ပန်ဆယ်ဗေးနီးယားသွား တောလား - ၁

နိုဝင်ဘာလရဲ့ နောက်ဆုံးပတ် ကြသပတေးနေ့မှာ ကျရောက်တဲ့ ကျေးဇူးတော်နေ့၊ ဘလက်ဖရိုင်းဒေး၊ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် လေးရက်တောင် ရတာမို့ အမေရိကန်မှာ ခရီးသွားကြတဲ့ အချိန်ဆိုပါတော့။ ယူအန်ရုံးက ဘလက်ဖရိုင်းဒေး မပိတ်သလို အလုပ်များနေလို့ ခွင့်မယူချင်တဲ့ ဝိုင်းကြောင့် နှစ်ရက်ခရီးစဉ်တွေ ရှာဖွေတဲ့အခါမှာ ခရစ်စမတ် အထူးအစီအစဉ် တစ်ညအိပ်နှစ်ရက်ခရီးစဉ် သုံးခုကို သွားတွေ့ပါတယ်။ ယေးတက္ကသိုလ်၊ Yankee Candle Village ရှိတဲ့ ကွန်နက်တီကပ်ပြည်နယ်ဖက်၊ Longwood Gardens ရှိတဲ့ ပန်ဆယ်ဗေးနီးယားပြည်နယ်ဖက်၊ ရေခဲပန်းပုပြပွဲရှိတဲ့ ဝါရှင်တန်ဒီစီပြည်နယ်ဖက်ကို သွားတဲ့ခရီးစဉ် သုံးခုထဲမှာ ကွန်နက်တီကပ်ပြည်နယ်ခရီးစဉ်ကို ရွေးလိုက်ပါတယ်။ ခရီးမသွားခင် တစ်ပတ်အလိုမှာ ကွင်ဖန်း confirm ဖြစ်မဖြစ် စုံစမ်းကြည့်တော့ လုံလောက်တဲ့ဘွတ်ကင်း အရေအတွက်မရလို့ ခရီးစဉ်မဖြစ်မြောက်ဘူးတဲ့။ ပန်ဆယ်ဗေးနီးယားခရီးစဉ်က ကွင်ဖန်းဖြစ်မှာမို့ ပန်ဆယ်ဗေးနီးယားခရီးစဉ်ကို ပြောင်းလိုက်တာမို့ ကွန်နက်တီကပ်သွား တောလား အစား ပန်ဆယ်ဗားနီးယားသွား တောလား ဖြစ်သွားပါတယ်။

စုရပ်ကို သတ်မှတ်ထားချိန်ရောက်ဖို့၊ ရာသီဥတု အေးရင် အနွေးထည်တွေ ယူခဲ့ဖို့၊ လိုအပ်တာတွေ မှာကြားတဲ့ မတ်ဆေ့တွေကို ခရီးသွားမဲ့နေ့ မတိုင်ခင် အကြိုနေ့ညမှာ တိုးဂိုက်ဆီက ရလေ့ရှိပါတယ်။ တိုးဂိုက်ဆီက မတ်ဆေ့ရတော့ ဟယ်ခနဲ ဖြစ်သွားတယ် မနက် ၈ ၄၅ စုရပ်ကို ရောက်အောင်လာဖို့တဲ့။ ဘုရားရေ...တိုးက ၈ နာရီ ထွက်မှာ မဟုတ်ဘူးလား အချိန်ပြောင်းလိုက်တာလား  ဖုန်းခေါ်မှပါပဲ။ ဖုန်းခေါ်တော့ လိုင်းမအားဘူး တူ...တူ မြည်နေတယ် ကျွန်မလို ဟယ်ခနဲ ဖြစ်သွားသူတွေ တိုးဂိုက်ကို ဖုန်းခေါ်ပြီး သေချာအောင် မေးမြန်းနေကြတယ်နဲ့ တူတယ်။ တိုးဂိုက်က ဖုန်းပြန်ခေါ်ပါတယ် အချိန်မှားသွားလို့တဲ့ မနက် ၆ နာရီ ၄၅ စုရပ်ဖလပ်ရှင်းကို ရောက်အောင်လာပါတဲ့။ မကြာပါဘူး နောက်တိုးဂိုက်တစ်ယောက် ဖုန်းဆက်လာပြန်တယ်။ မနက် ၆ နာရီ ၄၅ စုရပ် ဖလပ်ရှင်းကို ရောက်အောင်လာဖို့။ တိုးဂိုက်ဆီက မတ်ဆေ့ကို ဝိုင်းဆီပို့တော့ သူလည်း ဟယ်ခနဲ ဖြစ်သွားတယ်နဲ့ တူပါရဲ့ ချက်ချင်းဖုန်းခေါ်တယ်။ ဝိုင်းရေ အဲဒီလို အဲဒီလို အရေးကြီးတဲ့ အချိန်ကိုမှ မှားရတယ်တဲ့။ အင်း ... ဒီလိုမျိုး မတိကျတဲ့ တိုးဂိုက်တွေနဲ့ အချိန်တိကျတဲ့ ဝိုင်းနဲ့ တွေ့ကြဦးမယ်ထင်ပါ့။


မနက် ၅ နာရီခွဲ အိပ်ယာက၊ ရေချိုး၊ အထုပ်ပြင်နေတာ ၆ နာရီ ၁၅ ဖြစ်သွားလို့ ဘူတာဆီ အသည်းအသန် ပြေးရတာနဲ့ ရေနွေးဓာတ်ဘူးနဲ့ ဖုန်းအားသွင်းကြိုး မေ့ကျန်ခဲ့တယ်။ ဖလပ်ရှင်းကနေ ၇ နာရီမှာ ထွက်တဲ့ ကြိုပို့ဖယ်ရီကိုစီး တရုတ်တန်းရောက်တော့ မနက် ၇ နာရီခွဲ။ ကျေးဇူးတော်နေ့ပိတ်ရက်မှာ ဝါရှင်တန်ဒီစီ၊ နိုင်အာဂရာ၊ ပန်ဆယ်ဗေးနီးယား နေ့ချင်းပြန် ခရီးစဉ်တွေ ရှိပါတယ်။ ဝိုင်းရောက်လာတော့ တိုးဂိုက်ဆီမှာ ချက်ကင်ဝင်တော့ မှားနေလားမသိဘူး စစ်လိုက်ဦးမယ်နဲ့ ခုံနံပါတ်မရဘူး။ နောက်တော့ တခြားအဖွဲ့နဲ့ မှားနေလို့ ဆောရီးနော်ဆိုပြီး ဒုတိယတန်းခုံရတယ်။ ဒီခရီးက သွားဖူးသမျှခရီးထဲမှာ အချိန်အတိအကျ ထွက်တဲ့ ခရီးဖြစ်သလို ခရီးသည်အပြည့် မပါဘူး။ တိုးဂိုက်အက်ဒီဆင်က နယူးယောက်ပြည်နယ်အကြောင်း ရှင်းပြပါတယ်။ နယူးယောက်ပြည်နယ်ဟာ ဘရောင်း Bronx ၊ မက်ဟန်တန် Manhattan ၊ ကွင်း Queens ၊ ဘရွှတ်ကလင်း Brooklyn ၊ ကနေဒါနဲ့ ရေကန်ကြီးတွေ ခြားထားသလို ဗာမွန်ပြည်နယ်နဲ့လည်း၊ ချန်ပိန်ရေကန် ခြားထားပြန်တဲ့ နယူးယောက်ပြည်နယ် အတွင်းပိုင်းဆိုပြီး ရှိပါတယ်။ နယူးယောက်ပြည်နယ်ရဲ့  မြို့တော်က အလ်ဘနေ Albany ဖြစ်ပေမဲ့ နယူးယောက်စီးတီး NYC (New York City) က အကြီးဆုံးပါ။

မက်ဟန်တန်နဲ့ ဘရွှတ်ကလင်းကို ဆက်သွယ်ထားတဲ့ တံတားသုံးစင်း ရှိပါတယ်။ အတိုကောက် BMW လို့ မှတ်ထားပါတဲ့။ B က ဘရွှတ်ကလင်းတံတား၊  M က မက်ဟန်တန်တံတား၊ W က ဝီလီယံဘာ့ခ်တံတား Williamsburg တံတားပါ။ မက်ဟန်တန်ကို ဆက်သွယ်ထားတဲ့ မြေအောက်လှိုဏ်ခေါင်း ၃ ခုရှိရာမှာ နယူးဂျာဆီပြည်နယ်နဲ့ ဆက်သွယ်ထားတဲ့ ဟော်လန်တန်နယ်၊ လင်ကွန်းတန်နယ်၊ ကွင်းဖက်ကို ကွင်းမစ်တောင်းတန်နယ်တွေနဲ့ ဆက်သွယ်ထားပါတယ်။ အရင်တုန်းက မြေအောက်လှိုဏ်ခေါင်းဖောက်ရင် လေဝင်လေထွက် ကောင်းမွန်အောင် ဘယ်လိုလုပ်ရမှန်း မသိဘူး။ နောက်တော့ လှိုဏ်ခေါင်းနားမှာ အဆောက်အဦးတစ်ခုဆောက်ပြီး ပန်ကာအကြီးကြီးတွေ တပ်ဆင်ကာ မြေအောက်လှိုဏ်ခေါင်းထဲ လေဝင်လေထွက် ကောင်းမွန်စေတဲ့ နည်းလမ်းကို တွေ့သွားတယ်တဲ့။ လမ်းလျှောက်အဖွဲ့ခေါင်းဆောင် ရှင်းပြတော့မှ မြေအောက်လှိုဏ်ခေါင်း တဖက်တချက်ဆီက လေရဟတ်ရှိတဲ့ အဆောက်အဦးတွေကို သတိထားမိတော့တယ်။ နယူးယောက်ဆိုတာနဲ့ လစ်ဘာတီရုပ်တုကို ပြေးမြင်ကြပေမဲ့ လစ်ဘာတီရုပ်တုက နယူးယောက်ပြည်နယ်မှာ ရှိတာမဟုတ်ပါဘူး။ ဟော်လန်တန်နယ်ထဲက ထွက်ရင်ပဲ Welcome to New Jersey ဆိုတဲ့ ဆိုင်းဘုတ်ကို မြင်ရတယ်။ ဆိုင်းဘုတ်မှာ ဘာတွေ့သလဲ...(ကလေးများ) လစ်ဘာတီရုပ် ။ မှန်ပါတယ် လစ်ဘာတီရုပ်တုက နယူးဂျာဆီပြည်နယ်မှာ ရှိတာကွဲ့။


လစ်ဘာတီရုပ်တုကို လှမ်းကြည့်လိုက် နယူးဂျာဆီဖက်မှာ ရှိတာလား၊ နယူးယောက်ဖက်မှာ ရှိတာလား။ (ကလေးများ) နယူးဂျာဆီဖက်မှာ။ နယူးဂျာဆီပြည်နယ်က အမေရိကန်နိုင်ငံရဲ့ အသေးဆုံးပြည်နယ်ထဲမှာ ပါတယ်။ နယူးဂျာဆီရဲ့ ထူးခြားချက်က ဓာတ်ဆီဈေး သက်သာတယ်။ နယူးယောက်သားတွေ နယူးဂျာဆီမှာ ဓာတ်ဆီလာဖြည့်ရင်း လျော့ပင်းကြတယ်။ နယူးယောက်နဲ့ ယှဉ်ရင် သက်သာတာကိုး။ နယူးယောက်က အကုန်ဈေးကြီးတယ် အိမ်ဈေးတွေလည်း ခေါင်ခိုက်နေတယ်။ ကျောင်းသားဗီဇာနဲ့ အင်တန်းရှစ်ဆင်းနေတုန်းက ဖယ်ဒရယ်၊ စတိတ်တက်စ်တွေပဲ ဆောင်ရပေမဲ့ ခုတော့ အလုပ်ဗီဇာဖြစ်သွားပြီမို့ Social Security (ပင်စင်)၊ မက်ဒီကယ် Medicare  တက်စ်တွေအပြင် နယူးယောက်မှာနေတာမို့ နယူးယောက်စီးတီးတက်စ်၊ မသန်မစွမ်းတက်စ်တွေ ဆောင်ရတယ်။ နယူးဂျာဆီမှာနေရင် နယူယောက်စီးတီးတက်စ်၊ မသန်မစွမ်းတက်စ်တွေ ဆောင်စရာ မလိုဘူး။ ကားပါးကင်၊ ကားအာမခံတွေလည်း နယူးယောက်မှာ ပိုဈေးကြီးတယ်။ တိုးဂိုက်က အင်္ဂလိပ်စကားအသံထွက် မကောင်းပေမဲ့ ကြိုးစားပမ်းစား ရှင်းပြပါတယ်။ တိုးဂိုက်အက်ဒီဆင်က တိုးဂိုက်ရေဘင်ကို သူ့ပါတနာ Partner လို့ မိတ်ဆက်ပေးတော့ ကျွန်မနဲ့ဝိုင်း ရယ်ချင်တာကို မထိန်းနိုင်လို့ စာရွက်နဲ့ကွယ်ပြီး ရယ်ကြတယ်။

Colleague ၊ Team member ၊ Friend စကားလုံးတွေ အများကြီး ရှိရဲ့သားနဲ့ ဒီစကားလုံးကိုမှ ရွေးရတယ်လို့။ ကြည့်ရတာ အမေရိကန် အသုံးအနှုန်းကို သိပုံမရဘူး သတိပေးမှပါပဲ။ အင်း လူရှင်းတဲ့အချိန် တိုးတိုးတိတ်တိတ် သတိပေးရအောင်။ ပထမဆုံး သွားရောက်မဲ့နေရာက မက်ဟန်တန်ကနေ မိုင် ၁၁၀၊ ၂ နာရီအဝေးမှာရှိတဲ့ နယူးဂျာဆီပြည်နယ် ကန်ဒမ်မြို့မှာရှိတဲ့ အက်ဗန်းရှားရေသတ္တဝါပြတိုက် Adventure Aquarium ပါ။ နိုင်အာဂရာသွားတောလားတုန်းက ဒစ်ကာဗာရေသတ္တဝါပြတိုက်၊ အက်ကေဒီယား သွားတောလားတုန်းက ကွန်နက်တီကပ်ပြည်နယ် မစ်စတစ်မြို့က မစ်စတစ်ရေသတ္တဝါပြတိုက်တွေကို လည်ပတ်ပြီးပြီမို့ ရေသတ္တဝါပြတိုက်တွေကို လည်ပတ်ဖို့ ဆန္ဒမရှိတော့လို့ မလည်တော့ဘူးလို့ တွေးနေကြတယ်။ မနက်အစောကြီး ထပြီးလာရတာမို့ အိပ်ချင်နေကြမှန်း သိတယ် အိပ်ကြမလား သီချင်းနားထောင်ကြမလား။ ကားပေါ်မှာ ပါတဲ့ ကလေးငါးယောက်က သီချင်းနားထောင်မယ်လို့ သံပြိုင်အော်ကြတယ်။ တိုးဂိုက်အက်ဒီဆင်က သူ့စိတ်ကြိုက်ရွေးချယ်ထားတဲ့ သီချင်းတွေ ဖွင့်တယ်။ Westlife ၊ Nsync သီချင်းတွေဆိုတော့ ကျွန်မအကြိုက်ပေါ့။ ဗွီဒီယိုကာဗာက ခုသွားလည်ပတ်မဲ့ နေရာတွေက ဓာတ်ပုံတွေပါ။ ရေသတ္တဝါပြတိုက်က ဓာတ်ပုံလှလှတွေမြင်တော့ ရေသတ္တဝါပြတိုက်ကို ဝင်လည်မယ် ဖြစ်သွားတယ်။ ရေသတ္တဝါပြတိုက် အများစုက မြို့ရဲ့အဝေးမှာ ရှိနေတတ်တော့ ဝင်မလည်ရင် ပေးထားတဲ့အချိန်ကို ဘာမှာ သွားဖြုန်းရမှန်း မသိဘူး။


အိန္ဒိယနွှယ်ဖွား ၈ ယောက် အုပ်စုက ရေသတ္တဝါပြတိုက်မှာမှ လာဆုံတော့ ကားမှာ လူပြည့်သွားတယ်။ အက်ဗန်ရှား ရေသတ္တဝါပြတိုက်ဟာ ကမ္ဘာပေါ်မှာ ရေမြင်းရှိတဲ့ တစ်ခုတည်းသော ရေသတ္တဝါပြတိုက် ဖြစ်သလို အမေရိကန်မှာ တူသဏ္ဌန် နှုတ်သီးရှိတဲ့ ငါးမန်းတွေရှိတဲ့ တစ်ခုတည်းသော ရေသတ္တဝါပြတိုက် တစ်ခုလည်း ဖြစ်ပါတယ်။ တိုးဂိုက်က အချိန်နှစ်နာရီ ပေးပြီး နေ့လည်စာကို ရေသတ္တဝါပြတိုက်က စားသောက်ဆောင်မှာ စားခဲ့ဖို့ မှာကြားပါတယ်။ အေ၊ ဘီ၊ စီ၊ ဒီ ဇုန် လေးခုရှိပါတယ်။ မိကျောင်း၊ ငါးတွေ ပြထားတာကတော့ တခြားရေသတ္တဝါပြတိုက်နဲ့ အတူတူပါပဲ။ ကျွန်မ ကင်မရာက အော်တိုဖလပ်ရှ်ထွက်နေတာ ဘယ်လိုလုပ်ရမှန်း မသိတော့ ဓာတ်ပုံတွေ မကောင်းဘူး။ အိုင်ဖုန်းကင်မရာက ပိုကောင်းနေတယ်။ အာဖရိကပင်ကွင်းတဲ့ ပင်ကွင်းလေးတွေက ချစ်စရာလေး။ ငါးလိပ်ကျောက်၊ မြွေနဲ့တူတဲ့ငါး၊ ငါးမန်းလေးတွေကို ကိုင်ကြည့်လို့ရတော့ ကလေးတွေ ပျော်ကြတာပေါ့။ ခန်းမတစ်ခုမှာ လူတွေအပြည့်ဆိုတော့ ဘာများလဲပေါ့။ အစီအစဉ်တင်ဆက်သူ အဘွားကြီးက ခရစ်စမတ်မှာ ဘယ်လိုစိတ်မျိုးထားသင့်သလဲ မေးတော့ ဖြေဖို့ ကလေးတွေ အများကြီး လက်ထောင်ကြတယ်။

ကလေးတစ်ယောက်ကို ရှေ့ထွက်ခိုင်းပြီး ဖြေခိုင်းတော့ ကလေးမလေးက ခရစ်စမတ်မှာ တခြားသူတွေကို ကူညီရမယ်၊ စိတ်ကောင်းထားရမယ်တဲ့။ သူ ကိုယ်တိုင်ဖုတ်ထားတဲ့ ကွတ်ကီးတွေကို ပွဲပြီးရင် လက်ဆောင်အဖြစ် ပေးပါမယ်။ မျက်စိမှတ်ပြီး ဆုတစ်ခုတောင်းပါတဲ့ မျက်စိဖွင့်ခိုင်းလိုက်တော့ ရေကန်ထဲမှာ ကူးခတ်နေတဲ့ စကူပါဆန်တာကို တွေ့လိုက်ရတော့ ကလေးတွေဆိုတာ Santa, I love you. လို့ အော်တဲ့သူအော်နဲ့ လက်ခုပ်တီးကြတာပေါ့။ စကူပါဆန်တာ Scuba Santa ဆီကို ပေးပို့နိုင်တဲ့ အမြန်စာပို့ပုံး Express Mail နားမှာ ကလေးတွေ ဆန်တာဆီ စာရေးနေကြတယ်။ ရေမြင်းပြခန်း ဝင်ရင်ပဲ အနံ့အသက်က ဆိုးတယ်။ ရေထဲစိမ်နေကြတဲ့ ရေမြင်းနား ငါးကလေးတွေ ကူးခတ်နေကြတယ်။ အဲဒီငါးတွေက ရေမြင်းကိုယ်ပေါ်က ဆဲလ်သေတွေကို လာစားတာတဲ့။ ရေမြင်းတွေဟာ ပင်လယ်ဖျံ Sea lion ၊ Dolphin တို့လို ယဉ်ပါးလွယ်တဲ့ သတ္တဝါမျိုး မဟုတ်တော့ သင်ကြားရတာ ခက်ပါတယ်။ မျိုးတုန်းတော့မဲ့ စာရင်းဝင်နေပါတယ်။

Philladephia city, Benjamin Franklin Bridge, Delaware river between Pennsylvania state and New Jersey state.
I am standing at Aventure Aquarium, Camden city, New Jersey state.

တခြားရေသတ္တဝါပြတိုက်တွေနဲ့ မတူတာက ငါးမန်းကန်အောက် လှိုဏ်ခေါင်းကနေ ကူးခတ်သွားလာနေတဲ့ ငါးမန်းတွေကို ၃၆၀ ဒီဂရီ လည့်ပတ်ကြည့်လို့ ရတာပါ။ တရုတ်ပြည်မှာ ငါးမန်းတောင်ဟင်းချိုက နာမည်ကြီးတယ်။ တချို့ဆို ငါးမန်းအတောင်ကိုပဲ ဖြတ်ယူကြတယ်။ ငါးမန်းတွေလည်း မျိုးတုန်းတော့မဲ့ စာရင်းထဲမှာ ပါတယ်။ ငါးမန်းတောင်ဟင်းချို တခါမှ မစားဖူးဘူး။ ရှူး...တိုးတိုး...ငါးမန်းတောင်ဟင်းချိုအကြောင်း တွေးနေတဲ့ တရုတ်ငတိမလေးတွေလို့ ထင်သွားဦးမယ်။ 3D  Movie Theatre ရှိပေမဲ့ ဝင်မကြည့်တော့ဘူး။ kids zone ဆိုတာပဲ ကျန်တော့မယ် ဝင်ကြည့်ရအောင်။ ဝိုင်းရေ  ဒီဖားလောင်းကနေ ဖားဖြစ်နေတာဆိုတော့ ဝိုင်းက မသိဘူးတဲ့။ အထက်တန်းကျောင်းမှာတုန်းက မသင်ရဘူးလား သင်ခဲ့ရမှာပေါ့ ခုတော့ မေ့နေပြီ။ ဒီဓာတ်ပုံက ဖားဖြစ်လာပုံ အဆင်ဆင့်ကို ပြထားတာ ကလေးတွေတင် ဗဟုသုတရတာမဟုတ်ဘဲ လူကြီးတွေလည်း ဗဟုသုတရတာပဲနော်။ ကျွန်မတို့ ငယ်ငယ်တုန်းက အဖေ ဖားကိုမီးဖုတ်ပြီး စပါးလင်နိုင်နိုင်နဲ့ ချက်ကျွှေးတာ သိပ်စားကောင်းတာပဲ။ ရှူး...တိုးတိုး ဟိုမှာ Fogs as Pets ဆိုပြီး ကလေးတွေကို ပညာပေးတယ် လူကြီးတွေက ဖားသား သိပ်စားကောင်းတယ်လို့ တွေးနေတယ် ကောင်းကွာ။ ဖားတွေဟာ ကျင်လည်ကျက်စားတဲ့ သဘာဝပတ်ဝန်းကျင်ပေါ် မူတည်ပြီး အရောင်ပြောင်းနိုင်တော့ ရန်သူတွေက အလွယ်တကူ မတွေ့နိုင်ဘူးတဲ့။

အရောင်တောက်တောက် ဖားတွေကို မြင်တာနဲ့အဆိပ်ရှိမှန်း သိသာပါတယ်။ သစ်ခေါက်နဲ့တူတဲ့ လိပ်၊ သစ်ရွက်နဲ့တူတဲ့ ဖားတွေကို မှန်ပြတင်းပေါက်ကနေ ချောင်းကြည့်ပြီး ရှာဖွေကြပြီး မတွေ့သေးတဲ့သူတွေကို ပြရတာလည်း တမျိုးပျော်စရာကောင်းတာပဲ။ အချိန်စေ့နေပြီမို့ နေ့လည်စာစားဖို့ အချိန်မရှိတော့ဘဲ ရေသတ္တဝါပြတိုက်ကနေ ထွက်ခွာပြီး ဘေးနားက မြစ်ကမ်းဘေးမှာ ဓာတ်ပုံရိုက်ကြတယ်။ တဖက်ကမ်းကမြို့က ဖီလာဒဲဖီးယားမြို့နဲ့ သိပ်တူတာပဲ။ မနှစ်က မန်မိုရီယမ်ဒေးပိတ်ရက်မှာ ဖီလာဒဲဖီးယားသွားတောလားထားတော့ ဖီလာဒဲဖီးယားမြို့ကို မှတ်မိနေတယ်။ ကားပေါ်ရောက်တော့ တိုးဂိုက်က တဖက်ကမ်းကမြို့က ဖီလာဒဲဖီးယားမြို့၊ နယူးဂျာဆီပြည်နယ်နဲ့ ပန်ဆယ်ဗေးနီးယားပြည်နယ်ကို ခြားထားတဲ့ ဒဲလာဝဲယားမြစ်၊ ဒဲလားဝဲယားမြစ်ပေါ်ကနေ နယူးဂျာဆီပြည်နယ်နဲ့ ပန်ဆယ်ဗေးနီးယားပြည်နယ်ကို ဆက်သွယ်ထားတဲ့ တံတားက ဘန်ဂျမင် ဖရန့်ကလင်းတံတားလို့ ရှင်းပြပါတယ်။ ဘန်ဂျမင်ဖရန့်ကလင်းဟာ အမေရိကန်နိုင်ငံကို တည်ထောင်သူ ဖခင်ကြီးတွေထဲက တစ်ဦးဖြစ်ပြီး စာရေးဆရာ၊ ပုံနှိပ်ထုတ်ဝေသူ၊ နိုင်ငံရေးသမား၊ သိပ္ဗံပညာရှင်၊ တီထွင်သူ၊ သံတမန်၊ သူ လုပ်ဆောင်ခဲ့တာတွေ အများကြီးပါ။ ဒုတိယသွားရောက်လည်ပတ်မဲ့နေရာက ပန်ဆယ်ဗေးနီးယားပြည်နယ် ကန်နက်စကွဲယားမြို့က လောင်းဝုဂါးဒင်းဖြစ်ပြီး ရေသတ္တဝါပြတိုက်ကနေ မိုင် ၄၀၊ ၁ နာရီလောက် မောင်းရပါတယ်။


အရင်အပတ်တုန်းက နှင်းတွေကျတာ နယူးယောက်ပြည်နယ် ဘာဖဲလိုးမြို့ နှင်းအောက်ပိနေတဲ့ပုံတွေ သတင်းမှာ မြင်ခဲ့မယ် ထင်ပါတယ်။ နယူးယောက်စီးတီးမှာတော့ နှင်းကျရုံပဲကျပဲ အရည်ပျော်သွားတယ်။ ပန်ဆယ်ဗေးနီးယား ပြည်နယ်သွားတဲ့ လမ်းတလျှောက် နှင်းတွေဖွေးနေတာများ နှင်းကမ္ဗလာ ဖုံးလွှမ်းနေသလိုပါပဲ။ တိုးဂိုက်ရေဗင်က လောင်းဝုဂါးဒင်းအကြောင်း တရုတ်လို မိနစ်နှစ်ဆယ်လောက် ရှင်းပြပြီး အင်္ဂလိပ်လိုတော့ သစ်ပင်တွေ အများကြီးရှိတယ်၊ မှန်အဆောက်အဦးကို သွားလည်ကြနော်ဆိုပြီး ငါးမိနစ်လောက်ပဲ ရှင်းပြတယ်။ လောင်းဝုဂါးဒင်း Longwood Gardens ဟာ အမေရိကန်နိုင်ငံရဲ့ ပေါ်ပြ ူလာအဖြစ်ဆုံး၊ အထင်ရှားဆုံး ပန်းခြံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး ဧက ၁၀၀၀ ကျော် ကျယ်ပါတယ်။ ပန်းခြံရဲ့ နေရာတော်တော်များများက နှင်းတွေဖုံးလွှမ်းနေလို့ မှန်လုံအဆောက်အဦးဆီ ချီတက်ကြပါတယ်။ အထဲကို ဝင်လိုက်ရင်ပဲ အမေရိကန်လေသံနဲ့ Wow ! It's awesome, amazing, unbelievalbe, incredible. ဖြစ်သွားကြတယ်။ အထဲမှာ တော်တော့်ကို လှပါတယ် ပန်းခြံ တော်တော်များများ အခမဲ့ဖြစ်ပေမဲ့ လောင်းဝုပန်းခြံက ဝင်ကြေး ၂၅ ကျပ်ပေးရလို့ ဈေးကြီးပေမဲ့ ဝင်ကြေးနဲ့တန်အောင်ကို လှပါတယ်။ လူအင်မတန်များလို့ ဓာတ်ပုံရိုက်လို့ ကောင်းတဲ့နေရာတွေဆိုရင် တန်းစီရတယ်။ သဲကန္တာရ၊ မုတ်သုံတော၊ အမေရိက၊ အာရှ၊ အမေရိကန်တောင်ပိုင်း ၊ မြောက်ပိုင်းက အပင်တွေကို ပြသထားတာ အင်မတန် စုံပါတယ်။ ဝါရှင်တန်ဒီစီ ကယ်ပီတယ်မောက ဘောတနစ်ဂါးဒင်းထက် အပင်တွေ စုံတယ်။

၂ နာရီ ၁၅ မိနစ် အချိန်ပေးထားတာမို့ ၂ နာရီကို လည်ပတ်မယ် ၁၅ မိနစ်ကို နေ့လည်စာစားမယ်ဆိုပြီး ဝိုင်းက ကျောပိုးအိတ် သယ်ပါတယ်။ ဓာတ်ပုံရိုက်မယ်ဆိုရင် နဖူးပေါ်မှာ ဆံပင်တွေ ဝဲနေအောင် သပ်တင်ရတာနဲ့၊ ကျောပိုးအိတ်ကို ကျွန်မခြေထောက်နား ပြေးထားရတာနဲ့ အလုပ်ကို ရှုပ်နေတာပဲ။ ကျောပိုးအိတ် ပိုးထားပေမဲ့ ဓာတ်ပုံထဲမှာဆို ပခုံးပေါ်က ကြိုးနှစ်ချောင်းကိုပဲ မြင်ရတာလေဆိုတော့ ကျောပိုအိတ် ပိုးထားရင် ခါးကုန်းတဲ့ ပုံပေါက်နေတယ်လို့ ထင်လို့တဲ့။ နဖူးပေါ်မှာ ဆံပင်ဝဲမနေရင် နဖူးပြောင်ပြောင်ကြီး ဖြစ်နေတာ ကြည့်ရဆိုးလို့ ဓာတ်ပုံရိုက်မယ်ဆိုရင် နဖူးပေါ် ဆံပင်သပ်တင်ရတာ အလုပ်တစ်ခု။ ကောက်ညှင်းထုပ်လို အထပ်ထပ် ဝတ်၊ လက်အိတ်၊ ခြေအိတ်၊ မာဖလာ ပတ်ရတော့ မျက်နှာလေးပဲ မြင်ရတဲ့ ဆောင်းတွင်းမှာ ဦးထုပ်ဆောင်းထားပြန်၊ မာဖလာကိုလည်း နှာခေါင်းနားရောက်အောင် ပတ်ထားတဲ့ ကျွန်မကတော့ ရှင်းတယ် ဦးထုပ်ကို  နေရာတကျဖြစ်အောင် လုပ်ရတာတစ်ခုပဲ။ ဦးထုပ်၊ ကြိုးသိုင်းဘောင်းဘီ ဝတ်ထားတဲ့ အန်ကယ်၊ ခေါင်းမှာ အဖြူရောင်ပုဝါလေး အုပ်၊ ဂါဝန်အပြာ ဝတ်ထားတဲ့ အမ်းမစ်ချ်စုံတွဲကို တွေ့လိုက်တယ်။ ဖီလာဒဲပီးယားသွားတောလား၊ နယူးဂျာဆီသွားတောလား ဖူးလို့သာ အန်းမစ်ချ်မှန်း သိတာ။


မှန်လုံအဆောက်အဦးအနှံ့ လည်ပြီးတော့  အချိန်က ၂၀ မိနစ်လောက် ပိုနေသေးတော့ ဘယ်ကိုသွားလည်သင့်သလဲလို့ ဝန်ထမ်းကို မေးကြည့်တော့ ဟိုနားလေးမှာ ပြတိုက်တစ်ခုရှိတယ်တဲ့ သွားလည်သင့်တယ်တဲ့။ ပြတိုက်ရောက်တော့ တချို့က ဗွီဒီယိုကြည့်လို့ တချို့က လေ့လာကြည့်ရှုလို့နဲ့ စည်ကားနေတာပါပဲ။ ဝန်ထမ်းအဘွားက အာရှသူ ဘယ်နေရာတွေကို ကြည့်သင့်တယ်လို့ ညွှန်ပေးပါတယ်။   အာရှသူပေမဲ့ အမေရိကန်လို ဝန်ဆောင်မှုပေးတော့ တလောတုန်းက ဖေ့ဘွတ်မှာရှယ်တဲ့ ဗွီဒီယိုလေးတစ်ခုကို သတိရမိတယ်။ ဥရောပသားဝိတ်တာနဲ့ အာရှသားဝိတ်တာ ခြားနားပုံ အကြောင်းပါ။ အစားအသောက်မှာရင် မရတဲ့ဟာဆိုရင် ဥရောပသားဝိတ်တာက ဘယ်ဟာလေးက ကောင်းတယ်၊ စားသောက်ပြီးရင်လည်း စားကောင်းလား၊ ဘာတွေလိုအပ်သလဲနဲ့ ဝန်ဆောင်မှု အပြည့်အဝ ပေးပါတယ်။ အာရှသားဝိတ်တာကတော့ စကားပြောတာ မပြောချင်သလို၊ အလုပ်မလုပ်ချင်သလို၊ ကာစတာမာကိုလည်း မလေးစား မခြေမငံဆက်ဆံ၊ စားသောက်လို့တောင် မပြီးတော့ဘူး ပန်းကန်ကို အတင်းလာသိမ်းနဲ့။ နည်းနည်းတော့ အိုဗာဖြစ်ပေမဲ့ တော်တော်များများ မှန်ပါတယ်။ ရထားသေးသေးလေး ပြေးလွှားနေတဲ့ နေရာမှာ ကလေးတွေ အုံနေတာပဲ။ တီးလုံးသံတွေကြားတော့ ဘာများလဲလို့ သွားကြည့်တာ တေးသွားအလိုက်ပြောင်းတဲ့ ဝါးတားဖောင်တိန်အကပါ။ ဝိုင်းက နွေရာသီမှာ လောင်းဝုဂါးဒင်းကို ပြန်လာချင်သေးပါတယ်တဲ့။

ဒီတခေါက် ခရီးသည်တွေက အချိန်လေးစားတယ် နောက်ကျလည်း ငါးမိနစ်လောက်ပဲ။ ဝိုင်းက မနက်က သူကြော်လာတဲ့ ခေါက်ဆွဲကြော်ကို နေ့လည်စာအဖြစ်စားပြီး ကျွန်မကတော့ ကိုယ်တိုင်လုပ်လာတဲ့ ဆန်းဒွတ်စ်စားတယ်။ ကိုယ်တိုင်လုပ်တဲ့ ဆန်းဒွတ်စ်ဆိုလို့ အထင်မကြီးနဲ့ဦး ပေါင်မုန့်နှစ်ချပ်ကို မက်ယွန်းနစ်သုတ်၊ တူနာထည့်၊ ချိစ်တစ်ပြား ပစ်ထည့်လိုက်တဲ့ ဆန်းဒွတ်စ်ပါ။ နောက်ဆုံးလည်ပတ်မဲ့ နေရာကတော့ လောင်းဝုပန်းခြံကနေ မိုင် ၅၀၊ ၁ နာရီသာသာ အဝေးက ပန်ဆယ်ဗေးနီးယားပြည်နယ် ရီးဒင်းမြို့မှာရှိတဲ့ ကိုဇာခရစ်စမတ်ရွာလေးပါ Koziar's Christmas Village ။ မနက်စောစော ထရတာနဲ့၊ နေ့လည်စာ စားပြီးလို့ မျက်စိစင်းလာတာနဲ့ ငိုက်မျဉ်းလိုက်တာ တိုးဂိုက်က ခရစ်စမတ်ရွာကို ရောက်ပါတော့မယ်လို့ ကြေငြာတော့မှပဲ နှိုးတော့တယ်။ အဝေးကနေ မြင်ရတဲ့ ခရစ်စမတ်ရွာလေးက မီးရောင်စုံတွေ ပြိုးပျက်ကာ လှပနေပါတယ်။ ရာသီဥတုကလည်း အတော်အေးတယ် လက်အိတ်ချွှတ်လိုက်ရင် လက်ကို ကျဉ်တက်လာတာပဲ။ လူတွေကလည်း ကျိတ်ကျိတ်တိုး။ တိုးဂိတ်က ၁ နာရီ အချိန်ပေးပါတယ်။ စုရပ်ကို မသိတော့ရင် အမေရိကန်အလံ မီးလင်းနေတဲ့ နေရာကိုသာ မှန်းပြီးလာခဲ့ပါတဲ့။ မီးရောင်စုံတွေ ထွန်းထားတာ အင်မတန်လှပါတယ် ကလေးတွေသာမက လူကြီးတွေလည်း ပျော်ကြတာပါပဲ။ ကျွန်မတို့ မြန်မာပြည်က သီတင်းကျွှတ်ကို သတိရတယ်။


EF-S 18 - 135 mm Lens တပ်ထားတဲ့ Canon 7D လွယ်ထားတဲ့ ကျွန်မကို ပရော်ဖက်ရှင်နယ် ကင်မရာမန်းလားလို့ မေးကြတိုင်း My camera is professional but I am not professional, just ameture. လို့ ပြန်ဖြေလေ့ ရှိပါတယ်။ ကင်မရာကသာ ပရောက်ဖက်ရှင်နယ် ကျွန်မက ကင်မရာကို Auto ထားပြီးပဲ ရိုက်တတ်တယ်။ တခြား function တွေ အများကြီးရှိပေမဲ့ ဘယ်လိုသုံးရမှန်း မသိဘူး။ ကင်မရာနဲ့ Lens ကြောင့်သာ ပုံကောင်းကောင်းထွက်နေတာ။ ဒီလိုခရစ်စမတ်မီးကို ဘယ်လိုရိုက်ရမှန်းမသိဘူး။ Auto mode က ကင်မရာက လူကို ထိန်းချုပ်တယ်။ အမှန်က လူက ကင်မရာက ထိန်းချုပ်ရမှာ။ Shame on me လို့ ကျွန်မက ပြောတော့ ဝိုင်းက အဲဒါကြောင့် သူ့အစ်မလတ် နီကွန်က နောက်ဆုံးထွက်တဲ့ ကင်မရာကို လိုချင်နေတာကို သူက ခွင့်မပြုတာတဲ့။ ဈေးသင့်ရုံလေးဝယ် ကင်မရာ၊ ဓာတ်ပုံအကြောင်း နည်းနည်းနားလည်တော့မှ ကင်မရာကြီးတွေ ဝယ်သင့်တာတဲ့။ ဓာတ်ပုံလှလှတွေ မရပေမဲ့လည်း ခရစ်မစတ်မီးရောင်စုံကြားမှာ လမ်းလျှောက်ရတာ ပျော်စရာပါပဲ။ အချိန်စေ့ပြီမို့ ကားဆီပြန်မယ်ဆိုတော့ စုရပ်က ဘယ်နေရာမှန်း မသိတော့ဘူး။ တိုးဂိုက်ပြောထားတဲ့ အမေရိကန်အလံဆီကို သွားပြီး ကားပါကင်မှာ သွားရှာတော့ တိုးကားကို တွေ့တယ်။

ညနေစာကို တရုတ်ဘူဖေးဆိုင်မှာ သွားစားတော့ တက်စ်၊ တစ်ဖ်အပြီး ၁၆ ကျပ် ကျတယ်။ တရုတ်စာတွေက မဆိုးပေမဲ့ ဆူရှီကတော့ မကောင်းဘူး။ ဖားသားကြော်တွေ့ပေမဲ့ အက်ဗန်ရှားရေသတ္တဝါပြတိုက်က အရောင်တောက်တောက် ဖားတွေကို သတိရလို့ တစ်ခုပဲ စားနိုင်တယ်။ လတ်ဆပ်လို့လား မသိဘူး ခရုကတော့ အတော်စားကောင်းတယ်။ ဒီနေ့ည တည်းမဲ့ဟိုတယ်က ကြမ်းပိုးနာမည်ကြီးလို့ အိပ်ယာတွေ အရင်စစ်ပြီး ကြမ်းပိုးရှိတယ်လို့ သံသယရှိရင် တိုးဂိုက်ဆီ ချက်ချင်းသတင်းပို့ပါ နောက်တစ်ခန်း လဲပေးပါမယ်တဲ့။ အခန်းထဲရောက်တာနဲ့ ကျောပိုးအိတ်တွေကို ပစ်ချပြီး မွေ့ယာမှာ ကြမ်းပိုးရှိမရှိ ရှာဖွေရေး  စကြတယ်။ ဝိုင်းက ရေမိုးချိုး၊ Ebook Reader နဲ့ စာဖတ်ချိန်နေမှာ ကျွန်မက အိပ်ပျော်နေပြီ။ ဝိုင်း လန့်အော်မှပဲ နှိုးတော့တယ် သူ့ဘေးနားက မီးအိမ်က ရုတ်တရက် မီးမှိတ်သွားလို့ ခလုတ်သွားဖွင့်တာ ဓာတ်နှစ်ခါတောင် လိုက်တယ်တဲ့။ ခုတင်နှစ်ခုကြားက မီးကလည်း လင်းလွန်းတော့ ခေါင်းအုံးနှစ်ခုကို ထောင်လိုက် အဲဒါဆို မီးအလင်းရောင် စူးတာ သက်သာသွားမယ်။ ရေချိုးခန်းထဲက ပုဝါနှစ်ခုကို ယူပြီး မီးအုပ်ဆောင်းမှာ ပတ်လိုက်တော့ ညမီးနီးပါးလောက် ဖြစ်သွားတယ်။ ရာသီဥတု အေးတာရော၊ မနက်က စောစော ထလာရတာရော၊ ရုံးတက်ရက်တွေတုန်းက ပင်ပန်းတာရောနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာ မနက် ၇ နာရီခွဲ မောနင်းကော နှိုးတော့မှပဲ နှိုးတော့တယ်။  ဒုတိယနေ့မှာ သွားရောက်လည်ပတ်တာတွေကို အပိုင်း ၂ ကျမှ ဆက်ရအောင်။

စန်းထွန်း
ဒီဇင်ဘာ ၁၄၊ ၂၀၁၄။


5 comments:

မီးမီးငယ် said...

I am so jealous you my dear....:P
All photos are awesome..

Aunty Tint said...


Anonymous said...

မမအိုင်အိုရာ

blackroze said...

မှတ်တာ...

San San Htun said...

Aunty Tint said...
ခရစ္စမတ်ပွဲတော်ရဲ့ အငွေ့အသက်တွေအတွက် ကျေးဇူးပါ စန်းစန်းရေ.... အစားအသောက်တွေကလဲ စုံလင်ပါ့။ ဖားသားဆိုလို့ တီတင့်သားငယ်လဲ ဖါးသားဆန်ပြုတ်ဆိုတာကို ခဏခဏစားတယ်။ ကြိုက်တဲ့သူအတွက် အရသာရှိပုံပဲ။ အခုတစ်လော ခရစ္စမတ်ပွဲတော်နဲ့ ပတ်သက်တာတွေကိုမြင်ပြီး ကုန်ဆုံးခဲ့တဲ့ ငယ်ဘဝကို သတိရလွမ်းဆွတ်နေမိတယ် အသက်ကြီးလာလို့ဖြစ်မယ် :D
December 14, 2014 at 9:12 PM
Anonymous said...
ကိုယ်လည်းခရစ်စမတ်မီးတွေထွန်းထားကြတာမြင်နေရတော့ဓါတ်ပုံရိုက်တာလှလှပပကိုမထွက်ဘူး။
စန်းထွန်းလိုဘဲကိုယ့်ကင်မရာအကြောင်းစမ်းသပ်ဘို့ကိုအချိန်မရှိဘူးဖြစ်နေတယ်။ ကင်မရာကလည်းစမ်းသပ်ရလောက်အောင်မကောင်းလို့အချိန်မပေးဖြစ်တာပါ။ အပိုင်း၂မျှော်နေတယ်နော်။
မမအိုင်အိုရာ
December 14, 2014 at 9:24 PM
blackroze said...
ခရစ်စမတ်ရွာလေးက လှလိုက်တာ အထွန်းရေ
ပစ်ပါ နယူးယောက်ကို လိုက်သွားရသလိုဘဲ
လစ်ဘာတီရုပ်တု နယူးဂျာဆီမှာဆိုတာ အခုမှ သိတော့တယ်..
အရင်ကဆို နယူးယောက်နဲ့လစ်ဘာတီရုပ်တု တွဲနေတယ်
မှတ်တာ...
December 18, 2014 at 1:47 PM
Post a Comment