27 January 2014

ကျွှန်ုပ်နှင့် တစ်ကဒ်များ...

ရုပ်ရှင်လက်မှတ်၊ ရှိုးပွဲလက်မှတ်များသာမက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်လျှင် ပေးသောလက်မှတ်များကိုလည်း ယူအက်စ်တွင် တစ်ကဒ်ဟု ခေါ်သည်။ ကျွှန်ုပ် ကားမောင်းသင်သောအခါ တဒ်ကဒ်ထိမယ် သတိထားမောင်းဟု သတိပေးသော စကားများကို ခဏခဏ ကြားခဲ့သော်လည်း တခါမှ တစ်ကဒ်မထိခဲ့။ အဆောင်မှ လမ်းကူးလိုက်လျှင် ကျောင်းရောက်ပြီ ဖြစ်သလို များပြားလှသော ကျောင်းသင်ခန်းစာများ၊ အဆိုင်းမင့်များကြောင့် မအားလပ်။ တပတ်တစ်ခါ ဈေးဝယ်ထွက်ဖို့၊ ဘူဖေး၊ Pizza Ranch မှ ကြက်ကြော်သွားစားဖို့လောက်သာ မြို့ထဲထွက်သည်။ ဝယ်ခြမ်းမည့်ပစ္စည်းက ပေါ့ပေါ့ပါးပါး၊ ရာသီဥတုကလည်း ခြေခင်းလက်ခင်းသာလျှင် ကားထားကာ အညောင်းအညာပြေအောင် လမ်းလျှောက်တတ်ကြသေးသည်။ ကားသိပ်မမောင်းသလို သေးငယ်သောမြို့လေးဖြစ်သောကြောင့် ယာဉ်ကြောမရှုပ် အမြဲတမ်း ရှင်းလင်းနေသည်။

ယာဉ်မောင်းလိုင်စင် မရခင် သင်မောင်းဘဝဖြင့် ကားမောင်းလေ့ကျင့်လျှင် နံဘေးတွင် ယာဉ်မောင်းလိုင်စင် ရှိသူတစ်ယောက် ပါဖို့လိုသည်။ ဆူနမ်တို့ ကားမောင်းလေ့ကျင့်စဉ် ရဲက ယာဉ်မောင်းလိုင်စင် စစ်သည်။ မည်သူမှ ယာဉ်မောင်းလိုင်စင်မရှိ အားလုံး သင်မောင်းလိုင်စင်နှင့်။ သဘောကောင်းသော ရဲသည် တစ်ကဒ်မပေး နောက်နောင် ယာဉ်မောင်းလိုင်စင်ရှိသူ မပါဘဲ မမောင်းနှင့်ဟုသာ ပြောသည်။ လန့်ဖျပ်သွားသော ဆူနမ်တို့သည် နောက်နောင် ယာဉ်မောင်းလိုင်စင်ရှိသူမပါဘဲ မမောင်းရဲတော့။ ယာဉ်မောင်းလိုင်စင် အရင်ဆုံးရသော မိုင်းသည် ဆူနမ်တို့ နေ့စဉ်ကားမောင်း လေ့ကျင့်တိုင်း လိုက်ပါရတော့သည်။ ကျွှန်ုပ် ကားမောင်းသင်သောအခါ ဆူနမ်၊ ဂင်္ဂါတို့ ကားမောင်းလိုင်စင် ရပြီဖြစ်သောကြောင့် ထိုကဲ့သို့ ခိုးကြောင်းခိုးဝှက် ရဲမြင်တိုင်း ထိတ်လန့်စရာ မလိုတော့။

ကန်တက်ကီတွင် အိမ်နှင့်ရုံးသည် ဆယ်မိုင်ဝေးကာ Gene Snyder Freeway ဂျင်းစနိုက်ဒါဖရီးဝေး ၆၅ မိုင် သတ်မှတ်ထားသော အမြန်လမ်းမတွင် မိုင် ၈၀ ဖြင့် မောင်းသောအခါ ပီတာက တစ်ကဒ်ထိမယ်။ ပထမဆုံး တစ်ကဒ်ဆိုလျှင် ၃၀၀ ခန့် ပေးရသည်ဟု သတိပေးသောအခါမှ ၇၅ မိုင်ဖြင့် မောင်းလေသည်။ ဘယ်ဖက်အကျဆုံး အမြန်လမ်းတွင် ၇၅ မိုင်ဖြင့် မောင်းသောအခါ ဘေးမှကျော်တက်ပြီး ဝူးကနဲနေအောင် ရှေ့မှမောင်းပြသွားသောအခါ ပြုံးမိသေးသည်။ ကန်တက်ကီတွင် ဘယ်သွားသွား မိနစ်နှစ်ဆယ်ခန့် မောင်းရသည်။ ကန်တက်ကီပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သောကြောင့် ယာဉ်များပြား ရှုပ်ထွေးသော်လည်း တခါမှ တစ်ကဒ်မထိခဲ့။ အနောက်အလယ်ပိုင်းဒေသတွင် မောင်းချင်သလိုမောင်း ထင်တိုင်းကြဲခဲ့သမျှ မထိခဲ့သောတစ်ကဒ်သည် မေရီလန်းသို့ ရောက်သောအခါ နှစ်ခါထိလေသည်။

credit to Google

MVA (Motor Vehicle Administration) မှ စာရောက်လာသောအခါ ချက်ခြင်းမဖတ်ဖြစ်။ ခရက်ဒစ်ကဒ်ကြေငြာ၊ AAA ကြေငြာစာရွက်များကို ရှင်းလင်းစဉ် ထိုစာရွက်ကို ဖွင့်ဖတ်သောအခါမှ လား...လား... ဧပြီလ ၈  ရက်နေ့တိုးလမ်းမ ဖြတ်သန်းခ ၃၅ ကျပ်။ မည်သည့်အခါမှ တိုးဂိတ်ကို မဖြတ်သန်းခဲ့။ ၂၀၁၂ ဒီဇင်ဘာ အိုဟိုင်းရိုးပြည်နယ်မှ မေရီလန်းပြည်နယ်သို့ ဆူနမ် မောင်းနှင်လာစဉ် တိုးဂိတ်များကို ဖြတ်သန်းရသည်။ ၂၀၁၃ ဖေဖေါ်ဝါရီ ကန်တက်ကီမှ မေရီလန်းသို့ မောင်းနှင်လာစဉ် တိုးဂိတ်ဖြတ်သန်းခပေးရန် အကြွေဆောင်ထားဖို့ ဆူနမ် မှာကြားထားသောကြောင့် ဆောင်ထားသော်လည်း တိုးဂိတ်တစ်ခုမှ မတွေ့ခဲ့။ မကြာခင် ဆူနမ်တစ်ယောက် တိုးဂိတ်ဖြတ်သန်းခ တောင်းခံစာ ရလေသည်။ ဆူနမ်က သူပေးခဲ့သည် ဆိုသော်ငြားလည်း အထောက်အထားမရှိ။

Montgomery County  မောင်ဂိုမာရီကောင်တီရှိ MD 200 အမြန်လမ်းမသည် ဖြတ်သန်းခပေးရသော လမ်းမဖြစ်သည်။ သို့သော် တိုးဂိတ်မရှိ E-ZPass ဖြင့် ပေးရသည်။ တခါတုန်းက စီနီယာတစ်ယောက် ထိုလမ်းတွင် မောင်းရာ လမ်းတွင်တိုးဂိတ်မတွေ့သောကြောင့် ထူးဆန်းသည်ဟု တွေးမိသားဟု သူက ပြန်ပြောင်းပြောပြသည်။ E - ZPass ဖြင့် ပေးရသည်ကို မသိ။ နောက်တွင် တိုးဂိတ်ဖြတ်သန်းခ ၄၅ ကျပ် တောင်းခံစာ ရလေသည်။ ပုံမှန်ဖြတ်သန်းခမှာ ၅ ကျပ်အောက်သာ ရှိသည်။ ထိုနေ့သည် ကျွှန်ုပ်နှင်င့် ဆူနမ် ဆေးဗားစပရင်းမြို့တွင် အိမ်သွားကြည့်သည့်နေ့။ အမ်းထရူး အလုပ်စဝင်သည့်နေ့။ ကျွှန်ုပ်တို့ အိမ်သွားကြည့်ချိန် ရာမားနှင့်အမ်းထရူး လာရောက်ကာ ပထမဆုံးအလုပ်ဝင်သည့်နေ့အထိမ်းအမှတ် ဂျပန်ဆိုင်တွင် ဂုဏ်ပြုကြသောနေ့ ဖြစ်သောကြောင့် အသေအချာ မှတ်မိနေသည်။ ထိုလမ်းမကို မတော်တဆ ရောက်သွားပုံရသည်။ သေချာအောင် ဆူနမ့်အား မေးကြည့်သောအခါ တိုးလမ်း မဖြတ်ခဲ့ဟု အတည်ပြုပေးသည်။ သို့သော် မပေးဆောင်၍ မရ။ အွန်လိုင်းတွင် တကယ်ပေးဆောင်သောအခါ ၅ ကျပ်သာ ပေးရသည်  Administration Fee က ၃၀ ဟူသ၍။

ကန်တက်ကီအိမ်ရှင်မှ အီးမေးလ်ပို့လာသည် Red Light Violation Ticket ၇၅ ကျပ်။ အောင်မလေး ... ဘယ်တုန်းကများ မီးနီဖြတ်ပါလိမ့်။ ရက်စွဲကြည့်သောအခါ ရှန်နယ်ဒိုးဝါးတောင်သွားတက်သည့်နေ့။ ထိုနေ့က တောင်တက်ဖိနပ်အသစ်ကြောင့် ဖိနပ်ပေါက်သည့်ဒဏ်ရာ၊ သုံးနာရီတောင်တက်ထားသောကြောင့် ပင်ပန်းနွမ်းနယ်နေသည်မို့ မီးနီဖြတ်မိလေသလား၊ မီးဝါဖြတ်နေတုန်း မီးနီလေသလား မမှတ်မိ။ သေချာသည်ကတော့ ထိုအချိန်မှစ၍ မီးဝါနေလျှင် ဇွတ်မဖြတ်တော့။ တစ်ကဒ် ခဏခဏထိလျှင် ကားအာမခံကြေး တက်သည်။


credit to Google

အိမ်တွင် အင်တာနက်ဒေါင်းသွားသောကြောင့် အလုပ်လုပ်၍မရ၊ အင်တာနက်မရှိလျှင် အတော်ပျင်းစရာ ကောင်းသောကြောင့် နေ့တဝက်ခွင့်ယူကာ ရုပ်ရှင်သွားကြည့်မည် လိုက်မ၏လားဟု ဆူနမ်ကခေါ်သည်။ အလုပ်ရှာနေချိန်ဖြစ်သောကြောင့် အားနေသော၊ တနေ့တနေ့ အလုပ်များကို ပစ်တင်၊ ဖုန်းဖြေရသည်ကို စိတ်ကုန်နေသော ကျွှန်ုပ်သည် ဆူနမ်ခေါ်သည်နှင့် တမိနစ်မှမဆိုင်း ကွန်ပျူတာချက်ခြင်းပိတ် ဆူနမ့်ကို ဝင်ခေါ်ကာ ရုပ်ရှင်ရုံသို့ ချီတက်လေသည်။ ကျွှန်ုပ်၏ ကားမောင်းသင်ဆရာဖြစ်သော ဆူနမ်သည် သူမမောင်းလျှင် ကားမောင်းနေသော ကျွှန်ုပ်တို့အား အလွန်ဆရာလုပ်သည်။

ဘောစတွန်မြို့လယ်ကောင်နှင့်  ရာမားနေထိုင်သော မန်ဆာချူးဆက်ပြည်နယ် Gloucester  ဂလော့ချက်စတာ မြို့လယ်ကောင်တွင် Parallel Parking သုံးခါထိုးသော်လည်း ဟန်မကျသည်နှင့် နောက်မှကားပိုင်ရှင်သည် ကူညီထိုးပေးဖို့ ဆိုင်ထဲမှ ပြေးထွက်လာလေသည်။ ဒီငတိမလေးတွေ ငါ့ကားကို ဘယ်တော့ဝင်အောင်းမလဲဟု သူ့ခမျာလည်း စိုးထိတ်နေရှာသည် ထင်သည်။ ထိုကဲ့သို့ တပည့်များရှေ့ Parallel Parking ကြောင့် အရှက်ဖြန်းဖြန်း ကွဲသော်လည်း သူ့တပည့်များ မောင်းသောကားကို စီးရတိုင်း ဆရာလုပ်မြဲ။

Hey San...Be in limit...
အန်ကယ်လေ (အမ်းထရူးကို ဆိုလိုသည်)  တစ်ကဒ်ထိတယ်...over speed limit တဲ့။ ထိမှာပေါ့ ၃၅ မိုင် သတ်မှတ်ထားတာကို မိုင် ၅၀ နဲ့ မောင်းတာကိုး။ မောင်ဂိုမာရီကောင်တီတွင် မီးပွိုင့်တော်တော်များများ ကင်မရာရှိသည်။ မေရီလန်းသည် လူနေသိပ်သည်းသော ပြည်နယ်ဖြစ်ရာ တမြို့နှင့်တမြို့ ဆက်နေသည်။ ကားအလွန်များသည်။ လမ်းအလွန်ရှုပ်သည်။ ရှေ့တွင် Right Trun Only ဆိုသည့်ဆိုင်းဘုတ်ကို ကြိုပြမထား။ အနီးကပ်မှ ထိုဆိုင်းဘုတ်ကို ဘွားကနဲ မြင်သောအခါ ဘေးမှကားကို လမ်းတောင်းသည့်အခါ သဘောကောင်းသည့်ကားဆိုလျှင် နေရာပေးသော်လည်း သဘောမကောင်းသည့်ကားဆိုလျှင် ခပ်တည်တည် မမြင်ချင်ဟန်ဆောင်ကာ မောင်းသွားလေသည်။ ထိုအခါ နောက်ကားများက ဟွန်းတီးကာ ကောင်းချီးပေးတတ်သည်။

ဖီလာဒဲပီးယားတွင် ကလဲရား၏ကား နောက်မီးမလင်းသောကြောင့် ရဲမှ တစ်ကဒ်ပေးသည်။ အိမ်အပြန်လမ်းတွင် ရှေ့မှကားကို ရဲကားမှ လမ်းဘေးရပ်စေသည်ကို မြင်တွေ့သည့်အခါ ဘာအမှားမှမလုပ်သော်လည်း ထိတ်လန့်ဖူးသည်။ တခါတုန်းက ကလဲရားသူငယ်ချင်းကို ရဲကားမှ လမ်းဘေးရပ်စေဖို့ အချက်ပြသောအခါ ထိတ်လန့်ကာ ရုံးအထိမောင်းပြေး။ ရုံးကားပါကင်တွင် ထိတ်လန့်ငိုယိုနေသူကို ထိုရဲမှ နှစ်သိမ့်ပေးရဖူးသည် ဟူသ၍။ ဖွင့်ထားသည့် အယ်လကိုဟောပါသည့် အချိုရည်များ ကားပေါ်သယ်ခွင့်မရှိ။ အရက်သောက်ပြီး ကားမောင်းခွင့်မရှိ။ ရဲမှ မသင်္ကာ၍ Soberity Test စစ်လျှင် ခန္ဓာကိုယ်ထဲ သတ်မှတ်ထားသည့် အယ်လကိုဟောထက် များနေလျှင် တစ်ကဒ်ပေးခွင့်ရှိသည်။

မေရီလန်းမှ လမ်းများသည် ရှုပ်ထွေးပြီး မောင်းနေကျလမ်းမဟုတ်လျှင် အလွန်မျက်စိလည်သည်။ ဂျီပီအက်စ်သည် အသုံးဝင်သော်ငြား ကားမောင်းသူသည် ဆိုင်းဘုတ်များ၊ ဘေးဘီကားများ၊ ပတ်ဝန်းကျင်ကိုပါ အာရုံစိုက်ဖို့ လိုလေသည်။ ကလဲရားတစ်ယောက် တစ်ကဒ်ထိပြန်သည် over speed limit ။ သတ်မှတ်ထားသည့် မိုင်နှုန်းထက် ၁၂ မိုင် ပိုမောင်းခွင့် ရှိသော်လည်း ၁၂ မိုင်ထက် ပိုလျှင် မောင်းသည့်မိုင်အလိုက် တစ်ကဒ်ထိသည်။ ကလဲရား တစ်ကဒ် ၄၀ ဆောင်ရသည်။ ထိုမောင်ဂိုမာရီကောင်တီတွင် ဖြစ်သည်။

နယူးယောက်တွင် ကားမလို ကန်တက်ကီ ကားမှတ်တင်သည်လည်း နိုဝင်ဘာလတွင် သက်တမ်းကုန်ဆုံးရာ သက်တမ်းနောက်ထပ် မတိုးတော့ဘဲ ရောင်းလိုက်သည်။ အဆိုပါကားကို အကြောင်းပြု၍ ကျွှန်ုပ်နှင့် ကားပျောက်မှု၊ ကျွှန်ုပ်နှင့် ကားတိုးခြင်း၊ ကျွှန်ုပ်နှင့် ကားမှတ်ပုံတင်ခြင်း၊ ကျွှန်ုပ်နှင့် ကားတိုက်မှု ကားဋီကာပို့စ် တော်တော်များများ ရေးဖြစ်လေရာ ယခုပို့စ်သည်ကား ကားဋီကာ အဆုံးသတ်ပို့စ်ပင် ဖြစ်ပေတော့သည်။

အကယ်၍များ သင်သည် မေရီလန်းပြည်နယ် မောင်ဂိုမာရီကောင်တီတွင် ကားမောင်းခဲ့လျှင် တစ်ကဒ်မထိစေရန် သတိထားမောင်းပါလေ။

စန်းထွန်း
ဇန်နဝါရီ ၂၇၊ ၂၀၁၃။

ကျွှန်ုပ်နှင့် ကား‌ပျောက်မှု
ကျွှန်ုပ်နှင့် ကားတိုးခြင်း
ကျွှန်ုပ်နှင့် ကားမှတ်ပုံတင်ခြင်း
ကျွှန်ုပ်နှင့် ကားတိုက်မှု

16 January 2014

ရပ်ကွက်ထဲမှာတော့ဗျာ - ၂၂

အလုပ်အော်ဖာရပြီးကတည်းက ပြောင်းဖို့ရွှေ့ဖို့၊ အခန်းရှာရဖို့၊ အလုပ်အသစ်၊ မြို့အသစ်၊ လူအသစ်တွေနဲ့ နေသားတကျဖြစ်ဖို့ လုံးပမ်းနေရတာနဲ့ ဘလော့ဆီ မရောက်ဖြစ်တာ ကြာပြီ။ မနေ့က Network ဘာသာ Midterm စာမေးပွဲပြီးလို့ ခုလို စိတ်အေးလက်အေး စာရေးနိုင်တော့တယ်။ ကန်တက်ကီကနေ မေရီလန်းကို ပြောင်းတုန်းက ကားပေါ်အကုန် ပစ်တင်လာတာဆိုတော့ ပစ္စည်းဒီလောက်များမှန်း မသိဘူး။ နယူးယောက်ကို ပြောင်းဖို့ပစ္စည်းတွေ သိမ်းဆည်းတော့မှပဲ မနည်းပါလားဟ။ မလိုတာတွေ လွှတ်ပစ်၊ မဝတ်တာတွေ လှုပစ်၊ အိမ်ရှင့်တူမ ဇာရာ့အခန်းထဲ သွားပစ် ( ဆူနမ်၊ ရာမား၊ မိုင်းတို့ ကျောင်းကနေ ခွာတော့ ကိုယ့်အခန်းထဲ ပစ္စည်းတွေ လာလာပစ်တာနဲ့ တူနေလို့ သတိရမိပြီး  ပြုံးမိသေးတယ်) ။

ယူအက်စ်ကို လာတုန်းက လက်ကေ့စ်နှစ်အိတ်၊ ဟမ်းကမ်ရီတစ်အိတ်၊ ကျောပိုးအိတ်တစ်လုံး။ ခု ဂစ်တာတစ်လက်နဲ့ စက္ကူဘူး ၃ ဘူး တိုးလာတယ်။ ဒါတောင် ဆူနမ်တို့လို  မိုက်ခရိုဝေ့၊ မွေ့ယာ၊ ဖုန်စုပ်စက်တွေ မပါသေးဘူး။ မီးဖိုးချောင်ပစ္စည်းဆိုလို့ ဆူနမ်ပေးထားတဲ့ ထမင်းပေါင်းအိုးသေးသေးလေး၊ ရေနွေးခရား၊ Prex ဖန်ခွက်တွေပဲ ရှိတယ်။ နယူးယောက်မှာ ကားမလိုသလို ကားမှတ်ပုံတင်ကလည်း နိုဝင်ဘာမှာ ကုန်တာဆိုတော့ ဒီလာဆီမှာ သွားရောင်းတယ်။ ဒီလောက်အိုဟောင်းနေတဲ့ကားကို သူတို့မဝယ်ပါဘူးဆိုတော့ မရှက်တတ်တဲ့ကိုယ် နားရွက်တွေပူပြီး ရှက်သွေးဖြာသွားတယ်။ အကုန်ဝယ်တဲ့ CarMax မှာ သွားရောင်းပါတဲ့။

ကားတန်ဖိုး ၄၅၀၀၊ ပို့ခ ၃၀၀၊ ပြင်ခ ၂၀၀၀ ကုန်ထားတဲ့ ၁၉၉၉  မိုင် ၁ သိန်းခွဲ ဗုတ်စ်ဝယ်ကွန် ပတ်ဆက်စ်ကားကို ၃၀၀ နဲ့ တန်ဖိုးဖြတ်လိုက်တယ်။ ကန်တက်ကီမှာ ရောင်းခဲ့ရင် အကောင်းသား ၆၀၀ ပေးမယ်တဲ့။ မေရီလန်းမှာ မှတ်ပုံတင်ဖို့ ပြင်ခ ၁ထောင်ကျော် အကုန်မခံနိုင်၊ ထိုးရပ်ထားရအောင် နေရာမရှိ၊ မခိုင်ဆီ ပြန်ပို့ဖို့က ပို့ခ ၈၀၀၊ မခိုင်က သူတို့ဆီမှာ လာပို့ထား၊ သူတို့ဆီမှာရောင်းရင် ၁ထောင်ကျော်လောက်ရမယ်ဆိုပေမဲ့ အဲဒီကားနဲ့ ဟိုင်းဝေးထွက်ဖို့ မီးမီးကြောက်ကြောက်။  ဘယ်နားသွားပစ်ရမှန်းမသိ၊ ကားဖျက်ရင်လည်း ဖျက်ခပေးရဦးမယ်။ ၃၀၀ နဲ့ ဝယ်တာကိုပဲ ကျေးဇူးတင်ရတယ်။

Empire State Building, Fifth Ave

ဝါရှင်တန်ဒီစီက လေဆိပ်တွေမှာ ကားကို pick up လုပ်ပြီး နယူးယောက်နားက လေဆိပ်မှာ drop ရင် ငှားခ ၃၀၀ ။ ဆီဖိုး၊ အာမခံကြေး မပါသေးဘူး။ Moving Company တွေကို မေးကြည့်တော့ တအိမ်လုံးပြောင်းပေးတာ ၁ထောင်ကျော်တဲ့။ အိမ်ရှင်ရှယ်ရွန်က နင့်ပစ္စည်းက နည်းနည်းလေး ယူအက်ပီအက်စ် ရှစ်ပင်း (USPS - United States Postal Services Shipping) နဲ့ ပို့ပါလားတဲ့။ UPS၊  Fedex တို့က ဈေးကြီးတယ်။ လက်ကေ့စ်တစ်အိတ်နဲ့ စက္ကူဘောက်စ်သုံးဘောက်စ်ကို ဝိတ်ချိန်၊ အရွယ်အစားမှတ်၊ အွန်လိုင်းမှာဖြည့်၊ ပိုက်ဆံပေး၊ Prepaid Label ပရင့်ထုတ်၊ USPS ရဲ့ Free Service တခုဖြစ်တဲ့  Pick up အတွက် Schedule လုပ်။ တံခါးဝမှာ ချထားရင် သူ့ဘာသာသူ pick up လုပ်ပေမဲ့ အဲဒီနေ့က မိုးရွာနေလို့ တံခါးခေါက်ဖို့ pick up schedule description မှာ မှာထားတယ်။

မသူက ဘူဖေးလိုက်ကျွှေးလို့ သွားစားတာတောင် စိတ်မဖြောင့်ဘူး။ ဇာရာ့ကို မှာထားရတယ် ဘဲလ်မြည်သံကို နားစွင့်ဖို့။ ညနေစောင်းတဲ့အထိ pick up လာမလုပ်တော့ စိတ်ပူရပြီ။ စနေနေ့ဆို ပြောင်းတော့မှာ မနက်ဖြန် သောကြာနေ့မှ  pick up လာမလုပ်ရင် ဒုက္ခ။ မမီးမီးကို အကူအညီတောင်းတော့  သူက အလုပ်ဝင်ရမှာ။ နောက်ဆုံး အိမ်ကနေ ဘူတာအထိ ဘတ်စ်ကားစီး၊ ဘူတာကနေ အိမ်အထိ တက္ကစီငှား၊ ဘောက်စ်တွေဝင်ယူ၊ စာတိုက်သွားပို့။ တက္ကစီဒရိုင်ဘာက အံ့သြလို့ အများစုက ပစ္စည်းတွေကို ဘတ်စ်ကားနဲ့ သယ်ကြတာ။ ကိုယ့်အလှည့်ကျမှ ဘာလို့ ရှစ်ပင်းနဲ့ ပို့ပါလိမ့်။ အထုပ်တွေ အများကြီး မသယ်ချင်လို့။ ပစ္စည်းသယ်ပေးခတဲ့ ငါးကျပ်ထပ်ပေါင်းထည့်တယ်၊ တစ်ဖ်လည်း အပိုတောင်းတယ်။ တော်တော်ရိတ်တဲ့ အိန္ဒိယဒရိုင်ဘာ :( ။

ညနေစောင်း ဘဲလ်မြည်သံကြားလို့ တံခါးဖွင့်လိုက်တော့ ခမောက်ဆောင်းထားတဲ့ စာပို့သမား။ pick up များ မရှိဘူးလားတဲ့ မနက်က ပို့လိုက်ပြီလို့။ မနေ့က စာပို့သမားက ဘဲလ်မတီးဘဲ တံခါးခေါက်ရုံခေါက် ဝတ်ကျေတန်းကျေ အလုပ်လုပ်တယ်။ ဒီနေ့ စာပို့သမားက မိုးသည်းနေပေမဲ့ ဘဲလ်အခါခါတီး အလုပ်ကို  သေသေချာချာလုပ်တယ်။ ဝါရှင်တန်ဒီစီကနေ နယူးယောက်အထိ ဂရေးဟောင်းဘတ်စ်က ၂၅ ကျပ်ပဲ ကျတယ်။ အိမ်ကနေ ဝါရှင်တန်ဒီစီ ယူနီယမ်စတေရှင်း ဘတ်စ်ကားဂိတ်အထိ တက္ကစီက ၉၀ တဲ့။ နယူးယောက်ရောက်ရင်လည်း တက္ကစီမဖြစ်မနေ စီးရမှာမို့ အသွားကို တက္ကစီမစီးတော့ဘဲ ဘတ်စ်ကားစီး၊ ရထားစီးမယ်လို့ စိတ်ကူးထားတယ်။ အိမ်ရှင်က ဘူတာအထိ လိုက်ပို့ပေးတယ်။ ဈေးနည်းနည်းကြီးပေမဲ့ ရှယ်ရွန့်အိမ်မှာ နေရတာ တော်တော်စိတ်ချမ်းသာတယ်။

Bryant Park & New York Public Library

အော်ဖာရပြီး နှစ်ပတ်အတွင်း ပြောင်းရတာဆိုတော့ အခန်း အသည်းအသန် ရှာရတယ်။ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့က မိုင်း၊ ဆူနမ်တို့ဆီမှာနေပြီး အလုပ်အော်ဖာရလို့ နှစ်ပတ်အတွင်းပြောင်းရတာက ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့။ Craiglist မှာ အခန်းတွေ့တော့ သွားမကြည့်နိုင်တော့ဘူး။ တခါတည်း ပြောင်းလာခဲ့မယ် နှစ်ပတ်လောက်နေပြီး အလုပ်နဲ့နီးတဲ့နေရာ ပြောင်းမယ်ဆိုပေမဲ့ မေရီလန်းကို ပြောင်းတဲ့အချိန်အထိ အဲဒီအိမ်မှာပဲ နေခဲ့တယ်။ မေရီလန်းအိမ်ကိုလည်း Craiglist မှာ တွေ့တာ။ သောကြာနေ့သွားကြည့် ကြိုက်တာနဲ့ တနင်္ဂနွေနေ့ပြောင်းတယ်။ အဲ နယူးယောက်ကျတော့ အဲဒီလို မလုပ်ရဲဘူး။ အသိတွေရဲ့အိမ်မှာ ခဏနေပြီးမှ အခန်းရှာချင်လို့ နယူးယောက်နဲ့နီးစပ်တဲ့သူတွေကို အဆက်အသွယ်လုပ် မေးမြန်းစုံစမ်း။ မခိုင်ရဲ့မိတ်ဆွေ ကိုဝင်းငယ်ရဲ့ အမျိုး ရှာပေးလို့ သူတို့တိုက်ရှေ့မှာ အခန်းတစ်ခန်းရတယ် ကျဉ်းတော့ကျဉ်းတယ်တဲ့။ ကျဉ်းလည်း ကိစ္စမရှိဘူး။ အဲဒီမှာ ခဏနေကြည့်မယ် မကြိုက်ရင် ထပ်ရှာမယ်လို့။

ဂျူလှိုင် ၄ နဲ့ ဖေ့တူဖေ့စ်အင်တာဗျူးသွားတုန်းက ၂ ခါ ရောက်ဖူးထားတော့ စိတ်အေးလက်အေးပဲ။ ဒီစီကနေ ဘတ်စ်ကားစထွက်တော့ မငိုဘူး။ ချစ်တဲ့မြို့တွေကို အကြိမ်ကြိမ် ခွဲခွာဖူးလို့ရယ်၊ ချယ်ရီပွဲတော်ချိန်မှာ ပြန်လာမယ်လို့ တွေးထားလို့ဖြစ်ရမယ်။ ကိုယ့်ထိုင်ခုံဘေးမှာ ထိုင်တာက မလေးရှား ပီနန်က တရုတ်အန်တီကြီး။ သူတို့က ငါးယောက်အဖွဲ့။ သူနဲ့ နယူးယောက်ရောက်တဲ့အထိ လေးနာရီလုံး စကားပြောလာတာ ငိုက်ဖို့အချိန်တောင် မရှိလိုက်ဘူး။ သူ့အင်္ဂလိပ်စာအသံထွက်က တော်တော်ကောင်းတယ် ကွန်ဗင့်ကျောင်းထွက်တွေတဲ့။ သူတို့ငယ်ငယ်တုန်းက အင်္ဂလိပ်လိုသင်ရတာ။ ခုခေတ်ကလေးတွေက မလေးရှားလို သင်ရတော့ သူတို့ခေတ်ကလောက် အင်္ဂလိပ်စာ မကောင်းဘူးတဲ့။

မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီဟာမိုဟာမက်ကို တော်တယ်လို့ထင်တာဆိုတော့ သူ့ကြောင့် စီးပွားရေးတိုးတက်ပြီး မလေးရှားဟာ ကျားတစ်ကောင် ဖြစ်လာခဲ့တယ် ဆိုပေမဲ့ သူ့ကြောင့် လာဘ်စားတာတွေ တိုးတယ်။ လူမျိုးရေးခွဲခြားတယ်။ တရုတ်တွေဆို နေရာမပေးဘူး။ အသားအရောင် ကြည့်တယ်တဲ့။ ပြီးတော့ မလေးရှားလူမျိုးတစ်ယောက်ကို လက်ထပ်ရင် အစ္စလာမ်ဘာသာ မဖြစ်မနေဝင်ခိုင်းတယ်။ ခုလက်ရှိဝန်ကြီးချုပ်က တော်ပေမဲ့ ရှေးရိုးစွဲသမားတွေကြောင့် ဘာမှလုပ်လို့မရဘူးတဲ့။ ပီနန်က သာယာတယ် လာလည်တဲ့။ ပီနန်မှာ မြန်မာဘုန်းကြီးကျောင်းရှိတယ်။ Kek Lok Si ကွမ်ရင်မယ်တော်ကျောင်းက နာမည်ကြီးတယ်လို့ ဆိုပါတယ်။

Kek Lok Si Temple, Penang, Malaysia
credit to Google

ယူအက်စ်ကို ဆယ်နှစ်ဗီဇာရလို့ နှစ်တိုင်းလာလည်တယ်တဲ့။ လေယာဉ်ကို တစ်နှစ်လောက် ကြိုတင်ဘွတ်ကင်လုပ်တယ်။ ကူဝိတ်အဲယားလိုင်းက ဈေးသက်သာတယ်တဲ့။ မနှစ်က လော့အိန်ဂျလစ်ကနေ  မက်ဆီကိုနယ်စပ်နား ဆန်ဒေရီဂိုမြို့အထိ ဘတ်စ်ကားစီးသွားတယ်။ လက်စ်ဗီးဂတ်စ်မြို့ထဲမှာ အလကားပြေးဆွဲတဲ့ ဘတ်စ်ကားကို အခေါက်ခေါက်အခါခါ စီးတယ်။ အဲဒီနားက ရေကန်ကြီးနဲ့ မြို့လေးတစ်မြို့က အတော်သာယာတယ်လို့ ဆိုတယ်။ နာမည်မမှတ်မိ Lake Tahole  လို့ထင်တယ်။ Yosemite ယိုစက်မန်းတီး၊ Yellowstone Nation Park တွေကိုလည်း ရောက်ပြီးပြီ။ ယူအက်စ်ရောက်တာ သုံးနှစ်ရှိနေပြီဖြစ်တဲ့ ကိုယ်တောင် သူ့လောက် မစုံသေးဘူး။ မနှစ်က ယူအက်စ် အနောက်ဖက်ခြမ်းတခွင် လည်ခဲ့တော့ ဒီနှစ် ယူအက်စ်အရှေ့ဖက်ခြမ်းက နိုင်အာဂရာ၊ ဖီလာဒဲပီးယား၊ ဝါရှင်တန်ဒီစီ၊ ခု နယူးယောက် သုံးရက်လောက်နေပြီး ပြန်တော့မှာတဲ့။ ခရီးသွားအဖွဲ့တွေနဲ့ မသွားဘဲ ဂူဂယ်မှာရှာ၊ ခရီးစဉ်လမ်းကြောင်းဆွဲ၊ ဘတ်စ်ကားစီး၊ Hostel တည်းခိုခန်းတွေမှာတည်း အားလုံးသူတို့ဘာသာ စီစဉ်တာတဲ့။ နိုင်အာဂရာရေတံခွန်က ကနေဒါဖက်က ပိုလှတာဆိုတော့ မလေးရှားမှာ ကနေဒါသံရုံး မရှိဘူး။ စင်္ကာပူက ကနေဒါသံရုံးကို လာလျှောက်ရမှာ အလုပ်ရှုပ်လို့တဲ့။

တရုတ်ပြည်မှာ သဘာဝအတိုင်းရှိနေသေးတဲ့ နေရာတွေအများကြီး ကျန်နေသေးတယ်တဲ့။ စီချွှမ်၊ ရှန်ဟိုင်း၊ မကာအို၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့ကို ရောက်ဖူးတယ်။ ဟောင်ကောင်  Lantau Island လန်ထောင်ကျွှန်းက Giant Buddha ကို ရောက်ဖူးတယ်ဆိုတော့ သူသွားတုန်းက အဲဒီဘုရားမရှိသေးဘူး ။သူသွားတုန်းက ကိုယ်တောင် မွေးဦးမယ် မထင်ဘူးတဲ့။ ဘယ်နှစ်ခုတုန်းက သွားတာလဲဆိုတော့ ၁၉၈၂ တဲ့။ အင်း ၈၂ နိုဝင်ဘာမတိုင်ခင် ရောက်ခဲ့ရင်တော့ ကိုယ်မမွေးသေးဘူးပေါ့။ ဖိလစ်ပိုင်လည်း ရောက်ဖူးတယ်။ ဖိလစ်ပိုင်က သရက်သီးကောင်းတယ်တဲ့။ တူနေတယ် စင်္ကာပူရုံးက ဖားတွေ အဲလေ ဖိလစ်ပိုင်တွေ ပြောတဲ့အတိုင်း။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုတော့ မရောက်ဖူးဘူး။ ကမ္ဘောဒီးယားနဲ့ ထိုင်းနယ်စပ်က ခု ထိုင်းနဲ့ကမ္ဘောဒီးယား လုနေကြ၊ စစ်တပ်တွေ အပြိုင်တပ်ဆွဲ၊ နိုင်ငံအလံတွေ အပြိုင်ထောင်၊ ယူအန်ရုံးမှာ သူပိုင်ငါပိုင် အငြင်းပွားနေကြတဲ့ ဟိန္ဒူဘုရားကျောင်းကို ရောက်ဖူးတယ်။ ဘုရားကျောင်းလေးက သေးသေးလေး ။ ထူးဆန်းပြီး စိတ်ဝင်စားဖို့ ကောင်းတယ်တဲ့။

နယူးဇီလန်က ခဏတဖြုတ်ပဲ ကောင်းတယ်။ ညဖက်ဆို အပြင်မှာ လူတစ်ယောက်မှ မတွေ့ရတော့ဘူး။ ရေခဲတောင်တွေ၊ နွားတွေကြီးပဲတဲ့။ ဂျပန်ကိုတော့ တော်တော်ကြိုက်တယ်တဲ့။ အတော်သန့်ရှင်ပြီး ဂျပန်နိုင်ငံရဲ့ ရထားစနစ်က တော်တော်ကောင်းတယ်။ ရထားလက်မှတ်ကို နိုင်ငံခြားကနေ ဝယ်ထားရင် တဝက်သက်သာတယ်တဲ့။ ကျည်ဆန်ရထားက မြန်ပေမဲ့ ရေခွက်တင်ထားရင်တောင် ပြုတ်မကျဘူး။ နေရာလည်း ကျယ်ပြီး အတော် သက်တော့သက်သာ ရှိတယ်လို့ဆိုတယ်။ ရုံးတက်ရုံးဆင်းချိန် တိုကျိုမြို့က ရထားထဲ လူတွေကို နောက်ကနေ အတင်းတွန်းလုပ်တာ ကြုံလိုက်သေးတယ်။ သူတို့တွေ အဲဒီအတိုင်းလေး မိနစ် ၂၀ လောက် စီးလိုက်ရတယ်။ အတွေ့အကြံကြုံသစ်ကို ရယ်လိုက်ကြတာ အတောမသတ်နိုင်အောင်ပဲတဲ့။

The International Court of Justice has ordered Cambodia and Thailand to withdraw their military presence from the disputed Preah Vihear temple site.
credit to 
http://www.haguejusticeportal.net/index.php?id=12851

တိုကျို၊ ရှေးဟောင်းမြို့တော် ကျိုတို၊ နာဂိုယာ၊ တောင်ပိုင်းကနေ မြောက်ပိုင်း ဟော်ကိုင်းဒိုးအထိ ရထားစီးသွားကြတာတဲ့။ ဂျပန်တွေကို လိပ်စာမေးလိုက်ရင် အင်္ဂလိပ်စာပဲ မကျွှမ်းလို့ဘဲလား၊ ဂျပန်တွေကိုယ်တိုင်က ကူညီတတ်ပဲလို့လားမသိ။ ဟိုတယ်ရှေ့အရောက် လိုက်ပို့ပေးလို့ သူတို့မှာ အားနာရပါသတဲ့။ Body Langugaue နဲ့ ပြောပြရင် ရပါပြီဆိုရင်တောင် အတင်းလိုက်ပို့ပေးလို့တဲ့။ ရှင်ဂျူဂု စားသောက်ဆိုင်တွေ အများကြီးရှိတဲ့အရပ်က လမ်းဘေးဆိုင်မှာ ပထမတန်းစားဆူရှီ စားခဲ့ရပြီးကတည်းက ဆူရှီစားတိုင်း အဲဒီဆိုင်ကို သတိရပြီး မေ့မရ တသသ ဖြစ်နေလေရဲ့။ ဟိုတယ်အခန်းတွေမှာ အိမ်သာပါပေမဲ့ ရေချိုးခန်း မပါဘူး။ ဘုံရေချိုးကန် သုံးရတယ်။ ယောကျာ်း၊ မိန်းမခွဲထားပြီး ရေချိုးကန်ထဲသွားရင် ပုဝါသေးသေးလေးပဲ ပေးတာတဲ့။ အားလုံး ဝတ်လစ်စလစ်ပဲတဲ့။ ရေကန်အပူချိန်က အနိမ့်အမြင့် စီစဉ်ထားလို့ အအေးကနေ အပူကို တဖြည်းဖြည်းကို ရွေ့သွားလို့ရတယ်။ ဂျပန်ကို နောက်ထပ် သွားလည်ချင်ပါသေးတယ်တဲ့။

ကျောက်တောင်ကိုထွင်းပြီး တည်ဆောက်ထားတဲ့ ယူနက်စကိုရှေးဟောင်းသမိုင်းဝင် ဂျော်ဒန်က Petra ၊ Lebanon လက်ဘနွန်နိုင်ငံက Beirut  ဘေရွှတ်မြို့၊ Syria ဆီးရီးယားနိုင်ငံက Damascus ဒက်မတ်စကက်မြို့၊ အဲဒီကနေ Red Sea ပင်လယ်နီကို သဘောၤနဲ့ ဖြတ်ပြီး အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၊ ပိရမစ်တွေဆီကို သစ်ကုလားအုတ်တွေနဲ့ သွားပြီး သဲကန္တာရမှာ တစ်ညအိပ်ဖူးတယ်တဲ့။ ကျောင်းမှာတုန်းက ဂျော်ဒန်သား Waleed ဝါလစ် ပြောပြလို့ ဂျော်ဒန်နိုင်ငံက အထင်ကရနေရာတွေဖြစ်တဲ့ Petra ၊ ရေက ငန်လွန်းပြီး ပေါလောပေါ်တဲ့ Dead Sea အကြောင်း ပို့စ် ရေးဖူး၊ ကျောင်းမှာလည်း အီဂျစ်၊ ဂျော်ဒန်ကျောင်းသားတွေများတော့ အဲဒီနေရာတွေကို သိတယ်။ ဟင်... ဒါဆို Israel အစ္စရေးနိုင်ငံနဲ့ ကပ်နေတာပဲ Jerusalem ဂျေရုစလင်ကို ဝင်မလည်ဘူးလား။ မလေးရှားနိုင်ငံသားတွေက အစ္စရေးနိုင်ငံကို သွားလည်လို့မရပါဘူးတဲ့။ သူတို့ပတ်စပို့မှာရေးထားတယ် အစ္စရေးနိုင်ငံကလွဲလို့ ကျန်တဲ့နိုင်ငံတွေကို သွားလို့ရတယ်တဲ့။ အီဂျစ်၊ ဂျော်ဒန်တို့ကိုတောင် ခရစ်ယာန်မစ်ရှင်း သာသနာပြုအဖွဲ့နဲ့သွားတာတဲ့။

ဥရောပဖက်ဆိုရင်တော့ လန်ဒန်၊ ပြင်သစ်၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ဂရိရောက်ဖူးတယ်တဲ့။ ဂရိက တော်တော်လှတယ်လို့ ဆိုတယ်။ အာဖရိကတိုက် အရှေ့ဖက်က Madagascar မက်ဒါကာစကာကျွှန်းကို သူငယ်ငယ်တုန်းက ရောက်ဖူးတယ်။ လူတွေက အဝတ်မဝတ်ကြဘူး။ တော်တော်ဆင်းရဲ ညစ်ပတ်တယ်။ ရောက်တဲ့နေရာတိုင်းမှာ သူတို့ကို အထူးအဆန်း ကြည့်ကြတယ်တဲ့။ မက်ဒါကာစကာကျွှန်းကို သိတယ် ဝေါဒစ်စနေက မက်ဒါကာစကာ ကာတွန်းကား ကြည့်ဖူးထားတော့ I like it move it ...move it.. move it..Move it ဆိုတဲ့ သီချင်းလေးတောင် မှတ်မိနေသေးတယ်။ ကြည့် ဘတ်စ်ကားစီးတဲ့ လေးနာရီ ငိုက်ချိန်တောင် မရှိဘူး စကားတွေ ပြောနေလို့ဆိုတာ ယုံပြီလား။ သူ့ဆီက နောက်ထပ်အတွေ့အကြုံတွေကို ထပ်မေးချင်သေးတာ။ သူ့ကို အားကျတယ် သူ့လို သွားချင်တာဆိုတော့ ငယ်သေးတယ် သွားဖို့အခွင့်အရေးတွေ ရှိသေးတယ်။ သူတို့ကတော့ နေဝင်ချိန်ရောက်ပြီ မမှောင်ခင် သွားနိုင်တုန်းလေး သွားထားတာ။ မသွားနိုင်တော့တဲ့ အချိန်ဆိုရင် ဓာတ်ပုံလေးတွေကြည့်ပြီး အလွမ်းဖြေနေမှာတဲ့။ ဘတ်စ်ကားဂိတ်ရောက်လို့ ခွဲခွာကြတော့ နာမည်လည်း မမှတ်မိ၊ နောက်တစ်ကြိမ် ထပ်တွေ့ဖို့လည်း မဖြစ်နိုင်၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ လိပ်စာလည်း မသိ၊ လေးနာရီ ကားစီးချိန်မှာ သိကျွှမ်းလိုက်ရတဲ့ အဲဒီအန်တီကြီးကို မှတ်မှတ်ရရ ရှိနေမိတယ်။

Petra, Jordan
credit to http://visitpetra.jo/Gallery/PhotoGallery.aspx

Yellow Cab Taxi ငှားတော့ ၇၀ လောက် ကျမယ်တဲ့။ အိုကေ ၁၀ မိုင် ဝေးတာကိုး ဒီစီမှာ အဲဒီထက်တောင် ပိုတောင်းတယ်။ Tunnel ဖြတ်ခ ငှားသူက ပေးရမှာ၊ မက်ဟန်တန်မြို့ထဲကို အပြန်လူမရ၊ အပြန်တန်နယ်ဖြတ်ခ သင့်သလိုပေးပါတဲ့။ ဘယ်လောက်ပေးရမှန်း မသိလို့ ကျသလောက်သာ ပေးပါဆိုတော့ ၁၂၀ တဲ့။ တစ်ဖ် ၁၅ ကျပ်နဲ့ ၁၃၅ ပေးလိုက်ရတယ်။ နောက်မှ သိတယ် ပုံမှန်က ၇၀ လောက်ပဲ ပေးရတာတဲ့။ နယူးယောက်သား မဟုတ်မှန်းတော့ ခုမှရောက်ခါစ မအူမလည်လေးကို နှိပ်ထည့်လိုက်တဲ့ အီဂျစ်သားတက္ကစီဒရိုင်ဘာ သေပြီဆရာ။ မခိုင့်မိတ်ဆွေ ကိုဝင်းငယ်အမျိုး မဂင်က  စောင့်နေတယ်။ ကိုယ့်အိမ်ရှင်တွေကို ဖုန်းခေါ်မရလို့ သူ့အိမ်မှာ စောင့်နေရတယ်။ ကိုဝင်းငယ်က ကူညီလိုက်ပါဆိုတာနဲ့  မတွေ့၊ မမြင်ဘူးတဲ့ ကိုယ့်အတွက် တကူးတက အခန်းသွားကြည့်ပေး၊ ညစာကျွှေး၊ ညီမတစ်ယောက်လို စောင့်ရှောက်တယ်။ မိတ်ဆွေအပေါင်းအသင်းရှိခြင်းအကျိုးတွေ The rough road become smooth with the help of good friends.

ပင်ပန်းတာနဲ့ အိပ်ပျော်သွားလိုက်တာ ညသန်းခေါင်ကျော်လောက်မှ လန့်နိုးလာတယ်။ ကားသံကြောင့် အောင်မလေး... ဆူလိုက်တာ ခေါင်းပေါ် တက်ဖိနေတဲ့အတိုင်း။ လမ်းမကြီးဆိုတော့ ကားက တညလုံး အသွားအလာ မပျက်ဘူး။ ကျေးငှက်သံတွေ ကြားရ၊ တိတ်ဆိတ်အေးချမ်းတဲ့နေရာမှာ နေခဲ့တော့ မြို့ပြသံတွေက ဆူညံလွန်းတယ်။ မနက် လေးနာရီလောက်မှာ အိပ်ပျော်သွားပြီး မနက် ၆ နာရီမှာ လန့်နိုးလာပြန်တယ်။  အကျယ်ကြီးဖွင့်တဲ့ ပရိတ်တရားသံကြောင့်။ တလွန့်လွန့်တလူးလူး အိပ်လိုက်နိုးလိုက်နဲ့ မနက် ၇ နာရီ ကျတော့ နိုးလာပြန်တယ်။ အိမ်ရှင်အစ်မ ရေချိုးခန်းဝင်သံ။ ရေချိုးခန်းက အိပ်ခန်းနှစ်ခန်းကြားထဲမှာဆိုတော့ အသံကြားတယ်။ အရင်တုန်းကဆို ဘေးမှာလော်ဖွင့်ရင်တောင် မနိုးဘူး။ မကြီးက ချွှပ်ချွှပ်အသံကြားလို့ နိုးရင်တောင် အအိပ်ဆတ်ရန်ကောလို့  ပြောချင်သေးတာ။ ခုတော့ ယူအက်စ်ရောက်ပြီးကတည်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တော့ဘူး။ ချွှပ်ချွှပ်အသံကြားရင် နိုးတယ်။ အသက်ကြီးလာတာရယ်၊ worry များလာတာရယ်ကြောင့် ဖြစ်မယ်။

နှစ်ဘူတာစီးပြီး Jackson Heights မှာဆင်း အဲဒီမှာ အမြန်ရထား ပြောင်းစီးလို့ မဂင်က မှာထားတယ်။ လူတွေအများကြီးတော့တွေ့တယ် မဟုတ်ဘူးနဲ့တူတယ် အပေါ်တက်တယ်။ မက်ဟန်တန်ဆို အောက်ဆင်းလို့ မျှားပြထားတယ်။ အောက်ပြန်ဆင်းတယ် ခုနကပလက်ဖောင်းပဲ။ လူတွေအများကြီးဆိုတော့ မြို့ထဲသွားတာ ဖြစ်ရမယ်။ မှန်တယ် မြို့ထဲသွားတာ။ ရုံးက ၃၄ လမ်းဘူတာ တိုင်းစကွဲယားနား တကယ့်မြို့လယ်ကောင် ရထားအကုန်ရောက်တယ်။ အင်တာဗျူးတုန်းက ရောက်ဖူးထားလို့ လမ်းမမှားဘူး။ ကွက်တိ ၉  နာရီရောက်တယ်။ ရုံးရောက်တော့ ကိုယ့်နေရာ ကိုယ့်ဘာသာ ဖုန်သုတ်ရတယ်။ ရာမားနဲ့တူတဲ့ ကုလားမလေးတစ်ယောက်တွေ့တယ်။ သဘောကောင်းတဲ့ပုံပဲ နေ့လည်ထမင်းအတူတူသွားစားဖို့ အဖော်ရမယ်ထင်ပါရဲ့။ ဗိုက်ကဂွီဂွီမြည်နေပြီ ဘီဟီနာကို စောင့်နေတုန်း အစည်းအဝေးတဲ့။ LaGuardia Airport လာဂွာရီးယား ပရောဂျက် ဒီတပတ် သောကြာနေ့အပြီး P6 Database ကနေ SQL Database ပြောင်းရမဲ့အပိုင်း တာဝန်ယူတဲ့။ ဒီနေ့ Database Diagram အပြီး မင်းအပေါ်မှာ မူတည်နေတယ် မင်းလုပ်နိုင်တယ်မလားတဲ့။ Yes. I can. လို့ ပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ ဒီနေ့မှ အလုပ်စဝင်တဲ့သူကို ဒီနေ့အပြီးတဲ့။ လွန်လွန်းတယ် ဟွန့် အမြင်ကပ်လိုက်တာ အဲဒီ အာသာဆိုတဲ့ ဒါရိုက်တာကို :( ။

Chrylser Building

အပြန်ကျတော့ စီးကောင်းကောင်းနဲ့ စီးလိုက်တာ Jackson Heights  မှာ ဆင်းဖို့ကို မှတ်တိုင်တွေ ကြည့်နေရင်းနဲ့ ဘယ်လိုကျော်သွားမှန်းမသိ။ Grand Ave Newton ဆိုတဲ့ ကိုယ့်အိမ်နားက ဘူတာကို ကျော်တော့မှပဲ ဟိုက် ကျော်သွားပြီးဟ။ နောက်ရပ်မဲ့ဘူတာမှာ ဆင်းမယ်ကြံတော့ ဂိတ်ဆုံးတဲ့ဗျား။ ဂိတ်ဆုံးဆိုတော့လည်း ကောင်းတာပေါ့ မမှားတော့ဘူး။ အိမ်ဖက်ကို ပြန်စီးတော့ ဆင်းရမဲ့ဘူတာမှာ မရပ်ဘူး။ Express အမြန်ရထားတွေက ဘူတာတိုင်း မရပ်ဘူး။ ဒီတော့ အနီးဆုံးဘူတာမှာရပ်ပြီး Local  ရထားကို ပြန်စီးရတာ။ ဆင်းရမဲ့ဘူတာကြီးကို မြင်ပေမဲ့ မရပ်တော့ Jackson Height ကို ပြန်ရောက်သွားပါရော။ အိုကေ ဒီတခါတော့ Local ပဲ စီးတော့တယ်။ ဘူတာနာမည် ကြေငြာတော့မှ သေလိုက်ပါတော့ မက်ဟန်တန်ဖက်ကို သွားနေပါလား။ ရပ်တဲ့ဘူတာမှာဆင်း ပြန်ပြောင်းစီး။

ဤသို့ဖြင့် ရထားလေးခေါက်တိတိ ပြောင်းစီးပြီးသောအခါမှ အိမ်သို့ရောက်လေသည်။ သြော် ကံကောင်းပေစွ အိမ်သို့ပြန်ရောက်ပေသေး၏။ ဤကား နယူးယောက်မြို့တွင် ပထမဆုံး ရုံးတက်သည့်နေ့အတွေ့အကြုံများတည်း။

စန်းထွန်း
ဇန်နဝါရီ ၁၆၊ ၂၀၁၄။

24 December 2013

Merry Christmas !


အလုပ်အသစ်၊ အိမ်အသစ်၊ မြို့အသစ်၊ လူအသစ်တွေနဲ့ ဘီးစီးနေလိုက်တာ ဘလော့ကိုတောင် ပစ်ထားတာ အတော်ကြာပြီ။ မနက် ၈ နာရီ အိမ်က ထွက်သွားလိုက်တာ ည ၈ နာရီလောက်မှ အိမ်ပြန်ရောက်တယ်။ အလုပ်ထဲမှာလည်း ဘီးစီးတာများ ဂျီးမေးလ်ဖွင့်ထားတယ် ဆိုရုံပဲ။ ဖေ့ဘွတ်၊ ရာဟူး၊ သတင်းတွေ ဖတ်ဖို့ အချိန်မရှိ။ ထမင်းချက်ဖို့ အချိန်မရှိ။ မနက်စာ၊ ညစာ အပြင်မှာ ဝယ်စားရတယ်။ အိမ်ဘေးနားက ကားလမ်းမကြီးက ဆူညံနေလို့ အိပ်မပျော်ဘူး။ အပေါ်ထပ်က ဒုန်းဒုန်း ခေါင်းကြိမ်းတယ်။ ညဖက်ဆို ဆိုဒ်မှာကြေငြာထားတဲ့ အခန်းတွေကြည့် အီးမေးလ်ပို့။ ပိတ်ရက်တွေမှာ အခန်းလိုက်ကြည့်။ ကန်တက်ကီနဲ့ မေရီလန်း Town House အိမ်တွေက ကိုယ်ပိုင်ရေချိုးခန်း၊ အိမ်သာပါတဲ့ အခန်းကျယ်ကျယ်မှာ  နေခဲ့တော့ တိုက်ခန်းကျဉ်းကျဉ်း၊ ရေချိုးခန်း၊ အိမ်သာ ရှယ်သုံး၊ အပေါ်ထပ်၊ အောက်ထပ်၊ ဘေးထပ် အထပ်ပေါင်းစုံက အသံတွေ ကြားရ၊ ကားသံတွေ ဆူညံနေတဲ့ မြို့ပြဘဝကို အသားကျဖို့ အချိန်ယူနေရတယ်။

ဈေးကြီးလို့ ယူရင်ကောင်းမလား၊ မကောင်းဘူးလား လားတွေများနေတုန်း သူများကယူသွားနှင့်ပြီ၊ ဈေးသက်သာတဲ့ အခန်းတွေကို မကြိုက်၊ အခန်းကြိုက်ပေမဲ့ လူကိုမကြိုက်။ အလုပ်ထဲမှာ ပင်ပန်းတော့ အေးချမ်းတိတ်ဆိတ် စိတ်ချမ်းသာသာနဲ့ အနားယူလို့ရမယ့် အိမ်လေး လိုချင်မိတယ်။ တောသားမြို့တက် ပန်းသီးမြို့ကြီးမှာ ကြုံရဆုံရသမျှ  ဘလော့မှာ ရေးချင်ပေမဲ့ အချိန်မပေးနိုင်။ ရုံးနဲ့တစ်ဘလော့အဝေးက အင်ပါယာစတိတ်အဆောက်အဦး၊ တိုင်းစကွဲယား၊ ဂရမ်းစင်ထရယ်၊ ချိုင်စန်လာအဆောက်အဦး၊ ဘရိုင်ရန်ပန်းခြံတို့ကို နေ့စဉ်ဖြတ်နေပေမဲ့ ဓာတ်ပုံမရိုက်ဖြစ်။ Fifth Ave ( စင်္ကာပူက အော့ချက်လမ်းမလို) တလျှောက်က ဘရန်းဆိုင်တွေရှေ့ ဖြတ်နေပေမဲ့ လျှော့ပင်းမထွက်ဖြစ်။ စိတ်ကြိုက်အိမ်တွေ့လို့ နေသားတကျဖြစ်သွားရင်တော့ ပန်းသီးမြို့က အတွေ့အကြံတွေကို  ရေးချင်ပါသေးတယ်။ All About NYC စီးရီးပို့စ်တွေ ဖတ်ချင်နေကြတဲ့သူတွေကို အားနာပါတယ်။ လာတော့လာမယ် ကြာမယ်လို့ း) ။

ပျော်ရွှင်စရာ ခရစ်စမတ် ဖြစ်ပါစေ။
Merry Christmas ! Happy Holidays !

စန်းထွန်း
ဒီဇင်ဘာ ၂၄၊ ၂၀၁၃။

06 December 2013

နွေဦးတွင် ချယ်ရီဝေသောမြို့...

ခရစ်စမတ်၊ နှစ်သစ်ကူးကာလတွင် တစ်ယောက်တည်း ငေါင်နေရမည်မှာ စိတ်မကောင်းစရာကြီး သူတို့ဆီလာလည်ရန် ဆူနမ်တို့က ဖိတ်ခေါ်သောအခါ ခွင့် ၃ ရက် ယူရုံမျှနှင့် အားလပ်ရက် ၁၁ ရက် ရသောကြောင့် ၂၀၁၂ ဒီဇင်ဘာတွင် ဆူနမ်တို့ဆီ လာရောက်လည်ပတ်ခဲ့သည်။ အေးလျှင် ခြေထောက်တွင် အနီကွက်ထ၊ ယားသော အအေးအလာဂျီရှိသည့် ရာမားကြောင့် ဘယ်မှမသွား အိမ်တွင်သာနေမည်ဟု စကားပလ္လင်ခံထားသည်။ ၂၀၁၂ ဂျူလှိုင် ရာမားရှိရာ ဘော့စတွန်သို့ သွားရောက်လည်ပတ်စဉ် ဟိုသွားချင်သည်၊ ဒီသွားချင်သည်ဟု နားပူနားဆာ ဂျီကျသူတစ်ယောက်အကြောင်း သူတို့ကောင်းကောင်း သိကြသည်။

နေ့လည် အိမ်အနီးရှိ ဘူတာရုံတွင် ကားထားခဲ့ပြီး ရထားလက်မှတ်ဝယ်သောအခါ အိမ်ဖြူတော်ကို သွားချင်လို့ ဘယ်ဘူတာတွင် ဆင်းရမလဲဟု မေးသောအခါ မတ်ထရိုဘူတာ။ ဘယ်ဖက်ကိုသွားတဲ့ ရထားစီးရမလဲဟု မေးသောအခါ ဒီဘူတာက ဂိတ်ဆုံး။ ဘယ်ရထားစီးစီး အားလုံး ဒီစီမြို့ထဲကိုသွားတာ။ မတ်ထရိုစင်တာဘူတာမှ တက်လိုက်သည်နှင့် အအေးဓာတ်က ကျင်တက်လာသောကြောင့် ဦးထုပ်၊ လက်အိတ် ထုတ်ဝတ်ရသည်။ ဘူတာရုံဝန်ထမ်း ညွှန်လိုက်သည့်အတိုင်း တည့်တည့်လျှောက် အဆုံးမှာဘယ်ကွေ့။ ရာမားကြောင့် ခဏနားရပြန်သည်။ လူတွေတရုန်းရုန်း ဓာတ်ပုံရိုက်နေကြသည့် ရုပ်တုကိုကျော်ဖြတ်သောအခါ ကွင်းပြင်ကျယ်ဆီသို့ ရောက်သည်။

US Capitol

ဟိုခြံစည်းရိုးနားမှာ လူတွေတရုန်းရုန်း ဘာလုပ်နေတာလဲ။ အဲဒါ အိမ်ဖြူတော်ဟု ဆိုသောအခါ ကာရံထားသည့် တံတိုင်းများကြောင့် တပတ်ကြီးပြန်လျှောက် ရဲကားတစ်စီး အမြဲရပ်ထားကာ လုံခြုံရေးစောင့်ကြပ်နေသည့် ခြံစည်းရိုးရှေ့တွင် ဓာတ်ပုံရိုက်နေကြသူများ၊ ခြံစည်းရိုးတိုင်ကြား ကင်မရာထည့် အနီးကပ်ဆွဲကာ ရိုက်နေသူများ အုန်းအုန်းထနေသည့်ကြား မရရအောင် ဝင်အုန်းခဲ့သည်။ ခရစ်စမတ်သစ်ပင် အများကြီးရှိသည့် ပွဲတော်ကိုတော့ ဝင်မတိုးတော့။ ထို့နောက် မိုးနှုးမတ်ကျောက်တိုင်ကို ကျော်ဖြတ်ကာ အိမ်ဖြူတော်လည်း မကြိုက်ဘူး၊ ကယ်ပီတယ်လည်း မကြိုက်ဘူး ဒီစီတွင် သူ အကြိုက်ဆုံးနေရာဖြစ်သည့် ရေပန်းကလေးများဖြင့် သာယာလှပသည့် ဒုတိယကမ္ဘာစစ် အထိမ်းအမှတ်နေရာသို့ ဆူနမ်က ခေါ်ဆောင်ခဲ့သည်။

ရောင်စုံထွန်းလင်းနေသည့် ခရစ်စမတ်သစ်ပင်ရှိသည့် ကယ်ပီတယ်သို့ သွားချင်သောကြောင့် နင်တို့ဒီမှာစောင့် ငါ ဓာတ်ပုံသွားရိုက်ပြီး ပြန်လာခဲ့မည်ဆိုသည်ကို ဆူနမ်တို့က စိတ်မချ။ ရာမားက လမ်းတွင်နှစ်ခေါက်လောက် နားရပြီး ခရစ်စမတ်သစ်ပင်အား ဓာတ်ပုံရိုက်သော်လည်း မှောင်မည်းနေသည်။ ကိုင်း နင် ရောက်ချင်တာရောက်ပြီ ဘူတာရုံရှာဟု ဆိုသောအခါ မှောင်နေပြီမို့ မမြင်ရ။ ဖြတ်သွားဖြတ်လာများကို မေးကြည့်သောအခါ ဟိုဖက်မှာဟု ဆိုသော်ငြား မတွေ့ရ။ လာလမ်းအတိုင်း ပြန်လျှောက်သောအခါ မီးရောင်စုံထွန်းညှိထားသည်မှာ လှပသောကြောင့် ဓာတ်ပုံရိုက်ကြသည်။ နောက်တော့မှသိသည် ၎င်းသည် ယူနိုက်တက်စတိတ် ဘော်တနစ်ဂါးဒင်းဖြစ်သည်။ ဖြတ်သွားသည့် တရုတ်အုပ်စုကို မေးမြန်းသည့်အခါ အနီးဆုံးဘူတာရုံကို နောက်ထပ် မိနစ် ၂၀ လောက် လျှောက်ဖို့လိုသေးတယ်ဟု အားတက်ဖွယ်ရာ ကြားလိုက်ရလေသည်။

Library of Congress

ရာသီဥတုက အေးစိမ့်ကာ ညောင်းညာလွန်းသည်မို့ ဘတ်စ်ကားဂိတ်၊ တက္ကစီဂိတ် မည်သည့်အရာမှန်းမသိ ဆိုင်းဘုတ်ထောင်ထားသည့် မှတ်တိုင်တွင် စောင့်နေတုန်း ဘတ်စ်ကားတစ်စီး လာရပ်သောကြောင့် ဝမ်းသာအားရ ခုန်တက်ကြသည်။ အနီးဆုံး ဘူတာရုံကိုသာ ချပေးပါ၊ ဘယ်လောက်ကျသလဲဟု မေးသောအခါ မပေးပါနှင့်ဟု ဆိုသည်။ ဘတ်စ်ကားတစ်စီးလုံး ကိုယ်တို့သုံးယောက်တည်း။ ဓားထောက်ပြီး ပိုက်ဆံတောင်းလျှင် ပေးဖို့ပိုက်ဆံအကြွေ ဆောင်ထားရသည်ဟု ကြားဖူးသောကြောင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက် ဘယ်နေရာမှန်းမသိသည့် နေရာများကို ကြည့်လိုက် ကြောက်စိတ်ဖြင့် ငြိမ်သက်နေကြသည်။ အဲဒီမှာ မတ်ထရိုဘူတာ လမ်းကူးလိုက်ရင် ရောက်ပြီဟု အသေအချာ လမ်းညွှန်သွားကာ ဘတ်စ်ကားခမယူသည့်  အနှီဒရိုင်ဘာကို ကျေးဇူးတင်မဆုံး။

ခြေကုန်လက်ပန်း ကျနေသည့် ဆူနမ်တို့ကို စတားဘာ့ခ်ကော်ဖီတိုက်ပြီး ချော့ဖို့စိတ်ကူးသောအခါ ဆယ်မိနစ်အတွင်း ဆိုင်ပိတ်တော့မည်။ ကော်ဖီပူပူလေး တကျိုက်သောက်၊ ကိတ်မုန့်လေး တဖဲ့ကိုက်ကာ ပင်ပန်းလိုက်တာဟု ညည်းညူကြသည်။ မတ်ထရိုစင်တာဘူတာတွင် လူရှင်းသည့် ရထားတံခါးပေါက်ဆီ ပြေးကြရင်း ဝင်တော့မည်ဟန် ပြင်တော့မှ Step Back. Door is closing. ဆိုကာ မောင်းထွက်သွားလေအခါ  ရှက်ရယ် ရယ်လိုက်ကြသည်မှာ တော်တော်နှင့်မရပ်။ ဂိတ်ဆုံးအထိ စီးရမည်ဖြစ်သောကြောင့် စိတ်ချလက်ချ အိပ်ငိုက်ကြသည်။ ပင်ပန်းလိုက်သည်မှာ ဆိုဖွယ်ရာမရှိ။ တကိုယ်လုံးကိုက်ခဲ ပင်ပန်းကြသော်ငြား ဆူနမ်တို့က ကွန်ပလိမ်းမတက်။ ထိုသို့ဖြင့် ၂၀၁၂ ခရစ်စမတ်အကြိုနေ့တွင် ထိုမြို့လေးသို့ စတင်ရောက်ဖူးခဲ့သည်။


အိမ်မှ ဘူတာရုံအထိ ဘတ်စ်ကားစီး၊ ရထားက မြို့လယ်ခေါင်ဆီရောက်ပြီး၊ လည်ပတ်စရာ အားလုံးနီးပါးကလည်း မြို့လယ်ခေါင်တွင် ရှိသောကြောင့် နှင်းမကျသည့်နေ့များတွင် တစ်ယောက်တည်း တိုးရစ်မည်ကို ဆူနမ်က ခွင့်ပြုသည်။ သို့သော် ညမမှောင်ခင် အိမ်အရောက် ပြန်လာရမည်။ ဒူးပွိုင့်စာကယ် ဘူတာတွင်ဆင်းပြီး ဘတ်စ်ကားစီးကာ ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက်အကြီးဆုံး၊ အမေရိကန်တွင် ဒုတိယအကြီးဆုံးဖြစ်သော ဝါရှင်တန်နေရှင်နယ် ကသီဒရယ်ဆီ သွားရောက်လည်ပတ်သည်။ ထုထည်ကြီးမား ခန့်ညားလှသလို အတွင်းဖက်ရှိ အနုပညာလက်ရာများမှာ အံ့မခန်းဖြစ်သည်။ အထူးခြားဆုံးမှာ အမေရိကန်သမိုင်း၊ ခရစ်ယာန်သမိုင်းကို ဖော်ကျူးထားသည့် ရောင်စုံပြိုးပျက် လက်ရာမြောက်လှသည့် ပြတင်းပေါက်များဖြစ်သည်။

ခရစ်စမတ်ပိတ်ရက်တွင် ဝါရှင်တန်ကို သွားလည်မည်ဟု ဆိုသောအခါ အရှေ့ဖက်ခြမ်းက ဝါရှင်တန်မြို့တော်လား၊ အနောက်ဖက်ခြမ်းက ဝါရှင်တန်ပြည်နယ်ကိုလားဟု မေးကြသည်။ District of Columbia ပြည်နယ်တွင်ရှိသော ဝါရှင်တန်မြို့တော်ကို ကွဲပြားအောင် ဝါရှင်တန်ဒီစီဟု ခေါ်ကြသည်ဟု ဆိုသည်။ အမိုးခုံးခုံးဖြူဖြူ အိမ်ဖြူတော်ကို သွားလည်မည်ဟု ဆိုသောအခါ ရုရှားတွင်နေထိုင်ဖူးပြီး ရုရှားမကို လက်ထပ်ထားသည့် ဆူပါဗိုက်ဆာဂျရတ်က နိုင်ငံခြားသားများ အိမ်ဖြူတော်နှင့် ကယ်ပီတယ် မကွဲသည်ကို သိနေသည့်အလား အမိုးခုံးဖြူဖြူဆိုတာ ဆီးနိတ်နှင့်ဟောက်စ် လွှတ်တော်များရှိပြီး အမတ်များ ငြင်းခုန်ဆွေးနွေး ဥပဒေများပြဋ္ဌာန်းသည့် ကယ်ပီတယ်၊ လက်ရှိသမ္မတနေထိုင်သည့် အိမ်ဖြူတော်ကို ကွဲပြားအောင် ဂူဂယ်ဓာတ်ပုံများဖြင့် ရှင်းပြရှာသည်။


ကယ်ပီတယ်သည် လုံခြံခြုံရေး အတော်တင်းကျပ်သည်။ နာရီဝက်ခန့် တန်းစီးစောင့်ဆိုင်းရပြီး ရေဘူး၊ အစားအသောက် အကုန်လွှင့်ပစ်သည်။ အထဲရောက်သောအခါလည်း နာရီဝက်ခန့် တန်းစီရပြန်သည်။ ကယ်ပီတယ်တိုးဂိုက်မှ ဦးဆောင်လမ်းညွှန်ပြီး ပြည်နယ်တခုခြင်းစီမှ ထင်ရှားသူများ၏ ရုပ်တုများ၊ ရောင်တန်နာမှ ထူးခြားသည့် ပန်းချီလက်ရာများ၊ လွတ်လပ်ရေးသမိုင်း ဖော်ကျူးထားသော ကြီးမားသည့် ပန်းချီကားချပ်များကြောင့် ထိုမျှစောင့်ဆိုင်း တန်းစီရသော်လည်း တန်ပေသည်။

လိုင်ဘရီအော့ဖ်ကွန်ကရက် စာကြည့်တိုက်သည် ရှားပါးစာအုပ်မျိုးစုံ သန်းချီစုဆောင်း သိမ်းဆည်းထားသည့် နိုင်ငံ၏အဖိုးတန် ရတနာတစ်ပါးဖြစ်သည်။ ရှားပါးပစ္စည်းပြခန်း၊ ပြည်တွင်းစစ်ပြခန်း၊ မာယာလူမျိုးစု ယဉ်ကျေးမှုပြခန်းတွင် ဓာတ်ပုံရိုက်ခွင့်မပြု။ သုတေသနပြုသူများအတွက်သာ စာဖတ်ခွင့်ပြုသည်။ မဟော်ဂနီရောင် တောက်နေသော စာအုပ်စင်တွင် အနက်ရောင်၊ အနီရောင် ကထ္ထူဖုံးထားသော စာအုပ်များကို အစီအရီ တင်ထားသည်မှာ ခန့်ညားလှသည်။ ထိုကဲ့သို့ကြီးကျယ်ခမ်းနား လှပသော စာကြည့်တိုက်တွင် တစ်ခေါက်လောက် စာထိုင်ဖတ်ချင်စမ်းပါဘိ။


ခရစ်စမတ်အကြိုနေ့ ပထမဆုံးလာရောက်စဉ်တုန်းက တဝဲလည်လည်ဖြစ်နေစဉ် မီးများထွန်းညှိထားသည်မှာ လှပသောကြောင့် ဓာတ်ပုံရိုက်ကြသည့်နေရာမှာ ယူနိုက်တက်စ်စတိတ် ဘော်တနစ်ဂါးဒင်းဖြစ်သည်။ တန်းစီနေသည့်လူတန်းကြီးမှာ အရှည်ကြီး ယမန်နှစ်က မိနစ်လေးဆယ်ခန့်တန်းစီခဲ့ရသည်ဟု နောက်တွင်တန်းစီနေသည့် မိသားစုမှ အားတက်ဖွယ်စကားဆိုသည်။ သို့သော် ယခု သိပ်မကြာ။ ဘော်တနစ်ဂါးဒင်းတွင် တကမ္ဘာလုံးမှ အပင်များကို စုဆောင်းစိုက်ပျိုးထားသည်။ သစ်ခွဥယျာဉ်သည် အတော်စုံလင်လှသည်။ ယူအက်စ်ဘော်တနစ်ဂါးဒင်းသည် အခမဲ့ဖြစ်ပြီး စင်္ကာပူဘော်တနစ်ဂါးဒင်းသည် အခမဲ့မဟုတ်။ အမျိုးသားအာကာသပြတိုက်သည် လကမ္ဘာသို့ လူသားတို့ စတင်ခြေချနိုင်သည်မှစ၍ အင်္ဂါဂြိုလ်သို့ စူးစမ်းလေ့လာနေမှုများ၊ လေယာဉ်ပျံ၏သမိုင်းများဖြင့် အထက်ကောင်းကင် အာကာယံမှ မသိသေးသည့် အကြောင်းအရာများ၊ စကြာဝဋ္ဌာတွင် အသစ်လေ့လာတွေ့ရှိမှုများဖြင့် ကြယ်တာရာကို စိတ်ဝင်စားသူများဖြင့် စည်ကားလှသည်။

အာလင်တန် စစ်သင်္ချိုင်းတွင် ခရော့စ်အုတ်ဂူဖြူဖြူများကို မြင်ရသည်မှာ ကြေကွဲစရာ။ တစ်နာရီလျှင် တစ်ကြိမ် အမည်မသိကျဆုံးလေသူများနေရာတွင် အစောင့်လဲသည်မှာ စိတ်ဝင်စားစရာကောင်းသည်ဟု ဆူပါဗိုက်ဆာဂျရတ်က ဆိုသောကြောင့် အမှီသုတ်ခြေတင်သည်။ လမ်းလျှောက်လိုက်၊ သေနတ်တဖြောင်းဖြောင်းလှည့်လိုက်ဖြင့် စနစ်တကျ တာဝန်လွဲပြောင်းယူသည်။ ထိုအချိန် အားလုံးငြိမ်သက် မတ်တပ်ရပ်ပေးရသည်။ သမ္မတဂျွှန်အက်ဖ်ကနေဒီ အုတ်ဂူရှိသည်။ တောင်ကုန်းပေါ်မှကြည့်လျှင် ရစ်ခွေစီးဆင်းနေသော ပတ်တိုးမတ်မြစ်၊ မိုးနှုးမတ်ကျောက်တိုင်၊ ကယ်ပီတယ်နှင့် ဝါရှင်တန်ဒီစီမြို့တော်ကို စီးမိုးမြင်ရသည်။


စမစ်ဆိုးနီးယန်းပြတိုက်တွင် ရှားပါးပစ္စည်းများ၊ သမ္မတကတော် ဂျက်ကလင်းကနေဒီ၏ ပုလဲဆွဲကြိုး တွေ့ရသည်။ စမစ်ဆိုးနီးယန်းပြတိုက်သည် အနီရောင်ရဲတိုက်ကြီးအလား ခန့်ညားလှပသည်။ မျက်နှာချင်းဆိုင်မှ အမျိုးသားသဘာဝပြတိုက်တွင် လူစည်ကားလှသည်။ ကမ္ဘာတလွှားမှ တိရစ္ဆာန်များကို ပုံစုံတူရုပ်တုများကို နေထိုင်ကျက်စားတတ်သည့် ပတ်ဝန်းကျင်နှင့်ပါ ပြသထားသည်မှာ တောနက်ထဲ ကျက်စားနေထိုင်ကြပုံများကို တထိုင်တည်းနှင့် သိလိုက်ရသည်။ National Geographic ဓာတ်ပုံပြိုင်ပွဲမှ ဆုရဓာတ်ပုံများကို ပြသထားသည်။ ကျောက်မျက်ရတနာပြခန်းတွင် မြန်မာပြည်ထွက် ပတ္တမြား၊ နီလာကို တွေ့ခဲ့သည်။ လိပ်ပြာပြခန်းတွင် မကြောက်မလန့် အေးချမ်းစွာ ပျံသန်းနေကြသည့် ရောင်စုံလိပ်ပြာလေးများကို မြင်ရသည်မှာ ဝင်ကြေးပေးရသော်လည်း တန်သည်။

ခရစ်စမတ်သစ်ပင်၊ ဂျင်ဂဲဘဲလ် မရှိသော်ငြား ထိုခရစ်စမတ်သည် ကမ္ဘာသစ်ကို ရှာဖွေတွေ့ရှိသည့်အလား တကယ့်ကို ထူးခြားတက်ကြွ ပျော်ရွှင်နေခဲ့သည်။ ပထမဆုံး တစ်ယောက်တည်း တိုးရစ်ခြင်းဖြစ်သလို တော်တော်လည်း တိုးရစ်နိုင်သည်ဟု သဘောပေါက်သွားခဲ့သည်။ ဆူနမ်တို့သာပါလျှင် ပြတိုက်တခွင် ပြဲပြဲစင်အောင် တိုးရစ်နိုင်မည်မထင်။ ဘယ်ရောက်နေပြီလဲ အိမ်ပြန်လာသင့်ပြီဟု ဆူနမ် ဖုန်းလှမ်းဆက် သတိပေးတတ်သည့် နေဝင်ချိန်တွင် ညောင်းညာကိုက်ခဲခြင်း၊ မောပန်းခြင်းများဖြင့် ဘတ်စ်ကားပေါ်တွင် ခြေပစ်လက်ပစ် အိပ်ငိုက်အနားယူနေတတ်သည်။ တိုးရစ်ကောင်းသည်မှာ တခါတရံ နေ့လည်စာကို အတော်နောက်ကျပြီးမှ စားရသော်လည်း ပင်ပန်းသည်မထင်။ ထိုမြို့လေး၏ ရတနာများကို ရှာဖွေနေခဲ့သည်။ အဲဒီတုန်းက ထိုမြို့လေးတွင် အလုပ်ရလိမ့်မည်ဟု စိတ်ကူးတောင် မယဉ်ခဲ့။ အားလပ်ရပ်များတွင် လာရောက်လည်ပတ်သင့်သော မြို့လေးတစ်မြို့ဟုသာ တွေးခဲ့သည်။


ကန်တက်ကီတွင် လေးအော့ဖ်ဖြစ်ပြီး ဆူနမ်တို့ရှိရာ မေရီလန်းသို့ ပြောင်းလာသည့် တစ်လခွဲအတွင်း ဖေ့တူဖေ့အင်တာဗျူး သုံးခုရသည်။ ကိုလံဘီယာ၊ ဖရက်ဒရစ်နှင့် ထိုမြို့လေး။ အင်တာဗျူး လာဖြေသည့်အချိန်ကတည်းက  အမိုးခုံးဖြူဖြူ ကယ်ပီတယ်ဘေးနားက ထိုရုံးလေးကို သဘောကျနေခဲ့သည်။ ။ အင်တာဗျူးသူကလည်း မျက်လုံးအလွန်လှသူတစ်ယောက်။ အစိုးရရုံးများ အများကြီး ရှိသောကြောင့် ရုံးဝတ်စုံအပြည့် ဝတ်ဆင်ထားသူများ မြင်ရသည်ကိုပင် သဘောကျနှစ်သက်နေမိသည်။ နိုင်ငံသားမဟုတ်သောကြောင့် အင်တာဗျူးဖြေနိုင်သည်ဟု ထင်သော်လည်း ရလိမ့်မည်ဟု မထင်ခဲ့။

မတ်လအကုန် ဧပရယ်လဆန်းတွင် တိုင်တန်ဘေဇင်တွင် ကျင်းပသော ချယ်ရီပွဲတော်သို့ သွားရောက်ကြသည်။ ကယ်ပီတယ်မှ မိုးနူးမတ်ကျောက်တိုင်၊ လင်ကွန်းမန်မိုရီယမ်အထိ နေရှင်နယ်မောလ်တလျှောက် လူများ ကြိတ်ကြိတ်တိုးနေကြပြီး အလွန်စည်ကားသည်။ ဂျပန်၊ အမေရိကန် နှစ်နိုင်ငံချစ်ကြည်ရေးအနေဖြင့် ဂျပန်နိုင်ငံမှ ပေးအပ်သော ချယ်ရီနှစ်ပင်ကို တိုင်တန်ဘေဇင်တွင် စတင်စိုက်ပျိုးခဲ့သည်။ ယနေ့အခါတွင် တိုင်တန်ဘေဇင် ကန်တလျှောက်၊ အနီးအနားတဝိုက် ချယ်ရီပင်များစွာ ရှိသည်။ သမ္မတကတော်မှ ချယ်ရီပင်စိုက်ပျိုး၊ ကျောက်မီးပုံးတွင် ဆီမီးထွန်းညှိကာ ချယ်ရီပွဲတော်ကို ဖွင့်လှစ်သည်။ ဂျပန်ရိုးရာယဉ်ကျေးမှု အတီးအမှုတ်အကအခုန်၊ ကလေးများကလည်း ပန်းချီလက်စွမ်းပြနိုင်သည်။ တိုင်တန်ဘေဇင်ကန်တလျှောက် အစွမ်းကုန်ဖူးပွင့်နေသည့် ချယ်ရီပင်အလှကို ကြည့်ရှုခံစားဖို့ သန်းချီသောသူများ လာရောက်လည်ပတ်ကြသည်။

US Botanic Garden

ရာသီဥတု အေးသောကြောင့် ချယ်ရီပွင့် နောက်ကျသည်။ အနီရောင် အဖူးလေးများသာ မြင်ရသည်။ နီပါလီနှစ်သစ်ကူး Dishan ပွဲတော်တွင် စွန်လွှတ်သည့်ဓလေ့ရှိသည့် ဆူနမ်တို့က စွန်လွှတ်ချင်ကြသော်လည်း စွန်ဝယ်ရန် တန်းစီနေကြသည့် လူတန်းရှည်ကြီးကို မြင်လိုက်ရသည်နှင့် လက်လျှော့လိုက်ကြသည်။ စွန်လွှတ်ပြိုင်ပွဲရှိသည်။ ကလေးများက  စွန်ကိုလေထဲ ပျံဝဲနေစေဖို့ ပြေးလွှားဆော့ကစားကြသည်။ အင်တာဗျူးမှအပြန် ချယ်ရီများ ပွင့်ပြီလားဟု သွားချောင်းသော်လည်း အနှီချယ်ရီကား မပွင့်သေး။ ချယ်ရီများ အစွမ်းကုန်ပွင့်ချိန် ကျောင်းတွင် Seminar Course သွားတက်နေရသောကြောင့် ချယ်ရီအလှကို မတွေ့လိုက်ရ။

ဒီစီအလုပ်အော်ဖာ ပေးလာသောအခါ ပျော်လိုက်သည်မှာ ဆိုဖွယ်ရာမရှိ။ အင်တာဗျူးသွားကတည်းက နှစ်သက်သဘောကျနေသည့် နေရာလေး။ ရုံးသည် ကယ်ပီတယ်နှင့် ဒီအိုအယ် (Department Of Labor) ကြားတွင် ရှိသည်။ ကလိုင်းရင့် ဒီအိုအယ်အတွက် ဆော့ဝဲပရောဂျက် ရေးပေးရသည်။ မျက်လုံးလှသည့် အင်တာဗျူးသူမှာ တက်ဒ်ဟု ခေါ်ကြသည့် သီဟိုဒိုဝိန်းရိုက်ဖြစ်သည်။ Hazel မျက်လုံးပိုင်ရှင် တက်ဒ်၏မျက်လုံးသည် အစိမ်းရောင်အ င်္ကီျဝတ်သည့်နေ့တွင် အစိမ်းရောင်၊ အပြာရောင်ဝတ်သည့်နေ့တွင် အပြာရောင်၊ အညိုရောင်ဝတ်သည့်နေ့တွင် အညိုရောင် ပြောင်းနေတတ်သည်။ တွေ့ဖူးသမျှ မျက်လုံးအရောင်များထဲတွင် ထိုအရောင်သည် အလှဆုံးဖြစ်သည်။ တက်ဒ်တွင် ပိုလန်အလာဂျီရှိသောကြောင့် ပန်းဝတ်မှုန်များသည့်နေ့တွင် နှာရည်တရွဲရွဲဖြစ်ကာ နှာချေနေတတ်သည်။


ဘရန်ဒန် ဟန်နာမန်းတွင် မြေပဲအလာဂျီရှိသည်။ မန်နေဂျာကင်တွင် ပိုလန်အလာဂျီရှိပြီး မျက်လုံးတစ်ခုလုံး နီရဲနေတတ်သည်။ စက်ဘီးစီး ဦးထုပ်ဆောင်း၊ အားကစားဝတ်စုံဝတ် ရုံးသို့စက်ဘီးစီးလာတတ်သည့် လီဆာ။ မတ်ထရူးသည် Business Analyst ပီသကာ သူရှိလျှင် တရုံးလုံး သူ့အသံများနှင့် ဆူညံနေတတ်သည်။ တန်ပါသောမတ်သည် အမျိုးသမီး System Administrator ဖြစ်ပြီး ဆံပင်ပုံစံအမျိုးမျိုး ပြောင်းလေ့ရှိသည်။ Office Manager ဘာဘရာသည် ပေါင်းသင်းဆက်ဆံရေးကောင်းပြီး တရုံးလုံးက အားထားရသူဖြစ်သည်။ ရုံး၏ သက်တော်ရှည်မှာ Customer Service Desk မှ ဗီယက်နမ် သက်ငုယင်ဖြစ်သည်။ ဒီအိုအယ်ရုံးထိုင်ပြီး ရုံးသို့ကိစ္စရှိမှလာတတ်သည့် တောင်အာဖရိကတိုက် Guinea နိုင်ငံမှ အာဘူး၊ အီဂျစ်မှ အာမက်၊ အလီ။ တစ်နှစ်တွင် တစ်ခေါက်လောက်သာ တွေ့ရတတ်သည့် စီအီးအို စတိဗ်။

စတိတ်ရောက်နေသည်မှာ နှစ်သုံးဆယ်နီးပါး ရှိနေသည့် တရုတ်မကလဲယားနှင့် သောကြာနေ့ဆိုလျှင် တရုတ်တန်း စားသောက်ဆိုင်များဆီသို့ ခြေဆန့်ကြသည်။ ယူနီယမ်စတေးရှင်းတွင် လျှော့ပင်းကြသည်။ တခါတရံ နာမည်ကြီး ဗီယက်နမ် ဖော်ဆိုင်ဖြစ်သည့် ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့ ဖော် ၇၅ ဆိုင်သို့ သွားကြသည်။ တခါတရံ ပတ်တိုးမတ်မြစ်ဘေးတလျှောက် လမ်းလျှောက်ကြပြီး ဂျော့တောင်းတက္ကသိုလ်ဆီ သွားရောက်လည်ပတ်သည်။ ပတ်တိုးမတ်စ်မြစ်ကို ဖြတ်ကျော်ပြီး ရိုစလင်ထိ  ၄ နာရီနီးပါး လမ်းလျှောက်ကြသည်။ ကလဲယားက ဒီစီသို့ နောက်ထပ် ၂ နာရီ လမ်းလျှောက်ပြန်နိုင်သေးသော်လည်း ကလဲယားထက် အနှစ်၂၀ မျှ ငယ်သည့်သူ ကိုယ်က လမ်းမလျှောက်နိုင်တော့သောကြောင့် ရထားစီးပြန်ခဲ့ရဖူးသည်။


ကလဲယား၏ ခေါက်၍ရသည့်စက်ဘီးကို ကယ်ပီတယ်နောက်တွင် စီးခဲ့ဖူးသည်။ သောကြာနေ့ညနေစောင်းတွင် ကယ်ပီတယ်မှ နေရှင်နယ်မောလ်တလျှောက် တွေ့မြင်သမျှ ဓာတ်ပုံရိုက်လေ့ရှိသည်။ တိုင်တန်ဘေစင်ကန် တပတ်လျှောက်သည်။ နေရှင်နယ်အာခိုက်ပြတိုက်တွင် လွတ်လပ်ရေးကြေငြာ မူရင်းစာတမ်းရှိသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်ခန့်က စာရေးမူများကို တွေ့မြင်ရသောအခါ ထိန်းသိမ်းထားနိုင်စွမ်းကို မချီးမွမ်းဘဲ မနေနိုင်။ ထိုပြတိုက်သည် ကင်မရာရိုက်ခွင့်မပြ ုသလို ရှေးလက်ရေးမူများ တာရှည်ခံစေရန် အခန်းတိုင်းသည် အနည်းငယ်မှောင်ပြီး အနည်းငယ်အေးမြသည်။ အမျိုးသားဂယ်လာရီပြတိုက်တွင် ပန်းပု၊ ပန်းချီ၊ ဗီရိုများကို တွေ့နိုင်သည်။ အလင်း၊ အမှောင် ပိုင်နိုင်လွန်း၊ ရုပ်လုံးကြွပြောင်မြောက်သည့် ပန်းချီကားများကို မှင်တက်မိသွားဖူးသည်။

ကက်သလစ်ယူနီဗာစတီအော့ဖ် အမေရိကားဘေးတွင်ရှိသော ဘက်စီလီကာအမျိုးသား ဘုရားရှိခိုးကျောင်း အဆောက်အဦးသည် လက်ရောက်ပြောင်မြောက်လွန်းသည်။ လူဖြူလူမည်း ခွဲခြားခြင်း၊ အမျိုးသမီးများ မဲပေးခွင့်ရအောင် လမ်းပွင့်စေခဲ့သည့် မာတင်လူသာကင်း၏ သမိုင်းဝင် I have a dream မိန့်ခွန်းပြောကြားသည့် ဝါရှင်တန်ချီတက်ပွဲကို အစဉ်အလာမပျက် ကျင်းပသည်။ အိမ်ဖြူတော်နောက်ဖက်တွင် ဆိုင်းပုဒ်ကိုင်ဆန္ဒပြသူများကို အမြဲလိုလိုတွေ့နိုင်သည်။ ပန်းရောင်စုံများ၊ ရေပန်းများဖြင့် တင့်တယ်လှပ သန့်ရှင်းသည်။ ထိုမြို့လေးတွင် ဝါသနာတူသူများ စုပေါင်းလုပ်ဆောင်ကြသည့် အသင်းအဖွဲ့များရှိသည်။ ကယ်ပီတယ်ဟိုက်ကင်းကလပ်ဖြင့် ရှယ်နယ်ဒိုးဝါးတောင် တက်ဖူးသည်။ မတူကွဲပြားသည့် အစားအသောက်မျိုးစုံကို မြည်းစမ်းနိုင်သည်။

National Museum of Natural History

အစိုးရဘတ်ဂျက် ဖြတ်သောကြောင့် ပြတိုက်စောစောပိတ်သည်။ လိုင်ဘရီအော့ဖ် ကွန်ဂရက်၊ ဘော်တနစ်ဂါးဒင်းသို့ ထပ်မံသွားရောက် လည်ပတ်သည်။ နွေဦးနှင့်နွေရာသီတွင် သစ်ပင်များ စိမ်းလန်းဝေဆာပြီး ဆောင်းဦးရာသီတွင် သစ်ရွက်များ အဝါရောင်၊ အနီရောင်ပြောင်းကာ အလွန်လှပသည်။ ဖယ်ဒရယ်အစိုးရ ရှပ်ဒေါင်းချိန် ကယ်ပီတယ်တွင် သတင်းထောက်များ ဝိုင်းအုံနေသည်။ ညဉ့်နက်သန်းခေါင်တိုင်အေင် ရီဘာပလင်ကန်နှင့် ဒီမိုဂရက် အကြိတ်အနယ် ဆွေးနွေးငြင်းခုန်နေသောကြောင့် ကယ်ပီတယ်သည် မီးထိန်ထိန်လင်းနေသည်။

ဖယ်ဒရယ်အစိုးရ ရှပ်ဒေါင်းစဉ် ရှပ်ဒေါင်းလိုက်သောရုံးသည် ဖယ်ဒရယ်အစိုးရ ပြန်ဖွင့်သော်လည်း ပြန်ဖွင့်မလာတော့။ ဒီအိုအယ်နှင့် ကွန်းထရပ် မတိုးမှန်း သိနှင့်နေသောကြောင့် လေးအော့ဖ်ဖြစ်သည့်အခါ ထူးထူးထွေထွေ မခံစားမိ။ စောင့်ရှောက်ကူညီ သွန်သင်ဆုံးမတတ်ရုံမက ပြည်နယ်သုံးခု၊ မြစ်နှစ်ခုဆုံသည့် ဟာပါးဖယ်ရီရောက်ဖူးအောင် ပို့ဆောင်ပေးသည့် ကလဲရားလို မိတ်ဆွေ၊ သူငယ်ချင်းကောင်းတစ်ယောက်ကို ထိုရုံးလေးမှ ရရှိခဲ့သည်။

World War II Memorial

အလုပ်သစ်ရှာဖွေချိန် ထိုမြို့လေးသို့ မရောက်ဖြစ်။ သို့သော် တီဗွီဖန်သားပြင်တွင် ထိုမြို့လေးအကြောင်း အမြဲလိုလို တွေ့နေရတတ်သည်။ ထို့မြို့လေးကို နှစ်သက်သောကြောင့် မေရီလန်းတွင် အလုပ်ရချင်သော်လည်း အလုပ်အော်ဖာ ပေးလာသောမြို့သို့ ပြောင်းရွှေ့ရဖို့ ဖန်လာပြန်သည်။ ဘုရင်နေသောမြို့သို့ ပြောင်းရွှေ့စဉ် ကြောက်စိတ်လုံးဝမရှိသလို ဆူနမ်တို့ဆီ ပြောင်းရွှေ့လာချိန်တွင်လည်း စိတ်ချက်လက်ချ အေးအေးဆေးဆေး ရှိနေခဲ့သည်။ သို့သော် ယခုပြောင်းရွှေ့ရမည့်မြို့သည် တခြားမြို့များနှင့် ကွာခြားလွန်းသောကြောင့် စိတ်အေးလက်အေး ရှိမနေခဲ့။ နောက်ဆုံးအကြိမ် ထိုမြို့လေးသို့ သွားရောက်လည်ပတ်သောအခါ ဆောင်းရာသီဖြစ်သောကြောင့် သစ်ပင်များ မည်းမည်းခြောက်ခြောက် ဖြစ်နေသော်လည်း ထိုမြို့လေးအလှ နည်းနည်းလေးမှ မယွင်းခဲ့။

အစိုးရရုံးစိုက်ရာမြို့ဖြစ်သော ထိုမြို့လေးတွင် မိုးမျှော်တိုက်များမရှိ။ ရှေးဟောင်းလက်ရာ အဆောက်အဦးများဖြင့် လှပခန့်ညားသည်။ ထိုမြို့လေးတွေင် သမ္မတနေထိုင်သည့် အိမ်ဖြူတော်ရှိသည်။ အရေးကြီးသည့် ဥပေဒများ တင်သွင်းငြင်းခုန် အတည်ပြုကြသည့် ဆီးနိတ်နှင့်ဟောက်စ်ရှိရာ အမိုးခုံးဖြူဖြူ လှပခန့်ညားသည့် ကယ်ပီတယ်ရှိသည်။ ကြီးကျယ်ခမ်းနားလှပသည့် ဘုရားကျောင်းများ ရှိသည်။ မြို့တော်ကို ဖြတ်သန်းပြေးဆွဲသည့် သန့်ရှင်းစနစ်ကျသည့် မီးရထားစနစ်ရှိသည်။ ပြတိုက်တော်တော်များများသည် အခမဲ့ဖြစ်သည်။  ဝင်ကြေးပေးရသည့် စပိုင်ပြတိုက်၊ မော့က်ဗာနွန်တို့ကို သွားမလည်ဖြစ်ခဲ့။ ထိုမြို့လေးတွင် လည်ပတ်စရာများ မကုန်ခန်းနိုင်အောင် ရှိသည်။

Washington Monument

ခြင်္သေ့ကျွှန်းကို လာစဉ်တုန်းက မျက်ရည်တစက်မှ မကျခဲ့။ သို့သော် ယူအက်စ်ကိုလာစဉ်  ခြင်္သေ့ကျွှန်းမှ ဟောင်ကောင်အထိ ငိုကြွေးနေခဲ့ဖူးသည်။ ဟောင်ကောင်မှ ချီကာဂိုခရီးစဉ်တွင် မျက်ရည်တိတ်သွားသည်မှာ ကြီးမားသည့်ဘိုးအင်း ၇၄၇ လေယာဉ်ကို စူးစမ်းချင်စိတ်၊ လူတွေအများကြီးရှိနေသောကြောင့် ဖြစ်လိမ့်မည်။ ဒုတိယအကြိမ် ငိုကြွေးရသည်ကတော့ ဆူနမ်၊ ရာမား၊ မိုင်းတို့ ကျောင်းကထွက်ခွာသွားစဉ်တုန်းက။ ချစ်သူရဲ့မြို့က ထွက်ခွာလာခဲ့စဉ် မငိုကြွေးခဲ့။ တတိယအကြိမ် ငိုရသည်ကတော့ ယူအက်စ်တွင် ပထမဆုံးအလုပ်ဖြစ်သည့် ကန်တက်ကီရုံး နောက်ဆုံးနေ့။ ဘုရင်နေသောမြို့မှ ထွက်ခွာလာခဲ့စဉ် မငိုကြွေးခဲ့။ ရင်နာနာဖြင့် ငိုကြွေးရလွန်း၍ မျက်ရည်များ ကုန်ခမ်းသွားပြီလား၊ ဘတ်စ်ကားခ သက်သာပြီး ၄ နာရီ ခွဲ ကားစီးရုံမျှဖြင့် အချိန်မရွေး ရောက်နိုင်သည်ဖြစ်သောကြာင့် ထိုမြို့လေးမှ ထွက်ခွာစဉ် ငိုကြွေးလိမ့်မည်ဟု မထင်မိ။

ရုံးကိုလည်း မတွယ်တာ၊ နေထိုင်သည့်မြို့ကိုလည်း မတွယ်တာဘဲ နွေဦးတွင် ချယ်ရီဝေသောမြို့ကလေးကို တွယ်တာသည်ကတော့ ထူးဆန်းလှသည်။ ထိုမြို့လေးတွင် ဝင်ကြေးအခမဲ့ ပြတိုက်များစွာ ရှိသည်။ မြို့လေးတခွင် စက်ဘီးနှင့် လှည့်လည်နိုင်သည်။ ပတ်တိုးမတ်မြစ်ကမ်းဘေးတလျှောက် စက်ဘီးစီး၊ အပြေးလေ့ကျင့်၊ လမ်းလျှောက်နိုင်သည်။ ပတ်တိုးမြစ်တလျှောက် သင်္ဘောစီးကာ မြို့အလှကို ခံစားနိုင်သည်။ မြစ်ထဲတွင် ကနူးလှေလှော်၊ Rafting လုပ်နိုင်သည်။ အနီးအနားရှိ ဗာဂျီးနီးယားပြည်နယ်၊ မေရီလန်းပြည်နယ်ဖက်ရှိ တောင်များကို တက်နိုင်သည်။ အမျိုးသားဥယျာဉ်များစွာ ရှိသည်။ အစားအသောက်မျိုးစုံ မြည်းစမ်းနိုင်သည်။ အနုပညာ၊ ပြဇာတ်ပွဲများ ရှိသည်။ လျှော့ပင်းမောလ်များစွာ ရှိသည်။ ထိုမြို့လေးတွင် လေ့လာစူးစမ်းချင်စိတ်၊ အံ့သြမူများ၊ ဆွဲငင်မှုများနှင့် ဖမ်းစားလွန်းလှသည်။

White House

မိုးမျှော်တိုက်ကြီးများ၊ ရထားများ၊ လူများ အလွန်ရှုပ်၊ တက်သုတ်နှင်၊ ခံစားချက်မဲ့ မျက်နှာသေများ၊ နှုတ်ခွန်းမဆက် ညမအိပ်သည့် ကွန်ကရစ်ဂျမ်းဂဲမြို့တွင် မောပန်းနွမ်းနယ်၊ စိတ်နှလုံး ညစ်နွမ်းလာခဲ့လျှင် ပတ်တိုးမြစ်ပေါ် ဖြတ်သန်းတိုက်ခတ်လာသည့် လတ်ဆတ်သော လေပြည်လေညင်းကို ရှုရှိုက်ဖို့၊ နွေဦးတွင် ချယ်ရီဝေသောတစ်နေ့ ချယ်ရီမြို့လေး၏ရင်ခွင်ဆီ မှေးစက်အနားယူဖို့ ပြန်ခဲ့ဦးမည် ထင်ပါသည်။

စန်းထွန်း
ဒီဇင်ဘာ ၆ ၊ ၂၀၁၃။

သတင်းတွင် အမြဲပါသည့် ချယ်ရီမြိ  ု့လေးမှ ထွက်ခွာသောနေ့ အမှတ်တရ

ရေးခဲ့ဖူးတဲ့မြို့တွေ
ချစ်သူရဲ့မြို့
ဘုရင်နေသောမြို့

P.S ဒီစီသွားတောလား၊ All About DC စီးရီးပို့စ်ကနေ ဒီစီရဲ ့အထင်ကရ နေရာတွေကို မြင်ဖူးကြမှာပါ။ ဆောင်းရာသီ သစ်ပင်မှာ သစ်ရွက်တွေ မရှိတော့တဲ့အချိန်မို့ မြင်ကွင်းရှင်းနေတယ်။ သွားလည်ခဲ့သမျှထဲမှာ ဒီတခေါက်က လူအရှင်းဆုံး။ ကိုယ့်နောက်ဆုံးအခေါက်ပေမဲ့ ဇာရာ့ရဲ့ ပထမဆုံးအခေါက်။ တယောက်တည်း တိုးရစ်တာများတာမို့ ဒီတခေါက်မှ ဇာရာ့ကြောင့် ဓာတ်ပုံရိုက်ဖြစ်တော့တယ်။ ဒီနေ့ စတိတ်ရှိုးတွေနဲ့ ကယ်ပီတယ်ရှေ့က ခရစ်စမတ်သစ်ပင်ကို မီးစထွန်းညှိတယ်လို့ သတင်းမှာ တွေ့လိုက်တယ်။ ဒီစီရဲ့ခရစ်စမတ်၊ နှစ်သစ်ကူးချိန် ညအလှတွေကို ဓာတ်ပုံမရိုက်ဖူးသေးဘူး။ တစ်နေ့နေ့ပေါ့။

01 December 2013

နယူးယောက်သွား တောလား - ၂

လွန်ခဲ့တဲ့အပတ် နိုဝင်ဘာ ၂၁ ကြသပတေးနေ့က ဖေ့တူဖေ့ အင်တာဗျူးဖို့ နယူးယောက်မြို့ကို ရောက်ခဲ့တော့ ဒီတောလားလေး ရေးဖြစ်ပါတယ်။ တနင်္လာနေ့ ဖုန်းအင်တာဗျူးအောင်လို့ ဖေ့တူဖေ့အင်တာဗျူး ဘယ်တော့လာနိုင်မလဲဆိုတော့ ကြသပတေးနေ့လာမယ်လို့။ ဇူလှိုင်တုန်းက တစ်ခေါက်ရောက်ဖူးပြီးသားမို့၊ ဘတ်စ်ကားဂိတ်ကနေ ရုံးကို ရထားထပ်စီးစရာမလိုဘဲ လမ်းလျှောက်ရုံနဲ့ ရတာမို့ စိတ်မပူဘူး။ ဝါရှင်တန်ဒီစီကနေ ဂရေးဟောင်းဘတ်စ်ကားနဲ့ မနက်သွားပြီး ညနေပြန်လာ ဘတ်စ်ကားခက ပုံမှန်ကို ၇၀ ကျော်ပေမဲ့ တစ်ရက်စောဘွတ်လို့ ၃၈ ကျပ်။ အခန်းဖော် ဇာရာကို လိုက်မလားခေါ်တော့ နယူးယောက်မရောက်ဖူးလို့ လိုက်ချင်တယ်တဲ့။

ကိုယ်က အင်ပါယာစတိတ်အဆောက်အဦးပေါ်တက်ပြီး အထပ်အမြင့် ၈၀ ကနေ နယူးယောက်မြို့ကြီးကို အပေါ်စီးက ကြည့်ချင်တာ။ လက်မှတ်က ၂၇ ကျပ် မနက် ၈ နာရီ နေ့လည် ၂ အထိပဲ ဖွင့်တယ်။ ဒီစီကနေ မနက် ၇ နာရီ ထွက်မှာ နယူးယောက်ကို နေ့လည် ၁၁ နာရီခွဲ ရောက်မှာ ၄ နာရီခွဲ မောင်းရတယ်။ ဒါတောင် ကားလမ်းမကျပ်မှ။ နေ့လည်စာ စားပြီးရင် နေ့လည် ၁၂ ကျော်နေပြီ လမ်းလျှောက်မှာနဲ့ ဘာနဲ့။ အင်ပါယာအဆောက်အဦးကို နောက်ဆုံးတက်တဲ့ ဓာတ်လှေကားက နေ့လည် ၁ နာရီ  ၁၅။


ခြွေတာရတဲ့ကျောင်းသူ ဇာရာက အင်ပါယာအဆောက်အဦးကို မတက်ချင်ဘူး။ ဖရီးဖြစ်တဲ့ ဝေါထရိတ်စင်တာကို သွားရအောင်တဲ့။ တိုင်းစကွဲယားကနေ ဝေါထရိတ်စင်တာအထိကို မြေအောက်ရထားစီးရမှာ။ ကြာချိန်က မိနစ် ၂၀ ဆိုပေမဲ့ လက်မှတ်ဝယ်မှာနဲ့၊ ဘယ်ရထားကို စီးရမှန်းမသိနဲ့  မိနစ် ၂၀ ခရီးဟာ ၁ နာရီလောက် ကြာမယ်။ ရောက်ရင် တန်းစီရမှာနဲ့ လည်ပတ်မှာနဲ့ နေ့လည် ၂ နာရီ အင်တာဗျူးမှီအောင် ပြန်ရမှာနဲ့ ကိုယ်က မသွားချင်ဘူး။ ဇာရာက ကိုယ်အင်တာဗျူးနေတုန်း သူ သွားချင်တယ်တဲ့။ နယူးယောက်ကို မရောက်ဘူး၊ နယူးယောက်ရထား ဘယ်လောက်ရှုပ်တယ်ဆိုတာ သူ မသိသေးလို့။ ကိုယ်က စိတ်မချဘူး လမ်းပျောက်သွားရင်၊ တခုခုဖြစ်ရင် အိမ်ရှင်ရှယ်ရွန်ကို ဘယ်လိုပြောရပါ့။ ဇာရာက ရှယ်ရွန့်တူမ ကိုယ့်နောက်လိုက်တာဆိုတော့ ကိုယ့်မှာ တာဝန်ရှိတယ်လေ။

မသွားပါနဲ့ မမလေးရယ် ကိုယ် အင်တာဗျူးနေတုန်း တိုင်းစကွဲယားမှာပဲ ပတ်နေပါဆိုတော့ အင်းတဲ့။ စမတ်ဖုန်းမကိုင်တဲ့ သူ့အတွက် မြေပုံ၊ ကိုယ့်အင်တာဗျူးရုံးရဲ့လိပ်စာ၊ ဘတ်စ်ကားဂိတ်လိပ်စာတို့ကို ပရင့်ထုတ်ပေးရတယ်။ လူကွဲသွားရင်၊ လမ်းပျောက်သွားရင် တက္ကစီငှားပြီး လာလို့ရအောင်။ ကိုယ်ကသာ ပူတာ သူကတော့ အေးဆေးပဲ။ မနက် ၅ နာရီခွဲ ထ၊ ကားကို ပါကင်းမှာထားခဲ့၊ မနက် ၆ နာရီ ရထားစီး ယူနေယမ်ဘူတာမှာဆင်း၊ ကားဂိတ်က ဘယ်မှာမှန်းမသိလို့ သွားမေးတော့ အပေါ်ထပ်မှာတဲ့။ ဟုတ်ပါ့ အပေါ်ထပ်မှာ Greyhound ၊ Mega ၊ Bolt ကားဂိတ်တွေ ရှိတယ်။ ရှယ်ရွန်က ဂရေးဟောင်းဘတ်စ်ကို လူတွေမစီးကြတော့ဘူးတဲ့ သူက ဟိုးအရင်တုန်းက ဘတ်စ်ကား။ ခု Bolt ဆိုတာ စီးကြတယ်တဲ့။


ကိုယ်ကတော့ အိုင်အိုဝါပြည်နယ်ကနေ အင်ဒီးယားနားပြည်နယ် ဖို့ဝိန်း၊ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီ၊ ကန်တက်ကီပြည်နယ် လူဝီဗီလ်၊ မေရီလန်း ဖရက်ဒရစ်တွေကို ဂရေးဟောင်းဘတ်စ်နဲ့ သွားတာ။ ကိုယ်ကျောင်းတက်တဲ့ အိုင်အိုဝါပြည်နယ်က ဖဲဖီးလ်ဆိုရင် မြို့သေးသေးလေးမို့ ဂရေးဟောင်းဘတ်စ်ပဲ ရောက်တယ်။ နယူးဂျာစီ ပြည်နယ်ဖက်ခြမ်းကနေ မိုးမျှော်တိုက်တွေ မြင်ရတယ်။ ကားပေါ်မှာ ကိုယ်တို့နှစ်ယောက်ပဲ ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်ကြတယ် နယူးယောက်ကို မရောက်ဖူးမှန်း သိသာလိုက်တာ း) ။

ဇူလိုင် ၄ လွတ်လပ်ရေးနေ့ နယူးယောက်ကို လာတုန်းက နယူးဂျာစီပြည်နယ် Newark Penn Station ပန်စတေရှင်း ဘူတာနားမှာ ကားကိုပါကင်းခဲ့ပြီး အဲဒီဘူတာကနေ New York Penn Station အထိ ရထားစီးတာ။ ခုဘတ်စ်က Lincoln Tunnel လင်ကွန်းမြေအောက်လှိုဏ်ခေါင်းကနေ ဖြတ်လိုက်ရင်ပဲ မက်ဟန်တန်မြို့လယ်ခေါင်ရောက်တယ်။ လှိုဏ်ခေါင်းအဝမှာ ကားတွေဆောင့်တတ်လို့ ဖြေးဖြေးသတိထားမောင်းဖို့ သတိပေးဆိုင်းဘုတ်တွေ တွေ့တယ်။ လှိုဏ်ခေါင်းက တော်တော်ကျဉ်းတယ်။ ဟောင်ကောင်ကျွှန်းမကြီးကနေ Kowloon ကုန်လုံဖက်ခြမ်းကို Cross - Harbour Tunnel ကနေ ဖြတ်တော့ တက္ကစီသမားက ခု တို့တွေ ပင်လယ်ရေအောက်ထဲက ဖြတ်နေတာ၊ ဒီလှိုက်ခေါင်းက ၁၉၇၂ မှာ ဗြိတိသျှတွေ ဆောက်လုပ်ဖွင့်လှစ်ခဲ့တာ။ ကမ္ဘာနဲ့ ဟောင်ကောင်မှာ အမြဲကျပ်တဲ့လမ်းတွေထဲက တစ်ခုလို့ပြောတာ သတိရသွားတယ်။


လင်ကွန်းလှိုဏ်ခေါင်းကို ဘယ်တုန်းက ဆောက်ခဲ့လည်းဆိုတာ ဂူဂယ်မှာရှာကြည့်တော့ ၁၉၃၄ မှာ စဆောက်ပြီး ၁၉၃၇ မှာ ဖွင့်လှစ်ခဲ့တာဆိုတော့ ဟောင်ကောင်က Cross - Harbour Tunnel ထက် ပိုစောတာပေါ့။ Hudson ဟတ်ဆန်မြစ်ကို ဖြတ်ကျော်ပြီး နယူးဂျာဆီကနေ စီးပွားရေးအချက်အချာကျတဲ့ မက်ဟန်တန်ကို ဆက်သွယ်ထားတဲ့ မြေအောက်လှိုဏ်ခေါင်းနှစ်ခုက လင်ကွန်းနဲ့ ဟော်လန်။ သမ္မတအေဘရာဟမ်လင်ကွန်းကို အစွဲပြု အမည်ပေးထားတာဖြစ်ပြီး တစ်နေ့ကို ကားအစီးပေါင်း တစ်သိန်းကျော် ဖြတ်တယ်လို့ ဆိုပါတယ်။

ဘတ်စ်ကားဂိတ်က တက်ရင်ပဲ နာမည်ကျော်ကြားတဲ့သူတွေရဲ့ ပုံတူဖယောင်းပြတိုက်ရှိတဲ့ Madame Tussauds ဘေးက မက်ဒေါနယ်မှာ နေ့လည်စာစားတယ်။ ပထမတစ်ခေါက်လာတုန်းကလည်း အဲဒီမှာ နေ့လည်စာစားတာ။ ပြီးတော့ တိုင်းစကွဲယား သွားတယ်။ ရုံးတက်ရက် နေ့လည်ချိန်မို့ တူပါရဲ့ လူရှင်းနေတယ်။ မစ်ကီမောက်အရုပ်တွေက ဘေးမှာလာဓာတ်ပုံရိုက်ခံတယ် ပြီးတော့ တဖ်စ်တောင်းတယ် ပိုက်ဆံအကြွေမပါဘူးလို့ ငြင်းရတယ်။ နောက် အရုပ်တွေတွေ့တိုင်း ဓာတ်ပုံရိုက်ရမှာ ခပ်လန့်လန့်ရယ် တော်ကြာ တစ်ဖ်လာတောင်းနေမှ ။ နယူးယောက်ရဲ့ အမှတ်အသားတွေဖြစ်တဲ့ နယူးယောက်တိုင်းမ်သတင်းစာနဲ့ အဝါရောင်တက္ကစီ။


ကိုယ်တို့အသည်းခိုက်တဲ့ ကာတွန်းဇာတ်လိုက်လေးတွေ ဖန်တီးတဲ့ ဒစ်စနေဆိုင်ကို ဝင်ကြတယ်။ ကလေးတွေ မပြောနဲ့ လူကြီးဖြစ်တဲ့ ကိုယ်တွေတောင် လိုချင်တယ်။ တစ်ခုဝယ်ရင် နောက်တစ်ခုကို တစ်ကျပ်ပဲ ပေးရမယ်၊ နှစ်ခုဝယ်ပြီး နှစ်ယောက်ရှယ်ရင် သက်သာတယ် တစ်ယောက်တစ်ယောက် ဝယ်ရအောင်တဲ့ ဇာရာက။ ခုနေ ဝယ်ထားရင် လမ်းတလျှောက် သယ်နေရမှာ အပြန်ကျမှ ဝယ်မယ်လေ။ လှေကားအဆင်းမှာ မီးလုံးလေးတွေ ဆင်ထားတာ အတော်လှတယ်။

ဆိုင်ခန်းသေးသေးလေးတွေမှာ စည်ကားနေတာတွေ့တော့ ဝင်ကြည့်ကြတယ်။ အရှေ့အလယ်ပိုင်းဒေသက ဖန်တွေ၊ ကျောက်တွေနဲ့ လုပ်ထားတဲ့ မီးဆိုင်း၊ အိုးလေးတွေ အတော်လှတယ်။ ဓာတ်ပုံရိုက်လို့ရလားဆိုတော့ ဘယ်လုပ်မလို့လဲတဲ့။ ဘာမှမဟုတ်ပါဘူး ဟိုရိုက်ဒီရိုက် လှလို့ရိုက်တာဆိုတော့ စီးပွားရေးလုပ်ငန်းအတွက် မဟုတ်ရင်ရတယ်တဲ့။ စကိတ်စီးနေကြတာ သွားငေးတယ်။ ကလေးကို စကိတ်စီးသင်ပေးနေတဲ့  အမျိုးသမီးတစ်ယောက်က ကိုယ့်မျက်လုံးထဲ လာချိတ်လို့ သူ့ပုံတော်တော်များများ ရိုက်ဖြစ်တယ်။ ကိုယ့်ဆန္ဒတစ်ခုက အဲဒီလို စကိတ်စီးဖူးချင်တာ။ ခုတော့ စီးလို့မဖြစ်သေးဘူး အင်တာဗျူးသွားဖြေရဦးမယ်။ အန်ကယ်တစ်ယောက် လဲကျလို့ ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့သူတွေ ကူညီနေတာ တွေ့တယ်။


၁ နာရီကျော်နေပြီမို့ အင်ပါယာအဆောက်အဦးဆီ မသွားတော့ဘဲ အင်တာဗျူးသွားဖို့ ဝေါကင်းရှူးဖိနပ်ကို အိတ်ထဲထည့် လေဒီရှုးထုတ်စီး။ ဇာရာက ကိုယ့်အင်တာဗျူးရုံး ဘယ်နားမှာလဲဆိုတာ သိချင်လို့လိုက်တယ်။ Concrete Jungle ထဲက အိုအေစစ်သစ်ပင်လေးတွေ တွေ့တယ်။ အင်တာဗျူးပြီးတော့ အဲဒီစကိတ်ကွင်းမှာ ပြန်ဆုံဖို့ ချိန်းထားတယ်။ အဲဒီစကိတ်ကွင်းက ဖရီး ဖိနပ်ငှားလို့လည်း ရတယ်တဲ့။ ကိုယ် အင်တာဗျူးဖြေနေချိန်မှာ ဇာရာက စာကြည့်တိုက်မှာ စာသွားဖတ်နေတယ်တဲ့။ အင်ပါယာအဆောက်အဦးရှေ့သွားပြီး ဓာတ်ပုံရိုက်ကြတယ်။ ဆောင်းဦးရာသီဆို အိမ်ရှေ့တွေမှာ အလှဆင်ထားတတ်တဲ့ ရွှေဖရုံသီး၊ ပြောင်းဖူး၊ ရိုးပြတ်တွေကို လမ်းဘေးသစ်ပင်အောက်မှာ ချထားပြီး အလှဆင်ထားတာတွေ့တော့ ရိုက်တယ်။ အဲဒီ 5th Ave လမ်းတလျှောက် ဘရန်းတွေချည်းပဲ။ ကိုယ်တို့လား လျှော့ပင်းဖို့ နေနေသာသာ ဝင်းဒိုးလျှော့ပင်းတောင် မလုပ်ဘူး။

Zara ဆိုင်ကို နေရာတိုင်းနီးပါးတွေ့လို့ ဇာရာတစ်ယောက် ဇာရာဆိုင်ကို အားပေးသင့်တယ်နော်ဆိုတော့ ပိုက်ပိုက်မရှိတဲ့။ Chrysler Building ကို သွားမယ်ဆိုတော့ ကိုယ်က ဖုန်းမှာ ရိုက်ထည့်တယ်။ ဇာရာက လူတွေကို သွားမေးတယ် နှစ်ဘလောက်လျှောက် ညာကွေ့တဲ့။ ကိုယ်က ညာကွေ့ဖို့ပြင်တော့ နောက်က လမ်းညွှန်တဲ့အတွဲက နောက်တစ်ဘလောက် ထပ်လျှောက်တဲ့။ ဓာတ်ပုံရိုက်ဖို့ပြင်၊ လမ်းကူးဖို့ပြင်တော့ သူတို့ကို ကျေးဇူးတင်ကြောင်း လှမ်းပြောဖို့ရှာတော့ You got it ဆိုပြီး လက်မထောင်ပြသွားတယ်။ ဒီလိုကူညီတတ်တဲ့ နယူးယောက်သားတွေလည်း ရှိပါသေးလား။ ကိုယ့်ကတော့ Chrysler အဆောက်အဦးက ပိုလှတယ်လို့ မြင်တယ်။ အဲဒီအဆောက်အဦးနား လျှောက်သွားတော့ ရှေးဟောင်းလက်ရာအဆောက်အဦးနဲ့ တံတားတစ်ခုတွေ့တယ်။ လှလိုက်တာ Grand Central Terminal တဲ့။


မီးရောင်စုံပြိုးပျပ်နေတဲ့ တိုင်းစကွဲယားနဲ့ ဒစ်စနေဆိုင်ကို မဝင်နိုင်တော့ဘူး။ ၄ နာရီခွဲနေပြီ ကားက ၅ နာရီခွဲ ဆိုပေမဲ့ ၅ နာရီ ရောက်နေရမှာ။ စတားဘာ့ခ်ဆိုင်မှာ ကော်ဖီနဲ့ ကိတ်ဝယ်ပြီး ကားဂိတ်ကိုပြေး။ နှစ်ထပ်၊ သုံးထပ်ဆင်းတာလည်း မတွေ့သေးလို့ ထိုင်နေတဲ့သူတစ်ယောက်ကို ဘတ်စ်ကားဂိတ် ဘယ်မှာလည်းလို့ သွားမေးတာ လမ်းတော့ညွှန်ပါရဲ့ ကားလက်မှတ်ပြဆိုလို့ မြန်မြန်လစ်ရတယ်။ ရဲကိုသွားမေးတော့ အသေအချာ လမ်းညွှန်တယ်။ ၅ နာရီခွဲ အချိန်အတိအကျထွက်တယ် လက်မှတ်နဲ့ ကားမောင်းလိုင်စင် ၊ အိုင်ဒီမရှိတဲ့သူတွေက ပတ်စ်ပို့ပြရတယ်။ သြော် နယူးယောက်ကိုး စစ်ကျူရတီ တင်းကျပ်ပါဘိ။ ညမှောင်မှောင် ဘာမှမမြင်ရ တလမ်းလုံး စကားတွေပြောလာတာဆိုလို့ တစ်ကားလုံးမှာ ကိုယ်တို့နှစ်ယောက်တည်း သူများတွေကတော့ အိပ်လို့။ သြော် ဒီကလေးမတွေနှယ် ပြော ပြောနိုင်လွန်းပါဘိ ပါးစပ်များ မညောင်းလေရော့သလား အိမ်မှာလည်း မတွေ့ရရှာဘူးကိုး ။

Empire State Building

ဓာတ်ပုံတွေကို ဖေ့ဘွတ်မှာတင်တော့ ဆြာဟန်က "ပဲလေးဘာလေး ညှစ်စမ်းပါ စန်းထွန်းရယ်...တကတည်း စစ်ရေးပြပုံတွေ ကျနေတာပဲ...သည်လိုသာလုပ်နေရင် စွံဦးမှာ မဟုတ်သေးပါးဘူး..." တဲ့။ ဟုတ်ပါ့ အေးလို့ လက်ကိုအင်္ကီျအိတ်ထဲ ထည့်ထားတော့ ကုတ်င်အင်္ကီျကလည်း စစ်ကုတ်င်္ကီျစတိုင်ဆိုတော့ စစ်ရေးပြနေတဲ့အတိုင်း။ နွေရာသီရောက်မှ ပဲလေးဘာလေး အတင်းညှစ်ထုတ်ပြီး မော်ဒယ်တွေလို ပို့စ်ပေးရမယ် း) ။ သောကြာနေ့မှာတော့ အောဖာပေးချင်ပါတယ်၊ ဘတ်စ်ကားခကိုလည်း ချက်နဲ့ပေးမယ်လို့ ဖုန်းဆက်လာပါတယ်။ နယူးယောက် အော်ဖာရတယ်ဆိုတော့ ဇာရာက တော်တော်ဝမ်းသာတယ် နယူးယောက်ကို လာလည်မယ်တဲ့။ ကန်နွမ်ဘာ့ခ်သွားတောလား အတူတူသွားခဲ့ကြတဲ့ အစ်မတွေကလည်း အလုပ်ရသွားလို့၊ နယူးယောက်ကို လာလည်မှာမို့ ဝမ်းသာတယ် ဝမ်းနည်းတာကတော့ ခွဲရမှာမို့တဲ့။ ကိုယ်ကတော့ နယူးယောက်မြို့ကြီးကို လူတွေရှုပ်လို့ မကြိုက်ဘူး။ ကန်တက်ကီ၊ မေရီလန်းကို ပြောင်းတုန်းက တစက်ကလေးမှ ကြောက်စိတ်မရှိခဲ့ဘူး။ အဲ နယူးယောက်ကိုတော့ နည်းနည်းကြောက်မိတယ်။ နယူးယောက်သားတွေကတော့ နယူးယောက်မှ နယူးယောက် နယူးယောက်ကနေ မခွာချင်ဘူးတဲ့။

Chrysler Building
Grand Central Terminal

ကိုယ်က သစ်ပင်တွေ၊ တောင်တွေ၊ လူတွေ သိပ်မရှုပ်တဲ့ နေရာတွေကို သဘောကျတယ်။ ကော်လိုရာဒို စတိတ်ယူနီဗာစတီက အော်ဖာပေးမလားလို့ စောင့်နေတာ။ ရှယ်ရွန်က ကော်လိုရာဒိုက အေးတယ် စကိတ်စီးဖို့ ကော်လိုရာဒိုကို သွားကြတာ။ ဆူနမ်တို့က ကော်လိုရာဒို တောင်တွေကြီးပဲ တောင်တက်ချင်တဲ့ နင့်အတွက်တော့ အတော်ပဲ ငါတို့လာလည်မယ်။ ဝါရှင်တန်ဒီစီ ဂျော့တောင်းက အမေရိကန်ရီဆာ့အင်စတီကျူမှာ ဖုန်းအင်တာဗျူးတာ မဖြေနိုင်ဘူး။ ပျော်ရာမှာ မနေရ တော်ရမှာနေရ။ ဒီစီမှာပဲ အလုပ်လုပ်ချင်တယ်လို့ နေရာရွေးနေရင် အလုပ်ရဖို့ကြာတယ် ဒီလိုရွေးချယ်ခွင့် ကိုယ့်မှာမရှိဘူး။ နယူးယောက်မှာ မပျော်ရင် နောက်တစ်နှစ်၊ နှစ်နှစ်လောက်မှ ပြန်ပြောင်းပေါ့။ မွေးနေ့လက်ဆောင် အလုပ်သစ်လိုချင်တဲ့ ကိုယ့်ဆုတောင်း ပြည့်တယ်ထင်ပါ့။

Union Station, Washington, DC

ဆူနမ်တို့နဲ့ တောလားခရီးတွေ အတူတူ မသွားရတော့မှာကိုတော့ စိတ်မကောင်းဖြစ်မိတယ်။ ကိုယ့်မွေးနေ့ကိုမေ့တဲ့၊ ကိုယ်ယ့်ကို ဖယ်ခွာနေတယ်ဆိုပေမဲ့ ကျောင်းတက်ကတည်းနေ အခုထိ ကူညီစောင့်ရှောက်၊ ခရစ်စမတ်၊ နှစ်သစ်ကူးချိန်မှာ တစ်ယောက်တည်း စိတ်မကောင်းစရာကြီး သူတို့ဆီလာလည်လို့ ဖိတ်ခေါ်တတ်တဲ့၊ ခရီးတွေသွားဖို့ဆိုရင် လှမ်းခေါ်တတ်တဲ့ သူငယ်ချင်းညီအစ်မတွေနဲ့ဘယ်အချိန်တော့များမှ ပြန်ဆုံမှာပါလိမ့်။ ရေစက်ရှိရင်တော့ တွေ့ဦးမှာပေါ့လေ။ ဒီစီရဲ့ နေရာတော်တော်များများကို လည်ပတ်ပြီးပြီမို့ နယူးယောက်က ကိုယ့်ရဲ့ Explore တစ်ခု ဖြစ်လာမယ်ထင်တယ်။ All About DC စီးရီးတွေအစား All About NYC စီးရီးတွေ ရေးဖြစ်မလားဘဲ။

Sweet December !
စန်းထွန်း
ဒီဇင်ဘာ ၁၊ ၂၀၁၃။

ရေးခဲ့ဖူးတာ
နယူးယောက်သွား တောလား