ပြေးရလွှားရ ကျွန်မဘဝ - ၂

ဘလော့ဂါ ဆုမြတ်မိုးက အစ်မလည်း ရခိုင်ပဲကိုး နာမည်ကြည့်တော့ ထင်တော့ထင်သားတဲ့။ ဗမာတွေထဲမှာ ကျွန်မနာမည်လို မိန်းကလေးနာမည်မှည့်တာ ရှားတယ်။ ကျွန်မနာမည်က မိန်းမ  မဆန်ဘူး (နာမည်တင် မဟုတ်ပါဘူး လူကပါ မဆန်ဘူး) ။ လှည်းတန်းက ဆရာဦးမြကြိုင် အင်္ဂလိပ်စာ သင်တန်းကျောင်း တက်တုန်းက အစ်မ နာမည်ခေါ်တယ် ထင်လို့ လှည့်ကြည့်လိုက်တိုင်း ညီမကို ခေါ်တာ ဖြစ်နေတယ်တဲ့။ ကျွန်မ နာမည်က စလုံးကို မသတ်နဲ့ စမ်းတာ မဟုတ်ဘူး နသတ်နဲ့ စန်းတာ။ ဟုတ်တယ် အစ်မနာမည်လည်း စလုံးကို နသတ်နဲ့စန်းတဲ့ စန်းစန်းထွန်း။ အဲဒီတစ်ခါပဲ ကျွန်မ နာမည်နဲ့တူတဲ့ မိန်းကလေးတစ်ယောက် တွေ့ဖူးတယ်။ စန်းထွန်းလို့ ခေါ်ကြတော့ မသိရင် အစီအစဉ်တင်ဆက်သူ ဆန်းထွဋ်လိုလို ဘာလိုလိုနဲ့  ယောက်ျားလေးလို့ ထင်ကြတယ်။ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တက်တုန်းက အထွန်းလို့ ခေါ်ကြတဲ့ ကောင်လေးကို နောက်ချင်ရင် ဝေက ကျွန်မကို အထွန်းရေလို့ ခေါ်တတ်တယ်။ အထွန်းက လှည့်ကြည့်ရင် အထွန်းကလည်း ခေါ်တာလှည့်မကြည့်ဘူး၊ ဘာဘူးနဲ့ကျွန်မတို့ရော၊ အစခံရတဲ့ အထွန်းပါ ပြုံးစိပြုံးစိကို ဖြစ်ရော။

ဂုဏ်ထူးတန်းမှာ အသစ်ရောက်လာတဲ့ ချင်းကောင်လေးရဲ့ နာမည်က ခင်စန်းလျံ။ ခင်စန်းလျံ အနားကနေ ဖြတ်သွားရင် ဝေက စန်းထွန်း ခင်စန်း မတွေ့ပါလားလို့ ပြောရင် ခင်စန်းလျံမှာ သူ့ကို ပြောတာလား၊ တခြားတစ်ယောက်ကို ပြောတာလား ကြောင်တောင်တောင်ဖြစ်။ သြော် နင့်အစ်မ မခင်စန်းကို မေးတာလေ လို့ ဝေက ပြောရင် ကျွန်မတို့က ပြုံးစိပြုံးစိ။ ကျွန်မ သူငယ်ချင်း ဝေက အဲဒီလို ပြောင်စပ်စပ်လေး။ စင်္ကာပူအမျိုးသားတက္ကသိုလ် ဝင်ခွင့်ရတော့ ကျောင်းသွားတက်ကြမဲ့သူတွေ အချင်းချင်း သတင်းတွေ ဖလှယ်ကြတော့ ကိုကြီးရေဆိုပြီး အီးမေးလ်ပို့လာသူက စိုင်းအောင်မင်း။ ခပ်တည်တည်နဲ့ညီလေးရေဆိုပြီး အီးမေးလ်ပြန်လိုက်တယ်။ ဂျီတော့မှာ တင်ထားတဲ့ ကောင်မလေးဓာတ်ပုံကို ကိုကြီးကောင်မလေးပုံလို့ ထင်နေတာတဲ့။ ကျောင်းတက်ပြီး အတော်ကြာတော့မှ မိန်းကလေးမှန်း သိသွားတယ်။ ခုထိ ကိုကြီး၊ ညီလေး ခေါ်ကြတုန်း။ ဘလော့စရေးခါစတုန်းက ဒိုင်ယာရီကောင်းလေးပဲ ညီလေးရလို့ ကညိမ်းနိုင်က စီဘောက်မှာ ရမ်းတုတ်သွားဖူးတယ်။ ထင်လည်းထင်ချင်စရာ နာမည်က ယောကျာ်းလေးနာမည် ရေးဟန်ကလည်း ယောကျ်ားလေးလို တဗျာဗျာနဲ့ကိုး။

ကျွန်မ နာမည်ကို ဗေဒင်ဆရာတွေနဲ့ နေ့သင့်နံသင့် တွက်ချက်ပေးထားတာ မဟုတ်ပါဘူး။ အမေတို့ရွာကကျောင်းကို တာဝန်ကျတဲ့ ဆရာမလေး နာမည်က စန်းစန်းထွန်း (ရခိုင်လို စန်းစန်းထွမ်း လို့ အသံထွက်တယ်)။ ဟယ် ဆရာမလေး နာမည်က လှလိုက်တာဆိုပြီး ကျွန်မကို နာမည်ပေးလိုက်တာတဲ့။ တော်သေးတာပေါ့ ခုဖတ်နေတဲ့ သော်တာဆွေရဲ့ ဤလူ့ပြည် ဝထ္ထုထဲက ဇာတ်လိုက်ဦးစိန်မြိုင်ရဲ့ ကလေးနှစ်ယောက်နာမည်က ဇာတိပ်ဖို၊ ဇာတိပ်မ။ ဘာလို့ အဲဒီနာမည်ပေးတာလဲဆိုတော့ ငယ်ငယ်က နေမကောင်းဖြစ်တိုင်း ဇာတိပ်ဖိုသီးတွေ ကျွှေးမှ ကောင်းသွားလို့တဲ့။ တောနယ်မှာတော့ နာမည်ဆိုတော ဗေဒင်တွေနဲ့အသေအချာတွက်ချက် နေ့သင့်နံသင့် မှည့်တာမျိုးမဟုတ်ပဲ ဒီလိုပဲ ကြုံမိကြုံရာ စပ်မိစပ်ရာ ပေးလိုက်ကြတာပါပဲ။ စလုံးနဲ့ စတယ်ဆိုတော့ အင်္ဂါသမီးလို့ မထင်လိုက်နဲ့ ဗုဒ္ဓဟီး..အဲလေ ရာဟု ဗုဒ္ဓဟူးနေ့ ညဖက်မွေးတာ ဗုဒ္ဓဟူးသမီး အသက် ၁၂၀ ရှည်စေသောဝ်လို့အဆုံးသတ်ထားတဲ့ ပေကညစ် ဇာတာချုပ် ရှိတယ်။

အဲဒီဇာတာချုပ်တောင် နာဂစ်နဲ့ ပါသွားပြီးလားမသိ အဖေ့ကို ပြန်ပေးရဦးမယ်။ ပေကညစ် ဇာတာချုပ်တို့၊ ကျွန်မတို့ ငယ်ငယ်တုန်းကသုံးတဲ့ ရေနံဆီ မီးထွန်းအိမ်တို့ကို အသေအချာ သိမ်းထားခိုင်းရဦးမယ်။ တလောက လမ်းလျှောက်အဖွဲ့နဲ့ စတေတန်းအိုင်လန် Staten Island ရင့်စ်မွန်တောင်း Richmontown က ကိုလိုနီယမ်ရွာ Colonial village ကို သွားလည်တော့ ပြတိုက်မှာ ရေနံဆီ မီးထွန်းအိမ် အမျိုးမျိုးကို ပြထားတယ်။ အမေက တနင်္ဂနွေ၊ မကြီးက အင်္ဂါ၊ ကျွန်မက ဗုဒ္ဓဟူး အကောင်ကြီးသလို စိတ်ကြီးကြတယ်။ သောကြာသား အဖေနဲ့ မောင်မောင်က စိတ်ပျော့တယ်။ အဖေ ဆူလို့ သားသမီးတွေက မျက်နှာမကောင်း၊ ထမင်းမစားဘူးဆိုရင် ဆူတဲ့အဖေကိုယ်တိုင် လိုက်ချော့တော့ သားသမီးတွေက အဖေ့ကို မကြောက်ကြဘူး။ လိုချင်တာ အဖေ့ဆီ ပူဆာကြတယ်။ အမေက မျက်ရည်လွယ်ပေမဲ့ စိတ်အင်မတန် ပြတ်တယ်။ ကျွန်မဇာတိ ဟိုင်းကြီးကျွှန်းက မြန်မာပြည်မြေပုံရဲ့ အနောက်တောင်ဖက်စွန်းစွန်း ဧရာဝတီတိုင်း ငပုတောမြို့နယ် ပြင်ခရိုင်အုပ်စု ရွာကြီးတရွာပါ။ ခုတော့ ဟိုင်းကြီးမြို့နယ် ဟိုင်းကြီးကျွှန်းမြို့ဖြစ်လို့ တိုက်နယ်ဆေးရုံ၊ ဆက်သွယ်ရေးရုံး၊ အစိုးရရုံးတွေ ရှိနေပြီ။


ဟိုင်းကြီးဆိုတာ ဟိုင်းဆင်ကြီးလို့ အဓိပ္ဗာယ်ရပါတယ်။ ဟိုင်းကြီးကျွှန်းကို အဝေးကနေကြည့်ရင် ဆင်တစ်ကောင် ဝပ်နေတာနဲ့တူတယ်လို့ ပြောကြတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းက ပိုက်ဆံအကြွေစုဖို့ ဆင်ရုပ်လေးဝယ်တော့ ကျွှန်းမှာ ဆင်ရုပ်မတင်ရဘူးလို့ ရှေးမှီနောက်မှီ လူကြီးတွေက ပြောလို့ လွှင့်ပစ်လိုက်ရဖူးတယ်။ သစ်ထောင်လွှဆွဲ၊ မီးသွေးဖုတ်၊ လယ်ယာစိုက်ပျိုးကြတဲ့ ဖိုးရွှေပုရွာလေးကနေ ဟိုင်းကြီးကို လှေနဲ့ ပြောင်းကြတော့ အံ့ကျော်ကို လှော်တက်နဲ့ရိုက်လည်း ကျန်မနေခဲ့ဘဲ တော်တော်ဝေးတဲ့ မရမ်းကွင်းရွာနားရောက်တဲ့အထိ လှေနောက်ကနေ ရေကူးရင်း လိုက်ခဲ့ပါသတဲ့။ သြော် အံ့ကျော်ဆိုတာ အဖေရဲ့တောလိုက်ခွေး မကြီးနဲ့သက်တူရွယ်တူ။ အံ့ကျော်ဆိုတာ ကျွန်မတို့ ငယ်ငယ်တုန်းက နာမည်ကြီး လူကြမ်းမင်းသား။ ဘိုးဘိုးရဲ့ တောလိုက်ခွေး နောက်တစ်ကောင်နာမည်က မေဆွိတဲ့။ နောက်တစ်ကောင်သာ ထပ်မွေးရင် ဟေမာနေဝင်းလို့ နာမည်ပေးကြမလား မသိဘူး။ အဲဒီခေတ်ကမို့လို့ ခုခတ်သာဆိုရင် အွန်စော၊ ဂျွှန်စော၊ ရောင်ဂျေးလို့ နာမည်ပေးကြမယ် ထင်တယ်။

အဖေ၊ မကြီး၊ ဘိုးဘို့တို့ ပြောပြလို့သာ အံ့ကျော်ဆိုတာ ကြားဖူးနေတာ ဘယ်လိုပဲတွေးတွေး ရေးရေးလေးမှ မမှတ်မိဘူး။ ဘိုးဘိုး အိပ်ပျော်နေတုန်း မြွေက ပေါက်တော့မလို့ ခွေးကဟောင်ပြီး လိုက်တော့မှ မြွေကထွက်ပြေးသွားလို့ သူ့အသက်ကို ခွေးက ကယ်တာလို့ ကျွန်မတို့ကို ပြောပြဖူးတယ်။ ကျောင်းနားက ကုန်းပေါ်အိမ်က မကောင်းဘူး၊ အိမ်ခိုက်တယ်လို့ အမေက ယူဆတယ်။ ပါလာသမျှ ပိုက်ဆံတွေလည်းကုန်၊ ကျန်းမာရေးမကောင်း၊ အမှုအခင်းဖြစ်။ နောက်တော့ ကမ်းနားအိမ်လို့ ကျွန်မတို့ ခေါ်ကြတဲ့ သီတာလမ်းအိမ်ကို ပြောင်းတယ်။ မောင်မောင့်ကို အဲဒီအိမ်မှာ မွေးတာပါ။ သူနာပြု သားဖွားဆရာမ ဒေါ်မာမာသက် သွားခေါ်နေတာကို မစောင့်နိုင်တဲ့ မောင်မောင်က သူ့ဘာသာသူပဲ  ရောက်လာခဲ့တယ်။ မကြီးနဲ့ ကျွန်မကြားမှာ  ယောက်ျားလေးတစ်ယောက် မွေးခဲ့ပေမဲ့ အာဇိနာလို့ခေါ်တဲ့ ပါးစပ်ထဲမှာ အနာတစ်မျိုး ပေါက်လို့ နို့မစို့နိုင်၊ တောမို့ ဆရာဝန်လည်း မရှိတော့ မသေသင့်ဘဲ သေသွားရတယ်လို့ အမေက နှမြောတသဖြစ်တယ်။

အဲဒီအစ်ကိုသာ အသက်ရှင်နေသေးရင် ကျွန်မနဲ့မကြီးက တဖက်၊ မောင်မောင်နဲ့ အဲဒီအစ်ကိုက တစ်ဖက် နောင်ဂျိန် ချကြမလားဘဲ။ ခုတော့ အဖေ၊ အမေ၊ မကြီးနဲ့ ကျွန်မက တဖက်၊ မောင်မောင်က တယောက်တည်း။ မောင်မောင်ကို နာမည်ပေးတဲ့အခါ ဗေဒင်ဆရာ၊ ဦးရှင်ကြီး ဆွမ်းပင့်ဆရာ ဦးအောင်မြတ်နဲ့ တွက်ချက်ပြီး အောင်ကျော်သူလို့ နာမည်ပေးတယ်။ နောက် သက်နိုင်ထွန်းလို့ ပြောင်းတယ်။ မျက်လုံးပြူးပြူးလေးမို့ ပြူးကျယ်လို့ ခေါ်ကြရင် အမေက သူ့သားကို အဲဒီလို ခေါ်ရတာ မကြိုက်ဘူး။ ဦးအောင်မြတ်က ဒီကလေးကြောင့်ပဲ စီးပွားတက်မယ် ဒီကလေးကြောင့်ပဲ ပိုက်ဆံကုန်မယ်လို့ ဟောလိုက်တယ်။ သူ့မွေးပြီးမှ စီးပွားရေး အဆင်ပြေတာရော၊ ယောကျာ်လေး အငယ်ဆုံးမို့ မောင်မောင် တောင်းသမျှ အကုန်ရတယ်။ သေနတ်ဆိုတာများ ခြင်းတောင်းနဲ့အပြည့်။ တပေါင်းလ မောင်တင်ဘုရားပွဲမှာ သူ့ထက်ကြီးတဲ့ သေနတ်ကြီးကို လွယ်ပြီး ပေစောင်းစောင်းနဲ့ ကြည့်နေတဲ့ ဓာတ်ပုံ အိမ်မှာရှိသေးရဲ့လားမသိ။ သေနတ် တအားကြိုက်လို့ ကြီးလာရင်တော့ ဒီကောင် စစ်ဗိုလ်ဖြစ်မလားဟလို့ တွေးကြတာ တက်တက်စင်အောင် လွဲတယ်။ မောင်မောင်က စစ်တပ်ထဲ လုံးဝလုံးဝ မဝင်ဘူးတဲ့။

ကမ်းနားလမ်းမှာ နေတုန်းက အတော်ပျော်ဖို့ကောင်းတယ်။ ကျောင်းကဆင်းရင် ကျူရှင်သွား ကျူရှင်က ဘာသာစုံသင်တာ အိမ်စာတွေလုပ်၊ စာကျက်၊ စာအံ။ ကျူရှင်ကဆင်းရင် လွယ်အိတ်ဘုန်းကနဲချပြီး ဆော့ကြတော့တာ။ အဲဒီတုန်းက စက်ဘီး၊ ဆိုင်ကယ်၊ ကား မရှိတော့ လမ်းမဆိုတာ ကျွန်မတို့ ကလေးတွေ ဆော့ကြတဲ့ ကစားကွင်း။ ရေတက်ရင် လှေလှော်ကြတယ်၊ စွှန်လွှတ်တယ်၊ လွှင့်ပစ်ထားတဲ့ ဓနိတွေနဲ့ တဲအိမ်ဆောက်ကြတယ်။ ရွှေဝါရောင်နဲ့ အနက်ရောင် ဝက်ကလေးနှစ်ကောင် မွေးတယ်။ ဝက်ဆိုတာမျိုးက တစွပ်စွပ် တအိအိစားတော့ အိမ်က ထမင်းရည်နဲ့ မလောက်လို့ အိမ်နီးချင်းတွေဆီက ထမင်းရည် တောင်းရတယ်။ သူများအိမ်က ဝက်တွေကသာ တနေ့ပြီးတနေ့ ကြီးလာတယ် ကျွန်မတို့အိမ်က ဝက်တွေက ဒုံရင်းက ဒုံရင်း ဘယ်လောက်ကျွှေးကျွှေး မဝဘူး။ ဝက်ရောင်းရင်ပဲဖြစ်ဖြစ်၊ ဝက်ပေါ်ရင်ပဲဖြစ်ဖြစ် ထမင်းရည်ပေးတဲ့ အိမ်နီးချင်တွေကို ဝက်တတွဲ ပေးရတယ်။ မကြီးက ဘဲဥတွေကို မီးရောင်နဲ့ ဖောက်လို့ ဓာတ်ဘဲလို့ခေါ်ကြတဲ့ ဘဲကလေးတွေကို အသည်ဆီက ဝယ်ပြီး မွေးတယ်။ ရေတက်ရင် ဘဲကျောင်းရတယ်။ အဲဒီဘဲတွေက ဘဲမရင်ငွေ့နဲ့ပေါက်တဲ့ ဘဲတွေလောက် သက်ဆိုးမရှည်ဘူး။ မကြာပါဘူး အဲဒီဓာတ်ဘဲတွေ သေပါလေရော။

ဘယ်အိမ်က ဘဲတွေမှန်း မသိပါဘူး အိမ်အောက်မှာ လာဥသွားရင် မကြီးက ကျွန်မနဲ့မောင်မောင်ကို ကောက်ခိုင်းပြီး ကြော်ပေးလေ့ ရှိတယ်။ မကြီးက အသန့်ကြိုက်တယ် ကျွန်မနဲ့မောင်မောင်က ရွှံ့တောထဲမှာ ကဏ္ဏန်းလိုက်ဖမ်း၊ ငါးရှိတဲ့ အိုင်ကိုပိတ် ရေကိုခပ်ထုတ်ပြီး အိုင်ပက် (ipad မဟုတ်ပါ) ပြီး ငါးရှာတယ်။ တံတားမှာ ထောင်ထားတဲ့ ဂဏ္ဏန်းထောက်တွေကို ဆွဲကြည့်ပြီး ဂဏ္ဏန်းမိမမိ ကြည့်တယ်။ ကျွန်မ ငယ်ငယ်တုန်းက ရေနွေးအကြမ်းခွက် အမြဲဆေးတယ်။ ကြွေရေနွေးကြမ်းခွက်တွေ ကွဲမှာစိုးလို့ မဆေးပါနဲ့ပြောလည်း မရဘူး ဆေးမြဲဆေးဆဲ ခွဲမြဲခွဲဆဲ။ ကြည့် ကျွန်မက ငယ်ငယ်ကလေးတည်းက အဲဒီလို ခေါင်းမာတယ်။ ကိုယ် လုပ်ချင်တာဆို စွတ် တားလို့မရဘူး။ မကြီးက ၈ တန်းကျောင်းသူ အပျိုပေါက်၊ကျွန်မနဲ့မောင်မောင်က မျောက်ရှုံးအောင် ဆော့ကြတဲ့အရွယ်ဆိုတော့ မောင်မောင်နဲ့ကျွန်မက ပိုတွဲဖြစ်တယ်။ ကမ်းနားအိမ်သစ်က မရမ်းကွင်းဖက်က ပျဉ်းကတိုးတွေကို မှာပြီး အသေအချာ ဆောက်ထားတာ။ အပေါ်ထပ်ဆို တစ်ခြမ်းပဲ ခင်းရသေးတယ်။ ဗိုလ်ချုပ်ထွန်းကြည်လာတော့ ဒီကမ်းနားကအိမ်တွေ ရွာအလှဖျက်တယ် ရွာသစ်ကို ဘယ်နှစ်လအတွင်း အပြီးပြောင်းလို့ အမိန့်တစ်ချက် ပေးလိုက်တာနဲ့ အပေါ်ထပ်တခြမ်းတည်း ခင်းရသေးတဲ့၊ ပျဉ်းကတိုးနဲ့ အသေအချာ ဆောက်ထားတဲ့အိမ်ကို ဖျက်ပြီး ဟိုင်းကြီးရွာသစ်လို့ အမည်တွင်တဲ့၊ တပ်မြေမကျူးကျော်ရလို့ ဆိုင်းဘုတ်ထောင်ပြီး သိမ်းလိုက်တဲ့ လယ်ကွင်းတွေမှာ ရွာတည်ထားတဲ့၊ ဘာဆို ဘာအပင်မှ မရှိတဲ့ ကွင်းပြင်ပြောင်ပြောင်က ရွာအသစ်ကို ပြောင်းရရော။

(ဆက်ပါဦးမည်)
စန်းထွန်း
‌အောက်တိုဘာ ၁၅၊ ၂၀၁၄။

3 comments:

Aunty Tint said...


Anonymous said...

ခွင့်ပေးနော်။း)
မမအိုင်အိုရာ

San San Htun said...

Aunty Tint said...
ခွေးတွေဟာ သခင်အတွက် သစ္စာရှိပြီး အားကိုးရတဲ့ သက်တော်စောင့်ပဲစန်းစန်းရေ... မကြာခဏကြုံဘူးတယ်။
တီတင့်တို့မောင်နှမတွေထဲမှာလဲ နို့ညှာ ငယ်ငယ်ထဲက ကျန်းမာရေးချုခြာလွန်းလို့ မကြာခဏနာမည်ပြောင်းရတယ်။ မှတ်မှတ်ရရ သုံးကြိမ်လားပဲ။
October 16, 2014 at 8:59 PM
Anonymous said...
ချဲလင်းခေါ်နိုင်လွန်းသူကြီးရေ...
ဘလော့ကဖွင့်လိုက်တိုင်း နီယိုဘာဆိုလားအဲဒီဆိုဒ်ကို
ပြောင်းပြောင်းသွားလို့များစိတ်ညစ်နေတယ်။
အဆင်ပြေတော့ရေးမယ်နော်။
ခွင့်ပေးနော်။ း)
မမအိုင်အိုရာ
October 18, 2014 at 3:14 AM