ကျူရှင်ဆင်းသည်နှင့် လွယ်အိတ်ဗုန်းခနဲပစ်ချကာ ကမ်းနားပိုင်းတပိုင်းလုံးက ကလေးများနှင့် ဆော့ကြတော့သည်။ ထုပ်ဆီးတိုးတမ်း၊ စိန်ပြေးတမ်း၊ ကြိုးခုန်တမ်း မိန်းကလေးများက ဆော့ချိန် ယောက်ျားလေးများက စစ်တိုက်တမ်း၊ သစ်ပင်တက်တမ်း ဆော့ကြသည်။ ဒီရေတိုးသည့်အခါ လှေလှော်ကြသည်။ ညဖက်လသာလျှင် ငါးလှမ်းသည့်ရေစင်တွင် လဲလျောင်းကာ ကောင်းကင်ကကြယ်တွေ ရေတွက်သူကရေတွက်၊ တယောက်တလှည့် ပုံပြော။ နယ်အိမ်များတွင် အိမ်သာသည် အိမ်နှင့်အတော်ဝေးသည်။ သရဲအကြောင်းပြောကြလျှင် အိမ်သာသို့ တယောက်တည်း မသွားရဲ။
ကျွန်မတို့ ငယ်ငယ်တုန်းက ခုခေတ်လို တီဗွီမပေါ။ တရပ်ကွက်လုံးတွင် တခုလောက်သာရှိသည်။ ရုပ်ပြကာတွန်းများကို သွက်သွက်လက်လက် မဖတ်နိုင်သေးသည့် မူလတန်းကျောင်းသားအရွယ်၊ ခုခေတ်ကလေးတွေကို ကျူရှင်မပိ၊ ခုခေတ်လို ဆိုင်ကယ်တဝီဝီမနေ၊ ကျေးလက်မို့ မြို့ပေါ်လို ဆော့ကစားဖို့ နေရာကလည်း မရှားလှသည်ဖြစ်ရာ ကျွန်မတို့ငယ်စဉ်က အတော်ဆော့ကြသည်။ ကျေးလက်တွင် ကြီးပြင်းရသော ငယ်ဘဝကို ကျေနပ်မိသည်။
ဆောင်းရာသီတွင် မနက်စောစော ရွာထိပ်ရှိဘုန်းကြီးကျောင်းသို့ လမ်းလျှောက်ခရေပန်းကောက်ကြသည်။ ဘုရားတောင်ပေါ်တက်ကာ ပင်လယ်ပြာပြာပေါ် မှေးတင်နေသော စိမ်းညှို့နေသည့် ပြင်ခရိုင်ကျွှန်း၊ လိပ်ကျွှန်းတို့ကို ငေးမောရင်း ပင်လယ်ပြင်မှ နေထွက်လာသည်ကို စောင့်ကြည့်ကြသည်။ ညနေစောင်းလျှင် ကမ်းနားဖက် လမ်းလျှောက်၊ ကြက်တောင်ရိုက်၊ ရွာတပတ် စက်ဘီးလျှောက်စီးသည်။ ဆောင်းရာသီ ကျောင်းအားကစားပွဲတော်ကို ကျောင်းဘေးရှိ ဘောလုံးကွင်းတွင် ကျင်းပလျှင် ကျောင်းလုံးကျွှတ် အားပေးကြသည်။ အပြေးပြေးပွဲ၊ အာလူးကောက်၊ ထုပ်စီးတိုး အားကစားနည်းများကို ပါဝင်ယှဉ်ပြိုင်ပြီး ဆုတွေရခဲ့တာတော့ မှတ်မိသည်။
ဟိုင်းကြီးသားများသည် ဘောလုံးအလွန်ဝါသနာပါသည်။ မြို့နယ်လုံးကျွှတ် ဘောလုံးပြိုင်ပွဲတွင် ကျွန်မတို့ရွာဖက်မှ ဂိုးတဂိုး မသွင်းလိုက်လေနှင့်။ သွင်းလိုက်သည်နှင့် ဟိုင်းကြီးသူဟိုင်းကြီးသားများသည် ကွင်းထဲထိဝင် အောင်ပွဲခံတတ်ကြသည်။ ၇ တန်းကျောင်းသူဖြစ်လာသောအခါ ဂါဝန်တလွှားလွှားဖြင့် ကြိုးခုန်သည်မှာ အမြင်မသင့်တော်သည်နှင့် ကြိုးမခုန်ရဟု ဆရာမများက တားဖြစ်လိုက်သည်။ အတန်းကြီးလာသည်နှင့်အမျှ စာတွေကလည်းများလာရာ အားကစားမလုပ်တော့သည်မှာ ဆယ်ကျော်သက်အရွယ်မှ နှစ်ဆယ်ကျော်အရွယ် နှစ်ပေါင်းဆယ်နှစ်ကျော်အကြာ စင်္ကာပူသို့ရောက်သောအခါမှ ပြန်လုပ်ဖြစ်တော့သည်။
ခုခေတ်ကလေးများသည် ထိုင်ခုံမှမထရ၊ ကျူရှင်ပိ၊ ဆော့စရာနေရာ ရှားသည့်ကြား ဆိုင်ကယ်၊ ကား တဝီဝီ။ အိမ်တွင်ဂိမ်းဆော့သည်က မျက်စိရှေ့တွင် စိတ်ချရသည်မို့ မိဘများက အပြင်ထွက်ကစားခြင်းထက် ဂိမ်းကစားခြင်းကို ပိုသဘောကျသည်။ ကစားခြင်းကြောင့် စုပေါင်းဆာင်ရွက်တတ်ခြင်း၊ သင့်တော်သည့်အရည်အချင်းအလိုက် အသုံးချတတ်ခြင်း၊ ခန္ဓကိုယ် ကျန်းမာသန်စွမ်းစေသည်။ ဝမ်းနည်းစရာကောင်းသည်မှာ ခုခေတ်ကလေးများသည် ကျွန်မတို့ငယ်ငယ်ကလို ဆော့ကစားခွင့်မရှိရှာ။
စင်္ကာပူတွင် ကျောင်းတက်သည့်အချိန် ယား၍မျှပင် မကုတ်အား။ အလုပ်ဝင်ပြီး အတော်လေးကြာသည့်အခါ တပတ်နှစ်ရက် ညနေစောင်းအလုပ်မှ ပြန်ရောက်ချိန် Clementi အိမ်အနီးရှိ ပြေးလမ်းတွင် ကျွန်မတို့ညီအစ်မ ပြေးကြသည်။ တူးမြောင်းတလျှောက် သစ်ပင်များအုပ်ဆိုင်းနေသော ထိုပြေးလမ်းသည် ကျေးငှက်သံများဖြင့် သာယာအေးချမ်းလှသည်။ တနင်္ဂနွေ မနက်စောစော နေမထွက်မှီ ထပြေးပြီး ပြန်လာသည့်အချိန် နေမြင့်နေပြီ။ Boonlay အိမ်သို့ ပြောင်းသောအခါ အိမ်နားရှိဘောလုံးကွင်းတွင် အပြေးလေ့ကျင့်ကြသည်။ ပန်းခြံတွင် တခါတရံ သောက်စားနေကြသော အိန္ဒိယသားများကြောင့် ထိုနေရာကို Clementi အိမ် ပြေးလမ်းလောက် မကြိုက်။
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တက်တုန်းကလည်း နှစ်အတူတူ၊ စင်္ကာပူလာတော့လည်း လေယာဉ်တစီးတည်း၊ စင်္ကာပူတက္ကသိုလ်တက်တော့လည်း အတူတူ၊ တောင်တက်ဖော် အိအိနှင့် နှစ်ပတ်တစ်ခါ တောင်တက်သည်။ ရုံးမှနေ့လည်စာ အတူတူထွက်စားသည့် ဘော်ဒါများနှင့် တခါတရံ ကြက်တောင်ရိုက်သည်။ တရုံးလုံး ဘိုးလင်းကစားကြတုန်းက ကျွန်မပါသည့်အသင်းက အမှတ်အနည်းဆုံးရသည်။ စတိတ်သို့ ရောက်သည့်အခါ စာပိသည်နှင့် မည်သည့်အားကစားမျှ မလုပ်ဖြစ်။ ကျောင်းတွင် တခါတုန်းက ဘိုးလင်းသွားကစားကြရာ အမ်းထရူးက ပထမ၊ ကျွန်မက ဒုတိယရသည်။ စင်္ကာပူရုံးဘိုးလင်းပြိုင်ပွဲတုန်းက ကျွန်မတို့အသင်း အမှတ်အနည်းဆုံးရသော်ငြား မားကတ်တင်းမန်နေဂျာ ဖိလစ်ပိုင်မဖေးလ် သင်ပေးသော ခန္ဓာကိုယ်ဘယ်လိုအနေအထားနဲ့ပစ်ရသည်ဆိုတာကို ကျွန်မနားလည်သွားသောကြောင့် လက်စွမ်းပြနိုင်ခဲ့သည်ထင်သည်။
ကန်တက်ကီနေအိမ် ကျွန်မအခန်းရှေ့တွင် အပြေးလေ့ကျင့်စက်ရှိသော်လည်း တခါမျှမပြေးဖြစ်။ သောကြာနေ့ နေ့လည်စာ ဘူဖေးထွက်စားကြသောအခါ အိမ်တွင်တနေကုန် တကုပ်ကုပ် အလုပ်ထိုင်လျှာက်သော ကျွန်မနှင့်အမ်းထရူးကို ဆူနမ်က အိမ်နားရှိရေကန်သို့ ခေါ်ဆောင်ကာ ကန်တပတ်လမ်းလျှောက်စေသည်။ ရေကန်ဘေးပြေးလမ်းတွင် လမ်းလျှောက်ရင်း Clementi အိမ်ပြေးလမ်းကို သတိရလာကာ ပြေးချင်စိတ်ပေါက်လာပြီး ပြေးလေတော့သည်။ နှစ်နှစ်ကျော်အကြာမှ ပြေးကျင့်မရှိဘဲ ပြေးသောကြောင့် အရင်ကလောက် မပြေးနိုင်။ အတော်မောဟိုက်ကာ အသက်ပြင်းပြင်းရှု နားလိုက်ပြေးလိုက်နှင့် ကန်တပတ်တော့ ပြေးဖြစ်လေသည်။
Recruiter များ၏ ဖုန်းကိုဖြေဆိုရ၊ စိတ်တိုဒေါသထွက်ရ၊ အလုပ်ရှာသည်မှာ တလရှိပြီဖြစ်သော်လည်း ဖုန်းအင်တာဗျူးတောင် မရှိသေးသည့်အတွက် စိတ်ဓာတ်ကျ၊ စိတ်ဖိစီးသောကြောင့် အိပ်မပျော်ရာ အားကစားလုပ်မှဟု တွေးမိသည်။ အားကစားလုပ်လျှင် ပင်ပန်းပြီး အိပ်ပျော်သည်။ လွန်ခဲ့သော တပတ်ခန့်က အိမ်နားရှိ ပြေးလမ်းတွင် သွားပြေးဖြစ်သည်။ လူရှင်းနေမည်ထင်သော်လည်း လမ်းလျှောက်ကြသူများ၊ ခွေးကျောင်းကြသူများ၊ ပြေးကြသူများ၊ စက်ဘီးစီးကြသူများနှင့် စည်ကားနေသည်။ လေဟုန်ကို ထိုးခွင်းပြီး ပြေးနေသည့်အချိန် လေပြေ၏ပွေ့ဖက်မှု၊ ချွှေးဒီးဒီးကျကာ မောဟိုက်လာသည့် ခံစားမှု၊ အာခေါင်ခြောက်ကာ ရေငတ်လာသည့် ခံစားမှု၊ တံတွေးပစ်ခနဲ ထွေးလိုက်မှ မောဟိုက်မှုသက်သာသွားသည့် ခံစားမှု၊ လေအဝှေ့တွင် ခံစားရသည့် အေးမြမှု၊ ပင်ပန်းသော်လည်း ပေါ့ပါးလန်းဆန်းသည့် ခံစားမှုများမှာ အရင်အတိုင်း။
အိမ်နားရှိ မတ်သရူးဟန်ဆန်ပြည်နယ်ပန်းခြံတွင် စက်ဘီးလမ်းရှိသည်။ ကျွန်မလေးတန်းကျောင်းသူ ဖြစ်လာသောအခါ အဖေက စက်ဘီးစီး သင်ပေးသည်။ တာရိုးတလျှောက် ကျွန်မစက်ဘီးနောက် ပြေးလိုက်ရသည်မှာ အဖေ အတော်ပင်ပန်းမည်မှန်း ခုမှတွေးမိသည်။ အဖေ့ယောက်ျားစီး စက်ဘီးကြီးက ကျွန်မအရပ်ထက် မြင့်နေသောကြာင့် ကွင်းထိုးစီးပြီး သင်ရသည်။ ဂိုက်နိုင်သော်ငြား စက်ဘီးကကျွန်မထက် ကြီးနေသောအခါ ကောင်းကောင်းမစီးတတ်။ ငါးတန်းကျောင်းသူကျွန်မအတွက် ဆိတ်ငါးကောင် မိန်းမစီးစက်ဘီး အနီရောင် အဖေဝယ်ပေးသည်။ တညနေ စီးသည်နှင့် ကျွန်မ စက်ဘီးစီးတတ်သွားသည်။ ကျွန်မတို့မောင်နှမတွေ စက်ဘီးစီးတတ်အောင် သင်ပေးသူမှာ အဖေဖြစ်သည်။
ပုသိမ်တွင် အထက်တန်းကျာင်းတက်သည့် မကြီးအတွက် ဖီးဆင့်အစိမ်းရောင်စက်ဘီး။ ပုသိမ်သည် စက်ဘီးမြို့တော်ဟု ခေါ်ရလောက်အောင် စက်ဘီးအလွန်ပေါသည်။ ကျွန်မ အထက်တန်းကျောင်းတက်သည့်အချိန် ဆိုင်ကယ်ခေတ်မစားသေး။ ဘယ်သွားသွား စက်ဘီးနင်းရသည်။ ကျွန်မ တက္ကသိုလ်တက်သည့်အချိန် ဆိုင်ကယ်ခေတ်စားလာသည်။ ကျောင်းပိတ်ရက် ဟိုင်းကြီးပြန်လျှင် အဖေက ဆိုင်ကယ်စီးသင်ပေးသည်။ မောင်မောင်က တညနေတည်း သင်ရုံ နှင့် တတ်သော်လည်း ကျွန်မတို့ညီအစ်မကို နှစ်ပတ်ခန့်သင်ရသည်။ မနက်စောစော လူတွေအိပ်ယာမှ မနိုးသေးသည့်အချိန် အဖေက ကျွန်မတို့ညီအစ်မကို လာနှိုးတတ်ပြီး ဆိုင်ကယ်မောင်းကျင့်ခိုင်းသည်။ ပြန့်ပြူးသော သဲသောင်တွင်လည်း ဆိုင်ကယ်မောင်း ကျင့်ရသည်။ ရန်ကုန်တွင်လည်း စက်ဘီးမစီးရသည်မို့ စင်္ကာပူရောက်သောအခါမှ East Coast တွင် ကျွန်မတို့ညီအစ်မ စက်ဘီးတခါငှားစီးကြသည်။ ကိုရီးယားရုပ်ရှင်ကားများတွင် တွေ့ရတတ်သည့် နှစ်ယောက်နင်းရသည့်စက်ဘီး။ သာမာန်စက်ဘီးထက် ကွေ့ရခက်သည်။ သို့သော် အတော်ပျော်စရာကောင်းသည်။
မကြီးငယ်သူချင်း ဟိုင်းကြီးသား အကိုကြီးတယောက်၏စကိတ်ကို ကျွန်မ တခါယူစီးဖူးသည်။ စကိတ်စီးသူများကို ကြည့်ရသည်မှာ လေထဲဝဲပျံနေသလို ခံစားရသည်မို့ ကျွန်မလည်း သူတို့လို ပျံချင်မိသည်။ မက်တပ်ရပ်ဖို့ ကြိုးစားသောအခါ တဗိုင်းဗိုင်းပစ်လဲရင်း မကြီးပခုံးနှင့် ထိုအကိုကြီးပခုံးကို ကိုင်ဆွဲပြီးတော့မှ မက်တပ်ရပ်နိုင်ခဲ့သည်။ သူတို့လို ကျွန်မ မပျံနိုင်ခဲ့။ သားလေး၏စကူတာကို ကျွန်မယူစီးကြည့်ပြီး အတန်ကြာသည့်အခါ ခန္ဓာကိုယ်ကို ဘယ်လိုထားရမည်ဆိုတာ သိသွားကာ စီးတတ်သွားသည်။ စကိတ်လောက် မပျံသော်ငြား သူ့နည်းသူ့ဟန်နှင့်တော့ ပျံသည်။ မှောက်ရက်လဲပြီး ဒူးဒဏ်ရာရသည့်အခါ စကူတာစီးပြီးပျံမည့် ကျွန်မအကြံအစည် ပျက်သွားသည်။
ပိတ်ရက်ဆိုလျှင် ဘယ်ကိုသွားမလဲ၊ ဘာလုပ်ရမလဲ၊ အိမ်တွင်လည်း မနေချင်၊ အပြင်ထွက်လည်ဖို့ သူငယ်ချင်းတွေကလည်း အားဦးမှ၊ ထွက်လည်ချင်စိတ်ရှိမှ။ ကလယ်ရာက စန်းစန်းရေ ဒီမှာကြည့်စမ်း ပတ်တိုးမတ်မြစ်နဲ့ တောင်တွေကြားလမ်းလေး စက်ဘီးစီးလို့ရတော့ အိုး...ဘာပြောကောင်းမလဲ။ စက်ဘီးဈေးက ၂၀၀ ကနေ တထောင်ကျော်။ ဒါဆို စက်ဘီးကို ဘာနဲ့သယ်မလဲ။ ကားနောက်ဖုံး ထည့်လို့လဲမရ။ ကားနောက်မှာ၊ ကားပေါ်မှာ စက်ဘီးတွေတင်သွားကြတာ တွေ့ဖူးသည်။ ရှာကြည့်သောအခါ အား..ပါး..ပါး စက်ဘီးတင်သည့် Mount သည် စက်ဘီးထက် ဈေးကြီးနေသည်။ ကလယ်ရာက သူ့သူငယ်ချင်း စက်ဘီးစီးတာ အရှိန်နဲ့ချောက်ထဲကျ၊ ဖြတ်သွားဖြတ်လာမတွေ့လို့ ၉၁၁ လှမ်းခေါ်၊ လက်ကျိုးသွားလို့ စတီးချောင်းထည့်ထားရတယ်၊ အန္တရာယ်များတယ်၊ ဈေးကြီးတယ်ဆိုကာ စက်ဘီးစီးဖို့ လက်လျှော့လိုက်ကြသည်။
credit to - Google |
credit to - Google |
ပိုက်ဆံမပေးရသော ကိုယ့်ခြေထောက်နှင့်ကိုယ်သာ ပြေးတော့သည်။ ဒါတောင် ပြေးဖို့ဖိနပ်၊ အင်္ကျီ၊ ဘောင်းဘီ နှစ်စုံလောက်တော့ ဝယ်ရသေးသည်။ ဆူနမ်တို့အိမ်တွင် စက်ဘီးနင်းစက် ရှိသည်။ တနေ့ကို နာရီဝက်လောက် ပုံမှန်နင်းကြပြီး ကယ်လိုရီဘယ်လောက် လောင်ကျွှမ်းသွားပြီ၊ ဘယ်လောက်ဝိတ်ကျတယ် ဆိုပေမယ့် ကျွန်မကတော့ အိမ်တွင်းကစက်ဘီးထက် ကန်ရေပြင်၊ သစ်ပင်တွေကြည့်ကာ ကိုယ့်ခြေထောက်နှင့် အားမာန်ပါပါနင်းရသည့် အိမ်အပြင်စက်ဘီးကို ပိုကြိ ုက်သည်။
ဖုန်းတွင် RunKeeper ဆိုသည့် ဆော့ဝဲလ်သွင်းထားပြီး ပြေးရင်မှတ်လိုက်၊ မောလို့လမ်းလျှောက်ရင် ခဏရပ်လိုက်။ ဘယ်လောက်မိုင်ပြေးသည်၊ ကယ်လိုရီဘယ်လောက် လောင်ကျွှမ်းသွားသည်၊ ဘယ်နှမိနစ်ပြေးသည်၊ ဘယ်နေရာတွေမှာ ပြေးသည်၊ နားသည်ဆိုတာ မှတ်ထားပေးသည်။ စံချိန်အသစ်များ တင်နိုင်လျှင် ဓာတ်ပုံရိုက်ပြီး ဖေ့ဘွတ်တွင်ကြွား။ အပြေးအပြန် ချွှေးတိတ်အောင် အိမ်နားမှ ကလေးကစားကွင်းတွင် နားနေရင်း လမ်းလျှောက်ထွက်သည့် အလွန်ဖော်ရွေသော ခွေးနှစ်ကောင်ကို ခင်မင်သွားသည်။ မော်လီသည် ၂ နှစ်ခွဲ အညှိုရောင် ထွားသည်။ ကိုကိုသည် ငါးနှစ်သား အမည်းရောင်။ အမွှေးများက တောက်ပြောင်နေတယ်။ ကိုကိုက ဘောလုံးစိမ်းလေး ကိုက်လာပြီး အဝေးကိုပစ်ခိုင်းသည်။ အဝေးကိုပစ်လိုက်လျှင် မိအောင်လိုက်ဖမ်းသည်။
မီးဖိုချောင်တွင် ချက်ပြုတ်၊ အိမ်မှုကိစ္စ ကူညီလုပ်ကိုင်ပေးသည့် ယောက်ျားလေး ၊ ဆေးလိပ်မသောက်တယ့်သူ၊ အသက်ကြီးပေမယ့် အတတ်ပညာတခုခုကို လေ့လာသင်ယူနေတယ့်သူ၊ စာဖတ်တယ့်သူ၊ အားကစားလုပ်တယ့်သူ၊ ဂီတာ၊ စန္ဒယား၊ တယောတီးသည့်သူများကို ကျွန်မ တကယ်အားကျသည်။ ကွန်ပျူတာရှေ့အချိန်ထဲက နာရီဝက်လောက် အပြင်ထွက်ပြီး လမ်းလျှောက်လိုက်ပါ။ ညောင်းညာတာတွေ၊ ပင်ပန်းတာတွေ လျှော့သွားစေသည်။ ဘယ်အချိန်ထိ အားကစား လုပ်ဖြစ်နေမှာလဲ မသိပေမယ့် လတ်တလောတွင်တော့ နေ့တိုင်းနီးပါး ကျွန်မအပြေးလေ့ကျင့်နေမိသည်။
ကျွန်မတို့ငယ်ငယ်တုန်းက အားကစားပွဲတော်များတွင် ဖွင့်ထားတတ်သည့် သီချင်း။ ဗားရှင်း အနည်းငယ် ပြောင်းထားသော်လည်း၊ ဆယ်စုနှစ်ကြာခဲ့သော်လည်း နားထောင်လိုက်တိုင်း တက်ကြွစေသည်ကတော့ မပြောင်းလဲ။ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပနိုင်ဖို့၊ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ အောင်ပန်းဆွတ်နိုင်ဖို့ ဆန္ဒပြုရင်း
credit to Yadanar01 - Asia Myanmar (Sea Games Song )
စန်းထွန်း
သြဂုတ် ၈ ၊ ၂၀၁၃။
5 comments:
စန်းထွန်းလေးရေ...
အထွန်းရေ
ငယ်ငယ်က အားတိုင်း
မီးမီးငယ် said...
ကိုယ်တို့လည်းဒီတနွေမှာအားကစားရုံထဲမသွားတော့ဘူး။
အိမ်နောက်ကပန်းခြံကျယ်ကြီးမှာသွားပြေးကြတယ်။
ဒီကလူတွေတော်တော်အားကစားလုပ်တာဘဲ။
နဲနဲပြေးပြီးများများနားရတယ်။
သူများတွေတော့တကယ်ပြေးနိုင်ကစားနိုင်ကြတာ
တွေ့တယ်။ကိုယ်မပြေးနိုင်တော့ဘူး..၊
စန်းထွန်းလေးရေ...
August 8, 2013 at 1:14 PM
ဟန်ကြည် said...
မနက် ကိုးနာရီ အလုပ်ခွင်ထဲရောက် ညရှစ်နာရီ အိမ်ပြန်ရောက် အားလပ်ရက် တစ်လတစ်ရက်ဆိုတဲ့ လုပ်ငန်းလုပ်နေရတော့ မပြေးအားပေါင် စန်းထွန်းရယ်...သို့ပေမင့် တစ်နေ့တစ်နေ့ကို လေးငါးမိုင်တော့ လမ်းလျှောက်ဖြစ်မယ်ထင်တာပဲ ကျောင်းသားတွေကို စာရှင်းပြဖို့ ခုံပတ်နေရလို့...သူရို့ကို စာရှင်းပြရင်း လမ်းလျှောက်ရင်းနဲ့ ထိုင်ထလည်း တစ်ရက်ကို အခါ တစ်ရာလောက်တော့ လုပ်ရမယ်ထင်ပါရဲ့...
ပြေးနိုင်သူများ ပြေးကြပါလေ... း)
August 11, 2013 at 7:50 AM
Anonymous said...
မမအိုင်အိုရာတော့ပြေးဘူး
လာခေါ်နဲ့..ပြေးဘို့ဆိုရင်..
အေးတဲ့နေရာဆိုရင်တော့လမ်းလျှောက်ခေါ်..ငွက်ကြည့်ရင်းပေါ့..
August 11, 2013 at 12:42 PM
blackroze said...
အထွန်းရေ
ပစ်ကတော့အားကစားဆိုရင်
ငယ်ငယ်က အားတိုင်း
ကစားတာဘဲရှိခဲ့တယ်ကွယ်..
တကယ်ကို ပါရမီ နည်းခဲ့တာပါလေ...
August 13, 2013 at 2:45 PM
Post a Comment