ကုတ်ခြင်းများစွာဖြင့်...
နွေဦးကာလ၏ တခုသော ညသန်းခေါင်ယံကျော်ချိန်တွင် ကုတင်ပေါ်က ပြုတ်ကျလျှင်တောင် မနိုးတတ်သော စန်းထွန်းတယောက် နိုးလာပါသည်။ နိုးရခြင်း အကြောင်းက ခန္ဓာကိုယ်က ယားလာလို့။ ကုတ်လိုက်လျှင် သက်သာသလို ရှိပေမဲ့ ကုတ်ပြီးရင်း ကုတ်ချင်။ ကုတ်၍ပင် မဆုံးနိုင်တော့။ ဟိုကုတ်လိုက် ဒီကုတ်လိုက်နှင့် ကုတ်လိုက်သည်မှာ မိုးသာလင်းသွားရော တမှေးမှ မမှေးလိုက်ရ။ မနက်မိုးလင်းတော့ တကိုယ်လုံး ကုတ်ထားတဲ့ ဒဏ်ရာအစင်းတွေနဲ့။
ဆူနမ်နဲ့ ရာမားကို ကုတ်ထားတဲ့ ဒဏ်ရာတွေ ပြတော့ အလာဂျီဆိုပြီး နီပေါလိမ်းဆေးပေးပေမဲ့ မသိတဲ့ဆေးကို မလိမ်းချင်။ အလာဂျီအတွက်ဆေးလည်း ပါမလာ။ သူများတွေ ပင်လယ်စာနဲ့ မတည့်လို့ အလာဂျီဖြစ်ကြတယ်လို့ ကြားဖူးပေမဲ့ စန်းထွန်းအတွက်တော့ ခုမှ အလာဂျီဆိုတာ ကြုံဖူးတာပါ။ စာသင်နေရင်နဲ့လည်း အနွေးထည်ဝတ်ထားလို့ လွတ်နေတဲ့ နားရွက်တို့၊ လက်တို့ကို ကုတ်နေသေးတယ်။ စန်းထွန်းတယောက် အားရပါးရ ကုတ်နေတာကို မြင်တော့ ဆူနမ်က သူလည်း ကုတ်ချင်လာလို့တဲ့ း) ။
ကျောင်းက သူနာပြုကို သွားပြတော့ ဆေးရုံကို ခေါ်သွားပါတယ်။ ဆရာဝန်က ဆပ်ပြာအသစ်၊ လိုးရှင်းအသစ်၊ ဆေးအသစ်၊ အစားအစာအသစ် စားမိလားတဲ့။ ဘာမှ အသစ်မရှိတာပါ။ ဘာကြောင့် အလာဂျီဖြစ်တာလဲ မသိနိုင်ပေမဲ့ ပန်းဝတ်မှုန်ကြောင့် ဖြစ်နိုင်ပါတယ်တဲ့။ ဆေးက ပြင်းလို့ အစားစားပြီးမှ စားဖို့ ထိရောက်အောင် အချိန်မှန် ဆေးသောက်ဖို့ မှာပါတယ်။
ညနေစောင်းချိန်မှာတော့ နှုတ်ခမ်းတွေ ကြီးလာသလို ခံစားရပြီး အနီရောင် အကွက်တွေ ပေါ်လာပါတယ်။ တကိုယ်လုံးလည်း ထုံနေသလို ခံစားရပါတယ်။ ဆေးသောက်ပြီး ည ၇ နာရီ ကတည်းက အိပ်လိုက်တာ မနက် ၇ နာရီမှ နိုးပါတယ်။ နှိုးလာတော့ သက်သာသွားပါပြီ။ မေ၊ မကြီးတို့နဲ့ စကားပြောရင်း ဟိုကုတ် ဒီကုတ်နဲ့ မနားမနေ မနေမနား ကုတ်နေတဲ့ စန်းထွန်းကို မြင်တော့ မေက စိတ်မကောင်းဖြစ်လွန်းလို့တဲ့ ငိုပါတယ်။
ကွန်ပျူတာ ဘာသာရပ်မှာလည်း တခြားအသက်မွေးဝမ်းကြောင်းပညာတွေကို ဘာသာခွဲတွေ အများကြီး ရှိပါတယ်။ Networking လို့ခေါ်တဲ့ အင်တာနက်၊ ကွန်ပျူတာတွေ အချင်းချင်း ချိတ်ဆက်တာကို အထူးပြုတဲ့ ဘာသာ။ website ကို လာတိုက်ခိုက်ရင် ဘယ်လိုတုံ့ပြန်မလဲ၊ ကိုယ့် website ကို လူတွေ ဘယ်လောက် သုံးနိုင်မလဲ၊ တလောကတောင် နိုင်ငံခြားအသံလွှင့်ဋ္ဌာနတွေရဲ့ website တွေကို လူအများကြီး လာကြည့်ပြီး website ဒေါင်းသွားအောင်လုပ်တဲ့ DDoSနည်းနဲ့ တိုက်ခိုက်တာ ခံရပါတယ်။ DDoS(Distributed Denial of Services attack) လို့ခေါ်တဲ့ တပြိုင်နက်တည်းမှာ ဆာဗာပေါင်းများစွာကနေ websiteတွကို request ပေါင်းများစွာ ပို့လိုက်တဲ့အတွက် siteရဲ့ ဆာဗာတွေက ပြန်လည်တုန့်ပြန်နိုင်ခြင်းမရှိဘဲ ဒေါင်းသွားခြင်း ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် ဘယ်လိုကာကွယ်မလဲ။
internship ဆင်းတုန်းက SBS Transit website ကို ကားနံပါတ်၊ ဘတ်စ်ကားမှတ်တိုင်နံပါတ်တွေကို အကြိမ်တထောင်လောက် ပို့ပြီး စမ်းလိုက်တာ နောက်နေ့ SBS Transit website ကို ဖွင့်လို့ မရတော့ပါဘူး။ သူ့ website ကို ဒေါင်းအောင် လုပ်နေတယ် ထင်ပြီး ဒီ IP address ကို ဘမ်းလိုက်ပြီလေ။ ရုံးကနေ SBS Transit website ဖွင့်လိုက်ရင် မြန်မာပြည်မှာလို Access Denied ဆိုတဲ့ စာတမ်းကြီး ပေါ်လာတယ် း) ။ မရည်ရွယ်ဘဲ DDoS ဖြစ်သွားတာ။ supervisor သိတော့ ဆူလိုက်တာလေ။ သူက stimulate(အတုအယောင်)လုပ်ပြီး စမ်းခိုင်းတာ။ သိဘူးလေ တို့တွေက တကယ်ကြီး သွားစမ်းတာ း)။
Database လို့ခေါ်တဲ့ အချက်အလက် data တွေကို database ထဲမှာ ဘယ်လို သိမ်းဆည်းမှာလဲကို အထူးပြုတဲ့ ဘာသာ။ ပစ္စည်းတွေကို စနစ်တကျ၊ အစီအစဉ်အလိုက် သိမ်းဆည်းထားရင် နေရာပိုကျယ်၊ ရှာရတာ လွယ်သလို Database မှာလည်း စနစ်တကျ သိမ်းဆည်းထားဖို့ လိုပါတယ်။
Design ကတော့ website လှလှလေးတွေ တည်ဆောက်တာကို အထူးပြုတဲ့ ဘာသာရပ်။ တချို့ website လေးတွေဆို အရောင်လေးတွေ၊ ဖလပ်ဖလပ် ပြေးနေတာလေးတွေနဲ့ တော့်တော့်ကို လှပါတယ်။ စန်းထွန်းကတော့ ဒီဇိုင်းအမြင် ဘယ်လောက်ရှိလဲဆိုရင် လူကိုပဲ ကြည့်။ အမြဲ တီရှပ်နဲ့ ဂျင်းဘောင်းဘီ။ စန်းထွန်း ဆောက်တဲ့ website ကလည်း တီရှပ်နဲ့ ဂျင်းဘောင်းဘီ ဒီဇိုင်းပဲ ပေါက်မှာ း) ။
Project Management ကတော့ အတွေ့အကြုံတွေ အများကြီးရှိမှပါ။ ရတဲ့လူ၊ အချိန် နဲ့ ငွေတို့ကို အသုံးချပြီး project အောင်အောင်မြင်မြင် စီမံခန့်ခွဲနိုင်တာလည်း ဘာသာရပ် တခုပါ။ project manager လုပ်ပြီး အောက်က လူတွေကို ခိုင်းမယ်လို့ လေလုံးထွားပေမဲ့ အခုတော့ leader ခိုင်းတာကိုတောင် မပြီးလို့ အသည်းအသန် လုပ်နေရတာ း)။
Data Security ဆိုတဲ့ ဘာသာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဟိုးအရင်ခေတ်ကတည်း စစ်ပွဲတွေမှာ ဘယ်အချိန်၊ ဘယ်နေရာစတိုက်ဆိုတဲ့ သတင်းအချက်အလက်တွေကို စစ်သေနာပတိက ရှေ့တန်းကို ဆက်သားနဲ့ ပို့ရင် သတင်းဝှက်ပြီး ပို့လေ့ရှိပါတယ်။ ဒါမှ မတော်တဆများ ရန်သူက ဒီစာကို ရသွားရင်တောင် ဖော်တတ်မှာ မဟုတ်ဘူးလေ။ ဥပမာ အေဆိုရင် စာမှာ ဒီ။ ဖော်မြ ူလာက တကယ့်စာလုံးရဲ့ သုံးခုမြောက်။ ရတဲ့သူက ဒီတွေ့ရင် ဖော်မြူလာကို သုံးပြီး ဖော်မှ လိုရင်းကို ရတာပါ။ L oryj x. ရဲ့ တကယ့်အနက်က I love u.။ ဖော်မြ ူလာ(တကယ့်စာလုံးရဲ့ သုံးခုမြောက်)ကို သိမှ ဖော်လို့ရတာ။
အခုခေတ်မှာ နည်းပညာတွေက တိုးတက်လာတော့ ဟတ်ပြီး ကိုယ့်ဆီက ပိုက်ဆံတွေကို ခိုးယူတာတို့ ရှိလာပါပြီ။ ခေတ်သစ်ဓားပြတွေက အိမ်ကို သွားပြီး တိုက်စရာမလိုတော့ပါ။ ဒီအတွက် ဘဏ်တွေက Data တွေကို ပိုပြီးလုံခြုံစိတ်ချမှုရှိအောင် Security တွေ အထပ်ထပ် ထားတာပါ။ စင်္ကာပူမှာ online ကနေ money transfer လုပ်တော့မယ်ဆိုရင် token နှိပ်ပြီး နံပါတ်တွေ တောင်းတာ Security အတွက်ပါ။
System Analysis ကတော့ userတွေရဲ့ လိုချင်တာတွေကို ဘယ်လို screen designက userတွေအတွက် အဆင်ပြေမလဲလို့ စဉ်းစာရတာပါ။ dropdown list နဲ့ radio button ဘယ်ဟာက userကို ပို အဆင်ပြေမှာလဲ။ click နဲ့submit ဆိုရင် userက ဘယ်ဟာကို ပိုနားလည်မလဲ။ ဒီbox ကို ဒီမှာထားတာထက် ဘယ်နားမှာ ထားရင် userကို ပိုအဆင်ပြေစေမှာလဲ။ အားလုံး user အတွက်ပဲ စဉ်းစားပြီး screen design ဆွဲရတာပါ။ အဲဒီ screen design အတိုင်းဖြစ်လာအောင် Programmer က ရေးရတာပါ။
Software Engineer ကတော့ ဆော့ဝဲတွေကို ရေးရတာပါ။ စာကြည့်တိုက်မှာ ဆိုရင် လိုချင်တဲ့ စာအုပ်တွေ ရှာတာ၊ စာအုပ် ရနိုင် မရနိုင် စစ်တာ၊ စာအုပ်တွေကို reserve လုပ်တာကို library system software သုံးပြီးလုပ်တာပါ။ ဒီလို ဆော့ဝဲမျိုး ရေးသားသူကတော့ Software Engineer၊ Programmer။ ဆော့ဝဲရေးတာကို (program) ပရိုဂရမ်ရေးတာ၊ တနည်းပြောရရင် (coding)ကုတ်တင်းရေးတယ်လို့ ကွန်ပျူတာ ဝေါဟာရနဲ့ ခေါ်ပါတယ်။ Software Engineer လို့ပဲခေါ်ခေါ် Programmerလို့ပဲခေါ်ခေါ် တူတာကတော့ ကုတ်ရတာပါ (ကုတ်တင်းရေးရခြင်းကို ဆိုလိုပါသည်)။
UCSY တက်တုန်းကတော့ စာရွက်မှာပဲ ကုတ်ရတာပါ။ NUS မှာတုန်းက ကုတ်ရပေမဲ့ ကုတ်တာ အားနည်းတဲ့ စန်းထွန်းတယောက် ခက်တဲ့အပိုင်းဆို ဝေါင်ဝေါင်ရှေးလို့ လွယ်တဲ့အပိုင်းကိုမှ ယူတာပါ။ error တက်ရင်လည်း အခန်းပေါက်စေ့အောင်လိုက်ပြီး error ရှင်းပေးမဲ့ ကယ်တင်ရှင်ကို ရှာတတ်ပါတယ်။ အလုပ်ထဲမှာလည်း မကုတ်တတ်ရင် leader ဆီ သွားပြီး အကြံညဏ်တွေတောင်း၊ကုတ်အဟောင်းတွေ တောင်းတတ်ပါတယ်။
ကုတ်တာ အားနည်းတဲ့ စန်းထွန်းတယောက် ဒီကျောင်းရောက်တော့ ရေရေလည်လည် ကုတ်ရတာပါ။ မကုတ်ရတဲ့နေ့လို့ မရှိပါဘူး။ နေ့တိုင်း အားတိုင်း ကုတ်ချင်လည်း ကုတ်၊ မကုတ်ချင်လည်း ကုတ်ရတာပါ။ ဖင်ကုတ်၊ ခေါင်းကုတ်၊ မျက်မှောင်ကုတ် ပုံသဏ္ဌန်မျိုးစုံနဲ့ ကုတ်နေတဲ့ စန်းထွန်းကို တွေ့ရပါမယ်။ အိမ်လည်း မလည်နိုင်၊ အိမ်မှာလည်း မရှိတဲ့ စန်းထွန်းကို jasmine တယောက်က သတိတရနဲ့ "ဘာတွေ လုပ်နေလဲ"လို့ မေးလာပါတယ်။ "မကုတ်မနေ အသက်ရှည်"ဆိုတဲ့ စကားပုံအတိုင်း စန်းထွန်းတယောက် မနားမနေ မနေမနား ကြိုးစားပန်းစား ကုတ်နေပါကြောင်း း)။ ကုတ်ချင်သူများ၊ ကုတ်တာ ဝါသနာပါသူများ၊ မကုတ်ဘဲ မနေနိုင်သူများ ဒီကို ကြွခဲ့ပါလို့ ဖိတ်လိုက်ပါတယ်။ အမုန်း ကုတ်ရမှာနော် း) ။
ကဲ...ကုတ်လိုက်ကြစို့ သူငယ်ချင်း အောက်အီးအီး အွတ် အဲလေ..ကွတ်(ကာရန်နဘေကိုက်အောင် ကွတ်..လိုက်ပါသည်။ ကုတ်...ဟု မှတ်ယူတော် မူကြပါကုန်။)
(မှတ်ချက်။ မေဓာဝီအချစ်များစွာဖြင့်... ကို မှီးသည်။)
ကုတ်ခြင်းများစွာဖြင့်
စန်းထွန်း
သြဂုတ် ၁၂၊ ၂၀၁၁။
9 comments:
စံပယ္ခ်ိဳ said...
ယောက္ခမကြီး said...
ကိုယ်တော့ မယားတတ်ဘူး။ နေပါစေ
ကုတ်နေပါတော့အေး)
အပြင်မှာလဲကုတ်
San San Htun said...
mstint said...
မေတ္တာဖြင့်
အန်တီတင့်
Iora said...
အိုင်အိုရာ
နေ၀သန် said...
ခင်မင်လျက်
နေ၀သန်
San San Htun said...
San San Htun said...
စံပယ်ချို said...
အရင်ဆုံးဖတ်ရလို့ပျော်လိုက်တာနော်....
တူတယ်သိလား jas လဲခဏခဏပေါ်နုတ်ခမ်း
အကြီး ကြီးဖြစ်တယ်။ ယားလို့ကုတ်ပြီးရင် အင်ပြင်ထသလို ကုတ်ရာတွေယောင်ပြီးအစင်းစင်းထနေတယ်...
လေအရမ်းတိုက်လဲယားတယ်....ဆံပင်ရှည်တုံးက
ကိုယ့်ဆံပင်နဲ့ကိုယ်ယားနေတာ..နေအရမ်းပူရင်လဲယားတယ်....ကိုယ့်ကိုကိုယ်တစ်ခါတစ်လေ စိတ်ပျက်မိတယ်.....ခုတော့သိသွားပြီ...အရင်ဆုံးကုတ်လိုက်တယ် ပြီးတော့ အရက်ပြန်နဲ့ပွတ်လိုက်တယ်...ok သွားတယ်...
လုံးဝတော့မဟုတ်ဘူးနော်..သက်သာတာပေါ့။
စမ်းကြည့်ပါ...ချစ်လေးရေ..
အချစ်များစွာဖြင့် jasmine
August 14, 2011 at 2:29 AM
ယောက္ခမကြီး said...
ကိုယ်တော့ မယားတတ်ဘူး။ နေပါစေ
ချွေးမလေး မယာဒပါရစေနဲ့ း)
လူကြားထဲ ကုတ်နေရမှာ တယောက်ထဲပဲ
ကုတ်နေပါတော့အေ း)
August 14, 2011 at 6:21 AM
ချော(အစိမ်းရောင်လွင်ပြင်) said...
အပြင်မှာလဲကုတ်
အထဲမှာလည်း ကုတ်နေရတယ်ထင်တယ်
တို့ကတော့ ရာသီဥတုအေးလာရင် ခုလို အလာဂျီဖြစ်ပြီး ယားလာတတ်တယ်
အဲဒါ ရှမ်းပြည်ကထုတ်တဲ့ မဟာဖြေဆေးနဲ့ ခုတော့ ရှင်းရှင်းပျောက်ပါပြီ။
August 14, 2011 at 7:34 AM
San San Htun said...
@Jasime ပေးတဲ့နည်းကို စမ်းကြည့်ဦးမှ။ @ယောက္ခမကြီး ပြံ ုးတုန်းကတော့ လိုက်ပြံ ုးပြီး ကုတ်တော့ တယောက်တည်းပဲ ကုတ်နေပါတော့အေတဲ့ ဝါး ဝါး ဝါး ...@အချော မဟာဖြေဆေးအမည်လေး မစပါလား...ကောင်းရင် နင်းကန်စားတတ်တဲ့ စန်းထွန်းတယောက် အစာဖြေဆေး(လားရှိုးက ထုတ်တဲ့ ကျားတံဆိပ်)၄ ပုလင်းတောင် သယ်လာတာ။ ဒီရောက်တော့ ရင်ပြည့်ဖို့ နေနေသာသာ အမြဲ ဗိုက်ဟောင်းလောင်း ဖြစ်နေလို့...းD
August 14, 2011 at 11:31 AM
mstint said...
သူများတွေလို ချစ်ခြင်းများစွာဖြင့် မဟုတ်ပဲ ကုတ်ခြင်းများစွာဖြင့်ဆိုလို့ အပြေးအလွှားလေး လာဖတ်သွားတယ်။ အဲဒီလောက်တောင် ဆိုးဆိုးရွားရွား ကုတ်နေရပါလား။ ဘာမီတွန်လေးဘာလေး ဆောင်ထားနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
August 14, 2011 at 10:05 PM
Iora said...
ဟုတ်တယ်။ ချောပြောတဲ့မဟာဖြေဆေး ကို ဒို့ယောင်းမလူးတာလည်း အလာဂျီ သက်သာတယ်။ ကျားတံဆိပ်ဘဲဆိုတော့ တူတူဘဲများလား။
ကုတ်ခြင်းများစွာမှကင်းဝေးပါစေ။
အိုင်အိုရာ
August 15, 2011 at 2:51 AM
နေဝသန် said...
အခုကော.. သက်သာသွားပလား.... DOS နဲ့စော်တတ်တယ်ဆိုတော့ ကြောက်တောင်ကြောက်လာပြီ... :D
ခင်မင်လျက်
နေဝသန်
August 15, 2011 at 7:13 AM
San San Htun said...
>>> အန်တီတင့်၊ မအိုင်အိုရာ၊ နေဝသန်
နေကောင်းနေပါပြီ။ မျက်စိနောက်အောင် လာမလုပ်နဲ့နော်...DDoSနဲ့ ဆိုဒ်ဒေါင်းသွားအောင် လုပ်လိုက်မယ် ဟဲ..ဟဲ... းD ။ မကြောက်ကြပါနဲ့ဗျာ...စန်းထွန်းက ကုတ်ပဲ ကုတ်တတ်တာ...ဆိုဒ်ဒေါင်းသွားအောင် မလုပ်တတ်ပါဘူး...။
August 15, 2011 at 6:09 PM