03 March 2019

အင်္ဂလန်သွား တောလား - ၅

၂၀၁၈ အောက်တိုဘာ ၄ ကြသပတေးနေ့မန်ချက်စတာရထားက မနက် ၁၀ နာရီမှဆိုတော့ အေးဆေးပေါ့။ ဟိုစတယ်က အကြီးကြီး ရေချိုးခန်း၊ အိမ်သာက အလယ်မှာ။ မနက်စာအဖြစ် ထမင်း၊ ငံပြာရည်ကြော်၊ ငါးကျီးကြော်စား။ အောက်ထပ်က ထမင်းစားခန်းမှာ ရေနွေး၂ခွက်တောင်းပြီး တခွက်ကို ကိုယ်ယူလာတဲ့ အဖေကြိုက်တဲ့ Old Town Milk Tea လက်ဖက်ရည်ဖျော်၊ တခွက်က ရေနွေးကြမ်း။ လန်ဒန်ရာသီဥတုက အေးစိမ့်နေပြီး နေရောင်ခြည်နွေးနွေးနဲ့ သာသာယာယာပဲ။ မနက် ၉  နာရီ ဟိုစတယ်ကထွက် ၁၀ မိနစ်လောက် လမ်းလျှောက် King Cross ဘူတာမှာ ရထားလက်မှတ်ထုတ်။ ကိုယ်ဝယ်ထားတဲ့ ခရက်ဒစ်ကဒ်နဲ့ ထုတ်ရတယ်။ King Cross ကနေ Euston ထိ underground မြေအောက်ရထားလက်မှတ်၊ Euston ကနေ Manchester Piccadily အထိ National Rail နယ်ဝေးရထား လက်မှတ်တွေရတယ်။ လန်ဒန်ကနေ မန်ချက်စတာကို ရထားနဲ့ ၂ နာရီဝေးတယ်။ ဘောလုံးပွဲရှိတဲ့နေ့ဆို အိုးထရန့်ဖို့ကွင်းနားအထိ ရထားရောက်တယ်။ မန်ချက်စတာ ဘောလုံးကွင်းပြတိုက် လက်မှတ်က တယောက် ၂၅ ပေါင် register လုပ်ပြီးမှဝယ်ရင် ၂ ကျပ်ခွဲသက်သာတယ်။ အဖေက မန်ယူဘောလုံးပွဲကြည့်ချင်တာ လက်မှတ်က ရောင်းကုန်နေတဲ့အပြင် ဈေးအင်မတန်ကြီးတယ်။ ဘောလုံးပွဲမကြည့်ရလဲနေပါစေ ဘောလုံးကွင်းထဲ ဝင်ရရင်ကို ကျေနပ်ပါပြီတဲ့။ Euston ရောက်တော့ လူအုပ်ကြီးက မနည်းမနော။ စောနေသေးလို့ ဘုတ်မှာဂိတ်နံပါတ် မပေါ်သေးဘူး။ ဂိတ်နံပါတ်ပေါ်လာတော့ ဂိတ်ဆီပြေး ဒီတခါတော့ ထိုင်ချင်တဲ့ထိုင်ခုံ ထိုင်လို့မရဘူး။ လက်မှတ်မှာပါတဲ့ တွဲနံပါတ်၊ ထိုင်ခုံနံပါတ်အတိုင်း ထိုင်ရတယ်။ လန်ဒန်အထွက်မှာ အီးမရိတ်ကွင်းကြီးတွေ့တော့ အဖေက အာစင်နယ်ကွင်းတဲ့ သွားလည်ချင်တဲ့ပုံပဲ။ အောက်တိုဘာ ၇ ရက် တနင်္ဂနွေနေ့ ပြန်မဲ့နေ့လေယာဉ်က နေ့လည်မှဆိုတော့ မနက်ပိုင်းလာလည်လို့ရတယ်အဖေ။လမ်းတလျှောက် အင်မတန်သာယာပါတယ် သစ်ပင်တွေက အဝါရောင်၊ အနီရောင်ပြောင်းလို့ ၊ ကျောက်တုံးနဲ့ဆောက်ထားတဲ့ လယ်တောအိမ်လေးတွေ၊ အေးအေးလူလူ အစားစားနေကြတဲ့ သိုးတွေ၊ မျက်စိတဆုံး ကျယ်ပြောလှတဲ့ စိုက်ခင်းတွေ။

မန်ချက်စတာရောက်တော့ အိုးထရန်ဖို့ကွင်းနားအထိရောက်တဲ့ ထရမ်ရထား ထပ်စီးရတယ်။ စက်ကနေ အသွားအပြန်လက်မှတ်ဝယ်တဲ့အခါ လက်မှတ်၂ခု ကျမလာလို့ မကြီးက အပေါ်ထပ်က booth မှာ သွားပြောတာ သူတို့လည်း ဘာမှမတတ်နိုင်ဘူး ဆောရီးပါတဲ့။ ဘာမှလုပ်လို့မရတော့ လက်မှတ်ထပ်ဝယ်ရတယ် သြော် ... ဒီလိုလည်း ဖြစ်တတ်ပေသကိုး။ မန်ချက်စတာပီကာဒီလီကနေ အိုးထရန်ဖို့ဆီကို ၁၅ မိနစ်လောက် စီးရတယ်။ ဘူတာနားကဆိုင်တဆိုင်မှာ အိုးထရန်ဖို့ကွင်း ဘယ်နားမှာလဲလို့မေးကြည့်တယ်။ အိုးထရန်ဖို့ကွင်းဆီကို ၁၅ မိနစ်လောက် လျှောက်ရတယ်။ ဘောလုံးပွဲရှိတဲ့နေ့မှာပဲ ဘတ်စ်ကားရှိတယ်။ မန်ချက်စတာမြို့လေးက ခပ်သေးသေး။ အေးလာလို့ အဖေနဲ့အမေ အအေးမိမှာစိုးလို့ ဒေါင်းဂျက်ကက်ကုတ်အင်္ကီျဇစ်ကို လည်ပင်းနားအထိ ဆွဲတင်ပါလို့ပြောတာနဲ့ ချက်ချင်းမသွေမတိမ်း လိုက်လုပ်ကြတယ်။ ကိုယ်က ဂူဂယ်မတ်ကြည့်ပြီး နေရာရှာဖွေတဲ့သူ။ အိုးထရန်ဖို့ကွင်းနားမှာ စားသောက်ဆိုင်လေးတွေ အများကြီးပဲ ဒါပေမဲ့ အေးရှန်းအစားအစာ မရှိဘူး။ ရာသီဥတုက မိုးအုံ့ပြီး အုံ့မှိုင်းနေတယ်။ Museum Tour က နေ့လည် ၂ နာရီမှဆိုတော့ စောနေသေးလို့ ကွင်းရှေ့မှာ ဓာတ်ပုံရိုက်။ နောက်နေ့ကျင်းပမဲ့ မန်ချက်စတာ၊ နယူးကာဆယ်ပွဲအတွက် မာဖလာတွေ ကွင်းရှေ့မှာရောင်းနေတယ်။ မန်ယူမာဖလာ ၁၀ ပေါင် လိုချင်ရင်ယူ အဖေ အထဲကဆိုင်မှာဆို ဈေးပိုကြီးတယ်။ ဈေးရောင်းသူက သူ့ဟာက အစစ်ပါဆိုပြီး အော်ရယ်ဂျင်နယ် အမှတ်အသားကိုပြတယ်။ အဖေက မာဖလာဝယ်ပြီး ချက်ခြင်းပတ်တယ်။ ချက်ကင်ဝင်တော့ လတ်မှတ်ဆွဲကြိ ုး၊ မန်ဘာဝင်ထားတဲ့အတွက် ပြတိုက်ကို တနှစ်တာအတွင်း အခမဲ့ဝင်လည်ခွင့်ကဒ်တွေ ပေးတယ်။ တိုးမစခင် ပြတိုက်ထဲဝင်ပြီး လေ့လာကြတယ်။ အဖေက ဓာတ်ပုံရိုက်လို့ မဆုံးတော့ဘူး။ မန်ယူရထားတဲ့ ဖလားတွေက အများကြီး။ ဓာတ်ပုံရိုက်တဲ့အခါ ဦးထုပ်၊ မာဖလာလေးတွေ ကင်မရာမှာ ပေါ်လာတယ်။ အဖေ့မှာ မပေါ်လို့ရှေ့ကိုနည်းနည်းတိုးခိုင်းတော့မှ ပေါ်လာတယ်။ ထရိုဖီတွေနဲ့ ဓာတ်ပုံရိုက်တော့ ဆယ်ပေါင်ပေးရတယ်။ တိုးဂိုက်က ဘောလုံးသမားတွေ အင်္ကီျလဲခန်း၊ တခြားအသင်းက ဘောလုံးသမားတွေအတွက် အခန်း၊ ရေချိုးခန်းတွေအကြောင်း ရှင်းပြတယ်။

မန်ယူကို သွားလည်ရလို့ ပျော်နေတဲ့ အဖေ
အအေးမိမှာစိုးလို့ ဒေါင်းကုတ်အင်္က ျီဇစ်ကို လည်ပင်းအထိ ဆွဲတင်ပါလို့ပြောတာကို မသွေမတိမ်း လိုက်လုပ်ကြတယ်


မန်နေဂျာ သတင်းစာရှင်းခန်း၊ ဒီနေရာကို နာမည်ကြီးဘယ်သူဘယ်ဝါ လာဖူးတယ်။ ကွင်းထဲမဝင်ခင် နှစ်သင်းတန်းစီ တိုးဂိုက်က ကိုယ်တို့ကို သွေးပူလေ့ကျင့်ခန်း လက်လှုပ်ခြေလှုပ် လုပ်ခိုင်းတယ်။ ရယ်ဒီဖြစ်တဲ့အခါ သီချင်းဖွင့်ပြီး ကွင်းထဲဝင်ခိုင်းတယ် ဘောလုံးနှစ်သင်း ကွင်းထဲဝင်လာတဲ့ စတိုင်အတိုင်းပဲ။ ဒီထိုင်ခုံကတော့ မန်ယူတည်ထောင်သူ ဘော့အတွက် ဂုဏ်ပြုထားတာ ခုံမှာနာမည်ရေးထားပြီး အဲ့ဒီထိုင်ခုံမှာ ဘယ်သူမှမထိုင်ပါဘူးတဲ့။ တနေရာကနေ တနေရာကိုပြောင်းတိုင်း ဝန်ထမ်းတယောက်က လူရေတွက်တယ်။ ကျန်နေခဲ့ရင် ဘယ်ကနေ ဘယ်လိုထွက်ရမှန်းမသိ လမ်းပျောက်မျက်စိလည်နေတော့မှာ။ ၄၅ မိနစ်အကြာမှာ တိုးပြီးဆုံးပြီး အမှတ်တရပစ္စည်း အရောင်းဆိုင်မှာ အဆုံးသတ်ပါတယ်။ ဈေးကြီးလို့ ဈေးအသက်အသာဆုံးဖြစ်တဲ့ ဦးထုပ် ၂ လုံး (မောင်မောင့်အတွက်နဲ့ ကိုယ့်အတွက်)၊ ကျောပိုးအိတ်တအိတ် ဝယ်လိုက်တယ်။  ဦးထုပ်အကြီးကြီးတွေ မဖြစ်မနေဆောင်းရတဲ့ကိုယ့်အတွက် လျှာထိုးဦးထုပ်ကို ဆောင်းဖြစ်မှာမဟုတ်လို့ မဝယ်ဖို့မကြီးက ပြောသေးတယ်။ ချယ်ဆီးရောက်တုန်းက မဝယ်ဘဲနေနိုင်ပေမဲ့ မန်ယူရောက်တော့ မဝယ်ဘဲမနေနိုင်ဘူး souvenir အနေနဲ့ပေါ့။ မော်ရင်ဟို လက်မှတ်ထိုးထားတဲ့ certificate တယောက်တစောင်စီရတယ်။ ကွင်းရှေ့မှာထိုင်ပြီး ပါလာတဲ့မုန့်တွေ စားကြတယ် အဖေ ရေဆာလို့ မကြီးက ရေဗူးသွားဝယ်တယ်။ ပြီးတော့ လာလမ်းအတိုင်း လမ်းလျှောက်ပြန်ကြတယ်။ အဖေ သမီးလေးယောက် မွေးဖို့ကောင်းတယ် အာရှမှာတယောက်၊ ဥရောပမှာတယောက်၊ မြောက်အမေရိကမှာတယောက်၊ တောင်အမေရိကမှာတယောက်။ သမီးတွေဆီ သွားလည်ရင်း ကမ္ဘာလည်း ပတ်ပြီးရော။ ကိုယ်တို့အိမ်မှာ သားယောကျာ်းလေးက မထက်မြက်လို့ သားတွေဆီ သွားလည်မယ်လို့ မပြောဘူး။ အမေက နင့်အဖေက အဲ့ဒီလိုကြံစည်ထားတာ သားသမီးတွေ အများကြီးလိုချင်တယ် သားသမီးတွေဆီ လိုက်လည်မယ်။ ကိုယ့်ကိုလည်း မာစတာအရမ်းတက်စေချင်တာ မာစတာတက်ပြီး ဆရာမလုပ် နယ်တွေတာဝန်ကျရင် အမေကလိုက်နေ သူကအလည်လာ။ သမီးဖြစ်သူ ကိုယ်ကလည်း ဆရာမလုပ်ခိုင်းရင် မာစတာမတက်ဘူး ဒီတော့ ဆရာမ မလုပ်ခိုင်းပါဘူး မာစတာတက်ပါတဲ့။

ဘူတာကိုရောက်တော့ ညငါးနာရီ ရထားက ည၇နာရီမှ။ ခုထွက်တဲ့ရထားကို စီးချင်ရင် ပိုက်ဆံထပ်ပေးရမယ်တဲ့ ဒီတော့ ည ၇ နာရီရထားကိုပဲ စောင့်တော့မယ်။ ခဏကြာတော့ မကြီးက ပစ္စည်းတွေနဲ့ ရောက်လာတယ်။ မက်မွန်သီးတွေ တန်လိုက်တာ ၅ လုံးကိုမှတပေါင်၊ ခရမ်းချည်သီးဆော့စ်ကလည်း တန်လိုက်တာ။ အမေနဲ့မကြီးက အဲ့ဒီလိုဈေးဝယ်တာ အရမ်းတော်တယ် ဈေးတန်ပြီး ပစ္စည်းကောင်းတာတွေ ရှာဝယ်တတ်တယ်။ ည၁၀နာရီမှ King Cross ကို ပြန်ရောက်မှာဆိုတော့ ညစာအတွက် နောက်ကျနေမယ်။ အေးရှန်းစာ ရှာခိုင်းလိုက်တော့ ဂျပန်ဆိုင်လေးတွေ့တယ်။ ပန်းကန်သေးသေးလေးနဲ့ အစားအသောက် နည်းပေမဲ့ အရသာကောင်းတယ်။ ကိုယ်ကဆူရှီဂျင်းကြိ ုက်တော့ အလကားရတဲ့ဂျင်းကို နှစ်ခေါက်ထပ်မှာတယ်။ ဟိုစတယ်ကို ည၁၀နာရီခွဲမှာရောက်တယ် ရောက်တာနဲ့တန်းအိပ်တော့တာပဲ။ နောက်နေ့ ဝင်ဆာနန်းတော်၊ စတုန်းဟန့်ချ် သွားလည်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
မတ် ၃၊ ၂၀၁၉ ။

၁၀ပေါင်တန် ထရိုဖီဓာတ်ပုံ 
Photo Booth မှာ ပေါ်နေတာ
မန်ယူမာဖလာ ဝယ်ပြီး ချက်ခြင်းပတ် 
အမေက သမီးတွေ ဘာလုပ်လုပ် ပါချင်တယ်... သမီးတွေနောက် လိုက်ချင်တယ်...သမီးတွေနဲ့ နေချင်တာတဲ့...
သမီးတွေ ပြောစကား မသွေမတိမ်း လိုက်နာတဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ အမေ 
ချယ်ဆီးရောက်တုန်းက မဝယ်ဘဲနေနိုင်ပေမဲ့ မန်ယူရောက်တော့ မဝယ်ဘဲမနေနိုင်ဘူး...
ကိုယ်က ဦးထုပ်အကြီးကြီးတွေ ဆောင်းရသူဆိုတော့ လျှာထိုးဦးထုပ်ကို ဆောင်းဖြစ်မှာမဟုတ်ဘူး...
ဒါပေမဲ့ souvenir အဖြစ် ဝယ်ခဲ့တယ် 

23 February 2019

အင်္ဂလန်သွား တောလား - ၄

၂၀၁၈ အောက်တိုဘာ ၃ ဗုဒ္ဓဟူးနေ့ မနက် ၅ နာရီခွဲထ ရေချိုး မနက်စာစား လက်ဖက်ရည်သောက်။ မနက် ၆ နာရီ ၁၅ ဆိုတာနဲ့ ဟိုစတယ်ကနေထွက် ကင်းခရော့ခ်ဘူတာကို ဆယ်မိနစ်လောက် လျှောက်ရတယ်။ လတ်မှတ်ဝယ်တုန်းက ပေးချေထားတဲ့ကဒ်နဲ့ ရထားလက်မှတ်ထုတ်ရတယ်။ ရထားလက်မှတ်ထုတ်ပြီးတော့ စောနေသေးလို့ အိမ်သာသွားချင်ရင်သွားကြနော် အိမ်သာတခါဝင် ၂၅ ဆင့်။ ဆိုင်းဘုတ်မှာ ဂိတ်နံပါတ်မပေါ်သေးလို့ ဝန်ထမ်းကိုမေးကြည့်တယ်။ အထူးတန်း၊ စာရွက်လေးတွေ ထောင်ထားတဲ့အတွဲ၊ ဖန်ခွက်၊ ပန်းကန်တွေချထားတဲ့ အတွဲကိုရှောင်ရှား ဈေးသက်သာဆုံးအတွဲက ဂိတ်နဲ့အဝေးဆုံးမှာ။ မနက် ၇ နာရီနဲ့ ထွက်ရမဲ့ရထားဟာ တော်တော်နဲ့မထွက်ဘူး ရထားလမ်းချော်နေလို့ ပြင်နေတယ်တဲ့။ ကင်းခရော့ခ်ကနေ စကော့တလန် အက်ဒင်ဘာ့ခ်ကို မိုင် ၄၀၀ ဝေးပြီး ၄ နာရီခွဲစီးရပါတယ်။ စကော့တလန်ဟာ အင်္ဂလန်ပိုက်နက်မို့လို့ဗီဇာမလိုပါဘူး။ အိုင်ယာလန်သွားမယ်ဆိုရင်တော့ ဗီဇာလိုပါတယ်တဲ့။ ရထားလတ်မှတ်ဘွတ်ပြီးတော့မှ စကော့တလန်က အက်ဒင်ဘာ့ခ်ဆိုတာ သေချာအောင် trainline online chat မှာ မေးကြည့်ရသေးတယ်။ ဝိုင်းသွားတုန်းကလည်း ရထားလမ်းချော်လို့ လမ်းမှာရထား နောက်တစီးထပ်ပြောင်း အက်ဒင်ဘာ့ခ်ရောက်တော့ လေထန်ရာသီဥတုဆိုးလို့ အက်ဒင်ဘာ့ခ်ခံတပ် ပိတ်တယ်။ delay နောက်ကျတယ်ဆိုတာ တော်သေးတယ် cancel ဖျက်သိမ်းတယ်ဆိုမှ ဒုက္ခ။ တနာရီလောက်ကြာတော့ ရထားခရီးစဉ် ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ ကြေငြာချက်ထွက်လာတယ်။ ရထားပေါ်ကဆင်းလာကြတဲ့ လူအုပ်ကြီးက ဘယ်ကိုသွားရမလဲ ဘယ်လိုလုပ်ရမလဲ ဝန်ထမ်းကိုမေးမြန်းကြတယ်။ တဘူတာအဝေးက Euston ဘူတာကိုသွား အဲ့ဒီမှာ ရထားလတ်မှတ်ပြပြီး စီးလို့ရတယ်တဲ့။ ဝန်ထမ်းကို Euston ဘယ်လိုသွားရမလဲ မေးမြန်းနေတုန်း ကြေငြာချက်ထွက်လာတော့ ဝန်ထမ်းက လက်ကာပြပြီး နားထောင်လို့အမူအယာပြတယ်။ အက်ဒင်ဘာ့ခ်ကိုသွားမဲ့သူတွေ ဂိတ်နံပါတ်ဘယ်လောက်ကိုသွားပါလို့အော်တော့ အဲ့ဒီဂိတ်နံပါတ်ဆီပြေးကြ။ National Rail နယ်ကိုသွားတဲ့ရထားတွေက အမေရိကန်က Amtrack ၊ NJ Transit ရထားတွေနဲ့ယှဉ်ရင် သေးတယ်။ ထုံးစံအတိုင်း အထူးတန်း၊ စာရွက်လေးတွေ ထောင်ထားတဲ့အတွဲ၊ ပန်းကန်တွေချထားတဲ့အတွဲကို ရှောင်ရှား ကိုယ်တို့ဝယ်ထားတဲ့ ဈေးအသက်သာဆုံးအတွဲက ဟိုးအဝေးဆုံးမှာ။

အယ်မလေး ... ဟိုဖက်ဒီဖက်ဂိတ်ပြောင်းတာကို လျှောက်ရတာနဲ့တင် တမိုင်လောက်လျှောက်ပြီးနေပြီ။ မနက် ၇ နာရီနဲ့ ၈ နာရီ ရထားနှစ်စီးပေါင်းဆိုတော့ ရထားမှာလူအပြည့်ပဲ။ ရထားတွဲမှာ ကွန်ပျူတာတွေတင်ဖို့ စားပွဲ၄ခုလောက်ပါတယ်။ ထိုင်ခုံတွေက အတော်သက်တောင့်သက်သာရှိတယ်။ လန်ဒန်ကနေအထွက် အာစင်နယ် အီးမရိတ်ကွင်းတွေ့တော့ အဖေ သွားလည်ချင်မယ်မှန်းသိလို့ နောက်ဆုံးနေ့မနက်ပိုင်းအားတယ် သွားလည်လို့ရတယ်နော်။ ရထားဟာ တနာရီမိုင် ၁၀၀ လောက်မောင်းတယ် ခုံပေါ်တင်ထားတဲ့ ရေဘူးဟာ လှုပ်တောင်မလှုပ်ဘူးလို့ အဖေကပြောတယ်။ ဂျပန်ကျည်ဆံရထား တနာရီမိုင် ၂၀၀ လောက်မောင်းတယ် ခုံပေါ်ကရေဘူး လှုပ်တောင်မလှုပ်ဘူး။ အက်ဒင်ဘာ့ခ်ကို သွားတဲ့လမ်းတလျှောက် သာယာလှပတယ် စိုက်ခင်းတွေ တမျှော်တခေါ်။ သိုးတွေ၊ နွားတွေ၊ မြင်းတွေ၊ ကျောက်တုံးတွေနဲ့ ဆောက်ထားတဲ့ လယ်ယာအိမ်လေးတွေ၊ သစ်ပင်တွေက အနီရောင်၊ အဝါရောင် ပြောင်းနေကြတယ်။ နယူးယောက်မှာ သစ်ပင်တွေ အရောင်မပြောင်းသေးဘူး။ အင်္ဂလန်က နယူးယောက်ထက် ပိုအေးနေတယ်။ နေ့လည် ၁၂ ခွဲ အက်ဒင်ဘာ့ခ်ကို ချောချောမောမော ရောက်တယ်။ မနက်က ထမင်းကြော်စားထားတော့ ဗိုက်မဆာဘူး။ အက်ဒင်ဘာ့ခ် အဆောက်အဦးတွေက ကျောက်တုံးတွေနဲ့ ဆောက်ထားတာ ပိုရှေးကျပုံရတယ်။ ခံတပ်ဟာ ဟိုးတောင်ကုန်းပေါ်မှာ ရှိမဲ့ပုံပဲ။ ဘုရားရှိခိုးကျောင်းတွေ အများကြီးပဲ တက္ကသိုလ်တခုဆို ၁၆ ရာစုကတည်းက တည်ဆောက်ထားတာ။ ပင်လယ်ကို လှမ်းမြင်ရတယ် လေထန်ပြီး အတော်အေးစိမ့်တယ်။ ခံတပ်နားနဲ့နီးလာလေ လူတွေစည်ကားလေ မြ ူးကြွတဲ့ စကော့ရိုးရာတေးသီချင်းသံတွေ ကြားရတယ်။ အလှုငွေထည့်ပြီး ခွေးအကြီးကြီးတကောင်နဲ့ ဓာတ်ပုံရိုက်ကြတယ်။ ခွေးက မပျော်မရွှင်တဲ့ ဖြစ်နေတဲ့မျက်နှာလေးနဲ့။ အဖေက ခံတပ်ကို ပထမဆုံးရောက်ဖူးတာတဲ့။ နယူးယောက် upstate ဖက်က ခံတပ်၊ နိုင်အာဂရာခံတပ်ကို ရောက်ဖူးတယ်။ ဒါပေမဲ့ အက်ဒင်ဘာ့ခ်ခံတပ်က အတော်ခိုင်ခံ့တောင့်တင်းတယ်။ ဟိုအရင်းတုန်းက အင်္ဂလန်၊ စကော့တလန်၊ အင်္ဂလန်၊ ပြင်သစ်၊ ရုရှ တဂျိမ်းဂျိမ်း စစ်တိုက်နေကြလို့ဖြစ်မယ်။ အမြောက်၊ သံချပ်ကာဝတ်စုံတွေ တွေ့ရတယ်။ အမြင့်ဆုံးတောင်ကုန်းဆိုတော့ လေအတော်ထန်တယ်။
အက်ဒင်ဘာ့ခ် ခံတပ်ဆီ သွားတဲ့လမ်းမှာ
မပျော်မရွှင်ဖြစ်နေတဲ့ပုံပေါက်နေတဲ့ ခွေးအကြီးကြီးနဲ့
ခံတပ်ရှေ့ 
ခံတပ်အဝင်ဝ

ခဏပတ်ကြည့်ပြီးတော့ အဖေတို့က အပေါ်ထိမလိုက်တော့ဘူး အထွက်နားမှာ စောင့်နေမယ်တဲ့။ ခံတပ်က သိပ်မကျယ်ဘူး ခံတပ်တခွင် အနှံ့လည်ပြီး အထွက်နားမှာ အဖေတို့ကိုတွေ့တယ်။ စကော့တလန်လက်နဲ့လုပ်တဲ့ ရေခဲမုန့်ကားတွေ့တော့ ရေခဲမုန့်စားချင်တယ်။ ဒီလောက်အေးတဲ့အချိန် ရေခဲမုန့်စားရတာ ဖီလင်တမျိုးပဲ။ ရေခဲမုန့်က စားကောင်းတယ် အလာစကာ portage မှာ ဟိုက်ကင်းထွက်တုန်းက စားခဲ့တဲ့ mountain huckleberry ရေခဲမုန့်ဟာ စားဖူးသမျှရေခဲမုန့်ထဲမှာ အကောင်းဆုံးပဲ။ ခံတပ်ရှေ့မှာ မကြီးကို follow me ဓာတ်ပုံရိုက်ပေးတော့ ဘာလုပ်နေပါလဲဆိုပြီး တချို့ကြည့်ကြတယ်။ ခံတပ်ရှေ့လမ်းမကြီးတလျှောက် ဈေးဆိုင်ခန်းတွေချည်ပဲ။ ခံတပ်နဲ့ကပ်လျက်ဆိုင်ကြီးမှာ လူတွေကြိတ်ကြိတ်တိုး။ ဝိုင်းပြောတဲ့အတိုင်းပဲ lampwool မာဖလာ ၄ ထည် ပေါင် ၆၀၊ ကက်ရှ်မီးယားပုဝါတွေ ဈေးကြီးမှကြီး။ စကော့တလန်ကွတ်ကီး ဝယ်စားကြတယ် အတော်လေးကောင်းတယ်။ တခြားဆိုင်တွေ ဝင်ကြည့်ပြီး ဈေးနှုန်းကြည့်လိုက်တော့ ဈေးကအတူတူပဲ။ ခံတပ်နဲ့ကပ်လျက်ဆိုင်ကြီးက ကျယ်တယ် ပစ္စည်းစုံတယ် အဲ့ဒီဆိုင်ကို ပြန်သွားတာကောင်းမယ် အဖေတို့ကို စောင့်ခိုင်းပြီး ချီတက်ကြတယ်။ ကိုယ့်ကို သမီးလေးလို၊ ညီမလေးလို ချစ်ခင်စောင့်ရှောက်ကြတဲ့ အစ်မသုံးယောက်အတွက်၊ ကိုယ့်အတွက် စကော့တလန်အမှတ်တရ လက်ဆောင်အဖြစ် lampwool မာဖလာလေးခုဝယ်တယ်။ ဖက်ရှင်အလှအပဂုရု မကြီးက ရွေးပေးတယ်။ စကော့တလန်ရိုးရာဝတ်စုံဝတ်ပြီး ရိုးရာတေးသွား တီးမှုတ်နေတဲ့သူတွေ့လို့ ဓာတ်ပုံရိုက်တယ်။ အသွားတုန်းက လမ်းအတိုင်းမဟုတ်ဘဲ တခြားလမ်းက ပြန်ကြတယ်။ ရထားဘူတာရုံကို အပေါ်ကနေ လှမ်းမြင်ရပေမဲ့ ဆင်းမဲ့နေရာ မတွေ့ ဖြစ်နေတာ မကြီးက ဒီနားကနေ လူတွေဆင်းသွားကြတယ်တဲ့။ ဆင်းလိုက်တော့ ဘူတာရုံတွေ့တယ် ဆိုင်းဘုတ်မှာ ဂိတ်နံပါတ်ဘယ်လောက်ဆိုတာကြည့် အိမ်သာဝင်။ ဗိုက်နည်းနည်းဆာလို့ အနီးအနားမှာ ဘယ်ဆိုင်တွေရှိလဲလို့ ရှာကြည့်တော့ KFC တွေ့တယ်။ အဖေတို့ KFC စားမလားမေးတော့ စားမယ်တဲ့ သူတို့ စင်္ကာပူက KFC ကြိ ုက်တယ်။ ကန်တက်ကီမှာ KFC ဆိုင်တွေ့လို့ ဝမ်းသာအားရ ဝယ်စားတာ ငန်လွန်းလို့ နောက်ဘယ်တော့မှ မစားတော့ဘူး။ အမေရိကန်မှာ အစားအသောက် တော်တော်များများ ငန်တယ်၊ ချိုတယ်။ အမေက ဘယ်ဟာမဆို စားနိုင်တယ် ဘယ်အချိန်ဘယ်နေရာမှာမဆို အိပ်ပျော်တယ် အတော်ကုသိုလ်ကံကောင်းတဲ့သူ။ အဖေက အစားအသောက် ဂျီးများတယ်၊ ဟင်းမကောင်းရင် မစားနိုင်ဘူး၊ အလင်း၊ အသံကြားရင် မအိပ်နိုင်ဘူး၊ ဟင်းအသစ်ကို မစားကြည့်ချင်ဘူး။

အမေက စားကြည့်တော့မှ ကြိုက်မကြိုက်သိမှာပေါ့လို့ပြောမှ အဖေက စားကြည့်တယ်။ အဖေတို့ဟာ ဘိုစာတွေကို မကြိုက်ပေမဲ့ ဖျစ်ညှစ်စားကြလို့ တော်သေးတယ်။ ဟင့်အင်း မစားဘူးလို့ ခေါင်းခါတဲ့သူမျိုးမဟုတ်၊ မနက် ၆ နာရီကနေ ည ၁၀ နာရီ လမ်းလျှောက်အတော်လျှောက်ရတဲ့ခရီးကို မညည်းမညူ လိုက်နိုင်ကြလို့၊ ကိုယ်တို့ပြောတဲ့စကားအတိုင်း အတိအကျ လိုက်နာကြလို့အဖေတို့နဲ့ ခရီးသွားရတာ အတော်အဆင်ပြေတယ် ဘာပြသနာမှ မရှိဘူး။ မေးမြန်းကြည့်တော့ KFC ဆိုင်က နီးနီးလေးတဲ့ ဓာတ်လှေကားစီး ညာဖက်ချိုး။ ညနေ ၄ နာရီ ခွဲ ရထားထွက်မဲ့အချိန် နီးနေပြီဆိုတော့ အပြေးအလွှား။ ဂိတ်နံပါတ်ရှာမတွေ့လို့ ဝန်ထမ်းကိုမေးကြည့်တော့ ဟိုစက်လှေကားစီး ဓာတ်လှေကားနဲ့အောက်ဆင်းတဲ့။ စက်လှေကားစီးဖို့ ကြည့်လိုက်တော့ မကြီးကိုမတွေ့ အဖေ့ကိုမေးကြည့်တော့လည်း မသိဘူးတဲ့။ ဟယ် ... ဘယ်ရောက်သွားပါလိမ့်  အရင်ဂိတ်နား ပြန်ရှာကြည့်မတွေ့ သူဂိတ်နံပါတ်သိတာပဲလေ သူ့ဘာသာရှာပြီး လာလိမ့်မယ်ဆိုပြီး စက်လှေကားပေါ်တက် သူကအပေါ်ထပ်မှာ စောင့်နေတယ်။ လန်ဒန်မြေအောက်ရထားစီးတော့ အဖေတို့ကို မှာထားတယ် ကိုယ်တို့က ပလက်ဖောင်းမှာ အဖေတို့က ရထားပေါ်ပါသွားခဲ့ရင် နောက်တဘူတာမှာဆင်းပြီး အဲ့ဒီနေရာမှာပဲစောင့်နေလို့ မှာထားတယ်။ ဖုန်းနံပါတ်၊ ဟိုတယ်လိပ်စာပါတဲ့ စာရွက်လေးတွေ ပေးထားတယ်။ ခရီးသွားရင် မထင်မှတ်တဲ့ အခက်အခဲတွေ ကြုံနိုင်တော့ တတ်နိုင်သလောက် ပြင်ဆင်ထားရတယ်။ ရထားလတ်မှတ်ဖြတ်ရမဲ့ဂိတ်လည်းမရှိ ရထားပေါ်တက် ဘေးနားကလူတွေ မေးကြည့်တော့ ရထားဝန်ထမ်းကလာပြီး လက်မှတ်လာစစ်လိမ့်မယ်တဲ့။ ရထားက အချိန်အတိအကျထွက်တယ် KFC စား ရှုခင်းတွေငေး အိပ်လိုက်ငိုက်လိုက်နဲ့ ကင်းခရော့ခ်ဘူတာကို ည ၉  နာရီကျော်မှာ ရောက်တယ်။ ထုံးစံအတိုင်း ယိုးဒယားဆိုင်မှာ နေ့လည်စာနဲ့ ညစာ ပေါင်းစားကြတယ်။ ဆိုင်ဝန်ထမ်းတွေကတောင် ကိုယ်တို့ကို မှတ်မိနေကြပြီ။ နောက်နေ့မနက်စာအတွက် ထမင်းဘူး ၂ ဘူးဝယ် ဟိုစတယ်ကို ည ၁၀ နာရီကျော် ပြန်ရောက်တယ် တချိုးတည်းတန်းအိပ်ကြတယ်။ နောက်နေ့ မန်ချက်စတာကို သွားလည်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
‌ဖေဖေါ်ဝါရီ ၂၃၊ ၂၀၁၉ ။


အေးတဲ့အချိန် ရေခဲမုန့်စားရတာ ဖီလင်တမျိုး
ခံတပ်ရှေ့လမ်းမတလျှောက်က ဆိုင်ခန်းတွေ
စကော့တလန်ရိုးရာနှဲနဲ့ ရိုးရာဝတ်စုံ

16 February 2019

အင်္ဂလန်သွား တောလား - ၃

မနက်မိုးလင်းခါနီး အိမ်မက်မက်တယ် မှောင်မဲအလုံပိတ်ထားတဲ့ အခန်းထဲမှာ အသက်ရှူမဝဖြစ်နေတယ်။ အခန်းအပြင်ထွက်မှဆိုပြီး ထွက်လိုက်တော့ နဖူးနဲ့ကုတင်ဘောင်နံရံ ဆောင့်မိလို့ အောင်မလေး ... သေပါပြီ။ အဖေက သမီး ဘာဖြစ်တာလဲ ကိုယ်ကုတင်ပေါ်က ပြုတ်ကျပြီထင်နေတာ။ မနေ့က Tower of London  နှိပ်စက်ဆောင်ကို ဝင်ကြည့်ပြီးတော့ မှောင်မဲအလုံပိတ်အခန်းထဲ ရောက်နေသလိုမျိုး အိမ်မက်မက်တာ။ မနှစ်က အိပ်မပျော်လို့ Melatonin သောက်တာ မှောင်မဲအလုံပိတ်အခန်းထဲမှာ အပြင်ကို ဘယ်လိုထွက်ရမှန်းမသိ ဖြစ်နေတဲ့အိမ်မက် မက်တယ်။ နောက်နေ့ ဆက်သောက်တော့ မှောင်မဲအလုံပိတ်အခန်းထဲမှာ အခန်းထဲကနေ ထွက်ဖို့ကြိုးစားရင်း အိပ်ခန်းတံခါးကို ဝင်ဆောင့်တော့မှ အိမ်မက်မက်ပြီး လမ်းလျှောက်နေမှန်းသိတယ်။ အဲ့ဒီကတည်းက မက်လာတိုနီမသောက်တော့ဘူး အိပ်မပျော်ရင် မက်ဂနီဆီယမ်သောက်တယ်။ ၂၀၁၈ အောက်တိုဘာ ၂ အင်္ဂါနေ့ မနက် ၆ နာရီလောက်နိုး ရေချိုး မနက်စာအဖြစ် မနေ့ကဝယ်လာတဲ့ ထမင်းကို အဖေတို့သယ်လာတဲ့ ငါးကျီးကြော်၊ ငံပြာရည်ကြော်တို့နဲ့ စားတယ်။ ထမင်းက ကောက်ညှင်းလို စီးစီးပိုင်ပိုင် ထွေးထွေးအိအိလေး။ ဘိုစာတွေထက် အဲဒီလိုလေးစားရမှ ဗိုက်ဝသလို နေသာထိုင်သာရှိတယ်။ ဘူဖေးခန်းထဲက ရေနွေး ၂ ခွက်တောင်းပြီး လက်ဖက်ရည်ဖျော်သောက်။ သစ်ရွက်တွေ အရောင်ပြောင်းနေတာကို အဖေတို့ကိုပြတယ်။ ကင်းခရော့ခ်ဘူတာကနေ ချယ်ဆီးကွင်းရှိတဲ့ Fulham Broadway ဘူတာကို မိနစ် ၄၀ လောက်ဝေးတယ်။ ချယ်ဆီးကွင်းက ဘူတာကနေ ဆယ်မိနစ်လောက်ပဲ ဝေးတယ်။ အဝင်ဂိတ်နားကနံရံမှာ ချယ်ဆီးဘောလုံးသမားပုံတွေ တွေ့ရတဲ့အခါ အဖေက သူ့ဘော်ဒါတွေကို တွေ့ရသလိုမျိုး။ ကိုယ်တို့ကို နာမည်၊ နိုင်ငံပြောပြတယ်။ လန်ဒန်ပတ်စ်ပြလိုက်တော့  နေ့လည် ၁၂ နာရီမှာ တိုးရှိတယ်။ ထိုင်ခုံမှာထိုင်ပြီး စောင့်လို့ရသလို ပြတိုက်ထဲသွားလည်ပြီးမှ ပြန်လာလို့ရတယ်။ ပြတိုက်ထဲ သွားလည်ကြတယ် ဆုတံဆိပ်တွေ၊ အားကစားသမားအကြောင်းတွေ၊ ဗွီဒီယိုတွေနဲ့ ရှင်းပြတယ်။ ချယ်ဆီးကွင်းတိုးစတော့ တိုးဂိုက်က ကွင်းထဲကထိုင်ခုံမှာ ထိုင်ခိုင်းပြီး ဘယ်နိုင်ငံလာတာလဲမေးတယ်။ ချယ်ဆီးအသင်းသမိုင်းကြောင်း၊ မန်နေဂျာသတင်းစာ ရှင်းလင်းခန်း၊ ဘောလုံးသမားတွေ အဝတ်လဲခန်းအကြောင်းတွေ ပြောပြတယ်။ ချယ်ဆီးအားပေးတဲ့သူကတသင်း၊ အားမပေးသူကတသင်း နှစ်သင်းတန်းစီပြီး ကွင်းထဲကိုသွားတဲ့အခါ ချယ်ဆီးကလပ်အသင်း သီချင်းဖွင့်ပေးထားတယ်။

ကိုယ်တို့တွေ တနေရာကနေ တနေရာကူးတိုင်း ဝန်ထမ်းတယောက်က လူစေ့မစေ့ ရေတွက်တယ်။ တိုးက ၄၅ မိနစ်လောက်ကြာတယ်။ ချယ်ဆီးအသင်း တံဆိပ်ပါတဲ့ဟာတွေ ဝယ်ချင်ပေမဲ့ ဈေးကြီးလို့မဝယ်တော့ဘူး။ လန်ဒန်ပတ်စ်နဲ့ ချယ်ဆီကွင်း၊ အာစင်နယ်ကွင်းတွေ သွားလည်လို့ရတယ် ဘယ်ကွင်းသွားလည်ချင်လဲလို့ အဖေ့ကိုမေးတော့ ချယ်ဆီကွင်းတဲ့။ ဘူတာရုံနားက လျှော့ပင်းမောလ်မှာ အိမ်သာရှာကြတော့ အောက်ထပ်မှာ ပိတ်ထားတယ်။ လန်ဒန်မှာ အိမ်သာတခါဝင် ၂၅ ဆင့်ပေးရတယ်။ အဝင်ဝမှာ အကြွေစေ့လဲပေးတဲ့ စက်ရှိတယ်။ ဝက်စ်မင်စတာအမ်ဘီ ဘူတာရောက်တော့ နေ့လည် ၂ နာရီ။ ဗိုက်ဆာရင် ကိုယ်သယ်လာတဲ့ အစေ့အနှံ nuts တွေစားကြတယ်။  မနက်က ဗိုက်ကားအောင် စားခဲ့ကြတော့ တအားကြီးတော့ မဆာဘူး။ ဝက်စ်မင်စတာအမ်ဘီ ဘုရားရှိခိုးကျောင်း အဝင်ဝမှာ တန်းစီနေတဲ့ လူတန်းကြီးက အရှည်ကြီး။ အထဲမှာ အတော်ခမ်းနားတယ် ဓာတ်ပုံရိုက်ခွင့်မရှိဘူး။ ကိုယ်ရောက်ဖူးသမျှ ဘုရားရှိခိုးကျောင်းတွေထဲမှာ အခမ်းနားဆုံး အလှပဆုံးပဲ။ အဖေနဲ့အမေက ညောင်းလို့ထိုင်ကြတယ် ကိုယ်တို့ညီအစ်မနှစ်ယောက်က audio guide နဲ့ အနှံ့လျှောက်ကြည့်တယ်။ အထွက်မှာ အိမ်သာတွေ့တော့ ပိုက်ဆံမပေးရတဲ့ အိမ်သာတွေ့တုန်း ဝင်ထားမှဆိုပြီး ဝင်ကြတယ်။ ဝက်စ်မင်စတာအမ်ဘီကနေ Churchill War Rooms ကို ၁၀ မိနစ်လောက်ပဲဝေးတယ်။ ဒုတိယကမ္ဘာစစ်အတွင်း မြေအောက်အခန်းတွေထဲမှာ ဘယ်လိုအလုပ်လုပ်ကြတယ်ဆိုတာ ပြသထားတယ်။ ဗြိတိသျှဝန်ကြီးချုပ်ချာချေးဟာ ဒုတိယကမ္ဘာစစ်အတွင်း ဥရောပမှာ ဗြိတိသျှတွေနိုင်အောင် ဦးဆောင်ခဲ့တဲ့သူ။ တလောကကြည့်ဖူးတဲ့ ဒုတိယကမ္ဘာစစ်အတွင်း ပြင်သစ်နိုင်ငံ Dunkirk ကမ်းခြေကနေ ဆုတ်ခွာဖို့ စောင့်နေတဲ့ ဗြိတိသျှ၊ ပြင်သစ်၊ ဘယ်ဂျီယမ်၊ ဒတ်ချ်စစ်သားတွေပေါ် ဂျာမန်လေယာဉ်တွေက ဗုံးကြဲတော့ အသက်ဘေးအတွက် ဘယ်လိုလွတ်မြောက်အောင် ကြိုးစားရုန်းကန်ခဲ့ရသလဲဆိုတာ ရိုက်ကူးထားတဲ့ Dunkirk ရုပ်ရှင်အဆုံးမှာ ချာချေးရဲ့ သမိုင်းဝင်မိန့်ခွန်းနဲ့ အဆုံးသတ်ထားတယ်။

"We shall fight on the seas and oceans,
we shall fight on the beaches,
we shall fight on the landing grounds,
we shall fight in the fields and int the streets,
we shall fight on the landing grounds,
we shall fight in the fields and in the streets,
we shall fight in the hills"

လန်ဒန်မြေအောက်ရထား underground 
သူ့ဘော်ဒါတွေကို တွေ့ရသလိုမျိုးပဲ ဘောလုံးသမားနာမည်၊ ဘယ်နိုင်ငံကဆိုတာ အကုန်သိတယ်

လန်ဒန်ပတ်စ်နဲ့ ဝင်လို့ရလို့ ဘာမင်ကမ်နန်းတော် သွားတဲ့လမ်းမှာရှိလို့ လမ်းကြံကြုံလို့သာ ဝင်ကြည့်တာ။ Churchill War Rooms ကို သိပ်မကြိုက်လှဘူး။ St James စိန့်ဂျိန်းပန်းခြံကိုဖြတ်ကျော်ပြီး ဘာမင်ကမ်းနန်းတော်ဆီ သွားတဲ့လမ်းလေးက အင်မတန်သာယာတယ်။ စိန့်ဂျိန်းရေကန်မှာ ငှက်တွေ၊ ဘဲတွေ အေးအေးလူလူ ကူးခတ်ဆော့ကစား နေကြတယ်။ ဘာမင်ကမ်နန်းတော်ဆီကို ၁၅ မိနစ်လောက် လျှောက်ရတယ်။ နန်းတော်ရှေ့က တံခါးနားမှာ လူတွေကြိတ်ကြိတ်တိုး။ တံခါးဝရှေ့မှာ အလှည့်ကျဓာတ်ပုံရိုက်ရတယ်။ စိန့်ပေါလ်ဘုရားကျောင်းကို သွားနိုင်သေးလားမေးတော့ မသွားနိုင်တော့ဘူး အတော်ညောင်းနေပြီတဲ့။ ကဲ ... ဒီနေ့တာ့ လန်ဒန်ပတ်စ်နဲ့ လေးနေရာလည်ပြီးပြီ မနေ့ကလည်း လေးနေရာလည်တယ်။ တခုကိုဝင်ခွင့် အနည်းဆုံး ၂၀ လေးနေရာဆိုတော့ ၁၀၀ တွက်ချေကိုက်တယ်။ အမလေး ... တွက်ခြေကိုက်အောင် တန်အောင် အသည်းအသန်လည်ရတာများ လူတွေမှာ ဖပ်ဖပ်ကိုမောလို့ အဖေကပြောတော့ ရယ်လိုက်ရတာ။ Green ပန်းခြံကို ဖြတ်ကျော်ပြီး Green Park ဘူတာရောက်တော့ ကိုသက်ထွေးအဖေက အိမ်သာသွားချင်တယ်။ ကိုယ်နဲ့အမေက ဘူတာမှာ ထိုင်ပြီးစောင့်။ ကြမ်းပြင်ပေါ်မှာ ခြေပစ်လက်ပစ်ထိုင်နေတဲ့ ကိုယ်တို့ကို လန်ဒန်သူလန်ဒန်သားတွေ မသိမသာ ကြည့်သွားကြတယ်။ ကြည့်ပါစေ ပင်ပန်းလွန်းညောင်းလွန်းလို့ ဘာကိုမှဂရုမစိုက်နိုင်တော့ဘူး။ အိမ်သာအထွက်တံခါးဝက လော့ခ်ကျနေလို့ မကြီးက ဘူတာရုံဝန်ထမ်းကို သွားခေါ်ပြီးဖွင့်ခိုင်းရတာတဲ့။ အဲ့ဒါကြောင့် ကြာပါတယ်ထင်နေတာ။ ဒီနေ့လည်း နေ့လည်စာနဲ့ ညနေစာကို ကင်းခရော့ခ်ဘူတာနားက စားနေကျ ယိုးဒယားဆိုင်မှာပဲ စားကြတယ်။ မနက်ဖြန်မနက်စာအတွက် ထမင်းကြော်နှစ်ဘူး ဝယ်လိုက်တယ်။ နောက်နေ့ စကော့တလန် အက်ဒင်ဘာ့ခ်မြို့ကို သွားလည်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၉ ။

မန်နေဂျာ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ နေရာ manager's press room 
ဗွီအိုင်ပီထိုင်ခုံ
ဝက်မင်စတာအမ်ဘီ Westminister Abbey ဘုရားရှိဦးကျောင်း ကိုယ်ရောက်ဖူးသမျှ ဘုရားကျောင်းထဲမှာ
အလှဆုံးအခမ်းနားဆုံးပဲ အထဲမှာ ဓာတ်ပုံရိုက်ခွင့်မရှိဘူး
ညာဖက်အောက်နား အမိုးလေးက Churchill War Rooms 
စိန့်ဂျိန်း St. James ပန်းခြံ ဘာကင်ဟမ်နန်းတော်ဆီ သွားတဲ့လမ်း
အေးအေးလူလူပဲ

ဘာကင်ဟမ်နန်းတော်