၂၀၂၄ နိုဝင်ဘာ ၁၉ မနက် ၅ နာရီ လုံမနီဟိုတယ်ကနေ မယ်တော်မာယာဘုရားကျောင်းကို တုတ်တုတ် ၂ စီးနဲ့သွားကြတယ်။ လူရှင်းနေတော့ အေးအေးဆေးဆေး တရားထိုင်ဘုရားရှိခိုးလို့ရတယ်။ မနေ့ညက ရောက်တုန်းက ပိတ်ခါနီး လူတအားများတော့ ချက်ချင်းပြန်ထွက်ရတယ်။ သီရိလင်္ကာာကနေလာတဲ့အဖွဲ့တွေဆို အဖြူရောင်ဝတ်စုံနဲ့ ဘုန်းကြီးက အသေအချာတယောက်ချင်းကို ရှင်းပြတယ်။ ဦးထုပ်ဆင်တူ၊ ကဒ်ပြားဆင်တူလေးတွေနဲ့။ ဗုဒ္ဓဘာသာဝင်တွေ တသက်မှာတခေါက်လောက် ရောက်ရမဲ့နေရာဆိုပါတော့။ အသောကမင်းကြီးက ကျောက်တိုင်စိုက်ပြီး မှတ်သားထားခဲ့ပေမဲ့ တကယ့်နေရာအတိအကျကိုတော့ ၁၉၇၀လောက်မှ ခေတ်မှီနည်းပညာတွေနဲ့ ရှာဖွေတွေ့ရှိခဲ့တာပါတဲ့။ မနက်စာစားပြီးတော့ ပိုခရာခရီးစတင်တယ်။ နီပေါရဲ့ ဒုတိယအကြီးဆုံးမြို့ ဆူနမ်ရဲ့ ဇာတိမြို့။ တောင်တွေပတ်လည်ဝိုင်း ဘေးမှာ တောင်၊ ချောက်ကမ်းပါး။ တောင်တက်လမ်း ကွေ့ကွေ့ကောက်ကောက် လမ်းကကျဥ်းတော့ မြန်မြန်မောင်းလို့မရဘူး။ နောက်ဆုံးခုံမှာထိုင်တော့ မြောက်မြောက်တက်သွားတာ တော်သေးလို့ ထိပ်မပေါက်တာ။ နောက်မှာထိုင်တဲ့သူ တော်တော်များများ ခေါင်းမူးကြတယ်။ ရေတံခွန်တွေ့ရင် ခဏရပ်ပြီး ဓာတ်ပုံရိုက်ကြတယ်။ ခရီးသွားတဲ့သူတွေအတွက် အိမ်သာတွေမရှိတော့ ဒေသခံအိမ်တွေဆီ အကူအညီတောင်းရတယ်။ မြန်မာပြည်ကလို ရေလောင်းအိမ်သာ အနံ့မကောင်းတော့ လက်သန့်ဆေးရည်၊ တစ်ရှူး၊ wet tissue ဆောင်ရတယ်။ မီးလုံးဝမပျက်ဘူးတဲ့ မြန်မာပြည်ထက်သာတယ်။
သစ်ပင်တွေ အများကြီး စိမ်းစိုနေတာပဲ ရာသီဥတု မပူမအေး။ မြန်မာပြည်နဲ့ အတော်တူတယ်။ နေ့လည်စာစားတဲ့ဆိုင်လေးက တောင်ပေါ်မြို့လေး။ ပန်းလေးတွေ အရမ်းလှလို့ ဓာတ်ပုံရိုက်ကြတယ်။ ဆရာမကြီးနန်းနွယ်က ဘယ်လိုနေ ဘယ်ကိုကြည့်နဲ့ ဓာတ်ပုံလှလှတွေရအောင် ရိုက်ပေးရှာတယ်။ နန်းနွယ်ဖုန်းက မန်မိုရီပြည့်နေလို့ ရိုက်လို့မရ။ ဓာတ်ပုံရိုက်မယ်ဆိုရင် ကိုယ့်ဖုန်းကိုလာရှာ။ ကိုယ်ကလည်း ဓာတ်ပုံလှလှလေးရိုက်ပေးတဲ့ နန်းနွယ်ရှာနဲ့ နှစ်ယောက်သား တတွဲတွဲဖြစ်။ ချောင်းထဲက ဖမ်းမိတဲ့ငါးကို ကြော်ထားတာ အရမ်းစားကောင်းတယ်။ ဆူနမ်တို့ရဲ့ နီပေါစာကို မစားနိုင်ပေမဲ့ ဒီကနီပေါစာကို စားနိုင်တယ် ကြိုက်တယ်။ အိန္ဒိယရောက်ဖူးတဲ့ ၂ ယောက်ကပြောတယ် အိန္ဒိယအစားအစာတွေ မစားနိုင်ဘူး မဆလာများလို့တဲ့။ ထမင်းမှာပြီး ကြက်ဥကြော် မြန်မာပြည်ကယူလာတဲ့ ဘာလချောင်ကြော်၊ လက်ဖက်တို့နဲ့ စားရတယ်တဲ့။ လွန်ခဲ့တဲ့၃လလောက်က ရေကြီးထားလို့ လမ်းတွေပြင်နေတာနဲ့ ခရီးကကြာတယ်။ ပိုခရာကို ၆ - ၈ နာရီလောက်မောင်းရတာ ည ၇ နာရီလောက် ပိုခရာရောက်တယ်။ Fibit က ခြေလှမ်းပေါင်း ၆၀၀၀၀ ပြလို့ ရယ်ရသေးတယ်။ နီပေါသာ မသွားဖြစ်ရင် ဝိုင်း၊ ဟန်တို့နဲ့ အီဂျစ်ကို သွားဖြစ်မှာ။ ဝိုင်းလဲ Siwa ကိုသွားတုန်းက Fibit က ခြေလှမ်းပေါင်း ၄၀၀၀၀ ပြတယ်တဲ့။ ကားခုန်တိုင်း ခြေလှမ်းထင်နေတာနေမှာ။ ညစာစားပြီးတော့ မနက်ဖြန် Ghandurk ခရီးအတွက် အထုပ်ပြင်ရတယ်။ Ghandurk တညအိပ်ပဲ ဂျစ်ကားလေးနဲ့ တောင်ပေါ်တက်ရမှာဆိုတော့ ကျောပိုးအိတ်ပဲ ယူရတာ။ နေ့တိုင်း လက်ကေ့အိမ်သိမ်းဆည်း ထုပ်ပိုးရတယ်။ တမြို့ထဲအထိုင်ချပြီး လည်တာမဟုတ်ဘဲ မြို့တွေကိုသွားရဆိုတော့လေ။ မပင်ပန်းတဲ့ ခရီးဆိုတာမှ မရှိတာ။ ပင်ပန်းပေမဲ့လည်း ခရီးတွေသွားနေရရင် ပျော်နေတာပါပဲ။ အတူခရီးသွားတဲ့ ညီအမတွေကလည်း ချစ်ဖို့ကောင်းကြတယ်။
Happy Traveling!
စန်းထွန်း
မတ် ၈၊ ၂၀၂၅။
![]() |
Lumbini |
![]() |
The Maya Temple, Lumbini |
လုံမနီကနေ ပိုခရာကို ကားနောက်ဆုံးခုံကနေစီးတာ ကားခုန်လွန်းလို့ Fibit က ခြေလှမ်းပေါင်းခြောက်သောင်း လျှောက်တယ်ဆိုပဲ |
No comments:
Post a Comment