ဘုရင်နေသောမြို့...
မျက်ရည်လွယ်သော၊ မင်းသား၊ မင်းသမီး မငိုသေးခင် အရင်ငိုနှင့်တတ်သော သူတယောက် ချစ်သူရဲ့ မြို့မှ ထွက်ခွာစဉ် မျက်ရည်တစက်မှ မကျသည်မှာ ထူးဆန်းလှသည်။ မြို့ငယ်ကလေးကို ချစ်ခင်တွယ်တာသော်လည်း  ခွဲခွာရသည့် ဝမ်းနည်းမှုထက် သူငယ်ချင်းများရှိရာ မြို့လေးဆီတွင် ကြုံတွေ့ရမည်များကို စိတ်လှုပ်ရှားမှု ပိုနေသောကြောင့် ဖြစ်မည်။ အိုင်အိုဝါပြည်နယ်မှ မနက် ၁၁ နာရီတွင် ထွက်ခွာလာခဲ့သော ဘတ်စ်ကားသည် နှင်းကျကာ  ၃နာရီမျှကြာအောင် ယဉ်ကြောပိတ်နေမှုကြောင့် အီလီနွိုက်ပြည်နယ် ချီကာဂိုမြို့သို့ အဝင်နောက်ကျကာ ည ၈ နာရီ ပြောင်းစီးရမည့် ကားကို လွတ်သွားလေသည်။
မနက်ငါးနာရီ ဘတ်စ်ကားကို ညလုံးပေါက် ထိုင်ငိုက်စောင့်ရင်း နောက်နေ့ အင်ဒီယားနားပြည်နယ်ကို ဖြတ်ကျော်ကာ ခရီးဆုံးဖြစ်သော အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့သို့ မနက် ၁၁နာရီတွင် ရောက်လေသည်။ အကြိမ်ကြိမ် လမ်းမှားမောင်းပြီးမှ မြို့လယ်ဘတ်စ်ကားဂိတ်ရှိရာသို့ မျက်နှာရှုံ့မဲ့မဲ့ဖြင့် ရောက်လာသော မော်ဒယ်ထက်ပိန်သည့် သူငယ်ချင်းမိုင်းကို  မြင်လိုက်ရသည်နှင့် လုံခြုံစိတ်ချသွားသည်။ အုပ်စုထဲတွင် အသက်အငယ်ဆုံးဖြစ်သော်လည်း အစ်မကြီးတယောက်ကဲ့သို့ စောင့်ရှောက်သည့် ဆူနမ် မိုင်း၏ကုမ္ပဏီတွင် အလုပ်လုပ်ရန် နောက်နေ့တွင် ဘော့စတွန်မှ ရောက်လာလေသည်။
ကျောင်းပြီးခါစ ဝင်ငွေမရှိသည့် ကိုယ့်အတွက် သူ့ဆီလာဖို့ဘတ်စ်ကားလတ်မှတ်ကို မိုင်းက ဝယ်ပို့ပေးသည်။ အလုပ်ရှာနေစဉ်  နေထိုင်စားသောက်စရိတ်ကို မိုင်းနှင့်ဆူနမ် ကုန်ကျခံလေသည်။ မဆလာနှင့် အာလူးအမြဲပါသည့် ဆူနမ့်ဟင်း၊ မိုင်း၏ ရေလုံပြုတ်၊ ကျေးဇူးပြု၍ ငါရဲ့ခံတွင်းတွေ့မှုကို နင့်လက်ရာများနှင့် မဖျက်ဆီးလိုက်ပါနဲ့ဟု ဆူနမ် ကောင်းချီးပေးတတ်သည့်  ကိုယ့်လက်ရာ... တယောက်လက်ရာ တယောက်မစားနိုင်ကြ။ ဆူနမ်၏ ချာပါတီကို မိုင်းနှင့်ကိုယ်က အားပေးတတ်သော်လည်း မိုင်းနှင့်ကိုယ် နှစ်သက်သည့် ငါးပေါင်း၊ ပြည်ကြီးငါးကင်ကို ညှီသည်ဟုဆိုကာ ဆူနမ်က လုံးဝမစား။ ကိုယ်ကတော့ အိန္ဒိယအလုပ်ရှာပေးသူများ၏ ရိုင်းပြမူများနှင့်ကြံကြုံလျှင် ဒေါဖောင်းလိုက်၊ အင်တာဗျူးရလျှင် ဝမ်းသာလိုက်ရှိနေပြီး အသစ်ဝင်ခါစ ဆူနမ်ကတော့ အလုပ်သွင်းပေးသည့် မိုင်း မျက်နှာမပျက်အောင် ကြိ ုးစားသင်ယူရင်း မျက်နှာရှုံ့မဲ့နေလေသည်။
မနက်ရုံးမသွားမှီ ရေးဖြေစာမေးပွဲဖြေရမည့် နေရာတွင် ချထားခဲ့ပြီး နေ့လည် ထမင်းစားချိန်တွင် လာရောက် ခေါ်ယူလေသည်။ ရေးဖြေစာမေးပွဲ၊ ဖုန်းအင်တာဗျူးအောင်ပြီး ဖေ့စ်တူဖေ့စ်အင်တာဗျူးခေါ်သောအခါ ထိုမြို့လေးသို့ ပထမဆုံးအကြိမ် ရောက်ဖူးခဲ့လေသည်။ မိုင်းတို့ ရုံးချိန်မသွားမှီ ပို့ပေးခဲ့သောကြောင့် ၈ နာရီခွဲကတည်းက ဘတ်စ်ကားဂိတ်ရောက်နှင့်နေကာ နေ့လည် ၁၁ နာရီထွက်မည့်ဘတ်စ်ကားကို တမေ့တမော စောင့်ယူရလေသည်။  စီးရမည့် ဘတ်စ်ကားပေါ်တက်ရန် တန်းစီစောင့်ဆိုင်းချိန် ဒီအလုပ်များ ငါရမလားဟု ဖျပ်ခနဲ တွေးမိသွားသည်မှာ ဂိတ်နံပါတ် ၁၃ ကြောင့် ဖြစ်သည်။ ၁၃သည် အများက ကံဆိုးသည့် နံပါတ်ဟု ယူဆကြသော်လည်း ကိုယ့်အတွက်တော့ ကံကောင်းခြင်းများကို ဆောင်ကြဉ်းလာတတ်သည့် နံပါတ် ဖြစ်သည်။
တက္ကသိုလ်တက်မည့်အချိန်စောင့်ရင်း လန်ဒန်တက္ကသိုလ်တစ်ခုမှ လာရောက်ဖွင့်လှစ်သည့် ပထမနှစ်ဒီပလိုမာသင်တန်း တက်စဉ် အတန်းအမည်မှာ အိုင်ဒီစီအက်စ် ဆက်ရှင် ၁၃ ဖြစ်သည်။ ဆက်ရှင် ၁၃ မှ ကျောင်းသားများသည် မနက် ၁၁ နာရီ အတန်းပြီးသော်လည်း အာလာဒင်တွင် ဒန့်စင်းဂိမ်း သွားဆော့၊ စာမေးပွဲဖြေပြီးလျှင် တိရစ္ဆာန်ဥယျာဉ် ပင်လယ်ဓားပြလှေစီးကာ မျက်စိမမှိတ်ကြေးပြိုင်တတ်ကြပြီး အမြဲတတွဲတွဲရှိနေတတ်ကြသည်။ ဆက်ရှင် ၁၃မှ ကျောင်းသားများကို ဆရာ၊ ဆရာမများက ချစ်ကြသည်။ ၁၂ နှစ်ကြာပြီဖြစ်သော်လည်း ဆက်ရှင်၁၃အကြောင်း တွေးမိတိုင်း ကိုယ် ပြုံးမိဆဲ။
ခြင်္သေ့ကျွန်းနိုင်ငံတွင် ကျောင်းပြီး၍ အလုပ်ရှာစဉ် ရေးဖြေစာမေးပွဲ၊ ပရောဂျက်စာမေးပွဲ ဖြေဆိုအောင်မြင်ပြီး၍ ဖေ့စ်တူဖေ့စ် အင်တာဗျူးစဉ် ဒီအလုပ်က မင်းအတွက် ဘာထူးခြားလဲဟု မေးသောအခါ ကိုယ့်အတွက် ၁၃ခုမြောက် အင်တာဗျူး။ ၁၃နံပါတ်က ကိုယ့်တွက် ကံကောင်းခြင်းတွေ ဆောင်ကြဉ်းလာတတ်ပါတယ်ဟု ဆိုသောအခါ အင်တာဗျူးသူပြင်သစ်ကြီးက မင်းက အယူသည်းသည့် မိန်းကလေးဟုဆိုကာ ရယ်မောနေခဲ့သည်။ နိုင်ငံခြားခရီးတွေလည်း ထွက်ရ၊ အာဆီယံလေးဟု တင်စားရအောင် လူမျိုးစုံ၍ ရယ်သံတွေ ဝေစည်နေသည့် ထိုရုံးက နေ့လည်ထမင်းစားချိန်လေးကို နေ့လည်စာသွားစားသည့် အုပ်စုတွေ မြင်တိုင်း ကိုယ် လွမ်းမိဆဲ။
အင်တာဗျူးသူ ၄ ယောက်နှင့် ၂ နာရီကြာအောင် ဗျူးပြီး  ဘတ်စ်ကားဂိတ်အသွားအပြန် ပို့ဆောင်ပေးသည့် တက္ကစီယာဉ်မောင်းအား ထိုမြို့လေးအကြောင်းမေးသောအခါ ကန်တက်ကီပြည်နယ်၏ မြို့တော်သည် ဖရန့်ဖွတ်ဖြစ်သော်လည်း ထိုမြို့လေးသည် ပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သည်။ ဒါဘီ (မြင်းပွဲ) က နာမည်ကြီးသည်။ ၆နာရီခွဲ ထွက်မည့် ဘတ်စ်ကားချိန် စောနေသေးသည်မို့ လူစည်ကားရာ နေရာသို့ လျှောက်လည်ရင်း ဂီတာထောင်ထားသည့် ၄လမ်း၊ တခြားမြို့များတွင် တွေ့ရခဲသည့် ထရော်လီရထား၊ လက်ဝှေ့ကျော် မိုဟာမက်အလီ၊ မြင်းပွဲရှိသည့် ၊ မြစ်ကမ်းပါးဘေးတွင်ရှိသည့် တခြားမြို့များနှင့် ထူးမခြားနားသည့်မြို့တစ်မြို့သာ ဖြစ်သည်။
ချစ်သူရဲ့မြို့မှ ထွက်ခွာပြီး တစ်လပြည့်သောနေ့တွင် ထိုမြို့လေးသို့ ပြောင်းရွှေ့လာခဲ့သည်။ ဘတ်စ်ကားဂိတ်သည် အိမ်နှင့် အတော်ဝေးပြီး တက္ကစီဖြင့် ၃ရက် ရုံးတက်ပြီးသောအခါ အိမ်ရှင်မိသားစုမှ သက်သာသောနှုန်းထားဖြင့် ရုံးသွားရုံးပြန် ကြိုပို့ပေးသည်။ နှစ်ပတ်နေပြီး ရုံးနှင့်နီးသည့် တိုက်ခန်းငှားမည် ကြံရွယ်သော်ငြား  မြို့လေးမှ ထွက်ခွာသည့်အထိ ထိုမြေအောက်ထပ်လေးတွင် နေထိုင်ခဲ့လေသည်။ လူချမ်းသာများနေထိုင်ရာ မြို့အရှေ့ဖက် အန်ကာရေ့အရပ်တွင် ရှိသော ရုံးသည် ဂျေတောင်းဟု ခေါ်ကြသော မြို့အရှေ့တောင်အရပ်တွင်ရှိသော အိမ်မှ ၁၀ မိုင်ဝေးပြီး ဟိုင်းဝေးလမ်းတွင် ၇၅ မိုင်နှုန်းဖြင့် မိနစ်၂၀ မောင်းရလေသည်။
ပထမသုံးလသည် လုပ်ငန်းခွင်အသစ်၊ လူအသစ်၊ နေရာအသစ်များနှင့် လိုက်လျောညီထွေဖြစ်အောင် ရုန်းကန်ရခြင်းကြောင့် စိတ်အပင်ပန်းဆုံးလများဖြစ်သည်။ နွေဦးရာသီဖြစ်၍ ရောင်စုံဖူးပွင့်နေသော ပန်းများ၊ စိမ်းလန်းသော မြက်ခင်များ၊ ကြည်လင်နေသော ရေကန်များဖြင့် ထိုမြို့လေးသည် လှပသည်။ တခါတလေ ဝင်မွှေတတ်သော တော်နေဒိုးကြောင့် ရုံး၏ မြေအောက်ထပ်နားတွင် စုဝေးရဖူးသည်။
ကားလေး ရှိလာသောအခါ ကိုယ့်ခြေထောက် ဘီးတပ်ပေးလိုက်သည်။ ပထမဆုံး ဟိုင်းဝေးမောင်းသည့် အတွေ့အကြုံကို တွေးမိတိုင်း တဒိတ်ဒိတ်ရင်ခုန်သံကို ကြားရမြဲ။ မြို့ငယ်လေးတွင် ၄၅ မိုင်ထက် ပိုမမောင်းဖူးသည့်ကိုယ် ဟိုင်းဝေးလမ်းကို တက်မောင်းသောအခါ ဟွန်းသံဖြင့် ကောင်းချီးပေးကြလေသည်။  လွယ်လွယ်ကူကူ ဘယ်တော့မှ မရသည့် ကိုယ် အိမ်ရှင်မိသားစု၊ ရုံးမှ လုပ်ဖော်ကိုင်ဖက်၊ စီနီယာများ၏ အကူအညီ၊ အကြံညဏ် အမြဲတောင်းရသည်။ ထိုနိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဥပဒေများကို သင်ယူလေ့လာနေရဆဲ။
ရုံးပိတ်ရက်များတွင် ဗီယက်နမ်၊ ကိုရီးယားဆိုင်တွင် ဈေးဝယ်ခြင်း၊ နေ့လည်စာစားခြင်း၊ လျှောပင်းထွက်ခြင်းဖြင့် မြို့၏ သာယာလှပ သန့်ရှင်းပုံများကို တွေ့မြင်ခဲ့သည်။ ခရစ်ယာန်ဘုရာရှိခိုးကျောင်းမှ ဒုက္ခသည် ကူညီစောင့်ရှောက် ပေးသူများနှင့် လုပ်အားပေးရင်း မြို့အနောက်ဖက်ခြမ်းမှ အကျဉ်းတန်မှုများကို မြင်တွေ့ခဲ့သည်။ မိန်းကလေးဟူ၍ ကိုယ်တစ်ယောက်တည်းရှိသော်လည်း ဌာနမှ လူကြီးလူကောင်းများ၏ ကူညီစောင့်ရှောက်မှု၊ နွေးထွေးမှုများကြောင့် ထိုမြို့လေးကို ချစ်ခင်တွယ်တာလာလေသည်။
တော်လှန်ရေးစစ်ပွဲ တိုက်ပွဲဝင် အမေရိကန်စစ်သည်များကို အကူအညီပေးသော ပြင်သစ် ဘုရင် လူဝီ ၁၆ ကို  ဂုဏ်ပြုအမည်ပေးထားသည့် လူဝီဗီလ်မြို့ကို ၁၇၈၀ တွင် စတည်ခဲ့သည်။ အင်ဒီယားနားပြည်နယ်နှင့် ကန်တက်ကီပြည်နယ် ဘော်ဒါလိုင်း အိုဟိုင်းရိုးမြစ်ဘေးတွင် တည်ရှိပြီး နိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင် တောင်ဖက်အကျဆုံး မြို့ဖြစ်သလို တောင်ပိုင်းတွင် မြောက်ဖက်အကျဆုံးမြို့ဖြစ်သည်။ တောင်ပိုင်းမြို့ဖြစ်သော်လည်း တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်း ယဉ်ကျေးမှု လွှမ်းမိုးသည်။
မြို့၏ စည်ပင်သာယာနယ်နမိတ်တချို့သည် အင်ဒီယားနားပြည်နယ်တွင် ပါဝင်သောကြောင့် ကန်တက်ကီယားနားဟု ခေါ်ဆိုကြသည်။ မြို့မြောက်ဖက်ပိုင်းကို အပါလာချိန်းတောင်စဉ်တောင်တန်းများက ဝန်းရံနေပြီး ပြည်နယ်တခုလုံးမှာ အပြာရောင်မြက်ခင်းလွင်ပြင်တွင် တည်နေသည်။ မူရင်းနေထိုင်သူ အင်ဒီယန်းဘာသာစကားအရ ကန်တက်ကီ ဆိုသည်မှာ မြက်ခင်းလွင်ပြင်ဟု အဓိပ္ပါယ်ရသည်။ ရာသီဥတုမှာ ပူနွေးစိုစွတ်ပြီး လေထုညစ်ညမ်းမှုဆိုးရွားသော မြို့များတွင် ၃၈ ဖြစ်သည်။
တောင်ပိုင်းမှ ကျွှန်အဖြစ်မှ လွတ်ငြိမ်းခွင့်ပြုသည့် မြောက်ပိုင်းသို့သွားဖို့ ထိုသင်္ဘောဆိပ်လေးမြို့လေးသည် ပြည်တွင်းစစ်ကာလတွင် အရေးပါနေခဲ့သည်။ ပြည်တွင်းစစ်တွင် ပြည်ထောင်စုတပ်များဖက်မှ ပါဝင်ခဲ့သည်။ ကမ္ဘာကျော် ကန်တက်ကီဒါဘီပွဲကို ၁၈၇၅ မေ ၁၇ တွင် ယခင်လူဝီဗီလ်ဂျော်ကီကလပ် ယခု ချာချေးဒေါင်းဟု အမည်တွင်သည့် နေရာတွင် ကျင်းပသည်။ အမျိုးသမီးများသည် ဒါဘီထုံးစံအရ ဦးထုပ်လှလှလေးများဆောင်းကာ ဒါဘီပွဲ ဆင်နွှဲလေ့ရှိသည်။
၁၈၉၀ တွင် တိုက်ခတ်ခဲ့သည့် လူပေါင်း တစ်ရာကျော် အသက်ဆုံးရှုံးခဲ့သည့် အက်ဖ်ဖိုးတော်နေဒိုး အမှတ်တရ အထိမ်းအမှတ် မြို့လယ်တွင် ရှိသည်။
၁၉၃၇ တွင် ရေလွှမ်းမိုးမှု ဆိုးဆိုးရွားရွားဒဏ်ခံခဲ့ရကြောင့် ရေကာတာအများအပြား တမြို့လုံးကို ဝန်းရံထားသည်။ တမြို့လုံးအား ရေပေးဝေနေသည့် လူဝီဗီလ်ရေကုမ္ပဏီသည် ၂၀၀၈ တွင် နိုင်ငံ၏ အရသာအရှိဆုံး သောက်သုံးရေဆုကို ရရှိခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း အစိုးရတာဝန်ပေးအပ်မှုကြောင့် ကာဂိုလေယာဉ်များထုတ်လုပ်သော ကုမ္ပဏီအခြေစိုက်သည့် မြို့ဖြစ်သည်။ ယနေ့တိုင် ခရီးသွားများထက် ကာဂိုလေယာဉ်များကြောင့် အလုပ်များသည့် လေဆိပ်ဖြစ်နေသည်။ ဂျီအမ်နှင့် ဖို့ဒ်ကားထုတ်လုပ်သည့် စက်ရုံများ ရှိသည်။ မြို့အနောက်ဖက်ခြမ်းသည် စရိုက်စုံသည်။ တောင်ဖက်ခြမ်းတွင် လူဖြူအခြေခံလူတန်းစားများသည်။ အရှေ့တောင်ဖက်ခြမ်းတွင် လူလတ်တန်းစားများ နေထိုင်ပြီး အရှေ့ဖက်ခြမ်းတွင် လူချမ်းသာများ နေထိုင်ကြသည်။ ၁၉၆၀ နောက်ပိုင်း အာရှတိုက်၊ ဥရောပတိုက်မှ ရွှေ့ပြောင်းအခြေချ နေထိုင်သူများကြောင့် လူမျိုးစုံ၊ ဘာသာစုံပြီး နိုင်ငံ၏ ၁၇ခုမြောက် အကြီးဆုံးမြို့ ဖြစ်လာသည်။ ၇၅ ရာခိုင်နှုန်းမှာ လူဖြူဖြစ်ပြီး ၂၀ ရာခိုင်နှုန်းမှာ လူမည်းဖြစ်သည်။ ဂျူးလူမျိုးအခြေချနေထိုင်သူများ တည်ထောင်ခဲ့သည့် ဂျူးရစ်ဆေးရုံ ရှိသည်။
အိုဟိုင်းရိုးမြစ် အလယ်ပိုင်းတွင် တည်ရှိသော မြို့သည် ရေလမ်း၊ ကာဂိုလေယာဉ်ကုန်တင် အချက်အချာဖြစ်သောကြောင့် ဖွံ့ဖြိုးတိုးတက်လာသည်။ နှလုံး၊ လက်၊ ကင်ဆာ၊ အသက်ရူလမ်းကြောင်း၊ နှလုံးအတုတပ်တင်ခြင်းကဲ့သို့သော သုသေတနလုပ်ငန်းများအတွက် ၈၈ သန်းတန် ကျန်းမာရေး ပရောဂျက် လူဝီဗီလ်တက္ကသိုလ်တွင် အကောင်အထည် ဖေါ်နေသည်။ ၂၀၁၂ စက်တင်ဘာလ အမေရိကား ခရီးစဉ်တွင်  လူဝီဗီလ်တက္ကသိုလ်မှ ဖိတ်ကြားမှုကြောင့် လူထုခေါင်းဆောင် အမေစု လာရောက်မိန့်ခွန်းပြောခဲ့သည်။
နိုင်ငံ၏ အကြီးဆုံး ကျန်းမာရေးအာမခံလုပ်ငန်းတစ်ခုဖြစ်သော ဟူမန်နာ ဋ္ဌာနချုပ်ရှိသည်။ ကမ္ဘာပေါ်ရှိ သုံးပုံတပုံသော ဘောဘွန်ဝီစကီမှာ ဘရောင်းဖေါ်မန်းကော်ပိုရေးရှင်းရှိရာ ထိုမြို့လေးမှ လာသည်။
ဒါဘီဆိုသည်နှင့် ကန်တက်ကီဒါဘီဟု သိကြသော ဒါဘီပွဲသည် မေလ၏ ပထမပတ်စနေနေ့တွင် ကျင်းပသည်။ ဒါဘီပွဲ နှစ်ပတ်ကြာပြီးနောက် မြောက်အမေရိကတိုက်တွင် အကြီးဆုံး၊ ကမ္ဘာပေါ်တွင် ဒုတိယမြောက် အကြီးဆုံး လူဝီဗီလ်မှ မိုးခြိမ်းသံ ( သန်ဒါအိုဗာ လူဝီဗီလ်) ဟု အမည်တွင်သော မီးရှုးမီးပန်းပွဲတော် ရှိသည်။
မေလ၏ နောက်ဆုံးပတ် တနင်္လာနေ့တွင် ကျရောက်သော အောက်မေ့ဖွယ်နေ့ရုံးပိတ်ရက်များတွင် အကြီးမားဆုံးသော ဘီတယ်လ်ပွဲတော်ကို ဆင်နွှဲသည်။ ရှိတ်စပီးယားပွဲတော်၊ ကုန်စည်ပြပွဲ၊ မီးထွန်းပွဲများ ကျင်းပကြသည်။  စက်တင်ဘာလတွင် နိုင်ငံ၏ ပဉ္ဇမမြောက်အကြီးဆုံး ဘလူးဂရပ်စ်မီးပုံးပျံပွဲတော် ရှိသည်။
မြို့လယ်တွင် လူဝီဗီလ်သိပ္ပံစင်တာ၊ မိုဟာမက်အလီစင်တာ၊ ကန်တက်ကီအနုပညာပြတိုက် ပြတိုက်များစွာရှိသည်။  နိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံး မစ်စစ်စပီစတိုင်ရေနွေးငွေ့သင်္ဘောဖြစ်သည့်  လူဝီဗီလ်၏ မိန်းမပျိုသည် ၂၀၁၄ တွင် ရာပြည့်မွေးနေ့ဆင်နွှဲမည်။
အနုပညာမြတ်နိုးသလို ဘေ့စ်ဘော့၊ ဘတ်စကက်ဘော အရူးအမူး ခုံမင်ကြသည်။ ကေဖက်စ်စီယမ်းစင်တာ၊ လူဝီဗီလ်တက္ကသိုလ် အိမ်ကွင်းရှိသည်။ တက္ကသိုလ်ပေါင်းစုံ ဘတ်စ်ဘောပြိုင်ပွဲတွင် ပြည်နယ်ပြိုင်ဖက် ကန်တက်ကီတက္ကသိုလ် (ယူကေ) နှင့် လူဝီဗီလ် တက္ကသိုလ် (ယူအိုအယ်လ်) တွေ့ဆုံလျှင် တမြို့လုံး၏ အိမ်များတွင် အပြာရောင် (ယူကေ) အလံ၊ ကားများတွင် အနီရောင် (ယူအိုအယ်လ်) အလံ လွှင့်နေတတ်သည်။
မန်နေဂျာ ဒေးဗစ်ရှနယ်၊ ကိုယ် မသိသော ဝေါဟာရများ၊ ဥပဒေများ စိတ်ရှည်လက်ရှည် ရှင်းပြပေးသည့် စီနီယာ ဝီလီယမ်ဂရင်း၊ ဌာနတွင် သက်တမ်းရှည်ကြာပြီး အစတွင် ပေါင်းရခက်သော်လည်း နောင် ကိုယ့်ကို အမြဲကူညီသည့် ပီတာ၊ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နှင့် ကိုယ့်လုပ်ဖော်ကိုင်ဖက်ကြီး ဂျရတ်။ အသိမိတ်ဆွေ တိုးလာသလို တူရကီသို့ အပြီးပြန်သွားပြီဖြစ်သည့် မူဆာဖာ၊ တခါတလေ နေ့လည်ထွက်စားဖော် မီနီဆိုးတားသို့ ပြန်သွားသည့် ကနေဒါနိုင်ငံသူ တရုတ်လူမျိုး ယွင့်ကျင့်ကျဲကျဲတို့နှင့်လည်း ခွဲခွာရဖူးသည်။
ထိုင်ဝမ်ကုမ္ပဏီ အိပ်ချ်တီစီရဲ့က စီအီးအိုက မြန်မာကွဟုဆိုကာ မဆီမဆိုင် ဘလိုင်းကြီးကြွားခြင်း ခံရသည့် ထိုင်ဝမ်တရုတ် လင်း၊  ရိုတီ ( ပေါင်မုန့်) ဟု တမင်တကာ နောက်ပြောင်ခေါ်တတ်သော ပိန်ပိန်ရှည်ရှည် ရိုဟီနီ၊ အာရွန်၊ အာနန်၊ ရုံး၏ သက်တော်ရှည်  အိန္ဒိယလူမျိုး  ပါရှာ၊ ရင်ဘတ်ကို လက်ဖြင့်ပုတ်ကာ လက်သီးချင်းတိုက် နှုတ်ဆက်တတ်သည့် လာအို ဆိုဗမ်၊ အာရှယဉ်ကျေးမှုကို စိတ်ဝင်စားသည့် အင်္ဂလိပ်လူမျိုး ပိုက်ပါရဂူ အဲရစ်၊  သူ လက်စွမ်းပြထားသည့် ကိတ်မုန့်များကို အားရပါးရ စားတတ်သည့် ကိုယ့်အား လာကျွှေးတတ်သည့် အန်နာ၊ တခြားအမေရိကန်မတွေနှင့် မတူ ပိန်သေးသည့် အက်ရှလေ၊ နယူးကလီးယား ဓာတ်ပေါင်းဖိုတွင် လုပ်ခဲ့ဖူးသည့် ဝှစ်တနီ၊ လူကြမ်းသလောက် သဘောကောင်းသည့် မန်နေဂျာသစ် ကယ်လီဖနယ်လီ။
ကိုလံဘီယာ နိုင်ငံသူ နာဒီယာ၊ စတိုင်ကျသည့် လန်နာ၊ မိခင်တယောက်လို နွေးထွေးသည့် ဗာဂျီးနီယား၊ ဒီရုံးမှာ ၃၅ နှစ်ရှိပြီဆိုကာ ဂုဏ်ယူတတ်သည့်  ၃၅ နှစ်ဟု  ကိုယ်နာမည်ပေးထားသည့် အမည်မသိ အန်ကယ်ကြီး၊ ဘာသာတရား ကိုင်းရှိုင်းသည့် ဂျင်မီမေ၊ ပင်လယ်ပြာပြာ မျက်လုံးများကို မျက်ခုံးနက်နက်များဖြင့် အနားသတ်ထားသည့် မိုက်ကယ်ရေး၊ အမြဲရယ်နေတတ်သည့် ဂျိမ်းမိုင်လာ၊ ဟိုးလာဟု နှုတ်ဆက်တတ်ကာ စပိန်စကားသင်ပေးတတ်သည့် ဟိုဆေး၊ ကိုယ်သိသလောက် ညှပ်ပြောတတ်သည့် တရုတ်စကားကို သည်းခံနားထောင် အမှားပြင်ပေးတတ်သည့် ဂျော့ရှ်ကျန်း၊ နက်နဲသည့် စတက်ခ်ပရောဂျက် ဖန်တီးရှင် အမြဲတမ်း ဝတ်စုံပြည့် ကိန်းခမ်းတကြီး စားသောက်တတ်သည့် ဂလင်း။
စေ့စပ်သေချာပြီး စစ်သားနှင့်တူကာ စတွေ့လိုက်သည်နှင့် ခင်မင်နှစ်လိုဖွယ်ကောင်းသည့် ဂျန်းတဲမန်း ဘရန်ဒန် ဖရန့်ကလင်း၊ အရပ်ရှည်သလို စကားအလွန်များ ဓားခုတ်ချန်ပီယမ်၊ ဘွိုင်းစကောက်၊ မော်ဒယ်ဘွိုင်းအလား ချောမောသည့် ဒီရုံး၏ ကင်းဘွဲ့ ကိုယ်ပေးထားသည့် မတ်စ်ဒက်လင်းဂျာ၊ အားလုံးက လေးစားချစ်ခင်ပြီး ပြောင်မြောက်သည့် မိန့်ခွန်းပြောတတ်သည့် စီအီးအို စတိဗ်။
သူငယ်ချင်း အပေါင်းအသင်း မရှိသော်လည်း ထိုမြို့လေးကို ခင်တွယ်သည်မှာ ရုံးရှိ လူများ၏ နွေးထွေးမှုကြောင့် ဖြစ်သည်။ မျှော်လင့်ထားသည့် အချိန်ထက် အဆင်သင့်မဖြစ်သေးခင် ခွဲခွာရဖို့ဖန်လာသည်။ ကိုယ့် မိတ်ဆွေများသည် စိတ်မကောင်းရုံမျှအပ မည်သို့မှ မတတ်နိုင်။ ပထမဆုံးနှင့် နောက်ဆုံးအကြိမ် လုပ်ဖော်ကိုင်ဖက်များနှင့် နေ့လည်စာစားတော့ တနေရာမှ တနေရာ ပြောင်းရွှေ့အခြေချနေသော ကိုယ့်ကို သတ္တိခဲဟု ဆိုသည်။ တချို့လူများသည် မြို့လေးဆီမှ မခွဲခွာစဖူး၊ တခြားမြို့တွင် အခြေတကျဖြစ်အောင် ကြိုးပမ်းရသည်မှာ လွယ်ကူသောကိစ္စ မဟုတ်သောကြောင့် ဖြစ်သည်။
တကယ်တော့ ကိုယ်သည် သတ္တိကောင်းသူ မဟုတ်ပါ။ လူသားတစ်ဦးဖြစ်သောကြောင့် ကြောက်ရွံ့၊ စိုးရိမ်၊ အားငယ်၊ စိတ်ဓာတ်ကျ၊ နောင်တရသလို ပျော်ရွှင်၊ တက်ကြွ၊ ဝမ်းမြောက်ရွှင်လန်းတတ်သည်။ ဒီမြို့ဒီရွာပဲ နေချင်သည်ဟု ရွေးချယ်ခွင့် ကိုယ့်မှာ မရှိ။ ရလာသော အလုပ်၊ မြို့တွင် အဆင်ပြေအောင် ကြိုးစားဖို့ ရွေးချယ်ခွင့်သာ ကိုယ့်မှာ ရှိသည်။
အရှေ့ခြမ်းကနေ အနောက်ဖက်ခြမ်းအထိ နိုင်ငံဖြတ်ကျော် ကားမောင်းချင်သော ကိုယ့်စိတ်ကူးအိမ်မက် တစွန်းတစ အကောင်အထည်ပေါ်လာသည်။ ထိုမြို့လေးမှ သူငယ်ချင်းများရှိရာ မေရီလန်းပြည်နယ်အထိ မိုင် ၆၀၀ ၉ နာရီခန့်ခရီးကို ကိုယ်တယောက်တည်း ၂ ရက် မောင်းယူမည် ဆိုသောအခါ ကိုယ့်ကားမောင်းစွမ်းရည် သိကြသူများက ကံကောင်းပါစေ၊ ဘုရားသခင် စောင်မပါစေဟု ဆုတောင်းပေးကြသည်။
အားလုံးကို နှုတ်ဆက်ပြီး နောက်ဆုံးအကြိမ် ရုံးကို ပတ်လျှောက်ချိန် ရင်ထဲနာကျင်စွာ မျက်ရည်ကျသည်။ ရုံးသွားရုံးပြန်တိုင်း ကားပေါ်ကလှမ်းကြည့်သော်ငြား ဘယ်တော့မှ မရောက်ဖြစ်သော ရုံးနားက ရေကန်လေးအား နောက်ဆုံးအကြိမ် သွားရောက်ချိန် ကိုယ်ချစ်သော ထိုရုံး၊ ထိုမြို့လေးကို မခွဲချင်ဘဲ ခွဲခွာရသောကြောင့် ဝမ်းနည်းကြေကွဲမှု၊ မရေရာ မသေချာ မသိနိုင်သေးသော အနာဂတ်၊ နေရာသစ်တခုကို အခြေချဖို့ ကြောက်ရွံ့စိတ်များဖြင့် ငိုကြွေးမိသည်။
ချစ်သူရဲ့မြို့လေးသို့ကား ဘွဲ့နှင်းသဘင်ချိန် တစ်ခေါက်ရောက်ဖို့ သေချာသော်လည်း ထိုမြို့လေးသို့ ရောက်ကောင်း ရောက်နိုင်သည်၊ ရောက်ချင်မှလည်း ရောက်နိုင်သည်။ ဘယ်သောအခါမှ ထပ်မရောက်တော့သည်လည်း ဖြစ်နိုင်သည်။ မြို့လေးကို တွယ်တာသည်မှာ ထိုမြို့လေးတွင် ကိုယ်က ချစ်ခင်ပြီး ကိုယ့်ကို ချစ်ခင်သူများရှိသောကြောင့် ဖြစ်သည်။
ချစ်သူရဲ့မြို့လေးသည် သူငယ်ချင်းများနှင့် ပျော်ရွှင်ခြင်း၊ ကျောင်းစာများကြောင့် ဖိစီးခြင်း၊ ရှုံးနိမ့်ခြင်း၊ ကြိုးစားအားထုတ်ခြင်းများနှင့် ကိုယ့်ကိုကိုယ် ကြံ့ကြံခိုင်တတ်အောင် သင်ကြားပေးပြီး ထိုမြို့လေးသည်ကား အခက်အခဲများကို မဆုတ်မနစ် ဖြေရှင်းတတ်အောင် သင်ကြားပေးရင် ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးတက်စေခဲ့သည်။
ထိုမြို့ကလေးဘေးနား လဲလျောင်းနေသော အိုဟိုင်းရိုးမြစ်၊ ကာရံထားသော အပါလာချိန်းတောင်တန်း၊ ပြန့်ပြူးနေသော အပြာရောင် မြက်ခင်းပြင်၊ ဥတုအလိုက်ပွင့်သော ပန်းများဖြင့် အင်မတန် သာယာလှပသည်။ ကျယ်ပြန့်စိမ်းစိုသော မြက်ခင်ပြင်တွင် အေးအေးလူလူ မြက်စားနေသော မြင်းများကို ထိုပြည်နယ်၏ နေရာအနှံ့တွင် တွေ့မြင်ရသည်။ အမ်ဘီအေ ဘတ်စ်က်ဘောမြို့၊ ပင်စင်ယူဖို့ ကောင်းသောမြို့၊ အိမ်ငှားခ သက်သာသောမြို့၊ စက်ဘီးချစ်သောမြို့၊ ပန်းခြံပေါသောမြို့ ဖြစ်သည်။
ပြင်သစ်ဘုရင်အမည်အစွဲပြု၍ အမည်ပေးထားသော မြို့လေးတွင် ကိုယ့်ဘုရင်လေးတပါး နေထိုင်လေသည်။ မြင်းပုံဖြင့် တင်စားကြသော ပြည်နယ်မှ ဘုရင်နေသောမြို့လေးကို တိုက်ဆိုက်မှုရှိတိုင်း လွမ်းနေမှာကတော့ သေချာလွန်းနေခဲ့သည်။
စန်းထွန်း
ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၃။
All Photos are from Google.
( ဖေဖေါ်ဝါရီ ၁၇ ၊ ၂၀၁၃ ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့က ထွက်ခွာသောနေ့ အမှတ်တရ)
11 comments:
ညိမ်းနိုင် said...
အစစအဆင်ပြေပါစေဗျာ.....။
Aunty Tint said...
မေတ္တာဖြင့်
အန်တီတင့်
Anonymous said...
ချစ်သော
မမအိုင်အိုရာ
Anonymous said...
ဟန်ကြည် said...
Anonymous said...
All the best Nyi ma lay yay. I am also in U.S and has been working and moving for quite a period of time. I totally understand your feelings. (You make me smile as I also am a very slow drive and got honked at every now and then :)))Now you will be moving to Maryland ? I am in PA, so we aren't very far. Will be looking forward to read your experiences in Maryland.
မြသွေးနီ said...
ညီမရေ..
San San Htun said...
လွင်ပြင်လှိုင်းငယ် said...
မြို့လေးကလှလိုက်တာနော် ။
February 17, 2013 at 12:04 AM
ညိမ်းနိုင် said...
ဟုတ်တယ်.....စန်းထွန်းရေ.....ကိုယ်ချစ်တဲ့သူတွေ၊ကိုယ့်
ကိုချစ်တဲ့သူတွေ ရှိတဲ့မြို့လေးတစ်မြို့ကို ခွဲခွာရတာ နာကျင်
ခံခက်လှတယ်...၊စန်းထွန်းရဲ့ပို့စ်လေးတွေကတစ်ဆင့်
လူဝီဗီလ်မြို့လေးကို သဘောတကျရှိနေတာရယ်...။
ခုတော့ စန်းထွန်းရဲ့ မိုင်၉၀၀ခရီးစဉ်စပြီပေါ့နော်....။
အစစအဆင်ပြေပါစေဗျာ.....။
February 17, 2013 at 1:31 AM
Aunty Tint said...
ဒီဘလော့လေးကိုရောက်တိုင်း ဗဟုသုတတွေ အများကြီးရသလို စိတ်ဝင်စားအောင် ပုံတွေနဲ့ ညှို့ခေါ်သလိုပဲ စန်းစန်းရေ။ မရောက်ဘူးတဲ့ နေရာတွေမို့ ပိုပြီးစိတ်ဝင်တစား အလည်သွားချင်တယ်။ ဘဝတက်လမ်းအတွက် ဝမ်းနည်းဝမ်းသာ အောင်မြင် ရှုံးနိမ့် အခက်အခဲမျိုးစုံနဲ့ ကြုံခဲ့ရမှာ အသေအချာပေါ့။ ဘဝဆိုတာ ပျော်ရာမှာမနေရ တော်ရမှာနေရမယ်လို့ ပဉာတ်ထားပြီးသားပါ စန်းစန်းရေ။ ဘယ်နေရာ ဘယ်ဌာနေရောက်ပါစေ အဆင်ပြေဘို့သာအဓိကမို့-
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
February 17, 2013 at 3:34 AM
Anonymous said...
တီတင့်ပြောသလိုပါဘဲစန်းထွန်းရယ်။
ဘဝဆိုတာပျော်ရာမှာမနေရတော်ရာမှာနေရလို့ဆိုပြီးသားပါ။
ကိုယ်တို့စန်းထွန်းတို့တွေကတော်ရာမှာနေရင်းပျော်အောင်ကြိုးစားနေ
ကြရသူတွေပေါ့။ ပျော်သွားပြန်တော့ခွဲခွာရပြန်တယ်လေ။
စန်းထွန်းရဲ့နေရာသစ်လေးအကြောင်းကိုယ့်ရဲ့ပြူတင်းသစ်လေးကိုကြည့်ရင်းစောင့်နေမယ်။
အစစအရာရာအဆင်ပြေပါစေကွာ။
ချစ်သော
မမအိုင်အိုရာ
February 17, 2013 at 8:21 AM
Anonymous said...
အားတင်းထား စန်းထွန်းရေ၊၊ တစ်ခြားသူတွေလည်း ဒီလိုပဲ လှည့်လည်နေရတာပဲ၊၊ ကျနော်လည်း တစ်နေ့တော့ အဲဒီလိုပဲ တစ်ကိုယ်တော်ရွက်လွှင့်ရအုံးမှာ၊၊ နယ်မြေသစ်မှာ အဆင်ပြေပါစေနော်၊၊ ကန်တတ်ကီမှာနေတယ်ဆိုလို့ တွေ့ဖို့မျှော်လင့်နေမိတာ၊၊ တစ်နေ့တော့ ဆုံလိုက်ကြအုံးစို့၊၊ ကြိုးစားထား :) တိမ်ပြာ(မနောမြေ )
February 17, 2013 at 8:16 PM
ဟန်ကြည် said...
ဘာဘွန်တို့ရဲ့ဌာနေဆိုပါလား...
အနှီတစ်ချက်တည်းနဲ့တောင် စိတ်ဝင်စားစရာ ကောင်းလှပေါ့ စန်းထွန်းရေ...သည်တစ်ပုဒ်ဖတ်ရင်းနဲ့ ချစ်သူရဲ့မြို့တောင် နောက်ကြောင်းပြန်ကြည့်လိုက်ရပါသဗျား...
ဦးဟန်ကြည်ကတော့ ရောက်ရာအရပ်မှာ ကြုံသလို ပျော်အောင်နေနိုင်တဲ့ စန်းထွန်းကို ဟိုက်ဖိုက်ပါပဲ း)
February 18, 2013 at 8:17 AM
သူကြီးမင်း (တုံးဖလား) said...
ရေးထားတာတွေ ဖတ်ရတာ လွမ်းချင်စရာကြီးပါလား စန်းထွန်းရေ။ ကာယကံရှင် စန်းထွန်းကတော့ တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့ ဆိုင်းဘုတ်ကို ဆွဲကိုင်ထားသလား မှတ်ရတယ်။ အမေရိကားတစ်ခုလုံး သူမနေဖူးတဲ့ နေရာ မရှိဖြစ်နေဦးမယ်။ Kentucky ကိုမြင်တော့ KFC ကို ပြေးမြင်ယောင်မိသား။ ကေအက်ဖ်စီက အဲဒီမြို့က စခဲ့တာတဲ့။
ပျော်ရွှင်ချမ်းမြေ့ပါစေ။
February 18, 2013 at 7:24 PM
Angelhlaing(May everybody be happy and healthy! said...
ဘဝထဲက အမှတ်တရတွေထဲမှာ .. လွမ်းမောစရာတွေကလည်း မနည်းပါလား စန်းထွန်းရေ... အရာရာ အဆင်ပြေပါစေ..နော် ..
February 19, 2013 at 10:38 AM
မြသွေးနီ said...
ညီမရေ..
မရောက်တာ ကြာနေပြီမို့ အရောက်လာခဲ့ပါတယ်.. ခွဲခွာရခြင်းဆိုတာမျိုးက တကယ့်ကို ပူလောင်နာကျင် ရပါတယ်နော်.. နေရာဒေသအသစ်မှာ အံဝင်ခွင်ကျ ဖြစ်ဖို့ အားတွေအပြည့်နဲ့ကျန်းမာစွာ ရှိပါစေ။ အခက်အခဲတိုင်းကို အောင်မြင်စွာဖြင့်
ဖြတ်ကျော်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
February 22, 2013 at 4:56 AM