![]() |
ဟိမတန္တာတောင်ကနေ စီးဆင်းလာတဲ့မြစ် |
၂၀၂၄ နိုဝင်ဘာ ၂၀ မနက်စာစားပြီးတော့ Pokhara ပိုခရာကနေ Ghandruk ဂန်ထရွတ်ခရီး စတင်ပါတယ်။ ၆ ယောက်တစီး ကားခေါင်းမိုးပေါ်မှာ အထုပ်တွေတင်။ နောက်ဆုံးခုံမှာထိုင်ရတာ ထိုင်ခုံကမြင့်နေတော့ ကားခေါင်မိုးနဲ့ တိုက်မိမှာစိုးလို့ သတိထားနေရတယ်။ ပြတင်းပေါက်ကနေ ငုံ့ကြည့်ရတယ်။ ထိုင်ရတာအဆင်မပြေ ၃ နာရီ လောက်ပဲ စီးရလို့ တော်သေးတယ်။ တောင်တက်လမ်း လမ်းကကျဥ်းကျဥ်းလေး လမ်းအင်မတန်ဆိုးတယ်။ ဒါပေမဲ့ ရှုခင်းကတော့ အင်မတန်လှတယ်။ နှင်းတွေဖုံးနေတောင်တွေ၊ ကြည်လင်နေတဲ့ရေတွေ တသွင်သွင်စီးဆင်းနေတဲ့ ချောင်းကလေးရယ်။ တောင်တက်သမားတွေမြင်တော့ တောင်တက်ချင်လိုက်တာ။ ကိုယ်နီပေါသွားတဲ့ပုံတင်တော့ အားလုံးက base camp သွားမှာလားလို့ မေးကြတယ်။ base camp သွားဖို့က training ၃ လလောက် လုပ်ရမယ်။ ကိုယ်လား အိမ်ကနေ အလုပ်လုပ်ရလို့ တနေ့ခြေလှမ်းတထောင်တောင် မလျှောက်ဖြစ်ဘူး။ ဒါတောင် ပိတ်ရက်တရက် အပြင်ထွက်လမ်းလျှောက်ဖြစ်လို့ တော်သေးတယ်။ base camp သွားဖို့က ကိုယ့်ရဲ့အိမ်မက်ပါ။ Ghandruk ရွာလေးက ခေါ်ရဂါးရွာလေး နှစ်ပေါင်းနှစ်ထောင်ကျော်သက်တမ်းရှိပြီ။ ရွာလေးတပတ် လျှောက်ကြည့်ကြတယ်။ ကျောက်တုံးတွေနဲ့ ဆောက်ထားတဲ့ အိမ်လေးတွေ၊ လမ်းလေးတွေ၊ တောင်တက်လိုက်၊ တောင်ဆင်းလိုက်။ မွေးထားတဲ့ကြက်တွေက အေးအေးလူလူ လျှောက်သွားနေတယ် လူမကြောက်ဘူး။ တိဘက်ဗုဒ္ဓဘာသာဘုရားကျောင်း၊ Gurung ခေါ်ရဂါးရိုးရာပြတိုက်ကို ဝင်လည်တယ်။ Gurung ခေါ်ရဂါးရိုးရာအဝတ်အစား ဝတ်ထားတဲ့ ကလေးမလေးတွေ ချောလွန်းလို့ ဓာတ်ပုံတွဲရိုက်ကြတယ်။ ယောကျ်ားလေးရိုးရာဝတ်စုံကတော့ အဖြူရောင်ပိတ်စ ပုဆိုးတိုတို ဝတ်ထားသလိုပဲ။ TikTok ခေတ်စားတယ် ကလေးတွေ TikTok ဗွီဒီယိုရိုက်နေကြတာတွေ့တယ်။ Ghandruk ကနေ base camp အထိ ၄ ရက်လောက်ပဲကြာတယ်။ ရွာကိုလိုက်ပြတဲ့ Mud Rock Hotel ပိုင်ရှင်ကို တယောက်တည်းလာမယ်ဆိုရင် စီစဥ်ပေးလားမေးတော့ စျေးအသက်သာဆုံးနဲ့ permit ၊ porter ၊ guide အကုန်စီစဥ်ပေးမယ်တဲ့။ ပုံမှန်က ပိုခရာကနေ base camp အထိ ၁၀ ရက်လောက်ကြာတယ်။ တနေ့ ၃ မိုင် တလလောက်လျှောက် နောက်ဆုံး ၅ ရက် ၁၀ မိုင်လျှောက်နိုင်ရင်လာခဲ့။
high attitude sickness ဖြစ်မှာကြောက်လို့ မေးကြည့်တော့ Ghandruk တော်တော်မြင့်နေပြီ။ အဲ့ဒါကိုတောင် ကိုယ်ကဘာမှမဖြစ်ဘူးဆိုတော့ အိုကေမှာပါ။ တောင်တက်ရင်း အဆုပ်က high attitude ကို ခံနိုင်သွားမှာပါတဲ့။ ဆူနမ်ကတော့ mustang ကိုသွားတုန်းက ခေါင်းမူးသလိုဖြစ်တယ်။ mustang မှာတောင် အပေါ်ပိုင်းဖက်မှာဖြစ်တာ အောက်ပိုင်းဖက်မှာ မဖြစ်ဘူးတဲ့။ ၂၀၁၉ Peru နိုင်ငံ သွားတုန်းက Custco မြို့ မှာ high attitude sickness ဖြစ်ဖူးတယ်။ အသက်ရှူမဝ ချွှေးတွေထွက်လာ နောက်ဆုံးထိုးအန်တော့တာ ၂ ခါ။ ဘာမှမစားရဲတော့ဘူး ကြက်စွပ်ပြုတ်တောင် မသောက်နိုင်ဘူး။ ဝိုင်းအစ်မဟန်ကတော့ Custco ရောက်ကတည်းက စားလည်းမစား တချိုးတည်းအိပ်တာ။ ဝိုင်းကတော့ ဘာမှမဖြစ်ဘူး။ ကိုယ်တို့တွေကတော့ ကိုကာရေနွေးကြမ်းသောက် ကိုကာသကြားလုံးစား ဆေးသောက်။ Bolivia နိုင်ငံ LaPaz မြို့က ကမ္ဘာအမြင့်ဆုံးလေဆိပ်။ လေဆိပ်မှာ အောကဆီဂျင်ဘူးရှိတယ်။ LaPaz မြို့မှာ တညအိပ်နေတုန်း အသက်ရှူမဝ ခေါင်းထိုးကိုက်လာလို့ ဆေးသောက်ရတယ်။ ပုံမှန်လမ်းလျှောက်ရင်တောင် နှလုံးခုန်နှုန်းက ၈၀ ကျော်တယ်။ တိဘက်နဲ့ Mount Kailash သွားချင်လို့ ယူကျူမှာကြည့်နေတာ တိဘက်မြို့တော် Lhasa မှာ ဟိုတယ်တွေမှာ အောက်ဆီဂျင်ဘူးတွေရှိတယ်။ ဝိုင်းအမဟန်သွားတုန်းက ရောက်တာနဲ့ လူတိုင်းဆေးထိုးရတယ်တဲ့။ Peru ၊ Bolivia သွားတုန်းက ဘာမှမဖြစ်တဲ့ဝိုင်းတောင် တိဘက်နဲ့နီးတဲ့တရုတ်နယ်စပ် မျက်စိတွေပြာနှမ်း ဘာမှမမြင်တော့လို့ ဆေးသောက်မှ သက်သာသွားတယ်တဲ့။ base camp သွားဖို့ဆိုရင်တော့ သေချာပြင်ဆင်ရမယ်။
Happy Traveling!
စန်းထွန်း
မတ် ၁၅၊ ၂၀၂၅။
![]() |
ပိုခရာမြို့ရဲ့ရေကန်ကြီး |
![]() |
ချစ်ညီမလေးများ သင်းနဲ့နန်းနွယ် |
![]() |
Ghadruk ဆီအသွား လမ်းတနေရာ |
![]() |
Gurung ရိုးရာဝတ်စုံ အခန်းဖော် မစန္ဒာ၊ နန်းနွယ် |
No comments:
Post a Comment