နယူးယောက်သွား တောလား - ၂
လွန်ခဲ့တဲ့အပတ် နိုဝင်ဘာ ၂၁ ကြသပတေးနေ့က ဖေ့တူဖေ့ အင်တာဗျူးဖို့ နယူးယောက်မြို့ကို ရောက်ခဲ့တော့ ဒီတောလားလေး ရေးဖြစ်ပါတယ်။ တနင်္လာနေ့ ဖုန်းအင်တာဗျူးအောင်လို့ ဖေ့တူဖေ့အင်တာဗျူး ဘယ်တော့လာနိုင်မလဲဆိုတော့ ကြသပတေးနေ့လာမယ်လို့။ ဇူလှိုင်တုန်းက တစ်ခေါက်ရောက်ဖူးပြီးသားမို့၊ ဘတ်စ်ကားဂိတ်ကနေ ရုံးကို ရထားထပ်စီးစရာမလိုဘဲ လမ်းလျှောက်ရုံနဲ့ ရတာမို့ စိတ်မပူဘူး။ ဝါရှင်တန်ဒီစီကနေ ဂရေးဟောင်းဘတ်စ်ကားနဲ့ မနက်သွားပြီး ညနေပြန်လာ ဘတ်စ်ကားခက ပုံမှန်ကို ၇၀ ကျော်ပေမဲ့ တစ်ရက်စောဘွတ်လို့ ၃၈ ကျပ်။ အခန်းဖော် ဇာရာကို လိုက်မလားခေါ်တော့ နယူးယောက်မရောက်ဖူးလို့ လိုက်ချင်တယ်တဲ့။
ကိုယ်က အင်ပါယာစတိတ်အဆောက်အဦးပေါ်တက်ပြီး အထပ်အမြင့် ၈၀ ကနေ နယူးယောက်မြို့ကြီးကို အပေါ်စီးက ကြည့်ချင်တာ။ လက်မှတ်က ၂၇ ကျပ် မနက် ၈ နာရီ နေ့လည် ၂ အထိပဲ ဖွင့်တယ်။ ဒီစီကနေ မနက် ၇ နာရီ ထွက်မှာ နယူးယောက်ကို နေ့လည် ၁၁ နာရီခွဲ ရောက်မှာ ၄ နာရီခွဲ မောင်းရတယ်။ ဒါတောင် ကားလမ်းမကျပ်မှ။ နေ့လည်စာ စားပြီးရင် နေ့လည် ၁၂ ကျော်နေပြီ လမ်းလျှောက်မှာနဲ့ ဘာနဲ့။ အင်ပါယာအဆောက်အဦးကို နောက်ဆုံးတက်တဲ့ ဓာတ်လှေကားက နေ့လည် ၁ နာရီ  ၁၅။
ခြွေတာရတဲ့ကျောင်းသူ ဇာရာက အင်ပါယာအဆောက်အဦးကို မတက်ချင်ဘူး။ ဖရီးဖြစ်တဲ့ ဝေါထရိတ်စင်တာကို သွားရအောင်တဲ့။ တိုင်းစကွဲယားကနေ ဝေါထရိတ်စင်တာအထိကို မြေအောက်ရထားစီးရမှာ။ ကြာချိန်က မိနစ် ၂၀ ဆိုပေမဲ့ လက်မှတ်ဝယ်မှာနဲ့၊ ဘယ်ရထားကို စီးရမှန်းမသိနဲ့  မိနစ် ၂၀ ခရီးဟာ ၁ နာရီလောက် ကြာမယ်။ ရောက်ရင် တန်းစီရမှာနဲ့ လည်ပတ်မှာနဲ့ နေ့လည် ၂ နာရီ အင်တာဗျူးမှီအောင် ပြန်ရမှာနဲ့ ကိုယ်က မသွားချင်ဘူး။ ဇာရာက ကိုယ်အင်တာဗျူးနေတုန်း သူ သွားချင်တယ်တဲ့။ နယူးယောက်ကို မရောက်ဘူး၊ နယူးယောက်ရထား ဘယ်လောက်ရှုပ်တယ်ဆိုတာ သူ မသိသေးလို့။ ကိုယ်က စိတ်မချဘူး လမ်းပျောက်သွားရင်၊ တခုခုဖြစ်ရင် အိမ်ရှင်ရှယ်ရွန်ကို ဘယ်လိုပြောရပါ့။ ဇာရာက ရှယ်ရွန့်တူမ ကိုယ့်နောက်လိုက်တာဆိုတော့ ကိုယ့်မှာ တာဝန်ရှိတယ်လေ။
မသွားပါနဲ့ မမလေးရယ် ကိုယ် အင်တာဗျူးနေတုန်း တိုင်းစကွဲယားမှာပဲ ပတ်နေပါဆိုတော့ အင်းတဲ့။ စမတ်ဖုန်းမကိုင်တဲ့ သူ့အတွက် မြေပုံ၊ ကိုယ့်အင်တာဗျူးရုံးရဲ့လိပ်စာ၊ ဘတ်စ်ကားဂိတ်လိပ်စာတို့ကို ပရင့်ထုတ်ပေးရတယ်။ လူကွဲသွားရင်၊ လမ်းပျောက်သွားရင် တက္ကစီငှားပြီး လာလို့ရအောင်။ ကိုယ်ကသာ ပူတာ သူကတော့ အေးဆေးပဲ။ မနက် ၅ နာရီခွဲ ထ၊ ကားကို ပါကင်းမှာထားခဲ့၊ မနက် ၆ နာရီ ရထားစီး ယူနေယမ်ဘူတာမှာဆင်း၊ ကားဂိတ်က ဘယ်မှာမှန်းမသိလို့ သွားမေးတော့ အပေါ်ထပ်မှာတဲ့။ ဟုတ်ပါ့ အပေါ်ထပ်မှာ Greyhound ၊ Mega ၊ Bolt ကားဂိတ်တွေ ရှိတယ်။ ရှယ်ရွန်က ဂရေးဟောင်းဘတ်စ်ကို လူတွေမစီးကြတော့ဘူးတဲ့ သူက ဟိုးအရင်တုန်းက ဘတ်စ်ကား။ ခု Bolt ဆိုတာ စီးကြတယ်တဲ့။
ကိုယ်ကတော့ အိုင်အိုဝါပြည်နယ်ကနေ အင်ဒီးယားနားပြည်နယ် ဖို့ဝိန်း၊ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီ၊ ကန်တက်ကီပြည်နယ် လူဝီဗီလ်၊ မေရီလန်း ဖရက်ဒရစ်တွေကို ဂရေးဟောင်းဘတ်စ်နဲ့ သွားတာ။ ကိုယ်ကျောင်းတက်တဲ့ အိုင်အိုဝါပြည်နယ်က ဖဲဖီးလ်ဆိုရင် မြို့သေးသေးလေးမို့ ဂရေးဟောင်းဘတ်စ်ပဲ ရောက်တယ်။ နယူးဂျာစီ ပြည်နယ်ဖက်ခြမ်းကနေ မိုးမျှော်တိုက်တွေ မြင်ရတယ်။ ကားပေါ်မှာ ကိုယ်တို့နှစ်ယောက်ပဲ ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်ကြတယ် နယူးယောက်ကို မရောက်ဖူးမှန်း သိသာလိုက်တာ း) ။
ဇူလိုင် ၄ လွတ်လပ်ရေးနေ့ နယူးယောက်ကို လာတုန်းက နယူးဂျာစီပြည်နယ် Newark Penn Station ပန်စတေရှင်း ဘူတာနားမှာ ကားကိုပါကင်းခဲ့ပြီး အဲဒီဘူတာကနေ New York Penn Station အထိ ရထားစီးတာ။ ခုဘတ်စ်က Lincoln Tunnel လင်ကွန်းမြေအောက်လှိုဏ်ခေါင်းကနေ ဖြတ်လိုက်ရင်ပဲ မက်ဟန်တန်မြို့လယ်ခေါင်ရောက်တယ်။ လှိုဏ်ခေါင်းအဝမှာ ကားတွေဆောင့်တတ်လို့ ဖြေးဖြေးသတိထားမောင်းဖို့ သတိပေးဆိုင်းဘုတ်တွေ တွေ့တယ်။ လှိုဏ်ခေါင်းက တော်တော်ကျဉ်းတယ်။ ဟောင်ကောင်ကျွှန်းမကြီးကနေ Kowloon ကုန်လုံဖက်ခြမ်းကို Cross - Harbour Tunnel ကနေ ဖြတ်တော့ တက္ကစီသမားက ခု တို့တွေ ပင်လယ်ရေအောက်ထဲက ဖြတ်နေတာ၊ ဒီလှိုက်ခေါင်းက ၁၉၇၂ မှာ ဗြိတိသျှတွေ ဆောက်လုပ်ဖွင့်လှစ်ခဲ့တာ။ ကမ္ဘာနဲ့ ဟောင်ကောင်မှာ အမြဲကျပ်တဲ့လမ်းတွေထဲက တစ်ခုလို့ပြောတာ သတိရသွားတယ်။
လင်ကွန်းလှိုဏ်ခေါင်းကို ဘယ်တုန်းက ဆောက်ခဲ့လည်းဆိုတာ ဂူဂယ်မှာရှာကြည့်တော့ ၁၉၃၄ မှာ စဆောက်ပြီး ၁၉၃၇ မှာ ဖွင့်လှစ်ခဲ့တာဆိုတော့ ဟောင်ကောင်က Cross - Harbour Tunnel ထက် ပိုစောတာပေါ့။ Hudson ဟတ်ဆန်မြစ်ကို ဖြတ်ကျော်ပြီး နယူးဂျာဆီကနေ စီးပွားရေးအချက်အချာကျတဲ့ မက်ဟန်တန်ကို ဆက်သွယ်ထားတဲ့ မြေအောက်လှိုဏ်ခေါင်းနှစ်ခုက လင်ကွန်းနဲ့ ဟော်လန်။ သမ္မတအေဘရာဟမ်လင်ကွန်းကို အစွဲပြု အမည်ပေးထားတာဖြစ်ပြီး တစ်နေ့ကို ကားအစီးပေါင်း တစ်သိန်းကျော် ဖြတ်တယ်လို့ ဆိုပါတယ်။
ဘတ်စ်ကားဂိတ်က တက်ရင်ပဲ နာမည်ကျော်ကြားတဲ့သူတွေရဲ့ ပုံတူဖယောင်းပြတိုက်ရှိတဲ့ Madame Tussauds ဘေးက မက်ဒေါနယ်မှာ နေ့လည်စာစားတယ်။ ပထမတစ်ခေါက်လာတုန်းကလည်း အဲဒီမှာ နေ့လည်စာစားတာ။ ပြီးတော့ တိုင်းစကွဲယား သွားတယ်။ ရုံးတက်ရက် နေ့လည်ချိန်မို့ တူပါရဲ့ လူရှင်းနေတယ်။ မစ်ကီမောက်အရုပ်တွေက ဘေးမှာလာဓာတ်ပုံရိုက်ခံတယ် ပြီးတော့ တဖ်စ်တောင်းတယ် ပိုက်ဆံအကြွေမပါဘူးလို့ ငြင်းရတယ်။ နောက် အရုပ်တွေတွေ့တိုင်း ဓာတ်ပုံရိုက်ရမှာ ခပ်လန့်လန့်ရယ် တော်ကြာ တစ်ဖ်လာတောင်းနေမှ ။ နယူးယောက်ရဲ့ အမှတ်အသားတွေဖြစ်တဲ့ နယူးယောက်တိုင်းမ်သတင်းစာနဲ့ အဝါရောင်တက္ကစီ။
ကိုယ်တို့အသည်းခိုက်တဲ့ ကာတွန်းဇာတ်လိုက်လေးတွေ ဖန်တီးတဲ့ ဒစ်စနေဆိုင်ကို ဝင်ကြတယ်။ ကလေးတွေ မပြောနဲ့ လူကြီးဖြစ်တဲ့ ကိုယ်တွေတောင် လိုချင်တယ်။ တစ်ခုဝယ်ရင် နောက်တစ်ခုကို တစ်ကျပ်ပဲ ပေးရမယ်၊ နှစ်ခုဝယ်ပြီး နှစ်ယောက်ရှယ်ရင် သက်သာတယ် တစ်ယောက်တစ်ယောက် ဝယ်ရအောင်တဲ့ ဇာရာက။ ခုနေ ဝယ်ထားရင် လမ်းတလျှောက် သယ်နေရမှာ အပြန်ကျမှ ဝယ်မယ်လေ။ လှေကားအဆင်းမှာ မီးလုံးလေးတွေ ဆင်ထားတာ အတော်လှတယ်။
ဆိုင်ခန်းသေးသေးလေးတွေမှာ စည်ကားနေတာတွေ့တော့ ဝင်ကြည့်ကြတယ်။ အရှေ့အလယ်ပိုင်းဒေသက ဖန်တွေ၊ ကျောက်တွေနဲ့ လုပ်ထားတဲ့ မီးဆိုင်း၊ အိုးလေးတွေ အတော်လှတယ်။ ဓာတ်ပုံရိုက်လို့ရလားဆိုတော့ ဘယ်လုပ်မလို့လဲတဲ့။ ဘာမှမဟုတ်ပါဘူး ဟိုရိုက်ဒီရိုက် လှလို့ရိုက်တာဆိုတော့ စီးပွားရေးလုပ်ငန်းအတွက် မဟုတ်ရင်ရတယ်တဲ့။ စကိတ်စီးနေကြတာ သွားငေးတယ်။ ကလေးကို စကိတ်စီးသင်ပေးနေတဲ့  အမျိုးသမီးတစ်ယောက်က ကိုယ့်မျက်လုံးထဲ လာချိတ်လို့ သူ့ပုံတော်တော်များများ ရိုက်ဖြစ်တယ်။ ကိုယ့်ဆန္ဒတစ်ခုက အဲဒီလို စကိတ်စီးဖူးချင်တာ။ ခုတော့ စီးလို့မဖြစ်သေးဘူး အင်တာဗျူးသွားဖြေရဦးမယ်။ အန်ကယ်တစ်ယောက် လဲကျလို့ ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့သူတွေ ကူညီနေတာ တွေ့တယ်။
၁ နာရီကျော်နေပြီမို့ အင်ပါယာအဆောက်အဦးဆီ မသွားတော့ဘဲ အင်တာဗျူးသွားဖို့ ဝေါကင်းရှူးဖိနပ်ကို အိတ်ထဲထည့် လေဒီရှုးထုတ်စီး။ ဇာရာက ကိုယ့်အင်တာဗျူးရုံး ဘယ်နားမှာလဲဆိုတာ သိချင်လို့လိုက်တယ်။ Concrete Jungle ထဲက အိုအေစစ်သစ်ပင်လေးတွေ တွေ့တယ်။ အင်တာဗျူးပြီးတော့ အဲဒီစကိတ်ကွင်းမှာ ပြန်ဆုံဖို့ ချိန်းထားတယ်။ အဲဒီစကိတ်ကွင်းက ဖရီး ဖိနပ်ငှားလို့လည်း ရတယ်တဲ့။ ကိုယ် အင်တာဗျူးဖြေနေချိန်မှာ ဇာရာက စာကြည့်တိုက်မှာ စာသွားဖတ်နေတယ်တဲ့။ အင်ပါယာအဆောက်အဦးရှေ့သွားပြီး ဓာတ်ပုံရိုက်ကြတယ်။ ဆောင်းဦးရာသီဆို အိမ်ရှေ့တွေမှာ အလှဆင်ထားတတ်တဲ့ ရွှေဖရုံသီး၊ ပြောင်းဖူး၊ ရိုးပြတ်တွေကို လမ်းဘေးသစ်ပင်အောက်မှာ ချထားပြီး အလှဆင်ထားတာတွေ့တော့ ရိုက်တယ်။ အဲဒီ 5th Ave လမ်းတလျှောက် ဘရန်းတွေချည်းပဲ။ ကိုယ်တို့လား လျှော့ပင်းဖို့ နေနေသာသာ ဝင်းဒိုးလျှော့ပင်းတောင် မလုပ်ဘူး။
Zara ဆိုင်ကို နေရာတိုင်းနီးပါးတွေ့လို့ ဇာရာတစ်ယောက် ဇာရာဆိုင်ကို အားပေးသင့်တယ်နော်ဆိုတော့ ပိုက်ပိုက်မရှိတဲ့။ Chrysler Building ကို သွားမယ်ဆိုတော့ ကိုယ်က ဖုန်းမှာ ရိုက်ထည့်တယ်။ ဇာရာက လူတွေကို သွားမေးတယ် နှစ်ဘလောက်လျှောက် ညာကွေ့တဲ့။ ကိုယ်က ညာကွေ့ဖို့ပြင်တော့ နောက်က လမ်းညွှန်တဲ့အတွဲက နောက်တစ်ဘလောက် ထပ်လျှောက်တဲ့။ ဓာတ်ပုံရိုက်ဖို့ပြင်၊ လမ်းကူးဖို့ပြင်တော့ သူတို့ကို ကျေးဇူးတင်ကြောင်း လှမ်းပြောဖို့ရှာတော့ You got it ဆိုပြီး လက်မထောင်ပြသွားတယ်။ ဒီလိုကူညီတတ်တဲ့ နယူးယောက်သားတွေလည်း ရှိပါသေးလား။ ကိုယ့်ကတော့ Chrysler အဆောက်အဦးက ပိုလှတယ်လို့ မြင်တယ်။ အဲဒီအဆောက်အဦးနား လျှောက်သွားတော့ ရှေးဟောင်းလက်ရာအဆောက်အဦးနဲ့ တံတားတစ်ခုတွေ့တယ်။ လှလိုက်တာ Grand Central Terminal တဲ့။
မီးရောင်စုံပြိုးပျပ်နေတဲ့ တိုင်းစကွဲယားနဲ့ ဒစ်စနေဆိုင်ကို မဝင်နိုင်တော့ဘူး။ ၄ နာရီခွဲနေပြီ ကားက ၅ နာရီခွဲ ဆိုပေမဲ့ ၅ နာရီ ရောက်နေရမှာ။ စတားဘာ့ခ်ဆိုင်မှာ ကော်ဖီနဲ့ ကိတ်ဝယ်ပြီး ကားဂိတ်ကိုပြေး။ နှစ်ထပ်၊ သုံးထပ်ဆင်းတာလည်း မတွေ့သေးလို့ ထိုင်နေတဲ့သူတစ်ယောက်ကို ဘတ်စ်ကားဂိတ် ဘယ်မှာလည်းလို့ သွားမေးတာ လမ်းတော့ညွှန်ပါရဲ့ ကားလက်မှတ်ပြဆိုလို့ မြန်မြန်လစ်ရတယ်။ ရဲကိုသွားမေးတော့ အသေအချာ လမ်းညွှန်တယ်။ ၅ နာရီခွဲ အချိန်အတိအကျထွက်တယ် လက်မှတ်နဲ့ ကားမောင်းလိုင်စင် ၊ အိုင်ဒီမရှိတဲ့သူတွေက ပတ်စ်ပို့ပြရတယ်။ သြော် နယူးယောက်ကိုး စစ်ကျူရတီ တင်းကျပ်ပါဘိ။ ညမှောင်မှောင် ဘာမှမမြင်ရ တလမ်းလုံး စကားတွေပြောလာတာဆိုလို့ တစ်ကားလုံးမှာ ကိုယ်တို့နှစ်ယောက်တည်း သူများတွေကတော့ အိပ်လို့။ သြော် ဒီကလေးမတွေနှယ် ပြော ပြောနိုင်လွန်းပါဘိ ပါးစပ်များ မညောင်းလေရော့သလား အိမ်မှာလည်း မတွေ့ရရှာဘူးကိုး ။
Empire State Building
ဓာတ်ပုံတွေကို ဖေ့ဘွတ်မှာတင်တော့ ဆြာဟန်က "ပဲလေးဘာလေး ညှစ်စမ်းပါ စန်းထွန်းရယ်...တကတည်း စစ်ရေးပြပုံတွေ ကျနေတာပဲ...သည်လိုသာလုပ်နေရင် စွံဦးမှာ မဟုတ်သေးပါးဘူး..." တဲ့။ ဟုတ်ပါ့ အေးလို့ လက်ကိုအင်္ကီျအိတ်ထဲ ထည့်ထားတော့ ကုတ်င်အင်္ကီျကလည်း စစ်ကုတ်င်္ကီျစတိုင်ဆိုတော့ စစ်ရေးပြနေတဲ့အတိုင်း။ နွေရာသီရောက်မှ ပဲလေးဘာလေး အတင်းညှစ်ထုတ်ပြီး မော်ဒယ်တွေလို ပို့စ်ပေးရမယ် း) ။ သောကြာနေ့မှာတော့ အောဖာပေးချင်ပါတယ်၊ ဘတ်စ်ကားခကိုလည်း ချက်နဲ့ပေးမယ်လို့ ဖုန်းဆက်လာပါတယ်။ နယူးယောက် အော်ဖာရတယ်ဆိုတော့ ဇာရာက တော်တော်ဝမ်းသာတယ် နယူးယောက်ကို လာလည်မယ်တဲ့။ ကန်နွမ်ဘာ့ခ်သွားတောလား အတူတူသွားခဲ့ကြတဲ့ အစ်မတွေကလည်း အလုပ်ရသွားလို့၊ နယူးယောက်ကို လာလည်မှာမို့ ဝမ်းသာတယ် ဝမ်းနည်းတာကတော့ ခွဲရမှာမို့တဲ့။ ကိုယ်ကတော့ နယူးယောက်မြို့ကြီးကို လူတွေရှုပ်လို့ မကြိုက်ဘူး။ ကန်တက်ကီ၊ မေရီလန်းကို ပြောင်းတုန်းက တစက်ကလေးမှ ကြောက်စိတ်မရှိခဲ့ဘူး။ အဲ နယူးယောက်ကိုတော့ နည်းနည်းကြောက်မိတယ်။ နယူးယောက်သားတွေကတော့ နယူးယောက်မှ နယူးယောက် နယူးယောက်ကနေ မခွာချင်ဘူးတဲ့။
Chrysler Building
Grand Central Terminal
ကိုယ်က သစ်ပင်တွေ၊ တောင်တွေ၊ လူတွေ သိပ်မရှုပ်တဲ့ နေရာတွေကို သဘောကျတယ်။ ကော်လိုရာဒို စတိတ်ယူနီဗာစတီက အော်ဖာပေးမလားလို့ စောင့်နေတာ။ ရှယ်ရွန်က ကော်လိုရာဒိုက အေးတယ် စကိတ်စီးဖို့ ကော်လိုရာဒိုကို သွားကြတာ။ ဆူနမ်တို့က ကော်လိုရာဒို တောင်တွေကြီးပဲ တောင်တက်ချင်တဲ့ နင့်အတွက်တော့ အတော်ပဲ ငါတို့လာလည်မယ်။ ဝါရှင်တန်ဒီစီ ဂျော့တောင်းက အမေရိကန်ရီဆာ့အင်စတီကျူမှာ ဖုန်းအင်တာဗျူးတာ မဖြေနိုင်ဘူး။ ပျော်ရာမှာ မနေရ တော်ရမှာနေရ။ ဒီစီမှာပဲ အလုပ်လုပ်ချင်တယ်လို့ နေရာရွေးနေရင် အလုပ်ရဖို့ကြာတယ် ဒီလိုရွေးချယ်ခွင့် ကိုယ့်မှာမရှိဘူး။ နယူးယောက်မှာ မပျော်ရင် နောက်တစ်နှစ်၊ နှစ်နှစ်လောက်မှ ပြန်ပြောင်းပေါ့။ မွေးနေ့လက်ဆောင် အလုပ်သစ်လိုချင်တဲ့ ကိုယ့်ဆုတောင်း ပြည့်တယ်ထင်ပါ့။
Union Station, Washington, DC
ဆူနမ်တို့နဲ့ တောလားခရီးတွေ အတူတူ မသွားရတော့မှာကိုတော့ စိတ်မကောင်းဖြစ်မိတယ်။ ကိုယ့်မွေးနေ့ကိုမေ့တဲ့၊ ကိုယ်ယ့်ကို ဖယ်ခွာနေတယ်ဆိုပေမဲ့ ကျောင်းတက်ကတည်းနေ အခုထိ ကူညီစောင့်ရှောက်၊ ခရစ်စမတ်၊ နှစ်သစ်ကူးချိန်မှာ တစ်ယောက်တည်း စိတ်မကောင်းစရာကြီး သူတို့ဆီလာလည်လို့ ဖိတ်ခေါ်တတ်တဲ့၊ ခရီးတွေသွားဖို့ဆိုရင် လှမ်းခေါ်တတ်တဲ့ သူငယ်ချင်းညီအစ်မတွေနဲ့ဘယ်အချိန်တော့များမှ ပြန်ဆုံမှာပါလိမ့်။ ရေစက်ရှိရင်တော့ တွေ့ဦးမှာပေါ့လေ။ ဒီစီရဲ့ နေရာတော်တော်များများကို လည်ပတ်ပြီးပြီမို့ နယူးယောက်က ကိုယ့်ရဲ့ Explore တစ်ခု ဖြစ်လာမယ်ထင်တယ်။ All About DC စီးရီးတွေအစား All About NYC စီးရီးတွေ ရေးဖြစ်မလားဘဲ။
Sweet December !
စန်းထွန်း
ဒီဇင်ဘာ ၁၊ ၂၀၁၃။
ရေးခဲ့ဖူးတာ
နယူးယောက်သွား တောလား
9 comments:
Anonymous said...
Congratulations!
ချစ်သောမမအိုင်အိုရာ
Anonymous said...
We will see you NYC.
Khine
Goldfish said...
Congratulation par.. and welcome to NYC..
blackroze said...
Anonymous said...
Congratulations !!!! I am sure you will enjoy in NYC. Looking forward to read more NYC posts.......
You can still see your friends and travel with them as they are in DC and DC is not that far....
Aunty Tint said...
မေတ္တာဖြင့်
တီတင့်
San San Htun said...
Khine : see ya..
San San Htun said...
Anonymous said...
Congratulations!
စန်းထွန်းကတော်ပြီးသားပဲ။
ကိုယ်ပြောတယ်ဟုတ်လား။ ကံကောင်းခြင်းတွေရောက်လာတော့မှာပါလို့...း)))
ကိုယ်လည်းဒီစီကိုသဘောကျတယ်။
နယူးယောက်ကရှုပ်လွန်းတယ်လို့ထင်တယ်။ ပြီးတော့ဒီစီလောက်မခန့်မသပ်ယပ်သလိုဘဲ။
ဒါပေမဲ့ ဖက်ရှင်ကတော့မိုက်တယ်နော်။
ပျော်ရွှင်စွာနဲ့နေသားကျသွားပါစေလို့...
(စားချင်တာစားလို့ရပြီ။အဲမှာ..)
ချစ်သောမမအိုင်အိုရာ
December 1, 2013 at 1:13 PM
blackroze said...
အထွန်းနဲ့မှ ဘဲ ပစ်လည်း NY ရောက်ဖူးသွားတော့တယ်..
December 2, 2013 at 12:19 PM Aunty Tint said...
Congratulation ! San San ...
တီတင့်လဲ စန်းစန်းရှိတုန်း အလည်တစ်ခေါက် ရောက်ဘူးချင်လိုက်တာ... အခုတောင် အတော်လေးစုံစုံလင်လင်သိနေပြီ..
ဗဟုသုတတွေ အမြဲမျှဝေပေးတဲ့အတွက် ကျေးဇူးပါနော်။
မေတ္တာဖြင့်
တီတင့်
December 4, 2013 at 3:02 AM
မြတ်ပန်းနွယ် (Myat Pan Nwe) said...
အမြဲတမ်း ခရီးသွားဆောင်းပါးလေးတွေကို ပုံလေးတွေ ဝေဝေဆာဆာနဲ့ တင်ပြပေးတယ်။ မြတ်မှာ ခရီးသွားချင်စိတ်တွေ ထိန်းမရအောင် ဖြစ်ဖြစ်လာရတော့တာပဲ။ ရောက်ဖူးချင်တယ် နယူးယောက်ကို.. :)
December 5, 2013 at 10:16 PM
San San Htun said...
မမအိုင်အိုရာ း နယူးယောက်သားတွေက ဖက်ရှင်မိုက်သလို ရထားစီး၊ လမ်းလျှောက်ရလွန်းလို့ သိပ်မဝကြဘူး...အစားအသောက်ပေါတာနဲ့ ဟင်းချက်ပျင်းတာနဲ့ကွက်တိ..း)
Khine : see ya..
TTW : NYC will be my next explore after DC.
Anonymous : I will try to write All About NYC. DC is not far. But I am so sad that I can't join every trips with them. :(
တီတင့် း လာလည်လေ တီတင့်..တိုးဂိုက်လုပ်ပေးမယ်...တကယ်ဂျောတာ..
မမြတ် း အင်း နောက်ဆိုရင် တောလားပို့စ်တွေ နည်းသွားမလားဘဲ..လာခဲ့လေ နယူးယောက်ကို warmly welcome.
December 6, 2013 at 7:30 PM