ပေါ်တိုရီကိုသွား တောလား - ၁

ဝိုင်းက မနှစ်ကတည်းက ပေါ်တိုရီကိုသွားရအောင် ပြောနေတာ ပေါ်တိုရီကိုက စတိတ်ပိုင်နက် ဗီဇာမလိုဘူးလို့ ပြောကြပေမဲ့ စတိတ်ပြန်ဝင်ရင် ဗီဇာအခက်အခဲ ကြုံမှာစိုးရိမ်လို့ မသွားဖြစ်ခဲ့ဘူး။ မေ ၂၈ တနင်္လာနေ့ မန်မိုရီယမ်ဒေးပိတ်ရက် ပေါ်တိုရီကိုနဲ့ မက္ကဆီကို ဘယ်သွားရင်ကောင်းမလဲ။ မက္ကဆီကိုမှာ ဖယ်ရီမှောက်လို့ အမေရိကန်တွေ မသွားဖို့သတိပေးနေလို့ ပေါ်တိုရီကို,ကို ရွေးလိုက်တယ်။ မန်မိုရီယမ်ဒေးပိတ်ရက်က စတိတ်မှာ ခရီးသွားကြတဲ့အချိန်ဆိုတော့ လေယာဉ်ခဈေးကြီးတယ်။ ၃၅၀ နဲ့ ၄၀၀ ကြား တပတ်စောသွားရင် ၂၅၀ ပဲ ကျတော့ တပတ်စောသွားလိုက်တယ်။ ဝိုင်းက ဈေးအသက်သားဆုံး လေယာဉ်နဲ့ဟိုတယ်ရှာပြီး ကိုယ်က viator ဆိုဒ်မှာ တိုးတွေရှာတယ်။ နှစ်ယောက်စလုံးက တောတောင်ရေမြေတွေကို နှစ်သက်ပြီး တောင်တက်ဝါသနာပါတဲ့သူတွေဆိုတော့ ရွေးချယ်တဲ့တိုးတွေကလည်း တောတောင်ရေမြေ သွားတဲ့တိုးတွေကြီးပဲ။ ကိုယ်က Snorkeling ရေအောက်က သတ္တဝါလေးတွေ ကြည့်ရတာကို စိတ်ဝင်စားပေမယ့် ဝိုင်းက ရေမကူးတတ်။ ကိုယ်က ဟိုယက်ဒီယက်လောက်ပဲ ကူးတတ်တော့ snorkeling တိုးကို ပယ်လိုက်ရတယ်။ ဝိုင်း ကိုစကာရီကာသွားတုန်းက တိုးတွေက ဘယ်အချိန်လာခေါ်မယ်ဆိုတာ အတိအကျပြောတယ်။ ပေါ်တိုရီကိုကတိုးတွေက ဘာမှလည်းအကြောင်းမကြားတော့ ပေါ်တိုရီကိုမသွားခင် တစ်ရက်အလို ဟိုတယ်မှာလာကြိုမယ့်အချိန်တွေကို ဖုန်းဆက်မေးကြည့်ရတယ်။ မေ ၁၈ ရက်နေ့ သောကြာနေ့ Delta လေယာဉ်က နေ့လည် ၁၂ နာရီဆိုတော့ တာမင်နယ် ၂ မှာ မနက် ၉  နာရီခွဲဆုံဖို့ ချိန်းထားတယ်။ ဝိုင်းက ပေါ့ပေါ့ပါးပါး ကျောပိုးအိတ်နဲ့လာတယ် ကိုယ်က ဟမ်းကယ်ရီနဲ့။ စတိတ်ထုံးစံအတိုင်း ကွန်ပျူတာ၊ ကင်မရာ၊ ဖုန်း၊ အိုင်ပတ်၊ သော့၊ နာရီ၊ အနွှေးထည်၊ ဖိနပ်၊ မုန့်တွေထုတ်ပြီး စစ်တယ်။

ကိုယ့်ဘေးပတ်ဝန်းကျင် ဟမ်းကယ်ရီအိတ်တွေက ကိုယ့်အိတ်ထက် သေးနေလို့ ကိုယ့်ဟမ်းကယ်ရီက ခေါင်းပေါ်က ပစ္စည်းထည့်တဲ့နေရာမှာ ဆန့်ပါ့မလားလို့ စိတ်ပူမိတယ်။ ကိုယ့်ဟမ်းကယ်ရီအိတ်နီးပါးလောက် ကြီးတဲ့အိတ်ကို တွေ့တော့မှပဲ အဖော်ရှိသဟဆိုပြီး စိတ်အေးသွားတယ်။ အဲ့ဒီလို မဟုတ်ကဟုတ်က ကြံဖန်ရှာဖွေပူပင် စိတ်ဖိစီးမူ ယူတတ်တယ်။ ဗိုက်ဆာလို့ သယ်လာတဲ့ ပေါက်စီစားတယ်။ Delta လေကြောင်းလိုင်းက ရေ၊ အအေးပဲတိုက်တယ် ဘာမုန့်မှမ‌ကျွှေးဘူး။ ကိုယ်က nuts တွေ သယ်လာတယ်။ ဝိုင်းက မကြာခဏခရီးသွားတဲ့သူမို့mileage benefits တွေရှိတော့ လေယာဉ်ခုံနံပါတ် ၁၆ ဇုန်၁ မှာရတယ်။ ကိုယ်ဝယ်ရင် လေယာဉ်အမြီးပိုင်းနားမှာပဲရတယ်။ လေယာဉ်ပေါ်မှာ အိပ်လိုက်၊ ငိုက်လိုက်၊ နိုးလိုက် ပေါ်တိုရီကိုကို ၄ နာရီစီးရတယ်ဆိုပေမဲ့ ၃ နာရီခွဲလောက်နဲ့ ရောက်တယ်။ လေဆိပ်တက္ကစီဆိုတဲ့နေရာမှာတန်းစီ၊ သွားမဲ့ဟိုတယ်ကိုပြောတော့ flat rate ၁၆ ကျပ်၊ ဓာတ်ဆီဖိုး ၂ ၊ လေဆိပ်ခ ၁ ကျပ် ၁၉  ကျပ်ကျတယ်။ ဟိုတယ်အားလုံးက Conado မှာ ရှိပါတယ်။ ဟိုတယ် El Canario Lagoon ကြယ် ၂ ပွင့်ပဲရှိတဲ့ဟိုတယ် တည ၈၀ - ၉၀ လောက်ပဲ ကျတယ်။  ညနေ ၄ နာရီလောက် ရှိပြီဆိုတော့ ဗိုက်ကတဂွီဂွီ ဆာနေပြီ။ ဒီနားမှာစားရမှာလား၊ old san juan (အိုးဆန်ဟွမ်) ကို ဘယ်လောက်ဝေးလဲဆိုတော့ ဘတ်စ်ကားစီးရင် မိနစ် ၂၀ ကွားတား  (၂၅ ပြား) ၃ စေ့ ပေးရတယ်။ လမ်းလျှောက်လို့မရဘူးလား တနာရီလောက်လျှောက်ရမယ်။ အိုးဆန်ဟွမ်မှာ စားသောက်ဆိုင်တွေ အများကြီး၊ ညဖက်ရှုခင်းလှတယ်၊ ည ၈ နာရီလောက်မှ ညစာစားကြတာတဲ့။ မိန်းလမ်းမကြီးကို ငါးမိနစ်လောက်လျှောက် ကားမှတ်တိုင်မှာစောင့်။ စပိန်စကားသင်နေတဲ့ဝိုင်းက ဘတ်စ်ကားစောင့်နေတဲ့ အဘွားကို အိုးဆန်ဟွမ်ကို ဘယ်ဘတ်စ်ကားတွေရောက်လဲ မေးတယ်။


၂၁ နဲ့ ၅၃ ကောင်တာက ပြောလိုက်တာက ၂၂ နဲ့ ၅၃။ ၁၅ မိနစ်လောက်စောင့်ပြီးတဲ့အခါ ဘတ်စ်ကားရောက်လာတယ် ကွားတား ၃ စေ့ထည့်။ ခဏကြာတဲ့အခါမှာ လမ်းက အကွေ့အကောက်များပြီး လမ်းလျှောက်သွားဖို့ မဖြစ်နိုင်ဘူးဆိုတာ သိလိုက်ရတယ်။ ဂိတ်ဆုံးက အိုးဆန်ဟွမ်ပဲ ဘတ်စ်ကားဂိတ်ကနေ တောင်ကုန်းမြင့်လေးကို တက်လိုက်တာနဲ့ အိုးဆန်ဟွမ်ပဲ။ လမ်းနာမည်တွေ မတွေ့လို့ ဒေသခံတယောက်ကို ဆန်ဖရန်စစ္စကိုလမ်းဘယ်မှာလဲလို့မေးတော့ အသေအချာလမ်းညွှန်တယ်။ ဟိုတယ်ကောင်တာကအန်တီကြီးက စားသောက်ဆိုင်တွေက ဆန်ဖရန်စ္စကိုလမ်းမှာ၊ ဘားတွေက ဆန်ဖရန်စစ္စကိုလမ်းအထက် ၂ လမ်းမြောက်မှာ။ ခံတပ်တွေ့လို့ ဓာတ်ပုံသွားရိုက်ကြတယ်။ ဘားတွေရှိတဲ့လမ်းမှာ ဘာမှမရှိဘူး။ ဆန်ဖရန်စစ္စကိုလမ်းမှာလည်း  ဘာမှမတွေ့ ဗိုက်ကတဂွီဂွီ ဆာနေပြီ။ စားချင်တာက ပေါ်တိုရီကိုအစားအစာ တွေ့တာက Burger King ၊ Subway။ ဒေသခံဆိုင်တွေလည်း ရှာမတွေ့။ လှမ်းခေါ်တဲ့ဆိုင်က ဈေးကြီးမဲ့ဆိုင် ကမ်းခြေနားကဆိုင်မှာ ဘာရနိုင်မလဲကြည့်လိုက်တော့ pasta ။ ဈေးကြီးတဲ့ဆိုင်ကို ပြန်သွားကြည့်တော့ ဈေးကြီးတယ်။ ကမ်းခြေနားက ပေါ်တူဂီအလံလွင့်ထားတဲ့ဆိုင်ကို ဝင်ကြည့်တော့ ပေါ်တိုရီကို ပင်လယ်စာတွေ ရနိုင်တော့ ဝင်လိုက်ကြတယ်။ ကိုယ်တို့ကို ဝန်ဆောင်မူပေးတဲ့ အန်ကယ်ကြီးက မက်ချယ်လို အီတလီသား။ အီတလီမှာ ၇ နှစ်နေတဲ့ ဝိုင်းနဲ့ အီတလီလိုပြောလိုက်၊ စပိန်လိုပြောလိုက်ဆိုတော့ ဘာ,ဘာသာစကားပြောနေမှန်းတောင် မသိတော့ဘူး။ စားသောက်ဆိုင်ရဲ့စပါယ်ရှယ်ဟင်း လော့စတာတွေပါတဲ့ Pealla မှာလိုက်တာ တပွဲနှစ်ယောက်စားလို့ရတယ်။ ခုမှ လော့စတာဖမ်းနေတုန်းထင်တယ်၊ ဗိုက်ဆာပါတယ်ဆိုမှ တမေ့တမော မိနစ် ၂၀ လောက်စောင့်ရတယ်။

ဝိတ်တာကြီးက ကိုယ်တို့နှစ်ယောက်ကို အမှတ်တရဓာတ်ပုံရိုက်ပေးတယ်။ ပန်းကန်ထဲ ညီတူမျှတူခွဲထည့်ပေးတယ်။ ည ၆ နာရီခွဲမှာ မနက်စာနဲ့ညစာပေါင်းစား ဗိုက်ဆာလွန်းလို့ပဲလား၊ အရသာရှိလို့ပဲလား အတော်စားကောင်းတယ်။ ပန်းကန်ပြောင်နေအောင် စားလိုက်ကြလို့ ဘေးစားပွဲကကောင်လေးက your guys did good job လို့ ပြောသွားတယ်။ တစ်ဖ် ၁၈ ရာခိုင်နှုန်းပေးပြီး ၈၉ ကျပ်ကျပါတယ် ဈေးကြီးပေမဲ့ အတော်စားကောင်းတယ် မနက်စာနဲ့ညစာပေါင်းစားလိုက်တဲ့ သဘောမျိုးဆိုတော့ တန်ပါတယ်။ ဘတ်စ်ကားဆီပြန်တဲ့လမ်းက ပန်းခြံလေးထဲမှာ သီချင်းဆိုနေတာတွေ့လို့ ဝင်နားထောင်ကြတယ်။ သီချင်းကမြူးကြွတယ် လက်တင်အကထုံးစံအတိုင်း ဂါဝန်ကားကားကြီးကို ယမ်းခါပြီး တလွှားလွှားကကြတယ်။ ကောင်လေးတယောက်ကတာ ကြည့်ကောင်းတယ်။ ဂါဝန်အနက်ဝတ်ထားတဲ့ ခေါင်းဆောင်ဖြစ်ပုံရတဲ့ မိန်းကလေးကတာ သိပ်ကြည့်ကောင်းတာပဲ။ sasa အကသင်နေတဲ့ဝိုင်းက အဲ့ဒီမိန်းကလေး ခြေထောက်ရွေ့တာ၊ လှုပ်ရှားတာတွေ ပရော်ဖက်ရှင်နယ်ပဲ။ ဘတ်စ်ကားစီးဖို့ ကွားတားစေ့မရှိတော့လို့ ရေခဲခြစ်ရောင်းတဲ့ဆိုင်မှာ ရေသန့်ဘူးဝယ်ပြီး ကွာတားစေ့လဲတော့ မရှိဘူးတဲ့။ ကူညီတတ်တဲ့ အန်တီကြီးတယောက်က တကျပ်ဖိုးလဲပေးပြီး ကွာတား ၂ စေ့ အပိုပေးပြီး ကူညီသွားတယ်။ ကိုယ်က နေရာအမှတ်အသား၊ မြေပုံကြည့်တာ ကျွှမ်းကျင်တော့ ဘတ်စ်ကားဂိတ်ဆီ ဦးဆောင်တယ်။ ည ၈ နာရီခွဲ ဟိုတယ်ဆီပြန်တဲ့လမ်းက မှောင်နေပြီဆိုတော့ လမ်းမမှတ်မိဘူး။ ခေါင်းပတ်ချာလည်ရမ်း အပြင်ဖက်ကို မှန်ပေါက်ထွက်မတတ် ကြည့်နေတယ့် ကိုယ့်တို့ကို တိုးရစ်မှန်းသိလို့နဲ့တူပါရဲ့ ကောင်လေးတယောက်က  တံတားကျော်ရင် conado ရောက်ပြီလို့ ပြောသွားတယ်။ ဘတ်စ်ကားဂိတ်နားက ဖရာမင်းကိုးဆိုင်ကို မှတ်ထားလို့ ဖရာမင်းကိုးတွေ့တာနဲ့ ဝိုင်းက ရပ်ဖို့နှိပ်တော့တာပဲ။ ကိုယ်က ကာတီယားဆိုင်ရှာနေတာ ကိုယ်ပဲမတွေ့သေးတာလား၊ ကျော်သွားတာလား မတွေ့ဘူး။ ဆင်းပြီးသိပ်မကြာခင် ဟိုတယ်နားမဟုတ်မှန်းသိလို့ ဂူဂယ်မတ်မှာရှာကြည့်လိုက်တော့ ကိုယ်တို့က တမှတ်တိုင်အလို စောဆင်းလိုက်တာ။ မဆိုးဘူးဟ သိပ်အဆိုးအရွားကြီး မဟုတ်ဘူး။ နောက်နေ့ El Yunque (အယ်ယွန်းကေ) မုတ်သုံသစ်တောမှာ တောင်တက်တာနဲ့ Bioluminescent Bay မှာ kayaking တဲ့အကြောင်းကတော့ နောက်ပို့စ်မှ တင်ပါဦးမယ်။

Happy Traveling !
စန်းထွန်း
မေ ၂၇၊ ၂၀၁၈။

No comments: