ယူအက်စ်သွား တောလား - ၄

မနက် ၇ နာရီ နိုင်အာဂရာ ရေတံခွန်ဆီသွားတော့ Niagara in-depth tour မလိုက်တဲ့သူတွေကို food court ရှေ့မှာချပေးခဲ့ပြီး ၉  နာရီခွဲမှာ Maid of the mist စီးဖို့ လာခေါ်မယ်တဲ့။ နိုင်အာဂရာမြစ်က ကနေဒါနဲ့ယူအက်စ်ကို နယ်နမိတ်ခြားထားတဲ့ မြစ်ပါ။ ဝိုင်ဖိုင်မှာ ကနေဒါလိုင်းတွေ တွေ့ရတယ်။ ကနေဒါဖက်က ရေအားလျှပ်စစ်ထုတ်တဲ့ ရေကာတာကို တွေ့ရပါတယ်။ ယူအက်စ်ဖက်မှာလည်း ရှိတယ်တဲ့ ကျွန်မတို့ကားအောက်ဖက်ဆိုတော့ မမြင်ရဘူး။ Whirlpool State Park မှာ ခဏရပ်ပေးပါတယ်။ ရေတွေက အမြင့်ကနေ စီးဆင်းတော့ ဝဲဂယက်တွေ ထနေတဲ့နေရာမှာ အောက်စီဂျင် ပိုများတယ်။ အဲဒီတော့ အဲဒီမှာ ဖမ်းမိတဲ့ငါးတွေက အရသာရှိတယ် အရသာအရှိဆုံးလို့တောင် ဆိုရမယ်တဲ့။ ပရော်ဖက်ရှင်နယ် water rafting သမားတွေဆို အဲဒီမှာ လာလေ့ကျင့်ကြတယ်တဲ့။ ၁၅ မိနစ်လောက်မောင်းရင် နိုင်အာဂရာခံတပ်ဟောင်းကို ရောက်ပါတယ်။ လက်မှတ်ပြရင် လက်ဖမိုးပေါ်မှာ လိပ်ပြာတံဆိပ်တုံး ထုပေးတယ်။ ဘယ်ခံတပ်က ဗြိတိသျှခံတပ်လို့ထင်သလဲလို့ တိုးဂိုက်ကမေးတော့ သရဖူတံဆိပ်ရှိတဲ့ခံတပ်က ဗြိတိသျှတွေ ဆောက်ခဲ့တာနေမှာ။ မမှန်ဘူး အဲဒါ ပြင်သစ်တွေ ဆောက်ခဲ့တာ နောက်တော့ ဗြိတိသျှတွေက လူတွေတက်ကြည့်လို့ရအောင် အထပ်ပါတဲ့ခံတပ် ထပ်ဆောက်တယ်။ ဒီမှာ ဗြိတိသျှတွေ၊ ပြင်သစ်တွေ ဒေသခံအမေရိကန်အင်ဒီးယန်းဆီကနေ ဝက်ဝံရေတို့ဘာတို့ကို ဈေးပေါပေါနဲ့ဝယ်ပြီး ပြန်ရောင်းကြတာပေါ့။


Whirlpool State Park
အဲဒီနေရာမှာ အောက်ဆီဂျင် ပိုများလို့ အဲဒီက ငါးတွေက အရသာ အရှိဆုံး
ပရော်ဖက်ရှင်နယ် rafting သမားတွေ လာလေ့ကျင့်တဲ့ နေရာပါတဲ့
ကနေဒါဖက်က လျှပ်စစ်ဓာတ်အားထုတ်တဲ့ ရေကာတာ


အရင်ခေတ်တုန်းက အမေရိကန်စစ်သည်တော်တွေဝတ်တဲ့ အဝတ်အစား ဝတ်ထားတဲ့ ကောင်လေးသုံးယောက်ကို တွေ့တယ်။ ဟိုးတုန်းက သေနတ်က ခုခေတ်လို ကျည်ဆံနဲ့ပစ်ရတာ မဟုတ်ဘူး။ gun power မှုန့်ကို အလုံးဖြစ်အောင်လုပ်ပြီး ပစ်ရတာ အသံလည်း အရမ်းမြည်တယ်။ သေနတ်ပစ်မယ့်နေရာမှာ လူတွေရှိနေလို့ လူရှင်းအောင် စောင့်ရတယ်။ ပထမအကြိမ်ပစ်တာ ပေါင်ဒါမှုန့်မထွက်လို့ ဒုတိယအကြိမ်ပစ်မှ မြည်တယ်။ ပြီးတော့ စစ်သားလေးက ဓာတ်ပုံတွဲရိုက်ဖို့ ဖိတ်ခေါ်တယ် ရှက်မနေပါနဲ့တဲ့။ ခံတပ်ပေါ်ကို တက်ကြည့်ကြလို့ စစ်သားလေးက အောက်ဆင်းကြပါလို့ လှမ်းအော်တယ်။ နိုင်အာဂရာခံတပ်ဟောင်း ဘေးမှာရှိတဲ့ Lake Ontario လိက်ခ်အွန်တေရီအိုဟာ ကြီးလွန်းလို့ ပင်လယ်လို့တောင် ထင်ရတယ်။ ငါးမျှားနေတဲ့ ဘုတ်ကလေးတွေ တွေ့တယ်။ ရာသီဥတု ကောင်းမွန်နေတော့ ကနေဒါနိုင်ငံ တိုရွန်တို Toronto မြို့ စကိုင်းလိုင်း skyline ကို ပျပျလေး လှမ်းမြင်ရတယ်။ ရေကန်နားဆိုတော့ နေပူပေမယ့်လည်း လေတိုက်ရင် အေးတယ်။ ခံတပ်က အခန်းတွေကို လျှောက်ကြည့်ကြတယ်။ ဒီအခန်းက ပစ္စည်းသိုလှောင်ခန်း၊ ဒီအခန်းက အိပ်ခန်း၊ ဒီအခန်းက ထမင်းစားခန်း၊ ဒီအခန်းက ထမင်းချက်တဲ့အခန်း ဖြစ်ရမယ်။ ထင်းမီးနဲ့ချက်ပြုတ်တာကို ခုခေတ်အမေရိကန်ကလေးတွေ ဘယ်မြင်ဖူးပါ့မလဲ။ ဘာဘီကျူးကင်ရင် မီးသွေးနဲ့ ကင်ရတာလောက်ပဲ သိမှာ။ အခန်းတခန်းရောက်တော့ ဘာမှန်းမသိတဲ့ သံပုံးကြီးကိုကြည့်ပြီး ဘာဖြစ်မလဲလို့ ခန့်မှန်းကြတယ်။


သေနတ်ပစ်တာ သရုပ်ပြတဲ့ အမေရိကန်စစ်သားလေးနဲ့အတူ
ပင်လယ်လို့ ထင်ရတဲ့ Lake Ontario ရာသီဥတုကောင်းလို့ ကနေဒါနိုင်ငံ တိုရွန်တိုမြို့ စကိုင်းလိုင်းကို ပျပျလေး မြင်ရတယ်
အမြောက်ကြီးနဲ့


သြော်...သိသွားပုံရတဲ့ တရုတ်ကြီးကို what is that လို့မေးတော့ နားမလည်ဘူး sheme ရှံမား ဘာလဲလို့ တရုတ်လိုမေးတော့ တရုတ်လို ပြန်ဖြေတယ်။ ကျွန်မက နားမလည်ဘူးလို့ ခေါင်းခါပြတယ် ဒီတော့ သူက လက်ဝါးနှစ်ဖက်ထောင်ပြီး မီးကင်တဲ့ပုံ လုပ်ပြတယ်။ သြော်... ဟီတာ အပူပေးစက်လို့ ပြောချင်တာ ဖြစ်ရမယ်။ ခံတပ်ကအပြန်မှာ ကနေဒါဖက်နဲ့ ဓာတ်ပုံရိုက်ကြတော့ မိသားစုပုံ ရိုက်ချင်လိုက်တာ နောက်ကတရုတ်ကြီးကို အကူအညီ တောင်းရမယ်။ အမြောက်နဲ့ လင်မယားနှစ်ယောက် အပြန်အလှန် ပို့စ်အမျိုးမျိုးနဲ့ ရိုက်နေတာ တွေ့တယ်မလား။ အကူအညီတောင်းဖို့ နေနေသာသာ သူတို့ဘာသာ ရှုပ်ရှပ်ခတ်နေတာပဲ။ တရုတ်ကြီးက ကင်မရာပေးတဲ့ပုံ လုပ်ပြတော့ သူတို့ကို ဓာတ်ပုံရိုက်ခိုင်းတာလားပေါ့။ နောက်မှ ကျွန်မတို့ကို ရိုက်ပေးမလို့ဆိုတာ သဘောပေါက်သွားတယ်။ ကျွန်မတို့ မြန်မာလို ပြောနေတာကို သူ ဘယ်လိုလုပ် နားလည်ပါလိမ့်။ ၉  နာရီခွဲမှာ Maid of the Mist စီးဖို့ တန်းစီကြတယ်။ မိုးကာအပြာလေးတွေ ဝတ်ရတယ် ကနေဒါဖက်က အနီရောင်။ နိုင်အာဂရာမြစ်ရေက စိမ်းညှို့နေတာပဲ စင်ရော်တွေမှ အများကြီး။ Horseshoe ရေတံခွန်မှာ Cave of the winds အဝါရောင်မိုးကာအင်္ကီျ ဝတ်ထားတဲ့သူတွေ တွေ့တယ်။ Cave of the winds က ရေတံခွန်အောက်ခြေဆီကို လှေကားထစ်တွေနဲ့ တက်ရပြီး တဝေါဝေါ ကျနေတဲ့ ရေတံခွန်နား သွားတာပါ။ အဲဒီကိုသွားရင် သူတို့ဆီကဖိနပ်ကို မစီးဘဲနဲ့ ဝင်ခွင့်မပြုဘူး။ ၂၀၁၃ မန်မိုရီယမ်ဒေးပိတ်ရက် နိုင်အာဂရာကိုသွားတုန်းက Cave of the winds ဆီသွားဖို့ တန်းစီနေတုန်း ပထမဆုံး သတိထားမိသူက ရာမား။


တဖက်ခြမ်းက ကနေဒါ
Horseshoe Falls,  Cave of the Winds

ဘာလို့ လူတော်တော်များများ အဲဒီဖိနပ်ကို စီးထားပါလိမ့် အကြောင်းရှိလိမ့်မယ်။ သွားစုံစမ်းတော့ အဲဒီဖိနပ်မစီးဘဲ ဝင်ခွင့်မပြုဘူးတဲ့။ ကျွန်မတို့ဖိနပ်နဲ့ဆိုရင် ရေစိုနေတဲ့ကြမ်းပြင်မှာ ချော်လဲမှာ စိုးလို့နဲ့တူတယ်။ ဖိနပ်လေးက ပေါ့ပေါ့ပါးပါး ကြိုးသိုင်းဖိနပ်လေး။ နိုင်အာဂရာရေတံခွန်က ကမ္ဘာ့ထူးဆန်းအံ့ဖွယ်ထဲမှာ ပါဝင်ပါတယ်။ လူတွေ အမြဲကြိတ်ကြိတ်တိုးနေတဲ့ နေရာတစ်ခုပေါ့။ food court မှာ နေ့လည်စာအဖြစ် အိန္ဒိယစာစားတယ် နံလို့တဲ့ မစားနိုင်ဘူး။ တရုတ်စာလည်း မစားနိုင်၊ ကုလားစာလည်း မစားနိုင်၊ အမေရိကန်စာလည်း မစားနိုင်နဲ့ ယူအက်စ်မှာ အဖေတို့ ခရီးသွားတဲ့အခါ  အစားအသောက်ဆင်းရဲတယ်။ နိုင်အာဂရာရေတံခွန်ကနေ အရှေ့တောင်ဖက်စူးစူး မိုင် ၄၀၀၊ ၆ နာရီခွဲလောက်မောင်းရင် နယူးယော့ခ်စီးတီးကို ရောက်ပါတယ် ယာဉ်ကြောမပိတ်ရင်ပေါ့။ ၂ နာရီခွဲတခါ Rest Area တွေမှာ rest room အတွက်  ၁၅ မိနစ်လောက် ရပ်ပေးပါတယ်။ ကျွန်မဘေးမှာထိုင်တဲ့ အိန္ဒိယအမျိုးသမီးက နေမကောင်းဖြစ်လို့ အိမ်သာသွားချင်နေတာ။ အောင့်ထားရလို့ နဖူးပေါ်မှာ ‌ချွှေးတွေထွက်။ သူ့အမျိုးသားက နီးစပ်ရာအိမ်သာမှာ ရပ်ပေးဖို့ မေတ္တာရပ်ခံတော့ တိုးဂိုက်မလေးတွေက ကားသမားကိုပြော။ ကားသမားက ဒီလိုဟိုင်းဝေးလမ်းမကြီးမှာ အိမ်သာဘယ်မှာရှိပါ့မလဲ မင်းတို့အိမ်သာရှိမယ့်နေရာမြင်လား ၂ နာရီခွဲတခါ ရပ်ပေးနေတာပဲ မအောင့်နိုင်ဘူးလားနဲ့ ဆူပူကြိမ်းမောင်းတော့တာပဲ စကားပြောတာ ရိုင်းလိုက်တာ။

ဟိုတယ်တွေ အများကြီးရှိတာ ကနေဒါဖက်ခြမ်း
Maid of the Mist

တိုးဂိုက်တွေလည်း ဘာမှမတတ်နိုင်တာကို သိသွားတဲ့ အိန္ဒိယကြီးက တိုးဂိုက်မလေးဆီက အိမ်သာသော့တောင်းပြီး ကားပေါ်က အိမ်သာကို သုံးလိုက်တယ်။ ကားပေါ်မှာ အိမ်သာပါပေမယ့် တကယ့်အရေးပေါ်မှပဲ သုံးရပါ့မယ်တဲ့။ တခါသုံးပြီးရင် ကားထဲမှာ သုံးရက်လောက် နံနေတတ်လို့တဲ့။ ကျွန်မတို့ကတော့ ကားပေါ်မှာအိပ်လိုက်၊ ငိုက်လိုက်၊ ဘေးကရှုခင်းတွေကို ကြည့်လိုက်။ ကန်တက်ကီနဲ့မေရီလန်းပြည်နယ်တွေမှာနေတုန်းက ကားမောင်းရတော့ အဖေက သိပ်စိတ်ပူတာ။ ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့က ဒီစီဟိုင်းဝေး Dixie Highway အမြန်နှုန်း ၆၅ ကို ၇၅ ၊ ၈၀ မိုင်နဲ့ မောင်းတာအဖေရလို့ပြောတော့ စိတ်ပူမှာပေါ့။ တွေ့လားအဖေ အမေရိကန်မှာ ကားမောင်းရတာ ဘယ်လောက်ရှင်းသလဲ ။ ဆိုင်းဘုတ်မှာ အတိအကျ လမ်းညွှန်ပြီးသား ဆိုင်းဘုတ်တွေကို ကြည့် အဲဒီအတိုင်း အတိအကျလိုက်နာရင် ကားမောင်းရတာ အေးဆေး။ ယူအက်စ်မှာသာ ကားမောင်းရဲတာ ရန်ကုန်မှာတော့ ကားမမောင်းရဲဘူး။ ရာသီဥတုက မိုးအုံ့နေတော့ တောင်တွေမှာ မြူခိုးဝေနေတယ်။ ယူအက်စ်မှာ နွေရာသီလို့သာပြောတာ တို့ဆီက ဆောင်းတွင်းထက်တောင် အေးနေပါလား။ နိုင်အာဂရာက မြောက်ဖက်ကျတော့ နယူးယော့ခ်ထက် ပိုအေးတယ်။


Maid of the Mist စီးဖို့ အဲဒီတာဝါတိုင်က အောက်ခြေကို ဆင်းရတာ

နယူးယော့ခ်နဲ့တနာရီလောက် အဝေးမှာရှိတဲ့ နယူးဂျာဆီပြည်နယ်က ဓာတ်ဆီဆိုင်မှာ အိမ်သာအတွက် ရပ်ပေးတော့ တိုးကား ၃ စီး ဆုံကြတယ်။ ကုမ္ဗဏီအတူတူပဲဖို့ တိုးဂိုက်တွေ တိုင်ပင်ပြီး ပတ်မပို့တော့ဘဲ မက်ဟန်တန်ကိုတစ်စီး၊ ဖလပ်ရှင်းကိုတစ်စီး၊ နယူးဂျာဆီကိုတစ်စီ ထွက်မယ်တဲ့။ ကျွန်မတို့ကားက ဖလပ်ရှင်းကို သွားမှာမို့ အထုပ်တွေ ပြောင်းစရာမလိုတော့ဘူး။ ဖလပ်ရှင်းကိုရောက်တော့ ည ၈ နာရီ ။ 7 ရထားကကျပ်၊ ရထားကျပ်တာကို မကြံ ုဘူးတဲ့ အဖေတို့ rush hour အတွေ့အကြံ ုရသွားတယ်။ ကျွန်မ မနက်ဖက် ရုံးတက်ရင် တခါတလေ တန်းကိုင်စရာမရှိလို့ ကိုယ်ကိုဟိုယိမ်း၊ ဒီယိမ်းနဲ့ထိန်းပြီး စီးရတယ်။ ခုတော့ rush hour ကို ရှောင်တဲ့အနေနဲ့ မနက် ၈ နာရီခွဲ ရုံးတက်ပြီး ညနေ ၅ နာရီခွဲ ရုံးဆင်းတယ်။ အဖေတို့ ဂျပန်ကကျည်ဆန်ရထားမှာ rush hour ချိန်ဆို ရထားဝန်ထမ်းတစ်ယောက်က လူတွေကို အတင်းတွန်းထည့်တာ တီဗွီမှာ မြင်ဖူးတယ်မလား။ အဲဒီလောက်တော့ မကျပ်သေးဘူး။ ညနေ ၉  နာရီလောက်မှပဲ အိမ်ရောက်တယ်။ နောက်နေ့ ကိုယ်လက်တွေနာနေလို့ ဘယ်မှမသွားဖြစ်ဘူး အိမ်မှာပဲ အနားယူတယ်။ ဇူလှိုင် ၂၂ တနင်္လာနေ့မှာ လစ်ဘာတီရုပ်တုဆီ သွားကြတဲ့အကြောင်းကို နောက်အပိုင်းကျမှပဲ တင်ပါဦးမယ်။

စန်းထွန်း
သြဂုတ် ၁၄၊ ၂၀၁၅။

ရေးခဲ့ပြီးတာတွေက
ဒီစီသွား တောလား - ၁
ဒီစီသွား တောလား - ၂
ဒီစီသွား တောလား - ၃
ဒီစီသွား တောလား - ၄
ဒီစီသွား တောလား - ၅

2 comments:

Anonymous said...

လူကချည့်နဲ့ လာရော။း)
အိုင်အိုရာ

San San Htun said...

Anonymous said...
လူကြီးတွေမစားနိုင်တာမပြောနဲ့နော်
ကိုယ်တို့လည်း ဘိုစာတရုပ်စာကုလားစာတွေဆက်တိုက်စားရရင်
လူကချည့်နဲ့လာရော။ း)
အိုင်အိုရာ
August 20, 2015 at 8:02 PM