အမေ့ဇာတိမြေကို သွားရတဲ့ ခရီးက အဝေးကြီး။ ဟိုင်းကြီးကနေ ပုသိမ်ထိ သင်္ဘောတနေ့စီး၊ ပုသိမ်ကနေ ရန်ကုန်ကို သင်္ဘောစီး။ ရန်ကုန်ကနေ ပြည်၊ တောင်ကုတ်ထိ ကားစီး၊ တောင်ကုတ်ကနေ စနဲအထိ သင်္ဘောစီး၊ စနဲကနေ အမေ့ရွာအထိ လမ်းလျှောက်။ ရိုးတောင် (ရိုးမတောင်) က အင်မတန် မက်တယ်၊ ကားလမ်းက ကျဉ်းကျဉ်းလေး တဖက်မှာ တောင်၊ တဖက်မှာ ချောက်။ အရိုးခိုက်ခိုက်တုန်အောင် အေးတယ်။ တောင်ပေါ်မှာ အိပ်နေတုန်း သတင်းကြားတာက ကားတစီး ချောက်ထဲကျသွားလို့တဲ့။ မနက်ဖက် ကောက်ညှင်းပူပူကို ပဲပြုတ်၊ ထန်းညက်ရည်နဲ့ ဆမ်းစားတာ တကယ်ကောင်းတယ်။ မုန်လာချည်ဖတ် နီနီ အကြီးကြီးတွေ။ အမေ့တို့ ရွာနားက ချင်းရွာတစ်ရွာကို ဖြတ်တော့ လူတွေ ရုတ်စုရုတ်စုနဲ့ ဘာလုပ်နေတာလဲဟင်လို့ အမေ့ကို မေးတော့ သွားကြည့်ချေတဲ့။ မောင်မောင်က ပြေးလာပြီး အမေ့ရေ ခွေးကလေးကို ဖင်ကနေ တုတ်နဲ့ထိုးပြီး ကင်စားနေတာလို့ သတင်းပို့တယ်။
မောင်မောင်ကတော့ နွားတွေတွေ့တိုင်း နွားတစ်ကောင် ပေးပါလို့ တောင်းတတ်တယ်။ အမေ့ရေးချေ (အဒေါ်) အိမ်မှာ တည်းပေမဲ့ တရွာလုံးက ထမင်းစားဖိတ်လို့ အဲဒီအိမ်မှာတောင် စားလိုက်ရတယ် မရှိဘူး။ အဖေ၊ အမေတို့ရဲ့ လယ်ယာချောင်းဖျားတွေကို သွားလည်ကြတယ်။ လယ်သမားဆိုတာ နေထွက်ကနေ နေဝင်တဲ့အထိ လယ်ကွင်းထဲမှာ နွားနှစ်ကောင်နဲ့ ရုန်းရပေမဲ့ ပြောင်ရောင်ဖို့ထား စားဖို့သောက်ဖို့တောင် အနိုင်နိုင်။ သူရှိတဲ့ ဗမာပြည်ကို လိုက်လာလို့ နို့မို့ အခုလောက်ဆို ပေါက်စမ (ကျွန်မကို ပေါက်စလို့ အမျိုးတွေက ခေါ်တယ်) တို့တော့ လယ်ထဲ ထမင်းတောင်း ပို့နေရပြီလို့ ဘိုးဘိုးက ပြောတတ်တယ်။ ဟုတ်တော့ ဟုတ်ပါတယ် အဖေသာ သူတို့ဇာတိမြေမှာပဲ နေမယ်၊ မကြီးက ပုသိမ်တက္ကသိုလ်မှာ ပျော်နေခဲ့ရင် ကျွန်မတို့တွေ ရန်ကုန်ရောက်ဖြစ်မယ် မထင်ဘူး။ အဖေ၊ အမေတို့ဇာတိမြေမှာ သူငယ်တန်းတက်တဲ့အထိ နေခဲ့တဲ့ မကြီးက မြေးဦးဆိုတော့ နှစ်ဖက်အမျိုးတွေက ချစ်ကြတယ်။
ကျွန်မကတော့ အမေ့ဇာတိမြေမှာ မွေးတယ်ဆိုပေမဲ့ ခြောက်လသမီးအရွယ်ကတည်းက ဟိုင်းကြီးမှာပဲ ကြီးပြင်းခဲ့တော့ ဟိုင်းကြီးက ကျွန်မဇာတိမြေ။ မောင်မောင်ကတော့ ဟိုင်းကြီးသားစစ်စစ်။ ခြင်္သေ့ကျွှန်းကို သွားတုန်းက စီးတဲ့လေယာဉ်က ကျွန်မဘဝရဲ့ ပထမဆုံးလေယာဉ်လို့ ပြောတော့ အမေက ဟင့်အင်း ခြောက်လသမီးနဲ့ ဟိုင်းကြီးကိုပြန်တော့ ကျောက်ဖြူကနေ ရန်ကုန်ကို စီးခဲ့တဲ့လေယာဉ်ကမှ ပထမဆုံးလေယာဉ်တဲ့။ စာသင်ကျောင်းနားက ကုန်းပေါ်အိမ်လို့ ကျွန်မတို့ ခေါ်ကြတဲ့အိမ်၊ နွေရာသီကျောင်းပိတ်ရက်တွေဆို ဘိုးဘိုးနေတဲ့ မရမ်းကွင်း၊ ငါးပြေမ အထက်နားက ဖိုးရွှေပုလို့အမည်တွင်တဲ့ရွာလေးကို သွားလည်၊ ကမ်းနားအိမ်လို့ ခေါ်ကြတဲ့ သီတာလမ်းအိမ်ကို ပြောင်းတဲ့အထိ ကျွန်မ မမှတ်မိသေးဘူး။ နွေရာသီပိတ်ရက်တွေဆို ဖိုးရွှေပုကို သွားလည်ကြတယ်။ အဲဒီရွာမှာ စမ်းရှိတယ် မိုးရာသီဆို စမ်းချောင်းက ရေပြည့်နေပေမဲ့ နွေရာသီဆို ရေရှားတယ်။ ဟိုးအထက်ပိုင်းမှာ ရေသွားခပ်၊ အဝတ်လျှော်၊ ရေချိုးရတယ်။
စမ်းဘေးနားက သဲသောင်ခုံမှာ လက်ယက်တွင်းလေးတွေ တူးကြတယ်။ နေ့ခင်းဖက် ဆင်အော်သံတွေ ကြားရတယ်။ တချို့ရွာတွေကို ဆင်အုပ်ဝင်လို့ မီးတုတ်ကိုင်ပြီး ဆင်ခြောက်ရတဲ့အကြောင်း၊ ဆင်နင်းလို့ ခေါင်းပြားသွားတဲ့သူ အကြောင်းတွေကတော့ အဲဒီဒေသတဝိုက်မှာ အမြဲကြားရတဲ့ သတင်းတွေပါပဲ။ လူတွေက သစ်ပင်တွေခုတ်လို့ သစ်တောတွေပြုန်းတော့ စားစရာရှားပါးလာလို့ ဆင်တွေလည်း ရွာအနီးက အပင်တွေ လာစားတယ် ထင်ပါရဲ့။ စမ်းဆီသွားရင် ဆင်ချေးတုန်း၊ ဆင်ခြေရာတွေ တွေ့ရတတ်တယ်။ တောအုပ်၊ တောခေါင်းတွေ ဆိုတာလည်း သစ်တောအုပ် ထိန်းသိမ်းဖို့ထက် သစ်သမားတွေနဲ့ ပေါင်းစားနေတာမျိုး။ မရမ်းကွင်းနားက ဆားဖိုဆိုတဲ့ ရွာလေးက ဆားတွေ ထုတ်လုပ်တဲ့ရွာ။ ကန်အောက်ခြေကို ကတ္တရာခင်းလို မာနေအောင် တုံးတွေနဲ့ အထပ်ထပ်လိမ့်၊ ဆားငန်ရေသွင်း၊ နေနဲ့အခြောက်လှန်း၊ အပေါ်မှာ တင်နေတဲ့ ဆားတွေကို သန့်စင်ပြီး ဆားထုတ်ကြတယ်။ ဆားလုပ်တဲ့သူတွေတော့ မသိဘူး ဆားကွင်းနားက ဖြတ်တာတောင် ပူလွန်းလို့ ခုန်ဆွခုန်ဆွနဲ့ ဖနောင့်နဲ့တင်ပါး တထပ်တည်းကျအောင် ပြေးတော့တာပဲ။
ဖိုးရွှေပုမှာ လွှထောင်၊ မီးသွေးဖုတ်၊ ဆားကွင်းတွေ အကြောင်းကို အဖေ့ကို ပြန်မေးရဦးမယ်။ မရမ်းကွင်းက တံမြက်စည်းက အင်မတန်ခိုင်တယ်။ ကျွန်မတို့အိမ်မှာဆို မရမ်းကွင်းတံမြက်စည်းပဲ သုံးတယ်။ ကျွန်မတို့ဒေသဖက်မှာ ပစ္စည်းမှာပုံမှာနည်းက ဘဘော်စာရေးကို သွပ်ဆယ်ချပ်၊ ဘာအမျိုးအစား၊ ဆိုင်သိရင် ဘယ်ဆိုင်ကလို့ မှာလိုက်၊ နောက်တစ်ခေါက်က သင်္ဘောဆင်းလာရင် အထမ်းသမားက ပစ္စည်းလာပို့ရင်း ဘောက်ချာ၊ တန်ဆာခ ( သင်္ဘောသယ်ပို့ခ)၊ ကုန်ထမ်းခတွေပါတဲ့ ပြေစာပေး။ အဲဒီပြေစာမှာ ကျတဲ့အတိုင်း စာရေးကို ငွေပေးလိုက်တာ။ ကျွန်မ မှတ်မိတဲ့အချိန်မှာ ကျွန်မက မကြီးနဲ့ အတူတူ အိပ်ရပြီး အဖေ၊ အမေကြားထဲမှာ အိပ်ခါနီးရင် လက်သီးတရမ်းရမ်း၊ ခြေထောက်တွေနဲ့ ကန်ကျောက် သိုင်းချတတ်တဲ့ အရမ်းကဲတဲ့ မောင်မောင် ဆိုတဲ့ မောင်လေးတစ်ယောက် ရှိနေပြီ။ ကျွန်မတို့ငယ်ငယ်တုန်းက မကြီးနောက် တကောက်ကောက် လိုက်ကြတယ်။ မကြီးသူငယ်ချင်းတွေက ဆော့ဖို့လာရင် နင့်မောင်နဲ့ညီမကို ထားခဲ့လို့ ပြောကြတယ်။ သောင်ဖက်က ခြံတွေမှာ ဆီးသီးကောက်ဖို့သွားကြတော့ ဒီရေအတက်အကျရှိတဲ့ ချောင်းကို ဖြတ်ကူးရတယ်။
အသွားတုန်းက ခြေကျင်းဝက်သာသာ ရေရှိတဲ့ချောင်းက အပြန်ကျတော့ ဒီရေတက်ချိန်မို့ ၉ ၊ ၁၀ နှစ်အရွယ် ကလေးတွေရဲ့ ရင်ခေါင်းလောက် ရောက်နေပြီ။ အရပ်ရှည်တဲ့ မကြီးသူငယ်ချင်း မမာမာမင်းက ကျွန်မကို ပခုံးမှာတင်ပြီး ချောင်းကို ကူးရတယ်။ အဲဒီအချိန်မှာ အမေက ကလေးနှစ်ယောက်ပျောက်လို့ ခေါင်းတောက်နေချိန်ပေါ့။ သမီးတွေ ပြန်တွေ့တော့ အကြီးဖြစ်တဲ့ မကြီးကို အမေက ဆူပူနေချိန်မှာ ကလေးဖြစ်တဲ့ ကျွန်မကတော့ မကြီးစကပ်ကိုင်ဆွဲလို့ ခုန်ပေါက်နေသတဲ့။ အိရှန်သား အစိမ်းရောင် ဂါဝန်ဆင်တူလေး ဝတ်ထားတဲ့ ညီအစ်မနှစ်ယောက်။ ကျွန်မတို့ ငယ်ငယ်တုန်းက အမေက အင်္ကျီဆင်တူ ဆင်တယ်။ သင်္ကြန်ဆို သင်္ဘောသားအင်္ကျီ၊ ဆောင်းရာသီဆို မောင်မောင်နဲ့ကျွန်မက ဂျက်ကက်နဲ့ဘောင်းဘီဆင်တူ၊ သီတင်းကျွှတ်၊ တပေါင်းလဘုရားပွဲဆိုရင် ပြောင်ပြောင် အိရှန်လို့ခေါ်သလား၊ အိတုန်လို့ ခေါ်သလား မသိဘူး ဖဲပြောင်ပြောင် ခရမ်းရောင်၊ လည်ပင်းထောင်ထောင်၊ ရင်ဘတ်မှာ အတွန့်၊ ဖဲပြား၊ လက်ဖောင်း ဂါဝန်ဆင်တူ။ အင်္ကျီ၊ ဂါဝန်ကို နည်းနည်းကြီးကြီး ချုပ်ထားတော့ နောက်သုံးလေးနှစ်အထိ တော်နေသေးတယ်။
မြို့ကျောင်းတက်ပြီမို့ အဝတ်အစားလိုတယ် အမေ့ရေလို့ မှာလိုက်တာ စကပ်ကားကား နှစ်ထည်ပို့လိုက်တယ်။ သူငယ်ချင်းက ဟ နင့်စကပ်က ကြီးလှချည်လား တက္ကသိုလ်တက်တဲ့အထိ ဝတ်လို့ရအောင် အမေက စီမံကိန်းနဲ့ ချုပ်ပေးလိုက်တာ။ တကယ်လည်း တက္ကသိုလ်တက်တဲ့အထိ တော်နေသေးတယ်။ ၉ တန်းရောက်တော့ ဂါဝန်လှလှ နှစ်ထည်ပို့ပေးတယ်။ ထုံးစံအတိုင်း ပွပွကြီးကြီး ဆယ်တန်းအောင်ပြီး လှည်တန်းက ဦးမြကြိုင် အင်္ဂလိပ်စာ သင်တန်းကျောင်း တက်တဲ့အထိ ဝတ်နေသေးတယ်။ ကျွန်မငယ်ငယ်က မကြီးအကျတွေ ဝတ်ရတော့ ဦးလေးတွေက မွေးစားသမီးလို့ စတယ်။ ဆတ်ဆတ်ထိမခံတဲ့ ကျွန်မက ပြန်အော်။ နေမကောင်းတဲ့ မောင်မောင်ကို ကောက်ညှင်းပေါင်း မကျွှေးရဘူးလို့ အမေက တားမြစ်ထားပေမဲ့ လာမျှော်တဲ့ မောင်မောင်ကို အမေ့ကို ပြန်မပြောရင် ကျွှေးမယ်ဆိုပြီး ကျွှေး။ မောင်မောင်က အမေ့ကို ပြန်မပြောပေမဲ့ အီးအီးပါတဲ့အခါ ကောက်ညှင်းငချိပ်ပါတော့ ကျွန်မတို့ ညီအစ်မနှစ်ယောက် မောင်မောင့်ကို ကျွှေးတယ်ဆိုတာ အမေသိသွားရော။
(ဆက်ပါဦးမည်)
အသူ ခေါ်ထားတဲ့ BPP Challenge အတွက်
(၁) မမအိုင်အိုရာ
(၂) မမီးငယ်
(၃) မြတ်ကြည်
(၄) ဘုန်းတောက်
(၅) တီတင့်
(၆) သူကြီးမင်း
(၇) ပစ်ပစ်
(၈) ရွှေအိမ်စည်မေ
(၉ ) အိန်ဂျယ်လှိုင်
(၁၀)ကန်ဒီ
စန်းထွန်း
အောက်တိုဘာ ၁၂၊ ၂၀၁၄။
8 comments:
ဒါနဲ့
:P let see .. ;))))
အယ်..
တေပါဘီတော်။
ဟယ် အမျိုးတွေတွေ့ပြီ..
တွေ့ရတာဝမ်းသာပါရေ
Aunty Tint said...
ရှေးလူကြီးတွေက ဘာလုပ်လုပ် စီမံကိန်းနဲ့လုပ်တတ်ကြတယ် စန်းစန်းရဲ့ .....
ပေါက်စအကြောင်း ဖတ်သွားတယ် ... ♥♥♥
October 13, 2014 at 1:20 AM
မဒမ်ကိုး said...
ဖတ်လို့ကောင်းလိုက်တာဟယ်
October 13, 2014 at 5:25 AM
သူကြီးမင်း (တုံးဖလား) said...
ရေးတတ်တဲ့သူ ရေးနိုင်တဲ့သူများ ရေးသွားလိုက်တာ ပေါ့ပေါ့ပါးပါးလေး။ စိတ်ဝင်စားစရာလဲကောင်း။
တောရပ်ဌာနေအကြောင်းလေးတွေ။ ဂွတ်မှဂွတ်။
ဒါနဲ့
အဲဒီမောင်မောင်ကို ဘယ်နားသွားအီးအီးပါတာတုန်း။ အမေမြင်သွားတယ်ဆိုတော့ း)
October 13, 2014 at 5:42 PM
မီးမီးငယ် said...
Just yesterday, I can sign into my account,but the font has problem.
Now you BPP Challenge me!!!!
:P let see .. ;))))
October 13, 2014 at 7:20 PM
Unknown said...
အမလည်းရခိုင်ပဲကို......။ နာမည်ကိုကြည့်တော့ထင်တော့ထင်သား ။
အကျွန်က ပုဏားကျွန်းကပါ :P
October 14, 2014 at 12:40 AM
Anonymous said...
အယ်..
တေပါဘီတော်။
မချစ်တော့သောမမအိုင်အိုရာ
October 14, 2014 at 9:48 PM
Thu said...
ဟယ် အမျိုးတွေတွေ့ပြီ..
တွေ့ရတာဝမ်းသာပါရေ
အကျွန်တို့က စစ်တွေကပါ :P
by the way BPP Challenge ရေးပေးတဲ့အတွက်ကျေးဇူးတင်ပါရေ.. :D
October 15, 2014 at 12:50 AM
Post a Comment