ဘဝခရီးသည် - ၄

အလုပ်ထွက်လုပ်တာချည်း အတူတူ အလုပ်က ပြန်လာရင် ယောကျာ်းက ဧည့်ခန်းမှာထိုင် သတင်းစာဖတ်၊ တီဗွီကြည့်၊ မိန်းမက မီးဖိုချောင်မှာ ချက်ပြုတ်။ ဟင်းမချက်တောင် အိမ်မှုကိစ္စတွေ ကူမလုပ်ပေးတဲ့ ယောကျ်ားလေးဆို သိပ်အမြင်ကပ်တယ်။ ကိုယ့်အဖေက ကိုယ်တို့ကို ဟင်းချက်နည်း  သင်ပေးခဲ့တာ။ အမြင်မတော်ရင် တံမြက်စည်းယူပြီး လှည်းပစ်လိုက်တာပဲ ယောကျာ်းအလုပ်၊ မိန်းမအလုပ်ရယ်လို့ ခွဲခြားမနေဘူး။ ကိုယ့်အဖေလို ယောက်ျားမျိုး နှစ်ယောက်လောက်ပဲ မြင်ဖူးတယ်။ ဒါဆို မင်းတော့ အီတလီသားတွေကို သဘောကျလိမ့်မယ် အီတလီသားတွေက ဟင်းချက်ဝါသနာပါတယ်။ ဟင်...မင်းတို့နှစ်ယောက် ဟင်းမချက်တတ်ဘူး။ အဟဲ.. ကိုယ်စားဖို့တော့ ချက်တတ်ပါတယ် သူများကို ချက်ကျွှေးရလောက်အောင်တော့ confident မရှိဘူး။ ဝေ့လည်း ယူအက်စ်ရောက်မှ ဟင်းချက်ဖြစ်တယ်။ အမ်မလေး... ဟင်းချက်တာများ လွယ်လွယ်လေး ဟိုဟာပစ်ထည့် ဒီဟာပစ်ထည့် ဒီလိုနဲ့ ဟင်းဖြစ်သွားရော။ အပြောကြီးတဲ့ ကိုယ့်ကိုကြည့်ပြီး ဝေ့နဲ့ဝိုင်းက ပြုံးနေကြလေရဲ့။

ဝေ့ က သူ ငါးမိနစ် နောက်ကျမယ်လို့ မက်ဆေ့ပို့လာတယ်။ ကိုယ်တော့ ဝေ့လာမယ်လို့ မထင်ထားတာ။ မနက်အစောကြီးထဖို့ဆိုတာ မလွယ်ဘူး။ ပိတ်ရက်ဆို နေမြင့်တဲ့အထိ အိပ်တတ်ကြတာ။ အင်း... အပြင်သွားဖို့ဆိုတာ သတ္တိလိုတယ်၊ မပျင်းပါမှ။ ဝေ့သာ နယူးယောက်မှာ အလုပ်ရရင် ကိုယ်တို့သုံးယောက် ဖလမ်းဖလမ်း ထနေမလားဘဲ။ အရင်တုန်းက ပိတ်ရက်နှစ်ရက်မှာ တစ်ရက်ကို လမ်းလျှောက် တစ်ရက်ကို ဈေးဝယ်၊ ချက်ပြုတ်၊ သန့်ရှင်းရေး၊ အနားယူလို့ သတ်မှတ်ထားတာ ဝိုင်းနဲ့ သိပြီးကတည်းက ကိုယ်တော့ ပိတ်ရက်နှစ်ရက်လုံး အပြင်ထွက် လည်နေတော့တာပဲ။ အိမ်မှာနေရင် တနေကုန် ကွန်ပျူတာ၊ အိုင်ပတ်၊ ဖုန်းတွေနဲ့ မျက်နှာ ခွာတော့တာ မဟုတ်ဘူး။ အဲဒါ မကောင်းဘူး ပိတ်ရက်တွေမှာ ကွန်ပျူတာ၊ ဖုန်း အီလက်ထရောနစ် ပစ္စည်းတွေနဲ့ ဝေးဝေးနေသင့်တယ်။ ဝေ့က ရည်းစားမရသေးလို့ ကိုယ်တို့နဲ့ လာပေါင်းနေတာကွ။ သူ ရည်းစားရသွားရင် တောင်တက်၊ ပြတိုက်သွား၊ လမ်းလျှောက်တော့မယ် မထင်။ အင်း ဝေ့ရည်းစားက ဝေ့လိုမျိုး တောင်တက်၊ ပြတိုက်သွားတာ ဝါသနာပါရင် ကောင်းမယ်နော်။ အဲဒါဆို ကိုယ်တို့လေးယောက် အတူတူ တောင်တက်လို့ရမှာ။

ဟို နယူးဂျာဆီဖက်ကို ဆက်ထားတဲ့ တံတားက ဂျော့ဝါရှင်တန်တံတား ထင်တယ်။ ဟုတ်ပါ့မလား ဒီနားမှာ တံတားနှစ်ခုရှိတယ် နယူးဂျာဆီကို ဆက်တဲ့ ဂျော့ဝါရှင်တန်တံတားရယ်၊ ဘရောင်းဖက်ကို ဆက်ထားတဲ့ တံတားရယ်။ နယူးယော့ကာ မဖြစ်သေးတဲ့ ဝိုင်းက ဝင်မငြင်းဘူး။ မျက်မှန်ကောက်တပ်ကြည့်တဲ့ ဝေ့က ဆောရီး အဲဒါ ဂျော့ဝါရှင်တန်တံတား။ ဝေ့ မင်းဟာလေ မျက်မှန်မတပ် မမြင်မစမ်းဘဲ မငြင်းစမ်းနဲ့။ ဆဲလ်ဖီတွေ ခေတ်စားတော့ ဝေ့က ဆဲလ်ဖီတွေ ရိုက်တယ် ရိုက်တိုင်းလည်း တပုံမှ မလှဘူး။ ဆဲလ်ဖီရိုက်တယ်ဆိုတာ နည်းရှိတယ်  မျက်နှာသွယ်သွယ် မျက်နှာကျလှလှဆိုရင် ဘယ်ဖက်ကပဲရိုက်ရိုက်။ ကိုယ်တို့မျက်နှာက ကြီးတော့ တည့်တည့်ရိုက်ရင် မျက်နှာက ပိုကြီးသွားတယ်။ ဒီတော့ နည်းနည်းမြင့်မြင့်လေးက ရိုက်ရတယ်။ ဒီတော့ မေးနှစ်ထပ် ဖြစ်တာတွေလည်း မမြင်ရတော့ဘူး။

ဟုတ်တယ် ဆဲလ်ဖီပုံတွေကြည့်ပြီး ဝေ့သူငယ်ချင်းတွေက ဝေ့ကို ဝလာတယ်လို့ ပြောကြတယ်။ အမှန်က မျက်နှာက ကြီးနေတာ။ အေး အထက်ကနေ နည်းနည်းလေး ပင့်ရိုက် ဘယ်တော့မှ မျက်နှာတည့်တည့်ကို မရိုက်လေနဲ ့ဟုတ်ပြီ မျက်နှာကို နည်းနည်းစောင်းစောင်းလေး ထားပြီးရိုက်။ အဲ ခလုတ်လေး နှိပ်ပေးပါဟာ ဝေ့ လက်မမှီလို့ ဟား ဟုတ်ပြီ ဒီတစ်ခါပဲ ဆဲလ်ဖီပုံလေး ကောင်းကောင်းရဖူးတယ် ဖေ့ဘွတ်ပရိုဖိုင် လုပ်လို့ရပြီ။ လာဟေ့ အုပ်စုလိုက်ပုံ ရိုက်ပြီး ဆဲလ်ဖီလေး လေ့ကျင့်လိုက်ရအောင်။ ဓာတ်ပုံတွေ ပြန်ကြည့်တော့ ဝေ့မျက်လုံးက တခြားကို ကြည့်နေတယ်။ ဟာ ဝေ့ မျက်လုံးက ကင်မရာကို ကြည့်ရမှာကွ ဘယ့်နှယ့် ခလုတ်ကို ကြည့်နေတာတုန်း ပြန်ရိုက်မယ်။ ကြိုက်တဲ့ အနေအထားလေးရပြီဆိုရင် ကင်မရာကိုကြည့်လို့ အော်ပြီး သတိပေးရတယ်။ ဒါပေမဲ့လည်း ဝေ့က ခလုတ်နှိပ်တဲ့သူဆိုတော့ ယောင်ပြီး ခလုတ်ကိုကြည့်မိလို့ ဓာတ်ပုံထဲမှာ သူ့ မျက်လုံးက တခြားကို ကြည့်နေသလို ဖြစ်နေတယ်။ ဒီလိုနဲ့ ဓာတ်ပုံ ၃၀ လောက်ရိုက်မှ ၁ ပုံ ကောင်းကောင်းရတယ်။


ဝိုင်းက သူ့ကင်မရာလေးနဲ့ ဆဲလ်ဖီရိုက်ကျင့်။ ဝေ့က သူ့ဖုန်းနဲ့ ဆဲလ်ဖီရိုက်ကျင့်။ ကိုယ်က သူတို့နှစ်ယောက် ဆဲလ်ဖီတွေကို ဝေဖန်ပေး၊ ကင်မရာခလုတ်နှိပ်ပေး၊ ဖုန်းအနေအထားပြင်ပေးနဲ့။ ကိုယ်တို့တွေ ဆဲလ်ဖီလေ့ကျင့်ကြတာ တဟားဟားနဲ့ အတော်ပျော်စရာကောင်းသား။ ဆူနမ်တို့နဲ့ ဆဲလ်ဖီတခါမှ မရိုက်ဖူးဘူး။ ဝေ့၊ ဝိုင်း၊ ကိုယ်တို့ဆုံကြရင် ဆဲလ်ဖီရိုက်ကြပြီး ဘယ်သူက တိုးတက်လာတယ်၊ ဘယ်သူက ဘယ်နေရာမှာ လိုနေတယ်လို့ ဝေဖန်ကြတော့တာပဲ။ ၉၁၁ နေ့က ဝေ့ နှုတ်ဆက်ပွဲ ကျင်းပတယ်။ အဲဒီနေ့မှာပဲ ကိုယ့်အလုပ်ဗီဇာ အဆင်ပြေသွားလို့ကိုယ်က ပါးစပ်နားရွက်ချိတ်မတတ် ပျော်နေတော့တာပဲ။ မျက်နှာကလည်း တပြုံးပြုံးနဲ့။ ကိုယ်တို့ရုံးမှာ ၆ ယောက်လျှောက်တာ ၃ ယောက်က ရီဂျက်၊ တယောက်က ရသွားပြီး ၊ ၂ ယောက်က မသိရသေး (အဲဒီ ၂ ယောက်ထဲမှာ ကိုယ်ပါတယ်)။ ရီဂျက်ထိတဲ့ တရုတ်လေးက ပီအိတ်ချ်ဒီ၊ လွန်ခဲ့တဲ့ ၆ လကမှ  သမီးလေးမွေးလို့ ကလေးအဖေ ရာထူးတိုးတဲ့သူ၊ ယူအက်စ်မှာနေတာ ၆ နှစ်လောက်ရှိပြီ။ အဲဒီလိုလူက ရီဂျက်ဆိုတော့ သတင်းကြားစတုန်းက ကိုယ်ဆို စားမဝင်၊ အိပ်မပျော်။

ကိုယ့်အပူတွေကို မိုင်းဆီ အီးမေးလ်နဲ့ ဝေမျှတယ်။ သူငယ်ချင်းဆိုတာ ကောင်းမွေ၊ ဆိုးမွေ အတူတူ ခံစားရတာမျိုးကိုး။ ပျော်နေတုန်းကတော့ သတိမရဘူး စိတ်ညစ်တယ်ဆိုရင် သူငယ်ချင်းတွေကို သတိရတယ်။ ဆူနမ်က ဘာတွေဖြစ်နေတာတုန်း ဘယ်ကျောင်းတော့ရှိတယ် ဘယ်လိုလျှောက်ရမယ် ဈေးနည်းနည်းကြီးတယ်လို့ သတင်းပေးတယ်။ ဆူနမ်က အပေါင်းအသင်း များသလို သတင်းအတော်များများလည်း သိတယ်။ သူတို့က ကိုယ့်ကို မီနီဂူဂယ်လို့ ခေါ်တာ ဆူနမ်ကမှ တကယ့်မီနီဂူဂယ်။ ကိုယ့် ကျောင်းသားဗီဇာက ဘာဖြစ်လို့ သူ့ထက် စောနေရတာလဲ ကျောင်းကိုပြန်မေးခိုင်းလို့ မေးတော့မှ ဒီဇင်ဘာအထိ တိုးပေးလိုက်တယ်။ ကြည့် မမေးလို့ကတော့ စက်တင်ဘာဆို ကျောင်းသားဗီဇာကုန်ပြီ တရားဝင်အလုပ်လုပ်လို့ မရတော့ဘူး။ ကျောင်းသားဗီဇာ သက်တမ်းတိုး၊ ဆူနမ်ဆီကနေ ကျောင်းတွေသတင်း သိရတော့မှ နည်းနည်း စိတ်အေးသွားတယ်။ သူငယ်ချင်း၊ မိတ်ဆွေကောင်းတွေရှိတာ မင်္ဂလာတစ်ပါးပါပဲ။

အလုပ်ဗီဇာ မရခဲ့ရင် ကျောင်းလျှောက်ရမယ်၊ ကျောင်းတက်ရမယ်၊ ပိုက်ဆံကုန်မယ်။ နည်းလမ်းတွေ ရှိပေမဲ့ စိတ်ဒုန်းဒုန်း မချနိုင်သေးပါဘူး။ အဲဒီနေ့မနက်က ကိုယ့်ဗီဇာ အတည်ပြ ုသွားပြီလို့ ကျောင်းက အီးမေးလ်ပို့လာတော့မှ ရှေ့နေဆီ ဖုန်းဆက်ပြီး အတည်ပြုခိုင်း။ သေချာတော့မှ သတင်းကောင်းကို သူငယ်ချင်း၊ မိတ်ဆွေတွေဆီ အီးမေးလ်၊ မက်ဆေ့ပို့၊ ဖုန်းဆက် ထခုန်မတတ် ပျော်နေတော့တာပဲ။ အစကတော့ ဝေ့ကို ဈေးပေါတဲ့ ဂျပန်ကုန်စုံဆိုင်လေးမှာ နှုတ်ဆက်ပွဲကျွှေးမလို့ နောက်တော့ ကွန်ကရက်ကျူလေးရှင်းပါတီအနေနဲ့ ဖလပ်ရှင်းမှာ ဟော့ပေါ့ သွားစားကြတယ်။ ကိုယ်တို့သုံးယောက် ဟော့ပေါ့ ကြိုက်ကြတယ်။ အိန္ဒိယစာပဲကြိုက်တဲ့ ရာမားကြောင့် အိန္ဒိယဆိုင်မှာ သွားစားရင် သူငယ်ချင်းတွေနဲ့ ဘက်မပဲ့ချင်လို့ လိုက်စားပေမဲ့ ကိုယ် သိပ်မကြိုက်ဘူး။ ဟော့ပေါ့ဆိုင်မှာ ဆဲလ်ဖီရိုက်ကြသေးတယ် မီးကလင်းလွန်းနေလို့ ဆဲလ်ဖီပုံတွေ မကောင်းဘူး။ ကိုယ်တို့သုံးယောက် ပြောလိုက်ကြတာ ဘာတွေပြောမှန်း မသိဘူး။ ဆူနမ်၊ ရာမား၊ အမ်းထရူးနဲ့ဆို ကိုယ်က ပါးစပ်ပိတ်နေရတာ များတယ်။ ဝေ့၊ ဝိုင်းနဲ့ဆိုရင် ပြောစရာတွေ မကုန်နိုင်ဘူး။ အဲဒီနေ့က ဆူနမ်၊ ရာမား၊ အမ်းထရူးတို့ကို သတိရတယ်။ သူတို့သာ နယူးယောက်မှာဆိုရင် ဝိုင်ပါတီ နွှဲကြမလားဘဲ။ ခုတော့ မိုင် ၂၄၀ ၊ ၄ နာရီအဝေးမှာ။

ကိုလံဘီယာတက္ကသိုလ်မှာ မာစတာလာတက်တာလို့ ထင်နေတဲ့ ဝေ့က ပီအိတ်ချ်ဒီ လာတက်တာလို့ သိလိုက်ရတော့ ကိုယ်တို့မှာ အံ့တွေသြလို့။ ဝေ့ကို ကိုယ်တို့က ချာတိတ်သာသာလို့ ထင်နေတာကိုး။ အိမ်မှာလည်း အငယ်ဆုံး၊ သားယော်ကျာ်းလေးမို့ အလိုလိုက်ခံရ၊ လုပ်ငန်းခွင် မဝင်ရသေးတဲ့ ဝေ့ဟာ ကိုယ်တို့မျက်စိထဲမှာတော့ အပူအပင်မရှိတဲ့ ကလေးလိုပါပဲ။ ဝေ့က ၈၈ မွေးတာတဲ့ သူ့ဖေ့ဘွတ်ပရိုင်ဖိုင်မှာ တွေ့တာ။ ဟာ...တော်တော် ငယ်တာပဲ ကိုယ်တို့ထက် ၆ နှစ်၊ ၇ နှစ် ငယ်တယ်။ ကိုယ်တို့က နုတာလား ဝေ့ကပဲ ရင့်တာလား မသိဘူး ဓာတ်ပုံထဲမှာတော့ ရွယ်တူလို့ ထင်ရတယ်နော် ဟိ..ဟိ။ မူလတန်း တက်မဲ့အချိန်ရောက်တော့ ကိုယ့်အသက်က ၄ နှစ်ခွဲ။ ၅ နှစ်မှ ကျောင်းအပ်လက်ခံတာဆိုတော့ အဖေက မွေးစာရင်းမှာ အသက်တစ်နှစ် တိုးလိုက်တယ်။ ဒါကြောင့် မှတ်ပုံတင်မှာ ကိုယ့်အသက် တစ်နှစ်ပိုကြီးတယ်။ ဝိုင်းအစ်မလတ်လည်း အဲဒီလို တစ်နှစ်တိုးထားတယ်။ အစ်မကြီးက ၇၅ ခုနှစ် သြဂုတ်လမှာ မွေးတာ အစ်မလတ်နဲ့ တစ်နှစ်ခွဲ ကွာတယ်။

ဒါပေမဲ့ အသက်တစ်နှစ်တိုးထားလို့ အစ်မလတ်က မှတ်ပုံတင်မှာ ၇၆ ခုနှစ် ဇန်နဝါရီ။ ခု ယူအက်စ်ကို လာဖို့ လေယာဉ်လက်မှတ်ဝယ်တော့ ကူညီပေးတဲ့ ဝိုင်းသူငယ်ချင်းက ဝိုင်းအစ်မနှစ်ယောက် ဘယ့်နှယ့် ၄ လပဲ ကွာနေရတာလဲတဲ့။ အဲဒီပြသနာကို ဝိုင်းအစ်မကြီးက အလတ်မက မွေးစားသမီးလို့ ဖြေရှင်းလိုက်တယ်။ တရုတ်ပြည်ကို ချောချောမောမော ရောက်တဲ့အကြောင်း၊ နယူးယောက်မှာ ကိုယ်တို့နှစ်ယောက်နဲ့ သိကျွှမ်းခဲ့ရတာကို ဝမ်းမြောက်တဲ့အကြောင်း၊ ကိုယ်တို့သွားချင်တဲ့ ခရီးစဉ်တွေ အထမြောက်ပါစေဖို့ ဆုမွန်ကောင်း တောင်းတဲ့အကြောင်း၊ ပါရဂူစာတမ်းကို တည်းဖြတ်ပေးစေချင်တဲ့အကြောင်း၊ တရုတ်အစိုးရကို ဟက်ခ်လုပ်တယ်ထင်လို့ ဘမ်းထားတဲ့ ဂျီမေးလ်ကို ပရောက်စီတွေသုံးပြီး ကျော်ခွတတ်နေပြီဆိုတဲ့ အကြောင်း အီးမေးလ်တွေ ကိုယ်တို့ရပါတယ်။ ဒီလိုအီးမေးလ်တွေ အလာကျဲသွားမှာ၊ လုံးဝမလာတော့မှာ ကိုယ်တို့ အသေအချာ သိနေကြတယ်။

ဝေ့နဲ့ ဆုံရတဲ့ အချိန်က ခဏလေးပေမဲ့ ဝါသနာတူလို့ ကိုယ်တို့တွေ ပျော်ခဲ့ကြတယ်။ နောက်ထပ်ဆုံဖို့ မျှော်လင့်ပါတယ်ဆိုတဲ့ စကား ကိုယ်တို့ မပြောကြဘူး။ ဘာကြောင့်လဲဆိုတော့ နောက်ထပ် ဘယ်တော့မှ မဆုံတော့ဘူးဆိုတာ ကိုယ်တို့တွေ အသေအချာ သိနေခဲ့ကြလို့ပါပဲ။ တစ်နှစ်ကွန်းထရပ်ကုန်ရင် ပြင်သစ်စကားပြောနိုင်ငံ (အာဖရိက) တွေမှာ တာဝန်ထမ်းဆောင်ရဖို့ရှိတဲ့ ဝိုင်းဟာလည်း မကြာခင် ခွဲခွာရတော့မှာပါ။ ဘဝမြို့မှာ ဖြတ်သန်းပြေးဆွဲနေတဲ့ ရထားလိုင်းတွေ အများကြီးထဲမှ ကိုယ်စီးတဲ့အချိန်၊ ကိုယ်စီးတဲ့ရထား၊ ကိုယ်စီးတဲ့ရထားတွဲကို ဆိုက်ဆိုက်မြိုက်မြိုက် တက်လာပြီးတော့ သိကျွှမ်းခင်မင် သူငယ်ချင်းတွေ  ဖြစ်သွားကြပေမဲ့ အချိန်တန်တော့လည်း ခွဲခွာကြရတာပဲ။ တောင်သွားတက်တဲ့အခါ၊ ပြတိုက်သွားတဲ့အခါ၊ ပန်းခြံမှာ လမ်းလျှာက်တဲ့အခါ ဝေ့နဲ့ ဝိုင်းကို သတိရမိလေမလား။ တနေ့နေ့ တချိန်ချိန် တနေရာရာမှာ ကိုယ်တို့တွေ ပြန်ဆုံတွေ့ကြဦးမလား။ တကယ်တော့လည်း ကိုယ်တို့ဟာ တွေ့ဆုံကြုံကွဲကြတဲ့ ဘဝခရီးသည်မျှသာ...

စန်းထွန်း
အောက်တိုဘာ ၁၊ ၂၀၁၄။

ဝါသနာမတူ၊ စရိုက်မတူပေမဲ့ အတန်းတူလို့ ဘဝခရီးသည် ဖြစ်ခဲ့ဖူးတဲ့ ပန်ဒါသုံးကောင်အကြောင်းကတော့
ဒီနေရာ လေးမှာ ရေးခဲ့ဖူးပါတယ်။

6 comments:

မဒမ္ကိုး said...


ညီလင်းသစ် said...


Aunty Tint said...


Thu said...


Anonymous said...

အားလုံးအလုပ်ကိုယ်စီနဲ့ ပို်က်ဆံနဲ့ အချိန်ရှိရင်တနေရာမှာဆုံဖြစ်ကြအုန်းမှာပါ။
မမအို်င်အိုရာ

San San Htun said...

မဒမျကိုး said...
စန်းထွန်းရဲ့ဘော်ဒါတွေအကြောင်းကတော့ခုထိစိတ်ဝင်စားစရာသိပ်ကောင်းတုန်းဘဲ
ချစ်ဖို့ကောင်းလိုက်တဲ့ဘော်ဒါတွေ
October 2, 2014 at 5:49 AM
ညီလင်းသစ် said...
ညီမစန်းထွန်းရဲ့ ထုံးစံအတိုင်း သူငယ်ချင်းတွေကို မျက်စိထဲ မြင်လာအောင် ကွက်ကွက်ကွင်းကွင်း ရေးနိုင်တယ်...၊ နောက်ဆုံးစာပိုဒ်လေးကတော့ တကယ့်ကို လွမ်းစရာ...။
October 2, 2014 at 7:09 AM
Aunty Tint said...
စန်းစန်းရေးသမျှ ပို့စ်လေးတွေ စိတ်ဝင်စားစရာကောင်းတယ် အထူးသဖြင့် သူငယ်ချင်းတွေအပေါ် ချစ်ခင်တွယ်တာမှုလေးတွေ ပီပီပြင်ပြင်ပေါ်လွင်နေတယ် ....
October 2, 2014 at 8:53 PM
Thu said...
နေရာဒေသမတူတဲ့နေရာကလာကြပေမယ့် နှလုံးသားချင်းနီးကြတဲ့သူငယ်ချင်းတွေအကြောင်းဖတ်ရတာစိတ်ထဲပျော်လိုက်တာ.ခုမှမျက်စိကောင်းလို့ ၂၊၃၊၄ကိုဆက်တိုက်ပြန်ဖတ်ရတယ်။Selfieရိုက်ပြီး နာ့မကြီးကို ဝေဖန်ခိုင်းအုန်းမှပါ :D
October 2, 2014 at 10:58 PM
Anonymous said...
ကိုယ်တော့စန်းထွန်းတို့တနေ့နေ့ပြန်ဆုံကြအုန်းမယ်လို့ထင်နေမိတယ်။
အားလုံးအလုပ်ကိုယ်စီနဲ့ပိုက်ဆံနဲ့အချိန်ရှိရင်တနေရာမှာဆုံဖြစ်ကြအုန်းမှာပါ။
မမအိုင်အိုရာ
October 2, 2014 at 11:30 PM