The Window - 2

ပြတင်းပေါက်ဟောင်းကို ခွဲခွာပြီး ပြတင်းပေါက်အသစ် ၃ခုမှတဆင့် တိမ်ဆိုင်ဖြူဖြူများကို ကျွန်မ ငေးကြည့်နေခဲ့ဖူးသည်။

ပထမပြတင်းပေါက်
ဘုရင်နေသောမြို့ မှ ထွက်ခွာပြီး  ဆူနမ်တို့နေသောမြို့ဆီသို့ ရောက်ရှိချိန် မကြာသေးသော ခရစ်စမတ်အချိန်တုန်းက ၁၁ရက် လာရောက်နေထိုင် လည်ပတ်ဖူးပြီးသားမို့ သူတို့အိမ်သည် ကျွန်မအတွက် စိမ်းမနေခဲ့။ ထိုအိမ်၏အိမ်ခန်း ခေါင်းရင်းနှင့်ဘေးတွင် ပြတင်းပေါက်များ ရှိသည်။ ဧည့်ခန်းတွင် ကြီးမားသော ပြတင်းပေါက်တခုရှိသော်လည်း နံရံပေါ် ပရော်ဂျက်တာထိုးကာ ရုပ်ရှင်ကြည့်ကြသည့် ဆူနမ်တို့သည် ထိုပြတင်းပေါက်ကို ယင်းလိပ်အမြဲချထားလေ့ရှိသည်။ ထိုပြတင်းပေါက်ကြီးဘေးတွင်ရှိသော ပြတင်းပေါက်လေးသည် ကျွန်မ၏ ပထမပြတင်းပေါက်ပင် ဖြစ်သည်။

ထိုပြတင်းပေါက်လေးမှတဆင့် နှင်းတဖွဲဖွဲကျနေသည်ကို စောင့်ကြည့်ဖူးသည်။ ကောင်းကင်တခုလုံး မှောင်မည်းကာ မိုးထစ်ချုန်းရွာသည်ကို စောင့်ကြည့်ဖူးသည်။ တခါတရံ ကောင်းကင်တခုလုံး တိမ်ကင်းစင်ကာ ကြည်လင်ပြာလဲ့နေခြင်း၊ တိမ်ဆိုင်တိမ်လိပ်များ ပုံသဏ္ဌန်မျိုးစုံဖြင့် လွင့်မျောနေခြင်းကိုလည်း ငေးမောနေဖူးသည်။ တိုက်ခေါင်မိုးများကြားမှ ထိုးထွက်နေသော သစ်ပင်များ ရာသီအလိုက် အရောင်ပြောင်းသည်ကို မြင်တွေ့ရသည်မှာ ပန်းချီကားတချပ်ကို ကြည့်ရသကဲ့သို့ဖြစ်သည်။ ရာသီလိုက်ပန်းရောင်စုံများ ဖူးပွင့်ကြသည်ကို ထိုပြတင်းပေါက်လေးမှတဆင့် မြင်တွေ့ရသည်။


ဒုတိယပြတင်းပေါက်
ကျွန်မအလုပ်စားပွဲဘေးတွင်ရှိသော ပြတင်းပေါက်သည် ကျွန်မ၏ ဒုတိယပြတင်းပေါက် ဖြစ်သည်။  ထိုပြတင်းပေါက်သည် အတော်ကြီးမားသည်။ ပြတင်းပေါက်တည့်တည့်တွင် ရှေးဟောင်းအဆောက်အဦးဖြစ်ပြီး အလံလွင့်ထားသည့် အမေရိကန်အစိုးရရုံးနှင့် သစ်ပင်ကြီးတစ်ပင်ရှိသည်။ ယင်းအဆောက်အဦး၏ နောက်ဖက်တွင် ကျွန်မဖြတ်သန်းသွားနေကျ ပန်းခြံရှိသည်။ ထိုပန်းခြံဘေးတွင် အလွန်ကြီးမားသော အလုပ်သမားဌာနရုံးရှိသည်။ အောက်ဖက်ငုံ့ကြည့်လိုက်လျှင် သစ်ပင်စိမ်းစိမ်းများ၊ မီးပွိုင့်ဖြတ်ကူးနေကြသူများ၊ ဟိုင်းဝေးလမ်းဖြစ်သဖြင့် မပြတ်လပ်သောကားများ၊ ရပ်နားထားသော ကားများကို မြင်ရသည်။ မျက်စိညောင်းညာသည့်အခါ အနားပေးသည့်အနေဖြင့် ထိုပြတင်းပေါက်မှတဆင့် မိုးကောင်းကင်နှင့် သစ်ပင်ကို ကျွန်မကြည့်လေ့ရှိသည်။


ရုံးနှင့် မလှမ်းမကမ်းတွင် လွန်စွာလှပခန့်ညားသော ကယ်ပီတယ်အဆောက်အဦး ရှိသည်။ ရေခဲမုန့်ပရိုးမိုးရှင်း လုပ်သောအခါ အလကားရသည့် ရေခဲမုန်န့်ကို ကယ်ပီတယ်နောက်ဖက် ရေပန်းဘေးတွင် ထိုင်စားကြဖူးသည်။ မနီးမဝေးတွင် ဂျပန်အမေရိကန်အထိမ်းအမှတ်ရှိကာ ရေပန်းဖြူဖြူ ၊ ကျဆုံးသွားသည့် ဂျပန်အမေရိကန်စစ်သည် နာမည်များကို နံရံပေါ် ရေးထိုးထားသည်။ ဂရေးဟောင်း ဘတ်စ်ကားဂိတ်၊ ရထားဂိတ်ရှိသောကြောင့် ယူနီယမ်ဘူတာသည် အလွန်စည်ကားသည်။ ဘေးတွင် စာကြည့်တိုက်ပြတိုက်ရှိသည်။

 

တတိယပြတင်းပေါက်
ဆူနမ်တို့အိမ်မှ ရုံးသို့ ကားတတန်၊ ရထားတတန် ၁ နာရီခွဲ စီးရသည်။ အိမ်မှအစောဆုံးထွက်ပြီး နောက်ဆုံးမှရောက်သူမှာ ကျွန်မဖြစ်သည်။ ပင်ပန်းလွန်းသောကြောင့် ရထားပေါ်တွင် အိပ်ငိုက်သည်။ အိမ်အပူတပြင်းရှာကာ အလုပ်ရပြီး တပတ်အကြာ ကျွန်မအတွက် တတိယပြတင်းပေါက်ရှိသည့်အိမ်သို့ ပြောင်းလေသည်။ ထိုအိမ်သည် ကျွန်မနေဖူးသမျှ အိမ်ထဲတွင် အလှဆုံးဖြစ်ကာ အစွန်ဆုံးဖြစ်သောကြောင့် အိမ်ပတ်ပတ်လည် ပြတင်းပေါက်များစွာ ရှိသည်။

 မြို့လေးသည် သစ်ပင်အတော်များသည်။ ဆူနမ်တို့က နင် ဂျမ်းဂဲ (တော) မှာ နေတာဟု နောက်ပြောင်ကြသည်။ စီနီယာအက်စ်စမီတာမန်ချေး သူငယ်ချင်း စီနီယာ့စီနီယာ နီပေါအစ်ကိုကြီးက မိုမို (နီပါလီ ဖက်ထုပ်) စားရန် ဖိတ်ခေါ်သောအခါ နာရီဝက်အဝေးတွင်ရှိသော ကိုလံဘီယာမြို့သို့ ရောက်ဖူးခဲ့သည်။ ထိုမြို့သည် သစ်ပင်အတော်ထူထပ်ပြီး စိမ်းညှို့နေသည်။ ထိုအခါ ဆူနမ်တို့က နင့်မြို့ထက် ပိုဂျမ်းဂဲ(တော) သည်ဟု ဆိုကြလေသည်။ ဂျမ်းဂဲသည်ပဲဆိုဆို ကျွန်မကတော့ သစ်ပင်များသည့်မြို့၊ တောင်တန်း၊ ပင်လယ်ရှိသည့်မြို့၊ ပြတင်းပေါက်များသည့် အိမ်များကို နှစ်သက်သည်။


အိပ်ခန်းတွင် ပြတင်းပေါက်ကြီးတခုသော်လည်း တဝက်ကို ယင်းလိပ်အမြဲချထားကာ တဝက်ကို ဖွင့်ထားလေ့ရှိသည်။ ပြတင်းပေါက်မှ ရပ်နားထားသော ကားများ၊ စိမ်းလန်းနေသော သစ်ပင်များကို ကောင်းစွာမြင်နိုင်သည်။ မိုးတိမ်မည်းများ၊ တိမ်ဆိုင်ဖြူဖြူများ၊ ဆည်းဆာချိန် တိမ်တောက်နေခြင်းများကို မြင်တွေ့ရသည်။ ရုံးပိတ်ရက် မနက်စောစော ပြတင်းပေါက်ဖွင့်ထားလျှင် လေနုအေးကလေးများ ဝင်ရောက်လာပြီး ငှက်ကလေးများ တေးဆိုသံကို ကြားရသည်။ လသာသောညများတွင် အေးမြသော လရောင်များ နီယွန်မီးရောင်များဖြင့်အပြိုင် ထိုပြတင်းပေါက်မှ ဖြာဆင်းနေတတ်သည်။

ဧည့်ခန်းအဆင်းလှေကားတွင် ပြတင်ပေါက်တခုရှိသည်။ မီးဖိုချောင်တွင် ချက်ပြုတ်သောအခါ အိမ်ရှင်အန်တီ စိုက်ပျိုးထားသော မီးဖိုချောင်စိုက်ခင်းမှ ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ နေကြာပင်၊ ခရမ်းသီးပင်များ၊ အရိပ်အာဝါသကောင်းသော သစ်ပင်ကြီးများ၊ ခွေးကျောင်းကြသူများ၊ ကလေးကစားကွင်းတွင် ကစားကြသူများကို မြင်ရသည်။


ဘူတာရုံတွင် မနက်တိုင်း ကောင်းသောမနက်ခင်းပါ၊ ကောင်းသောနေ့လေးဖြစ်ပါစေဟု နှုတ်ဆက်သည့် အန်ကယ်ကြီးကမ်းသည့်  သတင်းစာကို ရထားစီးရင်း ဖတ်မည်။ လက်ပြနှုတ်ဆက်တတ်သော အလုပ်သမားဌာနရုံးဘေး လုံခြုံရေးအစောင့်ကို ဂွတ်မောနင်းဟု နှုတ်ဆက်မည်။ ပန်းခြံရောက်လျှင် စံပယ်ပန်းရနံ့နှင့်ဆင်တူကာ မွှေးရနံ့သင်းထုံနေတတ်သည့် ပန်းရုံနားရောက်လျှင် အသက်တဝကြီးရှုကာ ပန်းရနံ့ကို နမ်းရှိုက်မည်။ ဒုတိယပြတင်းပေါက်ကလေးမှတဆင့် တိမ်တွေကို ငေးမောမည်။ ရုံးဆင်းချိန်တွင် မနက်ကတယောက်မဟုတ်တော့သည့် လက်အုပ်ချီကာ နှုတ်ဆက်တတ်သည့် အန်ကယ်ကြီးကို ဂွတ်အီးဗနင်း၊ ကောင်းသောညလေးဖြစ်ပါစေဟု နှုတ်ဆက်မည်။ အစားအသောက်ဝေချိန်ကို စောင့်နေတတ်သည့် အိမ်ယာမဲ့များနှင့် မျက်လုံးချင်းမဆုံအောင် ကြိုးစားမည်။ မျက်လုံးခြင်းဆုံမိလျှင် အကြွေ၊ ပိုက်ဆံမပါဘူးလားဟု တောင်းတတ်သလို တချို့အိမ်ယာမဲ့များသည် စိတ်မှန်ပုံမရ။


မြောက်အမေရိကတိုက်နှင့် တောင်အမေရိကတိုက်ကြားရှိသော ကာရစ်ဘီယန်ကျွှန်းစု ပွာတိုရီကိုနိုင်ငံမှလာသော အိမ်ရှင်အန်တီကြီးသည် ဘုရားကျောင်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း၊ ကျောင်းသင်ခန်းစာများဖြင့် အလုပ်များနေတတ်သဖြင့် သိပ်မတွေ့ဖြစ်။ ပွာတိုရီကိုနိုင်ငံ၏ လူဦးရေတဝက်မှာ လူမည်း၊ တခြားတဝက်မှာ အိန္ဒိယဖြစ်သည်။ စပိန်စကားပြောကြသော်လည်း ယခုအခါ အင်္ဂလိပ်စကားသည် ရုံးသုံးစကားဖြစ်သည်။ အန်တီကြီး၏ မိဘနှင့် သမီးသည် အိမ်အနီးအနားတွင် နေထိုင်ကြကာ မိဘသားသမီးဆက်ဆံရေးသည် အရှေ့တိုင်းနှင့် ဆင်တူသည်။ Seventh-day Adventist Church ဘုရားကျောင်းတက်ကာ ဘုရားသီချင်းဆိုသည်။ ခရစ်ယာန်များသည် ဆန်းဒေးစကူးဟုခေါ်သည့် တနင်္ဂနွေနေ့တွင် ဘုရားကျောင်းတက်ကြသော်လည်း အန်တီကြီးတို့ ဘုရားကျောင်းသည် ရက်သတ္တပတ်၏ ခုနှစ်ရက်မြောက်နေ့ဖြစ်သော စနေနေ့တွင် ဘုရားကျောင်းတက်သည်။

စူပါဗိုက်ဆာ သီဟိုဒိုဝိန်းရိုက်သည် လူဖြူလူမည်းစပ်ထားပုံဖြစ်ပြီး မျက်လုံးအရောင်မှာ ထူးခြားသည်။ မျက်ကပ်မှန်တပ်သလားဟု မေးသောအခါ  မျက်ကပ်မှန်မတပ် နဂိုမူရင်းအရောင် Hazel Color သည် ဝတ်ထားသည့်အင်္ကျ ီအရောင်ကိုလိုက်ပြီး အရောင်ပြောင်းသည်ဟု ဆိုသည်။ တခါတရံ အညိုရောင်၊ တခါတရံ မီးခိုးရောင်၊ တခါတရံ ပြာလဲ့လဲ့ ပြေးနေတတ်သည်။ တဒ်တွင် ပန်းဝတ်မှုန်အလာဂျီရှိပြီး နွေဦးရာသီတွင် ဟတ်ချိုး နှာအမြဲချီနေတတ်ကာ နှာရည်ရွဲနေတတ်သည်။ ဘရန်ဒန် ဟန်နာမန်းတွင် မြေပဲအလာဂျီရှိသည်။ အစားအစားအသောက် မစားခင် ပါဝင်သည့်ပစ္စည်းများတွင် မြေပဲပါမပါကို အမြဲစစ်ဆေးရသည်။ အထူးသဖြင့် မြေပဲပါသည့် ထိုင်းအစားအသောက်များကို ရှောင်ကြဉ်ရသည်။ ပရောဂျက်မန်နေဂျာ ကင်၏ မျက်လုံးသည် အမြဲနီနေတတ်သည်။ မျက်စိနာနေတာလား မေးသည့်အခါ ပန်းဝတ်မှုန်အလာဂျီဖြစ်သည်ဟု ဆိုသည်။


တခန်းတည်းအတူတူ အလုပ်လုပ်သည့် တရုတ်မ ကလယ်ရားကွမ်းသည် အမေရိကန်ရောက်နေသည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်နေပြီး အမေရိကန်နိုင်ငံသား ခံယူထားသည်။ တရုတ်ပြည် အလည်ပြန်လျှင် ဗီဇာလျှောက်ရပြီး ၃ လနေပြီးလျှင် အထွက်ပြကာ ပြန်ဝင်ရသည်။ နိုင်ငံခြားဘာသာတက္ကသိုလ်တွင် တရုတ်စာတစ်နှစ်သင်ခဲ့ဖူးရာ မေ့တေ့တေ့ဖြစ်နေသည့် တရုတ်စာများကို ကလယ်ရားကွမ်းနှင့် ပြန်နွေးရသည်။  တရုတ်နှင့်အင်္ဂလိပ် ညှပ်အပြောကောင်းသဖြင့် အင်္ဂလိပ်လိုပြောတာလား၊ တရုတ်လိုပြောတာလား၊ ဗမာလိုပြောနေတာလား စဉ်းစားနေ၍ I am speaking English ဟူ၍အသိပေးရတာမျိုး ၊ Chinese can't understand your Chinese speaking ဟူ၍တမျိုး ကျွန်မ၏ တရုတ်အသံထွက်ကို ချီးမွမ်းသည်။

ရုံးပိတ်ရက်များတွင် မိနစ်နှစ်ဆယ်အဝေးတွင်ရှိသည့် ဆူနမ်တို့အိမ် သွားရောက်ကာ ဘာဘီကျူးကင်သည်၊ တောင်တက်သည်၊ ရေတံခွန်သွားသည်၊ စတော်ဘယ်ရီခူးထွက်သည်၊ ရုပ်ရှင်ကြည့်သည်၊ ငါးမျှားသည်၊ ဒယ်လာဝဲယားပြည်နယ်တွင် နေထိုင်သော စီနီယာအက်စ်စမီတာမန်ချေးအိမ်သို့ သွားရောက်လည်ပတ်သည်၊ ခရီးထွက်သည်။ ကျွန်မနေသောမြို့တွင် မြန်မာအများအပြားရှိသည်ဟု ဆိုသော်လည်း အိမ်ရှာတုန်းက မြန်မာအိမ်တအိမ်ကို ရောက်ဖူးသည်။ တခါတရံ မြန်မာအင်္ကျ ီဝတ်ထားသည့် အဘွားများကို ကားပေါ်မှလှမ်းတွေ့လိုက်ဖူးသော်လည်း မြန်မာမိတ်ဆွေတယောက်မှ မရှိ။ ရုံးတွင်လည်း မြန်မာမရှိ။ ပိတ်ရက်တွင် ဆူနမ်တို့နှင့် လည်ပတ်နေတတ်သည်မို့ မြန်မာမိတ်ဆွေ တိုးမလာခဲ့။


ကလိုင်းရင့် အလုပ်သမားဌာနသည် ကုမ္ပဏီနှင့် ကွန်ထရပ်ထပ်မတိုး။ စီနီယာတော်တော်များများ အလုပ်ထွက်ကုန်ကြသောအခါ အလုပ်ရှာဖို့ လိုအပ်လာသည်။ သူငယ်ချင်းများနှင့် အနီးအနားတွင် အလုပ်ရှာလျှင် အလုပ်ရှားသည်။ နေရာမရွေးသောအခါ သူငယ်ချင်းများနှင့် ဝေးသောနေရာတွင် အလုပ်ရနိုင်သည်။ ဆရာတော် ဦးဇောတိက၏ စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ စာအုပ်ထဲမှ နှစ်သက်မိသော စာပိုဒ်လေးရှိသည်။

TODAY
Yesterday is just a memory.
Tomorrow we may never see.
There's beauty all around us,
life can be so pleasant.
Today is like a gift.
That's why it's called the present.


အရင်တုန်းက ပြတင်းပေါက်များသည် အမှတ်တရ ဖြစ်နေရစ်ပြီး နောင်လာမည့် ပြတင်းပေါက်များကို ကြိ ုတင်မသိနိုင်။ လက်ဆောင်လိုဖြစ်သည့် ယနေ့ပြတင်းပေါက်များကိုတော့ ကျွန်မ တကယ်နှစ်သက်နေခဲ့သည်။ ပျော်ရာမှာမနေရ တော်ရာမှာနေရ အလုပ်ရသည့်နေရာသို့ ပြောင်းရမည့်အခါ ထိုပြတင်းပေါက်များမှ တိမ်ဆိုင်ဖြူဖြူ ငေးကြည့်ခွင့် ဘယ်အချိန်ထိ ရမလဲ၊ ဘယ်လိုမျိုး ပြတင်းပေါက်သစ်များ ရရှိလာမလဲဆိုတာ ကျွန်မ သိချင်နေမိသည်။

This post is dedicated to Ma Ma Iora who wanna know my new windows.

စန်းထွန်း
ဂျူလှိုင် ၁၇ ၊ ၂၀၁၃ ။

5 comments:

ဘုန်းတောက် said...


T.Win said...

Good luck with your job hunting..

Anonymous said...

ချစ်သောမမအိုင်အိုရာ

ဟန်ကြည် said...


San San Htun said...

ဘုန်းတောက် said...
ဖတ်လို့ကောင်းတယ် စန်းထွန်းရေ အပြင်က ပြန်လာရင် ဆက်ဖတ်ဦးမယ်
ကျန်းမာပျော်ရွှင်ပါစေ
July 18, 2013 at 12:49 AM
Anonymous said...
ပြူတင်းလေးတွေအကြောင်းဖတ်ခွင့်ရလို့ကျေးဇူးပါစန်းထွန်းရေ။
ဒီနေ့ဘဲမှတ်မှတ်ရ ရုံးကမှန်ချပ်ကြီးကတဆင့်မြင်နေရတဲ့ရွေ့ လျားနေတဲ့တိမ်ဆိုင်တိမ်လိပ်ကြီးတွေကြည့်မိရင်း ရုံးကမြင်ကွင်းအကြောင်းရေးချင်နေမိတယ်။
ကိုယ်လည်းပြူတင်းသစ်တွေအကြောင်းအတွေးနယ်ချဲ့နေမိခဲ့တယ်။
စန်းထွန်းရဲ့အခုပြူတင်းလေးတွေကလည်းစိတ်ချမ်းသာစရာစိတ်ကြည်နူးစရာနော်။
ဒီထက်ကောင်းတဲ့ပြူတင်းသစ်လေးတွေသာပိုင်ဆိုင်ရပါစေလို့ဆုတောင်းပေးနေမယ်နော်။
ချစ်သောမမအိုင်အိုရာ
July 18, 2013 at 10:22 PM
ဟန်ကြည် said...
စန်းထွန်းရဲ့ ပြတင်းပေါက်တွေဖတ်ရင်း ဦးဟန်ကြည်ရဲ့ ပြတင်းပေါက်တွေအကြောင်း စဉ်းစားမိတယ်...လောလောဆယ်ပြတင်းပေါက်ကနေ ကြည့်လိုက်ရင်တော့ လမ်းတစ်ဖက်က အစိုးရဘီအီးဆိုင်မှာ မနက်စောစော ဖောက်သည်တွေရောက်နေတာ မြင်ရပါရဲ့ဗျား း)
July 23, 2013 at 2:34 AM