| Ice skating at Bryant Park, behind is New York Public Library (NYPL) |
| Christmas decoration at 1251 Fifth Avenue |
ရုံးနဲ့အိမ်၊ အိမ်နဲ့ရုံး၊ ပိတ်ရက်တွေဆို လမ်းလျှောက်အဖွဲ့၊ တောင်တက်အဖွဲ့တွေနဲ့ လမ်းလျှောက်၊ တောင်တက်၊ ပြတိုက်သွားဆိုတော့ မိသားစု၊ သူငယ်ချင်း မရှိတာ မသိသာပေမဲ့ အခါကြီးရက်ကြီးတွေဆို တစ်ယောက်တည်းက သိပ်သိသာတယ်။ သူများတွေက မိသားစုတွေ၊ ဆွေမျိုးတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ တရုန်းရုန်းဖြစ်နေတာ သိပ်အားကျတာပဲ။ အမေရိကန်ကို စရောက်တဲ့နှစ် အိုင်အိုဝါမှာ ကျောင်းတက်တုန်းက ဆောင်းရာသီ ကျောင်းပိတ်ရက် ၁၀ ရက် ပိတ်ပေမဲ့ ခရီးသွားဖို့ ပိုက်ဆံမရှိ။ ဆူနမ်တို့က အလုပ်ရှာဖို့ မေရီလန်းက အက်စမီတာမန်ချေးတို့အိမ် ရောက်နေပြန်တယ်။ အက်စမီတာက သူ့ကို မန်ချေးလို့ခေါ်ခိုင်းတယ် မန်ချေးဆိုတာ နီပါလီလို လူသားလို့ အဓိပ္ဗာယ်ရပါသတဲ့။ အက်စမီတာမန်ချေးနဲ့ ဆူနမ်က နီပေါမှာ တက္ကသိုလ်တက်ကတည်းက အဆောင်အတူတူ၊ ကျောင်းပြီးလို့ အက်စမီတာ အလုပ်ရတော့ ဆူနမ်တို့ကို သွင်းပေးတယ်။ အက်စမီတာ အမေရိကန်မှာ ကျောင်းလာတက်တော့လည်း မကြာပါဘူး ဆူနမ်နဲ့ရာမား လိုက်လာကြတယ်။ အက်စမီတာမန်ချေးက ဒင်းတို့နှစ်ကောင် ငါ့နောက် လိုက်နေကြတာလို့ ပြောတတ်တယ်။ အက်စမီတာမန်ချေးနဲ့ ဆူနမ်တို့က သွေးသားမတော်စပ်ပါပေမဲ့ ညီအစ်မအရင်းလို ခင်ကြတယ်။ တစ်ဦးတည်းသော မိန်းကလေး အတန်းဖော် ယန်းဇီက သူ့တရုတ်သူငယ်ချင်းတွေနဲ့ ချီကာဂိုဖက် ခရီးထွက်တယ်။ ရာသီဥတုကအေး၊ သူငယ်ချင်းတွေကလည်း အဝေးမှာဖြစ်တဲ့ ယူအက်စ်ကို စရောက်တဲ့နှစ် ၂၀၁၁ ခရစ်စမတ်က အဆိုးဆုံးပဲ။
၂၀၁၂ ကျတော့ ရာမားက မေရီလန်းမှာ အလုပ်ရလို့ ဘော့စတွန်ကနေ ပြောင်းလာတယ်။ အိမ်ကနေ အလုပ်လုပ်လို့ရပြီဖြစ်တဲ့ ဆူနမ်က အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့ကနေ ရာမားရှိတဲ့ မေရီလန်းကို ပြောင်းလာတယ်။ ခရစ်စမတ်၊ နှစ်သစ်ကူးချိန်မှာ ကန်တက်ကီမှာ တယောက်တည်း ငေါင်စင်းစင်းဖြစ်နေမှာ ခွင့်သုံးရက် ယူရုံနဲ့ အားလပ်ရက် ၁၀ ရက်တောင်ရမှာ သူတို့ဆီ လာလည်ပါလားလို့ ဆူနမ်တို့က ဖိတ်ခေါ်တာနဲ့ မေရီလန်းပြည်နယ်ကို သွားလည်ဖြစ်လို့ ဒီစီသွားတောလားတွေ ရေးဖြစ်ပါသေးတယ်။ မကြာပါဘူး ၂၀၁၃ မှာ လေးအော့ဖ်ဖြစ်လို့ မိုင် ၆၀၀ ခရီးနှင်လို့ ဆူနမ်တို့ဆီ ပြောင်းရပြန်တယ်။ ဒီစီမှာ အလုပ်ရတော့ အလုပ်တဲ့နီးတဲ့ မေရီလန်းအိမ်ကို ပြောင်းပြီး မင်္ဂလာရာမဘုန်းကြီးကျောင်းကို သွားလည်ရင်း မမီးမီးနဲ့ အသိမိတ်ဆွေဖြစ်တယ်။ မမီးမီး သူငယ်ချင်းမဝိုင်းတို့က ကျေးဇူးတော်နေ့ပါတီတွေဖိတ်၊ ဘုန်းကြီးကျောင်းက ပွဲတော်တွေမှာ သွားတီးနဲ့ မေရီလန်းမှာ ပျော်ဖို့ကောင်းသား။ ၂၀၁၃ စက်တင်ဘာမှာ အစိုးရလျှပ်ဒေါင်းဖြစ်ပြီး အိုအယ်လ်ရုံးပိတ်လို့ ကျွန်မတို့ဒီစီရုံးကို ပိတ်လိုက်တာ အောက်တိုဘာမှာ ဒီအိုအယ်လ်ရုံး ပြန်ဖွင့်ပေမဲ့ ကျွန်မတို့ရုံးက ပြန်ဖွင့်မလာတော့ဘူး။ ဒီအိုအယ်လ်က ကွန်းထရက်ကို တခြားရုံးကို ပေးလိုက်လို့ ဒုတိယမ္ဗိ လေးအော့ဖ်ပြန်ရော။ နိုဝင်ဘာမှာ ဖုန်းအင်တာဗျူးအောင်လို့ ဖေ့စ်တူဖေ့စ် အင်တာဗျူးအတွက် နယူးယောက်ကို နေ့ချင်ပြန်သွား၊ အလုပ်အော်ဖာရပြီး နယူးယောက်ကို ပြောင်းလာတာ ဘာလိုလိုနဲ့ တစ်နှစ်တောင်ရှိပြီ။
| in front of Rockefeller Center |
![]() |
| Rockefeller Christmas Tree & Ice skating |
ကျွန်မတို့ မျက်စိရှေ့မှာတင် ကလေးကနေ တက္ကသိုလ်ကျောင်းသားကြီး ဖြစ်လာတဲ့ မောင်လေးတစ်ယောက်က ပြောဖူးတယ် ဖေ့ဘွတ်က အစ်မခရီးသွားတဲ့ ဓာတ်ပုံတွေကြည့်ပြီး အစ်မကို သိပ်အားကျတာပဲတဲ့။ ကျွန်မ ခရီးသွားတာကိုသာ မြင်တာ ကျွန်မ ဘယ်လောက် ကြိုးစားရတယ်ဆိုတာ သူမသိဘူး။ စင်္ကာပူမှာထက် သုံးဆကြိုးစားရတယ်။ အလုပ်ပင်ပန်းတာ၊ နေရာသစ်မှာ အခြေကျဖို့ ကြိုးစားရတာ၊ ကားမောင်းသင်ရတာ၊ အပတ်တိုင်း အဆိုင်းမင့်၊ တလခွဲတစ်ခါ စာမေးပွဲ၊ ဘေလ်တွေ ဆောင်နိုင်ဖို့၊ ကျန်းမာဖို့။ အိမ်ထောင်ဖက်၊ မိသားစု၊ ဆွေမျိုးရှိတဲ့သူတွေရဲ့ ဘဝက နည်းနည်းချောမွေ့တယ်။ အိမ်ထောင်ဖက်၊ မိသားစု၊ ဆွေမျိုးမရှိတဲ့ ကျွန်မမှာတော့ သူငယ်ချင်း၊ မိတ်ဆွေတွေရဲ့ အကူအညီကြောင့် ဘဝခရီးလမ်း ချောမွေ့တယ်။ အမေရိကန်ရောက်တာ လေးနှစ်ရှိပြီ ခုမှ အခြေနည်းနည်းကျတယ်လို့ ခံစားမိတယ်။ အလုပ်ပြုတ်လို့စိတ်ဆင်းရဲရင် အဖေနဲ့မကြီးက ပိုက်ဆံကိစ္စ ဘာမှစိတ်မပူနဲ့ သူတို့ပို့ပေးမယ်တဲ့။ ကျန်းမာအောင်နေ အားရှိအောင်စား ခရီးတွေသွား ပိုက်ဆံကို မနှမြောနဲ့ သုံးသင့်တာသုံးလို့ အားပေးတတ်တဲ့ ကျွန်မအမေ။ ကျွန်မဘလော့ကို ဟိုအရင်နှစ်တွေကတည်းက ဖတ်လာခဲ့သူတွေဆိုရင် ကျွန်မရဲ့ ဒုက္ခသုခတွေကို သိပါလိမ့်မယ်။ ကျွန်မကို ကံကောင်းတယ်လို့ ပြောကြတယ် ဟုတ်ပါတယ် ကျွန်မရဲ့ မိသားစု၊ အလုပ်၊ လစာတွေက ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ကံဆိုးတာတွေလည်း ရှိပါတယ် ပထမဆုံး စာမေးပွဲကျတာ၊ အလုပ်နှစ်ခါပြုတ်တာ။ ကံကောင်းတယ်လို့ ပြောကြရင် ရာနူန်းပြည့် လက်မခံချင်ဘူး။ ပြောလိုက်ချင်တယ် ကြိုးစားနေလို့ ကံကောင်းတာလို့။
မခိုင်မိတ်ဆွေ ကိုဝင်းငယ်က စောင့်ရှောက်လိုက်ပါဆိုတာနဲ့ တခါမှမမြင်ဘူးတဲ့ ကျွန်မအတွက် အခန်းတွေ သွားကြည့်ပေး၊ ရောက်လာပြန်တော့လည်း ထမင်းကျွှေး၊ ပိတ်ရက်တွေမှာ တခုခုချက်စားရင် ကျွန်မကိုခေါ်ကျွှေးနဲ့ ကျွန်မကို မွေးစားသမီးတစ်ယောက်ရပြီလို့ သတ်မှတ်ထားတဲ့ ကျွန်မမွေးစားအမေကို နယူးယောက် ရောက်ရောက်ချင်း သိခဲ့ပါတယ်။ ခရစ်စမတ်၊ နှစ်သစ်ကူးဆို သွားစားရမဲ့ မွေးစားအမေ၊ ညီမလေးတစ်ယောက်လို ကူညီစောင့်ရှောင့်တဲ့ ဘလော့ဂါ မမီးငယ်၊ ပန်ဆယ်ဗေးနီးယားက မခိုင်၊ ကျွန်မဘလော့ကိုဖတ်ပြီး အလုပ်ရှာနေမှန်းသိလို့ စီဗွီတင်ပေး၊ နယူးယောက်ကို ပြောင်းလာတော့လည်း အလှု၊ ရန်ပုံငွေပွဲတွေကို ဖိတ်တတ်တဲ့ ကိုထွန်းထွန်းဝင်း၊ မကြီးသူငယ်ချင်း မကေသွယ်ရဲ့ သူငယ်ချင်း မနန်းစံ၊ ပိတ်ရက်တွေဆို လမ်းလျှောက်၊ တောင်တက်၊ ခရီးအတူတူသွားတဲ့ ဗီယက်နမ်မလေး ဝိုင်းတို့ကြောင့် ရာသီဥတု အေး၊ ဆူညံလွန်း၊ စိတ်ဖိစီးလွန်းတဲ့ နယူးယောက်က ကျွန်မအတွက် နေပျော်စရာ ကောင်းနေခဲ့တယ်။ ကျွန်မ နေခဲ့ဖူးတဲ့ ပြည်နယ်တွေထဲမှာ အိုင်အိုဝါ၊ အင်ဒီယားနား၊ အိုဟိုင်းရိုး၊ ကန်တက်ကီက နည်းနည်းခေါင်တယ်။ မေရီလန်း၊ ဝါရှင်တန်ဒီစီ၊ နယူးယောက်ကတော့ လူဦးရေများ၊ သွားစရာလည်းများ၊ အသင်းအဖွဲ့တွေလည်းများတော့ ပိုပျော်စရာကောင်းတယ်။ ကန်တက်ကီမှာဆို တစ်ယောက်တည်း solo ခရီးထွက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ နယူးယောက်လို မြို့ကြီးတွေမှာတော့ တိုးအဖွဲ့တွေနဲ့ သွားလို့ရတော့ solo ခရီး နှစ်ခါ ထွက်ဖူးတယ်။
| Saks Fifth Avenue Luxury Department Store view from Rockefeller Center |
| Harry Winston Jewels (very very expensive) at Fifth Avenue. |
ဝိုင်းနဲ့ မသိခင်တုန်းကပေါ့။ ဝိုင်းနဲ့ သိပြီးကတည်းက တလတခါ ခရီးတွေ ထွက်ဖြစ်တယ်။ solo ခရီးသွားတာက ဈေးပိုကြီးတယ် နှစ်ယောက်ခရီးသွားတာက နည်းနည်းသက်သာတယ်။ မွေးစားအမေတို့ မိသားစုက ခရစ်စမတ်မှာ မြန်မာပြည်ပြန်တော့ ခရစ်စမတ်၊ နှစ်သစ်ကူးမှာ သွားစားရမဲ့အိမ် ပျောက်ပြီ။ ဟော့ပေါ့အိုးဝယ်ပြီး ဟော့ပေါ့လုပ်ပြီး သူငယ်ချင်းတွေကို ဖိတ်မလားမှတ်တယ် ကျွန်မလက်ရာက ကိုယ့်ဘာသာ စားကောင်းပေမဲ့ သူများကို ဖိတ်ကျွှေးရအောင် confident မရှိဘူး။ ဝိုင်းကို ဖိတ်မလားမှတ်တယ် ဒင်းက နင့်အိမ်မှာ နတ်ဆုနဲ့မိုချီ ရှိတယ် ငါ မလာဘူးတဲ့။ ဝိုင်းက ကြောင်မချစ်သလို ခွေးကြောက်တယ်။ ဝိုင်းကများ ဖိတ်မလားမှတ်တယ် သူ့လက်ရာက ကျွန်မလောက်နီးနီး။ ဝိုင်းက ချက်ဖို့ပြုတ်ဖို့ အချိန်ပေးရမှာထက် စပိန်စကားပြော လေ့လာချင်တဲ့သူ၊ အားကစားရုံမှာ အားကစား လုပ်ချင်သူ။ ခရစ်မစတ်မှာ ပြတိုက်တွေအားလုံးပိတ်တော့ ဘာလုပ်ရမှန်း မသိဘူး။ အရင်တုန်းကဆို ပန်းခြံတွေဆီ သွားကြပေမဲ့ ဆောင်းရာသီမှာ ရိုးတံပြိုင်းပြိုင်းဖြစ်နေတဲ့ သစ်ပင်တွေက နွေရာသီတုန်းကလို စိမ်းစိုနေတဲ့ သစ်ပင်တွေလောက် မလှပတော့ ပန်းခြံတွေ မသွားချင်ပြန်ဘူး။ Fifth Avenue လမ်းမတလျှောက်က ခရစ်စမတ်အလှဆင်ထားတာတွေက အင်မတန်လှလို့ ဓာတ်ပုံရိုက် ထွက်ဖြစ်ပါတယ်။ No 1 Christmas lighting in USA အမေရိကန်မှာ ခရစ်စမတ် မီးထွန်းတာတွေထဲမှာ နံပါတ်တစ်က ဘရွက်ကလင်းက ဒိုက်ကာဟိုက် Dyker Heights ရပ်ကွက်ပါတဲ့။
ဝိုင်းနဲ့ အမှတ်ငါးလမ်းမကြီးတလျှောက်၊ လမ်းလျှောက်အဖွဲ့နဲ့ ဒိုက်ကာဟိုက်ဖက်ကို ခြေဆန့်ပြီး ဟိုရိုက်ဒီရိုက်ခဲ့သမျှကို ရေးတင်ပါဦးမယ်။ အမှတ်ငါးလမ်းမကြီးပေါ်က lindt ချောကလက်ဆိုင်က ချောကလက်တွေကို ကျွန်မနဲ့ဝိုင်း သိပ်ကြိုက်ကြပါတယ်။ ခရစ်စမတ်ကာလမှာ ၁၅ ကျပ်တန် ၃ ထုပ်ဝယ်ရင် နှစ်ထုပ်လက်ဆောင်ထပ်ရတဲ့ Buy 3 Get 2 ပရိုမိုးရှင်းရှိနေတော့ ဝိုင်းရေ ဝယ်ပြီး တစ်ယောက်တစ်ဝက် ခွဲရအောင်ဆိုတော့ မကုန်မချင်း တစွတ်စွတ်စားတတ်တဲ့ ဝိုင်းက မဝယ်ချင်ဘူးတဲ့။ ကျွန်မလည်း ထိုနည်း၎င်း။ စားချင်ပေမဲ့ စိတ်မထိန်းနိုင်ကြလို့ မဝယ်ချင်ကြဘူး။ အမှတ်ငါးလမ်းမကြီးတလျှောက်က ခရစ်စမတ်အလှဆင်တာတွေ၊ မီးထွန်းထားတာတွေ လျှောက်ကြည့်ကြရင်း လမ်းတလျှောက်က ချောကလက်ဆိုင်တွေကိုဝင်ပြီး အလကားပေးတဲ့ ချောကလက်တွေကို သုံးခါတိတိ စားဖူးပါသလား။ မျက်နှာပေါ် မိတ်ကပ်ထူလပစ်ကြီး လိမ်းပေးတာကို အောင့်အီးသည်းခံကာ မေစီစတိုးမှာ အလကားဝေတဲ့ sample အလှပြင်ပစ္စည်းတွေ ရဖူးပါသလား ။ UGG ဆိုင်မှာ ကျူတန်းကြီးက အရှည်ကြီးမို့လို့ ဒစ်စကောက်ပေးနေတာထင်ပြီး ဝင်တန်းစီတယ်။ ငါ့အစ်မက မှာထားတယ် စင်္ကာပူမတွေ တန်းစီနေလို့ကတော့ ဝင်သာတန်းစီတဲ့။ အထဲရောက်တော့မှ ဒစ်စကောင့်လည်း အဲဒီလောက်ချတာလည်းမဟုတ် အလကားပေးတဲ့နီးပါး လူတိုင်းနီးပါးဝယ်နေတယ်။ ကျူတန်းရှည်လို့ ဒစ်စကောင့်ပေးနေတာထင်ပြီး ဝင်တန်းစီပြီး အထဲရောက်တော့မှ ကိုယ်ထင်တာ တလွဲဖြစ်နေမှန်း ကြုံဖူးပါသလား။ စတိုးဆိုင်က ရေမွှေးတွေကို ဆွှတ်ကြရင်း ဘယ်တံဆိပ်က ဘယ်အနံ့မှန်း မသိတော့တောင် ရေမွှေးနံ့တွေ တထောင်းထောင်း ထဖူးပါသလား။ ခရစ်စမတ်မီးရောင်စုံတွေ လျှောက်ကြည့်ရင်း၊ ဝင်းဒိုးလျှော့ပင်းရင်း၊ လူတွေကြိတ်ကြိတ်တိုးနေတာကို သွားတိုးဖူးပါသလား။
အားလုံးပဲ ပျော်ရွှင်စရာ ခရစ်စမတ်၊ ပျော်ရွှင်စရာ အားလပ်ရက်လေး ဖြစ်ပါစေ။
Merry Christmas ! Happy Holidays !
စန်းထွန်း
ဒီဇင်ဘာ ၂၄၊ ၂၀၁၄။




