လှုဒါန်းခြင်း အနုပညာ ...

မတော်တဆဖြစ်မှုနဲ့ သေဆုံးသွားတဲ့ လူငယ်လေးတစ်ယောက်က သူရဲ့ခန္ဓာကိုယ်ကို လှုဒါန်းခဲ့တယ်။ လှုဒါန်းသွားတဲ့သူရဲ့မိခင်နဲ့ လက်ခံရရှိပြီး အသက်ဆက်လက် ရှင်သန်နေသူတွေ တွေ့ဆုံတဲ့အကြောင်း သတင်းမှာ ကြည့်လိုက်ဖူးတယ်။ အလှုရှင်မိခင်က သူ့သားရဲ့ နှလုံးခုန်သံကို နားကြပ်လေးနဲ့ နားထောင်ကြည့်တာကို မြင်ရတဲ့အခါ ဘာကြောင့်မှန်းမသိ မျက်ရည်ဝဲမိတယ်။ သေဆုံးတဲ့အခါ ကိုယ့်ခန္ဓာကိုယ်က အသုံးမဝင်တဲ့ပြာ ဖြစ်သွားမဲ့အစား သူတပါးအသက်ကို ကယ်တင်နိုင်တာ  အင်မတန်အကျိုးများစေတာပဲ။ အဲဒီကတည်းက ဆုံးဖြတ်လိုက်တယ် ကိုယ်သေရင် ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးကိုလှုမယ်လို့။ ဒီလအစောပိုင်းမှာ နယူးယောက်ကားမောင်းလိုင်စင် သက်တမ်းသွားတိုးတော့ organ donar ခန္ဓာကိုယ်အစိတ်အပိုင်း လှုမလားဆိုတာ ဖြည့်ရတယ် လှုမယ်လို့ ဖြည့်လိုက်တယ်။ နယူးယောက်ပြည်နယ် donatelife က စာလာတယ်။ ဝက်ဆိုဒ်ကိုဝင်ပြီး အကောက်ဖွင့်ပါ အသက် ၁၈ နှစ်မပြည့်သေးရင် မိဘအုပ်ထိန်းသူတွေရဲ့ ခွင့်ပြုချက်လိုတယ်။ အသက် ၁၈ နှစ် ပြည့်ပြီးရင်တော့ လှုတာကို မိဘတွေ ငြင်းခွင့်မရှိဘူး။ လှုဒါန်းတာကို အချိန်မရွေး ပယ်ဖျက်နိုင်ပါတယ်။ ညီမလေးရွှေအိမ်စည်မေ ဖေ့ဘွတ်မှာ ရေးထားတာလေးကို သဘောကျလို့ ပြုံးမိသေးတယ်။ သူများတွေ ကိုယ်ခန္ဓာအစိတ်အပိုင်း လှုဒါန်းတာတွေမြင်ရင် အားကျမိပါရဲ့။ ဒါပေမယ့် ကိုယ်သေရင် ခန္ဓာကိုယ်မှာ ကောင်းတာတွေမှ ကျန်ပါဦးမလားတဲ့။ အင်း ... ကောင်းတာတွေ မကျန်လို့သူတပါးအသက်ကို မကယ်တင်နိုင်ရင်တောင်မှ သုတေသနလုပ်ငန်းမှာသုံးဖို့တော့ ကျန်ပါသေးတယ်။

၂၀၀၆ သင်္ကြန် မှော်ဘီဝါးနက်ချောင်း ဗောဓိရိပ်ငြိမ်တောရကျောင်းမှာ တရားစခန်းဝင်တော့ ကိုယ့်အစ်မသူငယ်ချင်းတွေနဲ့ နေရတာက တပါးကျောင်းဆောင်။ နေရထိုင်ရတာ အဆင်ပြေလွန်းလို့ အလှုရှင်တွေကို သာဓုခေါ်မိတယ်။ အဲ့ဒီလိုတပါးကျောင်းဆောင်လေး လှုချင်စိတ်ပေါ်လာတယ်။ ကျောင်းအကြီးကြီးဆိုရင်တော့ မလှုနိုင် တပါးကျောင်းဆောင်လေးတော့ လှုနိုင်မယ်ထင်ပါရဲ့လို့ တွေးမိတာနေမှာ။ ကြီးကြီးမားမားဆိုလို့ ဓမ္မမိတ်ဆွေအစ်မကြီးတွေ တိုက်တွန်းလို့ မှော်ဘီဝါးနက်ချောင်း ဗောဓိရိပ်ငြိမ်တောရ သိမ်ကျောင်းအတွက် ၂၀၁၂ မှာ ၁၀ သိန်းလှုဖူးတယ်။ ဗောဓိရိပ်ငြိမ်ဆရာတော်ကိုလည်း အင်မတန်ကြည်ညိုလေးစားပါတယ်။ ဆရာတော်ကို စတိတ်သွားတော့မယ်လို့လျှောက်တော့ အမေရိကားမှာ ခြေထောက်ဘီးတပ်ရလိမ့်မယ်လို့ မိန့်တယ်။ St. Jude ကလေးကင်ဆာဆေးရုံအတွက် တလ ၂၅ ၊ ဘုန်းကြီးကျောင်းသွားရင်၊ တရားစခန်းပွဲ ဆွမ်းအလှု၊ ကိုယ့်မွေးနေ့ အလှု ကြုံရင်ကြုံသလို ၂၀၊ ၅၀၊ ၁၀၀၊ ၂၀၀ ၊ ၃၀၀ လှုလေ့ရှိပါတယ်။ မြောက်ဦးဆရာတော်က ကယ်လီဖိုးနီးယားပြည်နယ် ဖရက်ဆိုမြို့လယ်ခေါင်က ဂျပန်ဘုန်းကြီးကျောင်းကို ဝယ်ပြီး ဓမ္မစင်တာအဖြစ် ဗုဒ္ဓဘာသာထွန်းကားလာအောင် ဆောင်ရွက်နေပါတယ်။ ကြုံတောင့်ကြုံခဲအခွင့်အရေးကြီးမှာ နည်းများမဆို ထည့်ဝင်လှုဒါန်းနိုင်ပါတယ်လို့ ဒေါက်တာမတင်မာထွန်းရဲ့ တိုက်တွန်း နိုးဆော်သံ မြင်တာနဲ့ လှုချင်နေပြီ။ ၂၀၀၊ ၃၀၀ လောက်ပဲ လှုမယ်လို့ စဉ်းစားရာကနေ သြော် ... ငါ့နှယ့်နော် ခရီးတခေါက်ထွက်တိုင်း ထောင်ကျော်ကုန်တာတော့ ဘာမှစဉ်းစားမနေဘူး မနှမြောဘူး။ အလုပ်ပင်ပင်ပန်းပန်း လုပ်ထားတာ အပန်းဖြေတယ်လို့တွေးတယ်။ တထောင်လှုဖို့ကိုတော့ တွန့်ဆုတ်နေလိုက်တာ တောင်တွေးမြောက်တွေး များသွားပြီလား လောက်ပါ့မလား ဖြစ်ပါ့မလား .... လားပေါင်းများစွာ။ သေရင်ကိုယ့်နောက် ဘာမှမပါဘူး ဒါနကုသိုလ်၊ ဝိပသနာကုသိုလ်တွေကသာ ကိုယ့်နောက်ပါမှာ။ လှုလိုက်စမ်းပါဟလို့ ကိုယ့်ကိုကိုယ် အားပေးရတယ်။


အိုင်အိုဝါမှာ ကျောင်းတက်နေတဲ့ သူငယ်ချင်းပုံ့ပုံ့ကိုလည်း လှုဖို့တိုက်တွန်းတော့ သူက လှုပြီးနေပြီ။ ဘယ်လိုလှုတာလည်းမေးတော့ PayPal  နဲ့ လှုတာတဲ့။ ပုံ့ပုံ့နဲ့ကိုယ် ပေးပယ်စမ်းသပ်တဲ့အကြောင်း ပြောပြရဦးမယ်။ ရန်ကုန်မှာ ဆယ်တန်းအောင်တဲ့ကိုယ်က ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တက်ရပြီး ပဲခူးမှာ ဆယ်တန်းအောင်တဲ့ပုံ့ပုံ့က တောင်ငူကွန်ပျူတာတက္ကသိုလ် တက်ရတယ်။ မာစတာရောက်တော့ နယ်ကျောင်းကလူတွေ ရန်ကုန်မှာ လာတက်ရတယ်။ မာစတာတက်တုန်းက သိပေမဲ့ ကိုယ့်အုပ်စုနဲ့ကိုယ်ဆိုတော့ မခင်ဘူး။ စင်္ကာပူအမျိုးသားတက္ကသိုလ်တက်တော့ ပုံ့ပုံ့ရဲ့ ချစ်သူငယ်ချင်း ဘနဲ့ကိုယ်က တတန်းတည်း၊ တအုပ်စုတည်း။ ကျောင်းပြီးလို့အလုပ်ရှာတဲ့အခါ ပရိုဂရမ်းမင်းအင်တာဗျူးတွေ ဖြေရရင်  စာတော်တဲ့ဘကိုအကူအညီ တောင်းရတယ်။ ပုံ့ပုံ့က ကိုယ့်ထက်တစ်နှစ်နောက်ကျပြီးမှ NUS ရောက်လာတယ်။ ပုံ့ပုံ့က ဘတို့အိမ်မှာနေတာဆိုတော့ ဘဆီသွားရင် တွေ့တာပေါ့။ စတိတ်ကို ကိုယ့်ထက်ငါးနှစ်နောက်ကျပြီးမှ ရောက်လာတယ်။ ကိုယ်တက်တဲ့ကျောင်းမှာ မေဂျာတော့ကွဲတယ်။ နင် ငါ့နောက်လိုက်နေတာလားလို့ နောက်ကြသေးတယ်။ ပုံ့ပုံ့ စတိတ်ရောက်နေမှန်း ဖေ့ဘွတ်ကနေ သိရတော့မှ ဆက်သွယ်ပြီး သိကျွှမ်းခင်မင်လာခဲ့ကြတယ်။ နောက်တော့ တရားဝါသနာပါတဲ့သူတွေဆိုတော့ တရားအကြောင်း၊ ဓမ္မအကြောင်းတွေ၊ ကျောင်းတုန်းကအကြောင်းတွေ ပြောကြဆိုကြ။ စိတ်တူဝါသနာတူတဲ့သူတွေမို့လို့ မကြာခင်မှာပဲ သူငယ်ချင်းတွေ ဖြစ်သွားကြတယ်။ တပတ်တခါ ဖုန်းပြောကြရင် တနာရီက အနည်းဆုံး။ ကိုယ်က နယူးဂျာဆီဘုန်းကြီးကျောင်းသွားမယ်ဆိုရင် သူ့အတွက် ဘယ်လောက်လှုပေးပါလို့ မှာတယ်။ သူသုံးတဲ့ အိုင်အိုဝါဘဏ်က အွန်လိုင်းဘဏ်ကင်း မရဘူး။ ဒီတော့ ကိုယ့်ဆီ ငွေသားကို စာအိတ်ထဲထည့်ပို့တယ်။ တနေ့တော့ ကိုယ့်မှာ ပေးပယ်အကောင့်ရှိလားလို့ မေးတယ် ရှိတယ် ကျောင်းတက်တုန်းက စာအုပ်ဝယ်ဖို့ ပေးပယ်အကောင့် ဖွင့်ဖူးတယ်။

ဒါဆို ပေးပယ်ကနေလွဲမယ် လွဲခမပေးရဘူးပြောတယ်။ အရင်ဆုံး အနည်းဆုံးဖြစ်တဲ့ ငါးကျပ်လွဲမယ်။ သူ့ဆီကနေ ၄၅ ပြား ဖြတ်ပြီး ကိုယ့်ဆီကနေ ၄၅ ပြား ဖြတ်တယ်။ ဟင်... ငါးကျပ်လေးလွဲတာလေးကိုတောင် ဒီလိုဖြတ်နေရင် များများလွဲရင် ဘယ်လောက်တောင် ဖြတ်မလဲမသိဘူး။ ဘဏ်အကောင့်ကနေလွဲရင် မဖြတ်ဘူးတဲ့ ဘဏ်အကောင့်ကို ပေးပယ်က ငွေနည်းနည်းလေးလွဲကြည့်ပြီး ငွေသွင်းငွေထုတ် လုပ်ကြည့်မယ်။ နှစ်ရက်လောက်ဆို လွဲလို့ရပြီ ဒီလိုနဲ့ ပုံ့ပုံ့နဲ့ကိုယ် ပေးပယ်ကနေ ငွေလွဲငွေယူ လုပ်နေကြတာပေါ့။ ခရီးတခေါက်ထွက်ရင် ပိုက်ဆံထောင်ကျော် ကုန်မှာကိုတော့ မနှောမြောဘူး ခုတထောင်လှုမှာကို အင်တင်တင် ဖြစ်နေတယ်လို့ ပြောပြတော့ လှုချင်စိတ်ပေါက်တုန်း အမြန်လှုလိုက်။  ကြာလာရင် သဒ္ဓါစိတ် လျှော့သွားတတ်တယ်တဲ့။ သဒ္ဓါစိတ်ပေါက်တုန်း ချက်ချင်းလှုလိုက် နောက်မို့ဆို လှုဖြစ်တော့မှာမဟုတ်ဘူးတဲ့။ သူတိုက်တွန်းသလို ချက်ချင်းလွဲလိုက်တယ်။ များများလှုချင်ပေမဲ့ မလှုနိုင်တဲ့သူကို သဒ္ဓါစိတ်က အရေးအကြီးဆုံး ညောင်ပင်ကြီးလောက်လှုပေမဲ့ ညောင်စေ့လောက်ပဲရတယ်။ ညောင်စေ့လောက်လှုပေမဲ့ ညောင်ပင်လောက် ရတယ်လို့ အားပေးရတယ်။ သြော် ... စိတ် ... စိတ် ...  လှုဖို့ဆိုရင် လားပေါင်းများစွာ။

စန်းထွန်း
ဂျွှန် ၂၈၊ ၂၀၁၈။

3 comments:

Anonymous said...

သာဓု သာဓု သာဓု ပါ အမရယ်..

ဆုမြတ်

Oak Kar said...


San San Htun said...

Anonymous said...
သာဓု သာဓု သာဓု ပါ အမရယ်..

ဆုမြတ်
July 1, 2018 at 9:15 PM
Oak Kar said...
သာဓု သာဓု သာဓု (အဲလို လိုအပ်တဲ့နေရာ ထိထိရောက်ရောက် လှုတာ သဘောကျပါတယ်)
July 2, 2018 at 5:48 AM