စ်မှာ အချည်ပေါက်အောင်စိမ် နေလှန်းပြီး ကြိတ်လိုက်တော့မှ ကိုကာမှုန့်ရပါတယ်။ နေလှန်းထားတယ့် ကိုကာစေ့ဟာ အင်မတန်ခါးပါတယ်။ တိုးခရီးသည်တွေကို ကိုစကာရီကန်ရိုးရာ နွားလှည်းတက်စီးခိုင်းတယ်။ ခရမ်းကို အလည်သွားတုန်းက နွားလှည်းစီးချင်တာ အိကေက လမ်းကဆိုးတယ် စားသမျှ အစာကြေဆေးမလိုဘဲ အစာကြေသွားလိမ့်မယ် ထိခိုက်ဒဏ်ရာရမှာစိုးလို့ မစီးခိုင်းဘူး။ ခုတော့ နွားတွေကိုသနားလို့ စီးဆိုတာတောင် မစီးဘူး။ ဈေးကွက်ထဲက ချောကလက်ဆိုတာ ကိုကာမှုန့်နည်းနည်း၊ နို့၊ သကြားများများ အာပလာတွေ ခု တို့တွေ တကယ့်ချောကလက်ကို ကိုယ်တိုင် လုပ်ကြမယ်။ ၂ ယောက်၊  ၃ယောက်တအုပ်စုခွဲပြီး တိုးဂိုက်က ပန်းကန်ပြားတချပ်ထဲ ကိုကာမှုန့်ကို  ထည့်ပေးတယ်။ အလယ်မှာချထားတယ့် ပြောင်းဖူးမှုန့်၊ ဆား၊ ငရုတ်ကောင်း၊ သကြားညို၊ ဗင်နီကာ၊ နို့မှုန့်တွေ  ယူထည့်ပြီးနယ်။ မြည်းကြည့် လိုမယ်ထင်တာထပ်ထည့် ထပ်မြည်း ကိုကာမှုန့်က ခါးလွန်းတော့ သကြားနဲ့ နို့မှုန့်များများ ထည့်ရတယ်။ ကိုယ့်စိတ်တိုင်းကျ ချောကလက်ကို ကိုယ်တိုင်လုပ်ရတာ ပျော်ဖို့ကောင်းသား။ ပြီးတော့ နာနတ်သီး၊ ငှက်ပျောသီးအတုံးလေးတွေကို ချောကလက်ဖြူဆမ်း၊ ချောကလက်ညို၊ ချောကလက်ဖြူကျွှေးတာ အင်မတန်ကောင်းတယ်။ ပြီးတော့ ကော်ဖီဘယ်လိုဖျော်တယ်ဆိုတာ ရှင်းပြတယ်။ ကော့စရီကာရီကန်းကော်ဖီ အင်မတန်ကောင်းတယ် ကော်ဖီမကြိုက်တယ့်ကိုယ်တောင် ကြိုက်တယ်။ အမှတ်တရပစ္စည်းဆိုင်မှာ ကော်ဖီ၊ ကော်ဖီစေ့ပါတယ့် ချောကလက်ဖြူ၊ coca butter ၊ ဘောပင်ထည့်ဖို့ အိုးလေးတလုံး ဝယ်တယ်။ ပုံမှန်ဆို တိုးဂိုက်ကို တဖ်ပေးပေမယ့် လက်ဆောင်တွေ အများကြီးဝယ်ထားပြီးပြီမို့ ဆူနမ်က တဖ်ပေးစရာမလိုတော့ဘူးတယ့်။ ကော်ဖီ၊ ချောကလက်တိုးပြီးတဲ့အခါ  လာဖေါ်တူနာမြို့ကနေ မြို့တော်ဆန်ဟိုဆေးဆီသွား ညနေစောင်း ဆန်ဟိုဆေးမြို့ထဲ သွားလည်တယ့်အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
ဧပြီ ၅၊ ၂၀၁၈။
ကိုကာအစိမ်းနဲ့ အမှည့်
ကိုကာစေ့ အချဥ◌်ဖောက်တာ
ကိုကာစေ့ နေလှန်း
ကိုကာစေ့ကနေ ကိုကာထုတ်လုပ်ပုံ အဆင့်ဆင့်
ကိုစကာရီကာ ရိုးရာနွားလှည်း
ချောကလက် လုပ်နေကြတာ
နာနတ်သီး၊ ငှက်ပျောသီးပေါ် ချောကလက်လောင်း၊ ချောကလက်ညို၊ ချောကလက်ဖြူ အလွန်စားကောင်းတယ်
ကိုစကာရီကာ ရိုးရာကော်ဖီဖျော်နည်း သရုပ်ပြနေတာ

3 comments:

Anonymous said...

မိုုက္တာကြာ
မမအုုိင္အိုုရာ

San San Htun said...

ခပ္မိုုက္မိုုက္ပဲ ... တိန္..

San San Htun said...

Anonymous said...
မိုက်တာကွာ
မမအိုင်အိုရာ
April 7, 2018 at 11:00 AM
San San Htun said...
ခပ်မိုက်မိုက်ပဲ ... တိန်..
April 10, 2018 at 10:46 PM