ဂျူလှိုင် ၃က ရာမားမွေးနေ့။ မွေးနေ့ကိတ်က မှာထားပြီးသားပေမယ့် မွေးနေ့ပွဲကို အလှဆင်မယ့် ရောင်စုံပူဖောင်း ၊ ဖဲကြိုးတွေ၊ ခေါင်းဆောင်းတွေ ရှာတာ Dollar Tree ၊ CVS သာ ကုန်ရော မတွေ့။ တွေ့တယ့်ဆိုင်ကလည်း ကဒ်လက်မခံ လက်ငင်းငွေသားပဲ လက်ခံတယ်ဆိုတာမို့ အမ်းထရူးကို လာပေးဖို့ဖုန်းထွက်ပြောနေတုန်း ဆိုင်ကပိတ်သွားတယ်။ ဒီလိုအဆင်မပြေမှုလေးတွေ ရှိပေမယ့်လည်း ဘာဘီမလေးမွေးနေ့ကို ဘာဘီမွေးနေ့ကိတ်ခွဲပြီး ဆင်နွှဲကြပါတယ်။ ဟတ်ပီးဘတ်ဒေး စာတန်း၊ ဖဲကြိုးတွေကို သိမ်းထားတယ်။ သြဂုတ်၊ နိုဝင်ဘာ၊ ဒီဇင်ဘာမှာ ကျရောက်မယ့်မွေးနေ့တွေကို ကျင်းပမလို့ း) ။
နယူးဂျာစီပြည်နယ် Newark Penn ပန်ဘူတာအထိ ၂၃၀ မိုင် ၃ နာရီခွဲ မောင်းရပါတယ်။ ဘူတာအနီးအနားက ကားပါကင်မှာ ကားထားခဲ့ပြီး ဘူတာရုံဆီ ချီတက်ပါတယ်။ နယူးယောက်တိုင်းစကွဲယားကို သွားချင်လို့ ဘယ်ရထားကို စီးရမလဲလို့ သွားမေးတာ ဒီကနေ အဲဒီကို တိုက်ရိုက်ရထားမရှိဘူး၊ နယူးယောက် Penn ဘူတာအထိ ရထားရှိတယ် အဲဒီကနေ ပြောင်းစီးရပါတယ့်။ နောက်ထပ်တန်းမစီရအောင်၊ ခရီးမဖင့်ရအောင် အသွားအပြန် လက်မှတ်ဝယ်လိုက်တယ်။ Track 1 မှာ သွားစီးဆိုပေမယ့် ရထားလမ်းတွေက အများကြီး။ ဘယ်ရထားက ဘယ်ကိုသွားမှန်းမသိ။ သွားမေးရအောင်လည်း အင်ဖော်မေးရှင်းကောင်တာက အောက်ထပ်မှာ။ ကိုယ့်လို လက်မှတ်လေးကိုင်ပြီး ဆိုင်းပုဒ်ကြည့်လိုက် ရထားကြည့်လိုက် အူကြောင်ကြောင်ဖြစ်နေသူတွေ များသား။ အအေး၊ မုန့်ရောင်းတယ့်ဆိုင်ကိုမေးတော့ ဒီTrack 1 ကနေ နယူးယောက်ကိုသွားမယ့်ရထား မကြာခင် လာလိမ့်မယ်ဆိုမှ စိတ်အေးသွားတယ်။ ဒါတောင် ရထားပေါ်မတက်ခင် ယူနီဖောင်းဝတ်ထားတယ့် ရထားဝန်ထမ်းကို မေးလိုက်သေးတယ် နယူးယောက်ပန်စတေရှင်ကို သွားမယ့်ရထားဟုတ်မဟုတ် သေချာအောင်။
ဂိတ်ဆုံးဖြစ်တယ့် နယူးယောက်ပန်စတေးရှင်းမှာ ဆင်းတော့ လူတွေများတယ် ရထားလိုင်းတွေ များတယ်။ မက်ဟက်တန်မှာ ပြေးဆွဲနေတယ့် ရထားလိုင်းကြောင်းတွေ ပြထားပြီး ဘယ်ရထားလိုင်းက ဘယ်ဘူတာတွေမှာ ရပ်တယ့် မြေပုံစာရွက်မရှိဘူး အဲ ဘယ်အရောင်လိုင်းက ဘယ်အချိန်တွေဆိုတာတော့ စာရွက်တွေ ရှိတယ်။ တိုင်းစကွဲယားက တဘူတာအဝေးမှာ ဆိုတာသိပေမယ့် ဘယ်လမ်းကြောင်းမှန်းမသိ။ အရင်ဆုံး ဝမ်းဒေးပတ်စ်လက်မှတ်ဝယ်ရအောင် ဘယ်မှာဝယ်ရမှန်းမသိ။ သူများတွေ တန်းစီနေတာတွေ့လို့ ဝင်တန်းစီတယ်။ ရှေ့ကလူတွေ မေးကြည့်တော့ ဘာမှန်းမသိ သူများတန်းစီနေလို့ တန်းစီနေတာ။ ရုံထဲကဝန်ထမ်းကတော့ လမ်းညွှန်နိုင်မယ်လို့ ထင်ပါတယ်တယ့်။
ဟုတ်ပါတယ် ရုံထဲမှာ လက်မှတ်ဝယ်လို့ရပါတယ်။ ဒါပေမယ့် ဝမ်းဒေးပတ်စ်မရှိဘဲ ၇ရက်၊ တလစာအတွက်ပဲ ရှိတယ်။ ခေါင်းချင်းဆိုင်ကြတယ်။ Prepaid ဆိုတယ့်ဟာ ဝယ်ဖို့တိုင်ပင်ကြတယ်။ အဲဒီ Prepaid ကဒ်ဆိုတာ ၄ ယောက်အထိ သုံးလို့ရပြီး ထပ်ထပ်ဖြည့်လို့ရတယ်။ အဝင်ပေါက်က ဒီစီ၊ ဘော့စတွန်လို မဟုတ်ဘဲ ဒလက်နဲ့။ မနှစ်ကခရစ်စမတ် ဝါရှင်တန်ဒီစီ သွားလည်တုန်းက ညဖက် ကယ်ပီတယ်အနီးမှာ ဘူတာရုံရှာမတွေ့၊ ဖုန်းကလည်း ဘက်ထရီဒေါင်းသွားလို့ လမ်းပျောက်သွားဖူးတယ့် အတွေ့အကြံ ုရှိဖူးတာမို့ သွားမယ့်ဘူတာရုံ အနီးတဝိုက် ပတ်ပတ်လည်ကို ပရင့်ထုတ်လာတယ်။ ကိုယ့်တာဝန်ဖြစ်တယ့် ဘယ်ဘူတာဘယ်ရထားလိုင်းဆိုတာ ရှာဖွေပြီး အီးမေးလ်ပို့ဖူးပေမယ့် မှတ်မလာဘူး။ အီးမေးလ်ဖွင့်ဖို့ ကွန်နက်ရှင်းချိတ်တော့ တိန်...No Service မြေအောက်ထဲမှာကိုး။
ဝါရှင်တန်ဒီစီ၊ ဘော့စတွန်က ရထားလိုင်းတွေမှာ ဘယ်လိုင်း ၊ ဘယ်ဘူတာတွေ ရောက်တယ်ဆိုတာ ရေးထားပေမယ့် နယူးယောက်မှတော့ ဘာမှမရေးထားဘူး။ တော်သေးတယ် ရာမားက ဘယ်လိုင်းဘယ်ဘူတာဆိုတာ ဖုန်းရဲ့နှုတ်စ်မှာ မှတ်လာပေလို့။ မြေပေါ်တက်လိုက်ရင်ပဲ လူတွေ ကြိတ်ကြိတ်တိုးနေတယ့် Time Square ။ ဗိုက်ဆာလို့ မက်ဒေါနယ်ဆီ အရင်ပြေးကြတယ်။ အဲဒီမှာလည်း ကြိတ်ကြိတ်တိုးနေတာပဲ။ မက်ဒေါနယ်ရဲ့ ဘေးမှာက ကိုယ်တို့သွားမယ့် Madame Tussauds မက်ဒမ်တူးဆက်ပြတိုက်။ ဟောင်ကောင်မှာလည်း မဒမ်တူးဆက်ပြတိုက်ရှိတယ်။ Peak Tram စီးဖို့တန်းစီနေတုန်း မက်ဒမ်တူးဆက်ပြတိုက်ရှေ့ အလကားရိုက်နိုင်တယ့် ပီရာ့ရော့နန် (ဂျိမ်းစ်ဘွန်းမင်းသား) ၊ ဂျက်ကီချမ်း၊ မစ်ရှဲယိုးတို့နဲ့ ဓာတ်ပုံရိုက်ခဲ့တယ်။
အထပ်ကိုးထပ်ရှိပြီး ရှပ်ရှင်မင်းသားမင်းသမီးတွေက တထပ်၊ ထင်ရှားတယ့် နိုင်ငံရေးသမားတွေက တထပ်၊ နယူးယောက်အထင်ကရ နေရာတွေက တထပ်၊ အားကစားသမားတွေက တထပ်၊ အဆိုတော်တွေက တထပ်၊ သရီးဒီက တထပ်၊ သရဲအိမ်လိုမျိုးဟာကိုဝင်တော့ ကြောက်လိုက်ကြတာ။ စိတ်ခြောက်ခြားဖွယ် မီးရောင်တွေနဲ့။ လူတွေကလည်း သရဲတွေလို ဝတ်ဆင်ထားတာ။ ကိုယ်တွေကြောက်နေမှန်းသိလို့ ဟိုကဘာမှမခြောက်ဘူး။ ခြောက်များခြောက်ရင်တော့ အင်း လန့်ဖြန့်မေ့လဲသွားမလား မသိ။ အဲဒီလို သတ္တိကောင်းတာ း) ။
ပြီးတော့ တရုတ်တန်း သွားကြတယ်။ မြန်မာပြည်က တရုတ်တန်းလိုပဲ ဝယ်မလား၊ ရောင်းမလား အကုန်ရတယ်။ Little Italy ဆိုတယ့် နေရာလေးမှာ ရေခဲမုန့်စားကြတော့ ရက်စ်ဘယ်ရီအရသာက တော်တော်ကောင်းတယ်။ မနှစ်ကဘော့စတွန် ရှန်ဟိုင်းစားသောက်ဆိုင်က အစားအသောက်တွေ စားကောင်းလို့ ခုလည်းရှန်ဟိုင်းဆိုင်မှာ စားတယ်။ အစားအသောက်က မဆိုးပေမယ့် တစ်ဖ် ၁၀ ကျော်ပေးတာကို နည်းတယ်ထင်လို့ စားပွဲထိုးမလေးက ဆူနမ့်ရှေ့မှာတင် ပေသီးခေါက်တယ့်အပြင် နောက်တယောက်ကိုပါ ခေါ်ပြလိုက်သေးတယ်။ တခြားစားပွဲတွေက ဝိုင်းကြည့်ကြလို့ ဆူနမ့်ခမျာ စိတ်ကသိကအောင့်ဖြစ်တယ်။ အဲဒီတုန်းက ကိုယ့်တို့သုံးယောက်က အိမ်သာမှာ တန်းစီနေကြတာ။ ကိုယ်သာရှိရင် မန်နေဂျာဆီ သွားကွန်ပလိမ်းဖြစ်မလား အဲ အမြီးပဲကုပ်နေမလားတော့ မသိ။
မကာအိုမှာ ရုံးကဟိုင်နန်ကွျှန်းတရုတ် တစ်ရှုးကိုဘယ်မှာပစ်ရမှန်းမသိလို့ ပန်းကန်လာသိမ်းတယ့် စာပွဲထိုးကို သူ့အမှိုက်လေး ထည့်လို့ရမလားမေးတာ လမ်းအပြင်ဖက်ကအမှိုက်ပုံးကို လက်ညှိုးထိုးပြပြီး ကိုယ့်ဘာသာ သွားပစ်တယ့်။ မလေးတရုတ်မထိန်ထိန် ရှန်ဟိုင်း၊ စူးကျိုးဖက်ကို သွားလည်တာ ပြန်လာတော့ ရေရေလည်လည် ကွန်ပလိမ်းတယ်။ နေရာတကာ ဆေးလိပ်သောက်လို့။ ရှန်ဟိုင်း Expo လို အိမ်သာတွေများတယ့်နေရာမှာတောင် အနီးအနားကအိမ်သာကိုမသွားဘဲ လမ်းဘေးမှာ ကလေးကို ရှုးပေါက်ခိုင်းလို့။ တိုးဂိုက်က ဝယ်ခိုင်းတယ့်ဆိုင်မှာပဲ ဝယ်ရလို့။ ဈေးမေးပြီးမဝယ်ရင်လည်း မျက်နှာက ရှစ်ခေါက်ချိုးလို့။ တရုတ်တွေက အဲဒီလိုဝန်ဆောင်မှု ကောင်းတယ် း) ။
အမှန်တကယ် ကိုယ်သွားချင်တာက Empire States of Mind မိုးမျှော်တိုက်။ Jay Z ၊ Alicia Keys ရဲ့ Empire States of Mind သီချင်းနားထောင်ပြီးကတည်းက သွားချင်နေတာ။ နယူးယောက်မြို့ကြီးကို အပေါ်စီးက ကြည့်ချင်လို့။ အပေါ်တက်ဖို့ ၃နာရီတောင် စောင့်ရမှာ မစောင့်နိုင်ဘူး။ သွားချင်ရင် နင့်ဘာသာသွားဆိုတော့ တယောက်တည်း မသွားချင်တာနဲ့ မဒမ်တူးဆက်ကို လိုက်ရတော့တာပေါ့။ နီးတယ့်ဘူတာမှာဆင်းပြီး ဟူဆဒန်မြစ်ဆီ လမ်းအတော်လျှောက်ရတယ်။ လူတွေအတော်များတယ်။ လုံခြုံရေးတင်းကျပ်တယ်။ မြင်ကွင်းကောင်းတယ့် နေရာသွားတွေက ညနေလေးနာရီလောက်ကတည်းက ဝီရိယကောင်းကောင်းနဲ့နေရာဦးသူတွေကြောင့် ကိုယ်တွေရောက်တယ့်ည၇နာရီ မြင်ကွင်းကောင်းတယ့်နေရာနား မသီနိုင်ပါဘူး။ ရဲတွေက ဝင်ပေါက်ပိတ်ထားပြီး လွတ်တယ့်နေရာဖက်ကို သွားခိုင်းတယ်။ ဟိုင်းဝေးလမ်းကို ပိတ်ထားပြီး လူတွေအပြည့်။ ကိုယ်တွေက နှင်းဆီပင်တွေစိုက်ထားတယ့် လမ်းလေးအုတ်ခုံလေးမှာ နေရာရတယ်။ မကြာမှီ နေဝင်ပြီ ကိုယ့်ရှေ့ကလမ်းမမှာလည်း လူတွေအပြည့်။
ဝတ်ပုံစားပုံ စတိုင်အမျိုးမျိုး၊ ရန်ဖြစ်ကြတယ့် မောင်နှံတွေ၊ မိုးမရွာပေမယ့် ထီးဆောင်းတယ့် ခပ်ကြောင်ကြောင်တယောက် အိုး လူပေါင်းစုံ၊ စတိုင်မျိုးစုံ၊ စရိုက်မျိုးစုံ မြင်ရတယ်။ သန်ဒါအိုဗာ လူဝီဗီလ်ပွဲ (Thunder Over Louisville) က မီးရှုးမီးပန်းလို တကယ်လှတယ်။ တေလာဆွစ်တို့လို နာမည်ကြီးအဆိုတော်တွေ လာဆိုကြတယ် ပြောပေမယ့် စတိတ်စင်ကဘယ်နားမှန်းမသိ။ လူတွေကြပ်မှာစိုးလို့ မီးရှုးမီးပန်းဖောက်တာ မပြီးခင်ပြန်ခဲ့တယ်။ ဆူနမ် တနေကုန်လွယ်ထားတယ့် ကင်မရာအိတ်ကို အတင်းတောင်းရတယ်။ ကင်မရာက မလေးဘူး ကင်မရာအိတ်က လေးတာလို့ လွှတ်ခနဲထွက်သွားတာ ကင်မရာတနေကုန်လွယ် ကင်မရာမန်းလုပ်တယ့် အမ်းထရှုးက စိတ်ဆိုးလို့ ကင်မရာပြန်လာပေးတယ်။ အဲဒီလို ဂျမ်းတဲမန်းတာ း) ။
သြော် ကင်မရာ အသစ်ဝယ်လိုက်တယ်။ ၂၀၁၀ နိုဝင်ဘာ အင်ဒိုနီးရှားနိုင်ငံ ဘာတန်ခရီးအတွက် ဝယ်ခဲ့ဖူးတာ Canon IXUS 300 ။ ဝယ်ပြီးတပတ်အကြာ ဈေးက၁၀၀ ကျသွားတယ်။ လိုချင်တာက DSLR ကင်မရာ ။ ဖိုတိုဂရပ်ဖာလည်းမဟုတ် ဈေးကြီးတယ့်ကင်မရာ ဘာလုပ်မှာလဲ။ အဲဒီကင်မရာကနေ ပိုက်ဆံပြန်ရမှာလည်း မဟုတ်။ ဟုတ်တော့လည်း ဟုတ်သား။ ဒီနှစ်တော့ တောတွေခဏခဏလား ဆူနမ်တို့ကလည်း ကင်မရာလေးကို လှောင်ကြပြောင်ကြ DSLR ဝယ်ဖို့တိုက်တွန်းတာနဲ့။ Canon EOS 6D ဝယ်ရမလား 7D ဝယ်ရမလား စဉ်းစားနေတာ။ 7D က တီဗွီနဲ့ချိတ်လို့ရတယ်၊ Black Swan ဇာတ်ကားကို 7D နဲ့ရိုက်တာ၊ ရိုက်ချက်မြန်တယ်၊ 6D ထက် ပိုကောင်းတယ်လို့ ညွှန်းတာနဲ့။
EOS 7D မှာ EF 28 - 135 mm နဲ့EF-S 18-135mm နှစ်မျိုးရှိတာ ဒုတိယက ၁၀၀ ဈေးပိုကြီးပြီး ပိုကောင်းတယ်ဆိုတာနဲ့ ဝယ်လိုက်တယ်။ ပို့ခကဖရီးဆိုရင် တပတ်ကြာတယ်။ အဲဒီလောက် မစောင့်နိုင်လို့ ၂ ရက်အမြန် ပို့ခိုင်းရတယ်။ DSLR ကင်မရာအတွက် SDHC Flash Memory Card နဲ့ကင်မရာအိတ်က လိုလာပြန်ရော။ ပစ္စည်းလက်ခံရရှိကြောင်း လက်မှတ်လိုတယ့် ပစ္စည်းလာပို့ချိန်က နေ့လည် ၂ နာရီ ။ အဲဒီအချိန် ကိုယ်ကရုံးမှာ။ ဆူနမ်တို့နားက ဖက်စ်ဒက်ရုံးမှာ ခဏသိမ်းထားခိုင်းပြီး သွားထုတ်ရတယ်။ ဂျူလှိုင်၄ ခရီးမတိုင်မှီ ဂျူလှိုင်၃ရက်နေ့ညနေစောင်းမှ အချိန်မှီလေး ရောက်လာခဲ့တယ်။ အားကျမခံ မကြီးကလည်း လိုက်ဝယ်တယ် EOS 700D EFS 18 - 55 mm ။ ဖေ့ဘွတ်မှာဓာတ်ပုံတင်တော့ ဘော်ဒါ ကမ္ဘောဒီးယား Samnang Cheng ကလည်း ကွန့်မန့်ပေးလာတယ် သူလည်း ဝယ်ထားတယ် EOS 7D EF 28 - 135 mm ။
ရထားစီးတိုင်း လုံခြံ ုရေးကို မေးရတယ် ဘယ်ရထား ဘယ်ဖက်လဲဆိုတာ။ နယူးယောက်မြေအောက်ရထားလိုင်း တကယ်ရှုပ်တယ်။ ည ၁၀ နာရီခွဲ တိုင်းစကွဲယားရောက်တော့ လူတွေကြိတ်ကြိတ်တိုးနေတာ လူပင်လယ်ထဲ ရောက်သွားသလား မှတ်ရတယ်။ ဓာတ်ပုံထဲမှာလည်း သိသာတယ် ပင်ပန်းနွမ်းနယ်နေတယ့် ရုပ်ကလေးတွေ။ နယူးယောက် တိုင်းစကွဲယားကနေ ပန်စတေးရှင်းအထိ ရထားစီး။ နယူးယောက် ပန်စတေးရှင်းကနေ Newark ပန်စတေးရှင်းအထိ နှစ်ထပ်ရထားပြောင်းစီး။ ကားပါကင်မှာ ကားကိုယူပြီး ဟိုတယ်ကိုမောင်း။ ဟိုတယ်မှာ ချက်ကင်ဝင်တော့ ည ၁၂နာရီကျော်နေပြီ။ ပင်ပန်းလိုက်တာ မပြောပါနဲ့တော့ တကိုယ်လုံးကိုင်ရိုက်ထားတယ့်အတိုင်း။
မနက်မိုးလင်းတော့ ဆူနမ့်ခြေထောက်နှစ်ဖက်မှာ အရေကြည်ဖုတွေ လမ်းမလျှောက်နိုင်။ အရေကြည်တွေ ဖောက်ထုတ်ပစ်ပြီး ပလာစတာကပ်။ မနှစ်ကအောက်တိုဘာမှာ တိုက်ခတ်သွားတယ့် စူပါမုန်တိုင်းဆန်ဒီကြောင့် ပျက်စီးသွားတာတွေ ပြန်လည်ပြင်ဆင်ပြီး ဂျူလှိုင်၄မှာ ဖွင့်လှစ်တယ့် နယူးယောက်အမှတ်အသား လစ်ဘာတီရုပ်တုက ဒီနေ့ ခရီးစဉ် ။ နယူးယောက်ကသွားတယ့် ဖယ်ရီလက်မှတ်မရတာမို့ နယူးဂျာစီဖက်ကနေ သွားကြပါတယ်။ နေ့လည် ၁ နာရီ ဖယ်ရီစီးဖို့ ၁၂ နာရီလောက်ကတည်းက ရောက်နှင့်ပါတယ်။ လုံခြုံရေးက လေဆိပ်မှာလို စစ်တယ်။ နယူးယောက်ဖက်ခြမ်းက မိုးမျှော်တိုက်ကြီးတွေ မြင်ရတယ်။ ၁၈၉၂ ကနေ ၁၉၅၄ အထိ နိုင်ငံရဲ့အလုပ်အများဆုံး လူဝင်မှုကြီးကြပ်ရေးနေရာဖြစ်တယ့် Ellis ကျွှန်းကို ဖြတ်တယ်။ မက်ဟက်တန်နဲ့ ဘရွတ်ကလင်းကို ဆက်သွယ်ထားတယ့် အမေရိကန်ရဲ့ သက်တမ်းရှည်ကြာဆုံး ကြိုးတံတားတွေထဲက တခုဖြစ်တယ့် ဘရွှတ်ကလင်းတံတားကို ဟိုးအဝေးမှာ ပြပြလေး မြင်ရတယ်။ လစ်ဘာတီရုပ်တုခေါင်းအထိ တက်လို့ရတယ့်လက်မှတ်မရလို့ အောက်ခြေကပဲမော့ကြည့်ခဲ့ရတယ်။
ပြင်သစ်နိုင်ငံကနေ အမေရိကန်နိုင်ငံကို ချစ်ကြည်ရေးလက်ဆောင်အဖြစ် ပေးအပ်တယ့် လစ်ဘာတီရုပ်တုက ကမ္ဘာပေါ်မှာထင်ရှားတယ့် လွတ်မြောက်မှုအမှတ်အသား ဖြစ်ပါတယ်။ တရားမျှတမှုစာအုပ်ကို တဖက်ကကိုင်ဆောင်ကာ မီးရှုးမီးတိုင်ကို တခြားတဖက်က ကိုင်ဆောင်ထားတယ့် အမျိုးသမီးရုပ်တုကို မြင်ရတော့ လွတ်မြောက်မှု၊ မကြောက်မရွှံ့မှု တွေရဲ့ အမှတ်အသား တကမ္ဘာလုံးက လေးစားကြတယ့် လူထုခေါင်းဆောင် ဒီမိုကရေစီအိုင်ကွန် အမျိုးသမီးကို သတိရတယ်။ လစ်ဘာတီက အမေရိကန်နိုင်ငံရဲ့ လွတ်မြောက်မှု အမှတ်အသားဆိုရင် သူမကလည်း မြန်မာပြည်ရဲ့ လွတ်မြောက်မှုအမှတ်အသားပါပဲ။
ည ၇ နာရီ အိပ်ရောက်ပြီးကတည်းက အိပ်လိုက်ကြတာ နောက်နေ့ မနက် ၈ နာရီမှနိုးတယ်။ ASD (Advanced Software Development) ဖိုင်နယ်စာမေးပွဲရှိတယ့် ကိုယ်ကစာမေးပွဲ သွားဖြေတယ်။ မစ်တန်းစာမေးပွဲတုန်းက C+ ရထားလို့ ဖိုင်နမ်စာမေးပွဲမှာ A ရပါမှ နှစ်ခုပေါင်းနောက်ဆုံးရလာဒ် B မှာ။ A ရဖို့ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိပေမယ့် တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားထားတာမို့ စိတ်ဖိစီးမှုမရှိဘဲ အေးအေးဆေးဆေး ဖြေဆိုခဲ့တယ်။ ASD ဘာသာက 500 level course ဖြစ်ပြီး ဘွဲ့ရဖို့အဲဒီဘာသာကို B ရရပါမယ်။ ကျောင်းမှာဆို ကျောင်းအုပ်ကြီး Guthrie သင်ပြီး ၆၀ ရာခိုင်နှုန်းကျလို့ ကျောင်းသားတွေ နှစ်ခါပြန်တက်ရလေ့ရှိတယ့် ဘာသာ။ ဂျူလှိုင် ၂၀ စနေနေ့မှာ ASD ဘာသာအမှတ်စာရင်းတွေ ထွက်တယ်။ ဖိုင်နယ်စာမေးပွဲမှာ အမှတ်ကောင်းပေမယ့် မစ်တန်းက အမှတ်နည်းထားတာမို့ B- ရပါတယ်။ အဲဒီဘာသာ B မရရင် ဘွဲ့မပေးတာမို့ အခုတက်နေတယ့် Parallel Programming ဘာသာပြီးရင် ASD ထပ်ယူရမယ်။ ASD ဘာသာရပ်အကြောင်း ရပ်ကွက်ထဲမှာတော့ဗျာ - ၅ မှာ ရေးဖူးတယ်။
စီနီယာဒီနာလည်း ဂျူလှိုင် ၄ ၊ ၅ နိုင်အာဂရာရေတံခွန် သွားပြီး ခုဗာဂျီးနီးယားကမ်းခြေကို သွားမလို့တယ့် သူ့သူငယ်ချင်းက ကျောင်းရှေ့လာစောင့်နေတယ်။ မနေ့က ကိုယ်က ၇ နာရီ အိမ်ပြန်ရောက်တယ်ဆိုတော့ သူက ညည့်နက်သန်းခေါင်မှ အိမ်ရောက်တာ နောက်နေ့နေ့လည် စာမေးပွဲလာဖြေ ခုကမ်းခြေကို သွားမလို့။ သူတို့စာမေးပွဲကို ဒီလိုပိတ်ရက်တွေမှာ မလုပ်သင့်ဘူး ဟုတ်ပါ့။ နယူးယောက်လား အင်း မိုးမျှော်တိုက်တွေ များတယ်။ လူများတယ်။ ရထားများတယ်။ ဝါရှင်တန်ဒီစီလို တယောက်တည်း တိုးရစ်ဖို့မလွယ်ဘူး။ နယူးယောက်ကို လာလည်ဖို့ဖိတ်ခေါ်ကြတယ့် ဘလော့ဂါ မမီးငယ်၊ ကျောင်းက စီနီယာ သဲသဲအေးတို့ကို ကျေးဇူးတင်ပါတယ်။
နောက်တပတ်ကြမှ အိုရှင်းစီတီးသွား တောလားကြရအောင်။
စန်းထွန်း
ဂျူလှိုင် ၂၃ ၊ ၂၀၁၃။
6 comments:
မတက်ခဲ့ဘူးလား..။
မစောင့်ရဘူး..။
(ပုန်းနေမယ်... :P )
ကိုယ်သွားတုန်းက
ချစ်သောမမအိုင်အိုရာ
မေတ္တာဖြင့်
အန်တီတင့်
မီးမီးငယ် said...
စန်းထွန်းလေးလာတာကိုမသိလိုက်ဘူး...
Pann ဘူတာရုံကကိုယ်တို့lonfisland မှာ၊
နေတုံးက လာရင်အဲဒီအထိရထားစီးလာရတယ်၊
ပြီးမှခြေလျင်တတန်၊ညစ်ပတ်လှသောမြေအောက်
ရထားတစ်တန်နဲ့သွားရတယ်။
အဲဒီဘူတာရုံကအိမ်သာရှေ့တန်းစီစောင့်ပြီး
မတက်ခဲ့ဘူးလား..။
တရုတ်တန်းကတကယ်စာဖွဲ့လောက်တယ်..။
ဆောင့်ကြီးအောင့်ကြီးနဲ့လည်းချပေးတတ်တယ်လေ။
မိုးမျှော်တိုက်ကြီးပေါ်ကိုအွန်လိုင်းကနေလက်မှတ်ဝယ်၊
မစောင့်ရဘူး..။
နောက်တခါလာရင်ပြော...နော်...။
(ပုန်းနေမယ်... :P )
July 24, 2013 at 10:25 AM
Anonymous said...
ကိုယ်သွားတုန်းက
Bronx zoo မှာ တနေ့နီးနီးကုန်တယ်။
တရုတ်တန်းကတော့တနေ့လုံးဘဲ။
တရုတ်တန်းက စားသောက်ဆိုင်ကအိမ်သာဝင်မိတာ
မအန်မိအောင်မနဲထိန်းထားခဲ့ရတယ်။
ညဘက်ကျတော့ Broadawy show သွားကြည့်တယ်။
နယူးယောက်မှာအကြိုက်ဆုံးက ဘရော့ဒ်ဝေးရှိုးဘဲ။ ကြက်သီးထမိအောင်ကိုနှစ်သက်တာ။ ဘရော့ဒ်ဝေးနားက ဟိုတယ်မှာတည်းတယ်။
ရုံးတွေကတော့အရမ်းသားနားတယ်။ တွေ့ရမဲ့သူနဲ့တွေ့ပြီးရင်လော်ဘီထဲမှာ မြန်မာပီပီ ဓါတ်ပုံရိုက်တော့တာဘဲ။ နယူးယောက်သူ နယူးယောက်သားတွေက ဖက်ရှင်မိုက်တယ်။
မမအိုင်အိုရာက ဝါရှင်တန်ကနေ ရထားစီးသွားတာ။
စန်းထွန်းရေးတာသိပ်ဖတ်လို့ကောင်းတာဘဲ။ နောက်တစ်ခုလည်းမျှော်နေမယ်နော်။ ဖတ်ပြီးတော့ကျေနပ်သွားတာဘဲ။ စုံနေလို့။
ချစ်သောမမအိုင်အိုရာ
July 24, 2013 at 11:35 PM
ညီလင်းသစ် said...
Big apple သွား တောလားက ဖတ်လို့ကောင်းတယ် ညီမစန်းထွန်း၊ ဒီလို မြို့ကြီးမှာ လူတွေကတော့ ဘယ်အချိန်ကြည့်ကြည့် များနေမှာပဲ ထင်တယ်နော်၊ မြန်မာပြည်ရဲ့ လေဘာတီ ရုပ်တုအကြောင်း ကြားညှပ် ထည့်ပြောသွားတာလည်း ကြိုက်တယ်..၊
Congrats for your 7D! It's a good choice. :))
July 27, 2013 at 1:27 PM
ဟန်ကြည် said...
ဒီပို့စ်က ဘာဖြစ်လို့ လွတ်သွားရတာပါလိမ့် း( ပြတင်းပေါက် ၂ ရောပဲ လွတ်သွားတယ်...စိတ်တော့မရှိနဲ့ စန်းထွန်းရေ...အလုပ်ကလည်း များရတဲ့ကြားမှာ ကျောင်းသားတွေက စာသင်ရတာထက် သြဝါဒခြွေရတာနဲ့ မိဘနဲ့သားသမီးကြား ရင်ကြားစေ့ပေးနေရတာတွေ သည်ရက်ပတ်အတွင်း အတော်များနေတော့ ခေါင်းရှုပ်ပြီး ဘလော့မပတ်ဖြစ်လို့ လွတ်ကုန်တာဖြစ်မယ်..ဒီပို့စ်မှာ အကြိုက်ဆုံးကတော့ မာဂရီတာပဲ ဖြစ်လေရဲ့ဗျား း)
July 28, 2013 at 7:52 AM
Aunty Tint said...
အားလုံးထဲမှာ ဗလကြီးနဲ့အပြိုင်အော်နေတဲ့ ပုံလေးသဘောကျတယ် :P
စန်းစန်းဆီအလည်ရောက်တိုင်း ဗဟုသုတတွေ တစ်ပွေ့တစ်ပိုက်ကြီးရတယ် ကျေးဇူးနော်...
အိုးရှင်းစီးတီး သွားလည်လိုက်အုံးမယ် း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
July 30, 2013 at 9:04 AM
Post a Comment