ပနားမားသွား တောလား - ၁
မတ် ၁၉  တနင်္လာနေ့ မနက် ၄ နာရီ ၁၅ မိနစ် ဟိုတယ်ကနေ ပထမဆုံးထွက်မယ့် ရှယ်တယ်စီးဖို့ မနက် ၃ နာရီခွဲထဖို့ နှိုးစက်ပေးထားတယ်။ မနက် ၃ နာရီကတည်းက ဆူနမ်က ရေထချိုးတော့ နှိုးစက်မနှိုးခင် နှိုးပါလေရော။ ဆူနမ် အိပ်ပျော်ပုံမရဘူး ခရီးသွားတယ့် ၄ ရက်မှာ ပထမဆုံးတစ်ရက်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။ လေယာဉ်ပေါ်၊ ကားပေါ်မှာလည်း မအိပ် တော်တော်အအိပ် နည်းတယ့်သူပဲ။ check out လုပ်တော့ မနက်စာထုပ်ပေးထားတယ်။ လေဆိပ်ကို မိနစ် ၂၀ လောက်ပဲမောင်းရတယ် လမ်းရှင်းလို့။ လေဆိပ်ကောင်တာမှာ check in လုပ်၊ လုံခြုံရေးစစ်ပြီးတော့ ဆူနမ်မှာ တခြားလိုင်းမှာ စီနေတုန်း။ စောင့်နေချိန်လေးမှာ လက်ဆောင်ပစ္စည်းဆိုင်ဝင် အမှတ်တရဘာဝယ်ရမလဲလို့ရှာ။ ကော်ဖီစေ့လေးတွေတင်ထားတဲ့ နွားမပါတယ့်လှည်းလေး ဝယ်လိုက်တယ် ငါးကျပ်တဲ့။ လက်ဆောင်ဝယ်ပြီးတယ့်အချိန်အထိ ဆူနမ့်ကို မတွေ့သေးလို့ ဟိုဒီကြည့်နေတုန်း ပြေးလွှားနေတယ့်ဆူနမ်ကိုတွေ့လို့ လှမ်းခေါ်လိုက်တော့ ကိုယ့်ကိုလိုက်ရှာနေတာတယ့်။ ဂိတ်မှာရော၊ လက်ဆောင်ပစ္စည်းဆိုင်မှာရော ဝင်ကြည့်တယ်။ ကိုယ့်ကိုမတွေ့လို့ သူ့ကိုယ်များ လိုက်ရှာနေတာလားလို့ လိုက်ရှာနေတာတဲ့။ boarding လုပ်နေပြီ၊ အိမ်သာသွားချင်တာ၊ ရှူးပေါက်ချင်တာတောင် မသွားဘဲလိုက်ရှာနေတာ ဦးထုပ်ကဘယ်မှာ ကျကျန်ခဲ့လဲမသိဘူးတယ့်။ ဘာလို့ပြေးလွှားလိုက်ရှာနေတာလဲ၊ boarding ဖွင့်ပေမယ့် လေယာဉ်ထွက်ဖို့ ၁ နာရီခွဲတောင် လိုသေးတယ်။ ကိုယ်က သူ့ကိုရှာမတွေ့ရင် ပြေးလွှားလိုက်ရှာနေမှာ မဟုတ်ဘူး။ လေယာဉ်လက်မှတ်မှာ ဂိတ်နံပါတ်ပါတယ် အဲ့ဒီဂိတ်မှာ သွားစောင့်နေမယ်။ နောက်ဆုံးတော့ ဂိတ်ကိုလာမှာပဲ မဟုတ်လား။ ကိုယ့်ကိုအပြစ်တင် ထပ်ခါထပ်ခါပြောနေပေမယ့် ကိုယ့်အမှားမဟုတ်လို့ ဆောရီးမပြောဘူး။ ကော့စကာရီကာမြို့တော် ဆန်ဟိုဆေးကနေ ပနားမားကို ၁ နာရီမောင်းရပါတယ်။ ကိုယ့်ဘေးမှာထိုင်တယ့် ကောင်မလေးက bulldog ခွေးကို ဆွဲခြင်းလေးနဲ့ သူ့ခုံအောက်မှာထားတယ်။ အံမယ် သကောင့်သားက ကြောက်လို့ တအီအီအသံပေးတာကလွဲရင် အသံအကျယ်ကြီး မဟောင်ဘူး။ ပနားမားလူဝင်မှုကြီးကြပ်ရေးကိုဖြတ်တော့ အက်စ်ပန်ညော် (စပိန်စကားပြောတတ်လား) လို့မေးတော့ ခေါင်းခါလိုက်တယ်။
ဘယ်ဟိုတယ်သွားမှာလဲလို့ စပိန်လိုမေးတယ် ပနားမားတူးမြောင်းကိုသွားမှာ ဟိုတယ်မှာမတည်းဘူး ခုသွားပြီး ညနေပြန်လာမှာ လက်နဲ့လည်း အမှုအယာပြလိုက်တယ်။ မြန်မာဆိုတာရှာမတွေ့လို့ MMR ဆိုတာ ကူရှာပေးရသေးတယ်။ နာမည်အပြည့်အစုံက last name မှာရောက်နေလို့ first name၊ last name ပြင်ပြီးတော့ ဗီဇာလိုတယ်တဲ့။ ဟမ် ဂရင်းကဒ်က ဗီဇာလိုသလားမေးတော့ စိတ်ညစ်သွားတယ့်ပုံနဲ့ ဒုန်းဆိုဗီဇာထုပေးလိုက်တယ် ဂွတ်တယ့်။ ဆူနမ်က ဘေးမှာရပ်စောင့်နေတုန်း သူ့အရာရှိက အင်္ဂလိပ်စကား ကျွှမ်းကျွှမ်းကျင်ကျင် ပြောတတ်တယ်။ ပတ်စပို့စာအုပ်ကို အရာရှိတယောက်ဆီ ပေးလိုက်ပြီး စောင့်နေတယ့်။ နောက်တော့ လူအများကြီး သူ့နောက်ကိုလိုက် သူက ရုံးခန်းထဲဝင်သွားပြီး ခဏကြာတော့ ပြန်ထွက်လာပြီး ပတ်စပို့စာအုပ်ပြန်ပေးတယ်။ ကိုယ်လည်း အဲ့ဒီလိုဖြစ်မှာ ကိုယ့်အရာရှိက အင်္ဂလိပ်စကားမပြောတတ် ကိုယ်ကလည်း စကားခပ်များများ ရစ်နေတော့ ကိစ္စအမြန်ပြီးအောင်ဆိုပြီး ဒုန်းဆိုဗီဇာထုပေးလိုက်တာ ဖြစ်မယ်။ ပတ်စ်ပို့စ်စာအုပ်စောင့်နေတုန်း မနက်ကဆန်ဟိုဆေးလေဆိပ်မှာ သူပြေးလွှားရှာနေတုန်း ဦးထုပ်ကျပျောက်တယ့်အကြောင်း ထပ်ပြောပြီး ကိုယ့်ကိုအပြစ်တင်နေလို့ ဆောရီးပြောလိုက်တော့မှပဲ အပြစ်တင်နေတာ ရပ်တော့တယ်။ ဆောရီးမပြောမချင်း အပြစ်တင်ပြောနေမှာ။ တခါတလေ အဲ့ဒီလိုကိုယ့်အမှားလည်းမဟုတ်ဘဲ ကိုယ့်အမှားဆိုပြီးအပြစ်တင်ခံရ၊ ဆောရီးလို့ မတောင်းပန်ချင်ပေမယ့် တောင်းပန်လိုက်ရတာတွေရှိတယ်။ တက္ကဆီကောင်တာမှာ ကိုယ့်နာမည်ရေးထားတယ့် စာရွက်ကိုင်စောင့်နေတယ့် တိုးဂိုက်ကိုတွေ့တယ်။ နေရောင်က အရှိန်ခပ်ပြင်းပြင်း ပူလောင်အိုက်စပ်နေတာပဲ ၈၀ ဒီဂရီအထက်နေမှာ။ စကာၤပူရာသီဥတုနဲ့တူတယ်။ တိုးဂိုက်က စပိန်သံအတော်ဝဲတယ် မနည်းနားထောင်ရတယ်။ ပနားမားရဲ့လမ်းတွေက ကျယ်ပြောဖြောင့်ဖြူးနေပြီး တိုက်အမြင့်ကြီးတွေနဲ့ တိုးတက်တယ့်တိုင်းပြည်မှန်း သိသာတယ်။ ဟိုးအရင်တုန်းက ကိုလံဘီယာလက်အောက်ခံ   ပနားမားတူးမြောင်းကို ပြင်သစ်တွေက နှစ် ၂၀ ကြာ ဖောက်လုပ်ခဲ့တယ်။ ရောဂါထူအသေအပျောက်များ ငွေကုန်ကြေးကျများလို့ ရပ်ပစ်ခဲ့ကြတယ်။ နောက် အမေရိကန်က အခြေစိုက်စခန်းဖွင့်ပြီး ဆက်လုပ်ချင်တာ ကိုလံဘီယာက ခွင့်မပြ ုဘူး။
ဆန်ဟိုဆေးလေဆိပ် ကော့စကာရီကာရိုးရာ နွားလှည်း
ပနားမားက ကိုလံဘီယာကနေခွဲထွက်ပြီး ၄ ရက်အကြာမှာ အမေရိကန်နဲ့ သဘောတူစာချုပ်ချုပ်ဆိုတယ်။ ကိုလံဘီယာကနေ ခွဲထွက်ဖို့ အမေရိကန်က ကူညီခဲ့တယ်လို့ ကောလဟာလ သတင်းတွေထွက်တယ်။ ပနားမားမှာ စစ်တပ်မရှိဘူး ရဲပဲရှိတယ်။ ကိုလံဘီယာက လာတိုက်မှာ မစိုးရိမ်ဘူးလားမေးတော့ ဟင့်အင်း အမေရိကန်စစ်သင်္ဘောတွေက ပင်လယ်ဝမှာ စောင့်နေတာ ကိုလံဘီယာလာမတိုက်ရဲဘူးတယ့်။ အမေရိကန်အခြေစိုက်စခန်းကလူတွေနဲ့ ပနားမားတွေ ရန်ဖြစ်ရင် ပနားမားတွေကိုပဲ အပြစ်ပေးလို့ မကျေနပ်မှုတွေ ကြီးထွားလာပြီး ဆန္ဒပြအဓိကရုဏ်းတွေ ဖြစ်ခဲ့တယ်။ နောက်တော့ သမ္မတဂျင်မီကာတာက ၁၉၉၉  ဒီဇင်ဘာ ၃၁ ည ၁၁း၅၉ မှာ ပနားမားကို အပြီးလွှဲပြောင်းပေးတယ့် စာချုပ်ချုပ်ဆိုခဲ့တယ်။ ခုတော့ အမေရိကန်အခြေစိုက်စခန်းတွေ မရှိတော့ဘူး။ ကိုလံဘီယာ မူးယစ်ရာဇာတွေက ငွေကြေးခဝါချတာတွေ ပနားမားမှာ လုပ်လေ့ရှိပေမယ့် အစိုးရက ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းပါတယ်တဲ့။ ဒါပေမယ့်လည်း ထိပ်သီးပိုင်းမှာ လာဘ်စားမှုတွေ ရှိနေတော့ ထောင်ကျပေမယ့် ပိုက်ဆံရှိရင် ထောင်ကဟိုတယ်ပါတယ့်။ ၂၀၀၄ လောက်တုန်းက ပနားမားပေပါ scandal သတင်းမှာတွေ့လိုက်ဖူးတယ်။ တကယ်မရှိတယ့် ဆောက်လုပ်ရေးစီမံကိန်းတွေ လုပ်နေပါတယ်ဆိုပြီး ငွေကြေးခဝါချတာ။ ကျောင်း၊ ဆေးရုံ အခမဲ့၊ ပင်စင်ရှိတယ်။ ပနားမားတူးမြောင်းကို ပနားမားပြည်သူတွေပိုင်တာတယ့်။ ပနားမားတူးမြောင်း ဘုတ်အဖွဲ့က အစိုးရဝန်ထမ်းတွေ မဟုတ်ဘူး။ လာဘ်မစားတယ့် သမာသမတ်ရှိတယ့်သူတွေ ဦးဆောင်နေတာတယ့်။ တောင်အမေရိကတိုက်ကို ကွေ့ပတ်သွားလာနေရတာ အချိန်ကုန်တာမို့တူးမြောင်းဖောက်ဖို့ လမ်းကြောင်းရွေးခြယ်ကြတယ့်အခါ နီကွာရာကွာနဲ့ပနားမားကို ရွေးလိုက်ကြတယ်။ နီကွာရာကွာနိုင်ငံမှာ မီးတောင်တွေရှိပြီး ငလျင်ကြောရှိတာမို့ ပနားမားကိုရွေးချယ်လိုက်ကြတာတယ့်။ ပနားမားတူးမြောင်း ဖြတ်ချင်တယ်ဆိုရင် မှတ်ပုံတင်ပြီးငွေလွှဲ ၃ ရက်လောက်စောင့်ရတယ်။ တူးမြောင်းတခုလုံးဖြတ်ဖို့ ၈ နာရီလောက် ကြာပါတယ်တယ့်။ သဘောၤတစီးဆို ပိုက်ဆံတွေအများကြီးရတာပဲ။ ပိုက်ဆံအများကြီးရတယ်ဆိုပေမယ့် နိုင်ငံအုပ်ချုပ်တယ့်အစိုးရတော်မှပဲ တိုင်းပြည်တိုးတက်တယ်။ နေ့လည် ၁၁ အထိ သဘောတွေဖြတ်တာမို့ အဲ့ဒီအချိန်အရောက်သွားရမယ်။ အဲ့ဒီအချိန်ပြီးရင် ညနေစောင်းမှပဲ သင်္ဘောတွေ ဖြတ်တော့မယ်တယ့်။ လေဆိပ်ကနေ ပနားမားတူးမြောင်းကို နာရီဝက်ကျော်လောက် မောင်းရပါတယ်။
အောက်ထပ်မှာ လတ်မှတ်တစ်ယောက် ၁၅ ကျပ် ပေးဝယ်တယ်။ ပနားမားက ယူအက်စ်ဒေါ်လာပဲသုံးပြီး အကြွေကိုတော့ ပနားမားအကြွေစေ့တွေ သုံးပါတယ်တဲ့။ ဝရန်တာမှာ လူတွေကြိတ်ကြိတ်တိုး အပျော်စီးသင်္ဘောကြီး ဖြတ်ဖို့ပြင်ဆင်နေတယ်။ သင်္ဘောကို တံခါး ၂ ခု ကာထားတယ့်အထဲထည့် ရေတွေဖြည့်၊ ဒီဖက်ကန်ထဲကရေတွေနဲ့ ဟိုဖက်ကန်ထဲကရေ မျက်နှာပြင်ညီရင် ရေကာတာတံခါးဖွင့် တရွေ့ရွေ့မောင်း။ ဘေးကနေ လော်ဘီကားလေးတွေက သဘောၤ တူးမြောင်းနံရံကို မတိုက်မိအောင် ထိန်းပေးထားတယ်။ ၂၀၁၆ မှာ ပနားမားတူးမြောင်းချဲ့ဖို့ ပနားမားသား ၈၀ ရာခိုင်နှုန်း မဲပေးထောက်ခံလို့ တိုးချဲ့ဆောက်လုပ်နေပါတယ်။ ရေထိန်းတံခါးက အရင်လို အဖွင့်အပိတ်မဟုတ်ဘဲ လျှာထိုးတံခါးဖြစ်လို့ အသုံးပြုရတယ့် ရေဂါလံအများကြီး သက်သာသွားတယ်တယ့်။ အဲ့ဒီတူးမြောင်းဖွင့်ခဲ့ရင် ပိုက်ဆံတွေ ရဦးမယ်။ ပနားမားတူးမြောင်းဟာ ကမ္ဘာ့အံ့ဖွယ်ထဲမှာ ပါပါတယ်။ ထူးခြားဆန်းကြယ်လှတယ့် အင်ဂျင်နီယာနည်းပညာ။ သဘာဝတရားကို အောင်ပွဲဆင်တယ့် မဟာလူသားတွေရဲ့ ညဏ်ပညာကြီးကြယ်မှု။ နယူးယောက် upstate ဖက်က  Eirel တူးမြောင်းက အဲ့လိုလုပ်ထားတာ။ ပနားမားတူးမြောင်းအကြောင်း အင်တာနက်မှာဖတ်ဖူး၊ ယူကျူမှာမြင်ဖူးထားပေမယ့်လည်း မျက်စိနဲ့တပ်အပ်မြင်ရတာ ရင်သပ်ရှုမောဖွယ်ရာပဲ။ တရွေ့ရွေ့သွားနေတယ့် အပျော်စီးသင်္ဘောပေါ်ကလူတွေက လက်တွေဝှေ့ယမ်းပြ၊ ကိုယ်တို့ကလည်း လက်ဝှေ့ဝမ်းပြ။ တိုးဂိုက်ရောက်လာတယ့်အချိန် ကိုယ်တို့က နေရာကောင်း ရနေပြီ။ ၁၁ နာရီမှာ ပနားမားတူးမြောင်းအကြောင်း ဗွီဒီယိုကြည့် ပြီးရင်ပြတိုက်ထဲဝင်ကြည့်။ ပြတိုက်က မိနစ် ၂၀ လောက်ပဲကြာမယ် ပြီးရင်ရှေ့မှာစောင့်နေပါတယ့်။ theater ဘယ်မှာလဲလို့မေးတော့ လက်ညှိုးထိုးပြတယ့် နေရာထဲကိုဝင်ရှာတာမတွေ့ ပတ်ပတ်လည်ရှာတာလည်းမတွေ့။ လမ်းမလျှောက်နိုင်တော့တယ့် ဆူနမ့်ကိုစောင့်ခိုင်းပြီး အောက်ထပ်ကိုပြေး မေးကြည့်တော့ အောက်ထပ်မှာတယ့်။ သုံးထပ်ကိုပြန်တက် ဆူနမ့်ကိုခေါ် theater ထဲဝင်။ ၁၅ မိနစ်ဗီဒီယိုလေးက အင်မတန်ကြည့်ကောင်းတယ် ပနားမြောင်းတူးမြောင်း သမိုင်းကြောင်းကို သေသေချာချာ ရှင်းပြတယ်။ ပြတိုက်ထဲမှာတော့ ပနားတူးမြောင်းတူးတုန်းက သမိုင်းအထောက်အထား ဓာတ်ပုံ၊ အသုံးအဆောင်၊ ပစ္စည်းတွေ၊ တူးမြောင်းပတ်ဝန်းကျင်မှာတွေ့ရတယ့် သဘာဝတောရိုင်းတိရစ္ဆာန်တွေ၊ 3D movie နဲ့ သင်္ဘောဦးခန်းကနေ ပနားမားတူးမြောင်းကို ကျော်ဖြတ်တာတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတယ်။ ပနားမားရဲ့ အထင်ကရနေရာတွေကို သွားလည်တယ့်အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။
စန်းထွန်း
ဧပြီ ၁၅၊ ၂၀၁၈။
2 comments:
Anonymous said...
ပနားမားတူးမြောင်းထဲအပျော်စီးသဘောင်္တွေသွားတာတီဗီမှာကြည့်ဖို့ ကြုံတိုင်းတောသူမ က ဝေါတူးမြောင်းပြေးပြေးသတိရနေတုန်း။
မမအိုင်အိုရာ
San San Htun said...
Anonymous said...
ကိုယ်လည်းပနားမားတူးမြောင်းကိုသိပ်စိတ်ဝင်စားတာ။
ကွေ့ဝိုက်သွားနေရတဲ့ပင်လယ်ရေမိုင်တွေ အများကြီးချုံ့ပစ်ပြီး သဘာဝကိုတန်ဖိုးရှိအောင်ဖန်တီးယူခဲ့တာအင်မတန်သဘောကျခဲ့မိတယ်။
ကိုယ်တော့မရောက်ဖူးတော့ရောက်ဖူးတဲ့ မြန်မာပြည်က ဝေါတူးမြောင်းကိုဖတ်ရင်းသတိရမိပါရဲ့။
ဝေါတူးမြောင်းကလည်းအဲလိုဘဲ ရေပြင်ကိုတူးမြောင်းနဲ့မိုးအင်းကြီး အင်းထဲကရေနဲ့ရေတံခါးတွေအဖွင့်အပိတ်လုပ်ပြီးညှိရတာလေ။
အင်္ဂလိပ်တွေဆောက်ခဲ့တော့အလွန်စနစ်ကျတာ ပြောစရာမလိုအောင်ပါ။ ပြောရလောက်အောင်တော့လည်းနားမလည်ပါဘူးလေ။
ပနားမားတူးမြောင်းထဲသဘောၤမစီးဘူးပေမဲ့ မိုးအင်းကြီးထဲ မော်တော်ဘုတ်အသေးလေးနဲ့ကွင်းဆင်းခဲ့ရတိုင်း တူးမြောင်းတံခါးနားရောက်လို့တံခါးဖွင့်ထားရင် အသည်းတွေတုန်ကြောက်ခဲ့ရတာ ။အင်းနဲ့တူးမြောင်း ရေအနိမ့်အမြင့်မတူတော့ ရေအရှိန်နဲ့မျောပါပြုတ်ကျသွားမှာစိုးလို့။ ဝေါတူးမြောင်းထဲတော့ မော်တော်စီးခဲ့ဘူးပါရဲ့။
ပနားမားတူးမြောင်းထဲအပျော်စီးသဘောၤတွေသွားတာတီဗီမှာကြည့်ဖို့ကြုံတိုင်းတောသူမ က ဝေါတူးမြောင်းပြေးပြေးသတိရနေတုန်း။
ရှည်သွားလို့ဆောတီး ဘဲ စန်းထွန်းလေးရေ။
မမအိုင်အိုရာ
April 29, 2018 at 8:08 PM