မုတ်သုံတောတွေက ကမ္ဘာမြေကြီးအတွက် အရေးပါလို့ သေသေချာချာ ထိန်းသိမ်းဖို့လိုပါတယ်။ သစ်တောသစ်ပင်တွေ မရှိရင် မြေကြီးရေတိုက်စားတာတွေ၊ ကမ်းပါးပြိုတာတွေ၊ ရေကြီးတာတွေ ဖြစ်ပါတယ်။ အမေဇုန်သစ်တောက ကမ္ဘာကြီးအတွက် အရေးပါတယ် လူသားတွေ လိုအပ်တယ့် အောက်ဆီဂျင်ထုတ်ပေးလို့ပါ။ မနက်စာအတွက် ဈေးလေးတခုမှာ ရပ်ပေးတယ်။ ဟိုတယ်ကနေ ဗိုက်ကားအောင် စားလာတဲ့ကိုယ်တို့က ဗိုက်မဆာလို့ ဘာမှမဝယ်စားဘူး။ နာနတ်သီးဖျော်ရည် သောက်ချင်ပေမဲ့ ဒီဟာနောက်ဆုံးအိမ်သာပဲလို့ တိုးဂိုက်ကပြောတော့ နာနတ်သီးဖျော်ရည်သောက်ပြီးရင် ရှူးပေါက်ချင်မှာ။ တောင်တက်နေတုန်း ရှူးပေါက်ချင်မှဒုက္ခ မသောက်တာအကောင်းဆုံးဆိုပြီး နာနတ်သီးဖျော်ရည် မသောက်တော့ဘူး။ တောင်ခြေရောက်တာနဲ့ နေရောင်ပြင်းလို့ နေလောင်ကာခရမ်တွေလူး တောင်တက်ဖို့ ပြင်ဆင်ကြတယ်။ ရာသီဥတုက ခန့်မှန်းရခက်တော့ မိုးရွာနိုင်လို့ ကာယက်လှေလှော်ပြီးရင်ဝတ်ဖို့ ယူလာတယ့်အဝတ်တွေကို ကားပေါ်မှာ ထားခဲ့ဖို့၊ မလိုတာတွေ ကားပေါ်မှာ ထားခဲ့ဖို့၊ ကင်မရာရေစိုနိုင်လို့ ပလတ်စတစ်အိတ်သယ်ဖို့ တိုးဂိုက်က မှာပါတယ်။ ရွှံ့ဗွှက်တွေထတဲ့လမ်း မတ်မတ်တက်ရပြီး အသေအချာလမ်းဖောက်ထားတဲ့ လမ်းမဟုတ်ဘဲ လူတွေသွားတာများလို့ လမ်းဖြစ်နေတဲ့လမ်း။ အသေအချာကြည့် ခြေကုတ်နင်းပြီး တက်ရတယ်။ စမ်းချောင်းလေးကို ဖြတ်ရတဲ့အခါ အောက်ခြေကကျောက်တုံးကိုစမ်း မချော်ဘူးဆိုမှ ခြေတလှမ်းချ ခြေကုတ်ပြီးမှ နောက်တလှမ်းနင်း။ ခြေမခိုင်တဲ့ဝိုင်းကိုလက်ကမ်း ကိုယ်ပါယိုင်လဲမလိုဖြစ်တော့ တိုးဂိုက်ကကူညီပေးတယ်။ လမ်းတလျှောက်မှာတွေ့ရတဲ့ ဂျင်းပင်၊ ပန်းပင်၊ အဆိပ်ပင်၊ ဝါးပင်တွေအကြောင်း ရှင်းပြတယ်။ ရေတံခွန်တခုရောက်တော့ တော်တော်များများ ရေကူးကြတယ်။ ကိုယ်တို့နှစ်ယောက်က ရေကူးဝတ်စုံ အောက်ခံဝတ်မလာတော့ ရေမကူးဘူး။
တိုးဂိုက်နဲ့တခြားကောင်လေး ၂ ယောက်က စမ်းချောင်းတဖက်ကမ်းကိုကူး ကျောက်တောင်ကိုတက်ပြီး ဒိုက်ဗင်ထိုးဆင်းကြတယ်။ သစ်ပင်ကနေ တွဲလောင်းကျနေတဲ့ ကြိုးကိုလှမ်းယူပြီး ဒိုက်ဗင်ဒိုးကြတယ်။ အသက် ၆၀ ကျော်အန်တီကြီး၊ အသက် ၄၂ နှစ် ကလေး ၄ ယောက်မွေးထားပေမဲ့ ခန္ဓာကိုယ်က အဆီပိုတွေမရှိ ကျစ်လစ်နေတဲ့ မလေးတရုတ်မလို့ထင်ရတဲ့ တရုတ်မ၊ ဖိလစ်ပိုင်ကောင်မလေးတွေ ဒိုင်ဗင်ပစ်ကြတယ်။ တရုတ်ကျောင်းသားစုံတွဲ ၃ တွဲကတော့ အစပ်နားလေးမှာပဲ ရေကူးကြတယ်။ ရေမစိုတာဝိုင်းနဲ့ကိုယ် ရေစိုစိုနဲ့ အအေးမိမှာကိုစိုးရိမ်တာ။ ရေကူးကန်မှာ ရေကူးတာထက် မြစ်ချောင်းအင်းအိုင် ပင်လယ်မှာရေကူးတာ ကျန်းမာရေးအတွက်ကောင်းတယ်။ ခြေထောက်ကိုပဲ စမ်းချောင်းထဲ နစ်ထားလိုက်တယ်။ ရေအေးအေးတွေ ခြေထောက်ကို ဖြတ်စီးသွားတာ ပေါ့ပါးသွားသလိုပဲ။ ကိုစကာရီကာရေပူစမ်းမှာ ၂ နာရီလောက်စိမ်တာ ဆူနမ်က စားသောက်ဆိုင်ပိတ်တော့တယ် ညစာငတ်လိမ့်မယ်လို့ သတိပေးမှတက်တာ။ အဲ့ဒီနောက်ပိုင်း တောင်တက်ရတာ အင်မတန်ခက်တယ်။ တယောက်ကိုတယောက် မကူနိုင် တယောက်ချင်းစီ တန်းစီပြီး တက်ရတာ။ တချို့နေရာတွေဆို တိုးဂိုက်က ဘယ်ခြေထောက်ကို ဘယ်လိုထားဆိုပြီး ပြောပြတယ်။ တောင်တက်ရတာ ခဲရခဲဆစ် ဖက်တက်ရတယ်။ လူတောင် မနည်းကုတ်ဖက်တက်ရတဲ့အထဲ ကင်မရာထိမှာစိုး။ တောင်တက်တဲ့အချိန် ကင်မရာအလေးကြီး သယ်လာတာကို နောင်တရမိတယ်။ တော်ပြီ နောက်ဆို wide angle lens ပေါ့ပေါ့ပါးပါးလေးပဲ သယ်တော့မယ်။ အထက်ပိုင်းက ရေတံခွန်က ရေတွေတဝေါဝေါ ထိုးဆင်းနေပြီး ပိုလည်းမြင့်တယ်။ တိုးဂိုက်ကတော့ ဒိုင်ဗင်တဒိုင်းဒိုင်း ထိုးဆင်းတယ်။ ရေတွေတဝေါဝေါ ထိုးဆင်းတဲ့နေရာကနေ လျှောဆင်းတယ်။ အသက် ၆၀ ကျော် အန်တီကြီး၊ မလေးတရုတ်မတွေကို အတင်းအားပေးပြီး ဆင်းခိုင်းတယ်။ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်ယှက်ပြီး လျှောဆင်းဖို့ ညွှန်ပြပေးတယ်။ ရေတံခွန်အောက်ရောက်တဲ့အခါ တိုးဂိုက်ကလာတွဲပြီး ကမ်းအစပ်နားကို ပို့ပေးတယ်။
ဖိလစ်ပိုင်မလေးကျတော့ တိုးဂိုက်နောက်ကနေ ဖက်တွယ်ပြီး လျှောဆင်းတယ်။ တိုးဂိုက်က သူ့တူမငယ်လေးနဲ့ အဲ့ဒီလိုလျှောဆင်းနေကျတဲ့။ အန္တရာယ်များတယ် မတော်တဆထိခိုက်မိရင် ဘယ်လိုလုပ်မလဲ။ အပြန်ကျတော့ အတက်တုန်းကလို တယောက်ခြင်းတန်းစီ တရွေ့ရွေ့ သတိထားပြီး သွားရတယ်။ ဒီလောက်ခဲရခဲဆစ် တောင်ရမယ်ဆိုရင် ဒီတိုးကိုရွေးဖြစ်ပါ့မလားမသိ။ ဝိုင်းကို ကူဆွဲပေးရတော့ ပြိုလဲလို့ ဒူးမှာညိုမည်းစွဲ။ တိုးမှာရေးထားတော့ family friendly တိုးတဲ့ ဘယ်ကသာ ကလေးတွေ ဘယ်တက်နိုင်ပါ့မလဲ။ ယောကျာ်းလေးတွေတောင် ကုတ်ဖက်တက်ရတယ်။ တိုးဂိုက်သာ မကူပေးရင် ဘယ်လိုမှတက်ဖို့ မလွယ်ဘူး။ ကိုယ်နဲ့ဝိုင်းဆိုတာ ၃ မိုင်ကနေ ၈ မိုင်အထိ တောင်တက်နေကြ။ ဝက်ဝံတောင်၊ ဂျော့ဝါရှင်တန်တံတားနားက Palisades ပလစ်ဆိုဒ်အမျိုးသားဥယျာဉ်က ကျောက်ဆောင်တွေကို ဆင်းတက်နေကြသူ။ ၂၀၁၂ မေရီလန်းပြည်နယ် Shenandoah ရှန်နယ်ဒိုးဝါးအမျိုးသားဥယျာဉ်မှာ တောင် ၃ မိုင် တက်ဖူးတယ်။ ကိုယ်တက်ဖူးသမျှအထဲမှာ ဒီအယ်လ်ယွန်းကေ တောင်တက်တာ အခက်ဆုံးပဲ။ Reviews တွေမှာ ဖတ်ရတာ ဒီလိုခက်တယ်လို့ ဘယ်သူမှမရေးကြဘူး။ အယ်လ်ယွန်းကေ မုတ်သုံသစ်တောက အကြီးကြီး တိုးဂိုက်က ခက်တဲ့အပိုင်းကို ခေါ်လာတာဖြစ်မယ်။ ညှိမည်းစွဲရုံမို့လို့ တော်သေးတာပေါ့ ခြေခေါက်သွားလို့၊ တခုခုဖြစ်လို့ လမ်းမလျှောက်နိုင်ရင် ဘယ်လိုလုပ်မလဲ။ သူများကိုတွဲဖို့မပြောနဲ့ ကိုယ့်ဘာသာတောင် မနည်းလျှောက်နေရတာ။ တောင်တက်နေတုန်းက သတိအရမ်းထားပြီး တောင်တက်နေရလို့ ဗိုက်တောင်မဆာဘူး။ ခုမှ ဗိုက်ဆာလာပြီ ဗိုက်ဆာမှာပေါ့ ၂ နာရီတောင် ထိုးနေပြီ။ နေ့လည်စာစားဖို့ ၁ နာရီလောက် ထပ်မောင်းရဦးမယ်။ အင်း ဒီနေ့လည်း မနက်စာနဲ့ညစာ ပေါင်းစားရတော့မယ် ထင်ပါရဲ့။ ကာယက်လှေစီးတဲ့ အကြောင်းကတော့ နောက်ပို့စ်မှ တင်ပါဦးမယ်။
Happy Traveling !
စန်းထွန်း
မေ ၃၁၊ ၂၀၁၈။
No comments:
Post a Comment