အိတ်မှောက်သွန်ဖြိုး နှစ်ဆယ့်ကိုး...(တဂ်ပို့စ်)
အစကတော့ လေဘာဒေးပိတ်ရက်ပြီးမှ အိတ်မှောက်မလို့ စိတ်ကူးထားတာ။ မမယ်သံ ပြောသလို "မင်းတို့အိတ်တွေ လေထဲမှောက်လိုက်ကြ" ဆိုပြီး ဘလော့ဂါမောင်နှမတွေ တက်ညီလက်ညီ အိတ်တွေ မှောက်ချနေတာ ဖတ်ရတော့၊ Camping ထွက်ဖို့ အိတ်ရှင်းရမှာနဲ့ မထူးပါဘူးလေ တခါတည်း မှောက်လိုက်မယ်ဆိုပြီး မှောက်ချပစ်လိုက်တော့....
အိတ်ကြီးထဲက အိတ်ငယ်လေးတွေ ထွက်လာတယ်။
ကျောပိုးအိတ်
စတိတ်ကို မရောက်ခင်အထိ ဘေးလွယ်အိတ်၊ စလွယ်သိုင်းအိတ်တွေပဲ လွယ်ခဲ့ပြီး ( ခြင်္သေ့ကျွှန်းမှာ တောင်တက်တယ့် အချိန်ကလွဲလို့) ကျောပိုးအိတ် မလွယ်ခဲ့ဘူး။ ကျောပိုးအိတ်ကို လေဒီမဆန်ဘူးလို့ထင်တယ့် ဖက်ရှင်မိုက်တယ့် မကြီးဝယ်ပေးတယ့် အိတ်တွေလွယ်ပြီး ဖက်ရှင်မိုက်ခဲ့တယ် ဆိုပါတော့ း) ။ စတိတ်ရောက်တော့ ပြောင်းပြန်။ ဘေးလွယ်အိတ်၊ စလွယ်သိုင်းအိတ်တွေ ရှိပေမယ့် ကျောပိုးအိတ်ပဲ လွယ်ဖြစ်တော့တယ်။ ဒီ Swiss Gear ကျောပိုးအိတ်က ဆူနမ်နဲ့ရာမား မွေးနေ့လက်ဆောင် ပေးထားတာ။
ထမင်းဗူးအိတ်
ချိုလွန်း၊ ငန်လွန်းတယ့် အမေရိကန်စာတွေ မစားနိုင်လို့ ထမင်းဗူး သယ်တယ်။ ကန်စွန်းဥပြုတ်၊ ပြောင်းဖူးပြုတ်၊ ပေါင်မုန့်၊ ကွတ်ကီးတို့ကို မနက်စာအတွက် သယ်သလို သစ်သီးမစားရရင် မနေနိုင်တာမို့ အသီးတွေ သယ်တယ်။ မိုက်ခရိုဝေ့ခံ ပလပ်စတစ်ဗူးထက် ဖန်၊ ကြွေတို့ကို ပိုကြိုက်လို့ ထမင်းဗူးက Pyrex တံဆိပ် ဖန်ခွက် နည်းနည်းလေးတယ်။ မနက်ဆို စားစရာတွေနဲ့ နင့်နေလို့ လက်ကဆွဲပေမယ့် ညနေစာင်းဆို အတော်ပေါ့သွားလို့ ကျောပိုးအိတ်ထဲ ရောက်သွားတယ်။
မောက်ကပ်ဘေ့စ် အဲလေ မိတ်ကပ်ဘောက်အိတ်
နှုတ်ခမ်းခြောက်ရင် ဆိုးဖို့ Clinique နှုတ်ခမ်းဆိုးဆေးတောင့်၊ ဘောပင်တချောင်း၊ ခဲတံတချောင်း၊ မျက်မှန်သုတ်တယ့် အဝတ်၊ ရထားစီးချိန်နဲ့ရုံးမှာ သီချင်းနားထောင်ဖို့နားကြပ်၊ စိတ်ရှုပ်လာရင် နဖူးပေါ်ဝဲနေတယ့် ဆံပင်တွေကို ဖယ်ရှားပစ်ဖို့ ဘဲဆံညှပ်၊ Jogging ပြေးရင် ပိုနီတေးစည်းဖို့ J.Crew ကလစ်ခုံးတခု ( သယ်ဖို့ မလိုဘူး...ထုတ်ပစ်ဦးမှ ) ၊ မျက်စိညောင်းရင် ခပ်ဖို့ မျက်စဉ်းဆေး၊ နေ့လည်စာ ထွက်စားရင် ယူသွားတယ့် ပိုက်ဆံအိတ် အသေး တခု။ ဆူနမ်တို့ဆီ သွားရင်၊ ခရီးထွက်ရင်တော့ အဲဒီအိတ်က မိတ်ကပ်ဘောက်အိတ် ဖြစ်သွားတယ်။
ပိုက်ဆံအိတ် အသေး
ကျွန်မကို အသေသတ်ချင်ရင် အဲဒီအိတ်သာ ဖျောက်ပစ်လိုက် (အစ်မ မြသွေးနီ လေသံ း)  ။ အဲဒီအိတ်ထဲမှာ ကားမောင်းလိုင်စင်၊ ဒက်ဘစ်ကဒ်  ၊ ခရစ်ဒစ်ကဒ် နှစ်ခု (တချို့ဆိုင်တွေက ဒစ်ကာဗာ ခရက်ဒစ်ကဒ်ကို လက်မခံလို့ တခြား ခရက်ဒစ်ကဒ်ကိုပါ အပိုဆောင်ထားရ) ၊ ငွေသားအချို့ ( တချို့ဆိုင်တွေက လက်ငင်းငွေသားပဲ လက်ခံတယ် ၊  ချေ့စ်ဘဏ်က ကန်တက်ကီမှာ အေတီအမ် ပေါသလောက် မေရီလန်းနဲ့ ဝါရှင်တန်ဒီစီမှာ အေတီအမ် မရှိဘူး...ငွေထုတ်ချင်ရင် စာတိုက်မှာ တခုခုဝယ်ရင်း ကက်ရှ်ဘက် ထုတ်၊ ဒါမှမဟုတ် ဆူနမ်တို့ကို ထုတ်ခိုင်း ၊ ပြီးမှ သူတို့ကို ချက်ရေးပေး၊ ကားတိုးခံရလို့ ဒဏ်ကြေးပေးဖို့ အေတီအမ်မှာ ငွေသွားထုတ်တာ အေတီအမ်ဘဏ်က ထုတ်ခနဲ့ ချေ့စ်ဘဏ်က သူ့အေတီအမ်မှာ မဟုတ်လို့ ထုတ်ခ နှစ်ခုပေါင်း ငွေ ၃၀ ထုတ်တာကို ၅ ကျပ် ပေးရပြီးကတည်းက လက်ငင်းငွေသား အပိုဆောင်တယ် ) ။
သော့အိတ်
ကားသော့ ( H Mart မန်ဘာကဒ်အသေးနဲ့ ကားပြင်ဆိုင် မန်ဘာကဒ်အသေး ချိတ်ထားတယ်) ၊ အိမ်သော့ ( အိမ်ရှေ့တံခါးသော့၊ အခန်းသော့၊ အိမ်နောက်ဖေးသော့ ) ၊ ရထားကဒ်၊ ရုံးဓာတ်လှေကားကဒ်၊ ဝန်ထမ်းကဒ်။ ဒီအိတ်လေးကတော့ ကျောပိုးအိတ်ရဲ့ အပြင်ဖက်ဆုံး အိတ်ဖက်ထဲမှာ ထားတယ်။ တခါတုန်းက အခန်းသော့ ပိတ်ပြီး အိမ်ရှေ့တံခါးမကြီး ပိတ်တော့မလို့ လုပ်ခါမှ အိမ်သော့ အခန်းထဲမှာ ကျန်ခဲ့မှန်း သိတယ်။ အိမ်ရှေ့တံခါးနဲ့ အိမ်နောက်ဖေးတံခါးသော့က အိမ်ရှင်ဆီမှာ ရှိပေမယ့် အခန်းသော့က အော်ရင်ဂျင်နယ်။ သူ့မှာလည်း အပိုမရှိဘူး။ သော့ဖျက်တယ့် လူကို ခေါ်ရမယ် ထင်တယ်။ ဆူနမ်တို့ အိမ်သော့ အထဲမှာ ကျန်ခဲ့လို့ တိုက်ခန်းကြီးကြပ်ရေးမှုးက သူ့မှာရှိတယ့် သော့နဲ့ လာဖွင့်ပေးတာလေးကို ၃၅ ကျပ် ပေးရတယ်။ သော့ဖျက်ရမယ် ဆိုရင်....
နေ့လည်ဖက် အိမ်သော့ကို မိတ်ကပ်ဘောက်အိတ်ထဲမှာ ပြန်တွေ့လို့ ပျော်လိုက်တာ။ နောက်ဆို သော့တွေကို သော့အိတ်ထဲမှာပဲ ထား၊ အခန်းသော့ ပါမပါ သော့အိတ်ကို အရင်စစ်ပြီးမှ အခန်းလော့ချ။ ရုံးက ဘာဘရာက သော့အိတ်လေးကို လှလို့တယ့်။ အဲဒါ မြန်မာပြည်ကကွ...(ဘာလို့ကွမှန်း ကွကို မသိ.. ) ။ မကြီး မြန်မာပြည် ပြန်တော့ အဲဒီအိတ်မျိုး ထပ်မှာသေးတယ်။ ဟမ်းမိတ်၊ ဆီးကွင့်တွေ၊ ဘော်ကြယ်တွေ၊ ရွှေခြည်ထိုးတွေနဲ့ လှပေမယ့် ကွာလတီကတော့ သိပ်မကောင်းဘူး။ မြန်မာပြည်မှာတုန်းက နိုင်ငံခြားဖြစ်တွေ သုံးချင်ပြီး နိုင်ငံခြားရောက်တော့ မြန်မာပြည်ဖြစ်တွေ သုံးချင်တယ် း) ။
ပိုက်ဆံအိတ် အကြီး
ဒီပိုက်ဆံအိတ်က မကြီး မွေးနေ့လက်ဆောင် ပေးထားတယ့် Bonia အိတ်။ ငါးနှစ်လောက် ကြာပြီပေမယ့် အခုထိ  မဟောင်းသေးဘူး။  ပတ်စပို့သက်တမ်းတိုးဖို့ ရိုက်ထားတယ့် ဓာတ်ပုံ ၂ ပုံ (ဘာလို့ ပိုက်ဆံအိတ်မှာ သိမ်းထားမှန်းမသိ..) ၊ ကျောင်းသားကဒ်၊ အိုင်အိုဝါဘဏ်ကဒ် ( အဲဒီဘဏ်ကဒ်ကို ကျောင်းလခသွင်းဖို့လောက်ပဲ သုံးတယ်) ၊ အဲဒီဘဏ်ရဲ့ ပင်နံပါတ် ရေးထားတယ့် စာရွက် ၊ AAA Road Assistance ကဒ်  ၊ ကျန်းမာရေး အာမခံကဒ် ၊ ကားအာမခံကဒ်၊ ငွေသားအချို့၊ အကြွေစေ့ အတော်များများ ( စင်္ကာပူ ပြား ၅၀ စေ့ကို မလွှင့်ပစ်ရက်လို့ အလေးခံပြီး သိမ်းထားလေရဲ ့) ၊ Body Shop မန်ဘာကဒ်၊  Kroger မန်ဘာကဒ် ( H Mart လို အသား၊ အသီးအရွက် ရောင်းတယ့်ဆိုင် ကန်တက်ကီမှာပဲ ရှိတယ် ) ၊ ကိုရီးယားဆိုင် H Mart မန်ဘာကဒ် (ကားသော့မှာ H Mart ကဒ်အသေး ချိတ်ထားတာမို့ ကဒ်အကြီးနဲ့ မေရီလန်းမှာ မရှိတယ့် Kroger ကဒ်တွေကို ထုတ်ပစ်ဦးမှ ) ၊ ဘောက်ချာစာရွက်အချို့ ( ကင်မရာအတွက် မန်မိုရီကဒ် ဝယ်ထားတာ ဆိုဒ်မတော်ရင် ဝယ်ပြီး ၁၅ အတွင်း ဘောက်ချာပြပြီး ပြန်လဲဖို့ သိမ်းထားတယ့် Best Buy က ဘောက်ချာစာရွက်။ မကြီးဆီ ပစ္စည်းပို့တုန်းက စာတိုက်က ပေးတယ့် ဘောက်ချာစာရွက်တွေမှာ ထရက်ကင်းနံပါတ်၊ အာမခံနံပါတ်တွေပါလို့ ပစ္စည်းမရောက်မချင်း သိမ်းထားတယ်။ ရောက်ပြီဆိုမှ လွှင့်ပစ်ရန် )
စာအုပ်
စာမေးပွဲ နီးပြီဆိုတော့ ရုံးမှာ အားတယ့်အချိန်တွေ၊ ရထားစီးတယ့် အချိန်တွေမှာ ဖတ်ဖို့ စာအုပ်နဲ့ နှုတ်စ်ထုတ်ဖို့ ဗလာစာအုပ်။ စာမေးပွဲ ဝေးတယ့်အချိန်တွေဆို အိုင်ပတ်မီနီ ဒါမှမဟုတ် စာအုပ်သေးသေးတအုပ် သယ်တယ်။ ရထားစီးချိန်၊ နေ့လည်စာ ထမင်းစားချိန်တွေမှာ ဖတ်ဖို့။
ဖုန်း
စတိတ်မှာနေပြီး စမတ်ဖုန်းလည်း မရှိ၊ အိုင်ပတ်လည်း မရှိ၊ ငါ့ဟာတွေ ပို့ပေးရမလားလို့ မြန်မာပြည်က မောင်မောင်က ကျွန်မကို ဟားတယ်။ ကန်တက်ကီမှာတုန်းက အိမ်ရှေ့၊ ရုံးရှေ့အထိ ကားမောင်းလို့ရတော့ အိုင်ပတ်နဲ့ စာဖတ်ချိန်လည်း မရှိ၊  အိမ်ရောက်တာနဲ့ ကွန်ပျူတာဖွင့်တာဆိုတော့ စမတ်ဖုန်းလည်း မလို။ မေရီလန်းရောက်တော့ ရထားစီးချိန်တွေမှာ စာဖတ်ဖို့ အိုင်ပတ်၊ သွားလာနေတုန်း လမ်းပျောက်သွားခဲ့ရင် ရှာဖွေဖို့ စမတ်ဖုန်း လိုလာတယ်။
ကျွန်မရဲ့ ပထမဆုံးဖုန်းက ဆမ်ဆောင်း ခေါက်ဖုန်း။ ဒုတိယဖုန်းက Emporio Armani အတွက် ဆမ်ဆောင်းက ထုတ်တယ့် မီးရောင်စုံလင်းတယ့် ဖုန်း။ ဆမ်ဆောင်းဖုန်းတွေပဲ သုံးခဲ့တော့ Brand Loyalty ဖြစ်အောင် ဆမ်ဆောင်းဂယ်လာဆီ  ဝယ်မလား စိတ်ကူးပေမယ့် သူငယ်ချင်းတွေ၊ မကြီးနဲ့ မောင်မောင်က အိုင်ဖုန်းသုံးကြတာမို့ အိုင်ဖုန်းဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ရုံးက ဗီယက်နမ် သက်ငုယင်က
အိုင်ဖုန်းဖိုက်လား.. ငါ့ဖိုးကို ဖိုက်နဲ့ လဲချင်နေတာ...
သုံးလတကြိမ်လောက် အသစ်ပေါ်နေတာ.. လိတ်တက်စ် ပေါ်သမျှ ကိုင်ချင်နေတာ...ခရေဇီပဲ...
ရှေ့လကျရင် အိုင်ဖုန်း အသစ်ထွက်မယ် ကြားတယ်..ဖိုက်နဲ့ မလဲနဲ ့ဦး...တလထပ်စောင့်လိုက်..အိုင်ဖုန်းဆစ်နဲ့ လဲ..
ဖုန်းအသစ်ရသည့် ကျွန်မ မျောက်အုန်းသီးရမည့်ပမာ မြင်မြင်သမျှရိုက်ပြီး  ဖေ့ဘွတ်ပေါ်မှာ တဂျိမ်းဂျိမ်း တင်တယ်...မျက်စိနောက်ပေစွ...း)
ထီး
ဒီနေ့မိုးရွာမယ်ဆိုလို့ ထီးဆောင်တယ်။ ပြုံးမြတ် မွေးနေ့လက်ဆောင် ပေးထားတယ့် အပြာရောင်မှာ အဖြူရောင် ဘောလုံးအစက်လေးတွေပါတယ့် ESPRIT ထီး။ ကျွန်မ ဆောင်းဖူးသမျှ ထီးတွေထဲမှာ ဒီထီးလေးက အလှဆုံး။
လိုအပ်တာတွေပဲ ပါပေမယ့် ကျွန်မ အိတ်ကလည်း အစ်မသက်ဝေအိတ်လို သုံးကီလိုလောက် လေးနေမလား။ စာအုပ်၊ ထီး မပါတယ့်နေ့ဆို အိတ်က ပေါ့နေလို့ ငါ ဘာများမေ့ကျန်နေပါလိမ့်လို့ တွေးမိတယ်။ သေးသေး၊ ကြီးကြီး  အိတ်ဆိုတာ လိုအပ်တာတွေ သယ်ယူသွားဖို့ပဲ မလား။
"ဤရက်ပိုင်းအတွင်း ဘလော့ဂါများ အိတ်မှောက်လတ္တံ့။ အားလုံး၏ အိတ်ချောင်အတွင်းရှိ အမှိုက်သရိုက်များ ရှင်းလင်းကြလတ္တံ့။"
အစ်မမြသွေးနီ နမိတ်ဖတ်ထားသလို နောက်ရှင်းလာမယ့် အိတ်လေးတွေကို စောင့်စားရင်း
စန်းထွန်း
သြဂုတ် ၃၀ ၊ ၂၀၁၃။
12 comments:
သက်ဝေ said...
ဟန်ကြည် said...
ညီလင်းသစ် said...
Cameron said...
မလေး said...
ရွှေအိမ်စည်မေ said...
:))
Anonymous said...
ခဏခဏလာလည်ဖြစ်ပါတယ်.:)
@Ahthu
စံပယ်ချို said...
ဘုန်းတောက် said...
San San Htun said...
သက်ဝေ said...
ဒီညီမလေးလည်း အိတ်မှောက်တယ်ကိုး... Pyrex ဗူးကို ထမင်းဗူး လုပ်သုံးတာ ထူးဆန်းသွားတယ်... ပြီးတော့ ဒီနေ့ ညီမပါနဲ့ဆို ဘောလုံးပျောက် ထီးလေးတွေ့တာ ၂ ယောက်ရှိဘီ... ချစ်စရာလေး... း-)
August 30, 2013 at 1:11 AM
ဟန်ကြည် said...
အင်း ဒီရက်ပတ်ကတော့ သွားရည်သီတင်းပတ်လို့ ခေါင်းစဉ်တပ်ရင်ကောင်းမယ်ထင်တယ်...သူများအိတ်တွေ သွားချောင်းရတာ ပျော်လို့ း)
ကိုစန်းထွန်းအိတ်ထဲက တိုလီမိုလီတွေ အတော်များတာကလား...ဦးဟန်ကြည့်အိတ်လည်း အသာလှပ်ကြည့်ဦးမှ...မှန်း း)
August 30, 2013 at 3:26 AM
ညီလင်းသစ် said...
ထမင်းဗူးကို Pyrex ဖန်ဗူး သုံးတာကိုတော့ အရမ်း သဘောကျသွားပြီ ညီမစန်းထွန်း..၊ ဘယ်လောက် အပူပေးပေး ပလပ်စတစ်လို chemical reaction မရှိလို့ လေးပေမယ့် ကျန်းမာရေးအတွက် အရမ်းကောင်းတယ်၊ ထမင်းဗူးအိတ်နဲ့ မိတ်ကပ်အိတ်လေးတွေက ပလောင်တွေရဲ့ ဝတ်စုံကို သတိရချင်စရာ...၊ း)
ဒါနဲ့ ဖုန်းပေါ်မှာ Wallpaper လုပ်ထားတဲ့ သစ်တောလေးက “ငါးမျှားခြင်း” ပို့ထဲက ဒုတိယမြောက် ဓါတ်ပုံလေး ထင်တယ်နော်၊ း))
August 30, 2013 at 3:31 AM
Angelhlaing(May everybody be happy and healthy! said...
ကျောပိုးအိတ် ကို သဘောကျတယ် ..စန်းထွန်း ..အနက်ရောင် ဖြစ်နေလို့ ဖြစ်မယ် ..:) ထီးဆောင်တတ်တာလေး သဘောကျမိတယ်..အိန်ဂျယ်တော့ မိုးရေထဲမှာ... ပြေးနေရတုန်း ...:D
August 30, 2013 at 1:02 PM
Cameron said...
အိတ်မှောက်တဲ့အထဲမှာ ညီမအိတ်က အိတ်အသေးတွေထွက်လာတာအများဆုံးပဲ အိတ်လေးတွေကလှတယ် သုံးကီလိုတောင်ကပါ့မလားလို့တွက်ကြည့်နေမိ
August 31, 2013 at 12:48 AM
မလေး said...
ညီမစန်းထွန်းရဲ့ အိတ်ကလေးကြည့်သွားတယ်နော်။ မလေးကတော့ ကျောပိုးအိတ်ကလေးတွေကို သဘောကျတယ်။
September 1, 2013 at 12:47 AM
ရွှေအိမ်စည်မေ said...
ဟီးးး ယောကျာ်းလေးမှတ်လို့ ဖတ်နေရင်းမှ မိတ်ကပ်ဘောက်စ်ပါလာတော့ ယောင်ဝါးဝါးဖြစ်သွားတယ်..။ နောက်မှ ကောင်မလေးမှန်း သိရတယ်..။
ထီးကလေး သဘောကျလိုက်တာ...။
အိတ်တွေလည်းများကြီးပဲ....လေးတာတော့ အတော်လေးမှာပဲ..။
အစုံအလင်ထည့်နိုင်တာတော့ တကယ်ချီးကျူးတယ်..။
:))
September 1, 2013 at 3:56 AM
သူကြီးမင်း (တုံးဖလား) said...
အိတ်မှောက်ကြတာ အမျိုးသမီးတွေချည်းပါလား။
အိုင်ဖုန်းလေးရပြီဆိုတော့ အိတ်ထဲမှာ ကင်မရာသီးသန့် ထည့်မလာဖြစ်တော့ဘူး ထင်ပါရဲ့။ း)
September 1, 2013 at 7:53 AM
Anonymous said...
ဤရက်ပိုင်းအတွင်း ဘလော့ဂါများ အိတ်မှောက်လတ္တံ့။ အားလုံး၏ အိတ်ချောင်အတွင်းရှိ အမှိုက်သရိုက်များ ရှင်းလင်းကြလတ္တံ့။
သဘောကျတာ..အဲ့စာသားလေးကို.
ခဏခဏလာလည်ဖြစ်ပါတယ်.:)
@Ahthu
September 2, 2013 at 3:58 AM
စံပယ်ချို said...
သူများအိတ်တွေကြည့်ရတာအလွန်အရသာရှိလှပါလားကွယ်.....အိတ်အသေးလေးချစ်ဖို့ကောင်းတယ်
September 3, 2013 at 9:10 PM
ဘုန်းတောက် said...
ဟုတ်ပါ့ စန်းထွန်းရေ ရွှေပြည်မှာတုန်းက နိုင်ငံခြားဖြစ်ကို သုံးချင်တယ် နိုင်ငံခြားရောက်ပြန်တော့လည်း ရွှေပြည်ဖြစ်ကို သုံးချင်နေပြန်ရော။
September 4, 2013 at 1:43 PM