09 October 2019

နှင်းဆီပန်းခင်း ...

မေ ၁၉ တနင်္ဂနွေနေ့ ညနေစောင်းမှာ ၁၁ လမ်းမကြီးနဲ့ ၃၃ လမ်းထောင့်မှာ အသစ်ဖွင့်လိုက်တဲ့ Hudson Yards Vessel ဟတ်ဆန်ရပ်မှာ ဓာတ်ပုံသွားရိုက်ကြတယ်။ ကြိတ်ကြိတ်တိုးစည်းကားတယ် ခေတ်မှီသူတိုင်း ဟတ်ဆန်ရပ်ရောက်ကြသည်။ ဒီဇိုင်းကမိုက်တယ် လေဆင်နှာမောင်းလေပွေနဲ့တူတယ်။ အပေါ်တက်ဖို့ တန်းစီနေတဲ့ လူတန်းကြီးက အရှည်ကြီး။ ဝင်ကြေးအခမဲ့ အွန်လိုင်းကနေ ဘွတ်ရတယ်။ တစ်ရက်တော့ တက်ကြည့်မယ် စိတ်ကူးနေတာ ဝိုင်းက မတက်ချင်ဘူးတဲ့။ သစ်ပင်ပန်းမာန်တွေနဲ့ ဓာတ်ပုံရိုက်ချင်ပေမဲ့ အဆောက်အဥ◌ီးနဲ့ တော့ ဓာတ်ပုံမရိုက်ချင်ဘူးတဲ့။ ပြီးတော့ ကာနယ်ဂျီဟောဆီ လမ်းလျှောက်ကြတယ်။ စန္ဒရားဖျော်ဖြေပွဲက နားထောင်လို့ တကယ်ကောင်းတယ်။ ငယ်ငယ်လေးနဲ့ တော်လိုက်ကြတာ အားကျတယ်။ မေ ၃၁ သောကြနေ့ညက မောင်မောင် မက်ဆင်ဂျာကနေ ဗွီဒီယိုကော်ခေါ်တယ် မြဝတီမှာတဲ့။ တူတော်မောင်က ကြီးလာလို့ ကျောင်းတက်ရမှာ ပျင်းလာတယ်တဲ့။ အဲ့ဒါမောင်မောင်နဲ့ နောက်ဆုံးစကားပြောလိုက်တာပဲ။ ဟုတ်ကဲ့အစ်မ အဲ့ဒါဆို ဒါပဲနော် ဖုန်းချလိုက်တော့မယ်ဆိုတဲ့ အသံလေးကို နားထဲကြားနေတုန်းပဲ။ ဇွန် ၂ စနေနေ့မနက် ဂရမ်းစင်ထရယ်ကနေ နယူးယောက်ဘော်တနစ်ဂါးဒင်းကို ရထားစီးသွားတယ်။ စနေနေ့မနက် ၉ နာရီကနေ ၁၁ မထိ ဝင်ကြေးအခမဲ့။ ဒီတော့ ဝင်ကြေးမပေးရအောင် ၁၁ မထိုးခင် အရောက်သွားကြတယ်။ ဇွန်လအစောပိုင်းက နှင်းဆီတွေပွင့်တဲ့အချိန် ဘော်တနစ်ဂါးဒင်းနှင်းဆီခင်းထဲက နှင်းဆီပန်းတွေ တအားလှလို့ ဓာတ်ပုံရိုက်လို့ အင်မတန်ကောင်းတယ်။ ဝတ်ထားတဲ့ဂါဝန်လေးကတော့ မကြီးဝယ်ပေးခဲ့တာ နှစ်နှစ်ရှိပြီ။ ဒီနှစ်နွေရာသီ အင်္ကီျရှင်းလို့ တွေ့တော့မှ ဝတ်ဥ◌ီးမှပါပဲ။ အဲ့ဒီဂါဝန်လေးကိုကြိုက်တယ် ဘာလို့စောစောက မဝတ်မိပါလိမ့်။

Happy Traveling !
စန်းထွန်း
အောက်တိုဘာ ၉၊ ၂၀၁၉။

ဟက်ဆန်ရပ် Hudson Yard Vessel
လေဆင်နှာမောင်းလေပွေနဲ့တူတယ်
ကာနဂျီ‌ဟောက စန္ဒယား‌ဖျော်ဖြပွဲ
နယူး‌ယောက်‌ဘော်တနစ်ကယ်ဂါးဒင်း
ဇာရာဂါဝန်‌လေးကို ကြိုက်တယ် မကြီးဝယ်‌ပေးခဲ့တာ နှစ်နှစ်ရှိပြီ ဘာလို့မဝတ်မိပါလိမ့်

05 October 2019

အနောက်ဗာဂျီးနီးယားသွား ‌တောလား ...

ဝိုင်းနဲ့ခင်သွားတဲ့ ဆူနမ်က ခဏခဏဖိတ်တာနဲ့ မေ ၂၅ မှာ ဗာဂျီးနီးယားကို သွားလည်တယ်။ သောကြာနေ့ ည ၆ နာရီ ၁၅ ဘတ်စ်ကာစီးရင် ဗာဂျီးနီးယားကို ည ၁၁ နာရီခွဲ‌လောက် ရောက်တယ်။ ဆူနမ်တို့လာကြိုတယ် ဆူနမ်တို့အိမ်ကို ၄၅ မိနစ်လောက် ထပ်မောင်းရတယ်။ သူများနဲ့ မအိပ်တတ်တဲ့ဝိုင်းက တခန်း၊ ကိုယ်က ဆူနမ့်အခန်းမှာ အိပ်တယ်။ ဆူနမ် နင်စည်းကျော်လို့ကတော့ ကန်ချမယ်သိလား အောင်မယ် ဘယ်သူကျော်လို့ ဘယ်သူကကန်ချမလဲ ကြည့်လိုက်လေ။ စည်းကျော်တာကကိုယ် အိပ်တာများ တုတ်တုတ်မှမလှုပ် ကန်ချရင်တောင် သိမှာမဟုတ်ဘူးတဲ့။ ဝိုင်းက ဘတ်စ်ကားငါးနာရီတောင် အဝေးကြီးစီးလာရတာ ဘာမှမလုပ်ဘဲ အိမ်မှာတီဗွီကြည့် ဖဲရိုက်လိုမရဘူး တခုခုလုပ်ရမယ်လို့ ပြောထားလို့ ဆူနမ်က အစီအစဥ◌်တွေအပြည့် ဆွဲထားတယ်။ ရှန်နယ်ဒိုးဝါးအမျိုးသားဥယျာဥ◌်မှာ ဟိုက်ကင်းထွက်မယ် ဟိုက်ကင်းထရေးလမ်းကို ဂင်္ဂါက ရွေးပေးတယ်။ သစ်ပင်တွေ စိမ်းညှို့နေတာများ နေပျောက်မထိုးနိုင်ဘူး။ တောင်ဆင်းလမ်းက ခပ်ပြေပြေလေး စိမ်းလန်းနေတဲ့ သစ်ပင်တွေမြင်ရတာ စိတ်ချမ်းသာစေတယ်။ ရေစီးသန်တဲ့ စမ်းချောင်းလေးကိုဖြတ်တော့ ကျော်ခွခုန်ရတယ်။ ဝိုင်းက ကျောက်တုံးတွေပေါ် လမ်းလျှောက်ရင် တုန်နေတတ်တယ်။ စမ်းချောင်းလေးထဲ ခြေထောက်စိမ်တော့ အားပါး အေးလိုက်တာ။ ကြာကြာမစိမ်နိုင်ဘူး အေးလို့။ ရေတံခွန်ကို မြင်ရတဲ့နေရာကနေ ဓာတ်ပုံရိုက်ဖို့ စောင့်နေတာ အိန္ဒိယနွယ်ဖွားသုံးကောင် ဓာတ်ပုံရိုက်လို့ မပြီးနိုင်တော့ဘူး။ ဓာတ်ပုံရိုက်တာများ ကိုယ်တွေတောင် လက်မြှောက်အရှုံးပေးရတယ်။ ဟမ်မလေး ကိုယ့်ထက်ဆိုးတဲ့သူတွေနဲ့ လာတွေ့နေတယ်ဆိုပြီး နှစ်ယောက်သား ပြုံးရသေးတယ်။ ဝိုင်းက ဟိုက်ကင်းထွက်ဖို့အတွက် ဟိုက်ကင်းဖိနပ် ယူလာတယ်။ အဲ့ဒီဟိုက်ကင်းဖိနပ်က အလာစကာသွားတုန်းက ၅၀ ရာခိုင်နှုန်းစေ◌ျးချော့လို့ ဝယ်လာတာ။ ကိုယ်တောင်ဝယ်မလို့ ဆိုဒ်မရှိလို့။ အပြန်ကျတော့ တောင်စောင်းလေးကို တက်ရတော့ မောလိုက်တာ။ သယ်လာတဲ့အသီးတွေကို အကုန်စားကြတယ် အလေးချိန်လျော့အောင်လို့။ အဆင်းဆိုရင် ဝိုင်းကနှေးတယ် အတက်ဆိုရင် ဆူနမ်ကနှေးတယ်။ အဆင်းဆိုရင် ဝိုင်းအလှည့်လို့ အော်ကြပြီး အတက်ဆိုရင် ဆူနမ်အလှည့်လို့ အော်ကြတယ်။ ဆူနမ်က တယောက်တည်းဆိုရင်သာ ဘာမှမလုပ်တာ အဖော်တယောက်ရှိရင် လိုက်လုပ်တယ်။ သူငယ်ချင်းအနားရှိနေရင်ကို ပျော်နေတာ အပေါင်းအသင်း တအားခင်တယ်။ များလိုက်ကြတဲ့စကား ကိုယ့်မှာသူတို့နှစ်ယောက်ကြား လုပြောရတယ်။ ညစာကို ကိုးရီးယားဆိုင်မှာ စားကြတယ် မိနစ်လေးဆယ် စောင့်ရတယ်။ ရာမားနဲ့ဂင်္ဂါက လင်မယားနဲ့မတူဘူး သူငယ်ချင်းနှစ်ယောက်နဲ့ တူတယ်တဲ့။ ကိုယ်ကတော့ ကျောင်းမှာကတည်းက သူတို့နှစ်ယောက်ကို ဒီလိုမျိုးပဲမြင်ဖူးထားတော့ အရင်အတိုင်းပါပဲ။ ညကျတော့ ဝိုင်းအခန်းမှာ စကားတွေပြောကြတာ အရင်ဆိုစကားနည်းတဲ့ ရာမားကတောင် စကားတွေအများကြီးပြောနေလို့ အံ့ြသနေရတယ်။ ကိုယ်နဲ့ကျတော့ တယောက်အကြောင်း တယောက်သိ ကျောင်းမှာကတည်း စကားတွေအများကြီး ပြောခဲ့ကြတာဆိုတော့ ပြောစရာစကား သိပ်မရှိတော့ဘူး။



ဝိုင်းနဲ့ကျတော့ ပြောစရာစကားတွေ အများကြီး။ ကိုယ်ကသူတို့ပြောတာတွေ နားထောင်လိုက် ဝင်ပြောလိုက် အိပ်ငိုက်လိုက်။ မနက်မိုးလင်းတော့ ဆူနမ်က အာလူးပလာတာ လုပ်ကျွှေးတယ်။ နေ့လည်ကျတော့ တနာရီအဝေးက ဟာပါးဖယ်ရီကို သွားကြတယ်။ အနောက်ဗာဂျီးနီးယားပြည်နယ်မှာရှိတဲ့ ဟာပါးဖယ်ရီမြို့လေးက ဗာဂျီးနီးယား၊ အနောက်ဗာဂျီးနီးယား၊ မေရီလန်းပြည်နယ်သုံးခု ရှယ်နယ်ဒိုးဝါးမြစ်၊ ပတ်တိုးမတ်မြစ် မြစ်နှစ်ခုဆုံတဲ့နေရာ။ ၂၀၁၃ အောက်တိုဘာတုန်းက ဒီစီရုံးကတရုတ်မ လိုက်ပို့ပေးလို့ ရောက်ဖူးတယ်။ အင်မတန်သာယာလှပတဲ့ နေရာလေး။ အဲ့ဒီတုန်းကတော့ ပတ်တိုးမတ်လား ရှန်နယ်ဒိုးဝါးလား ဘယ်မြစ်လဲတော့ မမှတ်မိဘူး။ မြစ်ကမ်းဘေးမှာ လမ်းလျှောက်ခဲ့တာတော့ မှတ်မိတယ်။ သစ်ရွက်တွေအရောင်ပြောင်းတဲ့ ဆောင်းဥ◌ီးချိန်ဆိုတော့ အင်မတန်လှတာတော့ မှတ်မိတယ်။ အတော်လေး ဟိုက်နေအောင် တက်ရတယ်။ ဗျူးပွိုင့်နား ရောက်ခါနီးလေ လမ်းကတယောက်ပဲ သွားလို့ရတယ်။ ဗျူးပွိုင့်ကနေ မြင်ရတဲ့ရှုခင်းက အင်မတန်လှတယ်။ မောပန်းသမျှတွေ ပျောက်သွားတယ်။ တောင်ခြေမှာ ကလေးကို တရောလီတွန်းလှည်းနဲ့ တောင်တက်နေဖို့လုပ်နေတဲ့ အမျိုးသမီးကို မဖြစ်နိုင်ဘူးလို့ ဝိုင်းပြောကြတယ်။ ဘောကွင်းထဲထိုင်ပြီး ရေစီးအတိုင်း မျှောနေတဲ့သူတွေကိုတွေ့တယ်။ ကိုယ်နဲ့ဝိုင်းက မြစ်ဆုံဗျူးပွိုင်းမှာ ဓာတ်ပုံရိုက် ဆူနမ်တို့က အိမ်သာသွားတယ်။ ပြန်ဆုံဖို့နေရာချိန်းတော့ ဝိုင်းက ဆူနမ်ဘာပြောနေမှန်း နားမလည်ဘူး။ ကိုယ်က ဆူနမ်ဘာပြောချင်တယ်ဆိုတာ သိတယ် ပေါင်းလာတာ ရှစ်နှစ်ရှိပြီပဲ။ မိုင်းဖန်စကားကို ဘယ်သူမှနားမလည်ဘူး ကိုယ်တို့တွေကတော့ နားလည်တယ်။ မောပန်းနေတာမို့ ရေခဲမုန့်စားပြီး အပန်းဖြေကြတယ်။ ညနေစောင်း ထရေးလမ်းမှာ လမ်းသွားလျှောက်တယ်။ ညကျတော့ ဝိုင်းအခန်းမှာ စကားတွေထိုင်ပြောကြတယ်။ ရာမားနဲ့ကိုယ်က အိပ်ပြီးနားထောင်တယ် ဝင်လုပြောတယ်။ နောက်နေ့မနက်ကျတော့ အိမ်နားက ထရေးလမ်းမှာ လမ်းသွားလျှောက်တယ်။ မနက် ၉ နာရီလောက်မှ အိပ်ယာကထတတ်တဲ့ ရာမားကိုမစောင့်ဘဲ ကိုယ်တို့သုံးယောက် လမ်းလျှောက်ကြတယ်။ ရာမားကပြောတယ် ကိုယ်တော်တော်ပိန်သွားတယ် ကျန်းမာရေးမကောင်း အားနည်းတဲ့ပုံပေါက်တယ်တဲ့။ ကိုယ်က ပိန်သွယ်တာထက် တောင့်တင်းကျန်းမာတဲ့ ခန္ဓာကိုယ်ဖြစ်ချင်တာ။ နေ့လည်ဘဝ်စ်ကားနဲ့ ပြန်ခဲ့တော့ ညနေမှာ နယူးယောက်ရောက်တယ်။ ဆူနမ်ကတော့ ပြောရှာတယ် ညည်းတို့လာတဲ့ နှစ်ရက်အတွင်း ကျုပ်မှာ တီဗွီလည်းမကြည့်ဖြစ် ကမ္ဘာကြီးနဲ့အဆက်အသွယ်ပြတ်။ တနေ့တနေ့ လျှောက်လိုက်ရတဲ့ လမ်းဆိုတာများ တလလောက် လေ့ကျင့်ခန်းလုပ်စရာ မလိုတော့ဘူး။ ညည်းတို့တလတခါလာရင်ကောင်းမယ် နှစ်ပတ်တခါလာရင်ရော အဲ့ဒါဆိုကန်ချမယ်တဲ့ :P ။ အဲ့ဒီဓာတ်ပုံလေးတွေ ဖေ့ဘွတ်မှာတင်တော့ မောင်မောင်ကမေးတယ် အစ်မဘယ်ကိုသွားတာလဲတဲ့။ ကိုယ့်ဓာတ်ပုံလေးတွေ ဖေ့ဘွတ်မှာတင်တိုင်း အသည်းလေးတွေ လာပေးတတ်တဲ့ နှစ်ပတ်တခါ ဗွီဒီယိုကောခေါ်တတ်တဲ့ မောင်မောင့်ကို နေ့တိုင်းသတိရတယ်။ သတိရတိုင်း တွေးမိတိုင်းလည်း နာကျင်ခံစားရတယ်။ ချစ်တဲ့သူတယောက် ဆုံးရှုံးရတဲ့ဝေဒနာ အင်မတန်ခံရခက်တယ်။

Happy Traveling !
စန်းထွန်း
‌အောက်တိုဘာ ၅၊ ၂၀၁၉။

02 October 2019

အန်တာမေရာသွား တောလား ...

မေ ၁၈ ရက်နေ့စ‌နေ့မှာ ဂျွှန်လမ်း‌လျှောက်အဖွဲ့နဲ့ နယူးယောက် အပ်စတတိတ်ဖက်က အန်တာမေရာပန်းခြံကို ဟိုက်ကင်းထွက်ခဲ့ပါတယ်။ ဝိုင်းက ရောက်ဖူးတယ် သာယာလှပတဲ့နေရာလေးပဲတဲ့။ ဂျွှန်လမ်းညွန်ချက်အတိုင်း ၁ ရထားအဆုံးစီး ဘတ်စ်ကားဂိတ်ဆုံးစီးမလို့ကို ၁ ရထားက လမ်းပြင်နေလို့ ဂိတ်ဆုံးအထိ မ‌ပြေးဘူး။ ဘူတာတခုကနေ ရှယ်တယ်ဘတ်စ် ဆွဲပေးတယ်။ ဘတ်စ်ကားနဲ့ဆိုရင် ဘယ်လိုမှမမှီနိုင်တော့လို့ အူဘာငှားစီးတယ်။ အူဘာခ ၃၀ ကျော်တောင် ပေးရလို့ ဝိုင်းက ရင်ထုမနာ။ အဲဒါ တို့တွေ သေချာမပြင်ဆင်လို့ ဂရမ်းစင်ထရယ်ကနေ ရထားစီးရင် ၁၀ တောင် မကျဘူး။ နောက်ဆို ဘာမဆိုပြင်ဆင်ရမယ် သင်ခန်းစာယူရမယ်။ ဂျွှန်က နေ့လည် ၁၂ နာရီဆိုပေမဲ့ ၁၂ နာရီခွဲအထိ စောင့်ပေးလို့ တော်သေးတယ်။ ကိုယ်တို့ရောက်တာနဲ့ စထွက်တော့တာပဲ မှီရုံလေးပဲ။ ဂျွှန်နဲ့ မာရီယာက မလာတာနှစ်ချီနေတဲ့ ကိုယ်တို့ကို မှတ်မိတယ်။ waiting list ထဲပေမဲ့ အချိန်မ‌‌ရွေး ဝဲကမ်းပဲတဲ့ ကိုယ်တို့ကို ကြိတ်မှာထားတယ်။ လမ်းလျှောက်အဖွဲ့မှာ ကိုယ်တို့နှစ်ယောက်က အငယ်ဆုံး အများစုက အငြိမ်းစားတွေ။ ဂျွှန်က ထုံးစံအတိုင်း သိမှတ်ဖွယ်ရာတွေ သမိုင်းကြောင်းတွေ ရှင်းပြတယ်။ အဲဒါ‌တွေတော့ မမှတ်မိတော့ဘူး ဓာတ်ပုံရိုက်ရဖို့က အဓိကမဟုတ်လား။ အန်တာမရောပန်းခြံရောက်တော့ နေ့လည်စာစားကြတယ်။ လွန်ခဲ့တဲ့နှစ်နှစ် ဝိုင်းလာတုန်းက ရေတံခွန်မရှိသေးဘူး။ အတော်ပြောင်းလဲသွားတယ် ပိုလှသွားတယ်။ ဆယ်လ်ဖီရိုက်ပြီး ဆူနမ့်ဆီ ပို့လိုက်တယ် ဘာတွေလုပ်နေလဲမေးတော့ အိမ်မှာ တီဗွီကြည့်နေတယ်တဲ့။ ဝိုင်းက ဖေ့ဘွတ်မှာ ကိုယ်ဘယ်လိုဓာတ်ပုံ‌တွေ တင်တာလဲလို့မေးတယ်။ ကိုယ်က အယ်လ်ဘမ်တခု အရင်ဖွဲ့ပြီးမှ ဓာတ်ပုံတွေတင်တာ။ သူလည်း အဲ့လိုတင်တာပဲ ကိုယ့်လိုမဖြစ်ဘူးတဲ့။ စမ်းသပ်ကြတာ နောက်ဆုံးတော့ အယ်လ်ဘမ်အသစ်ဆောက်ပြီး ဓာတ်ပုံတွေကို တပုံချင်းစီမတင်ဘဲ တခါတည်းစုပြုံတင်တာကမှ သူလိုချင်တာမှန်း သိသွားတယ်။ ပန်းခြံတပတ်ပြန်ပြီးတော့ ရထားစီးမဲ့သူ၊ ကားစီးမဲ့သူတွေ အသီးသီးပြန်ကြတော့ ကိုယ်တို့က ရထားစီးမဲ့အဖွဲ့။ ဝိုင်းက ဒီလောက်အဝေးကြီးလာပြီး ဓာတ်ပုံစိတ်ကြိုက်မရိုက်ရသေးလို့ ပြန်ရိုက်ဦးမယ်တဲ့။ ကိုယ်ကနေသိပ်မကောင်း လှုပ်လီလှုပ်လဲ့ပေမဲ့ သူသွားချင်တယ်ဆိုတော့လည်း လိုက်ရတာပေါ့ ကျန်နေခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ။ တောင်စောင်းမတ်မတ်ကြီးကိုတက်ရတာ မောလွန်းလို့ ခဏခဏနား ကိုယ်ဆိုစကားတောင် မ‌ပြောနိုင်ဘူး။ ဝိုင်းက အသက်တနှစ်ကြီးလာတာနဲ့ ကြံ့ခိုင်မှုတွေကျလာတာ ကိုယ်တွေ့ပဲတဲ့။ ဓာတ်ပုံရိုက်ပြီးတော့ ရထားဆီကိုသွားတဲ့ တောလမ်းလေးက သစ်ပင်ရိပ်တွေနဲ့ စိမ်းစိုနေတာပဲ။ လေကလည်း သန့်ရှင်းတယ်။ ရထားဆီကို ၁၅ မိနစ်တောင် မ‌လျှောက်ရဘူး။ ရထားပေါ်မှာ ဓာတ်ပုံတွေဖလှယ်ရင်း၊ အိပ်ငိုက်ရင်းနဲ့ တနေ့တာကုနfပြန်ပြီ။ ၂၀၁၉  ခုနှစ်ရဲ့ ပထမဆုံးဟိုကင်းထွက်ခြင်း။

Happy Hiking !
စန်းထွန်း
အောက်တိုဘာ ၂ ၊ ၂၀၁၉ ။

ဆံပင်တွေကျွှတ်လွန်းလို့ ခပ်တိုတိုလေး ညှပ်လိုက်တယ်...
ဆိုင်က လေမှုတ်ပေးလိုက်တုန်းကတော့ အဟုတ်သား
နောက်နေ့ကျတော့ ကြွက်စုတ်ပုံစံ ဖြစ်နေတယ်..
Before & After ဓာတ်ပုံကြည့်ပြီး ရယ်လိုက်ရတာ...
အဲ့ဒီရေတံခွန်လေးက လွန်ခဲ့တဲ့နှစ်နှစ်တုန်းက မရှိသေးဘူး
ဟမ်မလေး မတ်မတ်ကြီးကို ဟိုက်‌နေအောင် တက်ရတယ်
ကိုယ်တို့နှစ်ယောက် ဓာတ်ပုံတွေရိုက်ပြီး ဘယ်သူပုံက ပိုလှတယ်ဆိုပြီး
တယောက်ဆီက‌နေတ‌ယောက် သင်ယူကြတယ်
ဆူနမ်ဆီပို့ဖို့ နှစ်ယောက်ပုံ ... ဝိုင်းက ပန်းဆီရောင်ကြိုက်တယ် ဓာတ်ပုံထဲမှာ ပေါ်လို့တဲ့ ... ပန်းဆီရောင်မမ