All About NYC - 1

နှစ်ပေါင်းသုံးဆယ်အတွင်း အအေးဆုံးလို့  ပြောစမှတ်တွင်တဲ့ မနှစ်က တဆောင်းတွင်းလုံး ဂူအောင်းပါတယ်။ မအောင်းလို့မရ။ အပြင်ထွက်ရင် မျက်လုံးလေးပဲ ဖေါ်ထားတာအောင် ပါးတွေ၊ ပါးစပ်တွေ ကျင်တက်လာပြီး ခဲသွားမလား မှတ်တယ်။ ရာသီဥတု နည်းနည်းနွေးလာလို့ အပြင်ထွက်မလား စိတ်ကူးပါရဲ့။ ရုံးပိတ်ရက်ကလေး နှပ်ရတာဆိုပြီး မနက် ၁၀ နာရီလောက်မှ အိပ်ယာထ၊ သတင်းလေး ကြည့်ဦးမှ၊ ဗိုက်ဖြည့်ဦးမှ၊ ရေချိုးဦးမှနဲ့ သွားမယ်လည်းဆိုရော နေ့လည် ၁ နာရီ ထိုးနေပြီ။ မြို့ထဲကို ၁ နာရီလောက် ရထားစီးရမှာမို့ နေ့လည် ၂ နာရီလောက်မှ ရောက်မှာ။  ၂ နာရီလောက် လည်ပြီးရော အိပ်ပြန်ရတော့မှာ မထူးပါဘူးလေဆိုပြီး အိမ်မှာ ကိုရီးယားကားနဲ့ပဲ နှပ်နေတာ ကြာပြီ။

တနင်္လာနေ့မနက်ဆို ရုံးပိတ်ရက်တွေမှာ ဘယ်သွားဖြစ်လဲလို့ အလ္လာဘသလ္လာဘ ပြောကြရင် ပြောစရာစကားရယ်လို့ မရှိဘူး။ ဝေါထရိတ်စင်တာ သွားလည်မယ်လို့ မန်နေဂျာကို ပြောထားတာ ကြာလှပြီ။ ခုထက်ထိ အကောင်အထည် မဖော်သေးဘူး။ ရာသီဥတု သာယာတဲ့ မတ်လရဲ့ တခုသော စနေနေ့မှာ ပန်းသီးတခွင် ခြေဆန့်လို့ ဟိုရိုက်ဒီရိုက်တာတွေ၊ အရင်တုန်းက ရိုက်ထားတာတွေကို All About NYC စီးရီးပို့စ်တွေ အနေနဲ့တင်မယ်လို့ စိတ်ကူးထားပါတယ်။  ပန်းသီးမြို့ထဲ လည်ကြရအောင်..


Rockefeller Center ရော်ခါဖယ်လာစင်တာရှေ့က နာမည်ကျော် ခရစ်စမတ်သစ်ပင်ကြီး။ ၆၉  ပေကနေ  ပေ ၁၀၀ ထိ မြင့်ပါတယ်။ အောက်ဖက်မှာ ရေခဲပြင်စကိတ်ကွင်း ရှိတယ်။ ဒါပေမဲ့  Bryant Park ဘရိမ်ရန်ပါ့ခ်လို ဖရီးမဟုတ်ဘူး။ ခရစ်စမတ်ဆို အဲဒီသစ်ပင်နားမှာ လူတွေ ကြိတ်ကြိတ်တိုးနေတာပဲ။ ရဲတွေလည်း  အများကြီး။ ရာသီဥတုအေးပေမဲ့ ရောက်သင့်တဲ့နေရာမို့ ရောက်ခဲ့ပါတယ်။


မြန်မာတွေက English Premier League ၊ Italy Serie A League ၊ Spain Lagia League၊ World Cup ကို ခရေဇီဖြစ်သလို အမေရိကန်တွေက အမေရိကန်ဘောလုံး၊ ဘေ့စ်ဘော၊ ဘက်စကက်ဘောတွေကို ခရေဇီဖြစ်တယ်။ အဲဒီထဲမှာ  အမေရိကန်ဘောလုံး Super Bowl ပြိုင်ပွဲက နာမည်အကြီးဆုံး၊ လူကြည့်အများဆုံး။ နယူးဂျာဆီပြည်နယ်မှာ စတေဒီယမ်ကွင်း ရှိတယ်။ စူပါဘောပြိုင်ပွဲ စဖွင့်တဲ့နေ့ အထိမ်းအမှတ် အင်ပါယာစတိတ်အဆောက်အဦးမှာ မီးရောင်စုံထွန်းထားတာပါ။ မေစီ Macy လျှော့ပင်းမောလ်ကြီးမှာ စူပါဘောပြိုင်ပွဲဝင်အသင်း မော်ဒယ်ရုပ်ဘွိုင်း အရုပ်တွေနဲ့ ဓာတ်ပုံတွဲရိုက်တဲ့သူ များလွန်းလို့ လူရှင်းတုန်း လျှပ်တပြက် ရိုက်ထားတာ။

credit to Google

ကန်တက်ကီပြည်နယ်ကတော့ ဘက်စကက်ဘောကို ခရေဇီ။ မနှစ်က ဗိုလ်စွဲရင် အသင်းအမှတ်တံဆိပ်ကို တက်တူးထိုးမယ်လို့ ကတိပေးထားတဲ့  လူဝီဗီလ်အသင်းမန်နေဂျာ သူ့ကတိအတိုင်း တက်တူးထိုးပါတယ်။

credit to Google
credit to Google

မနှစ်က University of Louisville ရဲ့ Cardinals (UOL  Cards လို့ အတိုကောက် ခေါ်ကြတဲ့) လူဝီဗီလ်အသင်း ဗိုလ်စွဲတယ်။

credit to Google

လူဝီဗီလ်မြို့ကနေ ၁ နာရီအဝေးမှာရှိတဲ့ Lexington လက်ဆီတန်မြို့ University of Kentucky ရဲ့ WildCats ( UK Cats လို့ အတိုကောက် ခေါ်ကြတဲ့) နဲ့ ချန်ပီယံဆုကို တယောက်တလှည့် ယူနေကြတာပါပဲ။

credit to Google

The Hungers Game : Catching Fire ထဲက ဒါလင် J. Law ဂျက်နဖာလောရင့်က ကန်တက်ကီပြည်နယ် လူဝီဗီလ်သူလေးပါ။


ရုံးတက်ရုံးဆင်းရင် ဖြတ်ရတဲ့ Grand Central အတွင်းဖက် မီးဆိုင်းမြင်ကွင်းပါ။ ဂရမ်းစန်ထရယ်က နှစ်ပေါင်းတစ်ရာ ကျော်နေပေမဲ့ ခုထက်လက်ရှိ အသုံးပြုနေတဲ့ ဘူတာကြီး။  နယူးယောက်ရဲ့ အထင်ကရ Landmark တစ်ခုပါ။ ဖေ့စ်တူဖေ့စ် အင်တာဗျူးပြီးလို့ ညနေ ၆ နာရီ ဝါရှင်တန်ဒီစီကို ပြန်မဲ့ဘတ်စ်ကားဆီ ကသောကမျောသွားရင်း ကသောကမျော ရိုက်ခဲ့တာ အောက်ကဓာတ်ပုံတွေ။ အဲဒီတုန်းက ဂရမ်းစန်ထရယ်လို့ မသိဘူး။ ဒီရှေးဟောင်းအဆောက်အဦးကြီး လှလိုက်တာလို့ တွေးတာ။ ခုတော့ ရုံးတက်ရုံးဆင်းတိုင်း ဖြတ်ရတဲ့နေရာ ဖြစ်နေတယ်။


အောက်ကဓာတ်ပုံကိုကြည့်ပြီး ဘာကြီးပါလိမ့်လို့ တွေ့မိမယ်။ နယူးယောက်ရဲ့ အထင်ကရ နေရာတခုပါပဲ။ ရုံးတက်ရက်၊ ရုံးတက်ချိန်မို့ကျူတန်းက နည်းနည်းပဲ ရှည်တယ်။ ရုံးပိတ်ရက်ဆို ကျူတန်းကြီးက အရှည်ကြီး။ အဲဒါကြီးနဲ့ တွဲရိုက်ဖို့ကို စောင့်ရတာ။



ဒါကတော့ ရုံးပိတ်ရက်မှာ Charging Bull ကြေးရုပ်တုနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ စောင့်နေတဲ့ လူအုပ်ကြီးပါ။ တချို့က နွားရဲ့ ပစ္စည်းကိုကိုင်ပြီး ဓာတ်ပုံရိုက်ကြလို့ တခြားနေရာတွေထက် ပြောင်လက်နေတာကို တွေ့ပါလိမ့်မယ်။ တကယ့်နွားအစစ် ဆိုရင်တော့လား ဒင်းတို့တွေ အကန်ခံရမှာ သေချာတယ်။ Agressive financial optimism and prosperity အမှတ်အသား၊ ဝေါစတိဗ်ရဲ့ အိုင်ကွန်ပါတဲ့။ အောက်ဓာတ်ပုံ ဘယ်ဖက်နားက အဆောက်အဦးက The Nation Museum of American ပြတိုက်ပါ။


မတ်လရဲ့ တခုသောနေ့တရက်မှာ နှဲသံတွေ တအီအီ၊ ဘင်သံတွေ တဒုန်းဒုန်း ကြားရတော့ ဘာများပါလိမ့်။ ကိုယ်က အစိမ်းရောင်ဘောင်းဘီ၊ မန်နေဂျာက အစိမ်းရောင်ဆွယ်တာ ဝတ်လာတာ စိန့်ပစ်ထရစ်ဒေးအတွက်လားလို့ မေးတော့မှ မတ်လ ၁၇ ရက်ဟာ စိန့်ပက်ထရစ်နေ့မှန်း သိတော့တယ်။  အိုင်ယာလန်က သူတော်စင် စိန့်ပက်ထရစ် သေဆုံးတဲ့နေ့ အိုင်ယာလန်မှာ ရုံးပိတ်ရက်ဖြစ်ပြီး အိုင်းရစ်တွေများတဲ့ ဗြိတိန်၊ ကနေဒါ၊ ယူအက်စ်၊ အာဂျင်တီးနား၊ သြစတေးလျနဲ့ နယူးဇီလန်မှာ စိန့်ပက်ထရစ်ပွဲကို အကြီးအကျယ် ဆင်နွှဲကြပါတယ်။ ကိုယ်နေဖူးတဲ့မြို့တွေထဲမှာ နယူးယောက် စိန့်ပက်ထရစ်ချီတက်ပွဲက အကြီးကျယ်ဆုံး၊ အစည်ကားဆုံးပဲ။ အချက်အချာလမ်းမကြီးဖြစ်တဲ့ Fifth Ave အမှတ်ငါးလမ်းမကြီးကို ပိတ်ပြီးတော့ကို တက္ကသိုလ်ပေါင်းစုံ၊ ကျောင်းပေါင်းစုံက ဘင်ခရာဝိုင်းတွေ ချီတက်သရုပ်ပြကြတာ။


အစိမ်းရောင်တွေ ဝတ်ဆင်ပြီး အားပေးကြတယ်။ ဗြိတိန် ကိမ်းဘရစ်မြို့စားကတော် ကိက် စိန့်ပက်ထရစ်ပွဲမှာ ခေါင်းကနေ ခြေအဆုံး အစိမ်းရောင်ဝတ်ဆင်တာ သတင်းမှာ တွေ့လိုက်တယ်။ ကိက် ဖက်ရှင်တွေက ဒိုင်ယာနာမင်းသမီးလိုပဲ အတော်ပေါ်ပြူလာဖြစ်တယ်။

credit to Google

၉၁၁ မှာ ပြိုကျခဲ့တဲ့ World Trade Center နေရာနားမှာ ဆောက်ထားတဲ့ World Trade Center အသစ်ပါ။ ဘေးက Ground Zero 911 Memorial ပြတိုက်ကို ဝင်ဖို့စောင့်နေတဲ့ လူအုပ်ကြီး မနည်းမနော။ ဒီပုံစံအတိုင်းဆိုရင် ဒီနေ့တော့ ပြတိုက်ထဲဝင်ဖို့ ကိုယ့်အလှည့်ရောက်ပါ့မလား။ မသေချာတာနဲ့ ဓာတ်ပုံပဲ ရိုက်ခဲ့တော့တယ်။ 


၉၁၁ တုန်းက ရှေ့က ပြိုကျပျက်စီးနေတဲ့ ဝေါထရိတ်စင်တာအောက်မှာ ပိတ်မိနေတဲ့သူတွေကို ကူညီကယ်ဆယ်တဲ့ မီးသတ်သမား၊ ရဲတွေ၊ ပြည်သူတွေ စခန်းချခဲ့တဲ့ ဘုရားရှိခိုးကျောင်းလေးပါ။ ဘုရားကျောင်းလေးက ခမ်းနားထည်ဝါမှုတွေ မရှိပေမဲ့ ၉၁၁ သမိုင်းဝင်နေရာလေးမို့ လာတဲ့သူ များတယ်။ 


ဖုန်တထောင်းထောင်း၊ စုတ်ပြတ်နေတဲ့ မီးသတ်သမားအင်္ကျီလေးကို မြင်ရတော့ ကိုယ်တင် မကဘူး ကင်မရာပါ မျက်ရည်ဝဲသွားတယ်။ (ဒါကြောင့် ဝါးတားတား ဖြစ်နေတာ နေမှာ)


လစ်ဘာတီရုပ်တုဆီသွားဖို့ သဘောၤစီးတဲ့ Whitehall Terminal Manhattan (South Ferry) ရှိတဲ့ Battery ပန်းခြံလေးပါ။


လစ်ဘာတီရုပ်တုဆီ နယူးဂျာဆီဖက်ကနေလည်း ဖယ်ရီသင်္ဘောတွေ ရှိတယ်။ ဒါကတော့ အောက်မက်ဟန်တန်ကနေ ထွက်တဲ့ဖယ်ရီ။


အဲဒီနားမှာပဲ The National Museum of the American ပြတိုက် ရှိပါတယ်။ ဝင်ကြေးအခမဲ့ပါ။  အင်ဒီးယန်းလူမျိုးတွေရဲ့ လက်မှုပစ္စည်းတွေ၊ မာယာလူမျိုးတွေရဲ့ ကျောက်ထွင်းလက်ရာတွေက အတော်လေး ထူးဆန်းပြီး စိတ်ဝင်စားဖို့အရမ်းကောင်းတယ်။


ရုရှားဘုရားရှိခိုးကျောင်း Trinity ထဲမှာ တယော၊ စန္ဒရားတီး လေ့ကျင့်နေကြတာ တော်တော်လေး နားထောင်ကောင်းလို့ ကိုယ်အပါအဝင် တော်တော်များများ နားသောတဆင်ကြတယ်။ ဘုရားကျောင်းရဲ့ မှန်ပြတင်းပေါက်တွေကို ရောင်စုံကျောက်တွေနဲ့ ပန်းချီခြယ်မှုန်းထားတယ်။ အပြင်ကကြည့်ရင် အတော်ဟောင်းတယ်လို့ ထင်ရပေမဲ့ အထဲမှာတော့ ခိုင်ခံ့သားပဲ။


နာမည်ကျော် ဘရွက်ကလင်းတံတားဆီအသွား စီးတီးဟောပန်းခြံမှာ အညောင်းဖြေရင်း ဘေးက အဆောက်အဦးတွေကို ရိုက်ထားတာပါ။


လူတွေများလွန်းလို့ ပြေးပွဲ၊ လမ်းလျှောက်ပွဲများ ရှိသလားလို့တောင် ထင်မိတာ။ မဟုတ်ပါဘူး ရုံးပိတ်ရက်တွေဆို ဘရွက်ကလင်းတံတားပေါ်မှာ လမ်းလျှောက်သူ၊ စက်ဘီးစီးသူ၊ အပြေးလေ့ကျင့်သူ၊ ၁ ဒေါ်လာတန်ကီးချိန်း၊ ပိုစတာရောင်းသူတွေနဲ့ အမြဲစည်ကားနေတာပဲတဲ့။ လူတွေကို ကျော်တက်ရင်းနဲ့ဘယ်ဖက်လမ်းလေးကို ရောက်သွားရင်  ဒါဘိုက်လိမ်း Bike Lane လို့ စက်ဘီးစီးတဲ့သူတွေက အော်သွားတယ်။


တံတားအဆုံးနား မရောက်ခင်ဘဲ ပြန်လှည့်ခဲ့ပါတယ်။ နောက်တခေါက် မခိုင်တို့နဲ့ သွားတော့မှ တံတားအဆုံးလမ်းက ကားလမ်းမကြီးနှစ်ခုကြားမှ။  တံတိုင်းတွေနဲ့ သေချာကာထားတာများ တံတားအဆုံးကနေ တံတိုင်းအဆုံးအထိက ဘရွတ်ကလင်းတံတား အစအဆုံးနီးပါးလောက် ဝေးတယ်။ ဘရွက်ကလင်းတံတားပေါ်မှာ နှလုံးသားတံခါးကို  မေတ္တာသော့နဲ့  ခတ်လိုက်ကြပြီး နောက်ထပ်ဖွင့်လို့မရတော့ အောင် သော့ကို အရှေ့မြစ် East River ထဲ လွှင့်ပစ်ကြတယ်။


လျှောက်ရတာ အတော်ညောင်းသွားပြီလား။ မေစီရဲ့ Secret Garden ၊ ယိုးဒယားဘုရင်ကိုယ်တိုင် ဖွင့်ပေးခဲ့တဲ့ ယိုးဒယား ဘုန်းကြီးကျောင်းတွေကို နောက်အပတ်မှ သွားလည်ကြရအောင်။

စန်းထွန်း
မတ် ၁၅၊ ၂၀၁၄။

5 comments:

အိမ်စိုးမေ said...


blackroze said...

အထွန်းရေ..
မလား မသိဘူးနော်..

Anonymous said...

သဘောကျတယ်။
မမအိုင်အိုရာ

San San Htun said...


San San Htun said...

အိမ်စိုးမေ said...
လာလည်ပြီး ဖတ်သွားတယ်နော်
ကိုရီးယားမှာ လည်း သော့ခတ်တာ ရှိတယ်ပြောတယ်
အမေရိကန်ကို အတုခိုးတာဖြစ်မယ်
May 16, 2014 at 2:48 AM
blackroze said...
Grand Central ကြီးကိုတော့ သဘောကျတယ်
အထွန်းရေ..
သော့ခတ်တာက နောက်ဆို မြန်မာနိုင်ငံကိုလည်းရောက်လာ
မလား မသိဘူးနော်..
ချစ်သူတွေနာမည်ရေး ပြီးသော့ခတ်ကြတာပေါ့
May 16, 2014 at 9:08 AM
Anonymous said...
ဓါတ်ပုံတွေအရမ်းလှတယ်စန်းထွန်းရေ။
သဘောကျတယ်။
မမအိုင်အိုရာ
May 18, 2014 at 12:04 AM
San San Htun said...
အိမ်စိုးမေ း ပြင်သစ်မှာလည်း သော့ခတ်ကြတယ် Now you see me ရုပ်ရှင်မှာ တွေ့လိုက်တာ...း) သော့တွေတော့ ရောင်းကောင်းဦးမယ်...
ပစ်ပစ် း အင်း ...မြန်မာပြည်ကိုလည်း မကြာခင် ရောက်လာတော့မယ် ထင်တယ်...
မမအိုင်အိုရာ း ဓာတ်ပုံတွေ နောက်ထပ် တင်ဦးမယ်...လှတယ်ဆိုလို့...;)
May 21, 2014 at 11:07 PM