ဂျီစီ ခရီးကြမ်း - ၁

၂၀၀၅၊ ၂၀၀၆ မှာ ကျောင်းနေဖက်သူငယ်ချင်း တော်တော်များများ စင်္ကာပူမှာ ကျောင်းသွားတက်ကြတယ်။ အဲဒီတုန်းက တုပ်တုပ်မှမလှုပ်တဲ့ကိုယ်ဟာ မကြီး စင်္ကာပူရောက်တော့မှ ကိုယ့်သူငယ်ချင်းတွေကို မေးမြန်းစုံစမ်းပြီး မကြီးက ကျောင်းတွေလျှောက်ခိုင်းတယ်။ ကိုယ်တို့ကျောင်းကလူတွေ တက်ကြတာက စင်္ကာပူအမျိုးသားတက္ကသိုလ် (NUS) မှာဆို Institue of System Science (ISS) က Graduate Dip in System Analysis (GDip SA)၊ အင်ဂျင်နီယာကျောင်းက Mater of Softwar Engineering ၊ နန့်ယန်းစက်မူတက္ကသိုလ် (NTU) မှာဆို Wee Kim Wee School of Communitcation and Information ကျောင်းက မာစတာတွေ။ Wee Kim Wee School ကျောင်းက မာစတာတွေကို လျှောက်တယ်။ ဒီကျောင်းကို ဘာလို့တက်ချင်ရတာလဲ၊ ဒီဘာသာရပ်ကို ဘာလို့ရွေးချယ်တာလဲ၊ ကိုယ့်အကြောင်း၊ ကိုယ့်ရည်မှန်းချက်အကြောင်း အက်ဆေး ၂ ပုဒ် ရေးရတယ်။ နောက်တခုက သတ်မှတ်ထားတဲ့အချိန်ရောက်မှ အီးမေးလ်ပို့ပြီး ၁ နာရီအတွင်း အက်ဆေးရေးခိုင်းတာ။ အတော်ခက်ပြီး အတင်းကိုဖျစ်ညှစ်  ကြိုးစားပမ်းစား ရေးခဲ့ရတယ်။ ၂၀၀၇ အောက်တိုဘာမှာထင်တယ် MCC ခန်းမထဲ မြန်မာပြည်မှာ နောက်ဆုံးကျင်းပတဲ့ GDipSA ဝင်ခွင့်စာမေးပွဲ ဝင်ဖြေတယ်။ သင်္ချာ၊ အင်္ဂလိပ်စာ၊ problem solving skills တွေ မေးတယ် Calculator မသုံးရဘူး။ မကြီး ACCA စာမေးပွဲဖြေရင် MCC ခန်းမဆောင်မှာ ဖြေနေကျဆိုတော့ အဲယားကွန်း အရမ်းအေးတယ်လို့ကြားဖူးတယ်။

ကိုယ့်မှာတော့ MCC ခန်းမဆောင်ထဲမှာ ‌ချွှေးပြိုက်ပြိုက်ကျအောင် ဖြေခဲ့ရတယ်။ ကိုယ့်သူငယ်ချင်းတွေက ကိုယ့်အင်္ဂလိပ်စာ ကောင်းတယ်လို့ ပြောကြတယ်။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့ ၂ နှစ်လောက် စောင့်နေရတဲ့အချိန် လှည်းတန်းက ဆရာကြီးဦးမြကြိုင် အင်္ဂလိပ်စာသင်တန်းကျာင်း သွားတက်တယ်။ ဒါကလည်း မကြီး တိုက်တွန်းလို့ပါ။ ကိုယ့်ဘာသာဆို ဘာမှလုပ်ဖြစ်မယ်မထင်။ မောင်မောင့်ကိုလည်း သင်တန်းတွေ လိုက်အပ်ပေး တက်ခိုင်းပေမဲ့ တရက်သာသွားတက်ပြီး နောက်သွားမတက်တော့ဘူး။ ကိုယ်က သင်တန်းခပေးပြီး သွားမတက်ရင် နှမြောစရာကြီးဆိုပြီး အပ်တဲ့သင်တန်းတွေကို မပျက်မကွက်တက်တယ်။ တက္ကသိုလ်ကျောင်းတွေပိတ်ရင် တိုဖယ်ဦးသိန်းဝင်း၊ ဘဝသစ်ဦးအောင်ကျော်၊ မြေနီကုန်းက ဆရာနယ်ဆင် အင်္ဂလိပ်စာသင်တန်းကျောင်းတွေ တက်တယ်။ အဲဒီလိုတွေ တက်ခဲ့လို့လည်း နိုင်ငံခြားမှာ ကျောင်းတက်ဖို့ပြင်ဆင်တော့ အင်္ဂလိပ်စာအတွက် ဘယ်အခက်အခဲမှ မရှိခဲ့ဘူး။ ဖူးဘရိုက်ပညာတော်သင်ဆု ဝင်လျှောက်ပါလားသမီး ဗွီအိုအေရေဒီယိုသတင်းမှာ ကြားလိုက်တယ်လို့ အမေကပြောလို့ ဝင်လျှောက်တယ်။ တိုဖယ်အမှတ်မရှိတဲ့သူတွေ အမေရိကန်သံရုံးမှာ စာမေးပွဲဝင်ဖြေ အမှတ်မှီရင် ဝင်လျှောက်လို့ရတယ်ဆိုတော့ ဝင်ဖြေတာ အမှတ်နည်းနည်းလိုသွားတယ်။ NTU မာစတာ ငြင်းပယ်ခံရပြီး NUS က GDipSA ဝင်ခွင့်အတွက် ဖုန်းနဲ့အင်တာဗျူးတယ်။

တခြားသူငယ်ချင်းတွေကတော့ နည်းပညာမေးခွန်းတွေ အမေးခံရပြီး ကိုယ့်ကျတော့ အလာဘသလာဘ ပြောသလောက်ပဲ။ အစ်မရှိတယ်ဆိုတော့ အကုန်လုံး အစ်မစီစဉ်ပေးမှာပေါ့ ဟုတ်တယ်မလားတဲ့။ ၂၀၀၈ မေလ နာဂစ်မုန်တိုင်းတိုက်ပြီးချိန် ကျောင်းဝင်ခွင့်ရတော့ ကိုယ်က သိပ်မသွားချင်ဘူး။ နာဂစ်မုန်တိုင်းကြောင့် ပိုင်ဆိုင်တာတွေ အကုန်ဆုံးရှုံး မိဘတွေတောင် ကံကောင်းလို့အသက်ရှင်တာဆိုတော့လေ။ အမေက ပိုက်ဆံအတွက် ဘာမှစိတ်မပူနဲ့သမီး အမေ ဖြစ်အောင်စီစဉ်ပေးမယ်တဲ့။ အဖေက အင်တင်တင် သူက သူ့သမီးကို ကျူတာဆရာမဖြစ်စေချင်တာကိုး။ ကိုယ့်ကို မာစတာတက်ပြီး ဆရာမလုပ်စေချင်တာ နယ်မှာတာဝန်ကျရင် အမေကချက်ပြုတ်ပေး သူကအလည်လာ သမီးက တက္ကသိုလ်ဆရာမဆိုပြီး ဂုဏ်ယူချင်တာ။ သမီးဖြစ်သူကလည်း ဆရာမလုံးဝမလုပ် မာစတာဝင်ခွင့်ရတော့ ဆရာမ မလုပ်ခိုင်းဘူးဆိုမှ မာစတာတက်မယ်လို့ပြောတော့ ဆရာမ မလုပ်ခိုင်းပါဘူး မာစတာသာတက်ပါ ပိုက်ဆံဘယ်လောက်ကုန်ကုန် ပေးပါ့မယ်တဲ့။ စင်္ကာပူဖက်ကကိစ္စတွေကို မကြီး စီစဉ်နေမှာဆိုတော့ ဘာမှပူစရာမလို အထုပ်ဆွဲသွားရုံ။ ၂၀၀၈ သြဂုတ် ၁ ကျောင်းစတက်တဲ့နေ့ ဆရာမမယ်ဂန်က ခုက recession စီးပွားပျက်ကပ်ဆိုက်နေချိန်။ DBS ဘဏ်မှာ အလုပ်သမား ၉၀၀ ဖြုတ်တဲ့အထဲမှာ အများစုက အိုင်တီသမားတွေ။ အရည်အချင်းတွေ ဖြည့်ထားကြ အားလုံးတွန်းတိုက် ကျော်ဖြတ်ရမယ် အရည်အချင်းရှိတဲ့သူသာ ကျန်ရစ်မယ် Survival of the fittest ။ ၁ နှစ် ဒစ်ပလိုမာသင်တန်းပေမဲ့ တကယ်ပင်ပန်းတယ်။

Fall foliage hiking at Bear Mountain, New York State. October 21, 2017, Saturday.

မနက် ၉  နာရီကနေ ည ၁၁ နာရီခွဲ နောက်ဆုံးဘတ်စ်ကား၊ နောက်ဆုံးရထားစီးပြီး အိမ်ပြန်။ အိမ်မှာ အိပ်ရုံပဲအိပ် စနေ၊ တနင်္ဂနွေလည်း ကျောင်းမှာ ပရောဂျက်တွေလုပ်။ အဲဒီကျောင်းတက်တော့မှ Team work ၊ Presentation ၊ Project Management ၊ Internview ဆိုတာတွေ တကယ်နားလည်တော့တယ်။ ၆ လပြီးတော့ ၆ လ အင်တန်းရှစ်ဆင်း allowence money စရတယ်။ အင်တန်းရှစ်မှာ ဘာတွေလုပ်ရတယ်ဆိုတဲ့ ပရောဂျက်တင် ၁ နှစ်ပြီးတာနဲ့ လုပ်ငန်းခွင်ဝင်ဖို့ ရယ်ဒီ။ NUS က ကမ္ဘာ့အဆင့် ၂၀ ကျော်ရှိတဲ့တက္ကသိုလ် တကယ်ကောင်းတဲ့ကျောင်း။ NUS ကျောင်းထွက် ဖြစ်ရတာကို ဂုဏ်အယူဆုံးပဲ။ အင်တန်းရှစ်ဆင်းတဲ့အချိန်မှာ 711 မှာ အချိန်ပိုင်းလုပ်တယ်။ အမေကမှာတယ် စကားကို ဆင်ဆင်ခြင်ခြင်ပြောသမီးတဲ့။ မဟုတ်မခံ ဆတ်ဆတ်ကြဲ အားမနာတတ် အမြင်ကတ်ရင် နှပ်တတ်တဲ့ ကိုယ့်အကြောင်းကိုသိလို့ ဆုံးမရှာတယ်။ 711 မှာ စီနီယာတွေ ပညာပြတာတွေကို အံကြိတ်သည်းခံ မျက်ရည်ကျပေမဲ့လည်း တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင်လုပ်တော့ မန်နေဂျာက သဘောကျတယ်။ ကျောင်းသားဗီဇာကုန်တော့ အချိန်ပိုင်းလုပ်ခွင့် မရှိတော့ဘူး။ ကျောင်းပြီးတာနဲ့ အလုပ်ရဖို့ ရှာဖွေရပြီ။ ဘယ်သူကတော့ ဘယ်မှာအလုပ်ရသွားပြီလို့ကြားရင် စိတ်တွေပူ ဘယ်တော့များ အလုပ်ရပါ့မလဲ။ ကိုယ်တို့ကျောင်းက တော်တော်များများ ၁ လခွဲ ၂ လအတွင်း အလုပ်ရကြတယ်။ ကျောင်းသားဗီဇာကုန်သွားပြီး အလုပ်မရသေးရင်လည်း စိတ်ပူစရာမလိုဘူး။ EPEC long term pass တစ်နှစ်ထပ်လျှောက်ပြီး အေးအေးဆေးဆေး အလုပ်ရှာလို့ရတယ်။

ကျောင်းကြွေးတွေရှိတော့ အလုပ်ရမှ ဆပ်နိုင်မှာဆိုတော့ stay အတွက် အဆင်ပြေအောင် လုပ်ပေးထားတာ။ ကျောင်းတောင်မပြီးသေးဘူး ပီအာအော်ဖာလက်တာ ရနေပြီ။ အလုပ်ရတာနဲ့ Perminant Residence (PR) offer letter ကိုင်ပြီး ပီအာတန်းလျှောက်ရတယ်။ ၂၀၀၇ လောက်အထိ လူတိုင်းနီးပါး ပီအာရတယ် ကိုယ်လျှောက်တဲ့နှစ်မှာတော့ ပီအာတွေ ကြပ်နေပြီ။ ကိုယ်တို့နှစ်က တော်တော်များများ ပီအာအငြင်းခံရတယ်။ ကိုယ်လည်း ပီအာအငြင်းခံရပြီး Employment Pass EP ရတယ်။ တချို့တွေကတော့ Work Permit နဲ့ တရားဝင်အလုပ်လုပ်။ တချို့ကျတော့လည်း visit visa နဲ့လာ တလအတွင်း အလုပ်မရရင် မလေးရှားဖက်ကို ခဏထွက် ပြန်ဝင်ရင် တလထပ်ရ၊ နောက်ထပ် တလထပ်တိုး စုစုပေါင်းရတဲ့ ၃ လအတွင်း အလုပ်ရှာ။ အလုပ်ရရင် ကုမ္ဗဏီက Spass ၊ EP လျှောက်ပေး။ စင်္ကာပူက နိုင်ငံခြားသား အလုပ်သမားတွေနဲ့ လည်ပတ်ရတဲ့ တိုင်းပြည်ဆိုတော့ stay အတွက် နည်းနည်းလွယ်သလားလို့။ အလုပ်ဗီဇာ cancel လုပ်ပြီးရင် တလနေခွင့် ရှိပါတယ်။ စင်္ကာပူမှာ overstay ဖြစ်ရင် ပြစ်ဒဏ်ပေးတဲ့ ကြိမ်ဒဏ်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားတယ်။ စင်္ကာပူရုံးက အတော်ပျော်ဖို့ကောင်းတယ် အိုင်တီဋ္ဌာနက အာဆီယံလို့ တင်စားရတယ်။ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် တွေပါတော့လေ။ ကိုယ်တို့ lunch group လေးက အတော်ပျော်ဖို့ကောင်းတယ်။ ကိုယ်က အစကတည်းက စဉ်းစားပြီးသား စင်္ကာပူမှာ ၃ နှစ်နေမယ် NUS က Master of Softwar Eningeering တက်။ ဒါမှမဟုတ် သြစတြေးလျမှာ မာစတာတက်၊ ဒါမှမဟုတ် သြဇီပီအာလျှောက်ပြီး သြဇီပြောင်းမယ်လို့ စိတ်ကူးထားတာ။ မှန်းထားတဲ့ ၃ နှစ်မပြည့်သေးဘဲ ၂ နှစ်ခွဲနဲ့ စတိတ်ကို ထွက်လာခဲ့တယ်။

အလုပ်ရှာရင်း အလုပ်ရှာဖွေရေးဆိုဒ်မှာ တင်ထားတဲ့ အမေရိကန်ကျောင်းက အင်တန်းရှစ်ကြေငြာမှာ resume  ပစ်တင်မိရာက စလိုက်တဲ့ဇာတ်လမ်းဟာ programming test ၃ ပုဒ်မေး B ရတော့ Transcripts တွေပို့ Financial Statments တွေပို့ မန်နေဂျာက ထောက်ခံစာရေးပေး။ ဖုန်းနဲ့အင်တာဗျူးဖြေ ကျောင်းသားဗီဇာဝင်ဖို့ I20 form ပို့ပေး အမေရိကန်သံရုံးဝင် ဗီဇာတခါတည်းနဲ့ရတော့ အစ်မတွေ၊ သူငယ်ချင်းတွေက ဝမ်းသာအားရဖြစ်ပေမဲ့ ကိုယ်က အင်တင်တင်။ ဘယ်သူမှလည်းမရှိဘူး အဝေးကြီးဆိုတော့လေ။ သူငယ်ချင်းအရင်းခေါက်ခေါက်က နင့်မှာ ပိုက်ဆံကိစ္စလည်း မပူရဘူး ထောက်ပံ့မဲ့ အဖေနဲ့အစ်မရှိတယ်၊ ရည်းစားလည်း မရှိဘူး၊ ငါသာ နင့်နေရာမှာဆို သွားကြည့်လိုက်မယ်။ ကျောင်းပြီးလို့ မပျော်တော့လည်း စင်္ကာပူကို ပြန်လာပေါ့ ယူအက်စ်အတွေ့အကြုံရတာပေါ့တဲ့။ သူပြောတာ မှန်နေတာနဲ့ပဲ စတိတ်ကို လာခဲ့တာ ၆ နှစ်ရှိပြီ။ စတိတ်မှာ ကျောင်းသားဗီဇာ F1 ၊ အလုပ်ဗီဇာ H1B ၊ ဂရင်းကဒ် GC ရအောင် ဘယ်လိုကြိုးစားခဲ့ရသလဲ၊ ဘယ်လိုအခက်အခဲတွေ ကြုံရသလဲ၊ ဘာတွေ ဖြစ်လာသလဲဆိုတာတွေကို နောက်အပိုင်းကျမှ ဆက်ပါဦးမယ်။

စန်းထွန်း
အောက်တိုဘာ ၂၈၊ ၂၀၁၇။

Womens 5K Classic

အောက်တိုဘာ ၇ ရက် စနေနေ့ ပန်ဆယ်ဗေးနီးယားပြည်နယ် အဲလန်တောင်းမြို့ ၂၅ နှစ်မြောက် အမျိုးသမီး 5K (၃ မိုင်) အပြေး၊ လမ်းလျှောက်ပွဲ။ 5K ဝင်ပြေးမယ်လို့ ဆုံးဖြတ်ပြီးကတည်းက အပြေးလေ့ကျင့်နေတာ တပတ် ၃ ရက်နှုန်းနဲ့ ၂ လ လေ့ကျင့်ပြီးတာနဲ့ 5K အတွက် ရယ်ဒီဖြစ်ပေမဲ့ အပြေးမှာမပါတော့ဘဲ လမ်းပဲလျှောက်ဖြစ်တော့တယ်။ မပြေးရလည်း ကိစ္စမရှိပါဘူး သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပါဝင်ဆင်နွှဲရတာ ပျော်စရာလည်းကောင်း registeration fee ကလည်း ရင်သားကင်ဆာ ရန်ပုံငွေအဖြစ် လှုဒါန်းမှာမို့ ကုသိုလ်လည်းရ။ မနက် ၈ နာရီစတယ်ဆိုပေမဲ့ စောနေသေးတော့ ဓာတ်ပုံရိုက်လို့ကောင်းမယ်ထင်တဲ့ နေရာမှန်သမျှ ပတ်ပြီးရိုက်။ ပန်းခြံလေးက အတော်သာယာတယ် တောင်ကုန်း၊ စမ်းချောင်း၊ သစ်ပင်တွေ စိမ်းညှို့ညှို့နဲ့ မြူတွေဝေ့ဆိုင်းနေတယ်။ 5K မစသေးဘူး 2K လောက် လျှောက်ပြီးလို့ ခြေထောက်ညောင်းချင်နေပြီ။ တဖြည်းဖြည်းနဲ့ လူတွေပြည့်လာတယ်။ သီချင်းတွေဆို၊ အလှုရှင်တွေကိုဖိတ်ခေါ် စကားပြောခိုင်း၊ ရင်သားကင်ဆာကို အနိုင်ယူနိုင်သူတယောက်က သူ့အတွေ့အကြုံတွေကို ပြောပြတယ်။ ကင်ဆာကို ရင်ဆိုင်ပြီး အနိုင်ယူဖို့ဆိုတာ အတော့်ကိုမလွယ်တဲ့အလုပ်။ စိတ်ရော ခန္ဓာကိုယ်ရော အတော့်ကို ခံနိုင်ရည်ရှိဖို့လိုသလို မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေတွေကလည်း ကူညီဖေးမဖို့လိုတယ်။

မနှစ်က ပြောပြတဲ့နှစ်ယောက်ဆိုရင် ယောကျာ်းက စွန့်သွားတာတဲ့။ တယောက်က ကောလိပ်ကျောင်းတက်နေတဲ့ သား၊ နောက်တယောက်က ခင်ပွန်းဖြစ်သူက ကူညီဖေးမတယ်တဲ့။ ကင်ဆာကို ရင်ဆိုင်အနိုင်ယူနိုင်တာ ၅ နှစ်အောက်၊ ၅ နှစ်အထက်၊ ၁၀ နှစ်၊ ၁၀ နှစ်အထက်၊ ၂၀ နှစ်ဆိုတဲ့ ဆိုင်းဘုတ်နောက်မှာ ကင်ဆာ Surviors တွေက ချီတက်လမ်းလျှောက်ချိန်မှာ ဘေးမှာရပ်နေတဲ့ အမျိုးသမီးတွေက လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ အားပေးကြတယ်။ အဲဒီအချိန်မှာ မျက်ရည်တောင်ဝဲတယ်။ ၂၀၁၂ ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့မှာ ရင်သားကင်ဆာ လမ်းလျှောက်ပွဲ ရုံးကပါဝင်ဆင်နွှဲတော့ အိမ်ရှင်မိသားစုနဲ့ ပါဝင်လမ်းလျှောက်ခဲ့တယ်။ အဲဒီတုန်းက ဘာခံစားချက်မှ ရှိမနေဘူး အပျော်သက်သက် ပါဝင်ဆင်နွှဲတာ။ ခုတော့ ကိုယ်ချင်းစာတတ်ပြီ ထော့နင်းထော့နင်းနဲ့ လမ်းလျှောက်တဲ့သူတွေကိုတွေ့ရင် အထိုင်အထ အကွေးအဆန့်မှာ ဘယ်လောက်များ နာကျင်နေလိုက်မလဲ။ နာကျင်ကိုက်ခဲ ပင်ပန်းဆင်းရဲလွန်းလို့ အသက်ရှင်သန်ရတာ ပင်ပန်းဆင်းရဲလိုက်တာ ခန္ဓာဝန်ဆိုတာ ဒါမျိုးကိုပြောတာ။ ကင်ဆာဆေးတွေက ပြင်းတော့ လူက နုံးချိနေပြီ အစားအသောက်ပျက် ဆံပင်တွေကျွှတ် ကတုန်ကယင် ရင်တွေပူ ဘယ်လိုမှနေလို့မကောင်း။ ပါဝင်ခ ၄၀ ပေးရပေမဲ့ လက်ဆောင်ရတဲ့ အင်္ကီျနဲ့တခြားပစ္စည်းတွေက ၄၀ ဖိုးလောက် ပြန်ရတယ်။


ပါဝင်ခငွေ၊ အလှုငွေ အားလုံးကို ရင်သားကင်ဆာ သုတေသနအတွက် လှုဒါန်းမှာမို့ တကယ်လိုအပ်တဲ့နေရာမှာ လှုဒါန်းတာမို့ တကယ်သဘောကျတယ်။ ရင်သားကင်ဆာ လမ်းလျှောက်ပွဲမှာ အာရှသားနည်းတယ်။ အဲဒီလိုပွဲမျိုး၊ အားကစားဆိုရင် အာရှသား နည်းတယ်။ အစားအသောက်ပွဲ၊ လျှော့ပင်းဆိုရင်တော့ အာရှသားတွေကြီးပဲ။ အိုင်ကီရာက တနှစ်မှာတရက် စက်တင်ဘာလမှာထင်တယ် Crawfish အနီရောင်ပုဇွန်လုံးရောင်းတယ်။ ဈေးသက်သက်သာသာနဲ့ ကြိုက်သလောက် စားလို့ရတယ်။ တရုတ်တွေကြီးပဲ အိုင်ကီရာကဆော့စ်က မကောင်းလို့ တရုတ်တွေက ကိုယ့်ဆော့စ်ကိုယ်ယူလာသတဲ့ တရုတ်မယန်း ပြောပြတာ။ အမေရိကန်နိုင်ငံတော် သီချင်းဆိုတဲ့အချိန် အားလုံးကငြိမ်သက်ပြီး တချို့က ဘယ်ဖက်ရင်ဘတ်ပေါ် လက်တင်ပြီး နိုင်ငံတော်သီချင်းကို တိုးတိုးလေးလိုက်ဆို။ လှောင်အိမ်ကနေ လွှတ်ပေးလိုက်တဲ့ ငြိမ်းချမ်းရေးသင်္ကေတ ချိုးငှက်ကလေးတွေ ကောင်းကင်ကို တဖျပ်ဖျပ် ပျံတက်သွားကြတယ်။ ပြေးတဲ့သူတွေက တလမ်း၊ လမ်းလျှောက်တဲ့သူတွေက တလမ်း။ လမ်းလျှောက်တဲ့လမ်းမှာ ၃ မိုင်ကို ၄၅ မိနစ် လမ်းလျှောက်မဲ့သူတွေက ၄၅ မိနစ် ဆိုင်းဘုတ်နောက်မှာစီ၊ ၁ နာရီအောက်၊ ကိုယ်တို့ကတော့ ၁ နာရီအထက် ဆိုင်းဘုတ်နောက်မှာ စီကြတယ်။ လူတန်းကြီးက အရှည်ကြီး တတောင်ကိုတက် တတောင်ကိုဆင်း။ ဘေးမှာ ဘော်လန်တီယာ လုပ်အားပေးတွေက လက်ခုပ်တီးပြီး အားပေးကြတယ်။ ၁ မိုင်လျှောက်ပြီးတော့ နည်းနည်းမောလာပြီ ရေခွှက်လေးတွေကမ်းတော့ တော်တော်များများ သောက်ကြတယ်။

အမျိုးသမီးတယောက် ချော်လဲကျတယ်နဲ့တူတယ် ဂေါက်ကွင်းတွေမှာ တွေ့ရတဲ့ ကားလေးနဲ့တင်သွားတယ်။ ၁ နာရီ ၈ မိနစ်မှာ ပန်းဝင်ပါတယ်။ ပန်းဝင်ခါနီး Finish Line မှာ ဘော်လန်တီယာ ကျောင်းသားလေးတွေက ဟိုက်ဖိုက်လုပ်၊ လက်တွေမြောက်ပြီး အမိုးမိုးပေး၊ ချီးယားစ်အော်ဟစ်ပြီး ကြိုဆိုကြတယ်။ ငှက်ပျောသီး၊ ရေဘူး၊ ချောက်ကလက်ကိတ်၊ ချောင်ဒါစွတ်ပြုတ်၊ သစ်တော်သီး ဗိုက်တင်းနေအောင် စားရတယ်။ အပြေးမှာ အသက် ၂၀ ကနေ ၃၀ ကြား ပထမရတဲ့သူက ဘယ်သူ မိနစ်ဘယ်လောက်၊ အသက် ၈၆ က မိနစ် ၄၀ နဲ့ပထမ။ ကိုယ် ၃ မိုင်ကို မိနစ် ၄၀ ပြေးတယ်ဆိုတော့ တရုတ်မယန်းက နင် ပြေးတာမှ ဟုတ်ရဲ့လား လမ်းများလျှောက်နေတာလားတဲ့။ အင်း ကိုယ် လမ်းလျှောက်နှုန်းနဲ့ ပြေးနေတယ် ထင်ပါရဲ့။ တရုတ်မယန်း တက္ကသိုလ်ဝင်ခွင့်ဖြေရတုန်းက အားကစားတခုပါတယ်။ မိန်းကလေးတွေ အပြေးပြိုင်ရတယ် ၁၅ မိနစ်အတွင်း ပန်းဝင်မှ အဲ့ဒီတက္ကသိုလ် ဝင်ခွင့်ရတယ်တဲ့။ မိန်းကလေး ၁၅၀ အကုန်လုံး ၁၅ မိနစ်အတွင်း ပန်းဝင်လို့ Qualified ဖြစ်ပြီး အကုန်ဝင်ခွင့်ရပါတယ်တဲ့။ ကိုယ်တို့ တက္ကသိုလ်ဝင်ခွင့်တုန်းကတော့ အပြေးမပြိုင်ရဘူး မိန်းကလေးတွေက ယောက်ျားလေးထက် ဝင်ခွင့်အမှတ်ပိုများရတယ်။ ခုတော့ တပတ် ၃ ရက် သွားမပြေးတော့ဘူး တပတ်မှာတခါ သွားပြေးတယ်။ ပြေးရင် ‌ချွှေးတွေထွက် လန်းဆန်းပေါ့ပါးသွားတာကို ကြိုက်တယ်။ 5K မှာ ဆုတံဆိပ်တော့ မရခဲ့ပေမဲ့ အတော်ပျော်ခဲ့တယ်။ နောင်နှစ်တွေမှာလည်း အခွင့်ကြုံခဲ့ရင် ပါဝင်ဆင်နွှဲချင်ပါသေးတယ်။ အခွင့်ကြုံရင် အဲဒီလိုပွဲတွေ ပါဝင်ဆင်နွှဲကြည့်ပါ တကယ်ပျော်စရာကောင်းတယ်။

စန်းထွန်း
အောက်တိုဘာ ၂၁၊ ၂၀၁၇။

ရေခြားမြေခြား ခရီးသွား - ၄

ဝေါထရိတ်စင်တာမှာ လုံခြုံရေးတာဝန်ယူနေတဲ့ စစ်သားတွေကိုတွေ့တော့ အဖေက ဓာတ်ပုံအတူတွဲရိုက်ချင်တယ်ဆိုလို့ မေးကြည့်တော့ ရတယ်တဲ့။ မြန်မာပြည်မှာတော့ စစ်သားတွေ မုန်းကြပေမဲ့ စတိတ်မှာတော့ စစ်သားတွေကို လေးစားကြတယ်။ ဓာတ်ပုံရိုက်မယ်ဆိုရင် လက်နှစ်ဖက်ကို ခပ်တန်းတန်း ဘေးချထား ဒါမှမဟုတ် ခပ်တင်းတင်းဆုပ်ပြီး စတိုင်ပေးတတ်တဲ့ အဖေဟာ ဒီနှစ်တော့ လက်နှစ်ချောင်းထောင်၊ ဒေါနယ်ထရန့်စတိုင်ဆိုပြီး လက်မနဲ့လက်ညှိုးကို ဝိုင်းပြတယ်။ မကြီးငယ်သူငယ်ချင်းအစ်မကြီးက အဲ့ဒါ သူ့သမီးကြီးနဲ့ စတိုင်တူတာနေမှာလို့ ဖေ့ဘွှတ်မှာ ကွန့်မန့်ပေးတော့ ရယ်လိုက်ရတာ။ လစ်ဘာတီရုပ်ထုဆီ လိုက်ပို့တော့ ဝိုင်းက ရောက်ဖူးပြီးသားကို ဘာလို့လိုက်ပို့တာလဲ ဈေးကြီးပါဘိနဲ့။ ရောက်ဖူးပြီးသားဆိုပေမဲ့လည်း နယူးယောက်ရောက်လို့မှ လစ်ဘာတီကိုမသွားရင် ရန်ကုန်ရောက်ပြီး ရွှေတိဂုံဘုရား မဖူးသလိုမျိုး ခံစားရလို့။ လစ်ဘာတီကျွှန်းကနေ မက်ဟန်တန်စကိုင်းလိုင်းကို ကြည့်နေတုန်း အဖေက သမီးရေ အဲဒီတိုက်အမြင့်ကြီးက ကုလားဆိုင်နားကတိုက်နဲ့တူတယ်နော်တဲ့။ ဟုတ်တယ် အဲဒါဂျာနယ်စကွဲကတိုက်။ အဖေက အဲ့ဒီလို မှတ်ညဏ်ကာင်းတယ်။ ဝေါထရိတ်စင်တာ၊ အင်ပါရာအဆောက်အဦးတွေကိုတော့ သေသေချာချာ မှတ်မိတယ်။ ပါဝါဘောထီက သန်း၄၀၀ဆု ဖြစ်နေပြီ ကံစမ်းကြမယ်ဆိုပြီး စတိုးဆိုင်ထဲဝင် စက်ကနေ ထီလက်မှတ်ဝယ်တာ အဖေ့ကိုပြတယ်။

အဖေ ဒီအပေါက်ထဲကို ၂ ကျပ်ထည့် ငွေထည့်ရမဲ့ပုံ ပြထားတယ်တွေ့လား။ အဲဒါတွေက ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ တန်၊ ၂၀ တန်တွေပဲ လက်ခံတယ်လို့ ရေးထားတာ။ ပိုက်ဆံထည့်ပြီးရင် ထီလက်မှတ်တွေ အများကြီးထဲမှ ၂ ကျပ်တန် ပါဝါဘောထီ၊ ၁ ကျပ်တန် မက်ဂါမီလီယမ်ထီ ခလုတ်ကိုနှိပ်၊ ကျလာတဲ့ ထီလက်မှတ်ကိုသိမ်းထား။ ထီဖွင့်တဲ့နေ့ကျရင် ဒီဘာကုတ်ရီဒါစက်အောက်မှာ လက်မှတ်ကိုလာဖတ်၊ ကောင်တာကလူတွေကို စစ်ခိုင်းလို့ရတယ်။ အဖေနဲ့အမေက အထူးအဆန်း သဘောတွေကျလို့။ ထီပေါက်ရင် သမီးအတွက် အိမ်ဝယ်ပေးခဲ့မယ်လို့ စိတ်ကူးယဉ်ကြပေမဲ့လည်း ကိုယ်က ဘာဆိုဘာမှ အလကားမရ လွယ်လွယ်ကူကူ သက်သက်သာသာနဲ့ရမဲ့ ကံမပါ။ ဘယ်အရာမဆို ခက်ခက်ခဲခဲ ကြိုးစားအားထုတ် ပင်ပန်းဆင်းရဲခံပြီးမှရမဲ့ ဇာတာပါလာတော့လည်း သန်းဆုကံခေတာပေါ့။ အမေက စတိတ်ကို သိပ်သဘောကျတယ်။ လူသွားလမ်း၊ ပန်းခြံ၊ မသန်းမစွမ်းတွေ အမြင့်ကိုတက်ဖို့ တွန်းလမ်း၊ အိမ်သာ၊ အမှိုက်ပုံး၊ နေရာတကာ သန့်သန့်ရှင်းရှင်း စိမ်းစိမ်းစိုစို၊ စနစ်တကျနဲ့ လူတွေသွားရလားရ လွယ်ကူအောင် စီစဉ်ပေးထားတယ်။ အသီးအရွက်တွေဆိုရင်လည်း ချိုနေတာပဲ အစိမ်းစားစား၊ ပြ ုတ်စားကြော်စား အရသာရှိမှရှိ။ မကြီးက အမေ လေဆိပ်မှာ ရေဘူးဝယ်မသောက်နဲ့ ဈေးကြီးတယ် ရေဘူးဆောင်သွား။ လူဝင်မှုကြီးကြပ်ရေးမဖြတ်ခင် ရေအကုန်သောက် ပြီးရင် အိမ်သာရှေ့က ရေဖြည့်ကန်မှာရေဖြည့်။

ပေမှီဒေါက်မှီ ငါးပေဆယ်လက်မ
အမေက သမီးတွေပြောရင် အတိအကျလိုက်နာတယ်။ ခရီးသွားတယ်ဆိုရင် အမေက ရေဖြည့်တဲ့တာဝန်ယူတယ်။ အိမ်နားက Red Bull ဘောလုံးကွင်းမှာ ဘောလုံးပွဲသွားကြည့်တော့ ရေဘူးယူခွင့်မပြုဘူး။ တချို့တွေက ရေဘူးအဖုံးဖွင့်ပြီး အဖုံးကိုလွင့်ပစ်ရင် ဝင်လို့ရပေမဲ့ ကိုယ့်ရေဘူးကျတော့ အဖုံးလွှင့်ပစ်တာလည်း လက်မခံဘူး။ အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်တော့မှ ဝင်ခွင့်ပြုတယ်။ ရေဘူးကို နှမြောလိုက်တာ ရေဘူးလေးက ချစ်စရာလေး အိုင်ကီရာကဝယ်ထားတာ။ ဘာလို့ကိုယ့်ရေဘူးကို လက်မခံရတာလဲဆိုတာ စဉ်းစားကြတော့ အဖေက ရေဘူးကမာတော့ ကွင်းထဲကိုပစ်မှာ စိုးရိမ်လို့နဲ့တူတယ်တဲ့။ ဘောလုံးကွင်းထဲမှာ ရေဆာလာလို့ ရေဘူးဝယ်သောက်တာ ၅ ကျပ်တောင် ပေးရတယ်။ ရေဘူးအဖုံးကိုဖွင့်ပြီး သူတို့ယူထားလိုက်ပြီးမှ ပေးတယ်။ နောက်တခေါက်သွားတော့ နပ်သွားပြီ ရေဘူးခွံပါးပါးလေး ဝယ်သွားတယ်။ ယောကျ်ားလိုင်း၊ မိန်းမလိုင်း တန်းစီရတော့ အဖေ့လက်ထဲကရေဘူးကို လက်ညှိုးထိုးပြီး နိုး ... နိုး....တဲ့။ အဖေက ရေဘူးအဖုံးဖွင့်တဲ့ ပုံသဏ္ဍန်လုပ်ပြီး လက်ကိုဖြန့်ပြ သဘောက ရေဘူးအဖုံးကို ဖွင့်ထားတယ်လေဆိုတဲ့သဘော။ အိုကေ...အိုကေ ဆိုပြီး ဝင်ခိုင်းလိုက်သတဲ့ အဖေက ဟိုတပတ်က မသိလို့ခံရပြီးပြီ ဒီတပတ်တော့ ဘယ်ရမလဲ။ အဖေ ရေဘူးအဖုံးကို လွှင့်ပစ်လိုက်တာလား ဘယ်ကသာ အင်္ကီျအိတ်ထဲထည့်ထားတာ သူတို့လည်တာလောက်တော့ အပျော့။ ရယ်လိုက်ရတာ အဖေက အဲဒီလိုလူလည်ပါဆို။

ဘောလုံးကွင်းမှာ ပထမပိုင်းပွဲပြီးချိန် အနားပေးတော့ ကိုသက်ထွေးအဖေက အိမ်သာသွားတယ်။ တော့တင်ဟမ်စပါးနဲ့ ရိုးမားကို ကွင်းလုံးပြည့် ဒင်းကြမ်းပြည့် အားပေးကြတာ အဖေမှန်းတာ လူ ၄ ထောင်လောက် ဆံ့မယ်ဆိုပဲ။ ဒီလောက်လူများနေပေမဲ့လည်း နေရာမမှတ်မိလို့ လမ်းပျောက်နေမှာ စိတ်မပူရဘူး။ သူ့အမှတ်အသားနဲ့သူ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာတာပဲ။ အဖေတို့ပြန်တော့ လေယာဉ်က ညသန်းခေါင် ရန်ကုန်ကို ဆိုက်ရောက်တယ်။ မောင်မောင်က အဝေးကိုရောက်နေလို့ သူ့သူငယ်ချင်းကို သွားကြိုဖို့ အကူအညီတောင်းမလို့ဟာ ကားရောင်းလိုက်ပြီဆိုတော့ မတောင်းတော့ဘူး။ အဖေက ရတယ် တက္ကစီငှားသွားမယ်ဆိုတော့ မကြီးက စိတ်ပူတယ်။ ညဉ့်နက်သန်းခေါင်ဆိုတော့ လုယက်တာတွေရှိတယ်လို့ ကြားတယ်တဲ့။ အဖေ မကြီးက စိတ်ပူနေတာ လုယက်တာတွေ ဖြစ်မှာစိုးလို့ဆိုတော့ အဖေ ကားနံပါတ်ကို ဓာတ်ပုံရိုက်ထားတယ်။ ဖုန်းပြောသလိုဘာလိုလိုနဲ့ မသိမသာလေး ဒရိုင်ဘာမသိအောင် ရိုက်ထားတယ်တဲ့။ အဖေက အဲဒီလို ဖြတ်ထိုးညဏ်ကောင်းတယ်။ မနက်စောစော ဖုန်းမယူဘဲ အမေ လမ်းလျှောက်ထွက်သွားလို့ စိတ်ပူလိုက်တာ။ ကိုယ့်ဖုန်းနံပါတ်လည်း အလွတ်မရ၊ အိမ်နံပါတ်လည်းမသိဆိုတော့ လမ်းပျောက်နေမှ ဒုက္ခ။ ရဲကို အကူအညီတောင်းဖို့၊ ရထားစီးတဲ့အခါ ကိုယ်က ပလက်ဖောင်းမှာကျန်နေ အဖေတို့က ရထားထဲပါသွားခဲ့ရင် နောက်ဘူတာမှာဆင်း၊ အဲဒီနေရာမှပဲရပ်နေလို့ မှာထားတယ်။

လက်နှစ်ချောင်း ထောင်တတ်နေပြီ
အပြင်သွားရင် ကိုယ့်ဖုန်းနံပါတ်၊ အိမ်လိပ်စာပါတဲ့စာရွက်လေးကို အမြဲဆောင်ခိုင်းတယ်။ အဖေတို့ ပထမအကြိမ်လာတုန်းက သုံးပါးကျောင်းဆရာတော်ကို သွားဖူးတော့ ဆရာတော်က စတိတ်ရောက်ခါစ ဘုန်းကြီးတပါး မနက်လမ်းလျှောက်ထွက်သွားတာ လျှောက်ရင်းလျှောက်ရင်း ကျောင်းကိုရှာမတွေ့ လမ်းပျောက်သွားတာ ၂ ရက်လောက်ကြာတယ်။ လမ်းတွေက မန္တလေးလို လေးထောင့်ကွက်တွေနဲ့ ဆောက်ထားတယ်လို့ ထင်နေတာ။ အပင်တွေကို ရေလောင်းနေတဲ့အမေရိကန်တယောက်က သူ့မိန်းမယိုးဒယားမကို ယိုးဒယားဘုန်းကြီးတစ်ပါး အိမ်ရှေ့ရောက်နေတယ်လို့ သတင်းပေး။ ယိုးဒယားမကမေးမြန်း မြန်မာသံရုံးကိုဆက်သွယ် ကျောင်းထိုင်ဆရာတော် ရောက်လာတော့မှ အဲဒီကိုယ်တော်လည်း မေ့လဲသွားတယ်။ အဲဒီလို ကြားထားတော့ စိတ်ပူတာပေါ့ အမေ အိမ်ပြန်ရောက်လာပြီဆိုတဲ့ မက်ဆေ့ရမှပဲ စိတ်အေးသွားတယ်။ သမီး ဒီနားကနေ လေယာဉ်ပျံတွေ ငါးမိနစ်တစင်း တက်လိုက်ဆင်းလိုက်။ ဆယ်မိနစ်လောက်အဝေးမှာ အင်တာနေရှင်နယ်လေဆိပ်ရှိတယ်။ အင်တာနက်ကနေ လေယာဉ်တွေ ဘယ်လောက်များတယ်ဆိုတာ ပြလိုက်တယ်။ ကားတင် traffic ရှိတာမဟုတ်ဘူး ကောင်းကင်မှာလည်း traffic ရှိတယ်။ ဒါကြောင့် လေယာဉ်က လေဆိပ်ရောက်နေတာတောင် ချက်ခြင်းမဆင်းရသေးဘူး ၁၅ မိနစ်လောက် ကောင်းကင်မှာဝဲပြီး ဆင်းဖို့စောင့်နေရတာကိုး။

အဖေတို့စီးလာတဲ့လေယာဉ် ဘယ်ရောက်နေပြီ ဘယ်လမ်းကြောင်းနဲ့သွားတယ်ဆိုတာ အကုန်ကြည့်လို့ရတယ်။ ဟုတ်လား စိတ်ဝင်စားစရာပဲ။ အဖေတို့စီးလာတဲ့ လေယာဉ်က တနာရီ ဘယ်နှမိုင်နှုန်း မောင်းလဲသိလား။ အဲဒါတော့ မသိဘူး နယူးယောက်ကနေ လော့အိန်ဂျလစ်ကို မိုင် ၃၀၀၀၊ ၆ နာရီစီးရတာ မှတ်မိလား။ ၂၀၁၅ တုန်းက ကယ်လီဖိုးနီးယားဖက်ကို ၇ ရက် ခရီးထွက်တုန်းကလေ။ မှတ်မိတယ် အဲဒါဆို ၁ နာရီ မိုင် ၅၀၀ နဲ့ မောင်းတာပေါ့။ ဘိုးအင်းလေယာဉ်ကတော့ ပိုမြန်လိမ့်မယ်ထင်တယ်။ မကြီးကိုပြောပြတော့ အယ်မလေး သားအဖနှစ်ယောက် ခေါင်းချင်းဆိုင်နေလိုက်ကြတာ အဲဒီဆိုဒ်မှာ ဘယ်လေယာဉ်က ဘယ်လမ်းကြောင်းကနေ ဘယ်နှမိုင်နှုန်းနဲ့သွားတယ်ဆိုတာ အကုန်ရေးထားတယ်။ အဖေ ဘာတွေနှိပ်လိုက်လဲတော့မသိဘူး အိုင်ပတ်က ဘယ်လိုမှဝင်လို့မရတော့ဘူး။ ဝေါထရိတ်စင်တာက ပန်းသီးဆိုင်ကိုသွားတော့ ကာစတာမာဆားဗစ်ခေါ်ပါတဲ့။ ကွန်ပျူတာနဲ့ အိုင်ပတ်ကို ချိတ်ဆက်၊ ကိုယ့်ကွန်ပျူတာထဲ remote login နဲ့ဝင်ပြီး iOS အသစ် ဒေါင်းလုပ်ချ၊ account ဝင်ခိုင်းတာ password မှားနေလို့ ဘယ်လိုမှ ဝင်လို့မရဘူး။ ၁ နာရီကြာတယ် နောက်နေ့လည်း နာရီဝက်လောက်ကြာအောင် လုပ်ပြီးတော့ စင်္ကာပူကနေဝယ်တာဆိုတော့ စင်္ကာပူကို ပြန်ပို့ပါတဲ့။

ဒေါနယ်ထရန့် စတိုင်ပါတဲ့
နောက်တော့ မကြီးကို password နောက်တခုမေးပြီး ဝင်တော့ရတယ်။ ပန်းသီးက Security ကောင်းလိုက်ပုံများ။ အဲဒီလို ခက်ခက်ခဲခဲ လုပ်နေရတာကိုမြင်တော့ အမေက အဖေ့ကို ဆူတယ် ကလိဦးလေ ခုတော့ဖြစ်ပြီမလား ကိုယ်လုပ်လို့ဖြစ်တာဆိုတော့ ငြိမ်နေတယ် သူများလုပ်ရင် ပြောမဆုံးဖြစ်ဦးမယ် အဲဒီလိုပျက်မှာစိုးလို့ ဘာမှမလုပ်တာလို့ အမေကဆူတော့ အဖေက မျက်နှာငယ်လေးနဲ့ငြိမ်နေတယ်။ ဆေးကဒ်ကုန်ပြီး ကဒ်အသစ်ဖောက်တာမဟုတ်ဘူး ဟိုအကဒ်မှာနည်းနည်း ဒီအကဒ်မှာနည်းနည်း ဒီမှာကြည့် ငါမှာ တကဒ်ကုန်မှ တကဒ်ဖောက်တာ ခရီးသွားမယ်ဆိုရင် ဒီကဒ်လေး ၂ ကပ် ယူသွားရုံပဲ။ ဘယ်လောက်ပြောပြော ဘယ်တော့မှ နားမထောင်ဘူး စည်းကမ်းမရှိဘူး သူ့သမီးတွေပြောမှ နားထောင်တယ် သမီးပြော။ အမေ အဖေပြောတာမှန်တယ် အဲ့လိုဖြစ်ရမှာပေါ့ မဟုတ်ဘူးလားဆိုတော့ ရှက်ရယ်ရယ်နေလေရဲ့။ ဒီတခေါက်တော့ လူအများနဲ့မျှနေရတာ မဟုတ်တော့ အနေမကြုံ့့၊ မြို့လေးကလည်း အေးအေးဆေးဆေး သာသာယာယာ ခြေခင်းလက်ခင်းသာ၊ တပတ် ၂ ခါလောက် ညနေရုံးဆင်းရင် ဝေါထရိတ်စင်တာကိုလာ ပြီးရင် မက်ဟန်တန်တခွင် လျှောက်လည်။ အဖေနဲ့အမေတော့ ပျော်ရွှင်မှုတွေ၊ အမှတ်တရတွေ တပွေ့တပိုက်နဲ့ ပြန်သွားကြလေရဲ့။

စန်းထွန်း
အောက်တိုဘာ ၁၄၊ ၂၀၁၇။


ရေခြားမြေခြား ခရီးသွှား - ၃

၂၀၁၇ ဇွန်လမှာ အဖေတို့ စတိတ်ကို လာလည်ကြပါတယ်။ အဖေက ဒုတိယအကြိမ်ဖြစ်ပြီးတော့ အမေက တတိယအကြိမ်ပါ။ အမေရိကန်ဗီဇာကို ကိုယ်က အွန်လိုင်းကနေ လျှောက်ပေးပြီး စာရွှက်စာတမ်းတွေကို မကြီးက စင်္ကာပူကနေ စာအိတ်နဲ့ထည့်ပေး၊ အင်တာဗျူးမတိုင်ခင် တပတ်အလိုမှာ အဖေက သံရုံးရှေ့က စာတိုက်ပုံးထဲသွှားထည့်။ ကိုယ့်အလုပ်သစ်၊ ဘယ်မှာလုပ်တယ်၊ ဘာဗီဇာနဲ့ နေတယ်ဆိုတာ ပြောပြထား၊ အင်တာဗျူး အတွေ့အကြုံ ရှိပြီးသား၊ အမေရိကန်မှာ တလလောက်ပဲနေပြီး ပြန်လာမဲ့သူတွေဆိုတာ သေချာနေတော့ ဗီဇာမရမှာကို စိတ်မပူတော့ဘူး။ အင်တာဗျူးအပွိုင့်မန့်ယူတော့ confirmation အီးမေးလ်ရတယ်။ အင်တာဗျူးဝင်ခါနီး အဲဒီ confirmation number မပါလို့ မဝင်ရဘူးဆိုလို့ ဘိုင်ဘာကနေ လှမ်းပို့ပေးရသေးတယ်။ ဘာတွေမေးလဲဆိုတော့ စတိတ်ကို ဘယ်နှစ်ခေါက်ရောက်ဖူးလဲ အဖေက ၁ ခေါက် အမေက ၂ ခေါက်၊ ဘယ်သူ့ဆီ သွှားလည်မှာလဲ သမီးဆီကို၊ ဘယ်မှာနေတာလဲ နယူးဂျာဆီမှာ၊ ဘယ်လုပ်တာလဲ ဆော့ဝဲအင်ဂျင်နီယာ၊ ဘယ်လောက်နေမှာလဲ တလ။ ဗီဇာငြင်းတယ်ဆိုရင် ပတ်စ်ပို့စ်ကို တခါတည်း ပြန်ပေးလိုက်ပြီး ဗီဇာရရင်တော့ နောက်နေ့ ပတ်စ်ပို့စ် ပြန်လာထုတ်ရတယ်။ ဗီဇာရပြီးတာနဲ့ လေယာဉ်လက်မှတ်ဝယ် အလုပ်အသစ်မှာ ၆ လ မပြည့်သေးလို့ ခွှင့်ယူလို့မရသေးတော့ ကိုယ်က စနေနေ့မှာပဲ သွှားကြိုနိုင်တယ်။ ဒီတော့ သာကြာနေ့ညဉ့်နက်သန်းခေါင်မှာထွက်တဲ့ လေယာဉ်ကိုစီး စနေနေ့ နေ့လည်ရောက်မဲ့ဟာကို ဝယ်ပါလို့မှာတာကို ဘာတွေလောသွှားလဲတော့မသိဘူး မကြီးက ကြသပတေးနေ့ထွက်မဲ့လေယာဉ်ကို မှားဝယ်လိုက်တယ်။

ရက်က ၂ ရက်ပဲခြားနေတော့ လေယာဉ်လက်မှတ်က ဈေးနည်းနည်းကြီးသွှားတယ်။ သောကြာနေ့ကို ပြန်ပြောင်းတော့ ဈေးကမလျှော့တော့ဘူး။ လေယာဉ်လက်မှတ်ပေါ်ကနာမည်နဲ့ ပတ်စ်ပို့စ်ပေါ်ကနာမည် တူမတူ တိုက်စစ်ခိုင်းရသေးတယ်။ ဘန်ကောက်ကို ဒုတိယအကြိမ် သွှားတုန်းက အမေ့နာမည်မတူလို့တဲ့ ငါးသောင်းပေးလိုက်ရဘူးတယ်။ လေဆိပ်တခုကနေတခုအပြောင်းမှာ ဝှီးချဲလ်နဲ့ လာကြိုပေးတဲ့ ဝှီးချဲလ်ဆားဗစ်ယူမလားမေးတော့ လူကြုံတွေ ရှိနေတာပဲ နယူးယောက်သွှားမဲ့သူ တယောက်မဟုတ်တယောက်တော့ တွေ့မှာပါတဲ့။ ရန်ကုန်လေဆိပ်အသစ်က နိုင်ငံခြားကအတိုင်းပဲတဲ့။ ရန်ကုန်ကနေ ဟောင်ကောင်ကို ၃ နာရီစီးပြီးတော့ ဘိုင်ဘာမှာတက်လာသင့်တဲ့အချိန် တက်မလာတော့ စိတ်ပူရပြီ။ အင်တာနေရှင်နယ်ခေါ်တဲ့ကဒ်နဲ့ခေါ် အတော်ကြီးကြာတော့မှ အဆက်အသွှယ်ရတယ်။ ပထမတခေါက်တုန်းကတော့ နယူးယောက်ကိုသွှားမဲ့ သင်္ဘောသားအစ်ကိုကြီးတစ်ယောက်နဲ့ကြုံတော့ သမီးရေ နယူးယောက်လူကြုံရှိတယ် စိတ်မပူနဲ့ ယူထားတဲ့ဝှီးချဲဆားဗစ်တောင် မလိုတော့ဘူးဆိုပြီး ဝမ်းသာအားရ ရွှင်ရွှင်လန်းလန်းနဲ့ ဘိုင်ဘာကနေ ဆက်သွယ်တယ်။ ခုတခေါက်ကတော့ စိတ်ရှုပ်နေတဲ့အသံနဲ့ သမီးရေ နယူးယောက်သွှားမဲ့လူကြုံ တယောက်မှမတွေ့ဘူး မြန်မာတယောက်ကို ကသေးလေယာဉ်ဂိတ်ပေါက်ပြခဲ့ပေးပါလို့ အကူအညီတောင်းတော့ လေယာဉ်ဂိတ်ပေါက်ကို ပြပေးခဲ့တယ် အဲဒီမှာစောင့်နေ ဘုတ်တက်လာလိမ့်မယ်တဲ့။

Arrival day, JFK International Airport
အဖေတို့ရောက်သွားတဲ့အချိန်က မနက်အစောကြီးဆိုတော့ ဂိတ်တောင်မဖွင့်သေးဘူး။ မုန့်တွေဘာတွေဝယ်စားပြီး ပြန်လာတော့မှ ဂိတ်ဖွင့်တယ်တဲ့။ ဂိတ်ဖွင့်တာနဲ့ ဘယ်လေယာဉ်နံပါတ်က ဂိတ်နံပါတ်ဘယ်လောက်ဆိုတာ ဘုတ်မှာပေါ်လာရင်ကိုပဲ အဖေကသိပြီ။ အဖေ့ကို လေယာဉ်လက်မှတ်ပေါ်က လေယာဉ်နံပါတ်၊ ဂိတ်နံပါတ်၊ ခုံနံပါတ်တွေ ကြည့်တတ်အောင် သင်ထားသလို ဘုတ်တွေပေါ်မှာ ပေါ်လာတဲ့ လေယာဉ်နံပါတ်၊ ဂိတ်နံပါတ်တွေကိုလည်း ကြည့်တတ်အောင် သင်ထားတယ်။ မသိရင်ကောင်တာကိုသွား၊ ယူနီဖောင်းဝတ်ထားတဲ့သူတွေကို လေယာဉ်လက်မှတ်ပြပြီး မေးသာမေး ညွှန်လိမ့်မယ် လိုက်ပို့ရင် တစ်ဖ်ပေးလိုက်လို့ မှာထားတယ်။ အဖေက အလယ်တန်းအထိ တက်ဖူးတော့ အင်္ဂလိပ်စာလုံးတွေ၊ အင်္ဂလန်ပရီးမီးယားလိခ်က ဘောလုံးအသင်း၊ ဘောလုံးသမားနာမည်တွေ သိတယ်။ ပြီးတော့ အဖေက လူအရိပ်အခြေ အကဲခတ်တတ်၊ ပတ်ဝန်းကျင်ကို မှတ်သားထားတတ်၊ လူရည်လည်တော့  မှားသွားမှာ မစိုးရိမ်ရဘူး။ ညစာစားလာပေမဲ့ ဗိုက်ဆာလို့ မုန့်ဝယ်စားကြတယ်တဲ့ အင်္ဂလိပ်စကားမပြောတတ်ဘဲ ဘယ်လိုများဝယ်စားကြပါလိမ့်။ အဖေက ဆိုင်းဘုတ်ပေါ်က ထမင်းကြော်ပုံကို ဓာတ်ပုံရိုက်ပြီးပြတော့ ခေါင်းခါပြတယ် တခြားဆိုင်ကို ညွှန်ပြတယ်။ အဲဒီဆိုင်မှာက ထမင်းမရှိဘူး ကော်ပြန့်လိပ်လိုမျိုးရှိတယ်။ ဓာတ်ပုံရိုက်ပြီး မှာတော့ရတယ် ၁၇ ကျပ်တောင်ကျတယ်တဲ့။

ဈေးသက်သာတဲ့ဟာတွေကို ဘယ်ရွေးတတ်ပါ့မလဲ အင်္ဂလိပ်စကားမပြောတတ်ဘဲ စားစရာဝယ်နိုင်တာကိုက အတော်ဟုတ်နေပြီ။ ပြီးတော့လည်း ချက်ချင်းမရသေးဘူး ဘောက်ချာစာရွက်လေးကိုင်ပြီး ကိုယ့်အလှည့်ရောက်အောင် စောင့်နေရသေးတယ်တဲ့။ ရန်ကုန်ကနေ ဖုတ်ပူမီးတိုက် ကသောကမြော ထွက်လာကြတော့ ဗိုက်ဆာနေကြမှာပေါ့။ ဟောင်ကောင်လေဆိပ်မှာ မုန့်ဝယ်စားတဲ့အကြောင်း အဖေက ခဏခဏပြောတယ်။ အဖေ ကိုယ့်ဘာသာကိုယ်လည်း ရယ်ချင်တယ် သမီးရေ ဓာတ်ပုံရိုက်ပြီး မုန့်ဝယ်တာကိုတဲ့။ အဖေက အဲ့ဒီလိုဖြတ်ထိုးညဏ်ကောင်းတယ်။ အမေက ဝယ်ပြီးတာတောင် ချက်ချင်းမရသေးဘူး ဘောက်ချာကိုင်ပြီး နံပါတ်နဲ့ကိုယ့်အလှည့်ရောက်အောင် စောင့်ရသေးတယ်တော့။ အမေက ဘယ်ဟာမဆိုစားနိုင် ဘယ်နေရာမဆို အိပ်ပျော်တော့ လေယာဉ် ၁၈ နာရီ အကြာကြီး စီးရပေမဲ့လည်း သိပ်မပင်ပန်းဘူး။ အဖေကတော့ စားလည်းမစားနိုင် အိပ်လည်းမအိပ်နိုင် စိတ်ပူတတ်တဲ့သူဆိုတော့ အတော်ပင်ပန်းတယ်။ အဖေဆီမှာ ဗမာလိုတကြောင်း အင်္ဂလိပ်လိုတကြောင်း ရေးထားတဲ့စာရွက်လေးရှိတယ်။ အဲဒီစာရွက်မှာ သမီးဖြစ်သူဆီကို လာလည်တာပါ ၊ တလနေချင်ပါတယ်၊ ကိုယ့်လိပ်စာ ဖုန်းနံပါတ် အလုပ်အကိုင် ဘာဗီဇာနဲ့နေတယ်၊ ကျေးဇူးပြုပြီး ရေတခွှက်လောက် ရနိုင်ပါမလား၊ ခေါက်ဆွဲနဲ့ကြက်သား၊ ထမင်းနဲ့ငါး ပေးပါလို့ ၊ ဖောင်ဖြည့်ပေးပါ၊ ဝိုင်ဖိုင်ချိတ်ပေးပါ ၊ ခေါင်းမူးတယ်၊ အန်ချင်တယ်၊ ဗိုက်အောင့်တယ်ဆိုတာကို ဗမာလိုတကြောင်း အင်္ဂလိပ်လိုတကြောင်း ရေးထားတယ်။

Oculus, World Trade Center
ဘေးမှာထိုင်တဲ့ အိန္ဒိယသားတစ်ယောက်ကို ဖောင်တွေဖြည့်ဖို့ အကူအညီတောင်းတော့ သိပ်မကူညီချင်ဘူး နောက်တော့ စိတ်ပါလက်ပါ ရေးပေးတယ်တဲ့။ သူက ငါးလနေမှာ အဖေက ၃ လနေမှာလို့ လက် ၃ ချောင်း ထောင်ပြတယ်တဲ့။ အင်း အင်္ဂလိပ်လိုမပြောဘဲနဲ့ လက်ဟန်ခြေဟန် အမူအယာတွေနဲ့ ဘယ်လိုများ ပြောကျပါလိမ့်။ အဲဒီအိန္ဒိယသားက ပညာတတ်ပုံရတယ် အင်္ဂလိပ်စာအုပ်တွေပဲ ဖတ်တာတဲ့  အဖေက အဲဒီလို အင်္ဂလိပ်စာအုပ်မှန်းလည်း သိတယ်။ လေယာဉ်မယ်တွေက ဘာစားချင်လဲလို့ လာမေးရင် အဲဒီစာရွက်လေးပေါ်မှာ လက်ထောက်လိုက် လေယာဉ်မယ်ကဖတ်ပြီး လာချပေး၊ ဘေးမှာထိုင်တဲ့သူကိုလည်း အဲဒီစာရွက်ပြပြီး ဖောင်ဖြည့်ခိုင်း၊ လူဝင်မှုကြီးကြပ်ရေးဝင်တော့လည်း အဲဒီစာရွက်ပေးလိုက်တာ ဘာဆိုဘာမှမမေးဘူး ဒုန်းဆိုဗီဇာထုပေးလိုက်တော့တာပဲတဲ့။ လမ်းတွေပိတ်လို့ ဂွျှန်အက်ဖက်ကနေဒီလေဆိပ်ကနေ အိမ်ကို ၂ နာရီလောက်ကြာတယ်။ ရောက်တာနဲ့အဖေက အိပ်ယာထဲ ထိုးအိပ်တော့တာပဲ။ တရေးနိုးမှ နေ့လည်စာစား ပြန်အိပ် ည ၁၁ နာရီလောက်နိုးပြီး ပြန်မအိပ်နိုင်တော့ဘူး စကားတွေထိုင်ပြော နေ့နဲ့ညနဲ့မှား ဂျက်လက်ဖြစ်တာ တပတ်လောက်ကြာတယ်။ ရုံးကပြန်လာရင် အိမ်နားကပန်းခြံမှာ လမ်းလျှောက် ၂ ရက်လောက်ဆိုတာနဲ့ အဖေက ပန်းခြံကို တယောက်တည်းသွားတတ်နေပြီ ပေါ်တူဂီဆိုင်မှာ ဈေးဝယ်တတ်နေပြီ။ ပန်းခြံဆီသွားတဲ့လမ်းက အိမ်တချို့မှာ ပေါ်တူဂီအလံ လွှင့်ထားတယ်တဲ့။ အဖေက ဘောလုံးပွဲကြည့်တော့ သူ့ဘောလုံးသမားတွေရဲ့ နိုင်ငံအလံတွေကို သိတယ်။

တပတ်လောက်အကြာမှာ ရုံးဆင်းချိန် ဝါထရိတ်စင်တာကို လာခိုင်းလိုက်တယ်။ ရထားက တလိုင်းတည်း၊ ကိုယ်မနက်တိုင်းတက်သွားတဲ့အခြမ်းက ရထားကိုစီး ဂိတ်ဆုံးရောက်ရင်ဆင်း ဂိတ်ပေါက်နားမှာ စောင့်နေပါလို့မှာတော့ အဖေက စိတ်နည်းနည်းပူတယ် ဖြစ်ပါ့မလားသမီးရဲ့။ ဖြစ်ပါတယ် အဖေလာတတ်ပါတယ် ရှင်းရှင်းလေးကို မှားစရာမရှိဘူး။ ညနေ ၅ နာရီတောင် မထိုးသေးဘူး သမီးရေ ရောက်နေပြီ အောင်မလေး လူကများလိုက်တာ မိန်းမရေ အနားမှာနေ တော်ကြာပျောက်သွားမှဒုက္ခ သမီး အဖေတို့ စီအိုအက်စ်ဆိုင်ရှေ့မှာ ဘယ်မှမသွားဘူး။ ဆိုင်ရှေ့မှာစောင့်နေတဲ့ အဖေတို့ကို ဆိုက်ဆိုက်မြိုက်မြိုက်တွေ့တယ်။ အဖေက ရထားပေါ်မှာ ဘေးကလူတွေကို မေးတယ်တဲ့ ဝေါထရိတ်စင်တာလို့မေးတော့ ခေါင်းညိတ်ပြတယ်တဲ့။ ဒီလိုနဲ့ တပတ်မှာ ၂ ရက်လောက် ညနေရုံးဆင်းချိန်မှာ အဖေတို့က လာစောင့်နေပြီး မက်ဟန်တန်တခွင် လျှောက်လည်ကြတယ်။ အဖေက သင်ယူလိုစိတ်ရှိတယ် ဘိုင်ဘာ၊ ဖေ့ဘွတ်မှာ ဓာတ်ပုံတွေတင်တာ၊ စာရိုက်တာတွေ သင်တယ်။ တီဗွီ၊ အိုင်ပတ်ကနေ ဘောလုံးပွဲတွေကြည့်တယ်။ အမေက အိုင်ပတ်ကနေ သတင်းတွေကြည့်တယ်။ အမေက ချက်ပြုတ်၊ အဖေက အိမ်ရှင်းလင်း၊ ပန်းကန်ဆေး၊ အမှိုက်ပစ်၊ ထမင်းမစားခင် ပန်းသီးရှလကာရည်၊ ဆနွှင်းနဲ့ cod liver oil ဖျော်။ အမေက လက်နဲ့လျှော်ရတာကြိုက်တယ်။ လေးတဲ့ဟာတွေကိုတော့ စက်နဲ့လျှော်ခိုင်းတယ် အဝတ်လျှောက်စက်ကို ဘယ်လိုသုံးရတယ်ဆိုတာ ပြထားတယ်။ တနေ့တော့ အဖေက ဘိုင်ဘာကနေ ဗွီဒီယိုကောခါ်ပြီး အဝတ်လျှော်စက် မလည်လို့ ဘယ်လိုလုပ်ရမလဲလို့မေးတယ်။

United Nations, NYC
သုံးခါတိတိ ဗွီဒီယိုကောခေါ်ပြီးတဲ့အခါ အဝတ်လျှော်တာ အောင်မြင်သွားတယ်။ ဧည့်ခန်းထဲမှာ နှစ်ယောက်အိပ်မွေ့ယာနဲ့အိပ်တော့ အမေက လှုပ်လို့ အဖေက အိပ်မပျော်ဘူးတဲ့။ အဖေက အအိပ်ဆတ်တယ် ကြွက်ပြေးသွားရင်တောင် နိုးတယ်။ တီဗွီမှာ ပေါ်နေတဲ့ နာရီအချိန်မီးက လင်းလို့တဲ့ စာရွက်လေးနဲ့ကွယ်ပြီး အိပ်တယ်။ တယောက်အိပ်မွေ့ယာပြောင်း၊ ဆားခါးခေါင်းအုံးလုပ်ပေး၊ နေ့နဲ့ညမမှားတော့လို့လားမသိ အဖေက အိပ်ပျော်တယ်တဲ့။ မနက်တိုင်း၊ ညနေတိုင်း လမ်းလျှောက်၊ မက်ဟန်တန်မှာလည်းလျှောက် နယူးယောက်က လမ်းလျှောက်ရတဲ့နေရာမှာ နံပါတ်တစ်။ ဘရွှက်ကလင်းတံတားကိုတော့ အဖေက အံ့သြစရာကောင်းလိုက်တာ နှစ် ၁၀၀ ကျော်ပြီ ကျောက်သားတွေနဲ့ အသေအချာ အခိုင်အခံ့ဆောက်ထားတယ်တဲ့။ ပန်းခြံမှာ ကောင်လေးတစ်ယောက် ရီမုတ်ကိုင်နေတော့ အမေက လေယာဉ်ပျံသေးဆော့တယ် ထင်နေတာ အဖေက ဒရုန်းတဲ့။ အဖေ ဒရုန်းဘယ်လိုသိလဲမေးတော့ ဘောလုံးပွဲတွေဆို ဒရုန်းနဲ့ရိုက်တာတဲ့။ အဖေက ဒရုန်းကို စိတ်ဝင်စားနေတာ ဈေးဘယ်လောက်ရှိသလဲတဲ့ ကိုယ်လည်းမသိ။ ဝေါထရိတ်စင်တာက ပန်းသီးဆိုင်မှာ ကိုယ့်ကိုစောင့်နေတုန်း အဖေက show counter မှာ ရစ်သီရစ်သီလုပ်နေလို့ အဖေ ဘာတွေကြည့်နေတာလဲမေးလိုက်တော့ သမီးရေ အဲဒါဒရုန်း။

ဒရုန်းကိုကိုင်ပြီး ဈေးနှုန်းကြည့်မလို့ပြင်တဲ့အချိန် အရောင်းစာရေးမလေးက ဒေါ်လာတစ်ထောင်တဲ့။ သူ့မှာ အဲ့ဒီဒရုန်းရှိလို့ သိတယ်တဲ့ အဝေး ၃ မိုင်၊ အမြင့် မီတာ ၅၀၀ လောက်၊ ဘထ္ထရီကုန်လို့ ဘထ္ထရီအပိုဝယ်သင့်တဲ့အကြောင်း၊ အင်တာနက်သုံး၊ ရီမုတ်ကနေ ဒရုန်းရဲ့ကင်မရာကို လှည့်နိုင်တဲ့အကြောင်း သိရတယ်။ ကနေဒါမှာနေတဲ့ ကိုယ့်ကျောင်းနေဖက်သူငယ်ချင်းက သူ့မိဘတွေကို ကနေဒါကိုအလည်ခေါ်ချင်လို့ ကိုယ့်မိဘတွေ လူကြုံနဲ့လာတာလား ဘယ်လိုလာတယ်ဆိုတာ သိချင်လို့မေးတယ်။ ကိုယ့်မိဘတွေက စာရွက်လေးတရွက်ကိုင်ပြီး စတိတ်ကိုလာတယ်လို့ပြောတော့ သူ့မိဘတွေကတော့ အဲဒီလိုလာဖို့ဖြစ်နိုင်မယ်မထင်ဘူး သူသွားမှာပဲ ခေါ်လာခဲ့တော့မယ်တဲ့။ သစ်ရွက်တွေအရောင်ပြောင်းချိန်ဆို အရမ်းလှတာ အဖေတို့ကို ခေါ်ပြချင်တယ် နှင်းကိုလည်းမြင်ဘူးအောင် ဆောင်းတွင်းခေါ်ဦးမယ်။ အယ်မလေး ... အေးလို့နေနိုင်ပါ့မလား သမီးရဲ့ ခုတောင်ချမ်းလို့ စောင်ခြုံနေရတာ။ အပူပေးစက်နဲ့နေ တကိုယ်လုံး ကောက်ညှင်းထုပ်လို ဝတ်ထားရင်ရပါတယ်။ နှင်းတွေက အမြဲကျနေတာလားသမီး ဒီမြက်ခင်းမှာ နှင်းတွေရှိနေမှာပေါ့နဲ့ မလာချင်ဘူးပြောနေပေမဲ့လည်း ဆောင်းရာသီ နှင်းကျတာကို စိတ်ကူးနဲ့မြင်ယောင်နေကြလေရဲ့။ နွှေဦးရာသီ ချယ်ရီပွဲတော်ချိန်တော့ လာချင်တယ် ၂ ပတ်လောက်။ ဟင် ... ၂ ပတ် ဂျက်လက်က ၁ ပတ်လောက် ဖြစ်တဲ့ဟာကို။ ၃ လလောက်နေမယ်ပြောပြီး ၁ လဆိုတာနဲ့ ပြန်မယ်ဖြစ်ပါလေရော။ အဖေ ဝှီးချဲလ်ဆားဗစ်၊ လူကြုံရှာဦးမလား အယ်မလေး သမီးရယ် အလာတုန်းကတောင် ဝှီးချဲလ်ဆားဗစ်မယူဘဲ ကိုယ့်ဘာသာ လာခဲ့တာ အပြန်ကျမှ ဝှီးချဲလ်ဆားဗစ်ယူမယ်ဆိုတော့ သိက္ခာကျပါတယ်။ ကိုယ့်အဖေနဲ့အမေကတော့ အဲ့ဒီလို စာရွက်လေးတစ်ရွှက်ကိုင်ပြီး စတိတ်ကိုလာခဲ့ကာ စာရွှက်လေးတစ်ရွှက်ကိုင်ပြီး စတိတ်ကနေ ပြန်သွားကြလေရဲ့။

စန်းထွန်း
အောက်တိုဘာ ၈၊ ၂၀၁၇။

ရေးခဲ့ပြီးတာတွေက
ရေခြားမြေခြား ခရီးသွား
ရေခြားမြေခြား ခရီးသွား - ၂

Departure day, JFK Airport